ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၅/၁ စာ. ၈-၁၃
  • ယေဟောဝါ၏နေ့ကြီးနီးပြီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏နေ့ကြီးနီးပြီ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အင်းဆက်ပိုးများဝင်ရောက်ကျူးကျော်
  • “သေသောက်ကြူးသူတို့ နိုးကြလော့”!
  • “ယဇ်ပုရောဟိတ်တို့ သင်တို့၏ရင်ဘတ်ကိုထုကြလော့”
  • ‘ယေဟောဝါ၏နေ့ လာပြီ’
  • “ယေဟောဝါသည် နှေးတော်မမူ”
  • မြောက်ဘက်က လာတဲ့ တိုက်ခိုက်မှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ယေဟောဝါ၏နေ့ရက်တော်ကို စွဲမှတ်ထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ပထမ အမင်္ဂလာ​—ကျိုင်းကောင်များ
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ယေဟောဝါနာမတော်ကို ပတ္ထနာပြု၍ လုံခြုံစွာနေလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၅/၁ စာ. ၈-၁၃

ယေဟောဝါ၏နေ့ကြီးနီးပြီ

“အသက်ကြီးသောသူတို့၊ ကြားကြလော့။ ပြည်သူပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။”—ယောလ ၁:၂။

၁၊ ၂။ ယေဟောဝါသည် ယုဒနိုင်ငံ၏ အဘယ်အခြေအနေကြောင့် မိမိ၏ပိုင်နိုင်သောပရောဖက်ပြုချက်ကိုမိန့်မြွက်ဖို့ ယောလကိုလှုံ့ဆော်သနည်း။

“ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏။ ထာဝရဘုရား၏နေ့ရက်နီးပြီ။ အနန္တတန်ခိုးရှင်ဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာလိမ့်မည်။” အလွန်စိတ်လှုပ်ရှားဖွယ် ကြေညာချက်ပါတကား! ယင်းသည် ပရောဖက်ယောလမှတစ်ဆင့် ကိုယ်တော်၏လူမျိုးတော်အား ဘုရားသခင့် သတင်းစကားဖြစ်သည်။

၂ ယောလ ၁:၁၅ ၏ဤစကားများကို ယုဒနိုင်ငံတွင် ဘီ.စီ.အီး. ၈၂၀ ခန့်က မှတ်တမ်းတင်ခဲ့ပုံရှိသည်။ ထိုအချိန်က စိမ်းလန်းသောတောင်ကုန်းများသည် နိုင်ငံကို အလှဆင်ပေးခဲ့သည်။ သစ်သီးဝလံနှင့် ကောက်ပဲသီးနှံ အလျှံပယ်ရှိခဲ့၏။ စားကျက်မြေများမှာ ကျယ်ဝန်းပြီး စိမ်းလန်းစိုပြေခဲ့သည်။ သို့တိုင် အလွန်မှားယွင်းနေသည့်အရာတစ်ခုရှိသည်။ ဗာလဝတ်ပြုရေးသည် ယေရုရှလင်နှင့် ယုဒနိုင်ငံတွင် စည်ပင်ထွန်းကားနေ၏။ ပြည်သူလူထုသည် ဤမှားယွင်းသောဘုရားရှေ့တွင် သေသောက်ကြူးပွဲများ ဆင်နွှဲခဲ့ကြသည်။ (၂ ရာဇဝင်ချုပ် ၂၁:၄-၆၊ ၁၁ နှိုင်းယှဉ်။) ယေဟောဝါသည် ဤအမှုခပ်သိမ်းကို ဆက်ပြုစေပါမည်လော။

၃။ အဘယ်အရာနှင့်ပတ်သက်၍ ယေဟောဝါသတိပေးခဲ့ပြီး အဘယ်အရာအတွက် လူမျိုးများပြင်ဆင်သင့်သနည်း။

