အခန်း ဆယ့်ခြောက်
ပြိုင်ဘက်ဘုရင်နှစ်ပါး အဆုံးသို့ ရောက်လုနီးပြီ
၁၊ ၂။ ဒုတိယကမ္ဘာစစ် နောက်ပိုင်းတွင် မြောက်ဘုရင်ကို ကိုယ်စားပြုသည့်နိုင်ငံ မည်သို့ပြောင်းလဲခဲ့သနည်း။
အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့၏ နိုင်ငံရေးအခြေအနေကို အလေးအနက် ဆန်းစစ်ပြီးနောက် ပြင်သစ်တွေးခေါ်ရှင်လည်းဖြစ်၊ သမိုင်းပညာရှင်လည်းဖြစ်သည့် အလက္ခဆီ ဒါ တော့ခ်ဗီးလ်က ၁၈၃၅ ခုနှစ်တွင် ဤသို့ရေးသားခဲ့သည်– “တစ်နိုင်ငံသည် ပြုမူဆောင်ရွက်မှုအတွက် လွတ်လပ်မှုကို အဓိကနည်းလမ်းအဖြစ်ထားပြီး အခြားတစ်နိုင်ငံမူကား ကျွန်ပြုသည့်နည်းကို အသုံးပြုသည်။ ၎င်းတို့၏ . . . ဦးတည်ရာလမ်းကြောင်းတို့မှာ ကွဲပြားခြားနားသော်လည်း တစ်နေ့သောအခါ၌ ၎င်းတို့တစ်နိုင်ငံစီသည် ကမ္ဘာကြီး ထက်ဝက်စီ၏ ကံကြမ္မာကို ကြိုးကိုင်ခြယ်လှယ်ရန် ဘုရားသခင်က လျှို့ဝှက်စီမံထားခဲ့ပုံရသည်။” ဒုတိယကမ္ဘာစစ် နောက်ပိုင်းတွင် ဤဟောကိန်း မည်မျှမှန်ကန်ခဲ့သနည်း။ သမိုင်းပညာရှင် ဂျေ. အမ်. ရောဘတ်စ်က ဤသို့ရေးသား၏– “ဒုတိယကမ္ဘာစစ် ပြီးဆုံးသည့်အခါ ကမ္ဘာ့ကံကြမ္မာသည် အလွန်ကွဲပြားသည့် နိုင်ငံရေးစနစ်ကြီးနှစ်မျိုး၏ စိုးမိုးခြယ်လှယ်ခြင်း ခံရမည့်ကိန်း ပေါ်လာခဲ့သည်။ တစ်မျိုးမှာ ရုရှားနိုင်ငံတွင်အခြေစိုက်ပြီး နောက်တစ်မျိုးမှာ အမေရိကန်ပြည်ထောင်စုတွင် အခြေစိုက်သည်။”
၂ ကမ္ဘာစစ်ကြီးနှစ်ခုအတွင်း ဂျာမနီသည် တောင်ဘုရင်ဖြစ်သည့် အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်၏ အဓိကရန်သူကြီးဖြစ်ခဲ့ပြီး မြောက်ဘုရင်၏နေရာကိုယူခဲ့သည်။ သို့ရာတွင် ဒုတိယကမ္ဘာစစ် နောက်ပိုင်းတွင် ထိုနိုင်ငံသည် နှစ်ခြမ်းကွဲသွားသည်။ အနောက်ဂျာမနီသည် တောင်ဘုရင်၏မဟာမိတ်ဖြစ်လာပြီး အရှေ့ဂျာမနီမူကား အခြားအင်အားကြီး အာဏာစက်တစ်ခုဖြစ်သော ဆိုဗီယက်ပြည်ထောင်စု ဦးဆောင်သည့် ကွန်မြူနစ်နိုင်ငံများအုပ်စုနှင့် ပူးပေါင်းခဲ့သည်။ ဤအုပ်စု သို့မဟုတ် နိုင်ငံရေးအာဏာစက်သည် အင်္ဂလိပ်-အမေရိကန် မဟာမိတ်အဖွဲ့ကို အပြင်းအထန် ဆန့်ကျင်သည့် မြောက်ဘုရင်အဖြစ် ရပ်တည်ခဲ့သည်။ ၎င်းဘုရင်နှစ်ပါး၏ ပြိုင်ဆိုင်မှုသည် ၁၉၄၈ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ တာရှည်ခဲ့သည့် စစ်အေးတိုက်ပွဲ ဖြစ်လာခဲ့သည်။ ယခင်အခါက မြောက်ဘုရင် ဂျာမနီသည် “သန့်ရှင်းသော ပဋိညာဉ်တရားကို ဆန့်ကျင်ဘက်” ပြုခဲ့သည်။ (ဒံယေလ ၁၁:၂၈၊ ၃၀) ပဋိညာဉ်တရားနှင့်ပတ်သက်၍ ကွန်မြူနစ်အုပ်စုက မည်သို့ပြုမူဆောင်ရွက်မည်နည်း။
ခရစ်ယာန်စစ်များသည် တိုက်လဲသော်လည်း အောင်နိုင်၏
၃၊ ၄။ “ပဋိညာဉ်တရားအား ပြစ်မှားသောသူတို့” ကားမည်သူတို့နည်း။ ၎င်းတို့သည် မြောက်ဘုရင်နှင့် မည်သို့သောဆက်ဆံရေး ရှိခဲ့သနည်း။
၃ “[မြောက်ဘုရင်သည်] ပဋိညာဉ်တရားအား ပြစ်မှားသောသူတို့ကို ချော့မော့မြှောက်ပင့်သော စကားအားဖြင့် အယူဖောက်ပြန်စေလိမ့်မည်” ဟု ဘုရားသခင့် ကောင်းကင်တမန်ကဆို၏။ ကောင်းကင်မန်က ဤသို့ထပ်၍ဆို၏– “မိမိတို့၏ဘုရားသခင်ကို သိကျွမ်းသောလူမျိုးမူကား အောင်နိုင်၍ ထိထိမိမိ ပြုမူကြလိမ့်မည်။ လူမျိုးတို့အနက် ထိုးထွင်းသိမြင်ဉာဏ်ရှိသူတို့သည် လူအများတို့ကို နားလည်စေခြင်းငှာ ပြုကြလိမ့်မည်။ ဓားနှင့်ကွပ်မျက်ခြင်း၊ မီးရှို့ခြင်း၊ သုံ့ပန်းသိမ်းသွားခြင်း၊ လုယက်ခြင်းအားဖြင့် နေ့ရက်အတန်ကြာ တိုက်လဲကြလိမ့်မည်။”—ဒံယေလ ၁၁:၃၂၊ ၃၃၊ ကဘ။
၄ “ပဋိညာဉ်တရားအား ပြစ်မှားသောသူတို့” မှာခရစ်ယာန်ဖြစ်သည်ဟု ဆိုကြသော်လည်း အပြုအမူများအားဖြင့် ခရစ်ယာန်ဘာသာ၏ ဂုဏ်ရောင်ကို ညှိုးနွမ်းစေသည့် ခရစ်ယာန်ဘောင်မှ ဘာသာရေးခေါင်းဆောင်များပင် ဖြစ်ကြသည်။ ဝေါ်လ်တာ ကိုလာဇ်က သူရေးသားသည့်စာအုပ် ဆိုဗီယက်ပြည်ထောင်စုရှိ ဘာသာတရား တွင်ဤသို့ဆို၏– “[ဒုတိယကမ္ဘာစစ်အတွင်း] ဆိုဗီယက်အစိုးရသည် အမိနိုင်ငံတော် ကာကွယ်ရေးအတွက် ခရစ်ယာန်ဂိုဏ်းပေါင်းစုံထံမှ ရုပ်ဝတ္ထုပစ္စည်းနှင့် စိတ်ပိုင်းဆိုင်ရာ အကူအညီများကို ကြိုးပမ်းစည်းရုံးခဲ့သည်။” စစ်ကြီးပြီးသည့်နောက် ယခု မြောက်ဘုရင်ဖြစ်လာသည့် ဤအင်အားကြီးနိုင်ငံသည် ဘုရားမဲ့မူဝါဒကို ကျင့်သုံးလာသည့်တိုင်အောင် ခရစ်ယာန်အသင်း ခေါင်းဆောင်များက မူလချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းထားရန် ကြိုးပမ်းခဲ့ကြသည်။ ဤသို့ဖြင့် ခရစ်ယာန်ဘောင်သည် ယခင်ကထက် ဤလောက၏ အစိတ်အပိုင်းတစ်ရပ်—ယေဟောဝါ၏အမြင်တွင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အယူဖောက်ပြန်မှုကြီး—ဖြစ်လာလေသည်။—ယောဟန် ၁၇:၁၆; ယာကုပ် ၄:၄။
