တရားဆုံးဖြတ်ရာချိုင့်တွင် စီရင်ချက်ချမှတ်ခဲ့
“တစ်ပါးအမျိုးသားတို့သည် . . . ယောရှဖတ်ချိုင့်သို့တက်လာကြလိမ့်မည်။ . . . တစ်ပါးအမျိုးသားအပေါင်းတို့ကို စစ်ကြောစီရင်ခြင်းငှာ ထိုအရပ်၌ငါထိုင်မည်။”—ယောလ ၃:၁၂။
၁။ “တရားဆုံးဖြတ်ရာချိုင့်” ၌လူအစုအရုံးကို ယောလအဘယ်ကြောင့်တွေ့မြင်ခဲ့သနည်း။
“တရားဆုံးဖြတ်ရာချိုင့်၌ . . . မြောက်မြားစွာသော လူအစုအရုံးရှိကြ၏!” ထိုစိတ်လှုပ်ရှားစေသောစကားများကို ယောလ ၃:၁၄ (သမ္မာ) တွင်ကျွန်ုပ်တို့ဖတ်ရသည်။ ဤလူအုပ်များသည် အဘယ်ကြောင့် စုဝေးနေကြပါသနည်း။ ယောလက “ထာဝရဘုရား၏နေ့ရက် ရောက်လုနီးပြီ” ဟုဖြေဆိုသည်။ ယင်းသည် ယေဟောဝါ၏သင်္ကာယနကင်းရှင်းရာနေ့ကြီး—ခရစ်တော်ယေရှုလက်အောက်ရှိ တည်ထောင်ပြီးသော ဘုရားသခင့်နိုင်ငံတော်ကို ငြင်းပယ်ခဲ့ကြသည့် လူသားထုအပေါ် စီရင်ချက်ချသည့်နေ့ပင်တည်း။ နောက်ဆုံးတွင် ဗျာဒိတ်ကျမ်း အခန်းကြီး ၇ ပါ “ကောင်းကင်တမန်လေးပါး” တို့သည် သူတို့ဆုပ်ကိုင်ထားသည့် “မြေ၏လေးမျက်နှာလေ” တို့ကို လွှတ်လိုက်မည်ဖြစ်ရာ “ကမ္ဘာဦးမှစ၍မဖြစ်စဖူး နောင်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခ” ဖြစ်လေတော့သည်။—ဗျာဒိတ် ၇:၁; မဿဲ ၂၄:၂၁။
၂။ (က) ယေဟောဝါ၏တရားခွင်ကို “ယောရှဖတ်ချိုင့်” ဟုခေါ်ခဲ့ခြင်းသည် အဘယ်ကြောင့်သင့်လျော်သနည်း။ (ခ) ယောရှဖတ်သည် တိုက်ခိုက်ခံရသောအခါ မည်သို့လျောက်ပတ်စွာ တုံ့ပြန်ခဲ့သနည်း။
၂ ယောလ ၃:၁၂ တွင် ဤတရားခွင်ကို “ယောရှဖတ်ချိုင့်” ဟုခေါ်ထားသည်။ ဆီလျော်လှစွာပင်၊ မုန်တိုင်းထန်သော ယုဒ၏သမိုင်းအတွင်း “ယေဟောဝါသည် တရားသူကြီးဖြစ်တော်မူ၏” ဟုအဓိပ္ပာယ်ရသည့် အမည်ရှင် မင်းကောင်းယောရှဖတ်၏အကျိုးအလို့ငှာ ယေဟောဝါသည် ထိုနေရာတွင် စီရင်ချက်ချတော်မူခဲ့သည်။ ထိုအချိန်ကအဖြစ်အပျက်ကို သုံးသပ်ကြည့်ခြင်းဖြင့် ကျွန်ုပ်တို့အချိန်၌ ဖြစ်ပျက်တော့မည့်အမှုကို သာ၍ကောင်းစွာသဘောပေါက်ရန် ထောက်ကူပေမည်။ ၎င်းမှတ်တမ်းကို ၂ ရာဇဝင်ချုပ် အခန်းကြီး ၂၀ တွင်တွေ့ရသည်။ ထိုအခန်းကြီး၏ အခန်းငယ် ၁ တွင် “မောဘအမျိုးသားနှင့် အမ္မုန်အမျိုးသားတို့သည် ဧဒုံအမျိုးသားအချို့နှင့်တကွ၊ ယောရှဖတ်ကိုစစ်တိုက်မည်ဟု ချီလာကြ” ကြောင်းကျွန်ုပ်တို့ဖတ်ရ၏။ ယောရှဖတ် မည်သို့တုံ့ပြန်ခဲ့သနည်း။ အကျဉ်းအကျပ်ရောက်ချိန်တွင် ယေဟောဝါ၏သစ္စာရှိကျေးကျွန်များလုပ်မြဲအတိုင်း သူလုပ်ခဲ့သည်။ လမ်းညွှန်မှုရဖို့ ယေဟောဝါထံတော်သို့လှည့်ကာ ဤသို့စိတ်အားထက်သန်စွာ ဆုတောင်းခဲ့သည်– “အို အကျွန်ုပ်တို့ဘုရားသခင်၊ သူတို့ကိုမစီရင်ဘဲနေတော်မူမည်လော။ အကျွန်ုပ်တို့ကို တိုက်အံ့သောငှာလာသော ဤအလုံးအရင်းကြီးကို အကျွန်ုပ်တို့သည် ဆီးတားခြင်းငှာမတတ်နိုင်ပါ။ အဘယ်သို့ပြုရမည်ကိုမသိပါ။ ကိုယ်တော်ကိုသာမျှော်ကြည့်လျက် နေကြပါသည်။”—၂ ရာဇဝင်ချုပ် ၂၀:၁၂။
