အခန်း ရှစ်
ခြင်္သေ့၏ခံတွင်းထဲမှ ကယ်တင်ခံရခြင်း!
၁၊ ၂။ (က) မီးဒီးယားလူမျိုး ဒါရိမင်းသည် ကျယ်ပြောလှသည့် အင်ပါယာကို မည်သို့စည်းရုံးဖွဲ့စည်းသနည်း။ (ခ) ဘုရင်ခံမင်းတို့၏ တာဝန်ဝတ္တရားနှင့် အခွင့်အာဏာအကြောင်း ဖော်ပြပါ။
ဗာဗုလုန် ကျဆုံးလေပြီ။ ကမ္ဘာ့အာဏာစက် တစ်ခုအနေနှင့် ရာစုနှစ်တစ်ခုကြာ ခမ်းနားထည်ဝါစွာ တည်တံ့ခဲ့သည့် ဗာဗုလုန်သည် နာရီပိုင်းအတွင်း ရုတ်တရက် အဆုံးသတ်သွားလေသည်။ ခေတ်သစ်တစ်ခု စတင်ခဲ့သည်—မီးဒီးယားလူမျိုးနှင့် ပါးရှားလူမျိုးတို့၏ခေတ်ဖြစ်သည်။ ဗေလရှာဇာ၏ ထီးနန်းအရိုက်အရာကို ဆက်ခံသူအနေနှင့် မီးဒီးယားလူမျိုး ဒါရိမင်းသည် မိမိ၏ ကြီးမားကျယ်ပြန့်သည့် အင်ပါယာကို စည်းရုံးဖွဲ့စည်းရသည့် ခက်ခဲသော လုပ်ငန်းတာဝန်ကြီးနှင့် ရင်ဆိုင်လျက်ရှိသည်။
၂ ဒါရိမင်း စတင်လုပ်ဆောင်သည့် လုပ်ငန်းတာဝန်တစ်ခုမှာ ဘုရင်ခံမင်း ၁၂၀ ကိုခန့်အပ်ခြင်းဖြစ်သည်။ ဤရာထူး၌ တာဝန်ထမ်းဆောင်သူတို့ကို ရံဖန်ရံခါ ဘုရင်၏ ဆွေတော်မျိုးတော်ထဲမှ ရွေးချယ်သည်ဟု ယုံကြည်ရသည်။ မည်သို့ပင်ဖြစ်စေ ဘုရင်ခံမင်းတစ်ပါးစီသည် အင်ပါယာ၏ ကြီးမားသည့်ခရိုင်၊ သို့မဟုတ် သေးငယ်သည့် စီရင်စုနယ်များကို အုပ်စိုးရကြသည်။ (ဒံယေလ ၆:၁) ထမ်းဆောင်ရသည့် တာဝန်များတွင် အခွန်အတုတ်များကောက်ခံ၍ နန်းတော်သို့ပို့ဆောင်ခြင်း ပါဝင်သည်။ ဘုရင်ခံမင်းတို့သည် အခါအားလျော်စွာ ရှင်ဘုရင်စေလွှတ်သည့် ကိုယ်စားလှယ်တော်၏ နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးခြင်း ခံရကြသော်လည်း အခွင့်အာဏာ အတော်အတန် ကြီးမားကြသည်။ ထိုဘွဲ့၏အဓိပ္ပာယ်မှာ “နိုင်ငံတော်ကို ကာကွယ်သူ” ဖြစ်သည်။ ဘုရင်ခံမင်းသည် သူ၏စီရင်စုနယ်တွင် အချုပ်အခြာအာဏာမှလွဲ၍ စီရင်ပိုင်ခွင့် အပြည့်အဝရှိသည့် လက်အောက်ခံမင်းတစ်ပါးဖြစ်သည်။
၃၊ ၄။ ဒါရိမင်းသည် ဒံယေလကို အဘယ်ကြောင့် နှစ်သက်သဘောကျသနည်း။ သူ့အား မည်သည့်ရာထူးတွင် ခန့်ထားသနည်း။
၃ ဤစီစဉ်ဖွဲ့စည်းပုံအသစ်တွင် ဒံယေလသည် မည်သည့်အခန်းကဏ္ဍမှ ပါဝင်သနည်း။ မီးဒီးယားလူမျိုး ဒါရိမင်းက ယခု အသက်ကိုးဆယ်ကျော် အိုမင်းနေသည့် ဤဂျူးပရောဖက်ကို အငြိမ်းစားပေးလိုက်မည်လော။ မပေးလိုက်ပါ။ ဗာဗုလုန် ကျဆုံးခြင်းအကြောင်းကို ဒံယေလ အတိအကျ ဟောခဲ့သည့်အကြောင်း၊ ထိုသို့ဟောနိုင်ရန် လူ့ဓမ္မတာထက်သာလွန်သည့် အသိအမြင် ရှိရမည်ဖြစ်ကြောင်း ဒါရိမင်း ကောင်းစွာသိရှိပေမည်။ ၎င်းပြင်၊ ဒံယေလသည် ဗာဗုလုန်ပြည်ရှိ သုံ့ပန်းအုပ်စုမျိုးစုံကို ဆက်ဆံကိုင်တွယ်ရာ၌ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသူလည်း ဖြစ်ပေသည်။ ဒါရိမင်းသည် အသစ်စက်စက် အောင်နိုင်လိုက်သည့် လက်အောက်ခံပြည်သူတို့နှင့် ငြိမ်းချမ်းသည့်ဆက်ဆံရေးကို ထိန်းသိမ်းရန် ရည်ရွယ်ထားသည်။ ထို့ကြောင့်၊ ဒံယေလကဲ့သို့သော ဉာဏ်ပညာနှင့် အတွေ့အကြုံရှိသူတစ်ဦးကို အပါးတော်တွင် ခစားစေလိုသည်မှာ သဘာဝကျပေသည်။ အဘယ်အနေအထားမျိုးဖြင့် ခစားစေမည်နည်း။
၄ ဒါရိမင်းက ဂျူးနယ်နှင်ခံ ဒံယေလအား ဘုရင်ခံမင်းတစ်ပါးအဖြစ် ခန့်အပ်မည်ဆိုလျှင် အလွန်အံ့သြစရာ ကောင်းပေလိမ့်မည်။ သို့သော် ဒါရိမင်းက ဒံယေလအား ဘုရင်ခံမင်းများကို အုပ်ချုပ်စစ်ကြောရသည့် ဘုရင်ခံချုပ်မင်း သုံးပါးတွင် တစ်ပါးအပါအဝင်အဖြစ် ခန့်အပ်သည့်ဆုံးဖြတ်ချက်ကို ကြေညာလိုက်သည့်ခါ မည်မျှ ရုတ်ရုတ်သဲသဲ ဖြစ်သွားမည်ကို မှန်းဆကြည့်ပါ။ ထိုမျှမက ဒံယေလသည် ဘုရင်ခံချုပ်မင်းတကာထက် လွန်ကဲကြောင်းပြသခြင်းဖြင့် ‘ထင်ရှားကျော်ကြား’ လေ၏။ သူ၌ “ထူးကဲသော စိတ်ဝိညာဉ်နှင့်ပြည့်စုံ” သည်ကိုတွေ့ရှိရသည်။ ဒါရိမင်းသည် နန်းရင်းဝန်ရာထူး ပေးအပ်ရန်ပင် ကြံရွယ်ထား၏။—ဒံယေလ ၆:၂၊ ၃။
၅။ ဒံယေလ ခန့်အပ်ခံရခြင်းနှင့်ပတ်သက်၍ အခြားသောဘုရင်ခံချုပ်မင်းနှင့် ဘုရင်ခံမင်းတို့က မည်သို့တုံ့ပြန်ကြသနည်း။ အဘယ်ကြောင့်နည်း။