၅၊ ၆။ “မိမိတို့၏ဘုရားသခင်ကို သိကျွမ်းသောလူမျိုး” ကားမည်သူတို့နည်း။ သူတို့သည် မြောက်ဘုရင်၏ လက်အောက်တွင် မည်သို့ တွေ့ကြုံခံစားခဲ့ရကြသနည်း။
၅ “မိမိတို့၏ဘုရားသခင်ကို သိကျွမ်းသောလူမျိုး” နှင့် “ထိုးထွင်းသိမြင်ဉာဏ်ရှိသူတို့” ဖြစ်ကြသော စစ်မှန်သည့်ခရစ်ယာန်တို့ကော မည်သို့ရှိကြသနည်း။ မြောက်ဘုရင်၏ အုပ်ချုပ်မှုအောက်တွင် နေထိုင်ကြသည့် ခရစ်ယာန်တို့သည် ‘အထက်အာဏာပိုင်များ၏ အုပ်စိုးခြင်းကို လျောက်ပတ်စွာ ဝန်ခံ’ ကြစေကာမူ ဤလောက၏အစိတ်အပိုင်းတစ်ရပ် မဟုတ်ကြချေ။ (ရောမ ၁၃:၁; ယောဟန် ၁၈:၃၆) သူတို့သည် “ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား [အသေအချာ] ဆက်ပေးကြ” သကဲ့သို့ “ဘုရားသခင်၏ဥစ္စာကို [လည်း] ဘုရားသခင်အား ဆက်ပေးကြ” ၏။ (မဿဲ ၂၂:၂၁) ယင်းအတွက်ကြောင့် သူတို့၏ သမာဓိသစ္စာသည် အကဲစမ်းခံရ၏။—၂ တိမောသေ ၃:၁၂။
၆ အကျိုးဆက်အနေနှင့် ခရစ်ယာန်စစ်တို့သည် ‘တိုက်လဲခဲ့’ သော်လည်း ‘အောင်နိုင်ခဲ့’ ကြသည်။ သူတို့သည် အပြင်းအထန် နှိပ်စက်ညှဉ်းပန်းခံရသည့်အပြင် တစ်ခါတစ်ရံတွင် အသတ်ပင်ခံရသောကြောင့် တိုက်လဲခဲ့ကြခြင်းဖြစ်သည်။ သို့သော် အများထုက ဆက်လက်သစ္စာရှိကြသောကြောင့် အောင်နိုင်ခဲ့ကြခြင်းဖြစ်သည်။ လောကကို ယေရှုအောင်မြင်တော်မူသကဲ့သို့ သူတို့လည်းအောင်မြင်ကြ၏။ (ယောဟန် ၁၆:၃၃) ထိုမျှမက သူတို့သည် ထောင်ထဲရောက်ရောက်၊ ချွေးတပ်စခန်းထဲရောက်ရောက် ဟောပြောခြင်းကို လုံးဝမရပ်စဲခဲ့ကြချေ။ ဤသို့ဖြင့် သူတို့သည် ‘လူအများတို့ကို နားလည်စေခြင်းငှာ ပြုခဲ့ကြ၏။’ မြောက်ဘုရင်အုပ်ချုပ်သည့် တိုင်းပြည်အများစု၌ နှိပ်စက်ညှဉ်းပန်းခြင်း ခံရလင့်ကစား ယေဟောဝါသက်သေများ၏ အရေအတွက်သည် တိုးပွားများပြားလာခဲ့သည်။ “ထိုးထွင်းသိမြင်ဉာဏ် ရှိသူတို့” ၏သစ္စာရှိမှုကြောင့် ထိုတိုင်းပြည်များတွင် အရေအတွက် တိုးပွားလျက်ရှိသည့် လူတို့သည် “လူအုပ်ကြီး” အဝင်ဖြစ်လာကြ၏။—ဗျာဒိတ် ၇:၉-၁၄။
ယေဟောဝါ၏လူမျိုးတော် သန့်စင်ခံရ
၇။ မြောက်ဘုရင်၏ လက်အောက်တွင် နေထိုင်ကြသော ဘိသိက်ခံခရစ်ယာန်များသည် အဘယ် “အနည်းငယ်သောမစခြင်း” ရရှိခဲ့ကြသနည်း။
၇ “သူတို့ [ဘုရားသခင့်လူမျိုးတော်] သည် တိုက်လဲခံရသောအခါ အနည်းငယ်သောမစခြင်းကို ခံရကြလိမ့်မည်” ဟုကောင်းကင်တမန်ကဆို၏။ (ဒံယေလ ၁၁:၃၄က၊ ကဘ) ဒုတိယကမ္ဘာစစ်တွင် တောင်ဘုရင် အနိုင်ရလိုက်ခြင်းကြောင့် ပြိုင်ဘက်ဘုရင်၏ အုပ်ချုပ်မှုအောက် နေထိုင်ကြသည့် ခရစ်ယာန်များအတွက် သက်သာမှုအတန်အရာ ရရှိစေခဲ့သည်။ (ဗျာဒိတ် ၁၂:၁၅၊ ၁၆ နှိုင်းယှဉ်။) အလားတူစွာ အသစ်တက်လာသောဘုရင်၏ နှိပ်စက်ညှဉ်းပန်းခြင်း ခံရသူတို့သည်လည်း ရံဖန်ရံခါတွင် သက်သာရာရခဲ့ကြသည်။ စစ်အေးတိုက်ပွဲ တစ်စတစ်စ ရပ်စဲလာသည်နှင့်အမျှ နိုင်ငံ့ခေါင်းဆောင်အများက သစ္စာရှိခရစ်ယာန်များသည် တိုင်းပြည်ကိုအန္တရာယ်ပြုသူများ မဟုတ်ကြောင်း သိမြင်လာကြသဖြင့် သူတို့ကို တရားဝင် အသိအမှတ်ပြုလာကြသည်။ ဘိသိက်ခံများ၏ သစ္စာရှိရှိဟောပြောခြင်းကို တုံ့ပြန်၍ သူတို့ကို အကူအညီပေးကြသည့် အရေအတွက် တိုးပွားလျက်ရှိသော လူအုပ်ကြီးထံမှလည်း ကူညီမစမှု ရရှိခဲ့ကြသည်။—မဿဲ ၂၅:၃၄-၄၀။
၈။ လူအချို့တို့သည် “မြှောက်ပင့်ချော့မော့၍” ဘုရားသခင့်လူမျိုးတော်နှင့် အဘယ်သို့ ပူးပေါင်းခဲ့ကြသနည်း။
၈ စစ်အေးကာလအတွင်း ဘုရားသခင့်အမှုတော် ထမ်းဆောင်လိုစိတ်ရှိသည်ဟု ဆိုကြသူတိုင်း ကောင်းသောရည်ရွယ်ချက် မရှိခဲ့ကြချေ။ “လူအများသည် မြှောက်ပင့်ချော့မော့၍ သူတို့နှင့် ပူးပေါင်းကြလိမ့်မည်” ဟုကောင်းကင်တမန်က သတိပေးခဲ့၏။ (ဒံယေလ ၁၁:၃၄ခ၊ ကဘ) အမှန်တရားကို စိတ်ဝင်စားကြောင်း ပြသသော်လည်း ဘုရားသခင်ထံအပ်နှံလိုစိတ် မရှိသူများ အရေအတွက်မှာ နည်းနည်းနောနောမဟုတ်ပေ။ အခြားသူတို့မှာမူ သတင်းကောင်းကို လက်ခံပုံပြသသော်လည်း အာဏာပိုင်များအတွက် သူလျှိုများဖြစ်ကြ၏။ တိုင်းပြည်တစ်ပြည်မှ သတင်းတစ်ပုဒ်၌ ဤသို့ဖတ်ရ၏– “ထိုမသမာသူအချို့တို့မှာ အမာခံ ကွန်မြူနစ်များဖြစ်ကြသည်။ သူတို့သည် သခင့်အဖွဲ့အစည်းတော်အတွင်းသို့ လျှို့ဝှက်ဝင်ရောက်လျက် အကြီးအကျယ် စိတ်အားထက်သန်ပုံပြသခြင်းဖြင့် ဓမ္မအမှုတော်တွင် အဆင့်မြင့်ရာထူးများ၌ပင် ခန့်အပ်ခံရကြသည်။”
