ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • dp အခန်း ၅ စာ. ၆၈-၈၁
  • သူတို့၏ယုံကြည်ခြင်းသည် အပြင်းအထန် စမ်းသပ်ခြင်းကို ခံနိုင်၏

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သူတို့၏ယုံကြည်ခြင်းသည် အပြင်းအထန် စမ်းသပ်ခြင်းကို ခံနိုင်၏
  • ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရွှေရုပ်တုတစ်ခု ခြိမ်းခြောက်မှုပြု
  • ယေဟောဝါ၏အမှုထမ်းများ အလျှော့ပေး လိုက်လျောခြင်းမပြု
  • မီးလောင်လျက်ရှိသော မီးဖိုထဲသို့
  • ယခုခေတ် ယုံကြည်ခြင်းနှင့် ပြင်းထန်သော စမ်းသပ်ခြင်း
  • ကလေးတို့ရဲ့ ဘုရားသခင် ဘယ်သူလဲ
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • သူတို့ ဦးကိုမချခဲ့တဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • သူတို့ ဦးမချကြ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ‘အကျွန်ုပ်တို့၏ ဘုရားသခင်သည် အကျွန်ုပ်တို့ကို ကယ်လွှတ်နိုင်တော်မူ၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
dp အခန်း ၅ စာ. ၆၈-၈၁

အခန်း ငါး

သူတို့၏ယုံကြည်ခြင်းသည် အပြင်းအထန် စမ်းသပ်ခြင်းကို ခံနိုင်၏

၁။ ဘုရားသခင်နှင့် တိုင်းပြည်အပေါ်ထားရှိသည့် သစ္စာနှံခြင်းနှင့်ပတ်သက်၍ လူအများက မည်သို့သဘောထားကြသနည်း။

သင့်သစ္စာနှံခြင်းသည် ဘုရားသခင်အား ရည်စူးသင့်သလော၊ သင်နေထိုင်ရာနိုင်ငံအား ရည်စူးသင့်သလော။ အများသောသူတို့က ‘နှစ်ခုစလုံးကို ကျွန်တော် ဂါရဝပြုတယ်။ ကျွန်တော့်ဘာသာမှာ မိန့်မှာထားတဲ့အတိုင်း ဘုရားသခင်ကို ကိုးကွယ်တယ်၊ တိုင်းပြည်အပေါ် သစ္စာစောင့်သိတယ်’ ဟူ၍ အဖြေပေးကြပေမည်။

၂။ ဗာဗုလုန်ရှင်ဘုရင်သည် ဘာသာရေးနှင့်နိုင်ငံရေး နှစ်ရပ်စလုံးတွင် အဘယ်သို့ အထင်ကရပုဂ္ဂိုလ် ဖြစ်သနည်း။

၂ ယခုခေတ်တွင် ဘာသာရေးသစ္စာနှံခြင်းနှင့် မျိုးချစ်စိတ်စပ်ကြား ခြားထားသည့်စည်းသည် မသဲမကွဲ ဖြစ်ကောင်းဖြစ်မည်။ သို့သော် ရှေးဗာဗုလုန်တွင်မူ ထိုသို့သောစည်းမျိုး လုံးဝမရှိခဲ့ချေ။ အမှန်အားဖြင့် လူမှုရေးနှင့် ဘာသာရေးတို့သည် တစ်ခါတစ်ရံတွင် ခွဲခြား၍မရလောက်အောင် ရောထွေးလျက်ရှိသည်။ “ရှေးဗာဗုလုန်တွင် ရှင်ဘုရင်သည် ယဇ်ပုရောဟိတ်မင်းနှင့် ပြည်သူ့အုပ်စိုးရှင်အဖြစ် အမှုထမ်းဆောင်၏။ သူသည် ယဇ်ပူဇော်ခြင်းပြုသည့်အပြင် ပြည်သူတို့၏ ဘာသာရေးဘဝကိုလည်း ပြဋ္ဌာန်းသတ်မှတ်သည်” ဟူ၍ ပါမောက္ခ ချားလ်စ် အက်ဖ်. ပဖိုင်းဖာရ်က ရေးသားထားသည်။

၃။ နေဗုခဒ်နေဇာသည် ဘာသာရေး အလွန်ကိုင်းရှိုင်းသူဖြစ်ကြောင်း မည်သို့သိရသနည်း။

၃ နေဗုခဒ်နေဇာကို နမူနာအဖြစ် သုံးသပ်ကြည့်ပါ။ သူ၏နာမည်ကိုယ်နှိုက်က “အို နေဗော၊ အမွေဆက်ခံသူအား ကာကွယ်တော်မူပါ!” ဟူ၍အဓိပ္ပာယ်ရှိသည်။ နေဗောမှာ ဗာဗုလုန်လူမျိုး၏ ဉာဏ်ပညာနှင့် စိုက်ပျိုးရေးဆိုင်ရာ နတ်ဘုရားဖြစ်သည်။ နေဗုခဒ်နေဇာသည် ဘာသာရေး အလွန်ကိုင်းရှိုင်းသူဖြစ်သည်။ အစောပိုင်း၌ ဖော်ပြခဲ့သည်အတိုင်း သူသည် ဗာဗုလုန်နတ်ဘုရား အမြောက်အမြား၏ ကျောင်းကန်များကို တည်ဆောက်မွမ်းမံခဲ့သည့်အပြင် သူ့အား စစ်အောင်နိုင်မှုများပေးသည်ဟု မှတ်ယူဂုဏ်တင်ခံရသည့် မားဒွတ်ခ်ကို အထူးသဖြင့် ဆည်းကပ်ကိုးကွယ်၏။a နေဗုခဒ်နေဇာသည် စစ်ရေးအစီအစဉ် ရေးဆွဲရာ၌လည်း နိမိတ်ဖတ်ခြင်းကို အလွန့်အလွန် အားထားပုံရသည်။—ယေဇကျေလ ၂၁:၁၈-၂၃။