၅ အခြားသော ဘုရင်ခံချုပ်မင်းများနှင့် ဘုရင်ခံမင်းတို့သည် ဒေါသကြောင့် ပေါက်ကွဲလုမတတ် ဖြစ်သွားကြပေမည်။ မီးဒီးယားလူမျိုးလည်းမဟုတ်၊ ပါးရှားလူမျိုးလည်းမဟုတ်၊ ထီးရိုးနန်းနွယ်လည်းမဟုတ်သည့် ဒံယေလက သူတို့အပေါ် အုပ်ချုပ်မည်ကို သူတို့ မခံမရပ်နိုင် ဖြစ်ကြသည်။ ဒါရိမင်းသည် မိမိ၏ တစ်နိုင်ငံတည်းသားများကိုမက မိမိ၏အမျိုး အရင်းအချာကိုပင်ကျော်၍ တိုင်းတစ်ပါးသားတစ်ဦးအား ဤမျှ အထင်ကရဖြစ်သည့်ရာထူး၌ အဘယ်သို့ ချီးမြှင့်နိုင်သနည်း။ ဤသို့သော စီမံဆောင်ရွက်မှုသည် တရားနည်းလမ်းမကျဟု ထင်ပေမည်။ ထို့အပြင်၊ ဘုရင်ခံမင်းတို့က သမာဓိနှင့်ပြည့်စုံသည့် ဒံယေလသည် သူတို့၏ တံစိုးစားမှု၊ အဂတိလိုက်စားမှုများအတွက် အဟန့်အတားဖြစ်မည်ကို မလိုလားကြချေ။ သို့သော်လည်း၊ ဘုရင်ခံချုပ်မင်းနှင့် ဘုရင်ခံမင်းတို့သည် ဤကိစ္စနှင့်ပတ်သက်၍ ဒါရိမင်းကြီးအား မလျှောက်တင်ဝံ့ကြချေ။ အမှန်ဆိုလျှင် ဒါရိမင်းသည် ဒံယေလအား အလွန်ပင် အထင်ကြီးလေးစားသည်။
၆။ ဘုရင်ခံချုပ်မင်းနှင့် ဘုရင်ခံမင်းတို့က ဒံယေလအား မည်သို့ကြိုးစား၍ သိက္ခာချခဲ့ကြသနည်း။ ဤကြိုးပမ်းမှု အဘယ်ကြောင့် အချည်းနှီး ဖြစ်သွားသနည်း။
၆ သို့နှင့် မနာလိုဝန်တိုသည့် ဤနိုင်ငံရေးသမားများသည် ဒံယေလအပေါ် မကောင်းကြံစည်ကြ၏။ သူတို့သည် “နိုင်ငံတော် အမှုအရေးနှင့်စပ်၍ ဒံယေလအပေါ်၌ အပြစ်တင်ခွင့်ကိုရှာ” ရန်ကြိုးစားကြ၏။ သူတာဝန်ထမ်းဆောင်ရာ၌ ချွတ်ချော်လွဲမှားမှုများ ရှိပါသလော။ မရိုးသားသည့်လုပ်ရပ်များ ရှိသလော။ ဘုရင်ခံချုပ်မင်းနှင့် ဘုရင်ခံမင်းတို့သည် တာဝန်ထမ်းဆောင်မှုတွင် ဒံယေလ၌ မည်သည့်ပျက်ကွက်မှု၊ မည်သည့်အဂတိလိုက်စားမှုကိုမျှ ရှာ၍မတွေ့ကြချေ။ “သူ့ဘုရား၏ တရားမှတစ်ပါး အခြားသောအမှုတွင် ဒံယေလ၌ အပြစ်တင်ခွင့်ကို ငါတို့မတွေ့နိုင်ကြ” ဟုသူတို့တိုင်ပင်ကြ၏။ ဤသို့ဖြင့် မရိုးဖြောင့်သောဤသူတို့သည် ပူးပေါင်းကြံစည်မှုတစ်ခုကို ဖန်တီးကြ၏။ ဤနည်းဖြင့် ဒံယေလကို အပြီးအပိုင် ရှင်းပစ်နိုင်မည်ဟု သူတို့ယူဆကြသည်။—ဒံယေလ ၆:၄၊ ၅၊ သမ္မာ။
သတ်ဖြတ်လိုသော အကြံအစည်ကို အကောင်အထည်ဖော်ခြင်း
၇။ ဘုရင်ခံချုပ်မင်းနှင့် ဘုရင်ခံမင်းတို့က ရှင်ဘုရင်အား အဘယ်အဆိုပြုချက် တင်သွင်းသနည်း။ မည်သို့သောပုံစံဖြင့် တင်ပြကြသနည်း။
၇ ဘုရင်ခံချုပ်မင်းနှင့် ဘုရင်ခံမင်းတို့သည် ဒါရိမင်းထံ “ဝင်ရောက်စုရုံးကြ၏။” ဤအသုံးအနှုန်းသည် အာရမိတ်ဘာသာတွင် စိုးရွံ့ဖွယ်ကောင်းသော ရုတ်ရုတ်သဲသဲဖြစ်ခြင်း ဟူသောအဓိပ္ပာယ်ဆောင်သည်။ သူတို့က ဒါရိမင်းအား အလွန်အရေးကြီးသည့် အမှုကိစ္စတစ်ခု သံတော်ဦးတင်ရန်ရှိသည့်ပုံမျိုး ဖန်တီးသည်မှာထင်ရှားသည်။ ချက်ချင်းအရေးယူရမည့် ကိစ္စရပ်သဖွယ် ခိုင်မာသည့်ယုံကြည်မှုနှင့် တင်ပြမည်ဆိုလျှင် သူတို့၏အဆိုပြုချက်ကို မင်းကြီးက သံသယဖြစ်ဖွယ် ရှိမည်မဟုတ်ဟု သူတို့တွက်ဆခဲ့ကြပေမည်။ ထို့ကြောင့် သူတို့သည် ထိုကိစ္စရပ်ကို ဤသို့တိုက်ရိုက် လျှောက်တင်လေ၏– “နိုင်ငံတော်ဘုရင်ခံချုပ်မင်း၊ မင်းအရာရှိ၊ ဘုရင်ခံမင်း၊ မှူးတော်မတ်တော်၊ မြို့ဝန်အပေါင်းတို့က ဘုရင်မင်းမြတ်မှတစ်ပါး အခြားလူထံသော်လည်းကောင်း၊ ဘုရားထံသော်လည်းကောင်း ရက်ပေါင်းသုံးဆယ်အတွင်း ဆုတောင်းသူ မည်သူမဆို ခြင်္သေ့တွင်းထဲသို့ ချပစ်ခံရမည်ဟူသောဥပဒေကို အတည်ပြု၍ အာဏာနှင့်မြစ်တားစေခြင်းငှာ သဘောတူတိုင်ပင်ကြပါပြီ။”a—ဒံယေလ ၆:၆၊ ၇၊ ကဘ။
၈။ (က) အဆိုပြုတင်သွင်းသည့် ဥပဒေကို ဒါရိမင်းက နှစ်သက်ဖွယ်ကောင်းသည်ဟု အဘယ်ကြောင့် ယူဆခြင်းဖြစ်မည်နည်း။ (ခ) ဘုရင်ခံချုပ်မင်းနှင့် ဘုရင်ခံမင်းတို့၏ ရည်ရွယ်ချက်အမှန်ကား အဘယ်နည်း။
