ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gm အခန်း ၉ စာ. ၁၁၇-၁၃၃
  • အမှန်ဖြစ်ပျက်လာသည့် ပရောဖက်ပြုချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမှန်ဖြစ်ပျက်လာသည့် ပရောဖက်ပြုချက်များ
  • သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗာဗုလုန်သို့နယ်နှင်ခံရခြင်း
  • တုရုမြို့၏ကြမ္မာ
  • ဗာဗုလုန်၏အလှည့်
  • ကမ္ဘာ့အာဏာစက်များ၏ အတက်အကျ
  • ဒံယေလ၏ ပရောဖက်ပြုချက်များ—ဖြစ်ပျက်ပြီးနောက်မှ ရေးသားသလော
  • ဘိသိက်တော်ခံသူ ကြွလာခြင်း
  • မှုတ်သွင်းခြင်းခံခဲ့ရသည့် ပရောဖက်ပြုချက်
  • ဒံယေလကျမ်း—ရုံးတင်စစ်ဆေးခံရသည့်နှယ်
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ကျွန်ုပ်တို့ခေတ်အတွက် ဘုရားသခင့် ပရောဖက်ပြုချက်စကားတော်ကို အာရုံစိုက်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ပရောဖက်ပြုချက်စာအုပ်
    လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
  • ကမ္ဘာကို မည်သူ အုပ်ချုပ်မည်နည်း
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
gm အခန်း ၉ စာ. ၁၁၇-၁၃၃

အခန်း ၉

အမှန်ဖြစ်ပျက်လာသည့် ပရောဖက်ပြုချက်များ

လူသားတို့သည် အနာဂတ်ကို အတိအကျ ကြို၍မပြောနိုင်ပါ။ ဟောကိန်းထုတ်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြသော်လည်း အဖန်ဖန်အလီလီပင် စိတ်ပျက်ဖွယ်ကောင်းလောက်အောင် ပျက်ပြားခဲ့သည်။ ထို့ကြောင့် အမှန်ဖြစ်ပျက်လာသည့် ပရောဖက်ပြုချက်များ ပါရှိသည့်စာအုပ်တစ်အုပ်ဆိုလျှင် ကျွန်ုပ်တို့၏အာရုံကို ဖမ်းစားမည်ဖြစ်သည်။ သမ္မာကျမ်းစာသည် ထိုသို့သောစာအုပ်မျိုးပင်ဖြစ်သည်။

၁။ (နိဒါန်းအပါအဝင်။) သမ္မာကျမ်းစာ မှတ်တမ်းတင်ထားသည့် ပရောဖက်ပြုချက်များ အမှန်ဖြစ်ပျက်လာခြင်းက အဘယ်အရာကို သက်သေထူသနည်း။

သမ္မာကျမ်းစာ ပရောဖက်ပြုချက်အများသည် အသေးစိတ်မှစ၍ ပြည့်စုံခဲ့သဖြင့် ဝေဖန်သူတို့က ၎င်းပရောဖက်ပြုချက်များသည် ဖြစ်ပျက်ပြီးနောက်မှ ရေးသားခြင်းဖြစ်သည်ဟုပင် ပြောယူကြရသည်။ သို့သော် ထိုသို့သောအပြောများသည် မမှန်ကန်ပါ။ ဘုရားသခင်သည် ဘုန်းတန်ခိုးအတိုင်းမသိ ကြီးမြတ်တော်မူသောကြောင့် ပရောဖက်ပြုနိုင်စွမ်း အပြည့်အဝရှိတော်မူ၏။ (ဟေရှာယ ၄၁:၂၁-၂၆; ၄၂:၈၊ ၉; ၄၆:၈-၁၀) အမှန်ဖြစ်ပျက်လာသည့် သမ္မာကျမ်းစာ ပရောဖက်ပြုချက်များမှာ ဘုရားသခင် မှုတ်သွင်းသည့်အထောက်အထားဖြစ်သည်၊ နှောင်းလူများရေးသားသည့် အထောက်အထားမဟုတ်ပေ။ အမှန်ဖြစ်ပျက်လာသည့် ထူးခြားထင်ရှားသော ပရောဖက်ပြုချက်အချို့ကို ကျွန်ုပ်တို့ ယခုကြည့်ကြမည်—ဤသို့ဖြင့် သမ္မာကျမ်းစာသည် လူ့နှုတ်ထွက်စကားမဟုတ်ဘဲ ဘုရားသခင့် နှုတ်မြွက်စကားတော်ဖြစ်ကြောင်း ထပ်ဆင့်သက်သေထူပါမည်။

ဗာဗုလုန်သို့နယ်နှင်ခံရခြင်း

၂၊ ၃။ အဘယ်အခြေအနေများကြောင့် ဘုရင်ဟေဇကိက ဗာဗုလုန်မှသံတမန်များအား နန်းတော်နှင့် နိုင်ငံတော်၏ စည်းစိမ်ဥစ္စာရှိသမျှကို ပြသသည့်အခြေသို့ ရောက်ရှိသွားစေသနည်း။

၂ ဟေဇကိသည် ယေရုရှလင်မြို့တွင် နှစ်ပေါင်း ၃၀ ခန့် မင်းပြုစိုးစံခဲ့သည်။ ဘီ.စီ.အီး. ၇၄၀ ပြည့်နှစ်တွင် အာရှုရိလူမျိုး၏လက်ချက်ဖြင့် မြောက်ပိုင်းအိမ်နီးချင်းဣသရေလနိုင်ငံ ဖျက်ဆီးခံရသည်ကို သူတွေ့မြင်ခဲ့သည်။ ဘီ.စီ.အီး. ၇၃၂ ခုနှစ်တွင် အာရှုရိလူမျိုး ယေရုရှလင်မြို့ကို သိမ်းပိုက်ရန်ကြိုးပမ်းမှု မရှုမလှ အရေးနိမ့်သွားစဉ်က ဘုရားသခင်၏ ကယ်တင်ခြင်းတန်ခိုးတော်ကို သူတွေ့ကြုံခဲ့ရသည်။—ဟေရှာယ ၃၇:၃၃-၃၈။

၃ ယခု ဟေဇကိသည် ဗာဗုလုန်ဘုရင် မေရောဒပ်-ဗာလဒန်ထံမှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို လက်ခံတွေ့ဆုံသည်။ အပြင်ပန်းကြည့်သော် ၎င်းသံတမန်များသည် အသည်းအသန် နာမကျန်းဖြစ်ရာမှ ပြန်လည်ကျန်းမာလာသည့် ဟေဇကိအား ချီးကျူးဂုဏ်ပြုရန် ရောက်ရှိနေကြသည်။ သို့သော် မေရောဒပ်-ဗာလဒန်သည် လက်ရှိကမ္ဘာ့အာဏာစက် အာရှုရိကို တွန်းလှန်ရာ၌ ဟေဇကိကို အလားအလာရှိသည့် မဟာမိတ်တစ်ဦးအဖြစ် ရှုမြင်ထားပုံရသည်။ ဟေဇကိသည် ထိုသို့သောအတွေးမျိုးကို မဖျောက်ဖျက်ဘဲ ဧည့်သည်တော် ဗာဗုလုန်လူမျိုးတို့အား နန်းတော်နှင့် နိုင်ငံ၏စည်းစိမ်ဥစ္စာရှိရှိသမျှကို လိုက်လံပြသသည်၊ သူကိုယ်တိုင်ကလည်း အာရှုရိလူမျိုး ပြန်လည်တိုက်ခိုက်လာမည့်အရေးအတွက် ဗာဗုလုန်နှင့် မဟာမိတ်ဖွဲ့ချင်ပုံရသည်။—ဟေရှာယ ၃၉:၁၊ ၂။

၄။ ဟေဇကိ၏အမှားကြောင့်ဖြစ်လာမည့် အဘယ်ဝမ်းနည်းဖွယ်ဆိုးကျိုးကို ဟေရှာယ ပရောဖက်ပြုဟောခဲ့သနည်း။

၄ ဟေရှာယသည် ထိုခေတ်တွင် ထင်ရှားသောပရောဖက်ဖြစ်ရာ ဟေဇကိ၏ အမြော်အမြင်နည်းပါးမှုကို ချက်ချင်းပင် ရိပ်စားမိလိုက်သည်။ ဟေဇကိအဖို့ စိတ်အချရဆုံးအကာအကွယ်မှာ ဗာဗုလုန်မဟုတ်ဘဲ ယေဟောဝါသာဖြစ်ကြောင်း သူသိရှိထားသဖြင့်၊ စည်းစိမ်ဥစ္စာများကို ဗာဗုလုန်လူမျိုးအား ပြသသည့်အတွက် ကြေကွဲဖွယ်အဖြစ်ဆိုးနှင့် ကြုံရမည့်အကြောင်း ဟေဇကိအား ပြောပြလေသည်။ ဟေရှာယက “နန်းတော်၌ရှိသမျှကိုလည်းကောင်း၊ ယနေ့တိုင်အောင်ဘိုးဘေးတို့သည် ဆည်းပူးသမျှကိုလည်းကောင်း ဗာဗုလုန်မြို့သို့ ယူသွားရသောကာလသည် ရောက်လိမ့်မည်” ဟုဆိုသည်။ ယေဟောဝါက “တစ်စုံတစ်ခုမျှမကျန်ကြွင်းရ” ဟုမိန့်တော်မူ၏။—ဟေရှာယ ၃၉:၅၊ ၆။

