ဒံယေလပရောဖက်ပြုသည့်နေ့များနှင့်ကျွန်ုပ်တို့၏ယုံကြည်ခြင်း
“အရက်တစ်ထောင်သုံးရာသုံးဆယ်ငါးရက်တိုင်အောင် ငံ့လင့်၍မီသောသူသည် မင်္ဂလာရှိ [ပျော်ရွှင်၊ ကဘ] ၏။” —ဒံယေလ ၁၂:၁၂။
၁ လူများစွာတို့သည် စစ်မှန်သောပျော်ရွှင်မှုကို အဘယ်ကြောင့်ရှာမတွေ့ ကြသနည်း။ စစ်မှန်သောပျော်ရွှင်မှုသည် မည်သည့်အရာများနှင့်ဆက်စပ်နေသနည်း။
လူတိုင်းပျော်ရွှင်လိုကြသည်။ သို့သော် ယနေ့ပျော်ရွှင်မှုအနည်းငယ်သာရှိသည်။ အဘယ်ကြောင့်နည်း။ တစ်စိတ်တစ်ဒေသအားဖြင့် လူအများစုတို့သည် ပျော်ရွှင်မှုကိုရှာသောနေရာလွဲနေကြသောကြောင့်ဖြစ်သည်။ ပညာရေး၊ စည်းစိမ်ချမ်းသာ၊ အလုပ်အကိုင် သို့မဟုတ် အာဏာလိုက်စားမှုတို့တွင် ပျော်ရွှင်မှုကိုရှာကြသည်။ သို့သော် တောင်ပေါ်ဒေသနာတော်ကို ယေရှုစတင်ဟောပြောရာတွင် ပျော်ရွှင်မှုကို လူတစ်ဦး၏ ဝိညာဏလိုအပ်ချက်ကိုအသိအမှတ်ပြုခြင်း၊ ကရုဏာ၊ နှလုံးဖြူစင်ခြင်းနှင့် အလားတူအရည်အချင်းများနှင့် ကိုယ်တော်ဆက်စပ်ထားသည်။ (မဿဲ ၅:၃-၁၀) ယေရှုပြောဆိုခဲ့သောပျော်ရွှင်မှုမျိုးသည် စစ်မှန်၍တည်တံ့သည်။
၂။ ပရောဖက်ပြုချက်အရ ဤဆုံးခန်းအချိန်တွင် မည်သည့်အရာက ပျော်ရွှင်မှုသို့ပို့ဆောင်ပေးပြီး ယင်းနှင့်ပတ်သက်၍ မည်သည့်မေးခွန်းများပေါ်ပေါက်လာသနည်း။
၂ ဆုံးခန်းကာလအတွင်းရှိ ဘိသိက်ခံအကြွင်းအကျန်များအတွက်မူ ပျော်ရွှင်မှုသည် နောက်ထပ်အရာများနှင့်ဆက်စပ်နေသည်။ ဒံယေလကျမ်းစာစောင်တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်–“ဒံယေလ၊ သင်သွားလော့။ ထိုစကားသည် အမှုကုန်ရသည်ကာလတိုင်အောင် ပိတ်၍တံဆိပ်ခတ်ထားလျက်ရှိ၏။ အရက်တစ်ထောင်သုံးရာသုံးဆယ်ငါးရက်တိုင်အောင် ငံ့လင့်၍မီသောသူသည် မင်္ဂလာရှိ [ပျော်ရွှင်၊ ကဘ] ၏။” (ဒံယေလ ၁၂:၉၊ ၁၂) ဤ ၁,၃၃၅ ရက်သည် မည်သည့်အချိန်ကာလကို ငုံမိသနည်း။ ထိုနေ့ရက်ကိုမီသောသူသည် အဘယ်ကြောင့်ပျော်ရွှင်ရသနည်း။ ယင်းသည် ယနေ့ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် တစ်စုံတစ်ရာပတ်သက်နေသလော။ ပေရသိဘုရင်ကုရုမင်းနန်းစံသုံးနှစ်အချိန်၊ ဗာဗုလုန်သုံ့ပန်းအဖြစ်မှ ဣသရေလလူမျိုးပြန်လွတ်မြောက်လာပြီးမကြာမီ ဤစကားများကို ဒံယေလရေးသားသည့်အချိန်ကို ကျွန်ုပ်တို့ပြန်မျှော်ကြည့်ခြင်းက အထက်ပါမေးခွန်းများ၏အဖြေကိုရရန် အကူအညီဖြစ်စေမည်။—ဒံယေလ ၁၀:၁။
ပြန်လည်ထူထောင်ခြင်းသည် ပျော်ရွှင်မှုကိုဖြစ်စေ
၃။ ဘီ.စီ.အီး. ၅၃၇ ခုနှစ်က ကုရုဘုရင်၏မည်သည့်လုပ်ဆောင်မှုသည် သစ္စာရှိဂျူးများအတွက် ကြီးစွာသောပျော်ရွှင်မှုဖြစ်စေခဲ့သနည်း။ သို့သော် ကုရုသည် ဂျူးများအား မည်သည့်အခွင့်အရေးကိုမပေးဘဲနေခဲ့သနည်း။
၃ ဗာဗုလုန်မှပြန်လည်လွတ်မြောက်လာခြင်းသည် ဂျူးများအတွက် အထူးပျော်ရွှင်မြူးထူးဖွယ်အခါသမယဖြစ်ခဲ့သည်။ ပြည်နှင်ခံရပြီးနောက် နှစ်ပေါင်း ၇၀ နီးပါးလောက်တွင် ယေရုရှလင်မြို့သို့ပြန်၍ ယေဟောဝါ၏ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ရန် မဟာကုရုက သူတို့အားဖိတ်ခေါ်ခဲ့သည်။ (ဧဇရ ၁:၁၊ ၂) ယင်းကိုတုံ့ပြန်သူတို့သည် ကြီးမားသည့်မျှော်လင့်ချက်ဖြင့်ထွက်ခွာခဲ့ကြပြီး ဘီ.စီ.အီး. ၅၃၇ ခုနှစ်တွင် မိမိတို့၏ဇာတိမြေသို့ ပြန်ရောက်ခဲ့ကြသည်။ သို့သော် ဒါဝိဒ်မင်းကိုဆက်ခံမည့်သူတစ်ဦး၏လက်အောက်တွင် နိုင်ငံတစ်ခုပြန်လည်တည်ထောင်ရန် ကုရု သူတို့အားမဖိတ်ခေါ်ခဲ့ပါ။