ဆုတောင်းချက်ကို ယေဟောဝါဖြေကြား
၃။ အိမ်နီးချင်းနိုင်ငံများ၏အပြင်းအထန်တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ကြသောအခါ ယေဟောဝါသည် ယုဒလူမျိုးကို အဘယ်ညွှန်ကြားချက်များ ပေးတော်မူခဲ့သနည်း။
၃ “ယုဒလူအပေါင်းတို့သည် သားမယား သူငယ်တို့နှင့်တကွ၊ ထာဝရဘုရားရှေ့တော်၌ ရပ်နေကြ” စဉ် ယေဟောဝါသည် စကားပြန်ခဲ့သည်။ (၂ ရာဇဝင်ချုပ် ၂၀:၁၃) ကိုယ်တော်သည် ယနေ့ “သစ္စာနှင့်သတိပညာရှိသောကျွန်” ကိုအသုံးပြုတော်မူသကဲ့သို ဆုတောင်းစကားကို နားထောင်တော်မူသည့် ကြီးမြတ်တော်မူသောအရှင်၏တန်ခိုးတော်ဖြင့် လေဝိပရောဖက် ယဟာဇေလက စုဝေးနေသောသူများအား ကိုယ်တော်၏အဖြေကို ဖော်ပြခဲ့သည်။ (မဿဲ ၂၄:၄၅) ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ထာဝရဘုရားမိန့်တော်မူသည်ကား၊ ‘ထိုအလုံးအရင်းကြီးကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ စစ်မှုသည် သင်တို့တာမဟုတ်၊ ဘုရားသခင့်တာဖြစ်၏။ . . . သင်တို့သည်စစ်တိုက်စရာအကြောင်းမရှိသည်ဖြစ်၍၊ တည်ကြည်စွာမတ်တတ်နေလျက်၊ ထာဝရဘုရားကယ်တင်တော်မူခြင်းကျေးဇူးကို ကြည့်ရှုကြလော့။ မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ နက်ဖြန်နေ့ချီသွားကြလော့။ ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်’ ဟုမြွက်ဆို၏။”—၂ ရာဇဝင်ချုပ် ၂၀:၁၅-၁၇။
၄။ ရန်သူတို့၏စိန်ခေါ်ချက်ကိုရင်ဆိုင်ခဲ့ကြရစဉ် မလှုပ်မယှက်နေရန်မဟုတ်ဘဲ မည်သို့ပြုလုပ်ရန် ယေဟောဝါတောင်းဆိုခဲ့သနည်း။
၄ ယေဟောဝါသည် ဘုရင်ယောရှဖတ်နှင့်သူ၏လူများအနေနှင့် အံ့ဖွယ်လွတ်မြောက်မှုကို ထိုင်ပြီးစောင့်မျှော်နေရုံထက်မကပြုရန် တောင်းဆိုခဲ့သည်။ သူတို့သည် ရန်သူ့စိန်ခေါ်ချက်ကို တိုက်လှန်ရာတွင် ကိုယ်တိုင်အစပြုလုပ်ဆောင်ရမည်ဖြစ်သည်။ ဘုရင်နှင့် “ယုဒလူအပေါင်းတို့သည် သားမယား သူငယ်တို့နှင့်တကွ” ကျူးကျော်လာနေသောအလုံးအရင်းကြီးကို ရင်ဆိုင်ရန် နာခံမှုရှိရှိ နံနက်စောစောထကာ ချီတက်ခြင်းဖြင့် ခိုင်မာသောယုံကြည်ခြင်းကို တင်ပြခဲ့ကြသည်။ လမ်းတွင် ဘုရင်သည် သီအိုကရက်တစ်ညွှန်ကြားမှုနှင့် အားပေးမှုကို ဆက်ပေးသွားကာ သူတို့ကို ဤသို့တိုက်တွန်းခဲ့သည်– “သင်တို့၏ဘုရားသခင်ကို ယုံကြည်ကြလော့။ သို့ပြုလျှင် တည်ကြည်ကြလိမ့်မည်။ ပရောဖက်တော်တို့ကို ယုံကြည်ကြလော့။ သို့ပြုလျှင် အောင်မြင်ကြလိမ့်မည်။” (၂ ရာဇဝင်ချုပ် ၂၀:၂၀) ယေဟောဝါအား ယုံကြည်လော့! ကိုယ်တော်၏ပရောဖက်တို့ကို ယုံကြည်လော့! ထိုတွင် အောင်မြင်ဖို့ သော့ချက်ရှိသည်။ အလားတူစွာ ယနေ့ ယေဟောဝါ၏လုပ်ငန်းတော်ကို ကျွန်ုပ်တို့ ဆက်လုပ်ဆောင်နေစဉ် ကိုယ်တော်သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုအောင်ပွဲရစေမည်ဖြစ်ကြောင်း မည်သည့်အခါမျှ သံသယမဝင်ပါစေနှင့်!