၃ ယောလကျမ်းက အဖြေကို ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ ယေဟောဝါဘုရားသခင်သည် မိမိ၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို သင်္ကာယနကင်းရှင်းစေပြီး သန့်ရှင်းသောနာမတော်ကို သန့်ရှင်းမြင့်မြတ်စေတော်မူမည်ဖြစ်သည်။ ယေဟောဝါ၏နေ့ကြီးသည် နီးကပ်နေပြီ။ ထိုနေ့ကြီးတွင် ဘုရားသခင်သည် “ယောရှဖတ်ချိုင့်” ၌လူမျိုးအပေါင်းတို့ကို တရားစီရင်တော်မူမည်။ (ယောလ ၃:၁၂) အနန္တတန်ခိုးရှင် ယေဟောဝါနှင့်စစ်တိုက်ဖို့ သူတို့ပြင်ဆင်ကြပါစေ။ ကျွန်ုပ်တို့လည်း ယေဟောဝါ၏နေ့ကြီးကို ရင်ဆိုင်နေကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့ခေတ်နှင့် အတိတ်အတွက် ယောလ၏ပရောဖက်ပြုစကားများကို စေ့စေ့လေ့လာကြည့်ကြစို့။

အင်းဆက်ပိုးများဝင်ရောက်ကျူးကျော်

၄။ ယောလအားဖြင့်သတိပေးခဲ့သောအဖြစ်အပျက်သည် မည်မျှကြီးမားမည်နည်း။

၄ ယေဟောဝါသည် မိမိ၏ပရောဖက်မှတစ်ဆင့် ဤသို့မိန့်မြွက်ခဲ့သည်– “အသက်ကြီးသောသူတို့၊ ကြားကြလော့။ ပြည်သူပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ ဤသို့သောအမှုသည် သင်တို့လက်ထက်၌ဖြစ်ဖူးသလော။ ဘိုးဘေးတို့လက်ထက်၌ဖြစ်ဖူးသလော။ ကိုယ်သားတို့အား ပြောကြလော့။ သူတို့သည် သူတို့သားတို့အားပြောကြစေ။ သူတို့သားတို့သည်လည်း ဆက်နွှယ်သောအခြားသူတို့အားပြောကြစေ။” (ယောလ ၁:၂၊ ၃) အသက်ကြီးသူများနှင့် ပြည်သူပြည်သားအားလုံးသည် သူတို့အသက်တာတွင် မဖြစ်သေးသော သို့မဟုတ် သူတို့ဘိုးဘေးများခေတ်တွင် မဖြစ်ခဲ့သောအရာကဲ့သို့ အရာတစ်ခုကို မျှော်လင့်နိုင်ကြပါသည်။ ယင်းသည် လူမျိုးဆက် သုံးဆက်တိုင်အောင် ပြန်သတိရစေမည်ဖြစ်သည့်အတွက် အလွန်အထူးတဆန်းဖြစ်မည်! အဆိုပါမှတ်သားဖွယ် အဖြစ်အပျက်ကား အဘယ်နည်း။ ယင်းကိုသိရှိဖို့ ကျွန်ုပ်တို့သည် ယောလခေတ်ကို ပြန်ရောက်နေသည်ဟု ဆိုကြပါစို့။

၅၊ ၆။ (က) ယောလပရောဖက်ပြုသော ကပ်ဘေးကိုဖော်ပြပါ။ (ခ) ထိုကပ်ဘေး၏ ရင်းမြစ်ကားမည်သူနည်း။

၅ နားထောင်လော့! အဝေးမှမြည်ဟည်းသံကို ယောလကြားရ၏။ ကောင်းကင်သည် မဲမှောင်လာပြီး ခေါင်းပေါ်က အမှောင်ထု ကျယ်ပြန့်လာသည်နှင့်အမျှ ကျောစိမ့်ဖွယ်အသံမှာ သာ၍ကျယ်လောင်မြည်ဟည်းလာလေသည်။ ထို့နောက် မီးခိုးကဲ့သို့သောမိုးတိမ်ကျလာ၏။ သန်းနှင့်ချီသောအင်းဆက်ပိုးအုပ်ကြီးပင်။ သူတို့၏ အဖျက်စွမ်းအား ကြီးမားလှပါဘိ! ယခု ယောလ ၁:၄ ကိုသုံးသပ်ကြည့်ပါ။ ချဉ်းနင်းဝင်ရောက်လာသော ဤအင်းဆက်ပိုးများသည် ပျံသန်းလာသည့် အတောင်ပါကျိုင်းကောင်များသာမဟုတ်ပါ။ ဤမျှမကပါလေ! ဆာလောင်နေသည့် အတောင်မဲ့တွားသွားကျိုင်းကောင်အုပ်များလည်း ပါလာသည်။ လေကသယ်ဆောင်လာရာ ကျိုင်းကောင်များသည် ရုတ်တရက်ရောက်ရှိလာရာ သူတို့၏အသံသည် စစ်မြင်းရထားများအသံနှင့်တူသည်။ (ယောလ ၂:၅) အာသာငမ်းငမ်းစားလိုစိတ်ပြင်းပြရကား သန်းနှင့်ချီသော ဤအကောင်များသည် ပရဒိသုတမျှဖြစ်သောအခြေအနေကို တစ်မုဟုတ်ချင်းတွင် တောကန္တာရဖြစ်စေနိုင်သည်။