၄၊ ၅။ (က) ဒါဝိဒ်မင်းဆက်မည်သည့်အချိန်ကမှောက်လှန်ခံရသနည်း။ အဘယ်ကြောင့်နည်း။ (ခ) ဒါဝိဒ်မင်းဆက်ပြန်လည်တည်ရှိမည့်အကြောင်း မည်သည့်အာမခံချက်ကို ယေဟောဝါပေးခဲ့သနည်း။
၄ ယင်းအချက်ထင်ရှားခဲ့သည်။ ယင်းမတိုင်မီငါးရာစုနှစ်ခန့်က ဒါဝိဒ်အားယေဟောဝါဤသို့ကတိပြုခဲ့သည်–“သင်၏အမျိုးအနွယ်နှင့်သင်၏နိုင်ငံသည် ငါ့ရှေ့မှာအစဉ်အမြဲတည်လိမ့်မည်။ သင်၏ရာဇပလ္လင်သည်လည်း အစဉ်အမြဲတည်လိမ့်မည်။” (၂ ဓမ္မရာဇဝင် ၇:၁၆) ဝမ်းနည်းစရာကား ဒါဝိဒ်အားဆက်ခံသည့်မင်းအများစုသည် ပုန်ကန်သည့်သဘောကိုတင်ပြခဲ့ကြပြီး လူမျိုး၏သွေးအပြစ်သည်အလွန်ကြီးမားလှရကား ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ဒါဝိဒ်မင်းဆက်မှောက်လှန်ခံရရန် ယေဟောဝါခွင့်ပြုခဲ့သည်။ မဂ္ဂဘီးစ်၏လက်အောက်ခံအချိန်တိုကလေးမှလွဲ၍ ယေရုရှလင်မြို့သည် ထိုအချိန်မှ ဒုတိယအကြိမ်ဖျက်ဆီးခြင်းခံရသည့် စီ. အီး. ၇၀ ခုနှစ်အထိ တိုင်းတစ်ပါးလက်အောက်ခံဖြစ်ခဲ့ရသည်။ သို့နှင့် ဘီ.စီ.အီး. ၅၃၇ ခုနှစ်တွင် ဒါဝိဒ်၏သားစဉ်မြေးဆက်တစ်ဦးမျှမအုပ်ချုပ်သည့် “လူမျိုးခြားများအတွက်သတ်မှတ်ထားသောကာလ” ရောက်ရှိလာခဲ့သည်။—လုကာ ၂၁:၂၄၊ ကဘ။
၅ သို့သော် ယေဟောဝါသည် ဒါဝိဒ်အားမိမိပေးခဲ့သည့်ကတိကိုမမေ့ပါ။ ဗာဗုလုန်အားဖြင့် ကမ္ဘာ့အုပ်စိုးမှုစတင်သည့်အချိန်မှစ၍ ဒါဝိဒ်အနွယ်မှမင်းတစ်ပါးသည် ယေဟောဝါလူများ၏နိုင်ငံတော်တွင် တစ်ဖန်ပြန်လည်အုပ်ချုပ်သည့်အချိန်အထိ ရာစုနှစ်များစွာကြာမည့် ကမ္ဘာ့အနာဂတ်အဖြစ်အပျက်အသေးစိတ်ကို ရူပါရုံများနှင့်အိပ်မက်များအားဖြင့် မိမိ၏ပရောဖက်ဒံယေလမှတစ်ဆင့် ကိုယ်တော်ဖော်ပြတော်မူခဲ့သည်။ ဒံယေလအခန်းကြီး ၂၊ ၇၊ ၈ နှင့် ၁၀-၁၂ တို့တွင် မှတ်တမ်းတင်ထားသည့်ပရောဖက်ပြုချက်များက နောက်ဆုံးတွင် ဒါဝိဒ်၏ရာဇပလ္လင်သည် “အစဉ်အမြဲတည်” မည်ဖြစ်ကြောင်း သစ္စာရှိဂျူးတို့အားစိတ်ချစေခဲ့သည်။ ထိုထင်ရှားသိသာသည့်အမှန်တရားသည် ဘီ.စီ.အီး. ၅၃၇ ခုနှစ်တွင် မိမိတို့နေရင်းနိုင်ငံသို့ပြန်လာခဲ့သော ထိုဂျူးလူမျိုးများအား ပျော်ရွှင်မှုကိုဖြစ်စေခဲ့သည်မှာ သေချာပါသည်!
၆။ ဒံယေလပရောဖက်ပြုချက်အချို့တို့သည် ကျွန်ုပ်တို့အချိန်တွင်ပြည့်စုံမည်ဟု မည်သည့်နည်းဖြင့်သိရသနည်း။
၆ ခရစ်တော်ယေရှုမမွေးဖွားမီကတည်းက ဒံယေလပရောဖက်ပြုချက်တစ်ခုလုံးနီးပါး ပြည့်စုံခဲ့သည်ဟု ကျမ်းစာဋီကာဆရာအများစုတို့က ဆိုကြသည်။ သို့သော် ယင်းသို့မဟုတ်ကြောင်း ထင်ရှားနေပါသည်။ ဒံယေလ ၁၂:၄ တွင် ကောင်းကင်တမန်က ဒံယေလအားဤသို့ပြောသည်–“သင်ဒံယေလမူကား အမှုကုန်ရသည့်ကာလတိုင်အောင် ဤစကားတော်တို့ကိုပိတ်၍ စာစောင်ကိုတံဆိပ်ခတ်ထားလော့။ အများသောသူတို့သည် ထိုစာကိုကြည့်ရှုသောအားဖြင့် ပညာတိုးပွားလိမ့်မည်။” ဒံယေလကျမ်းစာစောင်သည် တံဆိပ်ဖွင့်ခြင်းခံရရန်—ယင်း၏အနက်အားလုံးထင်ရှားလာရန်—မှာ ဆုံးခန်းကာလတွင်သာဖြစ်ရမည်၊ အနည်းဆုံး ယင်း၏ပရောဖက်ပြုချက်အချို့သည် ထိုကာလတွင်ပြည့်စုံရမည်ဖြစ်သည်။—ဒံယေလ ၂:၂၈; ၈:၁၇; ၁၀:၁၄ ကိုရှု။
၇။ (က) လူမျိုးခြားများအတွက် သတ်မှတ်ထားသောကာလသည် မည်သည့်အခါတွင်ကုန်ဆုံးခဲ့ပြီး ထိုအချိန်တွင် မည်သည့်အရေးပေါ်မေးခွန်းဖြေဆိုရန်ပေါ်ပေါက်ခဲ့သနည်း။ (ခ) မည်သူများသည် “သစ္စာနှင့်သတိပညာရှိသောကျွန်” မဟုတ်ကြသနည်း။