၄။ ဗာဗုလုန်၏ ဘာသာရေးစိတ်ဓာတ်အကြောင်း ဖော်ပြပါ။

၄ မှန်ပါသည်၊ ဗာဗုလုန်တစ်ဝန်းတွင် ဘာသာရေးစိတ်ဓာတ် လွှမ်းမိုးလျက်ရှိသည်။ ဗာဗုလုန်မြို့တွင် ဘုရားကျောင်းကန်ပေါင်း ၅၀ ကျော်ရှိပြီး ၎င်းတို့တွင် နတ်ဘုရား၊ နတ်ဘုရားမ အမြောက်အမြားကို ကိုးကွယ်ကြသည့်အနက် အားနူး (မိုးနတ်)၊ အဲင်းလီလ် (မြေ၊ လေ၊ မုန်တိုင်းနတ်) နှင့် အဲအား (ရေနတ်) တို့ပေါင်းစုထားသည့် သုံးပါးပေါင်းတစ်ဆူဘုရားလည်း ပါဝင်သည်။ အခြား သုံးပါးပေါင်းတစ်ဆူဘုရားမှာ စင်း (လနတ်)၊ ရှားမက်ရှ် (နေနတ်) အစ်ရှတာ (မျိုးအောင်ဘုရားမ) တို့ဖြင့်စုပေါင်းထားသည်။ မှော်အတတ်၊ စုန်းကဝေအတတ်နှင့် နက္ခတ်ဗေဒင်အတတ်တို့သည် ဗာဗုလုန်ကိုးကွယ်မှုတွင် ထင်ရှားသည့်အခန်းကဏ္ဍမှ ပါဝင်ကြသည်။

၅။ ဗာဗုလုန်၏ ဘာသာရေး ဝန်းကျင်အခြေအနေက နယ်နှင်ခံဂျူးများအတွက် အဘယ်စိန်ခေါ်ချက် ဖြစ်စေသနည်း။

၅ နတ်ဘုရားအများကို ကိုးကွယ်သည့်လူမျိုးအလယ်တွင် နေထိုင်ရသည်မှာ ဂျူးနယ်နှင်ခံများအဖို့ ကြီးမားသည့် စိန်ခေါ်ချက်ဖြစ်သည်။ ရာစုနှစ်များစွာကတည်းက မောရှေက ဣသရေလလူမျိုးအနေဖြင့် အကယ်၍ အချုပ်အခြာ ဥပဒေပြဋ္ဌာန်းရှင်အား ပုန်ကန်ရန် ရွေးချယ်ခဲ့ပါက ကြောက်မက်ဖွယ် ဆိုးကျိုးများ ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ သူတို့အား မောရှေက ဤသို့ဆို၏– “ထာဝရဘုရားသည် သင်ချီးမြှောက်သောရှင်ဘုရင်ကို သင်နှင့်သင့်ဘိုးဘေးတို့ မသိမကျွမ်းဖူးသော လူမျိုးရှိရာသို့ ဆောင်သွားတော်မူသဖြင့်၊ သင်သည် အခြားတစ်ပါးသောဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။”—တရားဟောရာ ၂၈:၁၅၊ ၃၆။

၆။ ဗာဗုလုန်တွင် နေထိုင်ရခြင်းသည် ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့အဖို့ အဘယ်ကြောင့် အထူးစိန်ခေါ်ချက် ဖြစ်သနည်း။

၆ ယခုသော် ဂျူးတို့သည် ထိုသို့သော အကျပ်အတည်းမျိုးကို ကိုယ်တိုင်ကြုံတွေ့နေရကြသည်။ ယေဟောဝါအပေါ် သမာဓိစောင့်သိရန်မှာ အလွန်တရာ ခက်ခဲပေမည်။ အထူးသဖြင့် ဒံယေလ၊ ဟာနနိ၊ မိရှေလနှင့် အာဇရိတို့အဖို့ ပို၍ခက်ခဲပေမည်။ ဤဟေဗြဲလူငယ်လေးဦးတို့သည် အစိုးရအမှုထမ်းဖို့ လေ့ကျင့်သင်ကြားမှုခံယူရန် အထူးရွေးချယ်ခံရကြသည်။ (ဒံယေလ ၁:၃-၅) သူတို့ကို ဗေလတရှာဇာ၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ အစရှိသည့် ဗာဗုလုန်နာမည်များ ပေးခဲ့သည်ကို သတိရပါ။ ရည်ရွယ်ချက်မှာ သူတို့၏ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ နေထိုင်တတ်စေရန် ဖြစ်ဟန်တူသည်။b သူတို့၏ အဆင့်မြင့်ရာထူးများကြောင့် တိုင်းပြည်၏ နတ်ဘုရားများကိုကိုးကွယ်ရန် ငြင်းဆန်မှုမှန်သမျှကို လူတို့ ချက်ချင်းသတိပြုမိကြမည့်အပြင် နိုင်ငံတော်သစ္စာဖောက်မှုပင် ဖြစ်သွားနိုင်သည်။

ရွှေရုပ်တုတစ်ခု ခြိမ်းခြောက်မှုပြု

၇။ (က) နေဗုခဒ်နေဇာ တည်ထားသည့်ရုပ်တုအကြောင်း ဖော်ပြပါ။ (ခ) ရုပ်တုတည်လုပ်ခြင်း၏ ရည်ရွယ်ချက်ကား အဘယ်နည်း။

၇ နေဗုခဒ်နေဇာသည် အင်ပါယာ၏ စည်းလုံးမှုကို ခိုင်မာစေရေးအတွက် ကြိုးပမ်းမှုတစ်ရပ်အနေနှင့် ဒုရလွင်ပြင်တွင် ရွှေရုပ်တုတစ်ခု တည်လုပ်ခြင်းဖြစ်သည်မှာ ထင်ရှားသည်။ ၎င်းရုပ်တုမှာ အမြင့်အတောင် ၆၀ (ပေ ၉၀)၊ အနံ ၆ တောင် (၉ ပေ) ရှိသည်။c ၎င်းသည် တိုင်လုံးကြီးတစ်လုံး၊ သို့မဟုတ် ထိပ်ချွန်ကျောက်တိုင် တစ်တိုင်ဖြစ်သည်ဟု အချို့က ယူဆကြသည်။ ၎င်းရုပ်တု၌ အလွန်မြင့်သည့် အောက်ခံခုံရှိပြီး ထိပ်တွင် နေဗုခဒ်နေဇာကိုယ်တိုင်ကိုဖြစ်စေ၊ နေဗောနတ်ဘုရားကိုဖြစ်စေ ကိုယ်စားပြုသည့် လူပုံသဏ္ဌာန်ရုပ်တုတစ်ခု ရှိနိုင်သည်။ မည်သို့ပင်ဖြစ်စေ မြင့်မားသည့် ဤအထိမ်းအမှတ် ကျောက်တိုင်ကြီးသည် ဗာဗုလုန်၏သင်္ကေတဖြစ်ပေသည်။ သို့ဖြစ်သောကြောင့် ဤရုပ်တုကြီးကို လူတိုင်းတွေ့မြင်၍ အကြည်ညိုပွားစေရန် ရည်ရွယ်ထားသည်။—ဒံယေလ ၃:၁။