၆ ပိုးဖလံ သို့မဟုတ် လိပ်ပြာတို့၏ ပိုးလောင်းအဆင့် ခူကောင်များလည်း ရွေ့လျားတွားသွားနေကြသည်။ ဆာလောင်နေသော ခူကောင်အုပ်ကြီးသည် အပင်များမှအရွက်စိမ်းများ ကုန်လုနီးပါး တစ်ပိုင်းပြီးတစ်ပိုင်း၊ တစ်ရွက်ပြီးတစ်ရွက် ကိုက်ဖြတ်စားပစ်နိုင်သည်။ ယင်းတို့မစား၍ကျန်ကြွင်းရာများကို ကျိုင်းကောင်များက စားကြသည်။ ထို့နောက် ကျိုင်းကောင်များချန်ရစ်ခဲ့ရာကို လျင်မြန်စွာရွေ့ရှားသွားလာတတ်သောပိုးဟပ်များက တက်တက်ပြောင်အောင် စားပစ်မည်မှာသေချာ၏။ သို့သော် ဤအချက်ကို သတိပြုပါ– ယောလ အခန်းကြီး ၂၊ အခန်းငယ် ၁၁ တွင် ဘုရားသခင်က ကျိုင်းကောင်အုပ်ကို “မိမိ၏တပ်တော်” အဖြစ်ဖော်ပြထားတော်မူသည်။ မှန်ပါသည်၊ ကိုယ်တော်သည် တိုင်းပြည်ကို ပျက်ပြုန်းစေ၍ အငတ်ဘေးဆိုက်စေမည့် ကျိုင်းကောင်ကပ်ဘေး၏ရင်းမြစ်ဖြစ်တော်မူသည်။ မည်သည့်အချိန်တွင်နည်း။ “ထာဝရဘုရား၏နေ့ရက်” မရောက်မီလေးတွင်ဖြစ်သည်။

“သေသောက်ကြူးသူတို့ နိုးကြလော့”!

၇။ (က) ယုဒဘာသာရေးခေါင်းဆောင်များ၏အခြေအနေကား အဘယ်နည်း။ (ခ) ယနေ့ခရစ်ယာန်ဘောင်ခေါင်းဆောင်များသည် ယုဒဘာသာရေးခေါင်းဆောင်များ၏အခြေအနေနှင့် မည်သို့ဆင်တူသနည်း။

၇ ရိုသေလေးစားဖွယ်လုံးဝမရှိသော ယုဒဘာသာရေးခေါင်းဆောင်များသည် “သေသောက်ကြူးသူတို့ နိုး၍ငိုကြွေးလော့။ စပျစ်ရည်ကိုသောက်ကြူးသောသူတို့၊ သင်တို့သောက်ရန်ချိုသောစပျစ်ရည်ပြတ်သောကြောင့် ငိုကြွေးမြည်တမ်းကြလော့” ဟုမိန့်မှာချိန်တွင် သီးခြားခွဲထုတ်ခံလိုက်ရသည်။ (ယောလ ၁:၅) မှန်ပါသည်၊ ယုဒလူမျိုး ဝိညာဏသေသောက်ကြူးတို့သည် “နိုး” ကြရန်၊ အသောက်ရပ်ကြရန် မှာကြားခံခဲ့ရသည်။ သို့သော် ယင်းသည် ရှေးသမိုင်းမျှသာဖြစ်သည်ဟု မထင်လိုက်လေနှင့်။ ယခုပင် ယေဟောဝါ၏ကြီးစွာသောနေ့မတိုင်မီ ခရစ်ယာန်ဘောင်ဓမ္မဆရာများသည် အမြင့်ဆုံးသောဘုရားထံတော်မှ ဤဆင့်ခေါ်ချက်များကို သတိမမူမိလောက်အောင် ပုံဆောင်သဘောအရ ချိုသောစပျစ်ရည်နှင့် ပြည့်ကယ်နေကြသည်။ ကြောက်မက်ဖွယ်ကောင်းသော ယေဟောဝါ၏နေ့ကြီးကြောင့် လူမှန်းသူမှန်းမသိအောင် ဝိညာဉ်ရေးမူးရူးပေတေနေသည့်အခြေအနေမှ လှုပ်နှိုးခံလိုက်ရချိန်ဝယ် သူတို့သည် မည်မျှအံ့အားသင့်ကြမည်ဖြစ်ခြင်း!