၅၊ ၆။ (က) ယေရမိသည် ဟေရှာယပရောဖက်ပြုချက်ကို ထောက်ခံသည့်အနေနှင့် မည်သို့ဟောခဲ့သနည်း။ (ခ) ဟေရှာယနှင့် ယေရမိတို့၏ ပရောဖက်ပြုချက်များသည် အဘယ်နည်းဖြင့် ပြည့်စုံခဲ့သနည်း။

၅ လွန်ခဲ့သည့် ဘီ.စီ.အီး. ရှစ်ရာစုတွင် ထိုပရောဖက်ပြုချက်သည့် ပြည့်စုံမည့်လက္ခဏာ မရှိပေ။ သို့သော် နှစ်ပေါင်းတစ်ရာကြာပြီးနောက် အခြေအနေပြောင်းလဲသွားသည်။ ဗာဗုလုန်သည် အာရှုရိ၏နေရာ၌ဝင်၍ အဓိကကမ္ဘာ့အာဏာစက် ဖြစ်လာသော်လည်း ယုဒနိုင်ငံမူကား ဘာသာရေးဘက်တွင် အလွန်သိမ်ဖျင်းနိမ့်ကျလာသဖြင့် ဘုရားသခင်က မိမိ၏ကောင်းချီးကို ရုပ်သိမ်းလိုက်လေသည်။ ယခု နောက်ပရောဖက်ဖြစ်သော ယေရမိသည် ဟေရှာယ၏သတိပေးစကားကို ထပ်၍ပြောကြားရန် ဝိညာဉ်တော်ခံရလေသည်။ ယေရမိက ဤသို့ကြေညာသည်– “ဤပြည်နှင့်ပြည်သားများကို . . . စစ်တိုက်စေခြင်းငှာ၊ . . . [ဗာဗုလုန်လူမျိုးကို] ဆောင်ခဲ့ပြီးလျှင်၊ . . . ဤပြည်တစ်လျှောက်လုံးသည် လူဆိတ်ညံရာ၊ အံ့သြဖွယ်ရာဖြစ်လိမ့်မည်။ ဤလူမျိုးတို့သည် အနှစ်ခုနစ်ဆယ်ပတ်လုံး ဗာဗုလုန်ရှင်ဘုရင်၏အမှုကို ဆောင်ရွက်ရကြလိမ့်မည်။”—ယေရမိ ၂၅:၉၊ ၁၁။

၆ ယေရမိ ထိုသို့ပရောဖက်ပြုပြီးနောက် လေးနှစ်ခန့်အကြာတွင် ဗာဗုလုန်လူမျိုးက ယုဒနိုင်ငံကို ၎င်းတို့၏အင်ပါယာထဲ သွတ်သွင်းလိုက်လေသည်။ နောက်ထပ်သုံးနှစ်အကြာတွင် ၎င်းတို့သည် ယေရုရှလင်ဗိမာန်တော်၏ စည်းစိမ်ဥစ္စာအချို့နှင့်အတူ ဂျူးသုံ့ပန်းအချို့တို့ကို ဗာဗုလုန်ပြည်သို့ ခေါ်ဆောင်သွားလေသည်။ နောက်ရှစ်နှစ်အကြာတွင် ယုဒလူမျိုး ပုန်ကန်ထကြွသဖြင့် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက တစ်ဖန် တိုက်ခိုက်လာသည်။ ဤတစ်ချီတွင် မြို့တော်နှင့် ဗိမာန်တော် ဖျက်ဆီးခံလိုက်ရသည်။ ဟေရှာယနှင့်ယေရမိတို့ ကြိုတင်ဟောခဲ့သည့်အတိုင်း စည်းစိမ်ဥစ္စာအားလုံးနှင့်တကွ ဂျူးများကိုယ်တိုင် ဝေးလံသည့်ဗာဗုလုန်ပြည်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရလေသည်။—၂ ရာဇဝင်ချုပ် ၃၆:၆၊ ၇၊ ၁၂၊ ၁၃၊ ၁၇-၂၁။

၇။ ယေရုရှလင်မြို့နှင့်ပတ်သက်သည့် ဟေရှာယနှင့်ယေရမိတို့၏ ပရောဖက်ပြုချက်ပြည့်စုံမှုကို ရှေးဟောင်းသုတေသနပညာက မည်သို့သက်သေခံသနည်း။

၇ သန့်ရှင်းသောနယ်မြေဆိုင်ရာ ရှေးဟောင်းသုတေသန စွယ်စုံကျမ်း က ဗာဗုလုန်လူမျိုး အပြင်းအထန် တိုက်ခိုက်ပြီးစီးသည့်အခါ “မြို့တော် [ယေရုရှလင်] မှာ ရစရာမရှိအောင် ပျက်စီးသွားသည်”၁ ဟူ၍ မှတ်တမ်းတင်ထားသည်။ ရှေးဟောင်းသုတေသီ ဒဗ္ဗလျူ. အက်ဖ်. အောဘရိုက်က ဤသို့ဖော်ပြသည်– “ယုဒပြည်တွင်ပြုလုပ်သည့် တူးဖော်မှုနှင့် မြေလွှာစူးစမ်းရှာဖွေမှုအရ ယုဒပြည်၏မြို့များသည် ခါလဒဲလူမျိုးတို့၏ နှစ်ကြိမ်တိုင်တိုင် ကျူးကျော်တိုက်ခိုက်မှုကြောင့် လုံးဝပျက်စီးသွားသည်သာမက လူမျိုးဆက်များစွာကြာသည့်တိုင်အောင် လူသူနေထိုင်ခြင်း မရှိခဲ့ချေ—သမိုင်းတွင် များသောအားဖြင့် ဘယ်တော့မျှ လူပြန်မနေတော့ချေ။”၂ ဤသို့ဖြင့် ရှေးဟောင်းသုတေသနပညာက ဤပရောဖက်ပြုချက် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ပြည့်စုံခဲ့ခြင်းကို အတည်ပြုသည်။

တုရုမြို့၏ကြမ္မာ

၈၊ ၉။ တုရုမြို့ကိုဆန့်ကျင်လျက် အဘယ်ပရောဖက်ပြုချက်ကို ယေဇကျေလ ဟောခဲ့သနည်း။

၈ ယေဇကျေလသည် ဘုရားသခင့်မှုတ်သွင်းခံ ပရောဖက်ပြုချက်များကို မှတ်တမ်းတင်သည့် ရှေးခေတ်ကျမ်းရေးသူ နောက်တစ်ဦးဖြစ်သည်။ သူသည် ဘီ.စီ.အီး. သတ္တမရာစုအကုန်ပိုင်းမှ ဆဋ္ဌမရာစုအထိ ပရောဖက်ပြုခဲ့သည်—ထိုကာလမှာ ယေရုရှလင်မြို့ ပျက်စီးခြင်းသို့ ဦးတည်သည့်နှစ်များနှင့် ဂျူးလူမျိုး ဗာဗုလုန်သို့နယ်နှင်ခံရသည့် ကနဦးဆယ်စုနှစ်များ အတောအတွင်းဖြစ်သည်။ ခေတ်သစ် ဝေဖန်သူအချို့ကပင် ဤကျမ်းကို ထိုကာလလောက်တွင် ရေးသားခဲ့ကြောင်း သဘောတူကြသည်။

၉ ယေဇကျေလသည် ဣသရေလနိုင်ငံ၏ မြောက်ပိုင်းအိမ်နီးချင်း တုရုမြို့၏ပျက်စီးခြင်းနှင့်ပတ်သက်၍ ထင်ရှားသော ပရောဖက်ပြုချက်ကို မှတ်တမ်းတင်ခဲ့သည်။ ထို့မြို့သည် ဘုရားသခင့်လူမျိုးတော်၏ မိတ်ဆွေအဖြစ်မှ ရန်ဘက်တစ်ဦးဖြစ်သွားခဲ့သည်။ (၃ ဓမ္မရာဇဝင် ၅:၁-၉; ဆာလံ ၈၃:၂-၈) သူဤသို့ရေးသားခဲ့သည်– “အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုတုရုမြို့၊ သင့်တစ်ဖက်၌ငါနေ၏။ သမုဒ္ဒရာလှိုင်းတံပိုးတက်သကဲ့သို့၊ လူအမျိုးမျိုးတို့သည် သင့်ကိုတက်၍တိုက်စေမည်။ သူတို့သည် တုရုမြို့ရိုးကိုဖျက်၍ ပြအိုးတို့ကိုဖြိုချလိမ့်မည်။ မြေမှုန့်ကိုငါခြစ်ခွာ၍ ရှင်းလင်းသောကျောက်ကဲ့သို့ဖြစ်စေမည်။ . . . သင်၏အုတ်ထရံတို့ကိုဖြို၍ ဘုံဗိမာန်တို့ကိုဖျက်ပြီးလျှင်၊ သင်၏ကျောက်၊ သစ်သား၊ မြေတို့ကို ရေထဲမှာချပစ်ကြလိမ့်မည်။”—ယေဇကျေလ ၂၆:၃၊ ၄၊ ၁၂။