၈ မက်ဆိုပိုတေးမီးယား ရှင်ဘုရင်များကို အများအားဖြင့် နတ်ဘုရားများအဖြစ် မှတ်ယူကိုးကွယ်ကြကြောင်း သမိုင်းမှတ်တမ်းများက ထောက်ခံသည်။ ထို့ကြောင့် ၎င်းအဆိုပြုချက်ကြောင့် ဒါရိမင်းသည် အလွန်နှစ်ထောင်းအားရ ဖြစ်မိမည်မလွဲပေ။ ဤဥပဒေ၏ လက်တွေ့အကျိုးကိုလည်း သူမြင်ယောင်ပေမည်။ ဗာဗုလုန်တွင်နေထိုင်သည့် ပြည်သူတို့၏အမြင်တွင် ဒါရိမင်းသည် တိုင်းတစ်ပါးသားဖြစ်သည့်အပြင် လူသစ်လည်းဖြစ်နေသည်ကို သတိရပါ။ ဤဥပဒေသစ်က သူ့အား ရှင်ဘုရင်အဖြစ် အတည်ပြုပေးမည့်အပြင် ဗာဗုလုန်တွင်နေထိုင်ကြကုန်သော အများပြည်သူတို့အား အစိုးရသစ်အပေါ် ကျေးဇူးသစ္စာ စောင့်သိရိုသေကြောင်း၊ အားပေးထောက်ခံကြောင်း အတိအလင်း အသိအမှတ်ပြုဝန်ခံရန် အားပေးရာလည်းရောက်မည်ဖြစ်သည်။ သို့ရာတွင် ဘုရင်ခံချုပ်မင်းနှင့် ဘုရင်ခံမင်းတို့သည် ဤဥပဒေအမိန့်ကို အဆိုပြုတင်သွင်းရာ၌ ရှင်ဘုရင်၏ ကောင်းကျိုးကိုလိုလားခြင်း အလျှင်းမဟုတ်ချေ။ သူတို့၏အဓိကရည်ရွယ်ချက်မှာ ဒံယေလကို အကွက်ဆင်၍ ဖမ်းဆီးရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဒံယေလသည် သူ၏အထက်ခန်းရှိ ပွင့်လျက်ရှိသော ပြတင်းပေါက်ရှေ့တွင် တစ်နေ့သုံးကြိမ် ဘုရားသခင်ထံ ဆုတောင်းလေ့ရှိသည်ကို သူတို့သိထား၍ဖြစ်သည်။
၉။ ဥပဒေအသစ်သည် ဂျူးလူမျိုးမဟုတ်သူ အများစုအတွက် အဘယ်ကြောင့် ပြဿနာမရှိသနည်း။
၉ ဆုတောင်းခြင်းနှင့်ပတ်သက်သည့် ဤကန့်သတ်ချုပ်ချယ်မိန့်သည် ဗာဗုလုန်ရှိ ဘာသာရေးယုံကြည်ချက် မတူသည့် လူမျိုးစုအားလုံးအတွက် ပြဿနာပေါ်စေပါသလော။ ဤတားမြစ်မိန့်၏သက်တမ်းမှာ တစ်လသာဖြစ်သောကြောင့် ပြဿနာပေါ်စရာအကြောင်း မရှိပါ။ ထို့အပြင်၊ အချိန်ကာလတစ်ခုအတွင်း လူသားတစ်ဦးအား ကိုးကွယ်ခြင်းအမှုကို အလျှော့ပေးလိုက်လျောမှုအဖြစ် ယူမှတ်သည့် ဂျူးမဟုတ်သူများ အလွန်နည်းပါးသည်။ သမ္မာကျမ်းစာ ပညာရှင်တစ်ဦးက ဤသို့မှတ်တမ်း ရေးသားထားသည်– “ရှင်ဘုရင်ကိုးကွယ်မှုသည် ရုပ်တုကိုးကွယ်သည့်လူမျိုး အများစုအဖို့ ထူးဆန်းသည့်တောင်းဆိုချက် မဟုတ်ပေ။ ထို့ကြောင့် ဗာဗုလုန်လူမျိုးသည် အောင်နိုင်သူ မီးဒီးယားလူမျိုး ဒါရိမင်းအား နတ်ဘုရားသဖွယ် ရှိခိုးဂါရဝပြုရမည့်အမိန့်ကို ရှောရှောရှူရှူပင် နာခံကြသည်။ ထိုအမိန့်မျိုးကို မကျေနပ်သူတို့မှာ ဂျူးလူမျိုးသာဖြစ်သည်။”
၁၀။ မီးဒီးယားနှင့် ပါးရှားလူမျိုးတို့က သူတို့၏ရှင်ဘုရင်ပြဋ္ဌာန်းသည့် ဥပဒေတစ်ရပ်ကို မည်သို့ရှုမြင်ကြသနည်း။
၁၀ မည်သို့ပင်ဆိုစေ၊ ဒါရိမင်းထံဝင်ရောက်သည့် မင်းအရာရှိများက “မပယ်မဖျက်နိုင်သော မီးဒီးယား၊ ပါးရှားလူမျိုး၏ ဓမ္မသတ်အတိုင်း ဆိုခဲ့သောဥပဒေကို မပြောင်းမလဲစေရန် အတည်ပြု၍ လက်မှတ်ရေးထိုးတော်မူပါ” ဟုတိုက်တွန်းကြ၏။ (ဒံယေလ ၆:၈၊ ကဘ) ရှေးခေတ် အရှေ့ပိုင်းဒေသတွင် ရှင်ဘုရင်တစ်ပါး၏ အလိုဆန္ဒကို အကြွင်းမဲ့အဖြစ် ခံယူလေ့ရှိကြသည်။ ဤအချက်က ရှင်ဘုရင်သည် မမှားမယွင်းနိုင်ဟူသော အယူအဆကို အဓွန့်ရှည်စွာ တည်တံ့စေသည်။ အပြစ်မဲ့သူတစ်ဦးကို အသက်ဆုံးရှုံးစေနိုင်သည့် ဥပဒေတစ်ရပ် ဖြစ်သည်တိုင်အောင် ၎င်းသည် အတည်ဖြစ်နေရမည်။
၁၁။ ဒါရိမင်း၏ တားမြစ်မိန့်သည် ဒံယေလအပေါ် မည်သို့သက်ရောက်မှု ရှိမည်နည်း။
၁၁ ဒါရိမင်းသည် ဒံယေလအကြောင်း မစဉ်းစားမိဘဲ ဥပဒေအမိန့်ကို လက်မှတ်ရေးထိုးလိုက်သည်။ (ဒံယေလ ၆:၉) ဤသို့ဖြင့် မိမိ အားအထားရဆုံးသော မင်းအရာရှိကို ကွပ်မျက်ရန် အမိန့်စာကို အမှတ်တမဲ့ လက်မှတ်ရေးထိုးမိရက်သား ဖြစ်သွားသည်။ ဤအမိန့်ပြန်တမ်းသည် ဒံယေလနှင့် မုချပတ်သက်လာတော့မည်ဖြစ်သည်။
အကျိုးယုတ်စေသော စီရင်ချက်ကို ဒါရိမင်း ချလိုက်ရခြင်း
၁၂။ (က) ဥပဒေသစ်အကြောင်း သိရှိသည်နှင့် ဒံယေလ ဘာလုပ်သနည်း။ (ခ) မည်သူတို့က ဒံယေလကို စောင့်ကြည့်နေကြသနည်း။ အဘယ်ကြောင့်နည်း။