၇ ၁၉၁၄ ခုနှစ်တွင် လူမျိုးခြားများအတွက်သတ်မှတ်ထားသောကာလကုန်ဆုံးပြီး ဤလောက၏ဆုံးခန်းကာလစတင်ခဲ့သည်။ ဒါဝိဒ်၏နိုင်ငံတော်သည် မြေကြီးယေရုရှလင်တွင်မဟုတ်ဘဲ မျက်မြင်မရသည့် “ကောင်းကင်မိုးတိမ်” တွင် ပြန်လည်တည်ထောင်ခံခဲ့ရသည်။ (ဒံယေလ ၇:၁၃၊ ၁၄၊ ကဘ) ထိုအချိန်တွင် အတုအယောင်ခရစ်ယာန်အယူဝါဒ၏ “တောမျိုးစေ့များ” ကြီးပွားနေသောကြောင့် ခရစ်ယာန်စစ်အယူဝါဒ၏အခြေအနေသည်—ယုတ်စွအဆုံးလူ့အမြင်အားဖြင့် ပီပြင်မှုမရှိခဲ့ချေ။ သို့တစေ အရေးကြီးသောမေးခွန်းတစ်ရပ်ကိုဖြေဆိုရန်ပေါ်ပေါက်ခဲ့သည်–“သစ္စာနှင့်သတိပညာရှိသောကျွန်ကား အမှန်အားဖြင့် မည်သူဖြစ်သနည်း။” (မဿဲ ၁၃:၂၄-၃၀; ၂၄:၄၅၊ သမ) ပြန်လည်တည်ထောင်မည့်ဒါဝိဒ်၏နိုင်ငံတော်ကို မြေကြီးပေါ်မှမည်သူများ ကိုယ်စားပြုကြမည်နည်း။ ဒံယေလ၏သွေးသားညီအစ်ကိုများဖြစ်သော ဂျူးများမဟုတ်ကြပါ။ သူတို့သည် ယုံကြည်ခြင်းကင်းမဲ့ခဲ့ကြပြီး မေရှိယကိုထိမိ၍လဲကြသောကြောင့် ငြင်းပယ်ခံခဲ့ရပြီးဖြစ်သည်။ (ရောမ ၉:၃၁-၃၃) ခရစ်ယာန်ဘောင်အဖွဲ့အစည်းများတွင် သစ္စာရှိကျေးကျွန်အလျှင်းမရှိနိုင်ခဲ့ပါတကား! သူတို့၏ဆိုးညစ်သည့်လုပ်ရပ်များက သူတို့ကိုယေရှုမသိကြောင်းသက်သေထူခဲ့သည်။ (မဿဲ ၇:၂၁-၂၃) သို့ဆိုလျှင် ထိုကျွန်ကားမည်သူနည်း။
၈။ ဆုံးခန်းကာလအတွင်း “သစ္စာနှင့်သတိပညာရှိသောကျွန်” ဖြစ်ကြောင်း မည်သူများကသက်သေထူခဲ့ကြပြီနည်း။ ယင်းကိုကျွန်ုပ်တို့မည်သို့သိရသနည်း။
၈ ၁၉၁၄ ခုနှစ်တွင် ကျမ်းစာကျောင်းသားများဟုအမည်တွင်ပြီး ၁၉၃၁ ခုနှစ်မှစ၍ ယေဟောဝါသက်သေများဟု ထင်ရှားလာသော ယေရှု၏ဘိသိက်ခံညီတော်လူနည်းစုဖြစ်သည်မှာ သံသယဖြစ်စရာမရှိပါ။ (ဟေရှာယ ၄၃:၁၀) သူတို့သာလျှင် ဒါဝိဒ်မင်းဆက်အားဖြင့် ပြန်လည်တည်ထောင်မည့်နိုင်ငံတော်ကို ကြေညာသူများဖြစ်ခဲ့ကြသည်။ (မဿဲ ၂၄:၁၄) သူတို့သာလျှင် လောကနှင့်သီးခြားရပ်တည်ပြီး ယေဟောဝါ၏နာမတော်ကို ထင်ရှားစေသူများဖြစ်ခဲ့ကြသည်။ (ယောဟန် ၁၇:၆၊ ၁၄) နောက်ဆုံးကာလတွင် ဘုရားသခင်၏လူများနှင့်ပတ်သက်သော သမ္မာကျမ်းစာပရောဖက်ပြုချက်များသည် သူတို့အပေါ်၌သာပြည့်စုံခဲ့သည်။ ထိုပရောဖက်ပြုချက်များထဲတွင် ဒံယေလအခန်းကြီး ၁၂ တွင်မှတ်တမ်းတင်ထားသည့် ပျော်ရွှင်မှုဖြစ်စေမည့် ၁,၃၃၅ ရက်ပါဝင်သော ပရောဖက်ပြုသည့်ကာလစဉ်ပါဝင်သည်။
၁,၂၆၀ ရက်
၉၊ ၁၀။ ဒံယေလ ၇:၂၅ ပါ “တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်” ကို မည်သည့်အဖြစ်အပျက်က မှတ်သားဖော်ပြပြီး အခြားမည်သည့်ကျမ်းစောင်များတွင် နှိုင်းယှဉ်သည့်အချိန်ကာလကို ဖော်ပြထားသနည်း။
၉ ဒံယေလ ၁၂:၇ တွင် ပထမဆုံးပရောဖက်ပြုသည့်အချိန်ကာလကို ကျွန်ုပ်တို့ဖတ်ရသည်–“တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံးဖြစ်ကြလိမ့်မည်။ သန့်ရှင်းသူတို့၏အစွမ်းသတ္တိကို အရပ်ရပ်သို့ဖြန့်လွှင့်ခြင်းအမှုပြီးသောအခါ ထိုအမှုအရာအလုံးစုံတို့သည် ကုန်စင်ကြလိမ့်မည်။” a အလားတူအချိန်ကာလပိုင်းကို ဗျာဒိတ် ၁၁:၃-၆ တွင်ဖော်ပြထားသည်။ ထိုတွင် ဘုရားသခင်၏သက်သေများသည် လျှော်တေအဝတ်ကိုဝတ်လျက် ရက်ပေါင်း ၁,၂၆၀ ဟောပြောပြီး အသတ်ခံရမည်အကြောင်း ဖော်ပြထားသည်။ တစ်ဖန် ဒံယေလ ၇:၂၅ တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရကြသည်–“အမြင့်ဆုံးသောဘုရားကိုဆန့်ကျင်ဘက်ပြု၍ ကြီးစွာသောစကားကိုပြောလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏သန့်ရှင်းသူတို့ကို နှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့်ပညတ်တရားတို့ကိုပြောင်းလဲစေခြင်းငှာ ကြံစည်လိမ့်မည်။ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး သူသည်အခွင့်ရလိမ့်မည်။”