၉။ ထိုးဖောက်စိမ့်ဝင်လာသူတို့ကြောင့် သစ္စာရှိခရစ်ယာန်အချို့အား ယေဟောဝါ အဘယ်ကြောင့် “တိုက်လှဲ” ခွင့်ပြုတော်မူသနည်း။
၉ ကောင်းကင်တမန်က ဤသို့ဆက်၍ဆို၏– “ဆုံးခန်းကာလတိုင်အောင် ထိုးထွင်းသိမြင်ဉာဏ် ရှိသူတို့အနက် အချို့တို့သည် သန့်စင်ခြင်းကိုခံ၍ စင်ကြယ်၊ ဖြူစင်စေခြင်းငှာ တိုက်လဲကြလိမ့်မည်။ အကြောင်းမူကား ချိန်းချက်သောကာလရောက်မှ ပြီးစီးလိမ့်မည်။” (ဒံယေလ ၁၁:၃၅၊ ကဘ) ထိုးဖောက်စိမ့်ဝင်လာသူတို့ကြောင့် သစ္စာရှိသူအချို့တို့သည် အာဏာပိုင်များ၏လက်ထဲသို့ ကျရောက်ခဲ့ရသည်။ ယေဟောဝါသည် မိမိလူမျိုးတော်ကို သန့်စင်စေရန်အတွက် ထိုအရာများကို ခွင့်ပြုတော်မူ၏။ ယေရှုသည် ‘ဆင်းရဲဒုက္ခကို ခံသောအားဖြင့် နားထောင်ခြင်းကို သင်တော်မူ’ သကဲ့သို့ ထိုသစ္စာရှိသူတို့လည်း ယုံကြည်ခြင်းစမ်းသပ်မှုမှ ခံနိုင်ရည်ကိုသင်ကြ၏။ (ဟေဗြဲ ၅:၈; ယာကုပ် ၁:၂၊ ၃; မာလခိ ၃:၃ နှိုင်းယှဉ်။) ဤသို့ဖြင့် သူတို့သည် ‘သန့်စင်၊ စင်ကြယ်၊ ဖြူစင်’ လာကြသည်။
၁၀။ “ဆုံးခန်းကာလတိုင်အောင်” ဟူသောစကားသည် အဘယ်အဓိပ္ပာယ် ရှိသနည်း။
၁၀ ယေဟောဝါ၏လူမျိုးတော်သည် “ဆုံးခန်းကာလတိုင်အောင်” တိုက်လဲခြင်းနှင့် သန့်စင်ခြင်း ခံရကြမည်။ ဤအစီအစဉ်စနစ် ဆုံးခန်းတိုင်သည်အထိ နှိပ်စက်ညှဉ်းပန်းခံရမည်ကို သူတို့မျှော်လင့်ထားကြပေသည်။ သို့သော် မြောက်ဘုရင်၏ ကျူးကျော်ဝင်ရောက်မှုကြောင့် ဘုရားသခင့်လူမျိုးတော် ခံရသည့်သန့်စင်ခြင်း၊ စင်ကြယ်ခြင်းတို့မှာ “ချိန်းချက်သောကာလ” အတွက်ဖြစ်သည်။ ထို့ကြောင့် ဒံယေလ ၁၁:၃၅ မှ “ဆုံးခန်းကာလ” သည် ဘုရားသခင့်လူမျိုးတော်က မြောက်ဘုရင်၏ ထိုးနှက်တိုက်ခိုက်မှုကို ကြံ့ကြံ့ခံရင်း သန့်စင်ခံရရန် လိုအပ်သည့်အချိန်ကာလ ကုန်ဆုံးခြင်းနှင့် ဆက်စပ်မှုရှိရပေမည်။ ယေဟောဝါ “ချိန်းချက်သောအချိန်” ရောက်သည့်အခါ တိုက်လဲခြင်းလည်း ပြီးဆုံးမည်မှာ ထင်ရှားသည်။
မိမိကိုယ်ကို ဂုဏ်တင်သည့် ဘုရင်
၁၁။ ယေဟောဝါ၏ အချုပ်အခြာအာဏာတော်အပေါ် မြောက်ဘုရင်၏ စိတ်နေသဘောထားနှင့်ပတ်သက်၍ ကောင်းကင်တမန်က မည်သို့ဆိုသနည်း။
၁၁ မြောက်ဘုရင်နှင့်စပ်လျဉ်း၍ ကောင်းကင်တမန်က ဤသို့ထပ်လောင်းဆို၏– “ထိုဘုရင်သည် ကိုယ်အလိုဆန္ဒရှိသည့်အတိုင်းပြု၍ ဘုရားတကာတို့ထက် မိမိကိုယ်ကို ချီးမြှောက်ဂုဏ်တင်လျက် ဘုရားတကာ့ ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြု [ယေဟောဝါ၏ အချုပ်အခြာအာဏာတော်ကို အသိအမှတ်ပြုရန် ငြင်းပယ်] ၍ အံ့ဖွယ်သောစကားကို ပြောလိမ့်မည်။ အမျက်တော် အဆုံးသတ်မည့်ကာလတိုင်အောင် အကြံထမြောက်လိမ့်မည်။ အကြောင်းမူကား ပြဋ္ဌာန်းတော်မူသည့်အတိုင်း ဖြစ်ရလိမ့်မည်။ ထိုဘုရင်သည် ဘိုးဘေးတို့၏ ဘုရားသခင်ကို အမှုမထား၊ မိန်းမတို့၏ အလိုဆန္ဒနှင့် အခြားမည်သည့်ဘုရားကိုမျှ အမှုမထားဘဲ ရှိရှိသမျှတို့ထက် ကိုယ်ကိုဂုဏ်တင်လိမ့်မည်။”—ဒံယေလ ၁၁:၃၆၊ ၃၇၊ ကဘ။
၁၂၊ ၁၃။ (က) မြောက်ဘုရင်သည် “ဘိုးဘေးတို့၏ ဘုရားသခင်” ကိုမည်သည့်နည်းဖြင့် ပစ်ပယ်ခဲ့သနည်း။ (ခ) သူတို့၏ “အလိုဆန္ဒ” ကိုမြောက်ဘုရင်က အမှုမထားသည့် “မိန်းမတို့” ကား မည်သူတို့နည်း။ (ဂ) မြောက်ဘုရင်သည် မည်သည့် “ဘုရား” ကိုဂုဏ်တင်ခဲ့သနည်း။
၁၂ ပရောဖက်ပြုချက်နှင့်အညီ မြောက်ဘုရင်သည် ခရစ်ယာန်ဘောင်၏ သုံးပါးပေါင်းတစ်ဆူဘုရား အစရှိသော “ဘိုးဘေးတို့၏ ဘုရားသခင်” ကိုပစ်ပယ်ခဲ့သည်။ ကွန်မြူနစ်အုပ်စုသည် ဘုရားမဲ့ဝါဒကို အတိအလင်း အားပေးမြှင့်တင်ခဲ့သည်။ ဤသို့ဖြင့် မြောက်ဘုရင်သည် မိမိကိုယ်ကို ဘုရားတစ်ဆူဖြစ်စေပြီး ‘ရှိရှိသမျှတို့ထက် ကိုယ်ကိုဂုဏ်တင်’ ခဲ့သည်။ မြောက်ဘုရင်သည် “မိန်းမတို့၏ အလိုဆန္ဒ”—မြောက်ဘုရင်၏ မိန်းမလက်ပါးစေသဖွယ် စေခိုင်ခြင်းခံရသည့် မြောက်ဗီယက်နမ်ကဲ့သို့သော လက်အောက်ခံတိုင်းပြည်များ—ကိုအမှုမထားဘဲ “ကိုယ်အလိုဆန္ဒ ရှိသည်အတိုင်း” ပြုခဲ့လေသည်။