၈၊ ၉။ (က) ကျိုင်းကောင်များနှင့် ၎င်းတို့၏ကပ်ဘေးအကျိုးသက်ရောက်မှုကို ယောလမည်သို့ဖော်ပြထားသနည်း။ (ခ) ကျိုင်းကောင်များသည် ယနေ့မည်သူတို့ကိုတင်စားသနည်း။

၈ ထိုကျိုင်းကောင်အုပ်ကြီးကို ကြည့်လိုက်ပါလေ! “အကြောင်းမူကား၊ အားကြီး၍မရေတွက်နိုင်အောင်များပြားသောအမျိုးသည် ငါ့ပြည်ပေါ်သို့တက်လာပြီ။ ထိုအမျိုး၏သွားသည် ခြင်္သေ့သွားကဲ့သို့လည်းကောင်း၊ အံသွားသည်လည်း ခြင်္သေ့မသွားကဲ့သို့လည်းကောင်းဖြစ်၏။ ငါ့စပျစ်နွယ်ပင်ကိုဖျက်ဆီး၍ ငါ့သင်္ဘောသဖန်းပင်ကိုကျိုးပဲ့စေပြီ။ သုတ်သင်ပယ်ရှင်း၍ ပစ်လိုက်ပြီ။ အခက်အလက်တို့သည် ဖြူကြ၏။ အသက်ငယ်စဉ်လက်ထပ်သောခင်ပွန်းအတွက် လျှော်တေအဝတ်ကိုဝတ်သောသတို့သမီးကဲ့သို့ ငိုကြွေးမြည်တမ်းလော့။”—ယောလ ၁:၆-၈။

၉ ယင်းသည် ယုဒပြည်ထဲ ကျူးကျော်ဝင်ရောက်သည့် ကျိုင်းကောင် “အမျိုး” နှင့်ပတ်သက်သည့် ပရောဖက်ပြုချက်တစ်ခုမျှသာဖြစ်သလော။ ဤမျှသာမဟုတ်ပါ။ ယောလ ၁:၆ နှင့် ဗျာဒိတ် ၉:၇ နှစ်ချက်စလုံးတွင် ဘုရားသခင့်လူမျိုးတော်ကို ကျိုင်းကောင်များဖြင့် တင်စားဖော်ပြထားသည်။ ခေတ်သစ်ကျိုင်းကောင်အုပ်သည် ယခုအခါတွင် ယေရှု၏ “အခြားသိုး” အပေါင်းပါ ၅,၆၀၀,၀၀၀ ခန့်နှင့် ယေဟောဝါ၏ဘိသိက်ခံကျိုင်းကောင်များဖြင့် ဖွဲ့စည်းထားသည့် လူအုပ်ဖြစ်သည်။ (ယောဟန် ၁၀:၁၆) ယေဟောဝါအား ဝတ်ပြုနေကြသည့် ဤအစုအဝေးကြီးတွင် ပါဝင်ရခြင်းကို သင်ဝမ်းမြောက်ဝမ်းသာမဖြစ်ပေလော။