၅။ ယေဟောဝါအားချီးမွမ်းနေကြစဉ် ယနေ့ယေဟောဝါသက်သေများသည် မည်သို့လှုပ်လှုပ်ရှားရှားဖြစ်နေကြသနည်း။
၅ ယောရှဖတ်အချိန်က ယုဒလူတို့ကဲ့သို့ ကျွန်ုပ်တို့လည်း “ထာဝရဘုရား၏ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြ” ရမည်။ မည်သို့ချီးမွမ်းကြရမည်နည်း။ ဇွဲနပဲဖြင့် ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းအားဖြင့်တည်း! ယုဒလူတို့သည် “ချီးမွမ်းရာသီချင်းကို ဆိုစပြုကြ” သကဲ့သို့ ကျွန်ုပ်တို့လည်း ယုံကြည်ခြင်းတွင် အလုပ်ကို ထပ်ဆင့်ကြသည်။ (၂ ရာဇဝင်ချုပ် ၂၀:၂၁၊ ၂၂) မှန်ပါသည်၊ ရန်သူများကိုစီရင်ရန် ယေဟောဝါပြင်ဆင်ပေးစဉ် ထပ်တူမြင့်မားသည့် ယုံကြည်ခြင်း တင်ပြကြပါစို့! ခရီးရှည်နှင်ရမည့်ပုံရှိသော်လည်း ယနေ့ ဒုက္ခအကြီးအကျယ်ရောက်နေသော ဒေသများတွင် ကိုယ်တော်၏အောင်ပွဲခံလူတို့ကဲ့သို့ပင် ခံနိုင်ရည်ရှိပြီး ယုံကြည်ခြင်းထက်သန်နေကြရန် စိတ်ပိုင်းဖြတ်ကြစို့လေ။ နှိပ်စက်ညှဉ်းပန်းမှု၊ ရမ်းကားမှု၊ ငတ်ပြတ်မှုနှင့် စီးပွားရေးချွတ်ခြုံကျမှုများကို အလူးအလဲခံနေရသည့် နိုင်ငံအချို့တွင် ဘုရားသခင့်သစ္စာရှိကျွန်များသည် အံ့သြလောက်ဖွယ် တိုးတက်မှုများရရှိနေကြောင်း ယေဟောဝါသက်သေတို့၏ ၁၉၉၈ နှစ်ချုပ်စာအုပ်ကဖော်ပြ၏။
မိမိ၏လူမျိုးတော်ကို ယေဟောဝါကယ်တင်
၆။ ခိုင်မာသောယုံကြည်ခြင်းသည် ယနေ့ကျွန်ုပ်တို့သစ္စာရှိရန် မည်သို့ထောက်ကူသနည်း။
၆ ယုဒနိုင်ငံဝန်းကျင်ရှိ ဘုရားတရားမဲ့သော နိုင်ငံများသည် ဘုရားသခင့်လူမျိုးတော်ကို ဝါးမျိုလွှမ်းမိုးပစ်ဖို့ ကြိုးစားခဲ့ကြသော်လည်း ယေဟောဝါ၏ကျေးကျွန်များသည် အတုယူထိုက်သော ယုံကြည်ခြင်းဖြင့် ကိုယ်တော်အားချီးမွမ်းထောမနာပြုကြ၍တုံ့ပြန်ခဲ့ကြသည်။ ယနေ့လည်း ထပ်တူယုံကြည်ခြင်းမျိုးကို ကျွန်ုပ်တို့ တင်ပြနိုင်ကြသည်။ ယေဟောဝါအား ချီးမွမ်းခြင်းအကျင့်များနှင့် အလုပ်များနေခြင်းအားဖြင့် ကျွန်ုပ်တို့၏ဝိညာဉ်ရေးဝတ်စုံကို ပို၍ခိုင်ခံ့စေပြီး စာတန်၏စဉ်းလဲမှုများ ထိုးဖောက်ခွင့်ပေးမည်မဟုတ်ပါ။ (ဧဖက် ၆:၁၁) ကျွန်ုပ်တို့ပတ်လည်ရှိ အသက်ငင်နေသောလောက၏ အင်္ဂါရုပ်ဖြစ်သည့် ယုတ်ညံ့သိမ်ဖျင်းသည့် ဖျော်ဖြေမှု၊ ရုပ်ပစ္စည်းတပ်မက်မှုနှင့် လျစ်လျူရှုမှုတို့ဖြင့် အာရုံလွဲသွားစေသည့် သွေးဆောင်မှုကို ခိုင်မာသောယုံကြည်ခြင်းက တောင့်ခံနိုင်စေသည်။ ကျွန်ုပ်တို့သည် “ထိုက်သင့်ရာအခါ” အတွက် ပြင်ဆင်ကျွေးမွေးသည့် ဝိညာဉ်အစာအားဖြင့် အဆက်မပြတ်အာဟာရ ရရှိနေသည်နှင့်အမျှ မရှုံးနိမ့်နိုင်အောင်ခိုင်မာသည့် ယုံကြည်ခြင်းဖြင့် “သစ္စာနှင့်သတိပညာရှိသောကျွန်” နှင့်အတူ ဆက်၍ သစ္စာရှိရှိအမှုဆောင်နေစေမည်။—မဿဲ ၂၄:၄၅၊ သမ။
၇။ ယေဟောဝါသက်သေများသည် အမျိုးမျိုးသောဆန့်ကျင်တိုက်ခိုက်မှုများကို မည်သို့တုံ့ပြန်ခဲ့ကြပြီနည်း။
၇ ကျွန်ုပ်တို့၏ကျမ်းစာအခြေပြု ယုံကြည်ချက်က မဿဲ ၂၄:၄၈-၅၁ ပါ “ကျွန်ဆိုး” စိတ်ဓာတ်တင်ပြသူများ လှုံ့ဆော်ပေးသည့် မုန်းတီးတိုက်ခိုက်မှုများကို ခုခံကာကွယ်ပေးပါလိမ့်မည်။ သိသာစွာဖြင့် ဤပရောဖက်ပြုချက်ကို ပြည့်စုံနေစေသည့် အယူဖောက်ပြန်သူများသည် မုသားမျိုးစေ့များနှင့် ဝါဒဖြန့်မှုများကို ယနေ့နိုင်ငံများစွာတွင် တက်တက်ကြွကြွကြဲဖြန့်နေရုံမက တိုင်းနိုင်ငံများတွင် အာဏာရှိသူအချို့နှင့်ပင် ကြံရာပါဖြစ်နေကြ၏။ ယေဟောဝါသက်သေတို့သည် သင့်တော်သည့်အခါ ဖိလိပ္ပိ ၁:၇ (သမ္မာ) တွင် ဖော်ပြထားသည့်အတိုင်း ‘သတင်းကောင်းဘက်မှခုခံကာ တရားရေးအရတည်စေ’ ခဲ့ကြသည်။ သာဓကအနေဖြင့် ၁၉၉၆ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့က ဂရိနိုင်ငံမှ အမှုတစ်ခုတွင် စထရာ့စ်ဘာ့ဂ်မြို့မှ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး၏ တရားသူကြီးကိုးဦးက “ယေဟောဝါသက်သေတို့သည် ‘လူသိများသည့်ဘာသာတရား’” ဟူသည့်ဖွင့်ဆိုချက်ဘောင်အတွင်းတွင်ရှိကာ လွတ်လပ်စွာတွေးခေါ်ခွင့်၊ ကိုယ်ကိုကိုယ်သိသောစိတ်ရှိခွင့်၊ ယုံကြည်ပိုင်ခွင့်နှင့်အတူ မိမိတို့၏ယုံကြည်ခြင်းကို ကြေညာခွင့်ရှိကြောင်း ခြွင်းချက်မရှိ ထပ်မံအတည်ပြုခဲ့ကြသည်။ အယူဖောက်ပြန်သူတို့အတွက်မူကား ဘုရားသခင့်စီရင်ချက်ကို ဤသို့ဖော်ပြထားသည်– “‘ခွေးသည် မိမိအန်ဖတ်ကို ပြန်၍စား၏။ ဝက်သည်လည်းဆေးပြီးမှ ရွှံ့တွင်လူးပြန်၏’ ဟုမှန်သောစကားပုံသည် ထိုသူတို့၌ပြည့်စုံသတည်း။”—၂ ပေတရု ၂:၂၂။
၈။ ယေဟောဝါသည် ယောရှဖတ်ခေတ်တွင် မိမိလူမျိုးတော်၏ရန်သူများကို မည်သို့တရားစီရင်ခဲ့သနည်း။
၈ ယောရှဖတ်ခေတ်တွင် ကိုယ်တော်၏လူမျိုးတော်ကို အပြစ်တင်လိုသူများအား ယေဟောဝါတရားစီရင်တော်မူခဲ့သည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ယုဒပြည်ကို တိုက်အံ့သောငှာလာသော၊ စိရတောင်သားတို့ကို အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့တစ်ဖက်၌ ထာဝရဘုရားချောင်းမြောင်းစေတော်မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့်၊ တစ်ဖန် စိရတောင်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှာလှန်၍ တိုက်သဖြင့်၊ အကုန်အစင်သတ်ပြီးမှ၊ တစ်ယောက်ကိုတစ်ယောက်တိုက်ခိုက်၍ ပျက်စီးခြင်းသို့ရောက်ကြ၏။” (၂ ရာဇဝင်ချုပ် ၂၀:၂၂၊ ၂၃) ယုဒလူတို့က ထိုနေရာကို ဗရာခချိုင့်ဟုခေါ်သည်၊ ဗရာခ၏အဓိပ္ပာယ်မှာ “ကောင်းချီး” ဖြစ်သည်။ ယနေ့လည်း ရန်သူများကို ယေဟောဝါတရားစီရင်ခြင်းသည် ကိုယ်တော်၏လူမျိုးတော်အတွက် ကောင်းချီးများစွာဖြစ်ပေါ်စေပါလိမ့်မည်။
၉၊ ၁၀။ မည်သူများသည် ယေဟောဝါ၏ဒဏ်စီရင်ချက်ကိုခံထိုက်ကြောင်း တင်ပြခဲ့ကြပြီနည်း။
၉ ယနေ့ မည်သူများသည် ယေဟောဝါထံတော်မှ ဒဏ်စီရင်ချက်ခံရမည်နည်းဟု ကျွန်ုပ်တို့မေးကြပေမည်။ အဖြေကိုရဖို့အတွက် ယောလပရောဖက်ပြုချက်ကို ကျွန်ုပ်တို့ပြန်သုံးသပ်ကြရမည်။ “လူကလေးကို ပြည့်တန်ဆာနှင့်လည်းကောင်း၊ မိန်းမကလေးကို မိမိသောက်စရာစပျစ်ရည်နှင့်လည်းကောင်းဖလှယ်ကြ” မည့်ကိုယ်တော့်လူမျိုး၏ရန်သူများအကြောင်း ယောလ ၃:၃ တွင်ဖော်ပြထားသည်။ မှန်သည်၊ သူတို့သည် ဘုရားသခင့်ကျေးကျွန်များကို အထင်သေးပြီး ၎င်းတို့၏သားသမီးများကို ပြည့်တန်ဆာတစ်ယောက်၏အခ သို့မဟုတ် စပျစ်ရည်တစ်ကရားဖိုးလောက်ပင် တန်ဖိုးမရှိဟူ၍ ရှုမြင်ကြသည်။ ယင်းအတွက် သူတို့စာရင်းရှင်းကြရမည်။
၁၀ ဝိညာဉ်ရေးပြည့်တန်ဆာလုပ်သူများသည်လည်း တန်းတူပင်စီရင်ခံထိုက်ပေ၏။ (ဗျာဒိတ် ၁၇:၃-၆) ထို့အပြင် အထူးသဖြင့်အပြစ်ကြီးလေးသူများမှာ မကြာသေးမီက အရှေ့ဥရောပတွင် ရုန်းရင်းဆန်ခတ်ဖြစ်စေခဲ့သော ဘာသာရေးခေါင်းဆောင်တချို့ပြုခဲ့ကြသည့်နည်းတူ ယေဟောဝါသက်သေတို့ကို ညှဉ်းပန်းနှိပ်စက်ပြီး သူတို့၏လုပ်ငန်းကိုပိတ်ပင်ပစ်ဖို့ နိုင်ငံရေးအာဏာရှင်များကို အသာအယာတွန်းပေးသူများဖြစ်ကြ၏။ ယေဟောဝါသည် ထိုသို့မသမာမှုပြုသူများကို တရားစီရင်ရန် ဆုံးဖြတ်ထားကြောင်း ဖော်ပြသည်။—ယောလ ၃:၄-၈။
“စစ်မှုကို မြင့်မြတ်စေကြလော့!”