၁၀-၁၂။ ယေဇကျေလပရောဖက်ပြုချက်သည် နောက်ဆုံးတွင် မည်သည့်အချိန်၌ ပြည့်စုံခဲ့သနည်း၊ မည်သို့ပြည့်စုံခဲ့သနည်း။

၁၀ ဤအတိုင်းအမှန်ပင် ဖြစ်ပျက်ခဲ့သလော။ ဤပရောဖက်ပြုချက်ကို ယေဇကျေလ ဖော်ပြပြီးနောက် နှစ်အနည်းငယ်အကြာတွင် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာသည် တုရုမြို့ကိုဝိုင်းရံပိတ်ဆို့ခဲ့သည်။ (ယေဇကျေလ ၂၉:၁၇၊ ၁၈) သို့သော် အလွယ်တကူ ဝိုင်းရံပိတ်ဆို့နိုင်ခဲ့သည်မဟုတ်။ တုရုမြို့၏တစ်စိတ်တစ်ဒေသသည် ကုန်းမပိုင်းတွင် တည်ရှိသည် (ဤအပိုင်းကို တုရုမြို့ဟောင်းဟုခေါ်သည်)။ သို့သော် ကျန်တစ်ပိုင်းမှာ ကမ်းခြေမှမိုင်ဝက်ခန့်ဝေးသည့် ကျွန်းတစ်ကျွန်းပေါ်တွင် တည်ရှိသည်။ နေဗုခဒ်နေဇာသည် ထိုကျွန်းကိုသိမ်းပိုက်နိုင်ရန် ၁၃ နှစ်တိုင်တိုင် ဝိုင်းရံပိတ်ဆို့ခဲ့ရသည်။

၁၁ သို့သော် ဘီ.စီ.အီး. ၃၃၂ ခုနှစ်ကျမှ ယေဇကျေလ၏ပရောဖက်ပြုချက်သည် အသေးစိတ်မှစ၍ အပြီးသတ် ပြည့်စုံခဲ့သည်။ ထိုအချိန်တွင် မက်စီဒိုးနီးယားမှ အောင်နိုင်သူ မဟာအလက်ဇန္ဒားသည် အာရှတိုက်ကို ဝင်ရောက်ကျူးကျော်နေချိန်ဖြစ်သည်။ ကျွန်းပေါ်တွင် လုံလုံခြုံခြုံရှိနေသော တုရုမြို့သည် သူ၏ကျူးကျော်မှုကို ကြံ့ကြံ့ခံနေသည်။ အလက်ဇန္ဒားသည် မိမိနောက်ပိုင်းတွင် လှုပ်ရှားလာနိုင်သောရန်သူကို ချန်မထားလို၊ သို့သော် နေဗုခဒ်နေဇာကဲ့သို့ တုရုမြို့ကို ဝိုင်းရံပိတ်ဆို့ရန် နှစ်နှင့်ချီ၍လည်း အချိန်မပေးလိုပါ။

၁၂ ဤစစ်ရေးပြဿနာကို သူမည်သို့ဖြေရှင်းခဲ့သနည်း။ သူသည် မိမိ၏စစ်သားများ ထိုကျွန်းမြို့သို့ ချီတက်တိုက်ခိုက်နိုင်ရန် ထိုကျွန်းသို့ပေါက်ရောက်သည့် ကုန်းဆက်ကြီး သို့မဟုတ် ကျောက်တန်းတစ်ခု တည်ဆောက်ခဲ့သည်။ ကျောက်တန်းတည်ဆောက်ရန် အဘယ်အရာများ သူအသုံးပြုခဲ့သည်ကို မှတ်သားပါလေ။ အမေရိကားနားစွယ်စုံကျမ်းက ဤသို့ဖော်ပြသည်– “၃၃၂ ခုနှစ်တွင် သူသည် ကုန်းမပိုင်းမှ သူဖြိုဖျက်လိုက်သည့်မြို့၏ အကျိုးအပဲ့များဖြင့် ကျွန်းနှင့်ကုန်းမပိုင်း ဆက်သွယ်သည့် ဧရာမကျောက်တန်းကြီးကို တည်ဆောက်လိုက်သည်။” အတော်အတန်တိုတောင်းသည့် ဝိုင်းရံပိတ်ဆို့မှုကာလပြီးနောက် ထိုကျွန်းမြို့ ဖျက်ဆီးခံရလေသည်။ ထို့အပြင် ယေဇကျေလ၏ပရောဖက်ပြုချက်သည် အသေးစိတ်မှစ၍ ပြည့်စုံခဲ့သည်။ တုရုမြို့ဟောင်းမှ ‘ကျောက်၊ သစ်သား၊ မြေတို့ပင် ရေထဲသို့ပစ်ချခဲ့သည်။’

၁၃။ ၁၉ ရာစု ခရီးသွားတစ်ဦးက ရှေးတုရုမြို့၏ တည်နေရာနှင့်ပတ်သက်ပြီး မည်သို့ဖော်ပြခဲ့သနည်း။

၁၃ ၁၉ ရာစုနှစ် ခရီးသွားတစ်ဦးက သူ့လက်ထက်ရှိ တုရုမြို့ဟောင်း၏ အကျန်အကြွင်းနှင့်ပတ်သက်၍ ဤသို့မှတ်ချက်ချသည်– “ရှောလမုန်နှင့် ဣသရေလပရောဖက်များ သိရှိခဲ့ကြသည့် မူလတုရုမြို့သည် တောင်စောင်းရှိ ကျောက်ထွင်းသင်္ချိုင်းဂူများနှင့် အောက်ခြေတံတိုင်းများမှအပ မည်သည့်အစအနမျှ ကျန်ကြွင်းခြင်းမရှိတော့ပါ။ . . . မဟာအလက်ဇန္ဒားသည် မြို့ကိုဝိုင်းရံပိတ်ဆို့ခဲ့စဉ်က ကျွန်းနှင့်ကုန်းမအကြား မြေဖို့ခြင်းဖြင့် အငူတစ်ခုအဖြစ် ပြောင်းလဲသွားသည့် ထိုကျွန်းပေါ်၌ပင် ခရူးဆိတ်စစ်ပွဲကာလထက်စောသည့် ခေတ်ကာလ၏ ခွဲခြားသိသာနိုင်သော ရှေးဟောင်းအကြွင်းအကျန်များ လုံးဝမရှိတော့ပါ။ များမကြာမီက အသစ်တည်ဆောက်ထားသည့် ခေတ်သစ်မြို့သည် တစ်ချိန်က ကျွန်းဖြစ်ခဲ့သည့်နေရာ၏ မြောက်ပိုင်းတစ်ဝက်ကို နေရာယူထားသည်၊ ကျန်ရှိသော မြေမျက်နှာပြင်အားလုံးနီးပါးမှာ ခွဲခြား၍မသိနိုင်သော အပျက်အယွင်းများဖြင့် ဖုံးလွှမ်းလျက်ရှိသည်။”၃

ဗာဗုလုန်၏အလှည့်

၁၄၊ ၁၅။ ဟေရှာယနှင့်ယေရမိတို့သည် ဗာဗုလုန်နှင့်ပတ်သက်သည့် မည်သည့်ပရောဖက်ပြုချက်များကို မှတ်တမ်းတင်ခဲ့ကြသနည်း။

၁၄ ဗာဗုလုန်၏ တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံရမည့်အကြောင်း ဂျူးလူမျိုးအား ဘီ.စီ.အီး. အဋ္ဌမရာစုတွင် သတိပေးခဲ့သည့်ပရောဖက် ဟေရှာယသည် အံ့အားသင့်ဖွယ်ရာတစ်ခုကိုလည်း တင်ကူးဟောခဲ့သည်– ဗာဗုလုန်ကိုယ်တိုင် လုံးဝပျက်သုဉ်းရမည်။ ဤအကြောင်းကို ပီပီပြင်ပြင် အသေးစိတ်ကြိုဟောခဲ့သည်– “မေဒိလူများကို သူတို့တစ်ဖက်၌ငါနှိုးဆော်မည်။ . . . တိုင်းနိုင်ငံတို့၏အထွတ်၊ ခါလဒဲအမျိုးသားတို့၏ဘုန်းအသရေဖြစ်သော ဗာဗုလုန်မြို့သည် ဘုရားသခင်ဖျက်ဆီးတော်မူသော သောဒုံမြို့နှင့်ဂေါမောရမြို့ကဲ့သို့ ဖြစ်လိမ့်မည်။ ထိုမြို့၌ကာလအစဉ်၊ လူမျိုးအဆက်ဆက် အဘယ်သူမျှမနေရ။”—ဟေရှာယ ၁၃:၁၇-၂၀။

၁၅ ပရောဖက်ယေရမိကလည်း နောက်နှစ်ပေါင်းများစွာကြာမှဖြစ်ပျက်မည့် ဗာဗုလုန်ကျဆုံးခြင်းအကြောင်း တင်ကူးဟောခဲ့သည်။ ထို့အပြင် စိတ်ဝင်စားဖွယ်ကောင်းသော အသေးစိတ်အချက်တစ်ချက်ကိုလည်း ထည့်သွင်းထားသည်– “ခန်းခြောက်ခြင်းဘေးသည် မြို့၏ရေတို့အပေါ်သို့ရောက်၍ ခန်းခြောက်ကြလိမ့်မည်။ . . . ဗာဗုလုန်စစ်သူရဲတို့သည် စစ်မပြိုင်ဘဲရဲတိုက်များ၌နေကြ၏။ အားလျော့ . . . ကြ၏။”—ယေရမိ ၅၀:၃၈; ၅၁:၃၀။