၈။ (က) ရုပ်တုဖွင့်ပွဲအခမ်းအနားသို့ မည်သူတို့ကို ခေါ်ဖိတ်သနည်း။ တက်ရောက်သူအားလုံး ဘာလုပ်ရမည်နည်း။ (ခ) ရုပ်တုရှေ့တွင် ပျပ်ဝပ်ကိုးကွယ်ရန် ငြင်းဆန်ခြင်းအတွက် ပြစ်ဒဏ်ကား အဘယ်နည်း။

၈ သို့နှင့် နေဗုခဒ်နေဇာသည် ဖွင့်ပွဲအခမ်းအနားကျင်းပရန် စီစဉ်လေ၏။ ဘုရင်ခံမင်း၊ မင်းအရာရှိ၊ မြို့ဝန်၊ မင်းတိုင်ပင်အမတ်၊ အခွန်တော်ဝန်၊ တရားသူကြီး၊ မှူးတော်မတ်တော်၊ အဝေးနယ်ဝန်မင်းအပေါင်းတို့ကို စုဝေးစေ၏။ သံတော်ဆင့်တစ်ဦးက ဤသို့ဟစ်ကြော်၏– “အသီးသီးအခြားခြားသော ဘာသာစကားကိုပြောသော လူအမျိုးမျိုးတို့ တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာအစရှိသော တူရိယာမျိုး တီးမှုတ်ခြင်းအသံကို ကြားသောအခါ နေဗုခဒ်နေဇာမင်းကြီး တည်ထားတော်မူသော ရွှေရုပ်တုကို ပျပ်ဝပ်ကိုးကွယ်ရကြမည်။ မပျပ်ဝပ် မကိုးကွယ်ဘဲ နေသောသူမည်သည်ကို မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ချင်းချပစ်စေဟု အမိန့်တော်မြတ်ရှိသည်။”—ဒံယေလ ၃:၂-၆။

၉။ နေဗုခဒ်နေဇာ တည်ထားသည့်ရုပ်တုရှေ့ ပျပ်ဝပ်ကိုးကွယ်ခြင်း၏ ထင်ရှားသည့်အနှစ်သာရကား အဘယ်နည်း။

၉ ဤအခမ်းအနားကို နေဗုခဒ်နေဇာ ကျင်းပခြင်း၏ရည်ရွယ်ချက်မှာ ဂျူးလူမျိုးအား ယေဟောဝါကိုးကွယ်ခြင်းကို စွန့်ပယ်စေရန်ဖြစ်သည်ဟု အချို့ကယူဆကြသည်။ အစိုးရအရာရှိများကိုသာ အခမ်းအနားသို့ ဖိတ်ခေါ်ထားခြင်းဖြစ်သဖြင့် ထိုသို့ရည်ရွယ်ပုံ မရပေ။ ထို့ကြောင့် တက်ရောက်သည့် ဂျူးလူမျိုးတို့မှာ အစိုးရတာဝန်တစ်ခုခု ထမ်းဆောင်သူတို့သာ ဖြစ်ကြသည်။ သို့ဖြစ်သောကြောင့် ရုပ်တုရှေ့ ပျပ်ဝပ်ကိုးကွယ်ခြင်းသည် အုပ်ချုပ်သည့်လူတန်းစား၏ စည်းလုံးညီညွတ်မှုကို ခိုင်မာစေရန်ရည်ရွယ်သည့် အခမ်းအနား ဖြစ်ပုံရသည်။ ကျမ်းပညာရှင် ဂျွန် အက်ဖ်. ဝေါလ်ဝွဒ်က ဤသို့မှတ်ချက်ချသည်– “ဤကဲ့သို့ မင်းအရာရှိအင်အား ပြသသည့်အခမ်းအနားသည် တစ်ဖက်တွင် နေဗုခဒ်နေဇာ၏ အင်ပါယာတန်ခိုးအာဏာကို ထုတ်ဖော်ပြသခြင်းဖြစ်ပြီး တစ်ဖက်တွင် သူတို့၏အောင်ပွဲအတွက် တာဝန်ရှိသည်ဟု သူတို့ယူဆသည့် နတ်ဘုရားများကို ချီးကျူးဂုဏ်ပြုခြင်းဖြစ်သည်။”

ယေဟောဝါ၏အမှုထမ်းများ အလျှော့ပေး လိုက်လျောခြင်းမပြု

၁၀။ နေဗုခဒ်နေဇာ၏ အမိန့်ကိုနာခံရန် ဂျူးမဟုတ်သူများအတွက် အဘယ်ကြောင့် ပြဿနာမရှိသနည်း။

၁၀ နေဗုခဒ်နေဇာ၏ ရုပ်တုရှေ့ စုဝေးရောက်ရှိသူအများသည် ကျေးဇူးရှင်နတ်ဘုရား အမျိုးမျိုးကို ကိုးကွယ်ကြသော်လည်း ဤရုပ်တုကို ရှိခိုးကိုးကွယ်ရန် လုံးဝဝန်မလေးကြချေ။ “သူတို့သည် ရုပ်တုများကို ရှိခိုးကိုးကွယ်နေကျ ဖြစ်သည့်အလျောက် နတ်ဘုရားတစ်ပါးကို ကိုးကွယ်ခြင်းသည် အခြားနတ်ဘုရားတစ်ပါးကို ဂါရဝပြုရန်အတွက် အဟန့်အတား မပြု” ဟုကျမ်းပညာရှင်တစ်ဦးက ရှင်းပြသည်။ ဤသို့ဆက်၍ဆိုသည်– “နတ်ဘုရား အများအပြားရှိသည်ဟူသော ထိုခေတ်က ရေပန်းစားသည့် ရုပ်တုကိုးကွယ်သူတို့၏ အမြင်သဘောထားနှင့်အညီ . . . မည်သည့်လူမျိုး၊ မည်သည့်နိုင်ငံ၏ နတ်ဘုရားကိုမဆို ဂါရဝပြုခြင်းသည် လက်မခံနိုင်ဖွယ် မဟုတ်ပေ။”