၁၀ ဤဒုတိယပရောဖက်ပြုချက်တွင် “သူ” သည် ဗာဗုလုန်မှရေတွက်လျှင် ပဉ္စမကမ္ဘာ့အာဏာစက်ဖြစ်သည်။ ယင်းသည် “ချိုငယ်” ဖြစ်ပြီး ယင်းတန်ခိုးအာဏာရှိချိန်အတွင်း လူသားသည် “နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုး” ကိုရရှိသည်။ (ဒံယေလ ၇:၈၊ ၁၄) မူလအားဖြင့် ဗြိတိန်အင်ပါယာဖြစ်သော ဤပုံဆောင်ချိုသည် ပထမကမ္ဘာစစ်အတွင်းက အင်္ဂလို-အမေရိကန်ပူးတွဲအာဏာအဖြစ် ပေါ်ပေါက်ခဲ့ပြီး ယခုအခါ အမေရိကန်ပြည်ထောင်စု၏ဩဇာအောက်တွင် ရှိနေသည်။ ဤအာဏာစက်သည် သန့်ရှင်းသူများကို သုံးကာလခွဲ သို့မဟုတ် သုံးနှစ်ခွဲတိုင်နှောင့်ယှက်ပြီး ကာလအချိန်နှင့်ပညတ်တရားကို ပြောင်းလဲရန်ကြိုးစားသည်။ နောက်ဆုံးတွင် သန့်ရှင်းသူများသည် သူ၏လက်ထဲသို့ပေးအပ်ခြင်းခံရမည်။—ဗျာဒိတ် ၁၃:၅၊ ၇ ကိုလည်းရှု။
၁၁၊ ၁၂။ ပရောဖက်ပြုရက်ပေါင်း ၁,၂၆၀ သည် မည်သည့်အဖြစ်အပျက်ဖြင့်စတင်သနည်း။
၁၁ ဤအပြိုင်ပရောဖက်ပြုချက်များ မည်သို့ပြည့်စုံခဲ့သနည်း။ ၁၉၁၄ ခုနှစ်သည် လူမျိုးခြားများအတွက်သတ်မှတ်ထားသောကာလကုန်ဆုံးချိန်ကို သတ်မှတ်မည်ဖြစ်ကြောင်း ယေရှု၏ဘိသိက်ခံညီတော်များသည် ပထမကမ္ဘာစစ်မတိုင်မီနှစ်ပေါင်းများစွာကတည်းက လူအများသိအောင်သတိပေးခဲ့ကြသည်။ စစ်ကြီးဖြစ်ပွားသောအခါ သတိပေးချက်လျစ်လျူရှုခံရကြောင်း သက်သေထင်ရှားခဲ့သည်။ စာတန်သည် ထိုအချိန်က ဗြိတိသျှအင်ပါယာသြဇာလွှမ်းမိုးခံရသော ကမ္ဘာ့နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် သူ၏ “သားရဲ” ကိုအသုံးပြုကာ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မည့်အချိန်ကို လွဲဖယ်သွားစေရန် “အချိန်ကာလနှင့်ပညတ်တရားကို ပြောင်းလဲ” ရန်ကြိုးစားခဲ့သည်။ (ဗျာဒိတ် ၁၃:၁၊ ၂) သူ မအောင်မြင်ခဲ့ပါ။ ဘုရားသခင့်နိုင်ငံတော်သည် လူသားများလုံးဝလက်လှမ်းမမီနိုင်သည့်ကောင်းကင်တွင် တည်ထောင်ခဲ့သည်။—ဗျာဒိတ် ၁၂:၁-၃။
၁၂ စစ်သည် ကျမ်းစာကျောင်းသားများအတွက် စမ်းသပ်ရာအချိန်ဖြစ်ခဲ့သည်။ ၁၉၁၄ ခုနှစ်၊ ဇန်နဝါရီလကတည်းကစ၍ ဒံယေလပရောဖက်ပြုချက်များကို အာရုံစူးစိုက်စေသည့် သမ္မာကျမ်းစာဆိုင်ရာတင်ဆက်မှုဖြစ်သော ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ် ကို ပြသလာခဲ့သည်။ ထိုနှစ်နွေအချိန်၌ ကမ္ဘာ့မြောက်ခြမ်းတွင် စစ်ကြီးစတင်ခဲ့သည်။ အောက်တိုဘာလရောက်သော် သတ်မှတ်ရာကာလကုန်ဆုံးခဲ့သည်။ နှစ်အဆုံးပိုင်းရောက်သော် ဘိသိက်ခံအကြွင်းအကျန်များသည် နှိပ်စက်ညှဉ်းပန်းမှုကို စောင့်မျှော်လာခဲ့ကြသည်။ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း မှ မဿဲ ၂၀:၂၂ ကိုအခြေပြုထားသော ၁၉၁၅ ခုနှစ်အတွက် ရွေးချယ်ထားသည့်နှစ်ချုပ်ကျမ်းချက်အတိုင်း “ငါ၏ခွက်ကို သင်တို့သောက်နိုင်ကြမည်လော” ဟု မိမိတပည့်တော်များအား ယေရှုမေးခွန်းမေးသည့်အဖြစ်အပျက်နှင့်အညီဖြစ်ခဲ့သည်။
၁၃။ ရက်ပေါင်း ၁,၂၆၀ အတွင်း ကျမ်းစာကျောင်းသားများသည် မည်သည့်နည်းဖြင့် လျှော်တေအဝတ်ဖြင့်ဟောပြောခဲ့ကြပြီး ထိုအချိန်ကာလကုန်ဆုံးသောအခါ ဘာဖြစ်ပျက်သနည်း။