၁၃ ကောင်းကင်တမန်က ဤသို့ဆက်၍ ပရောဖက်ပြု၏– “မိမိအရာ၌ ခံတပ်တို့၏ဘုရားကိုဂုဏ်တင်၍ ဘိုးဘေးတို့မသိသော ဘုရားတစ်ပါးအား ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ နှစ်လိုဖွယ်သောအရာများဖြင့် ဂုဏ်တင်လိမ့်မည်။” (ဒံယေလ ၁၁:၃၈၊ ကဘ) စင်စစ်အားဖြင့် မြောက်ဘုရင်သည် ခေတ်သစ်သိပ္ပံနည်းကျ စစ်ဝါဒဖြစ်သည့် “ခံတပ်တို့၏ဘုရား” ကိုယုံကြည်အားထားခဲ့သည်။ ဤ “ဘုရား” ၏ ယဇ်ပလ္လင်ပေါ်တွင် အလွန်များပြားသည့် ဥစ္စာဓနများကိုပူဇော်၍ ကယ်တင်ခြင်းရရန် ကြိုးပမ်းခဲ့သည်။
၁၄။ မြောက်ဘုရင်သည် အဘယ်သို့ “ထိထိရောက်ရောက် ပြုမူလုပ်ဆောင်” ခဲ့သနည်း။
၁၄ “သူသည် တိုင်းတစ်ပါးဘုရားကိုအမှီပြု၍ အလွန်ခိုင်ခံ့သော ခံတပ်များကိုတိုက်ခိုက်၍ ထိထိရောက်ရောက် ပြုမူဆောင်ရွက်လိမ့်မည်။ မိမိကိုသိမှတ်သူတို့အား ဂုဏ်အသရေ တိုးပွားစေသဖြင့် လူအများပေါ်တွင် အုပ်ချုပ်စေလျက် တန်ရာတန်ကြေးအဖြစ် မြေကိုခွဲဝေပေးလိမ့်မည်။” (ဒံယေလ ၁၁:၃၉၊ ကဘ) မြောက်ဘုရင်သည် စစ်ဝါဒီဆိုင်ရာ “တိုင်းတစ်ပါးဘုရား” ကိုအားကိုးအားထားပြုလျက် အလွန့်အလွန် “ထိထိရောက်ရောက်” ပြုမူဆောင်ရွက်ခြင်းဖြင့် “နောက်ဆုံးသောနေ့ရက်များ” အတွင်း ကြောက်မက်ဖွယ်ကောင်းသော စစ်အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာသည်။ (၂ တိမောသေ ၃:၁၊ ကဘ) သူ၏ဝါဒသဘောတရားကို ထောက်ခံသူတို့အား နိုင်ငံရေးနှင့် ဘဏ္ဍာရေး အကူအညီအပြင် တစ်ခါတစ်ရံတွင် စစ်ရေးအကူအညီပင် ထောက်ပံ့ပေးကမ်းခဲ့သည်။
ဆုံးခန်းကာလ၌ ‘တွန်းထိုးခြင်း’
၁၅။ တောင်ဘုရင်သည် မြောက်ဘုရင်နှင့် မည်သို့ “တွန်းထိုး” ခဲ့သနည်း။
၁၅ “ဆုံးခန်းကာလ၌ တောင်ဘုရင်သည် ထိုမင်းနှင့် တွန်းထိုးလိမ့်မည်” ဟုကောင်းကင်တမန်က ဒံယေလအား ပြောကြား၏။ (ဒံယေလ ၁၁:၄၀က၊ ကဘ) “ဆုံးခန်းကာလ” အတွင်း တောင်ဘုရင်သည် မြောက်ဘုရင်နှင့် “တွန်းထိုး” ခဲ့ပါသလော။ (ဒံယေလ ၁၂:၄၊ ၉၊ ကဘ) အမှန်ပင် တွန်းထိုးခဲ့ပါသည်။ ပထမကမ္ဘာစစ်ပြီးနောက် ထိုစဉ်က မြောက်ဘုရင်ဖြစ်သည့် ဂျာမနီအား အကျပ်ကိုင် လက်မှတ်ရေးထိုးစေခဲ့သည့် ဒဏ်ခတ်မှုသဘောပါသော ငြိမ်းချမ်းရေးစာချုပ်မှာ ‘တွန်းထိုးခြင်းတစ်ရပ်၊’ လက်တုံ့ပြန်ချင်အောင် သွေးထိုးလှုံ့ဆော်မှုတစ်ရပ် ဖြစ်ခဲ့သည်။ တောင်ဘုရင်သည် ဒုတိယကမ္ဘာစစ်တွင် အနိုင်ရပြီးနောက် ရန်ဘက်နိုင်ငံပေါ်သို့ ကြောက်မက်ဖွယ်ကောင်းသော နျူကလီးယားလက်နက်များဖြင့် ချိန်ရွယ်ထားခဲ့သည့်အပြင် မြောက်ဘုရင်ကို ခုခံတွန်းလှန်ရန် အင်အားကြီးမားသော စစ်မဟာမိတ်ဖြစ်သည့် မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (နေတိုး) ကိုဖွဲ့စည်းခဲ့သည်။ နေတိုး၏ လုပ်ငန်းတာဝန်နှင့် ပတ်သက်၍ ဗြိတိသျှ သမိုင်းပညာရှင်တစ်ဦးက ဤသို့ဆို၏– “နေတိုးအဖွဲ့မှာ ယခုအခါ ဥရောပငြိမ်းချမ်းရေးကို အဓိကခြိမ်းခြောက်နေသည်ဟု ယူဆရသော ဆိုဗီယက်ပြည်ထောင်စုအား ‘ဟန့်တားထိန်းချုပ်ရေး’ အတွက် အဓိကကိရိယာဖြစ်ခဲ့သည်။ ဤအဖွဲ့သည် နှစ်ပေါင်း ၄၀ ကြာ အငြင်းပွားစရာမရှိ အောင်မြင်စွာ တာဝန်ထမ်းဆောင်ခဲ့သည်။” စစ်အေးနှစ်ကာလများတစ်လျှောက် တောင်ဘုရင်၏ ‘တွန်းထိုးခြင်း’ တွင်အဆင့်မြင့်နည်းပညာ လျှို့ဝှက်ထောက်လှမ်းမှုမှစ၍ သံတမန်ရေးနှင့် စစ်ရေးထိုးစစ်များ ပါဝင်ခဲ့သည်။
၁၆။ တောင်ဘုရင်၏တွန်းထိုးခြင်းကို မြောက်ဘုရင်က မည်သို့တန်ပြန်ခဲ့သနည်း။
၁၆ မြောက်ဘုရင်က မည်သို့တန်ပြန်ခဲ့သနည်း။ “မြောက်ဘုရင်လည်း စစ်ရထားများ၊ မြင်းစီးသူရဲများ၊ စစ်သင်္ဘောအများနှင့်တကွ မုန်တိုင်းကဲ့သို့တိုက်လာ၍ ပြည်များထဲသို့ဝင်ပြီးလျှင် လွှမ်းမိုး၍ ဖြတ်သန်းချီတက်သွားလိမ့်မည်။” (ဒံယေလ ၁၁:၄၀ခ၊ ကဘ) နောက်ဆုံးနေ့ရက်များ၏ သမိုင်းတွင် မြောက်ဘုရင်၏ ဩဇာချဲ့ထွင်ရေးဝါဒကို အထင်းသားတွေ့မြင်ခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အတွင်း နာဇီ “ဘုရင်” သည် နယ်နိမိတ်ကိုဖြတ်ကျော်၍ ပတ်ဝန်းကျင် တိုင်းပြည်များအတွင်းသို့ ချင်းနင်းဝင်ရောက် “လွှမ်းမိုး” ခဲ့သည်။ ထိုစစ်ကြီး ပြီးဆုံးသည့်အချိန်တွင် အသစ်တက်လာသည့် “ဘုရင်” က အင်အားကြီးမားသည့် အင်ပါယာတစ်ခုကို တည်ထောင်ခဲ့သည်။ စစ်အေးကာလအတောအတွင်း မြောက်ဘုရင်သည် အာဖရိက၊ အာရှနှင့် လက်တင်အမေရိက ဒေသများတွင် မိမိ၏ရန်ဘက်ကို စစ်ပွဲများနှင့် ထကြွပုန်ကန်မှုများ၌ နောက်ကွယ်မှ တိုက်ခိုက်ထောက်မခဲ့သည်။ သူသည် ခရစ်ယာန်စစ်များကို နှိပ်စက်ညှဉ်းပန်းခြင်းအားဖြင့် သူတို့၏လုပ်ဆောင်မှုကို နှောင့်ယှက်ဟန့်တားခဲ့သော်လည်း ရပ်တန့်သွားအောင် မလုပ်နိုင်ခဲ့ချေ။ သူသည် စစ်ရေးနှင့် နိုင်ငံရေးထိုးစစ်များဖြင့် တိုင်းပြည်အတော်များများကို မိမိ၏ဩဇာအောက် ရောက်ရှိစေခဲ့သည်။ ကောင်းကင်တမန် ပရောဖက်ပြုခဲ့သည့်အတိုင်းပင် အတိအကျ ဖြစ်လာခဲ့သည်– “သူသည် ရတနာပြည် [ယေဟောဝါလူမျိုးတော်၏ ဝိညာဏပိုင်နက်] ထဲသို့လည်း ဝင်ရောက်ပြီးလျှင် ပြည်များစွာကို တိုက်လှဲလိမ့်မည်။”—ဒံယေလ ၁၁:၄၁က၊ ကဘ။
၁၇။ မြောက်ဘုရင်၏ ဩဇာချဲ့ထွင်ရေးအတွက် အဘယ်ကန့်သတ်ချက်များ ရှိခဲ့သနည်း။
၁၇ သို့သော်လည်း မြောက်ဘုရင်၏ ကမ္ဘာစိုးမိုးခြယ်လှယ်ရေး ရည်မှန်းချက် မပြည့်ဝခဲ့ချေ။ “ဧဒုံပြည်၊ မောဘပြည်နှင့်တကွ အမ္မုန်အမျိုးသားအနက် အမာခံဖြစ်သူတို့သည် သူ့လက်မှ လွတ်မြောက်ကြလိမ့်မည်” ဟုကောင်းကင်တမန်က ဟောခဲ့၏။ (ဒံယေလ ၁၁:၄၁ခ၊ ကဘ) ရှေးခေတ်ဟောင်းတွင် ဧဒုံ၊ မောဘနှင့် အမ္မုန်ပြည်တို့သည် အီဂျစ်တောင်ဘုရင်နှင့် ဆီးရီးယားမြောက်ဘုရင်တို့၏ ပိုင်နက်နှစ်ခုကြားတွင် တည်ရှိခဲ့သည်။ ယခုခေတ်တွင် ထိုတိုင်းပြည်တို့မှာ မြောက်ဘုရင်က ပစ်မှတ်ထားသော်လည်း မိမိဩဇာအောက် မသိမ်းသွင်းနိုင်သည့် နိုင်ငံများနှင့် အဖွဲ့အစည်းများကို ကိုယ်စားပြုသည်။
အီဂျစ်ပြည် မလွတ်ရ
၁၈၊ ၁၉။ တောင်ဘုရင်သည် ပြိုင်ဘက်ဖြစ်သူ၏ ဩဇာအရှိန်ကို မည်သည့်နည်းများဖြင့် ခံခဲ့ရသနည်း။
၁၈ ယေဟောဝါ၏ကောင်းကင်တမန်က ဤသို့ဆက်၍ဆို၏– “သူ [မြောက်ဘုရင်] သည် တိုင်းပြည်များကို အဆက်မပြတ် လက်ရုံးဆန့်တန်း တိုက်ခိုက်မည်ဖြစ်ရာ အီဂျစ်ပြည်လည်း မလွတ်ရ။ အီဂျစ်ပြည်၏ ဝှက်ထားသော ရွှေဘဏ္ဍာ၊ ငွေဘဏ္ဍာ၊ နှစ်လိုဖွယ်သောအရာ ရှိရှိသမျှတို့ကို အုပ်စိုးရလိမ့်မည်။ လစ်ဗျားပြည်သားနှင့် အီသီယိုးပီးယားပြည်သားတို့သည် ခြေရာအတိုင်း လိုက်ကြလိမ့်မည်။” (ဒံယေလ ၁၁:၄၂၊ ၄၃၊ ကဘ) တောင်ဘုရင်ဖြစ်သည့် “အီဂျစ်” ပင်လျှင် မြောက်ဘုရင်၏ ဩဇာချဲ့ထွင်ရေး မူဝါဒများ၏ ဂယက်ရိုက်ခတ်မှုများမှ မလွတ်ခဲ့ချေ။ သာဓကအားဖြင့် တောင်ဘုရင်သည် ဗီယက်နမ်တွင် မရှုမလှ အရေးနိမ့်ခဲ့သည်။ “လစ်ဗျားပြည်သားနှင့် အီသီယိုးပီးယားပြည်သားတို့” ကော မည်သို့နည်း။ ရှေးခေတ်အီဂျစ်၏ ထိုအိမ်နီးချင်းနိုင်ငံများသည် ပထဝီဝင်အနေအထားအရ ခေတ်သစ် “အီဂျစ်” (တောင်ဘုရင်) ၏အိမ်နီးချင်းနိုင်ငံများကို ပုံဆောင်ပေသည်။ တစ်ခါတစ်ရံ ထိုနိုင်ငံများသည် မြောက်ဘုရင်၏ နောက်လိုက်များအနေနှင့် ‘သူ့ခြေရာအတိုင်း လိုက်’ ခဲ့ကြသည်။
၁၉ မြောက်ဘုရင်သည် ‘အီဂျစ်၏ ဝှက်ထားသောဘဏ္ဍာများကို’ အုပ်စိုးခဲ့သလော။ တောင်ဘုရင်သည် မိမိ၏ဥစ္စာဘဏ္ဍာ သုံးစွဲပုံသုံးစွဲနည်း၌ မြောက်ဘုရင်၏သြဇာကို ကြီးစွာခံခဲ့ရသည်။ တောင်ဘုရင်သည် ပြိုင်ဘက်မင်းကို ကြောက်ရွံ့သောကြောင့် အင်အားကြီးမားသော ကြည်း၊ ရေ၊ လေတပ်ဖွဲ့များကို ဆက်လက်ထိန်းသိမ်းထားရှိနိုင်ရန် ငွေကြေးပမာဏ အမြောက်အမြားကို သုံးစွဲခဲ့ရသည်။ ဤနည်းအားဖြင့် မြောက်ဘုရင်သည် တောင်ဘုရင်၏ ဓနဥစ္စာစီမံခန့်ခွဲပုံအပေါ် “အုပ်စိုး” ခဲ့သည်၊ သို့မဟုတ် ထိန်းချုပ်ခဲ့သည်။
နောက်ဆုံးစစ်ဆင်ရေး
၂၀။ မြောက်ဘုရင်၏ နောက်ဆုံးစစ်ဆင်ရေးအကြောင်းကို ကောင်းကင်တမန်က မည်သို့ဖော်ပြသနည်း။
၂၀ မြောက်ဘုရင်နှင့် တောင်ဘုရင်တို့၏ စစ်ရေး၊ စီးပွားရေး သို့မဟုတ် အခြားနည်းများဖြင့် ပြိုင်ဆိုင်မှု မှန်သမျှသည် အဆုံးရောက်လုနီးပြီ။ လာလတ္တံ့သော ဆိုင်ပြိုင်တိုက်ခိုက်မှု၏ အသေးစိတ်အချက်အလက်များကို ယေဟောဝါ၏ကောင်းကင်တမန်က ဤသို့ဖွင့်ပြထားသည်– “နေထွက်ရာအရပ်နှင့် မြောက်မျက်နှာအရပ်မှ ရောက်လာသည့်သတင်းကြောင့် သူ [မြောက်ဘုရင်] သည် စိတ်ပူပန်သဖြင့် လူအများတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှာ ကြီးစွာသော ဒေါသအမျက်နှင့် ချီထွက်လိမ့်မည်။ မဟာပင်လယ်နှင့် သန့်ရှင်းသော ရတနာတောင် စပ်ကြားတွင် နန်းတော်တမျှသော တဲတော်ကို စိုက်ထူပြီးလျှင် မစသောသူမရှိဘဲ အဆုံးသို့ရောက်ရလိမ့်မည်။”—ဒံယေလ ၁၁:၄၄၊ ၄၅၊ ကဘ။