၁၁။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် ရုပ်တုရှေ့၌ ပျပ်ဝပ်ကိုးကွယ်ရန် အဘယ်ကြောင့် ငြင်းဆန်ကြသနည်း။

၁၁ သို့သော် ဂျူးလူမျိုးအဖို့မူကား တစ်မျိုးတစ်ဘာသာဖြစ်သည်။ သူတို့၏ဘုရားသခင် ယေဟောဝါက သူတို့အား ဤသို့ပညတ်တော်မူ၏– “အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ် မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက် ရေထဲ၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဖို့မလုပ်နှင့်။ ၎င်းတို့ကို ဦးမချနှင့်၊ ဝတ်ပြုရန် သွေးဆောင်ခြင်း မခံနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင် ငါယေဟောဝါသည် သီးသန့်ဝတ်ပြုကိုးကွယ်ခြင်းကို တင်းကျပ်စွာတောင်းဆိုသော ဘုရားသခင် ဖြစ်တော်မူ၏။” (ထွက်မြောက်ရာ ၂၀:၄၊ ၅၊ ကဘ) ထိုကြောင့် တေးသံစသည်နှင့် စုဝေးသူတို့သည် ရုပ်တုရှေ့တွင် ပျပ်ဝပ်ကိုးကွယ်ကြသော်လည်း ဟေဗြဲလူငယ်သုံးဦးဖြစ်သည့် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့မူကား မတ်တတ်ရပ်မြဲ ရပ်နေကြ၏။—ဒံယေလ ၃:၇။

၁၂။ ခါလဒဲလူအချို့က ဟေဗြဲလူသုံးဦးအား အဘယ်ပြစ်မှုဖြင့် စွဲချက်တင်သနည်း။ အဘယ်ကြောင့် ထိုသို့စွပ်စွဲကြသနည်း။

၁၂ ဟေဗြဲအရာရှိသုံးဦး ရုပ်တုကို ပျပ်ဝပ်ကိုးကွယ်ရန် ငြင်းဆန်ခြင်းကြောင့် ခါလဒဲလူအချို့ အလွန်အမျက်ထွက်ကြ၏။ သူတို့သည် ချက်ချင်းပင် မင်းကြီးထံချဉ်းကပ်၍ “ယုဒလူတို့ကို အပြစ်တင်” ကြ၏။d သူတို့သည် ရှင်းပြသည်ကို စိတ်မဝင်စားကြချေ။ ကျေးဇူးသစ္စာ စောင့်သိမှုမရှိခြင်းနှင့် နိုင်ငံတော် သစ္စာဖောက်ခြင်းတို့အတွက် ဟေဗြဲလူတို့ အပြစ်ဒဏ် ခံစေလိုသည့်သဘောဖြင့် စွပ်စွဲသူတို့က ဤသို့လျှောက်ကြ၏– “အရှင်မင်းကြီး ကိုယ်တော်သည် ဗာဗုလုန်နိုင်ငံတွင် ဝန်အရာ၌ ခန့်ထားတော်မူသော ယုဒလူ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ အမည်ရှိသောသူတို့သည် အာဏာတော်ကို ပမာဏမပြုပါ။ ကိုယ်တော်၏ဘုရားတို့ကို ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါ။”—ဒံယေလ ၃:၈-၁၂။

၁၃၊ ၁၄။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ လုပ်ရပ်နှင့်ပတ်သက်၍ နေဗုခဒ်နေဇာ အဘယ်သို့ တုံ့ပြန်သနည်း။

၁၃ မိမိ၏ အမိန့်တော်မြတ်ကို ဟေဗြဲလူသုံးဦး နာမခံသည်ကို နေဗုခဒ်နေဇာ မည်မျှအမျက်ထွက်လိုက်မည်ဖြစ်ခြင်း။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ဗာဗုလုန်အင်ပါယာအပေါ် ကျေးဇူးသစ္စာစောင့်သိသူများ ဖြစ်လာစေရန် သူမပြောင်းလဲနိုင်ခဲ့ကြောင်း ထင်ရှားသည်။ သူတို့အား ခါလဒဲလူတို့၏ အတတ်ပညာကို သင်ကြားပေးခဲ့သည် မဟုတ်လော။ သူတို့၏နာမည်များကိုပင် ပြောင်းလဲပေးခဲ့သည် မဟုတ်လော။ နေဗုခဒ်နေဇာအနေဖြင့် ကြီးကျယ်ခမ်းနားသော ပညာရေးသည် ထိုသူတို့ကို ကိုးကွယ်မှုပုံစံအသစ်သို့ ပြောင်းလဲပေးနိုင်မည်၊ သူတို့၏နာမည်များကို ပြောင်းလဲခြင်းဖြင့် သူတို့၏ကိုယ်ရည်ကိုယ်သွေးများကို ပြောင်းလဲစေနိုင်မည်ဟု ထင်မှတ်ခဲ့သော် မဟာအမှား ဖြစ်ပေလိမ့်မည်။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် ယေဟောဝါ၏ ကျေးဇူးစောင့်သိသော အမှုထမ်းများအဖြစ် ဆက်လက်ရပ်တည်ကြသည်။

၁၄ နေဗုခဒ်နေဇာမင်းကြီးသည် ပြင်းစွာအမျက်ထွက်၍ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကို ချက်ချင်းပင်ဆင့်ခေါ်လေ၏။ မင်းကြီးက “ဟယ် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ ငါ၏ဘုရားတို့ကို ဝတ်မပြုလော။ ငါတည်ထားသော ရွှေရုပ်တုကို မကိုးကွယ်လော” ဟုမေးလေ၏။ နေဗုခဒ်နေဇာသည် ဤစကားကို စိုးရိမ်ထိတ်လန့် မယုံကြည်နိုင်သည့်အမူအရာဖြင့် မေးခဲ့မည်မှာ ယုံမှားဖွယ်မရှိပေ။ ‘အမိန့်တော်ဖီဆန်လျှင် ပြင်းထန်သောအပြစ်ဒဏ် ခံရမည်ဟုဆိုထားသည့် ဤအမိန့်ရိုးရိုးလေးကို စိတ်မဖောက်ပြန်သော ဤသူသုံးယောက်သည် အဘယ်သို့ အာခံဝံ့သနည်း’ ဟူ၍ သူဆင်ခြင်တွေးဆခဲ့ပေမည်။—ဒံယေလ ၃:၁၃၊ ၁၄။

၁၅၊ ၁၆။ ဟေဗြဲလူသုံးဦးအား အဘယ်အခွင့်အရေးကို နေဗုခဒ်နေဇာ ထပ်၍ပေးသနည်း။

၁၅ နေဗုခဒ်နေဇာသည် ဟေဗြဲလူသုံးဦးအား နောက်တစ်ကြိမ် အခွင့်အရေးပေးလို၏။ “ယခုတွင် တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာအစရှိသော တူရိယာမျိုးတီးမှုတ်ခြင်းအသံကို ကြားသောအခါ ငါလုပ်သောရွှေရုပ်တုကို ပျပ်ဝပ်ကိုးကွယ်အံ့သောငှာ အသင့်နေကြ။ သို့မဟုတ်လျှင် မီးလောင်လျက်ရှိသောမီးဖိုထဲသို့ ချက်ချင်းချပစ်မည်။ ငါ၏လက်မှ ကယ်လွှတ်နိုင်သောဘုရားကား အဘယ်ဘုရားရှိသနည်းဟုမိန့်ဆို၏။”—ဒံယေလ ၃:၁၅။

၁၆ အိပ်မက်ထဲမှ ရုပ်တုကြီးသင်ခန်းစာသည် (ဒံယေလ အခန်းကြီး ၂ တွင်မှတ်တမ်းတင်ထားသည်) နေဗုခဒ်နေဇာ၏ စိတ်နှလုံးထဲတွင် တာရှည်စွဲထင်ခြင်း မရှိခဲ့ချေ။ “ကိုယ်တော်၏ ဘုရားသခင်သည် ဘုရားတို့၏ဘုရား၊ ဘုရင်တို့၏အရှင် . . . ဖြစ်တော်မူ၏” ဟုသူကိုယ်တိုင် မိန့်ဆိုခဲ့သည့်စကားကို သူမေ့သွားပုံရသည်။ (ဒံယေလ ၂:၄၇) ယခုသော် နေဗုခဒ်နေဇာသည် ဤဟေဗြဲလူတို့ ခံရမည့်အပြစ်ဒဏ်မှ သူတို့၏ဘုရားသခင်ပင် ကယ်လွှတ်နိုင်မည်မဟုတ်ဟု ဆိုခြင်းအားဖြင့် ယေဟောဝါကို စိန်ခေါ်လိုက်ပုံရသည်။

၁၇။ ရှင်ဘုရင်၏ ကမ်းလှမ်းချက်ကို ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ မည်သို့တုံ့ပြန်ကြသနည်း။

၁၇ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် ဤကိစ္စနှင့်ပတ်သက်၍ ထပ်မံစဉ်းစားစရာ အကြောင်းမရှိ။ သူတို့က ဤသို့ ချက်ချင်းဖြေဆိုလိုက်၏– “အရှင်မင်းကြီးနေဗုခဒ်နေဇာ အကျွန်ုပ်တို့သည် ဤအမှု၌ ပြန်လျှောက်ရမည်အကြောင်း မရှိပါ။ အကျွန်ုပ်တို့ ကိုးကွယ်သောဘုရားသခင်သည် မီးလောင်လျက်ရှိသောမီးဖိုထဲက အကျွန်ုပ်တို့ကို ကယ်လွှတ်နိုင်တော်မူ၏။ ကိုယ်တော်၏လက်မှလည်း ကယ်လွှတ်တော်မူလိမ့်မည်။ ထိုသို့ကယ်လွှတ်တော်မမူသော်လည်း အရှင်မင်းကြီး၊ ကိုယ်တော်၏ဘုရားတို့ကို အကျွန်ုပ်တို့သည် ဝတ်မပြုပါ။ တည်ထားတော်မူသော ရွှေရုပ်တုကိုလည်း မကိုးကွယ်ပါ။”—ဒံယေလ ၃:၁၆-၁၈။

မီးလောင်လျက်ရှိသော မီးဖိုထဲသို့

၁၈၊ ၁၉။ တောက်လောင်လျက်ရှိသည့် မီးဖိုထဲသို့ ဟေဗြဲလူသုံးဦးကို ပစ်ချလိုက်သည့်အခါ မည်သို့ဖြစ်ပျက်သနည်း။

၁၈ နေဗုခဒ်နေဇာသည် ပြင်းစွာမျက်မာန်ရှလျက် မီးဖိုကို သာမန်ထက် ခုနစ်ဆတိုး၍ပူစေရန် အမိန့်ပေး၏။ ထိုနောက် ‘ခွန်အားကြီးသော စစ်သူရဲအချို့အား’ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ကိုတုပ်နှောင်၍ “မီးလောင်လျက်ရှိသော မီးဖိုထဲသို့” ချပစ်ရန် အမိန့်ပေး၏။ သူတို့သည် ရှင်ဘုရင်၏ အမိန့်တော်အတိုင်း ဟေဗြဲလူသုံးဦးအား မြန်မြန်လောင်ကျွမ်းစေလိုသည့်သဘောဖြင့် အဝတ်အစားအပြည့်နှင့် တုပ်နှောင်လျက် မီးဖိုထဲသို့ ချပစ်ကြ၏။ သို့ရာတွင် မီးလျှံဟပ်၍ သေဆုံးသွားသူတို့မှာ နေဗုခဒ်နေဇာ၏ လူယုံတော်များသာဖြစ်ကြသည်။—ဒံယေလ ၃:၁၉-၂၂။