၁၁။ ယေဟောဝါသည် စစ်တိုက်ရန် မိမိ၏ရန်သူများကို မည်သို့စိန်ခေါ်တော်မူခဲ့သနည်း။
၁၁ ထို့နောက် ယေဟောဝါက ဤစိန်ခေါ်ချက်ကို ကြေညာဖို့ မိမိ၏လူများအား ဆင့်ခေါ်တော်မူ၏– “စစ်တိုက်ခြင်းငှာပြင်ဆင်ကြ၍ [“စစ်မှုကို မြင့်မြတ်စေကြလော့၊” ကဘ] စစ်သူရဲတို့ကိုနှိုးဆော်ကြလော့။ စစ်သူရဲအပေါင်းတို့သည် ချဉ်းကပ်၍တက်လာကြစေ။” (ယောလ ၃:၉) ယင်းသည် တစ်မူထူးသော—ဖြောင့်မတ်သော—စစ်ကြေညာချက်ဖြစ်၏။ ယေဟောဝါ၏သစ္စာရှိသက်သေခံများသည် မှားယွင်းသောဝါဒဖြန့်မှု၊ အမှားကိုအမှန်ဖြင့်ခုခံတိုက်လှန်ရန် ဝိညာဉ်ရေးလက်နက်များကို အားထားကြသည်။ (၂ ကောရိန္သု ၁၀:၄; ဧဖက် ၆:၁၇) မကြာမီ ဘုရားသခင်သည် ‘အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး စစ်ပွဲ’ ကိုမြင့်မြတ်စေမည်။ (ဗျာဒိတ် ၁၆:၁၄) ယင်းက ဘုရားသခင်၏ အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို အတိုက်အခံပြုသူရှိရှိသမျှတို့ကို ကမ္ဘာပေါ်မှ ဖယ်ရှားပစ်မည်။ ကမ္ဘာပေါ်ရှိ ကိုယ်တော်၏လူများသည် ၎င်းတွင်လုံးဝပါဝင်ကြမည်မဟုတ်ပါ။ သူတို့သည် ပကတိနှင့် ပုံဆောင်သဘောဖြင့် “ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကိုတံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်” ခဲ့ကြပြီ။ (ဟေရှာယ ၂:၄) ယင်းနှင့်ဆန့်ကျင်လျက် “သံထွန်သွားများကို ဓားဖြစ်စေခြင်းငှာလည်းကောင်း၊ တံစဉ်များကိုလှံဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြ” ဟူ၍ ပြောင်းပြန်လုပ်ဆောင်ကြဖို့ နိုင်ငံများကို ယေဟောဝါစိန်ခေါ်တော်မူသည်။ (ယောလ ၃:၁၀) ကိုယ်တော်က သူတို့၏စစ်စက်လက်နက်ရှိရှိသမျှနှင့် ခေတ်မီလက်နက်အားလုံးတို့ကို တိုက်ပွဲတွင်အသုံးပြုကြဖို့ ဖိတ်ခေါ်လိုက်သည်။ သို့သော် စစ်မှုနှင့်အောင်ပွဲကို ယေဟောဝါပိုင်ဆိုင်သောကြောင့် ၎င်းတို့မအောင်မြင်နိုင်ကြပါ!
၁၂၊ ၁၃။ (က) စစ်အေးတိုက်ပွဲအဆုံးသတ်ခဲ့သော်လည်း နိုင်ငံများစွာသည် စစ်လိုလားကြဆဲဖြစ်ကြောင်း မည်သို့တင်ပြနေကြသနည်း။ (ခ) တိုင်းနိုင်ငံများသည် မည်သည့်အရာအတွက် အသင့်မဖြစ်ကြသနည်း။
၁၂ ၁၉၉၀ ပြည့်လွန်နှစ်အစောပိုင်းတွင် စစ်အေးတိုက်ပွဲအဆုံးသတ်ပြီဟု နိုင်ငံများက ကြေညာခဲ့ကြသည်။ ယင်းကြောင့် ယူအဲန်၏ အဓိကပန်းတိုင်ဖြစ်သော ငြိမ်းချမ်းရေးနှင့်လုံခြုံရေး ရှိပြီလော။ ဝေးလေစွ! ကွန်ဂိုဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၊ အီရတ်၊ လိုင်ဘေးရီးယား၊ ရဝမ်ဒါ၊ ဆိုမားလီးယားနှင့် ယခင်ယူဂိုစလားဗီးယားနိုင်ငံတို့၏ အဖြစ်သနစ်များသည် ကျွန်ုပ်တို့အား မည်သည့်အရာကို ပြောပြသနည်း။ သူတို့သည် ယေရမိ ၆:၁၄ ပါစကားများနှင့်အညီ “ချမ်းသာမရှိသောအခါ၊ ‘ချမ်းသာ’ ဟုပြောဆိုလျက်” ရှိ၏။