၂၁။ မြောက်ဘုရင်နှင့်ပတ်သက်၍ အဘယ်အကြောင်းအရာများကို ကျွန်ုပ်တို့ မသိရှိသေးသနည်း။
၂၁ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလတွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခြင်းနှင့်အတူ မြောက်ဘုရင်သည် အကြီးအကျယ် အင်အားချည့်နဲ့ ဆုတ်ယုတ်သွားသည်။ ဒံယေလ ၁၁:၄၄၊ ၄၅ ပြည့်စုံသည့်အခါ၌ မည်သူသည် မြောက်ဘုရင်ဖြစ်မည်နည်း။ ဆိုဗီယက်ပြည်ထောင်စုဟောင်းမှ အဖွဲ့ဝင်နိုင်ငံတစ်ခုခု ဖြစ်မည်လော။ ယခင်အခါများ၌ အကြိမ်ကြိမ်ပြောင်းလဲခဲ့သကဲ့သို့ အခြားနိုင်ငံတစ်ခုခုက မြောက်ဘုရင်အဖြစ် ပေါ်ထွက်လာမည်လော။ နျူကလီးယားလက်နက်များကို အခြားနိုင်ငံများပါ ထုတ်လုပ်လာသည်နှင့်အမျှ အသစ်သော လက်နက်ပြိုင်ဆိုင်မှု ဖြစ်ပေါ်လာခြင်းဖြင့် မြောက်ဘုရင် မည်သူမည်ဝါဖြစ်လာမည်ကို ထင်ရှားပေါ်လွင်လာစေမည်လော။ ဤမေးခွန်းများကို အချိန်ကသာ အဖြေပေးပါလိမ့်မည်။ ကျွန်ုပ်တို့အနေဖြင့် မှန်းဆ၍ ထင်ကြေးမပေးဘဲနေခြင်းသည် အကောင်းဆုံးဖြစ်သည်။ မြောက်ဘုရင်သည် နောက်ဆုံးစစ်ဆင်ရေး စတင်သည့်အခါ ဤပရောဖက်ပြုချက်ပြည့်စုံသည်ကို သမ္မာကျမ်းစာအခြေပြု ထိုးထွင်းသိမြင်ဉာဏ် ရှိသူအပေါင်းတို့သည် ရှင်းလင်းစွာ သိမြင်ရပေလိမ့်မည်။—စာမျက်နှာ ၁၀၀ မှ “ဒံယေလ အခန်းကြီး ၁၁ မှ ဘုရင်များ” ကိုရှု။
၂၂။ မြောက်ဘုရင်၏ နောက်ဆုံးတိုက်ခိုက်မှုနှင့်ပတ်သက်၍ အဘယ်မေးခွန်းများ ပေါ်လာသနည်း။
၂၂ သို့ရာတွင် များမကြာမီ မြောက်ဘုရင် မည်သို့ပြုမူလုပ်ဆောင်လာမည်ကိုမူ ကျွန်ုပ်တို့ သိရှိထားသည်။ သူသည် “နေထွက်ရာအရပ်နှင့် မြောက်မျက်နှာအရပ်မှ ရောက်လာသည့်သတင်း” ကြောင့် လှုံ့ဆော်ခံရသဖြင့် “လူအများတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှာ” စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲလိမ့်မည်။ ဤစစ်ဆင်ရေးသည် မည်သူ့ကို ဦးတည်တိုက်ခိုက်မည်နည်း။ အဘယ် “သတင်း” ကထိုသို့သောတိုက်ခိုက်မှုကို အစပျိုးပေးမည်နည်း။
စိတ်ပူပန်စေသည့် သတင်းကြောင့် အထိတ်တလန့်ဖြစ်ခြင်း
၂၃။ (က) အာမဂေဒုန်မတိုင်မီ အဘယ်အထင်ကရဖြစ်ရပ် ဖြစ်ပျက်ရမည်နည်း။ (ခ) “နေထွက်ရာအရပ်မှ ရှင်ဘုရင်တို့” ကားမည်သူတို့နည်း။
၂၃ မှောက်မှားသောဘာသာရေး ကမ္ဘာ့အင်ပါယာဖြစ်သည့် မဟာဗာဗုလုန်၏ ဇာတ်သိမ်းနှင့်ပတ်သက်၍ ဗျာဒိတ်ကျမ်းက မည်သို့ဆိုထားသည်ကို သုံးသပ်ကြည့်ပါ။ “အနန္တတန်ခိုးရှင် ဘုရားသခင့်နေ့တော်ကြီး စစ်ပွဲ” အာမဂေဒုန်မတိုင်မီ မှန်သောဝတ်ပြုကိုးကွယ်မှု၏ ဤမဟာရန်သူကြီးသည် “အပြီးအပိုင် မီးဖြင့်လောင်ကျွမ်းခြင်းကို ခံရလိမ့်မည်။” (ဗျာဒိတ် ၁၆:၁၄-၁၆; ၁၈:၂-၈၊ ကဘ) အမှတ်သင်္ကေတဖြစ်သည့် ယူဖရေးတီးစ်မြစ်ပေါ်သို့ ဘုရားသခင်၏ ဆဋ္ဌမမြောက် အမျက်တော်ဖလား သွန်းလောင်းခြင်းဖြင့် မဟာဗာဗုလုန်၏ပျက်စီးခြင်းကို ကြို၍ညွှန်ပြထားသည်။ “နေထွက်ရာအရပ်မှ ရှင်ဘုရင်တို့အတွက် လမ်းပြင်ဆင်စေခြင်းငှာ” မြစ်ရေသည် ခန်းခြောက်လေ၏။ (ဗျာဒိတ် ၁၆:၁၂၊ ကဘ) ၎င်းရှင်ဘုရင်တို့ကား မည်သူတို့ဖြစ်သနည်း။ ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်တို့ပင် ဖြစ်သတည်း။—ဟေရှာယ ၄၁:၂; ၄၆:၁၀၊ ၁၁ နှိုင်းယှဉ်။
၂၄။ ယေဟောဝါ၏ အဘယ်အရေးယူဆောင်ရွက်မှုက မြောက်ဘုရင်ကို စိတ်ပူပန်စေဖွယ်ရှိသနည်း။
၂၄ မဟာဗာဗုလုန်၏ ပျက်စီးခြင်းအကြောင်းကို ဗျာဒိတ်ကျမ်းတွင် ကွက်ကွက်ကွင်းကွင်း ဤသို့ဖော်ပြထားသည်– “သင်မြင်ရသော ချိုဆယ်ချောင်း [ဆုံးခန်းကာလတွင် အုပ်စိုးလျက်ရှိသည့် ဘုရင်များ] နှင့် သားရဲ [ကုလသမဂ္ဂ] တို့သည် ပြည့်တန်ဆာကိုမုန်းသဖြင့် သူ့ကိုပျက်ပြုန်းစေ၍ အဝတ်အချည်းစည်း ဖြစ်စေလျက် သူ၏အသားကိုစားပြီး သူ့ကို အပြီးအပိုင် မီးရှို့ကြလိမ့်မည်။” (ဗျာဒိတ် ၁၇:၁၆၊ ကဘ) ၎င်းအုပ်စိုးရှင်တို့သည် မဟာဗာဗုလုန်ကို အဘယ်ကြောင့် ဖျက်ဆီးကြမည်နည်း။ အကြောင်းမှာ ‘ဘုရားသခင်သည် မိမိ၏အကြံတော်ကို ဖော်ဆောင်စေရန် သူတို့၏နှလုံးထဲသို့ အကြံသွင်းတော်မူ၏။’ (ဗျာဒိတ် ၁၇:၁၇) ၎င်းအုပ်စိုးရှင်တို့တွင် မြောက်ဘုရင်လည်း ပါဝင်သည်။ “နေထွက်ရာအရပ်မှ” သူကြားရသည့်သတင်းမှာ ဤဘာသာရေး ပြည့်တန်ဆာကြီးကို ချေမှုန်းသုတ်သင်ရန် လူသားခေါင်းဆောင်တို့၏ နှလုံးထဲသို့ အကြံသွင်းသည့်အချိန်တွင် ယေဟောဝါပြုတော်မူမည့် ထိုလုပ်ဆောင်ချက်ကို ရည်ညွှန်းခြင်း ဖြစ်ဖွယ်ရှိသည်။