၁၃ ထို့ကြောင့် ၁၉၁၄ ခု၊ ဒီဇင်ဘာလမှစ၍ ‘လျှော်တေအဝတ်ကိုဝတ်၍ဟောပြော’ သော ဤသက်သေခံအဖွဲ့ငယ်ကလေးသည် ယေဟောဝါ၏တရားစီရင်ချက်များကိုကြေညာရင်း နှိမ့်ချစွာခံရပ်လာခဲ့ကြသည်။ ၁၉၁၆ ခုနှစ်တွင် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ ပထမဆုံးဥက္ကဋ္ဌဖြစ်သူ စီ၊ တီ၊ ရပ်စယ်လ်ကွယ်လွန်ခြင်းက များစွာသောသူတို့အား တုန်လှုပ်စေခဲ့သည်။ စစ်ပွဲသည် နေရာအနှံ့ကူးစက်လာသည်နှင့်အမျှ သူတို့သည် တိုး၍ဆန့်ကျင်မှုများကိုခံခဲ့ရသည်။ အချို့ထောင်ချခံခဲ့ရသည်။ အင်္ဂလန်မှ ဖရန့်ခ်ပလတ်နှင့် ကနေဒါမှ ရောဘတ်ကလက်ဂ်တို့သည် ရက်စက်သည့်အာဏာရှင်များလက်အောက်တွင် ညှဉ်းဆဲခံခဲ့ကြရသည်။ နောက်ဆုံး၊ ၁၉၁၈ ခု၊ ဇွန်လ ၂၁ ရက်နေ့တွင် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ ဥက္ကဋ္ဌသစ်ဖြစ်သူ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်နှင့်အတူ အသင်းဒါရိုက်တာများသည် မတရားစွပ်စွဲခံရကြပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ကြရသည်။ ဤနည်းအားဖြင့် ပရောဖက်ပြုအချိန်ကာလကုန်ဆုံးသောအခါ “ချိုငယ်” သည် စနစ်တကျဖွဲ့စည်းထားသော လူများရှေ့ဟောပြောခြင်းလုပ်ငန်းကို သတ်ပစ်ခဲ့သည်။—ဒံယေလ ၇:၈။
၁၄။ ၁၉၁၉ ခုနှစ်နှင့်ယင်းနောက်ပိုင်းတွင် ဘိသိက်ခံအကြွင်းအကျန်များအတွက် မည်သို့အပြောင်းအလဲဖြစ်ခဲ့သနည်း။
၁၄ ဗျာဒိတ်ကျမ်းစာစောင်က နောက်ထပ်ဖြစ်လာမည့်အရာကို ပရောဖက်ပြုသည်။ လှုပ်ရှားမှုမရှိသည့်အချိန်တို—လမ်းပေါ်တွင် သုံးရက်ခွဲသေနေကြမည်ဟု ကြိုပြောထားသည့်အဖြစ်—ပြီးနောက် ဘိသိက်ခံအကြွင်းအကျန်များသည် အသက်ပြန်ရှင်လာကြပြီး ပြန်လည်လှုပ်ရှားလာခဲ့ကြသည်။ (ဗျာဒိတ် ၁၁:၁၁-၁၃) ၁၉၁၉ ခု၊ မတ်လ ၂၆ ရက်နေ့တွင် ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းဥက္ကဋ္ဌနှင့် ဒါရိုက်တာများသည် လွတ်မြောက်လာကြပြီး နောက်ပိုင်းတွင် သူတို့အားမတရားစွပ်စွဲထားချက်များမှ တရားသေလွတ်မြောက်ခဲ့ကြသည်။ ဘိသိက်ခံတို့သည် လွတ်မြောက်လာသည်နှင့်တစ်ပြိုင်နက် ရှေ့ဆက်လုပ်ဆောင်မှုများအတွက် ပြန်လည်စီစဉ်ဖွဲ့စည်းကြတော့သည်။ ထိုသို့အားဖြင့် ဗျာဒိတ်ကျမ်းပါပထမဘေးဒဏ်ပြည့်စုံသည့်အနေနှင့် သူတို့သည် ထူထပ်သည့်မီးခိုးနှင့်အတူ မလှုပ်ရှားနိုင်သည့်တွင်းနက်ထဲမှ ဝိညာဏကျိုင်းကောင်များကဲ့သို့ ထွက်လာကြပြီး မှောက်မှားသောဘာသာရေး၏ မှောင်မိုက်သည့်အနာဂတ်ကို ကြိုတင်နိမိတ်ပြခဲ့ကြသည်။ (ဗျာဒိတ် ၉:၁-၁၁) နောက်နှစ်အနည်းငယ်အတွင်း သူတို့သည် ဝိညာဉ်ရေးတွင်အားရှိလာကြပြီး ရှေ့တွင်ရင်ဆိုင်ရမည့်အရာများအတွက် ပြင်ဆင်ခဲ့ကြသည်။ ၁၉၂၁ ခုနှစ်တွင် လူသစ်များနှင့်ကလေးများ ကျမ်းစာအခြေခံသမ္မာတရားကိုလေ့လာရာတွင် အကူအညီဖြစ်စေရန်ရည်ရွယ်သည့် ဘုရားသခင်၏စောင်းတော် အမည်ရှိစာအုပ်သစ်ကို ထုတ်ဝေခဲ့ကြသည်။ (ဗျာဒိတ် ၁၂:၆၊ ၁၄) ဤအဖြစ်အပျက်အားလုံးတို့သည် ထူးခြားထင်ရှားသည့်နောက်အချိန်ကာလတစ်ခုအတွင်းတွင် ဖြစ်ခဲ့သည်။
၁,၂၉၀ ရက်
၁၅။ ရက်ပေါင်း ၁,၂၉၀ အစကို မည်သည့်နည်းဖြင့် ကျွန်ုပ်တို့ရေတွက်နိုင်သနည်း။ ဤကာလမည်သည့်အခါတွင်ကုန်ဆုံးခဲ့သနည်း။
၁၅ ကောင်းကင်တမန်က ဒံယေလအားဤသို့ပြောခဲ့သည်– “နေ့ရက်အစဉ်ပြုသောဝတ် [“စဉ်ဆက်မပြတ်ပူဇော်သက္ကာ”၊ ကဘ အောက်ခြေမှတ်ချက်] ကိုပယ်ရှင်း၍ ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာသည်ပေါ်လာပြီးမှ အရက်တစ်ထောင်နှစ်ရာကိုးဆယ်ကြာလိမ့်မည်။” (ဒံယေလ ၁၂:၁၁) မောရှေပညတ်အောက်တွင် “စဉ်ဆက်မပြတ်ပူဇော်သက္ကာ” ကို ယေရုရှလင်မြို့ရှိ ဗိမာန်တော်ယဇ်ပလ္လင်တွင် မီးရှို့ရသည်။ ခရစ်ယာန်များသည် မီးရှို့ရာယဇ်ကိုမပူဇော်ကြသော်လည်း ဝိညာဏစဉ်ဆက်မပြတ်ယဇ်ကို သူတို့ပူဇော်ကြသည်။ ပေါလုက ဤသို့ပြောရာတွင် ယင်းကိုရည်ညွှန်းခဲ့သည်– “ထို့ကြောင့်ငါတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကိုဝန်ခံလျက် နှုတ်ခမ်းအသီးတည်းဟူသောချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။” (ဟေဗြဲ ၁၃:၁၅; ဟောရှေ ၁၄:၂ နှိုင်းယှဉ်။) ဤစဉ်ဆက်မပြတ်ယဇ်ပူဇော်ခြင်းသည် ၁၉၁၈ ခုနှစ်၊ ဇွန်လတွင် ပယ်ရှားခြင်းခံခဲ့ရသည်။ သို့ဖြစ်လျှင် “ရွံရှာဖွယ်အရာ”—စောင့်မျှော်ရမည့်ဒုတိယအခြင်းအရာကား အဘယ်နည်း။ ယင်းကား ပထမကမ္ဘာစစ်အပြီးတွင် စစ်နိုင်သည့်အင်အားကြီးနိုင်ငံများတည်ထောင်သော နိုင်ငံပေါင်းချုပ်အသင်းကြီးပင်ဖြစ်သည်။bယင်းသည် ရွံရှာဖွယ်အရာဖြစ်ခဲ့သည်။ အကြောင်းမှာ ခရစ်ယာန်ဘောင်ခေါင်းဆောင်များက ယင်းအသင်းကို ဘုရားသခင့်နိုင်ငံတော်နေရာတွင်ထားခြင်းအားဖြင့် ငြိမ်းချမ်းရေးအတွက် လူသားတို့၏တစ်ခုတည်းသောမျှော်လင့်ရာအဖြစ် ရုပ်လုံးဖော်ကြသောကြောင့်ဖြစ်သည်။ နိုင်ငံပေါင်းချုပ်အသင်းသည် ၁၉၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် အတည်ပြုရန် အဆိုတင်သွင်းခံခဲ့ရသည်။ ထိုအချိန်မှစ၍ ၁,၂၉၀ ရက် (သုံးနှစ်၊ ခုနစ်လ) ကိုစတင်ရေတွက်ပါက ၁၉၂၂ ခု၊ စက်တင်ဘာလသို့ရောက်သွားမည်။
၁၆။ ရက်ပေါင်း ၁,၂၉၀ အကုန်တွင် ဘိသိက်ခံအကြွင်းအကျန်များသည် လှုပ်ရှားဆောင်ရွက်ရန် အသင့်ဖြစ်ကြောင်း အထောက်အထားမည်သို့ရှိသနည်း။
၁၆ ထို့နောက်ဘာဖြစ်သနည်း။ ကျမ်းစာကျောင်းသားများသည် ယခုအခါ အားသစ်လန်းလာကြပြီး မဟာဗာဗုလုန်မှလွတ်မြောက်ကာ ဆက်၍လှုပ်ရှားဆောင်ရွက်ရန် အဆင်သင့်ဖြစ်ခဲ့ကြသည်။ (ဗျာဒိတ် ၁၈:၄) ၁၉၂၂ ခု၊ စက်တင်ဘာလတွင် အမေရိကန်နိုင်ငံ၊ အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်မြို့၌ကျင်းပခဲ့သောစည်းဝေးပွဲတစ်ခုတွင် ခရစ်ယာန်ဘောင်အပေါ်ဘုရားသခင့်တရားစီရင်ချက်များကို သူတို့ရဲရင့်စွာစတင်ကြေညာခဲ့ကြသည်။ (ဗျာဒိတ် ၈:၇-၁၂) ကျိုင်းကောင်ကိုက်ခံရခြင်းသည် အမှန်ပင်နာကျင်စပြုလာခဲ့ပြီတကား! ထိုမျှမကသေးပါ၊ ဗျာဒိတ်ကျမ်း၏ဒုတိယဘေးဒဏ်စတင်ခဲ့ပြန်သည်။ ခရစ်ယာန်မြင်းစီးသူရဲ—အစတွင် ဘိသိက်ခံအကြွင်းအကျန်များနှင့် နောက်ပိုင်းတွင် တိုးတက်များပြားလာသောလူအုပ်ကြီးဖြင့် ဖွဲ့စည်းထားသော—တပ်မဟာကြီးတစ်ခုသည် ကမ္ဘာတစ်ခွင်ဒုန်းစိုင်းကြလေတော့သည်။ (ဗျာဒိတ် ၇:၉; ၉:၁၃-၁၉) ရက်ပေါင်း ၁,၂၉၀ ၏အဆုံးသည် ဘုရားသခင်၏လူများအတွက် ရွှင်လန်းစေခဲ့သည်အမှန်။c သို့သော် ဤမျှနှင့်မပြီးသေးပါ။
၁,၃၃၅ ရက်
၁၇။ ၁,၃၃၅ ရက်သည် မည်သည့်အချိန်တွင်စတင်ပြီး မည်သည့်အချိန်တွင်ကုန်ဆုံးသနည်း။
၁၇ ဒံယေလ ၁၂:၁၂ တွင်ဤသို့ပြောသည်–“အရက်တစ်ထောင်သုံးရာသုံးဆယ်ငါးရက်တိုင်အောင် ငံ့လင့်၍မီသောသူသည် မင်္ဂလာရှိ၏။” အထောက်အထားများအရ ဤ ၁,၃၃၅ ရက် သို့မဟုတ် သုံးနှစ်နှင့်ရှစ်လခွဲသည် ယခင်အချိန်ကာလ၏အဆုံးတွင်စတင်သည်။ ၁၉၂၂ ခုနှစ်မှစတင်ရေတွက်လျှင် ၁၉၂၆ ခုနှစ်၊ နွေနှောင်းပိုင်း (ကမ္ဘာ့မြောက်ခြမ်း) တွင်ကုန်ဆုံးသည်။ ထို ၁,၃၃၅ ရက်အတွင်း ဘာဖြစ်ပျက်ခဲ့သနည်း။
၁၈။ လွန်ခဲ့သည့် ၁၉၂၂ ခုနှစ်က တိုးတက်ရန်လိုမြဲလိုလျက်ရှိသေးကြောင်း မည်သည့်အဖြစ်မှန်များကညွှန်ပြသနည်း။
၁၈ အထောက်အထားများအရ ၁၉၂၂ ခုနှစ် ထူးခြားထင်ရှားသည့်သဘာဝအဖြစ်အပျက်များကြားမှပင် အချို့တို့က အတိတ်ကိုပြန်၍တမ်းတနေကြသည်။ စီ၊ တီ၊ ရပ်စယ်လ်ရေးသားသည့် ကျမ်းစာစောင်များမှလေ့လာစရာများ စာစောင်သည် လေ့လာမှုအတွက်အခြေခံကိရိယာဖြစ်ဆဲရှိသည်။ ကျယ်ပြန့်စွာထုတ်ဝေခဲ့သော ယခုအသက်ရှင်သောလူသန်းပေါင်းများစွာဘယ်တော့မျှမသေရ ဟူသည့်စာအုပ်ငယ်က ၁၉၂၅ ခုနှစ်တွင် မြေကြီးကိုပရဒိသုပြန်လည်ဖြစ်စေခြင်းနှင့် ရှေးသစ္စာရှိသူများရှင်ပြန်ထမြောက်ခြင်းတို့နှင့်ပတ်သက်သည့် ဘုရားသခင့်ရည်ရွယ်ချက်များသည် စတင်ပြည့်စုံတော့မည့်သဘောကို တင်ပြထားသည်။ ဘိသိက်ခံများဆင်းရဲဒုက္ခခံရခြင်းသည် ပြီးပြည့်စုံလုနီးဟန်ရှိခဲ့သည်။ သို့သော် ကျမ်းစာကျောင်းသားများနှင့်ပေါင်းသင်းသူအချို့တို့သည် အခြားသူများအားသတင်းကောင်းဝေငှရန် တက်ကြွမှုမရှိခဲ့ကြချေ။