၁၂ ဆုတောင်းခြင်းကိုကန့်သတ်သည့် ၎င်းဥပဒေအကြောင်းကို ဒံယေလ မကြာမီအတွင်း သိရှိလာသည်။ ထိုခဏချင်းတွင် မိမိနေအိမ်သို့ပြန်၍ ယေရုရှလင်မြို့ဘက်သို့ မျက်နှာပြုရာ ပြတင်းပေါက်များ ပွင့်လျက်ရှိသော အိမ်ခေါင်မိုး အထက်ခန်းသို့ဝင်လေ၏။b ဒံယေလသည် ‘ယခင်က ပြုလေ့ရှိသည်အတိုင်း’ ဘုရားသခင်အား စတင်ဆုတောင်းလေ၏။ မိမိတစ်ဦးတည်းရှိသည်ဟု ဒံယေလ ထင်ကောင်းထင်မည်ဖြစ်သော်လည်း ပူးပေါင်းကြံစည်သူတို့က သူ့ကို စောင့်ကြည့်နေကြသည်။ ရုတ်တရက် သူတို့ ‘စုရုံးဝင်ရောက်’ လာကြသည်၊ ဒါရိမင်းထံ အခစားဝင်စဉ်ကကဲ့သို့ပင် ရုတ်ရုတ်သဲသဲ လှုပ်လှုပ်ရှားရှား ဖြစ်နေကြမည်မှာ ယုံမှားဖွယ်မရှိ။ ဒံယေလသည် ‘ဘုရားသခင်ထံ ဆုတောင်းပတ္ထနာ ပြုလျက်နေသည်ကို’ ယခု သူတို့ကိုယ်တိုင် မျက်မြင်ဒိဋ္ဌ တွေ့မြင်ကြရ၏။ (ဒံယေလ ၆:၁၀၊ ၁၁) ဘုရင်ခံချုပ်မင်းနှင့် ဘုရင်ခံမင်းတို့သည် ရှင်ဘုရင်ရှေ့ ဒံယေလကို စွဲချက်တင်ရန် လိုအပ်သည့် သက်သေအထောက်အထား အလုံအလောက်ရှိနေပေပြီ။
၁၃။ ဒံယေလ၏ ရန်သူများက ရှင်ဘုရင်ထံ မည်သို့တင်လျှောက်ကြသနည်း။
၁၃ ဒံယေလ၏ရန်သူများက ကောက်ကျစ်စဉ်းလဲစွာဖြင့် ဒါရိမင်းအား “အရှင်မင်းမြတ်၊ ကိုယ်တော်မြတ်မှတစ်ပါး အခြားလူထံသော်လည်းကောင်း၊ ဘုရားထံသော်လည်းကောင်း ရက်ပေါင်းသုံးဆယ်အတွင်း ဆုတောင်းသူ မည်သူမဆို ခြင်္သေ့တွင်းထဲသို့ ချပစ်ခံရမည် ဟူသောဥပဒေကို လက်မှတ်ရေးထိုးတော်မူပြီ မဟုတ်တုံလော” ဟုမေးလျှောက်ကြ၏။ ဒါရိမင်းက “မပယ်မဖျက်နိုင်သော မီးဒီးယား၊ ပါးရှားလူမျိုး၏ ဓမ္မသတ်အတိုင်း ဤကိစ္စသည် အတည်ပြုပြီးဖြစ်သည်” ဟုမိန့်ဆို၏။ သို့နှင့် ပူးပေါင်းကြံစည်သူတို့က လိုရင်းချက်ကို ချက်ချင်းပင် လျှောက်တင်လေ၏။ “ဘုရင်မင်းမြတ်၊ နယ်နှင်ခံ ယုဒအမျိုးသားတို့အဝင်ဖြစ်သူ ဒံယေလသည် ကိုယ်တော်မြတ်ကိုလည်းကောင်း၊ လက်မှတ်ရေးထိုးတော်မူသော တားမြစ်မိန့်ကိုလည်းကောင်း ပမာဏမပြုဘဲ တစ်နေ့လျှင်သုံးကြိမ် ဆုတောင်းလေ့ရှိပါသည်။”—ဒံယေလ ၆:၁၂၊ ၁၃၊ ကဘ။
၁၄။ ဘုရင်ခံချုပ်မင်းနှင့် ဘုရင်ခံမင်းတို့က ဒံယေလအား “နယ်နှင်ခံ ယုဒအမျိုးသားတို့အဝင်ဖြစ်သူ” ဟူ၍ အဘယ်ကြောင့် ခေါ်ဝေါ်ကြခြင်းဖြစ်ကြောင်း ထင်ရှားသနည်း။
၁၄ ဘုရင်ခံချုပ်မင်းနှင့် ဘုရင်ခံမင်းတို့က ဒံယေလအား “နယ်နှင်ခံ ယုဒအမျိုးသားတို့အဝင်ဖြစ်သူ” ဟူ၍ခေါ်ဝေါ်ခြင်းသည် အဓိပ္ပာယ်ရှိလှသည်။ သူတို့က ထင်ရှားသည့်ရာထူး၌ ဒါရိမင်း ချီးမြှင့်မြှောက်စားထားသော ဒံယေလဆိုသူမှာ စင်စစ်အားဖြင့် ဂျူးလူမျိုး ကျွန်တစ်ဦးမျှသာဖြစ်ကြောင်း အလေးပေးလို၍ ဖြစ်သည်မှာ သိသာသည်။ ကျွန်ဖြစ်သောကြောင့် ရှင်ဘုရင်က သူ့အား မည်မျှပင် နှစ်သက်မြတ်နိုးစေကာမူ သူသည် ဥပဒေကို နာခံရမည်ဖြစ်သည်ဟု သူတို့ယူဆကြသည်။
၁၅။ (က) ဘုရင်ခံချုပ်မင်းနှင့် ဘုရင်ခံမင်းတို့ တင်လျှောက်သည့်သတင်းကို ဒါရိမင်း မည်သို့တုံ့ပြန်ခဲ့သနည်း။ (ခ) ဘုရင်ခံချုပ်မင်းနှင့် ဘုရင်ခံမင်းတို့သည် ဒံယေလအား အထင်အမြင်သေးကြောင်း မည်သို့ထပ်ဆင့်ပြကြသနည်း။
၁၅ ဘုရင်ခံချုပ်မင်းနှင့် ဘုရင်ခံမင်းတို့သည် ၎င်းတို့၏ လိမ္မာပါးနပ်သည့် ထောက်လှမ်းဖော်ထုတ်မှုအတွက် ဆုတော်လာဘ်တော် ချီးမြှင့်ခံရမည်ဟု မျှော်လင့်ကောင်း မျှော်လင့်ကြပေမည်။ အကယ်၍ ထိုသို့မျှော်လင့်ခဲ့သည်ရှိသော် တက်တက်စင်အောင် မှားသွားပေလိမ့်မည်။ ဒါရိမင်းသည် သူတို့လျှောက်တင်သည့် သတင်းကြောင့် အလွန်စိတ်သောက ရောက်သွားလေ၏။ အမျက်တော်ရှ၍ ခြင်္သေ့တွင်းထဲ ချက်ချင်းချပစ်စေမည့်အစား ဒံယေလအား ကယ်တင်ရန် တစ်နေကုန် နည်းလမ်းရှာကြံလေ၏။ သို့သော်လည်း သူ၏ကြိုးပမ်းမှုများသည် အချည်းနှီးသာဖြစ်ခဲ့သည်။ များမကြာမီ၊ ပူးပေါင်းကြံစည်သူတို့သည် အထံတော်သို့ဝင်ပြန်၍ မျက်နှာပြောင်တိုက်လျက် ဒံယေလ၏သွေးကို တောင်းဆိုကြ၏။—ဒံယေလ ၆:၁၄၊ ၁၅။
၁၆။ (က) ဒါရိမင်းသည် ဒံယေလ၏ ဘုရားသခင်ကို အဘယ်ကြောင့် ကြည်ညိုလေးစားသနည်း။ (ခ) ဒံယေလနှင့်ပတ်သက်၍ ဒါရိမင်း အဘယ်မျှော်လင့်ချက် ထားရှိသနည်း။