၂၅။ (က) မြောက်ဘုရင်သည် မည်သူတို့ကို အထူးပစ်မှတ် ထားမည်နည်း။ (ခ) မြောက်ဘုရင်သည် မည်သည့်နေရာ၌ “နန်းတော်တမျှသော တဲတော်ကို စိုက်ထူ” မည်နည်း။
၂၅ သို့ရာတွင် မြောက်ဘုရင်၏ အမျက်ဒေါသသည် အထူးပစ်မှတ်တစ်ခုကို ဦးတည်လိမ့်မည်။ သူသည် “မဟာပင်လယ်နှင့် သန့်ရှင်းသော ရတနာတောင် စပ်ကြားတွင် နန်းတော်တမျှသော တဲတော်ကို စိုက်ထူ . . . လိမ့်မည်” ဟုကောင်းကင်တမန်ကဆို၏။ ဒံယေလလက်ထက်၌ မဟာပင်လယ်မှာ မြေထဲပင်လယ်ဖြစ်ပြီး သန့်ရှင်းသောတောင်မှာ တစ်ချိန်က ဘုရားသခင့်ဗိမာန်တော်တည်ရှိရာ ဇိအုန်တောင်ဖြစ်သည်။ ထို့ကြောင့် ပရောဖက်ပြုချက်ပြည့်စုံရာ၌ အမျက်ဒေါသထွက်သော မြောက်ဘုရင်သည် ဘုရားသခင့်လူမျိုးတော်ကို စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲလိမ့်မည်။ ဝိညာဉ်ရေးသဘောအရ ‘မဟာပင်လယ်နှင့် သန့်ရှင်းသောတောင် စပ်ကြား” ဒေသသည် ယေဟောဝါ၏ ဘိသိက်ခံအမှုထမ်းများ၏ ဝိညာဉ်ရေးပိုင်နက်ကို ကိုယ်စားပြုသည်။ သူတို့သည် ဘုရားသခင်နှင့်စိမ်းကားသည့် လူသား “ပင်လယ်” ထဲမှထွက်လာကြပြီး ကောင်းကင်ဇိအုန်တောင်ပေါ်တွင် ယေရှုခရစ်နှင့်အတူအုပ်ချုပ်ရန် မျှော်လင့်ချက်ရှိကြသည်။—ဟေရှာယ ၅၇:၂၀; ဟေဗြဲ ၁၂:၂၂; ဗျာဒိတ် ၁၄:၁။
၂၆။ ယေဇကျေလ၏ပရောဖက်ပြုချက်၌ ထောက်ပြထားသည့်အတိုင်း “မြောက်မျက်နှာအရပ်မှ ရောက်လာသည့်” သတင်းသည် မည်သူ့ထံမှလာခြင်း ဖြစ်ကောင်းဖြစ်မည်နည်း။
၂၆ ဒံယေလနှင့် တစ်ခေတ်တည်း အသက်ရှင်ခဲ့သူ ယေဇကျေလလည်း “နောင်ကာလတွင်” ဘုရားသခင့်လူမျိုးတော် တိုက်ခိုက်ခြင်း ခံရမည့်အကြောင်းကို ပရောဖက်ပြုခဲ့သည်။ ထိုရန်လိုတိုက်ခိုက်မှုကို မာဂေါဂပြည်မှ ဂေါဂမင်း (စာတန်မာရ်နတ်) ကအစပြုလိမ့်မည်ဟု ဆို၏။ (ယေဇကျေလ ၃၈:၁၄၊ ၁၆) သင်္ကေတသဘောအရ ဂေါဂမင်းသည် အဘယ်အရပ်မျက်နှာမှ ချီလာမည်နည်း။ “မြောက်မျက်နှာစွန်းမှ” ချီထွက်မည်ဟု ယေဇကျေလအားဖြင့် ယေဟောဝါ မိန့်တော်မူ၏။ (ယေဇကျေလ ၃၈:၁၅၊ သမ) ဤတိုက်ခိုက်မှုသည် မည်မျှပင် ရက်စက်ကြမ်းကြုတ်ပါစေ ယေဟောဝါ၏လူမျိုးတော်ကို ဖျက်ဆီးပစ်နိုင်မည်မဟုတ်ပေ။ ဂေါဂမင်း၏ စစ်သည်ဗိုလ်ပါတို့ကို ချေမှုန်းသုတ်သင်ရန် ယေဟောဝါဘက်မှ မဟာဗျူဟာမြောက် ရွေ့ရှားဆောင်ရွက်မှုတစ်ရပ်ကြောင့် ထူးခြားလှသော ၎င်းရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားလာမည်ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါက စာတန်အား ဤသို့မိန့်တော်မူခဲ့ခြင်းဖြစ်သည်– “သင့်ပါးရိုးကို သံချိတ်နှင့်ချိတ်ပြီးလျှင် . . . ငါဆောင်ခဲ့မည်။” ‘သင့်ကို မြောက်မျက်နှာစွန်းမှချီစေ၍ ဣသရေလ တောင်တန်းပေါ်သို့ ငါဆောင်ခဲ့မည်။’ (ယေဇကျေလ ၃၈:၄; ၃၉:၂) သို့ဖြစ်သောကြောင့် မြောက်ဘုရင်အား အမျက်ဒေါသထွက်စေသော “မြောက်မျက်နှာအရပ်မှ ရောက်လာသည့်” သတင်းမှာ ယေဟောဝါထံတော်မှ ဖြစ်ရပေမည်။ “နေထွက်ရာအရပ်နှင့် မြောက်မျက်နှာအရပ်မှ ရောက်လာသည့်သတင်း” တွင်မည်သည့်အကြောင်းအရာများ ပါဝင်မည်မှာ ဘုရားသခင်ကသာ ဆုံးဖြတ်မည်ဖြစ်ပြီး အချိန်တန်လျှင် သိရပါလိမ့်မည်။
၂၇။ (က) ယေဟောဝါ၏လူမျိုးတော်ကို တိုက်ခိုက်ရန် မြောက်ဘုရင်အပါအဝင် တိုင်းနိုင်ငံများကို ဂေါဂမင်းက အဘယ်ကြောင့် နှိုးဆော်မည်နည်း။ (ခ) ဂေါဂမင်း၏ တိုက်ခိုက်မှုသည် မည်သို့ဖြစ်သွားမည်နည်း။
၂၇ ဂေါဂမင်းမူကား ဤလောက၏ အစိတ်အပိုင်းမဟုတ်တော့သည့် “ဘုရားသခင်၏ ဣသရေလလူမျိုး” နှင့်တကွ “အခြားသိုးများ” ထဲမှ “လူအုပ်ကြီး” တို့၏ တိုးတက်ကြီးပွားမှုကြောင့် မီးကုန်ယမ်းကုန် တိုက်ခိုက်ခြင်းဖြစ်သည်။ (ဂလာတိ ၆:၁၆; ဗျာဒိတ် ၇:၉; ယောဟန် ၁၀:၁၆; ၁၇:၁၅၊ ၁၆; ၁ ယောဟန် ၅:၁၉) ဂေါဂမင်းသည် “လူအမျိုးမျိုးမှ စုသိမ်း၍ [ဝိညာဏ] ချမ်းသာကြွယ်ဝမှုနှင့် ဥစ္စာပစ္စည်းကို ဆည်းပူးသော လူတစ်မျိုးကို” မျက်စောင်းထိုးကြည့်နေ၏။ (ယေဇကျေလ ၃၈:၁၂၊ ကဘ) ဂေါဂမင်းသည် ခရစ်ယာန်တို့၏ ဝိညာဏပိုင်နက်ကို အလွယ်တကူ သိမ်းပိုက်နိုင်သော “ရွာဇနပုဒ်များသောပြည်” သဖွယ်ယူမှတ်လျက် လူသားထုတစ်ရပ်လုံးကို ကြိုးကိုင်ခြယ်လှယ်ရာတွင် မိမိအား ဟန့်တားနှောင့်ယှက်နေသော ဤသူတို့ကို ဖယ်ရှားပစ်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိ၏။ သို့သော် အချည်းနှီးသာဖြစ်မည်။ (ယေဇကျေလ ၃၈:၁၁၊ ၁၈; ၃၉:၄) မြောက်ဘုရင်အပါအဝင် မြေကြီးဘုရင်တို့အနေဖြင့် ယေဟောဝါ၏လူမျိုးတော်ကို တိုက်ခိုက်သည့်အခါ သူတို့သည် ‘အဆုံးသို့ ရောက်ရကြလိမ့်မည်။’