၁၆။ ဗာဗုလုန်ကို မည်သည့်အချိန်တွင် အောင်နိုင်ခဲ့သနည်း၊ မည်သူကနည်း။

၁၆ ဘီ.စီ.အီး. ၅၃၉ ခုနှစ်တွင် အားမာန်ပြည့်ဝသည့် ပေရသိဘုရင်ကုရုက မေဒိစစ်တပ်နှင့်အတူ ထိုမြို့ကို ချီတက်တိုက်ခိုက်သည့်အခါ၌ ထင်ရှားသောကမ္ဘာ့အာဏာစက်အနေနှင့် ဗာဗုလုန်၏အုပ်စိုးခြင်းကာလမှာ အဆုံးတိုင်သွားလေသည်။ သို့သော် ကုရုတွေ့လိုက်ရသည့်မြင်ကွင်းမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ဗာဗုလုန်မြို့သည် ဧရာမတံတိုင်းကြီးများဖြင့် ကာရံထားသည်ဖြစ်ရာ ထိုးဖောက်၍မရနိုင်ဟုထင်ရသည်။ ယူဖရေးတီးမြစ်ကြီးသည်လည်း မြို့ကိုဖြတ်၍စီးဆင်းနေသဖြင့် မြို့၏ကာကွယ်ရေးအတွက် အရေးပါသော အထောက်အပံ့တစ်ခုဖြစ်သည်။

၁၇၊ ၁၈။ (က) မည်သည့်နည်းဖြင့် “ခန်းခြောက်ခြင်းဘေးသည် [ဗာဗုလုန်] မြို့၏ရေတို့အပေါ်သို့ရောက်” ခဲ့သနည်း။ (ခ) အဘယ်ကြောင့် ‘စစ်သူရဲတို့သည် စစ်မပြိုင်ဘဲနေကြ’ သနည်း။

၁၇ ဂရိသမိုင်းပညာရှင် ဟီရိုဒိုးတပ်စ်က ၎င်းပြဿနာကို ကုရုကိုင်တွယ်ပုံအကြောင်း ဤသို့ရေးသားဖော်ပြသည်– “မြို့ထဲသို့ မြစ်ရေစီးဝင်သည့်နေရာတွင် စစ်တပ်အချို့ကို နေရာယူစေပြီး အခြားတပ်ဖွဲ့တစ်ဖွဲ့ကို မြစ်ရေစီးထွက်ရာတွင် နေရာယူစေသည်။ ခြေလျင်ဖြတ်နိုင်လောက်အောင် မြစ်ရေကျသွားသည်နှင့်တစ်ပြိုင်နက် မြစ်ကြမ်းပြင်အတိုင်း မြို့ထဲသို့ချီတက်ရန် အမိန့်ပေးထားသည်။ . . . သူသည် ယူဖရေးတီးမြစ်ရေကို ထိုအချိန်က စိမ့်မြေဖြစ်နေသည့် ချိုင့်ဝှမ်း [ယခင် ဗာဗုလုန်ဘုရင်တစ်ပါး တူးထားသည့်ရေကန်] ထဲသို့ တူးမြောင်းဖြင့် ရေကြောင်းလွှဲလိုက်ရာ မြစ်၏သဘာဝကြမ်းပြင်သည် ခြေလျင်ဖြတ်ကူးနိုင်သည့်အထိ ထိုချိုင့်ဝှမ်းထဲသို့ မြစ်ရေစိမ့်ဝင်သွားလေသည်။ ထိုအချိန်တွင် ဤရည်ရွယ်ချက်ဖြင့် ဗာဗုလုန်မြို့အနီး မြစ်ကမ်းဘေးတွင် ချထားခဲ့သည့် ပေရသိတို့သည် ထိုအချိန်တွင် ပေါင်လယ်လောက်သာနက်တော့သည့် ချောင်းထဲသို့ဆင်းပြီး မြို့ထဲသို့ဝင်ခဲ့ကြသည်။”၄

၁၈ ဤနည်းဖြင့် ယေရမိနှင့်ဟေရှာယတို့ သတိပေးခဲ့သည့်အတိုင်း ထိုမြို့ကျဆုံးသွားလေသည်။ သို့သော် ပရောဖက်ပြုချက် အသေးစိတ်ပြည့်စုံခြင်းကို သတိပြုပါ။ စာသားအတိုင်းပင် ‘ခန်းခြောက်ခြင်းဘေးသည် မြို့၏ရေတို့အပေါ်သို့ရောက်၍ ခန်းခြောက်သွားခဲ့သည်။’ ယူဖရေးတီးမြစ်ရေ ကျသွားခြင်းကြောင့် မြို့ထဲသို့ ကုရု ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ယေရမိ သတိပေးခဲ့သည့်အတိုင်း ‘ဗာဗုလုန်စစ်သူရဲတို့သည် စစ်မပြိုင်ဘဲနေကြ’ သလော။ သမ္မာကျမ်းစာက—ဂရိသမိုင်းပညာရှင်များ ဟီရိုဒိုးတပ်စ်နှင့် ဇီနိုဖွန်တို့ကလည်း—ပေရသိလူမျိုးတို့ ဝင်ရောက်တိုက်ခိုက်ချိန်တွင် ဗာဗုလုန်လူမျိုးတို့သည် စားသောက်ပွဲ ကျင်းပနေကြသည်။၅ နဘိုနိုက်ဒတ်စ် ရာဇဝင်မှတ်တမ်းအမည်တွင်သော တရားဝင်ထုတ်ပြန်သည့် ကျူနီဖောင်းကမ္ပည်းကျောက်စာ၌ ကုရု၏တပ်များသည် “စစ်မတိုက်လိုက်ရဘဲ” ဗာဗုလုန်မြို့ထဲသို့ ဝင်ရောက်ခဲ့ကြောင်း ဆိုထားသည်။ အဓိပ္ပာယ်မှာ ရေကုန်ရေခန်းတိုက်ရသည့်တိုက်ပွဲကြီး ဖြစ်ပွားခြင်းမရှိဟုဆိုလိုခြင်း ဖြစ်ဖွယ်ရှိသည်။၆ ဗာဗုလုန်၏ စစ်သူရဲများသည် မြို့တော်ကိုကာကွယ်ရန် များများစားစားမပြုခဲ့သည်မှာ ထင်ရှားသည်။

၁၉။ ဗာဗုလုန်တွင် “ကာလအစဉ်၊ လူမျိုးအဆက်ဆက် အဘယ်သူမျှမနေရ” ဟူသည့်ပရောဖက်ပြုချက်သည် ပြည့်စုံခဲ့သလော။ ရှင်းပြပါ။

၁၉ ဗာဗုလုန်တွင် “ကာလအစဉ်၊ လူမျိုးအဆက်ဆက် အဘယ်သူမျှမနေရ” ဟူသည့် ဟောကိန်းနှင့်ပတ်သက်၍ကော အသို့နည်း။ ဤဟောကိန်းသည် ဘီ.စီ.အီး. ၅၃၉ ခုနှစ်တွင် ချက်ချင်းပြည့်စုံခြင်း မရှိခဲ့ပေ။ သို့သော် ထိုပရောဖက်ပြုချက်သည် မချွတ်မလွဲ အမှန်ဖြစ်ပျက်လာသည်။ ဗာဗုလုန်သည် ကျဆုံးပြီးနောက် ဇားစိဇ် လာရောက်ဖျက်ဆီးသည့် ဘီ.စီ.အီး. ၄၇၈ ခုနှစ်အထိ ပုန်ကန်မှုအစုစု၏ ဗဟိုချက်ဖြစ်ခဲ့သည်။ စတုတ္ထရာစု အကုန်ပိုင်းတွင် မဟာအလက်ဇန္ဒားသည် ၎င်းမြို့ကို ပြန်လည်တည်ဆောက်ရန် စီစဉ်စိုင်းပြင်းခဲ့သော်လည်း လုပ်ငန်းတိုးတက်မှုအရှိန်အဟုန် ကောင်းစွာမရမီ သူသေဆုံးသွားသည်။ ထိုအချိန်မှစ၍ မြို့သည် တစ်စတစ်စနှင့် ပျက်စီးယိုယွင်းလာခဲ့သည်။ ကျွန်ုပ်တို့ခေတ်သက္ကရာဇ် ပထမရာစုတိုင်အောင် ထိုနေရာတွင် နေထိုင်သူများရှိနေသေးသော်လည်း ယနေ့မူကား ရှေးဗာဗုလုန်သည် အီရတ်နိုင်ငံတွင် အပျက်အယွင်းပုံကြီးအဖြစ်သာ ကျန်ရှိတော့သည်။ ၎င်းအပျက်အယွင်းများ၏ တစ်စိတ်တစ်ဒေသကို ပြန်လည်တည်ဆောက်သည့်တိုင်အောင် ဗာဗုလုန်သည် သက်ဝင်လှုပ်ရှား စည်ကားသိုက်မြိုက်သည့်မြို့တစ်မြို့ ဖြစ်လာမည်မဟုတ်ဘဲ ကမ္ဘာလှည့်ခရီးသည်များအား ပြသစရာမြို့တစ်မြို့သာ ဖြစ်လာနိုင်မည်။ လွင်တီးခေါင်ဖြစ်နေသော ယင်း၏တည်နေရာဟောင်းက ၎င်းမြို့နှင့်ပတ်သက်သည့် မှုတ်သွင်းခံပရောဖက်ပြုချက်များ၏ နောက်ဆုံးပြည့်စုံချက်ကို သက်သေခံနေပါသည်။