၁၀။ ယုဒတွင် ကျိုင်းကောင်ကပ်ဘေး၏အကျိုးသက်ရောက်မှုကား အဘယ်နည်း။

၁၀ ယောလ ၁:၉-၁၂ တွင် ကျိုင်းကောင်ကပ်ဘေး၏ဆိုးကျိုးများကို ကျွန်ုပ်တို့ဖတ်ရသည်။ တစ်အုပ်ပြီးတစ်အုပ်သည် နိုင်ငံကို လွင်တီးခေါင်ဖြစ်လုခမန်း စားပစ်လိုက်ကြသည်။ ကောက်ပဲသီးနှံ၊ ဝိုင်နှင့် ဆီတို့မရှိတော့ရာ သစ္စာမရှိသောယဇ်ပုရောဟိတ်တို့သည် သူတို့၏လုပ်ငန်းဆောင်တာများကို ဆက်၍မလုပ်နိုင်ကြတော့ပေ။ ကျိုင်းကောင်များက ကောက်ပဲသီးနှံများကို ဖျက်ဆီးကာ သစ်သီးပင်များကို အသီးမရှိသည့်အဖြစ်ရောက်သွားစေသောကြောင့် မြေကြီးသည်ပင် ညည်းတွားမြည်တမ်းလေတော့သည်။ စပျစ်ပင်များ ပျက်စီးသွားသောကြောင့် ဝိညာဉ်ရေးဆိုင်ရာသေသောက်ကြူးသူများဖြစ်ကြသော ဗာလအရက်အိုးများအတွက် ဝိုင်မရှိတော့ပေ။

“ယဇ်ပုရောဟိတ်တို့ သင်တို့၏ရင်ဘတ်ကိုထုကြလော့”

၁၁၊ ၁၂။ (က) ယနေ့မည်သူများသည် ဘုရားသခင်၏ယဇ်ပုရောဟိတ်များဖြစ်သည်ဟု ဆိုကြသနည်း။ (ခ) ခေတ်သစ်ကျိုင်းကောင်ကပ်ဘေးကြောင့် ခရစ်ယာန်ဘောင်ဘာသာရေးခေါင်းဆောင်များသည် အဘယ်ဆိုးကျိုးခံစားရသနည်း။

၁၁ ထိုထင်ရာစိုင်းယဇ်ပုရောဟိတ်များအတွက် ဘုရားသခင်၏သတင်းတရားကို နားထောင်ပါလေ– “အိုယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကိုဝတ်၍ငိုကြွေး [“သင်တို့၏ရင်ဘတ်ကိုထု၊” ကဘ] ကြလော့။ ယဇ်ပလ္လင်တော်အမှုစောင့်တို့၊ မြည်တမ်းကြလော့။” (ယောလ ၁:၁၃) ယောလပရောဖက်ပြုချက်၏ပထမပြည့်စုံချက်တွင် လေဝိယဇ်ပုရောဟိတ်များသည် ယဇ်ပလ္လင်တွင်အမှုထမ်းခဲ့ကြသည်။ သို့သော် အပြီးသတ်ပြည့်စုံချက်၌ကော အသို့နည်း။ ယနေ့ ခရစ်ယာန်ဘောင်ဓမ္မဆရာများသည် ဘုရားသခင်၏ဓမ္မအမှုဆောင်များ၊ ကိုယ်တော်၏ “ယဇ်ပုရောဟိတ်များ” ဟုဆိုကြကာ ဘုရားသခင့်ယဇ်ပလ္လင်တွင် အမှုထမ်းခွင့်ရယူထားကြသည်။ သို့သော် ယခု ဘုရားသခင်၏ခေတ်သစ်ကျိုင်းကောင်များသည် ရွေ့လျားနေကြရာ မည်သို့ဖြစ်ပျက်နေပါသနည်း။

၁၂ ခရစ်ယာန်ဘောင်၏ “ယဇ်ပုရောဟိတ်တို့” သည် တက်ကြွလှုပ်ရှားနေသော ယေဟောဝါ၏လူမျိုးတော်ကိုမြင်ပြီး ကိုယ်တော်၏တရားစီရင်ချက်အကြောင်း သတိပေးခံရသောအခါ ဗျာများသွားကြတော့သည်။ ဘုရားသခင့်နိုင်ငံတော်သတင်းတရား၏ ပျက်ပြုန်းစေသောထိခိုက်မှုကြောင့် စိတ်သောကရောက်ပြီး ရင်ကိုထုကာ ဒေါသအမျက်ချောင်းချောင်းထွက်ကြ၏။ သိုးစုများသည် သူတို့ကို ကျောခိုင်းသွားသောအခါ သူတို့ညည်းတွားကြသည်။ သူတို့၏စားကျက်များ ပျက်သွားရာ သူတို့ငွေဝင်ပေါက်ပိတ်သွားသဖြင့် ညည်းတွားလျက် လျှော်တေအဝတ်ဝတ်ပြီး အိပ်ကြလေတော့သည်။ များမကြာမီ၊ အလုပ်လက်မဲ့လည်း ဖြစ်သွားကြပေတော့မည်! အမှန်မှာ သူတို့၏အဆုံးနီးပြီဖြစ်သောကြောင့် ညလုံးပေါက်ညည်းတွားမြည်တမ်းကြဟု ဘုရားသခင်က သူတို့ကိုမိန့်တော်မူသည်။