၁၉ သို့သော် ထူးဆန်းသောအဖြစ်တစ်ခု ဖြစ်ပျက်ခဲ့သည်။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် တောက်လောင်လျက်ရှိသည့် မီးဖိုထဲ၌ ရောက်ရှိနေကြသော်လည်း မီးလောင်ကျွမ်းခြင်းမရှိပေ။ နေဗုခဒ်နေဇာ အံ့သြမိန်းမောသည်ကို စဉ်းစားကြည့်ပါ။ သူတို့ကို ခိုင်ခံ့စွာတုပ်နှောင်လျက် တဟုန်းဟုန်း တောက်လောင်နေသောမီးထဲသို့ ချပစ်ခဲ့သော်လည်း အသက်ရှင်လျက်ပင်ရှိကြသည်။ သူတို့သည် မီးအလယ်တွင် နှောင်ကြိုးမရှိ သွားလာလျက်ရှိကြသည်တကား! သို့သော် နေဗုခဒ်နေဇာသည် အခြားအရာတစ်ခုကိုလည်း သတိပြုမိသည်။ “လူသုံးယောက်တို့ကို တုပ်နှောင်၍ မီးထဲသို့ ချပစ်သည်မဟုတ်လော” ဟုတိုင်ပင်မှူးမတ်တို့အား မေးတော်မူ၏။ ‘မှန်ပါ၏ ဘုရင်မင်းမြတ်’ ဟုတင်လျှောက်ကြ၏။ နေဗုခဒ်နေဇာက “လူလေးယောက်တို့သည် မတုပ်မနှောင်ဘဲ မီးထဲ၌သွားလာ၍ ဘေးဥပဒ်နှင့်ကင်းလွတ်သည်ကို ငါမြင်သည်တကား။ စတုတ္ထသူသည် ဘုရားသား၏ အဆင်းသဏ္ဌာန်ရှိသည်” ဟုဟစ်အော်လေ၏။—ဒံယေလ ၃:၂၃-၂၅။

၂၀၊ ၂၁။ (က) မီးဖိုထဲမှ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ ထွက်လာကြသည့်အခါ သူတို့နှင့်ပတ်သက်၍ နေဗုခဒ်နေဇာ အဘယ်အချက်ကို သတိပြုမိသနည်း။ (ခ) အဘယ်အချက်ကို နေဗုခဒ်နေဇာ ဝန်မခံဘဲ မနေနိုင်တော့သနည်း။

၂၀ နေဗုခဒ်နေဇာသည် မီးလောင်လျက်ရှိသည့် မီးဖိုတံခါးဝသို့ ချဉ်းကပ်ပြီးလျှင် “အမြင့်ဆုံးသော ဘုရားသခင်၏ကျွန် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ ထွက်၍လာကြလော့” ဟုခေါ်လေ၏။ ဟေဗြဲလူသုံးဦးသည် မီးထဲကထွက်လာကြ၏။ ဤအံ့ဖွယ်ဖြစ်ရပ်ကို မျက်ဝါးထင်ထင် တွေ့မြင်ရသူတို့—ဘုရင်ခံမင်း၊ မင်းအရာရှိ၊ မြို့ဝန်နှင့် မှူးတော်မတ်တော်တို့ အပါအဝင်—အားလုံး မုချမှင်တက်မိကြပေမည်။ ဤဟေဗြဲလူငယ်သုံးဦးသည် မီးဖိုထဲသို့ လုံးဝမရောက်ခဲ့ပုံ ပေါက်နေကြသည်တကား! သူတို့ကိုယ်ပေါ်၌ မီးသင်းနံ့မရှိ၊ ဆံခြည်တစ်ပင်မျှလည်း မီးမမြိုက်ချေ။—ဒံယေလ ၃:၂၆၊ ၂၇။

၂၁ ယခု ယေဟောဝါသည် အမြင့်မြတ်ဆုံးသော ဘုရားသခင်ဖြစ်ကြောင်းကို နေဗုခဒ်နေဇာ ဝန်မခံဘဲ မနေနိုင်တော့ပေ။ သူက “ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ မိမိတို့ဘုရားမှတစ်ပါး အခြားသောဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဘုရားသခင်ကို ယုံကြည်ကိုးစား၍ မင်းကြီးအမိန့်တော်ကိုဆန်လျက် မိမိတို့ကိုယ်ကိုပင်အပ်နှံသော ကျွန်တော်ရင်းတို့ရှိရာသို့ ထိုဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ကယ်တင်တော်မူပြီ” ဟုအလေးအနက်ဆို၏။ ထို့နောက် ဤတင်းကျပ်သော သတိပေးချက်ကို ထပ်ဆင့်ထုတ်ပြန်၏– “အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကိုပြောသော လူအမျိုးမျိုးတို့တွင် တစ်စုံတစ်ယောက်သောသူသည် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရားသခင်အား ပြစ်မှားသောစကားကိုပြောလျှင် ထိုသူကို အပိုင်းပိုင်းစဉ်းစေ။ သူ၏အိမ်ကိုလည်း နောက်ချေးပုံဖြစ်စေဟု ငါအမိန့်တော်ရှိ၏။ အကြောင်းမူကား ထိုမျှလောက်သောကယ်တင်ခြင်းကို ထိုဘုရားသခင်မှတစ်ပါး အဘယ်ဘုရားမျှမပြုနိုင်။” ထို့နောက် ဤဟေဗြဲလူသုံးဦးသည် ရှင်ဘုရင်၏ မျက်နှာသာကို ပြန်လည်ရရှိပြီး ‘ဗာဗုလုန်ပြည်နယ်တွင် တိုးတက်ကောင်းစားကြ၏။’—ဒံယေလ ၃:၂၈-၃၀။

ယခုခေတ် ယုံကြည်ခြင်းနှင့် ပြင်းထန်သော စမ်းသပ်ခြင်း

၂၂။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ အခြေအနေနှင့်ဆင်တူသည့် အခြေအနေမျိုးကို ယေဟောဝါ၏ မျက်မှောက်ခေတ် အမှုထမ်းများ မည်သို့ ရင်ဆိုင်ကြရသနည်း။