ကမ္ဘာ့အာဏာစက်များ၏ အတက်အကျ

၂၀၊ ၂၁။ ကမ္ဘာ့အာဏာစက်များ၏ အတက်အကျနှင့်ပတ်သက်သည့် အဘယ်ပရောဖက်ပြုချက်ကို ဒံယေလတွေ့မြင်ခဲ့သနည်း၊ ၎င်းမည်သို့ပြည့်စုံခဲ့သနည်း။

၂၀ ဘီ.စီ.အီး. ဆဋ္ဌမရာစုတွင် ဂျူးလူမျိုး ဗာဗုလုန်တွင် နယ်နှင်ခံနေရစဉ်အတွင်း ပရောဖက်နောက်တစ်ဦးဖြစ်သော ဒံယေလသည် ကမ္ဘာ့အဖြစ်အပျက်များ၏ အနာဂတ်လမ်းကြောင်းကို တင်ကူးပြောထားသည့် တစ်မူထူးခြားသော အဆင်းအာရုံအချို့ကို မှတ်တမ်းတင်ရန် မှုတ်သွင်းခံခဲ့ရသည်။ အဆင်းအာရုံတစ်ခုတွင် ဒံယေလက ကမ္ဘာ့ဇာတ်ခုံပေါ်တွင် တစ်ကောင်ပြီးတစ်ကောင် အစားဝင်ရောက်လာသည့် ပုံဆောင်တိရစ္ဆာန်အချို့အကြောင်း ရေးသားဖော်ပြထားသည်။ ကောင်းကင်တမန်တစ်ပါးက ၎င်းတိရစ္ဆာန်တို့သည် ထိုအချိန်မှစတင်သည့် ကမ္ဘာ့အာဏာစက်များ၏ အတက်အကျကို ကြိုတင်ဖော်ပြကြောင်း ရှင်းပြသည်။ နောက်ဆုံးသားရဲနှစ်ကောင်နှင့်ပတ်သက်ပြီး သူဤသို့ဆိုသည်– “ချိုနှစ်ချောင်းနှင့်ပေါ်လာသောသိုးသည် မေဒိရှင်ဘုရင်၊ ပေရသိရှင်ဘုရင်ဖြစ်၏။ အမွေးကြမ်းသောဆိတ်သည် ဟေလသရှင်ဘုရင်ဖြစ်၏။ မျက်စိနှစ်လုံးကြား၌ရှိသောချိုကြီးသည် ပထမမင်းဖြစ်၏။ ထိုချိုကျိုးပဲ့၍၊ သူ့အရာ၌ ချိုလေးချောင်းပေါက်သည်မှာ၊ အရင်နိုင်ငံတွင် နိုင်ငံလေးပါးတည်ထောင်လိမ့်မည်။ အရင်နိုင်ငံ၏တန်ခိုးနှင့် မပြည့်စုံကြ။”—ဒံယေလ ၈:၂၀-၂၂။

၂၁ ဤပရောဖက်ပြုတင်ကြိုမြင်ကွင်းသည် အတိအကျပြည့်စုံခဲ့သည်။ ဗာဗုလုန်အင်ပါယာသည် မေဒိ-ပေရသိတို့၏ သိမ်းပိုက်ခြင်းခံရသည်၊ အနှစ် ၂၀၀ ကြာသော် မေဒိ-ပေရသိသည် ဂရိအား ကမ္ဘာ့အာဏာစက်ကို လွှဲပေးလိုက်ရသည်။ ဂရိအင်ပါယာကို “ချိုကြီး” ဖြစ်သော မဟာအလက်ဇန္ဒားက ဦးဆောင်ခဲ့သည်။ သို့သော် အလက်ဇန္ဒား အနိစ္စရောက်ပြီးနောက် သူ၏ဗိုလ်ချုပ်တို့သည် အချင်းချင်းတိုက်ခိုက် အာဏာလုကြရာ အလွန်ကျယ်ဝန်းလှသော အင်ပါယာကြီးသည် နောက်ဆုံးတွင် “နိုင်ငံလေးပါး” သေးငယ်သောအင်ပါယာလေးခုအဖြစ် ပြိုကွဲသွားလေသည်။

၂၂။ ကမ္ဘာ့အာဏာစက်များ၏ အတက်အကျနှင့်နှီးနွှယ်သော ပရောဖက်ပြုချက်တစ်ခုတွင် နောက်ထပ်အဘယ်ကမ္ဘာ့အာဏာစက်အကြောင်း ပရောဖက်ပြုထားသနည်း။

၂၂ ဒံယေလအခန်းကြီး ၇ မှ ခပ်ဆင်ဆင် အဆင်းအာရုံတစ်ခုကလည်း အလှမ်းဝေးသောအနာဂတ်ကို ရှုမျှော်ခဲ့သည်။ ဗာဗုလုန်ကမ္ဘာ့အာဏာစက်ကို ခြင်္သေ့၊ ပေရသိကို ဝက်ဝံ၊ ဂရိကို ကျောပေါ်၌အတောင်လေးခု၊ ခေါင်းလေးလုံးရှိသည့် ကျားသစ်နှင့် တင်စားဖော်ပြထားသည်။ ထို့နောက် “ကြီးစွာသောခွန်အားနှင့်ပြည့်စုံ၍ အလွန်ကြောက်မက်ဖွယ် . . . ချိုဆယ်ချောင်းလည်းရှိ” သောသားရဲနောက်တစ်ကောင်ကို ဒံယေလ မြင်တွေ့ရသည်။ (ဒံယေလ ၇:၂-၇) ဤစတုတ္ထသားရဲသည် တန်ခိုးကြီးသော ရောမအင်ပါယာကို ကြို၍ပုံတင်ပြသည်၊ ယင်းသည် ဒံယေလ ဤပရောဖက်ပြုချက်ကို မှတ်တမ်းတင်ပြီးနောက် ရာစုနှစ်သုံးခုခန့်ကြာမှ စတင်ကြီးထွားလာသည်။

၂၃။ ဒံယေလ၏ပရောဖက်ပြုချက်မှ စတုတ္ထသားရဲသည် အဘယ်နည်းဖြင့် “မြေကြီးပေါ်မှာ အခြားသောနိုင်ငံရှိသမျှတို့ထက် ထူးခြား” သနည်း။

၂၃ ကောင်းကင်တမန်က ရောမနှင့်ပတ်သက်၍ ဤသို့ပရောဖက်ပြုသည်– “စတုတ္ထသားရဲသည် မြေကြီးပေါ်မှာ အခြားသောနိုင်ငံရှိသမျှတို့ထက် ထူးခြားသောစတုတ္ထနိုင်ငံဖြစ်၏။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုက်စားချိုးဖဲ့ နင်းချေလိမ့်မည်။” (ဒံယေလ ၇:၂၃) အိတ်ချ်. ဂျီ. ဝဲလ်က သူရေးသည့် ကမ္ဘာ့သမိုင်းအိတ်ဆောင် စာအုပ်တွင် ဤသို့ဆိုသည်– “ဘီ.စီ. ဒုတိယရာစုနှင့် ပထမရာစုတွင် အနောက်ကမ္ဘာကိုစိုးမိုးရန် ခေါင်းထောင်လာသည့် ရောမအင်ပါယာသစ်သည် ယဉ်ကျေးသည့်ကမ္ဘာတွင် ယခုအချိန်တိုင်အောင် စိုးမိုးခဲ့ကြသည့် မည်သည့်အင်ပါယာကြီးနှင့်မဆို အသွင်အပြင်များစွာကွဲပြားသည့် အင်ပါယာတစ်ခုဖြစ်သည်။”၇ ၎င်းသည် သမ္မတစနစ်ဖြင့် အစပြုပြီး ဧကရာဇ်ဘုရင်စနစ်ဖြင့် ဆက်လက်အုပ်ချုပ်သည်။ ရောမအင်ပါယာသည် ယခင့်ယခင် အင်ပါယာကြီးများနည်းတူ အောင်နိုင်သူတစ်ဦးဦး တည်ထောင်ခဲ့ခြင်းမဟုတ်ဘဲ ရာစုနှစ်များတစ်လျောက် တစ်ဟုန်ထိုး အင်အားကြီးထွားလာသည်။ ယခင့်ယခင် အင်ပါယာအသီးသီးထက် ပို၍ကြာရှည်တည်တံ့ပြီး ပို၍ကျယ်ဝန်းသည့် နယ်မြေဒေသကို ထိန်းချုပ်နိုင်ခဲ့သည်။