၁၆ ဒါရိမင်းခမျာ ရွေးချယ်စရာလမ်း မရှိတော့ပြီဟု ခံစားမိသည်။ ဥပဒေကို မပယ်ဖျက်နိုင်သကဲ့သို့ ဒံယေလ၏ “လွန်ကျူးမှု” ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် မပေးနိုင်ချေ။ ဒံယေလအား “သင် အစဉ်မပြတ်ကိုးကွယ်သော ဘုရားသခင် ကိုယ်တော်တိုင်သည် သင့်ကို ကယ်လွှတ်တော်မူပါစေ” ဟုမိန့်ဆိုနိုင်ရုံသာ ပြုနိုင်တော့သည်။ ဒါရိမင်းသည် ဒံယေလ၏ ဘုရားသခင်အား ကြည်ညိုလေးစားပုံရသည်။ ဗာဗုလုန်ကျဆုံးခြင်းအကြောင်း ကြိုဟောနိုင်သည့်အစွမ်းကို ဒံယေလအား ယေဟောဝါ ပေးတော်မူခဲ့၏။ ဘုရားသခင်သည် ဒံယေလအား အခြားဘုရင်ခံချုပ်မင်းတို့နှင့် ကွဲပြားစေသည့် “ထူးကဲသော စိတ်ဝိညာဉ်” လည်းပေးတော်မူ၏။ လွန်ခဲ့သည့် ဆယ်စုနှစ်အတန်ကြာက ဤဘုရားသခင်ကပင် ဟေဗြဲလူငယ်သုံးဦးကို တောက်လောင်သောမီးဖိုထဲမှ ကယ်လွှတ်ခဲ့သည့်အကြောင်းကိုပင် ဒါရိမင်း သိကောင်းသိမည်။ ဒါရိမင်းသည် မိမိကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့သည့် ဥပဒေကို ပယ်ဖျက်နိုင်စွမ်းမရှိသဖြင့် ယခု ဒံယေလအား ယေဟောဝါ ကယ်လွှတ်တော်မူမည်ဟု သူမျှော်လင့်ပုံရသည်။ သို့နှင့်၊ ဒံယေလကို ခြင်္သေ့တွင်းထဲသို့ ပစ်ချလိုက်လေ၏။c ထို့နောက်၊ “ကျောက်ပြားကိုယူ၍ တွင်းဝကိုပိတ်ပြီးလျှင်၊ ဒံယေလအမှု၌ မည်သည့်အပြောင်းအလဲမျှ မရှိစေခြင်းငှာ၊ ဘုရင်မင်းတံဆိပ်နှင့် မှူးမတ်တို့တံဆိပ်ကို ခတ်နှိပ်လေ၏။”—ဒံယေလ ၆:၁၆၊ ၁၇၊ ကဘ။
အခြေအနေ ရုတ်တရက် ပြောင်းလဲခြင်း
၁၇၊ ၁၈။ (က) ဒံယေလ၏ အခြေအနေအတွက် ဒါရိမင်း စိတ်သောကရောက်ကြောင်း အဘယ်အချက်က ပြသ,သနည်း။ (ခ) နောက်တစ်နေ့နံနက်တွင် ခြင်္သေ့တွင်းသို့ ရှင်ဘုရင် ပြန်ရောက်သည့်အခါ ဘာဖြစ်ပျက်သနည်း။
၁၇ စိတ်မကြည်မသာဖြစ်နေသော ဒါရိမင်းသည် နန်းတော်သို့ ပြန်သွားလေ၏။ စိတ်ရွှင်မြူးခြင်း မရှိသဖြင့် အငြိမ့်တော်ကို အထံတော်သို့ မသွင်းဘဲနေ၏။ သို့အစား တစ်ညဉ့်လုံး စက်တော်မခေါ်၊ ပွဲတော်မတည်ဘဲနေ၏။ မည်သို့မျှ “စက်တော်ခေါ်၍ မပျော်နိုင်။” နံနက်အရုဏ်တက်သောအခါ ဒါရိမင်းသည် ခြင်္သေ့တွင်းသို့ အလျင်အမြန်သွားလေ၏။ “အသက်ရှင်တော်မူသော ဘုရားသခင်၏ကျွန် ဒံယေလ၊ သင်မပြတ်ကိုးကွယ်သော ဘုရားသခင်သည် သင့်ကို ခြင်္သေ့ဘေးမှ ကယ်လွှတ်နိုင်သလော” ဟုငိုသံနှင့် ခေါ်လေ၏။ (ဒံယေလ ၆:၁၈-၂၀) သူ့အဖို့ အလွန်အံ့သြပြီး ရင်ပေါ့သွားစေသည့်အချက်မှာ တုံ့ပြန်သံ ထွက်ပေါ်လာခြင်းပင်တည်း!
၁၈ “အရှင်မင်းမြတ်၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။” ဒံယေလက ဤသို့ရိုသေစွာ နှုတ်ခွန်းဆက်သခြင်းအားဖြင့် ရှင်ဘုရင်အပေါ် အာဃာတမထားကြောင်း ပြသလိုက်သည်။ မိမိခံရသည့် ညှဉ်းပန်းမှုသည် ဒါရိမင်းကြောင့်မဟုတ်၊ မနာလိုသည့် ဘုရင်ခံချုပ်မင်းနှင့် ဘုရင်ခံမင်းများကြောင့် ဖြစ်ရကြောင်းကို သူနားလည်သည်။ (မဿဲ ၅:၄၄; တမန်တော် ၇:၆၀ နှိုင်းယှဉ်။) ဒံယေလက ဤသို့ဆက်လက်လျှောက်တင်၏– “အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ခြင်္သေ့တို့နှုတ်ကို ပိတ်ထားတော်မူသဖြင့်၊ အကျွန်ုပ်ကို အန္တရာယ်မပြုကြပါ။ အကြောင်းမူကား၊ ဘုရားသခင့်ရှေ့တော်၌ အကျွန်ုပ်သည် အပြစ်ကင်းပါ၏။ ကိုယ်တော်မြတ်ရှေ့၌လည်း မပြစ်မှားပါ။”—ဒံယေလ ၆:၂၁၊ ၂၂၊ သမ္မာ။
၁၉။ ဒါရိမင်းသည် ဘုရင်ခံချုပ်မင်းနှင့် ဘုရင်ခံမင်းတို့၏ လှည့်ဖြားခြင်း၊ ကြိုးကိုင်ခြယ်လှယ်ခြင်းကို မည်သို့ခံလိုက်ရသနည်း။
၁၉ ဤစကားများက ဒါရိမင်း၏ ဩတ္တပ္ပစိတ်ကို မည်မျှ နာကျင်စူးရှစေမည်တကား! ဒံယေလသည် ခြင်္သေ့တွင်းထဲ ပစ်ချခံရလောက်အောင် အဘယ်အပြစ်မျှ မကျူးလွန်မိကြောင်း တစ်လျှောက်လုံး သူသိထားသည်။ ဘုရင်ခံချုပ်မင်းနှင့် ဘုရင်ခံမင်းတို့က ဒံယေလအား လုပ်ကြံခြင်းဖြစ်ကြောင်း၊ သူတို့၏ တစ်ကိုယ်ကောင်းဆန်သော ရည်မှန်းချက် အောင်မြင်ရေးအတွက် ရှင်ဘုရင်ကို လိမ္မာပါးနပ်စွာ မလိမ့်တပတ် ကြိုးကိုင်ခြယ်လှယ်ခဲ့ကြောင်း ဒါရိမင်း ကောင်းစွာသိသည်။ ‘နိုင်ငံတော် ဘုရင်ခံချုပ်မင်း အပေါင်းတို့’ ကအဆိုပါ တားမြစ်မိန့်ကိုထုတ်ပြန်ရန် ထောက်ခံကြောင်း အခိုင်အမာဆိုခြင်းအားဖြင့် ဤကိစ္စ၌ ဒံယေလနှင့်လည်း တိုင်ပင်ပြီးဖြစ်သည်ဟူသောသဘော သက်ရောက်စေသည်။ နောက်ပိုင်းတွင် မလိမ့်တပတ်လုပ်တတ်သော ဤသူတို့ကို ဒါရိမင်း အရေးယူမည်ဖြစ်သည်။ သို့သော်၊ ဒံယေလအား ပထမဦးစွာ ခြင်္သေ့တွင်းထဲမှဆွဲတင်ရန် အမိန့်ပေးလေ၏။ ဒံယေလကိုယ်ပေါ်တွင် ကုတ်ရာခြစ်ရာတစ်ခုမျှ မတွေ့ရသည်မှာ အံ့သြကုန်နိုင်ဖွယ်ပါတကား!—ဒံယေလ ၆:၂၃။