၁၃ အချို့နေရာများတွင် စစ်မှုရပ်ဆဲသွားလင့်ကစား ယူအဲန်၏အဖွဲ့ဝင်နိုင်ငံများသည် ခေတ်မီဆန်းပြားသောစစ်လက်နက်များကို ပိုမိုထုတ်လုပ်ကာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ စွမ်းအားပြိုင်နေကြဆဲဖြစ်သည်။ အချို့နိုင်ငံများသည် နျူကလီးယားလက်နက်သိုလှောင်ရုံကြီးများကို ဆက်၍ထားရှိကြသည်။ အခြားနိုင်ငံများမူကား အဖျက်စွမ်းအားကြီးမားသော ဓာတု သို့မဟုတ် ပိုးမွှားလက်နက်များကို ထုတ်လုပ်နေကြ၏။ အာမဂေဒုန်ဟုခေါ်သည့် စစ်တလင်းသို့ ထိုနိုင်ငံများစုဝေးစဉ် ဤသို့စိန်ခေါ်တော်မူသည်– “အားနည်းသောသူက၊ ‘ငါစစ်သူရဲတည်း’ ဟုပြောဆိုစေ။ ပတ်ဝန်းကျင်ရှိ လူမျိုးခြားအပေါင်းတို့၊ အလျင်အမြန်ချီလာ၍ စုရုံးကြလော့။” ထိုအခါ ယောလက ဤသို့ကိုယ်တိုင်ပန်ကြားလိုက်သည်– “အို ယေဟောဝါ၊ စုဝေးရာအရပ်သို့ ကိုယ်တော်၏ သူရဲတော်တို့ကို ဆင်းချီစေတော်မူပါ။”—ယောလ ၃:၁၀၊ ၁၁၊ ကဘ။
မိမိ၏လူမျိုးကို ယေဟောဝါကာကွယ်
၁၄။ ယေဟောဝါ၏သူရဲတော်များကား မည်သူများနည်း။
၁၄ ယေဟောဝါ၏သူရဲတော်များကား မည်သူများနည်း။ သမ္မာကျမ်းစာထဲတွင် စစ်မှန်သောဘုရားသခင်ကို “ဗိုလ်ခြေတို့၏အရှင်ယေဟောဝါ” ဟု ၂၈၀ ကြိမ်ခန့်ခေါ်ထားသည်။ (၄ ဓမ္မရာဇဝင် ၃:၁၄၊ ကဘ) ဤဗိုလ်ခြေများကား ယေဟောဝါ၏အမိန့်တော်ကိုဆောင်ရွက်ရန် အသင့်ရှိနေသည့် ကောင်းကင်တမန်တပ်များဖြစ်သည်။ ရှုရိလူတို့သည် ဧလိရှဲကို ဖမ်းဆီးဖို့ အချည်းနှီးရှာကြံသောအခါ ယေဟောဝါသည် နောက်ဆုံးတွင် ဧလိရှဲ၏ကျွန်သဘောပေါက်သွားစေရန် သူ၏မျက်စိတို့ကို ဖွင့်ပေးလိုက်တော်မူရာ “ဧလိရှဲပတ်လည်၌ တစ်တောင်လုံးသည် မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကိုမြင်လေ၏။” (၄ ဓမ္မရာဇဝင် ၆:၁၇) ယေရှုက မိမိ၏ခမည်းတော်ထံမှ “ကောင်းကင်တမန်တစ်ဆယ့်နှစ်တပ်မက” တောင်းခံနိုင်ကြောင်း မိန့်တော်မူခဲ့သည်။ (မဿဲ ၂၆:၅၃) ယေရှုသည် အာမဂေဒုန်တွင် တရားစီရင်ရန် မြင်းစီးထွက်လာခြင်းကို ဗျာဒိတ်ကျမ်းက ဤသို့ဖော်ပြသည်– “ကောင်းကင်ဗိုလ်ခြေတို့သည် မြင်းဖြူကိုစီးလျက်၊ စင်ကြယ်သောပိတ်ချောဖြူကိုဝတ်လျက် နောက်တော်သို့လိုက်ကြ၏။ လူမျိုးတို့ကိုဒဏ်ခတ်စရာဖို့၊ ထက်သောသန်လျက်သည် ခံတွင်းတော်ထဲကထွက်၏။ သူတို့ကို သံလှံတံနှင့်အုပ်စိုးတော်မူမည်။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရားသခင်၏ ဒေါသအမျက်တော်၏ စပျစ်သီးနယ်ရာတန်ဆာကို ဖိနင်းတော်မူမည်။” (ဗျာဒိတ် ၁၉:၁၄၊ ၁၅) ထိုပုံဆောင်စပျစ်သီးနယ်ရာတန်ဆာကို “ဘုရားသခင်၏အမျက်တော်တည်းဟူသော နယ်ရာတန်ဆာကြီး” ဟုကွက်ကွက်ကွင်းကွင်းပေါ်လွင်သည့်အသုံးအနှုန်းဖြင့် ဖော်ပြထားသည်။—ဗျာဒိတ် ၁၄:၁၇-၂၀။
၁၅။ တစ်ပါးအမျိုးသားတို့နှင့် ယေဟောဝါတိုက်သောစစ်ကို ယောလမည်သို့ဖော်ပြသနည်း။