၂၄၊ ၂၅။ (က) သားရဲ၏ချိုဆယ်ချောင်းသည် မည်သို့ပေါ်လာသနည်း။ (ခ) သားရဲ၏ချိုများကြားတွင် အဘယ်ပဋိပက္ခဖြစ်မှုကို ဒံယေလကြို၍တွေ့မြင်ခဲ့သနည်း။

၂၄ ဤသားရဲကြီး၏ ချိုဆယ်ချောင်းနှင့်ပတ်သက်၍ကော အသို့နည်း။ ကောင်းကင်တမန်က ဤသို့ဆိုသည်– “ထိုနိုင်ငံ၌ပေါက်သောချိုဆယ်ချောင်းသည် ပေါ်လတ္တံ့သောမင်းကြီးဆယ်ပါးဖြစ်၏။ သူတို့နောက် အခြားသောမင်းကြီးပေါ်လာလိမ့်မည်။ အရင်မင်းကြီးထက်ထူးခြား၍ သုံးပါးတို့ကိုနှိမ့်ချလိမ့်မည်။” (ဒံယေလ ၇:၂၄) ဤအချက် မည်သို့ပြည့်စုံခဲ့သနည်း။

၂၅ ရောမအင်ပါယာသည် စီ.အီး. ပဉ္စမရာစုတွင် စတင်ယိုယွင်းလာသော်လည်း နောက်ကမ္ဘာ့အာဏာစက်တစ်ခုက ချက်ချင်းအစားဝင်မလာပါ။ ထိုသို့မဖြစ်ဘဲ ၎င်းသည် “မင်းကြီးဆယ်ပါး” ဖြစ်သည့် နိုင်ငံအများအပြားအဖြစ် ပြိုကွဲသွားသည်။ နောက်ဆုံးတွင် ဗြိတိသျှအင်ပါယာသည် ပြိုင်ဘက်အင်ပါယာများဖြစ်သော စပိန်၊ ပြင်သစ်နှင့် နယ်သာလန်တို့ကို အောင်နိုင်ကာ အဓိက ကမ္ဘာ့အာဏာစက် ဖြစ်လာလေသည်။ ဤသို့ဖြင့် အသစ်ပေါက်သော ‘ချို’ သည် ‘မင်းကြီးသုံးပါး’ ကိုနှိမ့်ချခဲ့သည်။

ဒံယေလ၏ ပရောဖက်ပြုချက်များ—ဖြစ်ပျက်ပြီးနောက်မှ ရေးသားသလော

၂၆။ ဝေဖန်သူများက ဒံယေလကျမ်းကို အဘယ်အချိန်တွင် ရေးသားသည်ဟုဆိုကြသနည်း၊ အဘယ်ကြောင့်နည်း။

၂၆ သမ္မာကျမ်းစာက ဒံယေလကျမ်းကို ဘီ.စီ.အီး. ဆဋ္ဌမရာစုအတွင်း ရေးသားခဲ့ကြောင်း ဖော်ညွှန်းထားသည်။ သို့သော် ၎င်း၌ပါရှိသည့် ပရောဖက်ပြုချက်များသည် အလွန်တိကျလှစွာ ပြည့်စုံခဲ့သဖြင့် ဝေဖန်သူတို့က ပရောဖက်ပြုချက် အတော်များများ ပြည့်စုံပြီးချိန်ဖြစ်သည့် ဘီ.စီ.အီး. ၁၆၅ ခုနှစ်ခန့်ကျမှ ၎င်းကျမ်းကို ရေးသားခြင်းဖြစ်ရမည်ဟု ဆိုကြသည်။၈ ဤသို့ဆိုရသည့် တစ်ခုတည်းသော တကယ့် အကြောင်းပြချက်မှာ ဒံယေလ၏ပရောဖက်ပြုချက်များ ပြည့်စုံသွားခဲ့ခြင်းမျှသာဖြစ်သော်လည်း ဒံယေလကျမ်းကိုရေးသားသည်ဟူသည့် ဤများစွာနောက်ကျသောရက်စွဲကို ကိုးကားစာပေအများတွင် အတည်ပြုပြီးသော အဖြစ်မှန်အဖြစ် တင်ပြထားကြသည်။

၂၇၊ ၂၈။ ဒံယေလကျမ်းကို ဘီ.စီ.အီး. ၁၆၅ ခုနှစ်တွင် ရေးသားခဲ့ခြင်းမဟုတ်ကြောင်း သက်သေထူသည့်အချက်အလက်အချို့ကား အဘယ်နည်း။

၂၇ သို့သော် ဤကဲ့သို့သောယူဆချက် မှန်မမှန် အောက်ပါအချက်များကို ချင့်ချိန်ကြည့်ရပေမည်။ ပထမ၊ မက္ခဘီးပထမစောင်ကဲ့သို့သော ဘီ.စီ.အီး. ဒုတိယရာစုအတွင်း စီရင်ရေးသားခဲ့သည့် ဂျူးစာပေလက်ရာများတွင် ဒံယေလကျမ်းကို ရည်ညွှန်းဖော်ပြထားသည်။ ထို့အပြင် ဤကျမ်းသည် ဘီ.စီ.အီး. တတိယရာစုမှ စတင်ဘာသာပြန်ဆိုသည့် ဂရိ စက်ပ်တွားဂျင့် ကျမ်းတွင်ပါဝင်သည်။၉ တတိယ၊ ဒံယေလကျမ်း၏ လက်ရေးမိတ္တူအပိုင်းအစများသည် ပင်လယ်သေကျမ်းလိပ်များတွင် အများဆုံးတွေ့ရှိရသည့် စာပေလက်ရာများတွင် ပါဝင်သည်၊ ၎င်းအပိုင်းအစများကို ဘီ.စီ.အီး. ၁၀၀ ခန့်ကရေးသားသည်ဟု ယုံကြည်ကြသည်။၁၀ ထင်ရှားနေသည်မှာ ဝေဖန်သူများမှတ်ယူသည့် ဒံယေလကျမ်း ရေးသားပြီးစီးချိန်နောက်ပိုင်း မကြာမီတွင် ဤကျမ်းအား အနှံ့အပြား သိရှိတန်ဖိုးထားခြင်းခံနေပြီးဖြစ်ခြင်းက ဝေဖန်သူများပြောသည့်အချိန်ထက် များစွာစော၍ ဤကျမ်းကို ရေးသားခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြစ်သည်။

၂၈ ထို့အပြင် ဒံယေလကျမ်းတွင် ဒုတိယရာစု စာရေးဆရာတစ်ဦး သိရှိခဲ့မည်မဟုတ်သည့် သမိုင်းဆိုင်ရာ အသေးစိတ်အချက်အလက်များ ပါဝင်နေသည်။ ထင်ရှားသည့်သာဓကမှာ ဘီ.စီ.အီး. ၅၃၉ ခုနှစ်၊ ဗာဗုလုန်ကျဆုံးချိန်တွင် လုပ်ကြံခံရသည့် ဗာဗုလုန်အုပ်စိုးရှင် ဗေလရှာဇာအကြောင်းဖြစ်သည်။ သမ္မာကျမ်းစာအပြင် ဗာဗုလုန်ကျဆုံးခြင်းအကြောင်း ကျွန်ုပ်တို့သိရှိနိုင်သည့် သတင်းအရင်းအမြစ်များမှာ ဟီရိုဒိုးတပ်စ် (ပဉ္စမရာစုနှစ်)၊ ဇီနိုဖွန် (ပဉ္စမနှင့် စတုတ္ထရာစုနှစ်များ)၊ နှင့် ဘီရော့စပ်စ် (တတိယရာစုနှစ်) တို့ဖြစ်သည်။ ထိုသူတို့တစ်ဦးမျှ ဗေလရှာဇာအကြောင်း မသိကြပါ။၁၁ သာ၍အစောပိုင်းကျသော ဤစာရေးဆရာများပင် မသိရှိခဲ့သည့် အကြောင်းအချက်များကို ဒုတိယရာစု စာရေးဆရာတစ်ယောက်က သိရှိသည်ဆိုသည်မှာ အလွန်မဖြစ်နိုင်စရာပင်! ဒံယေလအခန်းကြီး ၅ မှ ဗေလရှာဇာနှင့်ပတ်သက်သည့်မှတ်တမ်းသည် အခြားစာရေးဆရာများက ၎င်းတို့၏စာပေများကို မရေးသားမီ ဒံယေလက မိမိ၏ကျမ်းကို ရေးသားခဲ့ကြောင်းပြသသည့် ခိုင်လုံသောအကြောင်းပြချက်တစ်ခုဖြစ်သည်။a

၂၉။ ဒံယေလကျမ်းကို ယင်း၌ပါရှိသည့် ပရောဖက်ပြုချက်များ ပြည့်စုံပြီးနောက်မှရေးသားခဲ့ခြင်း အဘယ်ကြောင့်မဖြစ်နိုင်သနည်း။

၂၉ နောက်ဆုံးအနေနှင့် ဒံယေလကျမ်းတွင် ဘီ.စီ.အီး. ၁၆၅ ခုနှစ်နောက်ပိုင်း များစွာကြာပြီးမှ ပြည့်စုံခဲ့သည့် ပရောဖက်ပြုချက်များစွာ ပါရှိသည်။ တစ်ခုမှာ စောစောပိုင်းတွင်ဖော်ပြခဲ့သော ရောမအင်ပါယာနှင့်ပတ်သက်သည့် ပရောဖက်ပြုချက်ဖြစ်သည်။ နောက်တစ်ခုမှာ မေရှိယ ယေရှုရောက်ရှိခြင်းအကြောင်း တင်ကူးဟောထားသည့် တစ်မူထူးခြားသော ပရောဖက်ပြုချက်ဖြစ်သည်။