၂၀။ ဒံယေလ၏ မလိုတမာရန်သူများ မည်သို့ဖြစ်သွားကြသနည်း။
၂၀ ဒံယေလ ဘေးအန္တရာယ် ကင်းရှင်းပြီးဖြစ်ရာ ဒါရိမင်းသည် အခြားလုပ်ငန်းတာဝန်တစ်ရပ်ကို အရေးယူဆောင်ရွက်လေ၏။ “ဒံယေလအပေါ် အပြစ်စွဲဆိုသူတို့ကို ရှင်ဘုရင့်အမိန့်တော်နှင့် ခေါ်ယူပြီးလျှင်၊ သားမယားတို့ပါ ခြင်္သေ့တွင်းထဲသို့ ပစ်ချကြလျှင်၊ မြေသို့မကျမီပင် ခြင်္သေ့တို့သည် နိုင်နင်း၍ အရိုးရှိသမျှကို ချိုးဖဲ့ကြကုန်၏။”d—ဒံယေလ ၆:၂၄၊ သမ။
၂၁။ ဒုစရိုက်သမားများ၏ မိသားစုကို ဆက်ဆံပုံနှင့်စပ်လျဉ်း၍ မောရှေပညတ်နှင့် ရှေးခေတ်ယဉ်ကျေးမှုအချို့၏ ဥပဒေများ အဘယ်ခြားနားမှု ရှိသနည်း။
၂၁ ပူးပေါင်းကြံစည်သူတို့ကိုသာမက သူတို့၏သားမယားတို့ကိုပါ ကွပ်မျက်ခြင်းသည် အလွန့်အလွန် ရက်စက်ခက်ထန်လှသည်ဟု ထင်ရစရာရှိသည်။ ယင်းလုပ်ရပ်နှင့်ဆန့်ကျင်လျက် ပရောဖက်မောရှေမှတစ်ဆင့် ပေးတော်မူသည့်ပညတ်တွင် ဤသို့ဖော်ပြထားသည်– “အဘသည် သား၏အပြစ်ကြောင့်လည်းကောင်း၊ သားသည် အဘ၏အပြစ်ကြောင့်လည်းကောင်း အသေမခံရ။ လူတိုင်း မိမိအပြစ်ကြောင့်သာ အသေခံရမည်။” (တရားဟောရာ ၂၄:၁၆) သို့ရာတွင်၊ ရှေးဟောင်းယဉ်ကျေးမှုအချို့တွင် ကြီးလေးသော ရာဇဝတ်မှုနှင့်ပတ်သက်သည့် ကိစ္စမျိုးတွင် ပြစ်မှုကျူးလွန်သူနှင့်အတူ ၎င်း၏မိသားစုတို့ကိုပါ ကွပ်မျက်လေ့ရှိသည်။ နောင်တွင် မိသားစုထဲမှ တစ်ယောက်ယောက်က လက်စားမချေနိုင်အောင် ပြုခြင်းဖြစ်ဖွယ်ရှိသည်။ သို့သော်၊ ဘုရင်ခံချုပ်မင်းနှင့် ဘုရင်ခံမင်းတို့၏ မိသားစုများအပေါ် ဤသို့ပြုမူခြင်းသည် ဒံယေလ၏သဘော မဟုတ်ပေ။ ဤဆိုးယုတ်သူတို့ကြောင့် သူတို့၏မိသားစုများပါ အတိဒုက္ခရောက်ရခြင်းအတွက် ဒံယေလ စိတ်မကောင်းဖြစ်မိဖွယ်ပင်ရှိမည်။
၂၂။ အဘယ်အမိန့်ပြန်တမ်းအသစ်ကို ဒါရိမင်း ထုတ်ပြန်သနည်း။
၂၂ အကြံသမားများဖြစ်ကြသည့် ဘုရင်ခံချုပ်မင်းနှင့် ဘုရင်ခံမင်းတို့ကို အဆုံးစီရင်ပြီးနောက် ဒါရိမင်းသည် အမိန့်ပြန်တမ်းတစ်ရပ် ထုတ်ပြန်လိုက်သည်။ ဤသို့ဖော်ပြပါရှိသည်– “ငါစိုးပိုင်ရာ တစ်နိုင်ငံလုံးနေသော သင်တို့သည် ဒံယေလ၏ ဘုရားသခင့် မျက်မှောက်တော်တွင် ကြောက်ရွံ့တုန်လှုပ်ကြစေဟု ငါအမိန့်ရှိ၏။ အသို့ဆိုသော်၊ ထိုဘုရားသည် အသက်ရှင်လျက်၊ ထာဝရတည်တော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။ နိုင်ငံတော်သည် မပျက်မစီး၊ အာဏာစက်တော်သည်လည်း ကာလအစဉ်တည်မြဲ၏။ ဒံယေလကို ခြင်္သေ့ဘေးမှ ကယ်လွှတ်တော်မူသော ဘုရားသခင်သည် ကယ်လွှတ်ဆယ်တင်တော်မူ၍၊ မိုးမြေ၌ နိမိတ်လက္ခဏာ၊ အံ့ဖွယ်ရာများကို ပြတော်မူသတည်း။”—ဒံယေလ ၆:၂၅-၂၇၊ သမ။
ဘုရားသခင်အား အစဉ်မပြတ် ဝတ်ပြုခြင်း
၂၃။ လောကီလုပ်ငန်းနှင့်ပတ်သက်၍ အဘယ်စံနမူနာကို ဒံယေလ ထားခဲ့သနည်း။ ကျွန်ုပ်တို့ အဘယ်နည်းဖြင့် သူ့ကဲ့သို့ဖြစ်နိုင်သနည်း။
၂၃ ဒံယေလသည် ဘုရားသခင်၏ ခေတ်သစ် အမှုတော်ထမ်းအပေါင်းအတွက် ကောင်းမြတ်သည့်စံနမူနာ ထားခဲ့သည်။ သူ၏ အပြုအမူတို့သည် အပြစ်တင်ခွင့်နှင့် အစဉ်သဖြင့် ကင်းလွတ်သည်။ လောကီလုပ်ငန်း၌ ဒံယေလသည် “သစ္စာစောင့်၍ ပျက်ကွက်လစ်ဟင်းမှု၊ အဂတိလိုက်စားမှု အလျင်းရှာ၍မတွေ့” နိုင်သူဖြစ်သည်။ (ဒံယေလ ၆:၄၊ ကဘ) ထိုနည်းတူ ခရစ်ယာန်တစ်ဦးအနေဖြင့် မိမိ၏အလုပ်တာဝန်၌ ကြိုးစားအားထုတ်မှု ရှိရပေမည်။ စည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာမှုအတွက် သူတစ်ပါးကို ခုတုံးလုပ်၍ ကျော်တက်တတ်သော စီးပွားရေး မသမာသူတစ်ဦး ဖြစ်ရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ (၁ တိမောသေ ၆:၁၀) ခရစ်ယာန်တစ်ဦးသည် မိမိ၏ လောကီတာဝန်ဝတ္တရားများကို “ယေဟောဝါ၏ အမှုတော်ကဲ့သို့မှတ်၍” စိုးလ်အကြွင်းမဲ့ဖြင့် ရိုးသားစွာဆောင်ရွက်ရန် ကျမ်းစာက တောင်းဆိုထားသည်။—ကောလောသဲ ၃:၂၂၊ ၂၃; တိတု ၂:၇၊ ၈; ဟေဗြဲ ၁၃:၁၈။