ဘုရင်သည် “အဆုံးသို့ ရောက်ရလိမ့်မည်”
၂၈။ မြောက်ဘုရင်နှင့် တောင်ဘုရင်တို့၏ အနာဂတ်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ အဘယ်အရာ သိထားသနည်း။
၂၈ မြောက်ဘုရင်၏ နောက်ဆုံးစစ်ဆင်ရေးမှာ တောင်ဘုရင်ကို ဦးတည်တိုက်ခိုက်ခြင်း မဟုတ်ပေ။ ထို့ကြောင့် မြောက်ဘုရင်သည် မဟာပြိုင်ဘက်၏လက်ချက်ဖြင့် အဆုံးသို့ ရောက်မည်မဟုတ်။ အလားတူစွာပင် တောင်ဘုရင်သည်လည်း မြောက်ဘုရင်၏ဖျက်ဆီးခြင်း ခံရမည်မဟုတ်။ တောင်ဘုရင်သည် “လူ့လက်ဖြင့်မဟုတ်ဘဲ” ဘုရားသခင့်နိုင်ငံတော်အားဖြင့် ဖျက်ဆီးခံရမည်။a (ဒံယေလ ၈:၂၅) စင်စစ်အားဖြင့် အာမဂေဒုန်စစ်ပွဲတွင် မြေကြီးဘုရင်အပေါင်းတို့သည် ဘုရားသခင့်နိုင်ငံတော်အားဖြင့် ဖယ်ရှားခံရကြမည်ဖြစ်ရာ မြောက်ဘုရင်၏ဇာတ်သိမ်းမှာလည်း ထိုအတိုင်းပင်ဖြစ်မည်မှာ ထင်ရှားသည်။ (ဒံယေလ ၂:၄၄၊ ၄၅) ဒံယေလ ၁၁:၄၄၊ ၄၅ ၌ နောက်ဆုံးတိုက်ပွဲသို့ ဦးတည်စေသည့် ဖြစ်ရပ်များကို သရုပ်ဖော်ရေးသားထားသည်။ ထို့ကြောင့် မြောက်ဘုရင်သည် အဆုံးသို့ရောက်သည့်အချိန်၌ “မစသောသူ မရှိ” သည်မှာ အံ့ဩစရာမဟုတ်ပေ။
[အောက်ခြေမှတ်ချက်များ]
a ဤစာအုပ် အခန်း ၁၀ ကိုရှု။
အဘယ်အချက်ကို သိမြင်ခဲ့သနည်း
• ဒုတိယကမ္ဘာစစ် နောက်ပိုင်းတွင် မြောက်ဘုရင်ကို ကိုယ်စားပြုသူသည် မည်သို့ပြောင်းလဲခဲ့သနည်း။
• မြောက်ဘုရင်နှင့် တောင်ဘုရင်တို့သည် နောက်ဆုံး၌ မည်သို့ဖြစ်သွားကြမည်နည်း။
• ဘုရင်နှစ်ပါးတို့၏ ပြိုင်ဆိုင်မှုနှင့်ပတ်သက်သည့် ဒံယေလ၏ပရောဖက်ပြုချက်ကို ဂရုပြုခြင်းမှ သင်မည်သို့ အကျိုးကျေးဇူး ခံစားခဲ့ရသနည်း။
[စာမျက်နှာ ၂၈၄ ပါ မြေပုံ/ရုပ်ပုံများ]
ဒံယေလ အခန်းကြီး ၁၁ မှ ဘုရင်များ
မြောက်ဘုရင် တောင်ဘုရင်
ဒံယေလ ၁၁:၅ ပထမမြောက် စီလူးကပ်စ် နီကေတာ ပထမမြောက် တော်လမီ
ဒံယေလ ၁၁:၆ ဒုတိယမြောက် အဲန်တိုင်းအားကပ်စ် ဒုတိယမြောက် တော်လမီ
(ကြင်ယာတော် လေအိုဒီးစီ) (သမီးတော် ဘဲရာနိုင်းစီ)
ဒံယေလ ၁၁:၇-၉ ဒုတိယမြောက် စီလူးကပ်စ် တတိယမြောက် တော်လမီ
ဒံယေလ ၁၁:၁၀-၁၂ တတိယမြောက် အဲန်တိုင်းအားကပ်စ် စတုတ္ထမြောက် တော်လမီ
ဒံယေလ ၁၁:၁၃-၁၉ တတိယမြောက် အဲန်တိုင်းအားကပ်စ် ပဉ္စမမြောက် တော်လမီ
(သမီးတော် ပထမမြောက် ကလီယိုပက်ထရာ) ဆက်ခံသူ– ဆဋ္ဌမမြောက် တော်လမီ
ဆက်ခံသူများ–
စတုတ္ထမြောက် စီလူးကပ်စ်နှင့်
စတုတ္ထမြောက် အဲန်တိုင်းအားကပ်စ်
ဒံယေလ ၁၁:၂၀ ဩဂတ်စ်တပ်စ်
ဒံယေလ ၁၁:၂၁-၂၄ တိုင်ဘီးရီးယပ်စ်
ဒံယေလ ၁၁:၂၅၊ ၂၆ အော်ရီးလီးယန်း ဘုရင်မ ဇနိုးဘီးယား
ရောမအင်ပါယာ ပြိုကွဲခြင်း
ဒံယေလ ၁၁:၃၀ခ၊ ၃၁ ဟစ်တလာ၏ တတိယရိုက်ခ် အင်္ဂလိပ်-အမေရိကန်
(ဒုတိယကမ္ဘာစစ်) ကမ္ဘာ့အာဏာစက်
ဒံယေလ ၁၁:၃၂-၄၃ ကွန်မြူနစ်အုပ်စု အင်္ဂလိပ်-အမေရိကန်
(စစ်အေးတိုက်ပွဲ) ကမ္ဘာ့အာဏာစက်
ဒံယေလ ၁၁:၄၄၊ ၄၅ မပေါ်သေးb အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်
[အောက်ခြေမှတ်ချက်]
b ဒံယေလ အခန်းကြီး ၁၁ မှပရောဖက်ပြုချက်သည် ကွဲပြားသည့် အချိန်အမျိုးမျိုး၌ မြောက်ဘုရင်နှင့် တောင်ဘုရင်တို့၏ နေရာများကိုယူကြသည့် နိုင်ငံရေးအာဏာစက်များ၏ အမည်များကို ကြိုမဟောထားချေ။ ဖြစ်ရပ်များ စတင်ဖြစ်ပွားပြီးနောက်၌သာ ၎င်းတို့သည် မည်သူမည်ဝါဖြစ်ကြောင်း သိရှိလာရသည်။ ထို့ပြင် ဆိုင်ပြိုင်တိုက်ခိုက်မှုများသည် အပိုင်းလိုက် ပြတ်တောင်းပြတ်တောင်း ဖြစ်ပွားသောကြောင့် ဆိုင်ပြိုင်တိုက်ခိုက်ခြင်း မရှိသည့်ကြားကာလများ၊ ဘုရင်တစ်ပါးက စိုးမိုးခြယ်လှယ်၍ ကျန်တစ်ပါးက ထကြွလှုပ်ရှားခြင်းမရှိဘဲ နေသည့်အချိန်များ ရှိပေသည်။
[စာမျက်နှာ ၂၇၁ ပါ ရုပ်ပုံ]
[စာမျက်နှာ ၂၇၉ ပါ ရုပ်ပုံများ]
တောင်ဘုရင်၏ “တွန်းထိုးခြင်း” တွင်အဆင့်မြင့်နည်းပညာ လျှို့ဝှက်ထောက်လှမ်းခြင်းနှင့် စစ်အင်အားဖြင့် ခြိမ်းခြောက်ခြင်းတို့ ပါဝင်ခဲ့သည်