၂၂ ယခုခေတ်တွင် ယေဟောဝါအား ကိုးကွယ်သူတို့သည် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ အခြေအနေမျိုးနှင့် ဆင်တူသည့် အခြေအနေမျိုးကို ရင်ဆိုင်ရကြသည်။ ဘုရားသခင့် လူမျိုးတော်သည် ပကတိသဘောဖြင့် နယ်နှင်ခြင်းခံရဖွယ် မရှိပေ။ သို့သော်၊ ယေရှုက မိမိ၏နောက်တော်လိုက်များသည် “ဤလောက၏ အစိတ်အပိုင်းမဟုတ်” ဟုမိန့်တော်မူ၏။ (ယောဟန် ၁၇:၁၄၊ ကဘ) သူတို့သည် သူတို့ပတ်ဝန်းကျင်ရှိသူတို့၏ ကျမ်းစာနှင့်မညီသော ဓလေ့ထုံးစံများ၊ စိတ်နေသဘောထားများနှင့် အလေ့အထများကို မခံယူဘဲနေခြင်းဖြင့် “တိုင်းတစ်ပါးသားများ” ဖြစ်ကြသည်။ တမန်တော်ပေါလု ရေးသားသကဲ့သို့ ခရစ်ယာန်များသည် “ဤအစီအစဉ်စနစ်၏ လုပ်နည်းလုပ်ဟန်အတိုင်း လိုက်ခြင်းမှရပ်စဲ” ကြရမည်။—ရောမ ၁၂:၂၊ ကဘ။

၂၃။ ဟေဗြဲလူသုံးဦးက မြဲမြံခြင်းကို မည်သို့ပြသကြသနည်း။ ယနေ့ ခရစ်ယာန်များ သူတို့၏စံနမူနာကို မည်သို့လိုက်နိုင်ကြသနည်း။

၂၃ ဤဟေဗြဲလူသုံးဦးသည် ဗာဗုလုန်စနစ်အတိုင်း လိုက်ခြင်းကို ငြင်းဆန်ကြ၏။ ခါလဒဲလူမျိုး၏ အတတ်ပညာ ကောင်းစွာနှံ့စပ်အောင် သင်ကြားခံရကြစေကာမူ တိမ်းယိမ်းခြင်းမရှိခဲ့ချေ။ ကိုးကွယ်ခြင်းနှင့်ပတ်သက်သော သူတို့၏အနေအထားသည် စေ့စပ်ဆွေးနွေး၍ အလျှော့အတင်း လုပ်နိုင်သည့်အရာမဟုတ်ပေ။ သူတို့သည် ယေဟောဝါအပေါ်၌သာ သစ္စာစောင့်သိရိုသေကြသည်။ ယနေ့ ခရစ်ယာန်များလည်း ထိုအတိုင်း ခိုင်ခံ့မြဲမြံကြရမည်။ လောကီသားများနှင့် ကွဲပြားခြားနားသည့်အတွက် ရှက်စရာမလိုပေ။ အမှန်ဆိုလျှင် “ဤလောကနှင့် လောကီတပ်မက်ခြင်းသည် ကွယ်ပျောက်ဆဲဖြစ်၏။” (၁ ယောဟန် ၂:၁၇၊ သမ္မာ) ထို့ကြောင့် ကွယ်ပျောက်ဆဲ ဤအစီအစဉ်စနစ်အတိုင်း လိုက်မည်ဆိုလျှင် မိုက်မဲရာကျပြီး သဲထဲရေသွန်သည့်နှယ် ဖြစ်လိမ့်မည်။

၂၄။ ခရစ်ယာန်စစ်များ၏ ရပ်တည်ချက်သည် ဟေဗြဲလူသုံးဦး၏ ရပ်တည်ချက်နှင့် မည်သို့နှိုင်းယှဉ်နိုင်သနည်း။

၂၄ ခရစ်ယာန်တို့သည် အထူးသိမ်မွေ့သည့် ကိုးကွယ်မှု ပုံသဏ္ဌာန်များအပါအဝင် ရုပ်တုကိုးကွယ်ခြင်း ပုံသဏ္ဌာန်မှန်သမျှကို သတိနှင့်ရှောင်ကြဉ်ရန်လိုသည်။e (၁ ယောဟန် ၅:၂၁) ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် အမိန့်နာခံလျက် ရွှေရုပ်တုရှေ့တွင် လေးစားစွာ ရပ်နေကြသော်လည်း ရုပ်တုကို ပျပ်ဝပ်ကိုးကွယ်ခြင်းသည် လေးစားခြင်းအမူအရာထက်ပိုကြောင်း သူတို့နားလည်ကြသည်။ ဤကား ကိုးကွယ်ခြင်းအပြုအမူဖြစ်သဖြင့် ထိုသို့ပြုလျှင် ယေဟောဝါ၏အမျက်တော် စူးရှခြင်းခံရပေမည်။ (တရားဟောရာ ၅:၈-၁၀) “ဤသို့ပြုခြင်းသည် အလံအလေးပြုခြင်းနှင့် မခြားပေ။ ဘာသာရေး စောင့်သိရိုသေမှုနှင့် နိုင်ငံအပေါ် သစ္စာစောင့်သိရိုသေမှုတို့သည် ခွဲခြားမရနိုင်လောက်အောင် အပြန်အလှန် ဆက်စပ်နှီးနွှယ်လျက်ရှိသောကြောင့် ဤအပြုအမူသည် ဘာသာရေးသဘော သက်ရောက်ပေသည်” ဟူ၍ ဂျွန် အက်ဖ်. ဝေါလ်ဝုဒ်က ရေးသားထားသည်။ ယနေ့ စစ်မှန်သောခရစ်ယာန်တို့သည် ရုပ်တုကိုးကွယ်ခြင်းနှင့်ပတ်သက်၍ ထပ်တူခိုင်မာသည့် အနေအထားမျိုးဖြင့် ရပ်တည်ကြသည်။

၂၅။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘဝဖြစ်ရပ်မှန်မှ သင် အဘယ်သင်ခန်းစာ ရရှိသနည်း။