၂၄။ ဒံယေလသည် ကိုးကွယ်ဝတ်ပြုရေးကိစ္စတွင် အလျှော့ပေးလိုက်လျောခြင်း ပြုတတ်သူမဟုတ်ကြောင်း မည်သို့သက်သေပြသနည်း။
၂၄ ကိုးကွယ်ဝတ်ပြုမှုနှင့်ပတ်သက်၍ ဒံယေလသည် အလျှော့ပေးလိုက်လျောခြင်းမပြု။ သူ၏ ဆုတောင်းခြင်းအလေ့အထကို လူတကာသိ၏။ ၎င်းပြင်၊ ဒံယေလသည် ကိုးကွယ်ဝတ်ပြုမှုကို အလေးအနက်ထားကြောင်း ဘုရင်ခံချုပ်မင်းနှင့် ဘုရင်ခံမင်းတို့ပင် ကောင်းစွာသိရှိကြ၏။ စင်စစ်ဆိုလျှင် ဥပဒေဖြင့်တားမြစ်သည့်တိုင်အောင် သူ၏လုပ်ရိုးလုပ်စဉ်ကို စွန့်ပယ်မည်မဟုတ်ကြောင်း သူတို့ယုံကြည်ကြသည်။ ယခုခေတ် ခရစ်ယာန်များအဖို့ စံနမူနာကောင်းတစ်ရပ်ပါတကား! ဤသူတို့သည်လည်း ဘုရားသခင့် ကိုးကွယ်ဝတ်ပြုရေးကို ဦးထိပ်ထားကြောင်း နာမည်ကောင်း ရရှိထားကြသည်။ (မဿဲ ၆:၃၃) ဤအချက်ကို လူတကာမြင်သာအောင် ပြသသင့်သည်။ အကြောင်းမှာ ယေရှုက နောက်တော်လိုက်များအား ဤသို့မိန့်မှာတော်မူ၏– “သူတစ်ပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့ ၌ သင်တို့၏အလင်းကို လင်းစေကြလော့။”—မဿဲ ၅:၁၆။
၂၅၊ ၂၆။ (က) ဒံယေလ ပြုမူပုံနှင့်ပတ်သက်၍ အချို့သူတို့က မည်သို့ ဆင်ခြင်သုံးသပ်ကြဖွယ်ရှိသနည်း။ (ခ) လုပ်ရိုးလုပ်စဉ် ပြောင်းလဲခြင်းသည် အလျှော့ပေးလိုက်လျောခြင်း သဘောသက်ရောက်သည်ဟု ဒံယေလက အဘယ်ကြောင့် ရှုမြင်သနည်း။
၂၅ ဒံယေလအနေဖြင့် ထိုရက်ပေါင်း ၃၀ အတွင်း ယေဟောဝါထံ သိုသိုသိပ်သိပ် ဆုတောင်းခြင်းအားဖြင့် ညှဉ်းပန်းမှုကို ရှောင်နိုင်သည်ဟု အချို့က ဆိုကောင်းဆိုမည်။ ၎င်းပြင်၊ ဘုရားသခင် နားညောင်းစေရန် မည်သို့သောအနေအထား၊ မည်သို့သောနေရာမျိုးတွင် ဆုတောင်းရမည်ဟူ၍လည်း သတ်မှတ်ချက်မရှိပေ။ စိတ်နှလုံး ဆင်ခြင်တွေးတောမှုတို့ကိုပင် ကိုယ်တော်သိတော်မူ၏။ (ဆာလံ ၁၉:၁၄) သို့သော်လည်း၊ ဒံယေလသည် သူ၏လုပ်ရိုးလုပ်စဉ်၌ ပြုပြင်ပြောင်းလဲမှုမှန်သမျှကို အလျှော့ပေးလိုက်လျောခြင်းသဘော သက်ရောက်သည်ဟု ရှုမြင်သည်။ အဘယ်ကြောင့်နည်း။
၂၆ ဒံယေလ၏ ဆုတောင်းခြင်းအလေ့အထကို အများတကာက သိရှိထားသောကြောင့် ချက်ချင်းရပ်လိုက်မည်ဆိုလျှင် မည်သည့်အဓိပ္ပာယ် သက်ရောက်သွားမည်နည်း။ လေ့လာအကဲခတ်သူတို့က ဒံယေလသည် လူကိုကြောက်တတ်သူဖြစ်ကြောင်း၊ ဘုရင့်အမိန့်က ယေဟောဝါ၏ ပညတ်တော်ကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ကောက်ချက်ချကြပေမည်။ (ဆာလံ ၁၁၈:၆) သို့သော် ဒံယေလက မိမိ၏ သီးသန့်ဆည်းကပ်ဝတ်ပြုမှုကို ယေဟောဝါ တစ်ပါးတည်းသာ ရထိုက်ကြောင်း အပြုအမူအားဖြင့် ပြသလိုက်သည်။ (တရားဟောရာ ၆:၁၄၊ ၁၅; ဟေရှာယ ၄၂:၈) ဤသို့ပြုရာတွင် ဒံယေလသည် ဘုရင့်ဥပဒေကို မထီမဲ့မြင် ဖီဆန်ခဲ့ခြင်းမရှိသည်မှာ ဆိုဖွယ်မရှိ။ ကြောက်ရွံ့သောကြောင့် အလျှော့ပေးလိုက်လျောခြင်းလည်း မပြုခဲ့ချေ။ ဒံယေလသည် ဘုရင့်တားမြစ်မိန့် မထုတ်မီ ‘ယခင်က ပြုလေ့ရှိသည်အတိုင်း’ မိမိ၏ အိမ်ခေါင်မိုးအထက်ခန်းတွင် ဆက်လက်၍ ဆုတောင်းခြင်းသာပြုလေသည်။
၂၇။ ယနေ့ ဘုရားသခင့်အမှုတော်ထမ်းများသည် (က) အထက်အာဏာပိုင်တို့အောက်၌ ဝန်ခံလျက်နေခြင်း၊ (ခ) လူထက် ဘုရားသခင်အား အုပ်စိုးရှင်အဖြစ် နာခံခြင်း၊ (ဂ) လူခပ်သိမ်းတို့နှင့် ငြိမ်သက်စွာနေထိုင်ရန် အားထုတ်ခြင်းတွင် ဒံယေလကဲ့သို့ မည်သို့ဖြစ်နိုင်ကြသနည်း။