၁၉၊ ၂၀။ (က) ၁,၃၃၅ ရက်အတွင်း ဘုရားသခင့်လူများအတွက် အပြောင်းအလဲများစွာမည်သို့ ဖြစ်ပျက်ခဲ့သနည်း။ (ခ) ၁,၃၃၅ ရက်ကုန်ဆုံးကြောင်း မည်သည့်အဖြစ်အပျက်များကမှတ်သားပြပြီး ယင်းတို့က ယေဟောဝါ၏လူများနှင့်ပတ်သက်၍ မည်သို့ ညွှန်ပြသနည်း။
၁၉ ၁,၃၃၅ ရက်ထဲရောက်လာသည်နှင့်အမျှ ဤအရာအားလုံးပြောင်းလဲသွားသည်။ ညီအစ်ကိုများအားရှိစေရန် အုပ်စုလိုက် ကင်းမျှော်စင် မှန်မှန်လေ့လာသည့်အစီအစဉ်ကို ဖွဲ့စည်းစီစဉ်ပေးသည်။ လယ်ကွင်းလုပ်ငန်းကို ဖိအားပေးလုပ်ဆောင်လာသည်။ ၁၉၂၃ ခု၊ မေလမှစ၍ လတိုင်း၏ ပထမဆုံးအင်္ဂါနေ့တွင် လယ်ကွင်းလုပ်ငန်း၌ပါဝင်ရန် လူတိုင်းဖိတ်ခေါ်ခံရပြီး ဤလုပ်ငန်းနှင့်ပတ်သက်၍သူတို့ကိုအားပေးရန် ထိုရက်သတ္တပတ်အလယ်အစည်းအဝေးအတွင်း အချိန်သတ်မှတ်ထားပေးသည်။ ၁၉၂၃ ခု၊ ဩဂုတ်လတွင် အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလိစ်မြို့၌ ကျင်းပသည့်အစည်းအဝေးတစ်ခုတွင် ယေရှု၏သိုးနှင့်ဆိတ်ပုံဥပမာသည် အနှစ်တစ်ထောင်အုပ်ချုပ်ရေးမတိုင်မီ ပြည့်စုံမည်ဖြစ်ကြောင်း တင်ပြခဲ့သည်။ (မဿဲ ၂၅:၃၁-၄၀) ၁၉၂၄ ခုနှစ်ရောက်သော် လေလှိုင်းတွင်သတင်းကောင်းလွှင့်ရန်အသုံးပြုသည့် ဒဗလျူဘီဘီအာရ် ရေဒီယိုအသံလွှင့်ဌာနကိုဖွင့်လှစ်ခဲ့သည်။ ၁၉၂၅ ခု၊ မတ်လ ၁ ရက်ထုတ် ကင်းမျှော်စင် ပါ “လူမျိုးတစ်မျိုးမွေးဖွားခြင်း” ဆောင်းပါးက ဗျာဒိတ်ကျမ်းအခန်းကြီး ၁၂ နှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲသည့်အသိပညာကို တင်ပြပေးသည်။ နောက်ဆုံးတွင် သစ္စာရှိခရစ်ယာန်များသည် ၁၉၁၄-၁၉ တွင်ဖြစ်ပျက်ခဲ့သည့် ရုန်းရင်းဆန်ခတ်အခြေအနေကို မှန်ကန်စွာနားလည်ခဲ့ကြသည်။
၂၀ ၁၉၂၅ ခုနှစ်ကုန်ခါနီးလာသော်လည်း အဆုံးကားမရောက်သေးချေ! ၁၈၇၀ ပြည့်လွန်နှစ်များကတည်းက ကျမ်းစာကျောင်းသားများသည် နေ့စွဲတစ်ခု—ပထမတွင် ၁၉၁၄၊ နောက် ၁၉၂၅ ကို စိတ်စွဲလျက်အမှုဆောင်လာခဲ့ကြသည်။ ယေဟောဝါအလိုတော်ရှိသမျှကာလပတ်လုံး သူတို့အမှုဆောင်ကြရမည်ကို ယခုသူတို့သဘောပေါက်လာကြသည်။ တစ်ခါမျှနှင့်မတူအောင် ဘုရားသခင့်နာမတော်၏အရေးကြီးမှုကို ပေါ်လွင်ထင်ရှားစေသည့် “ယေဟောဝါကိုမည်သူဂုဏ်တင်မည်နည်း” အမည်ရှိ ထူးခြားမှတ်သားဖွယ်ဆောင်းပါးကို ၁၉၂၆ ခု၊ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင် မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြခဲ့သည်။ နောက်ဆုံး ၁၉၂၆ ခု၊ မေလရောက်သော် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၌ကျင်းပသည့်စည်းဝေးပွဲတွင် “လောကီအုပ်ချုပ်သူများထံ သက်သေခံချက်တစ်ခု” အမည်ရှိအဆိုပြုချက်ကိုတင်သွင်းခဲ့ကြသည်။ ယင်းက ဘုရားသခင့်နိုင်ငံတော်ဆိုင်ရာသမ္မာတရားနှင့် လာမည့်စာတန့်လောကပျက်စီးခြင်းကို တဲ့တိုးကြေညာလိုက်ခြင်းဖြစ်သည်။ ထိုစည်းဝေးပွဲ၌ပင် လွတ်မြောက်မှု အမည်ရှိ အလွန်ထိရောက်မှုရှိသောစာအုပ်ကိုထုတ်ဝေခဲ့ပြီး ကျမ်းစာစောင်များမှလေ့လာစရာများ စာစဉ်ကိုအစားထိုးသည့် ပထမဆုံးထုတ်စာစောင်ဖြစ်လာသည်။ ယခုအခါ ဘုရားသခင့်လူများသည် နောက်သို့မဟုတ်ဘဲ ရှေ့သို့မျှော်ကြည့်နေကြသည်။ ၁,၃၃၅ ရက်ကား ကုန်ဆုံးသွားပေပြီ။