၂၅ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့နှင့်ပတ်သက်သည့် သမ္မာကျမ်းစာမှတ်တမ်းသည် ယေဟောဝါအား သီးသန့်ဝတ်ပြုကိုးကွယ်ရန် သန္နိဋ္ဌာန်ချထားသူ ရှိသမျှအတွက် ကောင်းမြတ်လှသည့် ပစ္စည်းပြသင်ခန်းစာ ဖြစ်ပေသည်။ တမန်တော်ပေါလုက “မီးအရှိန်ကိုငြိမ်းစေ” သူတို့အပါအဝင် များစွာသော ယုံကြည်ခြင်းတင်ပြသူတို့အကြောင်း ပြောဆိုရာ၌ ဤဟေဗြဲလူသုံးဦးကို ရည်ညွှန်းခြင်းဖြစ်သည်မှာ ထင်ရှားသည်။ (ဟေဗြဲ ၁၁:၃၃၊ ၃၄) ဤကဲ့သို့သောယုံကြည်ခြင်းမျိုးကို တုပသူအပေါင်းတို့ကို ယေဟောဝါ ဆုချတော်မူမည်။ ဟေဗြဲလူသုံးဦးသည် တောက်လောင်လျက်ရှိသည့်မီးဖိုထဲမှ ကယ်လွှတ်ခံရကြ၏။ သို့သော် သမာဓိစောင့်သိသူအဖြစ် အသက်စွန့်ခဲ့သည့် သစ္စာစောင့်သိရိုသေသူအားလုံးကို ကိုယ်တော် ရှင်ပြန်ထမြောက်စေပြီး ထာဝရအသက်ဖြင့် ကောင်းချီးပေးမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ စိတ်ချနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေကာမူ ယေဟောဝါသည် “ကိုယ်တော်၏ သန့်ရှင်း [သစ္စာစောင့်သိရိုသေ] သူတို့၏ အသက်ဝိညာဉ်ကို စောင့်မတော်မူ၍ မတရားသောသူတို့၏ လက်မှလည်း ကယ်နုတ်တော်မူ၏။”—ဆာလံ ၉၇:၁၀။

[အောက်ခြေမှတ်ချက်များ]

a ဗာဗုလုန် အင်ပါယာကို တည်ထောင်သူအဖြစ် မှတ်ယူခံရသော မားဒွတ်ခ်သည် နတ်ဘုရားအဖြစ် ကိုးကွယ်ခံရသည့် နိမ်ရောဒကို ကိုယ်စားပြုသည်ဟု အချို့က ယုံကြည်ကြသည်။ သို့သော်လည်း တပ်အပ်သေချာ မပြောနိုင်ပေ။

b “ဗေလတရှာဇာ” မှာ “ဘုရင်မင်းမြတ်၏ အသက်တော်ကို ကာကွယ်သည်” ဟူ၍အဓိပ္ပာယ်ရှိသည်။ “ရှာဒရက်” ၏အဓိပ္ပာယ်မှာ ဆူမေးရီးယန်းလူမျိုး၏ လနတ်ဘုရား “အကူး၏ အမိန့်တော်” ဟူ၍ဖြစ်ဖွယ်ရှိသည်။ “မေရှက်” သည် ဆူမေးရီးယန်း နတ်ဘုရားတစ်ပါးကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။ “အဗေဒနေဂေါ” ဆိုသည်မှာ “နေဂေါ [သို့မဟုတ် နေဗော] ၏အမှုထမ်း” ဟူ၍ဆိုလိုသည်။

c ရုပ်တု၏ ကြီးမားလှသည့် အရွယ်ပမာဏကိုထောက်၍ အချို့ကျမ်းပညာရှင်များက ဤရုပ်တုကို သစ်သားဖြင့်ပြုလုပ်ပြီး ရွှေဖြင့်မွမ်းမံထားသည်ဟု ယူဆကြသည်။

d “အပြစ်တင်” သည်ဟုပြန်ဆိုသည့် အာရမိတ်စကားလုံးမှာ လူတစ်ဦးကို ‘တစ်စချင်း စားပစ်’ သည်ဟုအဓိပ္ပာယ်ရှိပြီး သွားပုပ်လေလွင့်ပြောခြင်းဖြင့် ထိုသူကို ဝါးစားပစ်သည့်နှယ်ဖြစ်သည်။

e သာဓကအနေဖြင့် သမ္မာကျမ်းစာက စားကြူးခြင်းနှင့် လိုချင်တပ်မက်ခြင်းတို့ကို ရုပ်တုကိုးကွယ်ခြင်းနှင့် ဆက်နွှယ်ထားသည်။—ဖိလိပ္ပိ ၃:၁၈၊ ၁၉; ကောလောသဲ ၃:၅။

အဘယ်အရာ သိမြင်ခဲ့သနည်း

• ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် နေဗုခဒ်နေဇာ တည်ထားသည့်ရုပ်တုရှေ့ ပျပ်ဝပ်ကိုးကွယ်ရန် အဘယ်ကြောင့် ငြင်းဆန်ကြသနည်း။

• ဟေဗြဲလူသုံးဦး၏ လုပ်ရပ်ကို နေဗုခဒ်နေဇာ မည်သို့တုံ့ပြန်သနည်း။

• ဟေဗြဲလူသုံးဦးအား သူတို့၏ယုံကြည်ခြင်းအတွက် ယေဟောဝါ မည်သို့ဆုချတော်မူသနည်း။

• ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘဝဖြစ်ရပ်မှန်ကို ဂရုပြုခြင်းမှ သင် အဘယ်သင်ခန်းစာ ရရှိသနည်း။

[စာမျက်နှာ ၆၈ ပါ ရုပ်ပုံ]

[စာမျက်နှာ ၇၀ ပါ ရုပ်ပုံ]

၁။ ဗာဗုလုန်မြို့မှ ဘုရားကျောင်းမျှော်စင် (ဇိဂုရတ်မျှော်စင်)

၂။ မားဒွတ်ခ် ဘုရားကျောင်

၃။ မားဒွတ်ခ် (ဝဲ) နှင့် နေဗော (ယာ) နတ်ဘုရားတို့ နဂါးတို့အပေါ် ရပ်နေပုံကိုဖော်ပြသည့် ကြေးညိုသတ္တုပြား

၄။ ဆောက်လုပ်ရေး စီမံကိန်းများအတွက် ကျော်ကြားသူ နေဗုခဒ်နေဇာ၏ရုပ်ပုံ ပါရှိသော ရုပ်လုံးဖော် ကျောက်မျက်

[စာမျက်နှာ ၇၆ ပါ ရုပ်ပုံ]

[စာမျက်နှာ ၇၈ ပါ ရုပ်ပုံ]

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