၂၇ ယနေ့ ဘုရားသခင့် အမှုတော်ထမ်းများသည် ဒံယေလ၏ စံနမူနာမှ သင်ခန်းစာယူနိုင်ကြသည်။ သူတို့သည် ‘အထက်အာဏာပိုင်တို့အောက်၌ ဝန်ခံလျက်’ မိမိတို့နေထိုင်ရာတိုင်းပြည်၏ ဥပဒေများကို နာခံကြသည်။ (ရောမ ၁၃:၁) သို့သော်လည်း လူ့ဥပဒေများက ဘုရားသခင့် ဥပဒေများနှင့် ဆန့်ကျင်လာသည့်အခါတွင် ယေဟောဝါ၏ လူမျိုးတော်သည် “လူထက် ဘုရားသခင်ကို အုပ်စိုးရှင်အဖြစ် နာခံရမည်” ဟူ၍ ရဲရင့်စွာပြောခဲ့ကြသည့် ယေရှု၏တမန်တော်များ၏ ရပ်တည်ချက်အတိုင်း ရပ်တည်ကြသည်။ (တမန်တော် ၅:၂၉၊ ကဘ) ဤသို့ပြုရာ၌ ခရစ်ယာန်တို့သည် ဆူပူသောင်းကျန်းခြင်း၊ ထကြွပုန်ကန်ခြင်းကို အားပေးလို၍မဟုတ်ဘဲ သူတို့၏ရည်မှန်းချက်မှာ ‘ဘုရားဝတ်၌ အပြည့်အဝမွေ့လျော်၍ သာယာငြိမ်သက်စွာ နေခွင့်ရစေရန်’ လူခပ်သိမ်းတို့နှင့် ငြိမ်းချမ်းစွာ နေလို၍သာဖြစ်သည်။—၁ တိမောသေ ၂:၁၊ ၂; ရောမ ၁၂:၁၈။
၂၈။ ဒံယေလသည် ယေဟောဝါအား အဘယ်နည်းဖြင့် “အစဉ်မပြတ်” ဝတ်ပြုခဲ့သနည်း။
၂၈ ဒံယေလသည် ဘုရားသခင်ကို “အစဉ်မပြတ်ကိုးကွယ်” သည်ဟု ဒါရိမင်းက နှစ်ကြိမ်ဆိုခဲ့သည်။ (ဒံယေလ ၆:၁၆၊ ၂၀၊ ကဘ) “အစဉ်မပြတ်” ဟူ၍ဘာသာပြန်ဆိုသည့် စကားလုံး၏ အာရမိတ်ရင်းမြစ်မှာ “သံသရာလည်သည်” ဟူ၍အဓိပ္ပာယ်ရှိရာ အဆက်မပြတ်သောသံသရာ၊ အစဉ်အမြဲတည်သောအရာ ဟူသောသဘောဆောင်သည်။ ဒံယေလ၏ သမာဓိမှာလည်း ထို့အတူပင်ဖြစ်သည်။ ကြိုတင်ခန့်မှန်းနိုင်သည့် ပုံစံအတိုင်း အမြဲတမ်းလိုက်သည်။ စမ်းသပ်မှု အကြီးအငယ် ရင်ဆိုင်ရသည့်အခါတိုင်း ဒံယေလမည်သို့ပြုမည်နှင့်ပတ်သက်၍ ယုံမှားသံသယ ရှိစရာမလိုပေ။ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ချမှတ်ခဲ့သည့် ယေဟောဝါအပေါ် ကျေးဇူးသစ္စာ စောင့်သိသည့်လမ်းစဉ်အတိုင်း လိုက်နာသွားမည်သာဖြစ်သည်။
၂၉။ ယနေ့ ယေဟောဝါ၏အမှုတော်ထမ်းများသည် ဒံယေလ၏ သစ္စာရှိလမ်းစဉ်မှ အဘယ်အကျိုးကျေးဇူး ရရှိနိုင်သနည်း။
၂၉ မျက်မှောက်ခေတ် ဘုရားသခင့် အမှုတော်ထမ်းများသည် ဒံယေလ၏လမ်းစဉ်အတိုင်း လိုက်လိုကြသည်။ တမန်တော်ပေါလုက ခရစ်ယာန်အပေါင်းအား ရှေးခေတ်မှ ဘုရားကြောက်ရွံ့ခန့်ညားသူတို့၏ စံနမူနာကို ဆင်ခြင်သုံးသပ်ရန် သတိပေးဆုံးမထားသည်။ ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် “တရားသဖြင့်စီရင်ခြင်း၊ ကတိတော်ကိုဝင်စားခြင်း၊ ခြင်္သေ့နှုတ်ကိုပိတ်ခြင်း” အခွင့်များကိုရကြ၏။ ဤတွင် “ခြင်္သေ့နှုတ်ကိုပိတ်ခြင်း” အခွင့်ရသူမှာ ဒံယေလကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သိသာသည်။ ယနေ့ ကျွန်ုပ်တို့သည် ယေဟောဝါ၏ အမှုတော်ထမ်းများအနေနှင့် ဒံယေလကဲ့သို့သော ယုံကြည်ခြင်းနှင့် တည်ကြည်မြဲမြံခြင်းကို တင်ပြလျက် “ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ၊ အားမလျော့ဘဲ ပြေးကြကုန်အံ့။”—ဟေဗြဲ ၁၁:၃၂၊ ၃၃; ၁၂:၁။
[အောက်ခြေမှတ်ချက်များ]
a ရှေးခေတ် အရှေ့တိုင်း အုပ်စိုးရှင်များသည် သားရိုင်းတိရစ္ဆာန်များကို လှောင်သည့်ဝင်းများ ထားရှိလေ့ရှိကြောင်းဖော်ပြသည့် ကမ္ပည်းစာများက ဗာဗုလုန်၌ “ခြင်္သေ့တွင်း” ရှိသည်ဟူသောအချက်ကို ထောက်ခံသည်။
b အိမ်ခေါင်မိုးအထက်ခန်း ဆိုသည်မှာ အနှောင့်အယှက် ကင်းဝေးလိုသည့်အခါမျိုးတွင် သီးသီးသန့်သန့်နေနိုင်သော ကိုယ်ပိုင်အခန်းဖြစ်သည်။
c ခြင်္သေ့တွင်းသည် ထိပ်တွင် အဝတစ်ခုရှိသည့် မြေအောက်ခန်းဖြစ်ဖွယ်ရှိသည်။ တိရစ္ဆာန်များဝင်ရန် တင်ချနိုင်သည့်တံခါးများ၊ သို့မဟုတ် သံဘောင်များလည်း တပ်ဆင်ထားပုံရသည်။
d “အပြစ်စွဲဆိုသည်” ဟူသောစကားလုံးမှာ “သွားပုပ်လေလွင့်ပြောသည်” ဟူ၍လည်းပြန်ဆိုနိုင်သည့် အာရမိတ် အသုံးအနှုန်း၏ ဘာသာပြန်ဆိုချက်တစ်မျိုးဖြစ်သည်။ ဤအချက်က ဒံယေလ၏ ရန်သူတို့၏ မလိုတမာ ကြံရွယ်ချက်ကို အထင်းသားပေါ်လွင်စေသည်။
အဘယ်အရာကို သိမြင်ခဲ့သနည်း
• မီးဒီးယားလူမျိုး ဒါရိမင်းက ဒံယေလအား အဆင့်မြင့်ရာထူးတွင် ခန့်အပ်ရန် အဘယ်ကြောင့် ဆုံးဖြတ်သနည်း။
• ဘုရင်ခံချုပ်မင်းနှင့် ဘုရင်ခံမင်းတို့က အဘယ်မလိမ့်တပတ် ပူးပေါင်းကြံစည်မှု ပြုကြသနည်း။ ဒံယေလအား ယေဟောဝါ မည်သို့ကယ်တင်ခဲ့သနည်း။
• ဒံယေလ၏ သစ္စာရှိစံနမူနာကို ဂရုပြုခြင်းမှ အဘယ်သင်ခန်းစာ ရရှိသနည်း။
[စာမျက်နှာ ၁၁၄ ပါ ရုပ်ပုံ]
[စာမျက်နှာ ၁၂၁ ပါ ရုပ်ပုံ]
[စာမျက်နှာ ၁၂၇ ပါ ရုပ်ပုံ]
ဒံယေလသည် ယေဟောဝါကို “အစဉ်မပြတ်ကိုးကွယ်”သည်။