၁၅ သို့ဖြစ်၍ ဘုရားသခင်၏သူရဲတို့ကို ဆင်းချီစေတော်မူပါဟူသည့် ယောလ၏ပန်ကြားချက်ကို ယေဟောဝါမည်သို့ဖြေကြားခဲ့သနည်း။ ဤစကားများတွင် ထင်ရှားပေါ်လွင်သည်– “တစ်ပါးအမျိုးသားတို့သည်ထ၍ ယောရှဖတ်ချိုင့်သို့တက်လာကြလိမ့်မည်။ ပတ်လည်၌နေသောတစ်ပါးအမျိုးသားအပေါင်းတို့ကို စစ်ကြောစီရင်ခြင်းငှာ ထိုအရပ်၌ငါထိုင်မည်။ ရိတ်စရာစပါးမှည့်သောကြောင့် တံစဉ်ကိုလွှတ်ကြလော့။ စပျစ်သီးနယ်ရာတန်ဆာပြည့်၍၊ စပျစ်ရည်ကျင်းတို့သည်လျှံသောကြောင့်လာကြ။ ဆင်းကြလော့။ အကြောင်းမူကား၊ သူတို့ပြုသောဒုစရိုက် အပြစ်သည်ကြီးလှ၏။ ကွပ်မျက်ရာချိုင့်၌ လူများစည်းဝေးလျက်ရှိကြ၏။ ကွပ်မျက်ရာချိုင့်၌ ထာဝရဘုရား၏နေ့ရက်သည် ရောက်လုနီးပြီ။ နေနှင့်လသည် မိုက်လိမ့်မည်။ ကြယ်တို့သည်လည်း အလင်းကိုမထွန်းလင်းဘဲနေကြလိမ့်မည်။ ထာဝရဘုရားသည်လည်း ဇိအုန်တောင်ပေါ်ကကြွေးကြော်၍၊ ယေရုရှလင်မြို့ထဲက အသံကိုလွှင့်တော်မူသဖြင့်၊ မိုးကောင်းကင်နှင့်မြေကြီးသည် တုန်လှုပ်လိမ့်မည်။”—ယောလ ၃:၁၂-၁၆။
၁၆။ ယေဟောဝါတရားစီရင်မည့်သူများတွင် မည်သူတို့ပါဝင်မည်နည်း။
၁၆ ယောရှဖတ်ဟူသည့်အမည်မှာ “ယေဟောဝါသည် တရားသူကြီးဖြစ်တော်မူ၏” ဟူသည့်အဓိပ္ပာယ်ရှိကြောင်း သေချာသကဲ့သို့ ယေဟောဝါဘုရားသခင်သည် တရားစီရင်ရာတွင် မိမိ၏ပိုင်သအုပ်စိုးမှုကို လုံးလုံးလျားလျား သင်္ကာယနကင်းရှင်းစေမည်မှာ သေချာ၏။ ပရောဖက်ပြုချက်က ဒဏ်စီရင်ခံရမည့်သူများကို ‘တရားဆုံးဖြတ်ရာချိုင့်မှ အလုံးအရင်းများ’ ဟုဖော်ပြထားသည်။ အဆိုပါအလုံးအရင်းတို့တွင် မှောက်မှားသောဘာသာတရားကိုထောက်ခံသူ မည်သူမဆို ပါဝင်ပေလိမ့်မည်။ ဆာလံဒုတိယအခန်းတွင်ဖော်ပြထားသည့် ‘ကြောက်ရွံ့သောစိတ်နှင့် ယေဟောဝါ၏အမှုတော်ကိုထမ်းရွက်’ ခြင်းထက် ဤလောက၏ဖောက်ပြန်သောစနစ်ကို သာ၍လိုလားခဲ့သော လူမျိုးများ၊ လူစုများ၊ လောကီရှင်ဘုရင်များ၊ မှူးမတ်အရာရှိများလည်း ပါဝင်ကြပေလိမ့်မည်။ ဤသူတို့သည် “သားတော်ကိုနမ်း” ဖို့ငြင်းဆန်ကြသည်။ (ဆာလံ ၂:၁၊ ၂၊ ၁၁၊ ၁၂) သူတို့သည် ယေရှုအား ယေဟောဝါ၏တွဲဖက်ဘုရင်တစ်ပါးအဖြစ် အသိအမှတ်မပြုကြချေ။ ထို့အပြင် ဖျက်ဆီးခြင်းအတွက် မှတ်သားခံရသည့် အလုံးအရင်းတို့တွင် ဘုန်းထွန်းတောက်သောဘုရင်က “ဆိတ်များ” အဖြစ် စီရင်ဆုံးဖြတ်မည့်သူအားလုံး ပါဝင်ကြပါလိမ့်မည်။ (မဿဲ ၂၅:၃၃၊ ၄၁) ကောင်းကင်ယေရုရှလင်မှ မြည်ဟည်းထွက်လာရမည့် ယေဟောဝါသတ်မှတ်ထားချိန်တိုင်သည့်အခါ ကိုယ်တော်၏ ခန့်အပ်ခံဘုရင်တကာတို့၏ဘုရင်သည် ထိုစီရင်ချက်ကိုချဖို့ စီးနင်းထွက်လာတော်မူမည်။ ကောင်းကင်နှင့်မြေကြီးသည် အမှန်ပင်တုန်လှုပ်မည်! သို့ရာတွင် “ထာဝရဘုရားသည် မိမိလူတို့၏ခိုလှုံရာ၊ ဣသရေလအမျိုးသားတို့၏ အစွမ်းသတ္တိဖြစ်တော်မူလိမ့်မည်” ဟုကျွန်ုပ်တို့ကို စိတ်ချစေသည်။—ယောလ ၃:၁၆။
၁၇၊ ၁၈။ ကြီးစွာသောဆင်းရဲဒုက္ခထဲကထွက်မြောက်သူများအဖြစ် မည်သူတို့ကိုခွဲခြားဖော်ပြထားပြီး သူတို့သည် အဘယ်အခြေအနေများကို ခံစားကြရမည်နည်း။
၁၇ ဗျာဒိတ် ၇:၉-၁၇ ကကြီးစွာသောဆင်းရဲခြင်းမှလွတ်မြောက် လာသူများကို ယေရှုအသွေးတော်၏ ရွေးနုတ်နိုင်စွမ်းကို ယုံကြည်ကြောင်းတင်ပြကြသူ “လူအုပ်ကြီး” အဖြစ် ခွဲခြားဖော်ပြထားသည်။ ယောလပရောဖက်ပြုချက်မှ အလုံးအရင်းကြီးသည် ဒဏ်စီရင်ချက်ချခံရစဉ် ဤသူတို့သည် ယေဟောဝါနေ့ကြီးတွင် အကာအကွယ်ရရှိကြသည်။ ကပ်ကျော်သူများအား ယောလက ဤသို့ဆိုသည်– “ငါသည်လည်း ငါ၏သန့်ရှင်းသောဇိအုန်တောင်တော်၊” ယေဟောဝါ၏ကောင်းကင်ဘဝဂ် “၌စံနေသော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။”—ယောလ ၃:၁၇က၊ သမ။