ဘိသိက်တော်ခံသူ ကြွလာခြင်း

၃၀၊ ၃၁။ (က) ဒံယေလ၏အဘယ်ပရောဖက်ပြုချက်က မေရှိယပေါ်ထွန်းချိန်ကို ဟောကိန်းထုတ်ခဲ့သနည်း။ (ခ) ဒံယေလပရောဖက်ပြုချက်ကို အခြေပြုပြီး မေရှိယပေါ်ထွန်းမည့်နှစ်ကို မည်သို့တွက်ချက်နိုင်သနည်း။

၃၀ ဤပရောဖက်ပြုချက်ကို ဒံယေလ အခန်းကြီး ၉ တွင် မှတ်တမ်းတင်ထားသည်၊ အောက်ပါအတိုင်းဖတ်ရသည်– “သီတင်း [နှစ်ပေါင်း] ခုနစ်ဆယ် [သို့မဟုတ် နှစ်ပေါင်း လေးရာကိုးဆယ်] ကို သင်၏အမျိုးသားချင်းအဖို့နှင့် သင်၏သန့်ရှင်းသောမြို့အဖို့ ပြဋ္ဌာန်ခြင်းရှိ၏။”b (ဒံယေလ ၉:၂၄၊ The Amplified Bible) ဤနှစ်ပေါင်း ၄၉၀ အတွင်း မည်သည့်အရာ ဖြစ်ပျက်ရမည်နည်း။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ယေရုရှလင်မြို့ကိုတစ်ဖန်တည်ထောင်ပြုစုခြင်းငှာ၊ အမိန့်တော်ရှိသည်နေ့မှစ၍ ဘိသိက်တော်ခံမင်း [ကြွလာခြင်း] တိုင်အောင်၊ ခုနစ်သီတင်း [နှစ်ပေါင်း] နှင့်ခြောက်ဆယ့်နှစ်သီတင်း [နှစ်ပေါင်း] ကြာလိမ့်မည်။” (ဒံယေလ ၉:၂၅၊ AB) ထို့ကြောင့် ယင်းသည် “ဘိသိက်တော်ခံသူ” မေရှိယ ကြွလာချိန်နှင့်ပတ်သက်သည့် ပရောဖက်ပြုချက်ဖြစ်သည်။ မည်သို့ပြည့်စုံခဲ့သနည်း။

၃၁ ယေရုရှလင်မြို့ ပြန်လည်တည်ဆောက်ရန် အမိန့်တော်ကို ပေရသိရှင်ဘုရင် “အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်၊” ဘီ.စီ.အီး. ၄၅၅ ခုနှစ်တွင် ထုတ်ဆင့်ခဲ့သည်။ (နေဟမိ ၂:၁-၉) ၄၉ နှစ် (နှစ်ပေါင်း ၇ သီတင်း) အကုန်တွင် ယေရုရှလင်မြို့၏ ဘုန်းကျက်သရေအများစုမှာ မူလအနေအထားသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ထို့နောက် ဘီ.စီ.အီး. ၄၅၅ ခုနှစ်မှ ၄၈၃ နှစ်အပြည့် (နှစ်ပေါင်း ၇ အပေါင်း ၆၂ သီတင်း) ကိုရေတွက်လိုက်လျှင် စီ.အီး. ၂၉ ခုနှစ်သို့ ရောက်လာမည်။ စင်စစ်အားဖြင့် ဤနှစ်သည် “ကဲသာဘုရင်တိဗေရိ နန်းစံတစ်ဆယ့်ငါးနှစ်” ဖြစ်သဖြင့် နှစ်ခြင်းဆရာယောဟန်လက်ဖြင့် ယေရှုနှစ်ခြင်းခံသည့်နှစ် ဖြစ်ပေသည်။ (လုကာ ၃:၁) ထိုအချိန်တွင် ယေရှုသည် ဘုရားသခင့်သားတော်ဖြစ်ကြောင်း လူသိရှင်ကြား အသိပေးခြင်းခံရပြီး ဂျူးလူမျိုးတို့အား သတင်းကောင်းဟောပြောခြင်း ဓမ္မအမှုတော်ကို အစပြုခဲ့သည်။ (မဿဲ ၃:၁၃-၁၇; ၄:၂၃) ကိုယ်တော်သည် “ဘိသိက်တော်ခံသူ” သို့မဟုတ် မေရှိယ ဖြစ်လာလေသည်။

၃၂။ ဒံယေလ၏ ပရောဖက်ပြုချက်အရ ယေရှု၏ မြေကြီးဆိုင်ရာဓမ္မအမှုတော်သည် မည်မျှကြာရှည်မည်နည်း၊ ထိုကာလ၏ အဆုံးပိုင်းတွင် မည်သည့်အရာ ဖြစ်ပျက်မည်နည်း။

၃၂ ပရောဖက်ပြုချက်က ဤသို့ထပ်ဆင့်သည်– “ထိုခြောက်ဆယ်နှစ်သီတင်း [နှစ်ပေါင်း] လွန်ပြီးမှ၊ ဘိသိက်တော်ခံသူသည် ပယ်ရှားခြင်းခံရလိမ့်မည်။” ဤသို့လည်းဆိုသည်– “တစ်သီတင်း [ခုနစ်နှစ်] တွင် လူအများတို့နှင့် ခိုင်ခံ့သောပဋိညာဉ်ဖွဲ့လျက်၊ ထိုသီတင်း၏တစ်ဝက်တွင် ပူဇော်သကာကို ပြတ်စဲစေလိမ့်မည်။” (ဒံယေလ ၉:၂၆၊ ၂၇၊ AB) ယင်းအချက်နှင့်အညီ ယေရှုသည် ဇာတိဂျူးများဖြစ်သော “လူအများတို့” ထံ သီးသန့်သွားခဲ့သည်။ တစ်ကြိမ်တွင် ကိုယ်တော်သည် ရှမာရိလူမျိုးတို့ကိုလည်း ဟောပြောခဲ့သည်၊ ၎င်းတို့သည် ကျမ်းစာတချို့အပိုင်းများကို ယုံကြည်သက်ဝင်သော်လည်း ပင်မယုဒဘာသာနှင့် ကွဲပြားသည့်ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ထားကြသည်။ ထိုနောက်၊ သုံးနှစ်ခွဲကြာဟောပြောအပြီး “ထိုသီတင်း၏တစ်ဝက်တွင်” ယဇ်ကောင်အဖြစ် မိမိ၏အသက်တော်ကို စွန့်လွှတ်ခြင်းဖြင့် “ပယ်ရှားခြင်း” ခံခဲ့ရသည်။ ဤအဖြစ်အပျက်က မောရှေပညတ်တရားနှင့်တကွ ယဇ်ပူဇော်ခြင်းနှင့် ပူဇော်သကာဆက်ကပ်ခြင်းတို့သည် အဆုံးတိုင်သွားပြီဟူသည့်သဘော သက်ရောက်သည်။ (ဂလာတိ ၃:၁၃၊ ၂၄၊ ၂၅) သို့ဖြင့် ယေရှုသည် မိမိ၏သေခြင်းဖြင့် “ပူဇော်သကာကို ပြတ်စဲစေ” ခဲ့သည်။

၃၃။ ယေဟောဝါသည် ဂျူးလူမျိုးနှင့် မည်မျှကြာကြာ သီးသန့်ဆက်ဆံတော်မူမည်နည်း၊ ထိုကာလကုန်ဆုံးခြင်းကို မည်သည့်အဖြစ်အပျက်က မှတ်သားသနည်း။

၃၃ သို့သော် တည်ထောင်ခါစ ခရစ်ယာန်အသင်းတော်သည် နောက်ထပ် သုံးနှစ်ခွဲလုံးလုံး ဂျူးလူမျိုးနှင့် နောက်ပိုင်း၌ ဆက်စပ်မှုရှိသောရှမာရိလူမျိုးတို့ကိုသာ သက်သေခံခဲ့သည်။ သို့သော် စီ.အီး. ၃၆ ခုနှစ်၊ သီတင်းနှစ် ၇၀ အကုန်တွင် တမန်တော်ပေတရုသည် တစ်ပါးအမျိုးသား ကော်နေလိအား ဟောပြောရန် လမ်းညွှန်ခံခဲ့ရသည်။ (တမန်တော် ၁၀:၁-၄၈) ယခုသော် ‘လူအများနှင့်ဖွဲ့သည့်ပဋိညာဉ်’ သည် ဂျူးများအတွက်သာ ကန့်သတ်ထားခြင်းမရှိတော့ချေ။ ကယ်တင်ခြင်းသတင်းကို အရေဖျားလှီးခြင်းမခံသော တစ်ပါးအမျိုးသားများအားလည်း ဟောပြောခဲ့ကြသည်။

၃၄။ ဒံယေလပရောဖက်ပြုချက်နှင့်အညီ ဇာတိဣသရေလလူမျိုးသည် မေရှိယကိုငြင်းပယ်သောကြောင့် အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။