၂၁။ ၁,၃၃၅ ရက်ကာလတစ်လျှောက် တည်ကြည်ခံရပ်ခြင်းသည် ထိုအချိန်ကယေဟောဝါ၏လူများအတွက် မည်သို့အဓိပ္ပာယ်ရှိခဲ့ပြီး ဤပရောဖက်ပြုအချိန်ကာလ၏ပြည့်စုံချက်သည် ကျွန်ုပ်တို့အတွက် မည်သို့အဓိပ္ပာယ်ရှိသနည်း။
၂၁ အချို့တို့က ထိုတိုးတက်ဖြစ်ပျက်မှုနှင့်အညီလိုက်၍ ပြုပြင်ပြောင်းလဲလိုစိတ်မရှိကြသော်လည်း တည်ကြည်ခံရပ်သူများမူ အမှန်ပျော်ရွှင်ခဲ့ကြသည်။ ထို့အပြင် ဤပရောဖက်ပြုအချိန်ကာလများ၏ ပြည့်စုံချက်ကို ပြန်သုံးသပ်ကြည့်လိုက်သောအခါ ကျွန်ုပ်တို့လည်းပျော်ရွှင်ကြသည်။ အကြောင်းမှာ ထိုအချိန်များတစ်လျှောက်အသက်ရှင်ခဲ့ကြသော ဘိသိက်ခံခရစ်ယာန်အဖွဲ့ငယ်ကလေးသည် သစ္စာနှင့်သတိပညာရှိသောကျွန်အစစ်အမှန်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်မှုတိုးပွားလာသောကြောင့်ဖြစ်သည်။ ထိုအချိန်မှအစပြုခဲ့သည့်နှစ်များတစ်လျှောက် ယေဟောဝါ၏အဖွဲ့အစည်းသည် အလွန်ပင်တိုးတက်ကြီးထွားလာသော်လည်း သစ္စာနှင့်သတိပညာရှိသောကျေးကျွန်မူ အဖွဲ့အစည်း၏အဓိကအနေအထားတွင် ရှိမြဲရှိနေပြီး ယင်းကိုဦးဆောင်လမ်းညွှန်နေခဲ့သည်။ ဘိသိက်ခံများနှင့် အခြားသိုးများအတွက် ပျော်ရွှင်မှုများစွာကျန်ရှိသေးကြောင်းသိရခြင်းကား မည်မျှစိတ်အားတက်ကြွဖွယ်ပါတကား! ယင်းတို့ကို ဒံယေလ၏နောက်ပရောဖက်ပြုချက်တစ်ခုတွင် ကျွန်ုပ်တို့တွေ့ရကြမည်။
[အောက်ခြေမှတ်ချက်များ]
a ဤပရောဖက်ပြုအချိန်ကာလများကို မည်သို့ရေတွက်ရကြောင်းဆွေးနွေးခန်းနှင့်ပတ်သက်၍ နယူးယောက်မြို့ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသည့် ကျွန်ုပ်တို့၏ လာလတ္တံ့သောကမ္ဘာ့အစိုးရ—ဘုရားသခင့်နိုင်ငံတော် စာအုပ်၊ အခန်း ၈ ကိုရှု။
b ၁၉၈၅၊ အောက်တိုဘာ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၈-၁၈ [အင်္ဂလိပ်] ကိုရှု။
c ၁၉၉၁၊ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၂ နှင့် ၁၉၇၅ခု ယေဟောဝါသက်သေများ၏နှစ်ချုပ်စာအုပ် စာမျက်နှာ ၁၃၂ ကိုရှု။
[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]
ဒံယေလ ပရောဖက်ပြုအချိန်ကာလများ
၁,၂၆၀ ရက်– ၁၉၁၄ ခု၊ ဒီဇင်ဘာ မှ ၁၉၁၈ ခု၊ ဇွန်အထိ
၁,၂၉၀ ရက်– ၁၉၁၉ ခု၊ ဇန်နဝါရီ မှ ၁၉၂၂ ခု၊ စက်တင်ဘာအထိ
၁,၃၃၅ ရက်– ၁၉၂၂ ခု၊ စက်တင်ဘာ မှ ၁၉၂၆ ခု၊ မေအထိ
သင်ရှင်းပြနိုင်သလော
◻ ဒံယေလကျမ်းပါပရောဖက်ပြုချက်အချို့သည် ကျွန်ုပ်တို့ခေတ်တွင်ပြည့်စုံမည်ဖြစ်ကြောင်း မည်သို့သိရသနည်း။
◻ ဘိသိက်ခံအကြွင်းအကျန်များသည် “သစ္စာနှင့်သတိပညာရှိသောကျွန်” ဖြစ်ကြောင်း အဘယ်ကြောင့် ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သနည်း။
◻ ၁,၂၆၀ ရက်သည် မည်သည့်အချိန်တွင်စတင်ပြီး မည်သည့်အချိန်တွင် ကုန်ဆုံးသနည်း။
◻ ၁,၂၉၀ ရက်သည် ဘိသိက်ခံအကြွင်းအကျန်များအတွက် မည်သည့်အားသစ်လန်းမှုနှင့် အသစ်ပြုပြင်ခြင်းကို ဖြစ်စေသနည်း။
◻ ၁,၃၃၅ ရက်ကုန်သည့်အထိ တည်ကြည်ခံရပ်ခဲ့သောသူများ အဘယ်ကြောင့်ပျော်ရွှင်ကြသနည်း။
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
“သစ္စာနှင့်သတိပညာရှိသောကျွန်” သည် ဘိသိက်ခံ အကြွင်းအကျန်များဖြစ်ကြောင်း ၁၉၁၉ ခုနှစ်ကတည်းက ပေါ်လွင်ထင်ရှားခဲ့သည်
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ နိုင်ငံပေါင်းချုပ်အသင်းကြီး၏ဌာနချုပ်
[Credit Line]
UN photo