၁၈ ထိုပရောဖက်ပြုချက်က ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်နယ်ပယ်သည် “သန့်ရှင်းလိမ့်မည်။ နောက်တစ်ဖန် ထိုမြို့ကို လူမျိုးခြားတို့ ဖြတ်သွားခွင့်ရကြမည်မဟုတ်” ကြောင်း ကျွန်ုပ်တို့အား သိရှိစေသည်။ (ယောလ ၃:၁၇ခ) ထိုကောင်းကင်နိုင်ငံတော်၏ ကောင်းကင်နှင့်မြေကြီးဆိုင်ရာနယ်ပယ်တွင် လူအားလုံးသည် စင်ကြယ်သောဝတ်ပြုရေးတွင် စည်းလုံးနေကြမည်ဖြစ်သဖြင့် လူမျိုးခြားတို့ ရှိတော့မည်မဟုတ်ပါ။
၁၉။ ယနေ့ဘုရားသခင့်လူမျိုးတော်၏ ပရဒိသုသဖွယ်ပျော်ရွှင်မှုကို ယောလ မည်သို့ဖော်ပြသနည်း။
၁၉ ယနေ့ပင် ကမ္ဘာပေါ်၌ ယေဟောဝါ၏လူများအလယ်တွင် များပြားစွာသောငြိမ်သက်အေးချမ်းမှု လွှမ်းမိုးနေပါသည်။ သူတို့သည် စည်းလုံးစွာဖြင့် ကိုယ်တော်၏စီရင်ချက်များကို နိုင်ငံဒေသပေါင်း ၂၃၀ ကျော်တွင် သီးခြားဘာသာစကားပေါင်း ၃၀၀ ကျော်ဖြင့် ကြွေးကြော်နေကြ၏။ သူတို့၏ကြီးပွားတိုးတက်မှုကို ယောလက ဤသို့လှပစွာ ပရောဖက်ပြုထားသည်– “ထိုကာလ၌ချိုသောစပျစ်ရည်သည် တောင်ပေါ်မှယိုလိမ့်မည်။ နို့ရည်သည် ကုန်းတို့မှထွက်လိမ့်မည်။ ယုဒမြစ်ရှိသမျှတို့သည် ရေစီးကြလိမ့်မည်။” (ယောလ ၃:၁၈) မှန်ပါသည်၊ ယေဟောဝါသည် ကမ္ဘာပေါ်ရှိ မိမိအားချီးမွမ်းသူများအပေါ်တွင် ရွှင်လန်းဖွယ်ကောင်းချီးများနှင့် အလျှံပယ်ရှိစေပြီး တိုးတက်ကြီးပွားမှုနှင့် တိုးပွားနေသောအဖိုးတန်သမ္မာတရားစမ်းရေ တသွင်သွင်စီးဆင်းစေမည်။ ယေဟောဝါ၏ပိုင်သအုပ်စိုးမှုသည် တရားဆုံးဖြတ်ရာချိုင့်တွင် လုံးလုံးလျားလျား သင်္ကာယနကင်းရှင်းမည်ဖြစ်ပြီး ကိုယ်တော်သည် ရွေးနုတ်ထားတော်မူသောသူများအလယ်တွင် အစဉ်အမြဲကျိန်းဝပ်တော်မူသည်နှင့်အမျှ ရွှင်လန်းမှုပေါကြွယ်လိမ့်မည်တည်း။—ဗျာဒိတ် ၂၁:၃၊ ၄။
သင်မှတ်မိသလော
◻ ယေဟောဝါသည် ယောရှဖတ်ခေတ်တွင် မိမိ၏လူမျိုးတော်ကို မည်သို့ကယ်တင်ခဲ့သနည်း။
◻ မည်သူများသည် “တရားဆုံးဖြတ်ရာချိုင့်” ၌ဖျက်ဆီးခံထိုက်သူများဖြစ်သည်ဟု ယေဟောဝါစီရင်တော်မူသနည်း။
◻ မည်သူများသည် ဘုရားသခင့်သူရဲတော်များဖြစ်ပြီး နောက်ဆုံးတိုက်ပွဲတွင် အဘယ်ကဏ္ဍမှသူတို့ပါဝင်ကြမည်နည်း။
◻ သစ္စာရှိဝတ်ပြုသူများသည် အဘယ်ပျော်ရွှင်မှုများကို ခံစားကြရသနည်း။
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
‘စစ်မှုသည် သင်တို့တာမဟုတ်၊ ဘုရားသခင့်တာဖြစ်သောကြောင့် မကြောက်ကြနှင့်’ ဟုယုဒကိုပြောကြားခဲ့
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
မိမိ၏ရန်သူများကို ယေဟောဝါက ‘သံထွန်သွားများကို ဓားလက်နက်ဖြစ်စေလော့’ ဟုစိန်ခေါ်ခဲ့
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ကြီးစွာသောဆင်းရဲထဲကလွတ်မြောက်သူ လူအုပ်ကြီးကို သမ္မာကျမ်းစာကခွဲခြားဖော်ပြ