၃၄ ဂျူးလူမျိုးသည် ယေရှုကို ငြင်းပယ်လျက် ကိုယ်တော်ကိုကွပ်မျက်ရန် ပူးပေါင်းကြံစည်သောကြောင့် စီ.အီး. ၇၀ ပြည့်နှစ်တွင် ယေရုရှလင်မြို့ကို ရောမလူမျိုး လာရောက်ဖျက်ဆီးသည့်အခါ သူတို့ကို ယေဟောဝါ မကာကွယ်ပေးခဲ့ချေ။ ဤသို့ဖြင့် ဒံယေလ၏ ဤထပ်ဆင့်စကားများ ပြည့်စုံခဲ့သည်– “နောက်ပေါ်လတ္တံ့သောမင်း၏ လူမျိုးသည် မြို့တော်ကိုလည်းကောင်း၊ သန့်ရှင်းရာဌာနကိုလည်းကောင်း ဖြိုဖျက်ကြလိမ့်မည်။ လွှမ်းမိုးခြင်းဖြင့် ဆုံးရှုံးခြင်း၊ အဆုံးတိုင်အောင် စစ်တိုက်ခြင်းဖြစ်လိမ့်မည်။” (ဒံယေလ ၉:၂၆ခ၊ AB) ဤဒုတိယ “မင်း” ကား စီ.အီး. ၇၀ ပြည့်နှစ်တွင် ယေရုရှလင်မြို့ကို ဖျက်ဆီးပစ်ခဲ့သည့် ရောမဗိုလ်ချုပ် တိတုပင်ဖြစ်သည်။

မှုတ်သွင်းခြင်းခံခဲ့ရသည့် ပရောဖက်ပြုချက်

၃၅။ ယေရှုနှင့်ပတ်သက်သည့် အဘယ်နောက်ထပ်ပရောဖက်ပြုချက်များ ဖြစ်ပျက်လာခဲ့သနည်း။

၃၅ ဤနည်းဖြင့် သီတင်း ၇၀ နှင့်ဆိုင်သည့် ဒံယေလ၏ပရောဖက်ပြုချက်သည် ထူးထူးခြားခြား တိတိကျကျ ပြည့်စုံခဲ့သည်။ အမှန်ဆိုလျှင် ဟေဗြဲကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် ပရောဖက်ပြုချက်များစွာသည် ပထမရာစုနှစ်အတွင်း ပြည့်စုံခဲ့ပြီး အတော်များများသည် ယေရှုနှင့်ပတ်သက်ခဲ့သည်။ ယေရှုဖွားမြင်မည့်နေရာ၊ ဘုရားသခင့်အိမ်တော်အတွက် ကိုယ်တော်၏ စိတ်အားထက်သန်မှု၊ ကိုယ်တော်၏ ဟောပြောခြင်းလုပ်ဆောင်မှု၊ ငွေအသပြာ ၃၀ ဖြင့်သစ္စာဖောက်ခံရမှု၊ သေဆုံးမည့်ပုံစံ၊ အဝတ်တော်များကို မဲချခွဲဝေမှု—ဤအသေးစိတ်အချက်အလက်အားလုံးကို ဟေဗြဲကျမ်းစာတွင် ပရောဖက်ပြုထားသည်။ ယင်းတို့၏ပြည့်စုံချက်က ယေရှုသည် မေရှိယဖြစ်ကြောင်း သံသယကင်းစွာ သက်သေထူသည့်အပြင် ပရောဖက်ပြုချက်များသည် မှုတ်သွင်းခြင်းခံရကြောင်း ထပ်ဆင့်သက်သေထူသည်။—မိက္ခာ ၅:၂; လုကာ ၂:၁-၇; ဇာခရိ ၁၁:၁၂; ၁၂:၁၀; မဿဲ ၂၆:၁၅; ၂၇:၃၅; ဆာလံ ၂၂:၁၈; ၃၄:၂၀; ယောဟန် ၁၉:၃၃-၃၇။

၃၆၊ ၃၇။ သမ္မာကျမ်းစာ ပရောဖက်ပြုချက်များ ဖြစ်ပျက်လာသည့်အချက်မှ အဘယ်အရာ သိရှိရသနည်း၊ ဤသို့သိရှိရခြင်းက အဘယ်အရာကို ယုံကြည်စိတ်ချစေသနည်း။

၃၆ စင်စစ်အားဖြင့် ပြည့်စုံချိန်တန်သည့် သမ္မာကျမ်းစာ ပရောဖက်ပြုချက်အားလုံးသည် အမှန်ဖြစ်ပျက်လာကြသည်။ သမ္မာကျမ်းစာ ဖော်ပြသည့်ပုံစံအတိုင်း အတိအကျဖြစ်ပျက်ခဲ့သည်။ ဤအချက်က သမ္မာကျမ်းစာသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ဖြစ်သည်ဟူသော ခိုင်လုံသည့်အထောက်အထားဖြစ်သည်။ ၎င်းပရောဖက်ပြုချက်များ ဤမျှတိကျမှန်ကန်မှုရှိရန် ၎င်းတို့၏နောက်ကွယ်တွင် လူ့ဉာဏ်ပညာထက် သာလွန်သောအရာ ရှိကိုရှိရပေမည်။

၃၇ သို့သော် ထိုခေတ်ကာလများ၌ မပြည့်စုံခဲ့သည့် အခြားဟောကိန်းများလည်း သမ္မာကျမ်းစာတွင် ရှိသေးသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ၎င်းတို့သည် ကျွန်ုပ်တို့ခေတ်ကာလနှင့် ကျွန်ုပ်တို့၏ အနာဂတ်ကာလတွင်ပြည့်စုံရန် ချိန်းချက်ထားသောကြောင့်ဖြစ်သည်။ ဤရှေးပရောဖက်ပြုချက်များ၏ ယုံကြည်စိတ်ချရမှုက အခြားသောဟောကိန်းများလည်း ဧကန်မုချ ဖြစ်ပျက်လာမည်ကို ယုံကြည်စိတ်ချစေသည်။ ဤသို့ပင် မှန်ကန်ကြောင်းကို နောက်အခန်းတွင် ကျွန်ုပ်တို့တွေ့ရပါမည်။

[အောက်ခြေမှတ်ချက်များ]

a အခန်း ၄ “‘ဓမ္မဟောင်းကျမ်း’ ကို မည်မျှအထိယုံကြည်နိုင်သနည်း”၊ အပိုဒ် ၁၆ နှင့် ၁၇ ကိုရှု။

b ဤဘာသာပြန်ကျမ်းတွင် အဓိပ္ပာယ်ရှင်းစေရန် ဘာသာပြန်သူက လေးထောင့်ကွင်းများဖြင့် စကားလုံးများကို ဖြည့်စွက်ထားသည်။

[စာမျက်နှာ ၁၃၃ ပါ အကျဉ်းဖော်ပြချက်]

ပြည့်စုံချိန်တန်သည့် ပရောဖက်ပြုချက်အားလုံးသည် အမှန်ဖြစ်ပျက်လာကြသည်။ သမ္မာကျမ်းစာ ဖော်ပြသည့်ပုံစံအတိုင်း အတိအကျဖြစ်ပျက်ခဲ့သည်

[စာမျက်နှာ ၁၁၈ ပါ ရုပ်ပုံ]

နေဗုခဒ်နေဇာလက်ချက်ဖြင့် ယေရုရှလင်မြို့သည် ရစရာမရှိအောင် ပျက်စီးသွားကြောင်း ရှေးဟောင်းသုတေသီများ ရှာဖွေတွေ့ရှိခဲ့သည်

[စာမျက်နှာ ၁၂၁ ပါ ရုပ်ပုံ]

ယခုခေတ် တုရမြို့၏ဓာတ်ပုံ။ ဣသရေလပရောဖက်များ သိရှိခဲ့သည့် တုရုမြို့သည် အစအနပင်မကျန်တော့ပေ

[စာမျက်နှာ ၁၂၃ ပါ ရုပ်ပုံ]

ရှေးဗာဗုလုန်မြို့၏တည်နေရာကို သွားရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသည်များသည် ထိုမြို့နှင့်ပတ်သက်သည့် ပရောဖက်ပြုချက်များ ပြည့်စုံခြင်း၏သက်သေများ ဖြစ်ကြသည်

[စာမျက်နှာ ၁၂၆ ပါ ရုပ်ပုံ]

ကမ္ဘာ့အာဏာစက်များ၏ အတက်အကျနှင့်ပတ်သက်သည့် ဒံယေလ၏ပရောဖက်ပြုချက်များသည် ယင်းတို့ပြည့်စုံပြီးနောက်မှ ရေးသားခြင်းဖြစ်သည်ဟု ခေတ်သစ်ဝေဖန်သူများက ထင်မြင်ရလောက်အောင် အလွန်တိကျမှန်ကန်စွာ ပြည့်စုံခဲ့သည်

ဗာဗုလုန်

ပေရသိ

ဂရိ

ရောမ

ဗြိတိန်

[စာမျက်နှာ ၁၃၀ ပါ ရုပ်ပုံ]

ဣသရေလနိုင်ငံတွင် မေရှိယပေါ်ထွန်းမည့်အချိန် အတိအကျကို ဒံယေလ ပရောဖက်ပြုခဲ့သည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