၁၃။ ခရစ်ယာန်ဘောင်တစ်ရပ်လုံးသည် ယေဟောဝါ၏သတိပေးချက်ကို တလိုတလားတုံ့ပြန်ကြပါမည်လော။

၁၃ ယောလ ၁:၁၄ (ကဘ) အရ သူတို့၏တစ်ခုတည်းသောမျှော်လင့်ချက်သည် နောင်တယူပြီး ‘အကူအညီအတွက် ယေဟောဝါအား’ ဟစ်ကြော်ရန်သာ ဖြစ်သည်။ ခရစ်ယာန်ဘောင်၏ ဓမ္မဆရာအတန်းအစားတစ်ရပ်လုံးသည် ယေဟောဝါထံလှည့်လာလိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်နိုင်ပါသလော။ ဝေးလေစွ! သူတို့ထဲမှတစ်ဦးချင်းစီသည် ယေဟောဝါ၏သတိပေးချက်ကိုတုံ့ပြန်ကြပေမည်။ သို့ရာတွင် အတန်းအစားတစ်ရပ်အနေဖြင့် ၎င်းဘာသာရေးခေါင်းဆောင်များနှင့် သူတို့အသင်းသားများ၏ ဝိညာဉ်ရေးငတ်ပြတ်သည့်အခြေအနေသည် ရှိမြဲရှိနေမည်ဖြစ်သည်။ ပရောဖက်အာမုတ်က ဤသို့ကြိုပြောခဲ့သည်– “အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ‘မွတ်သိပ်ခြင်းဘေးကို တစ်ပြည်လုံး၌ ငါဖြစ်စေသောကာလ ရောက်လိမ့်မည်။ အစာခေါင်းပါး၍မွတ်သိပ်ခြင်းဘေးမဟုတ်၊ ရေငတ်ခြင်းဘေးလည်းမဟုတ်၊ ထာဝရဘုရား၏အမိန့်တော်ကိုမကြားရသော မွတ်သိပ်ခြင်းဘေးဖြစ်လိမ့်မည်။’” (အာမုတ် ၈:၁၁) အခြားတစ်ဖက်တွင်မူ ကျွန်ုပ်တို့သည် “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့် မေတ္တာဖြင့် ဘုရားသခင်ပေးသနားတော်မူသော ဆူဖြိုးလှသည့်ဝိညာဉ်ရေးစားသောက်ပွဲကြီးအတွက် အလွန်ကျေးဇူးတင်စရာပင်!—မဿဲ ၂၄:၄၅-၄၇၊ သမ။

၁၄။ ကျိုင်းကောင်ကပ်ဘေးသည် အဘယ်အရာ၏ ရှေ့ပြေးဖြစ်သနည်း။

၁၄ ကျိုင်းကောင်ကပ်ဘေးသည် အရာတစ်ခု၏ရှေ့ပြေးဖြစ်ခဲ့ပြီး ဆက်၍ဖြစ်ဆဲပင်။ အဘယ်အရာနှင့်ပတ်သက်၍နည်း။ ယောလက ရှင်းရှင်းလင်းလင်း ဤသို့ပြောပြသည်– “ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏။ ထာဝရဘုရား၏နေ့ရက်နီးပြီ။ အနန္တတန်ခိုးရှင်ဖျက်ဆီးခြင်းဘေးကဲ့သို့ရောက်လာလိမ့်မည်!” (ယောလ ၁:၁၅) ယနေ့ ဘုရားသခင်၏ကျိုင်းကောင်အုပ်သည် နေရာအနှံ့တွင် ချဉ်းနင်းဝင်ရောက်နေခြင်းက ယေဟောဝါ၏ကြောက်မက်ဖွယ်ရာနေ့ကြီး နီးပြီဖြစ်ကြောင်း ရှင်းလင်းစွာဖော်ပြသည်။ လူဆိုးတို့ကို ဘုရားသခင်တရားစီရင်၍ ယေဟောဝါသည် စကြဝဠာပိုင်သအုပ်စိုးရှင်အဖြစ်အောင်ပွဲခံသည့် အထူးနေ့ကြီးကို စိတ်နှလုံးရိုးဖြောင့်သူများ အမှန်ပင်တောင့်တကြသည်။

၁၅။ ထိုနိုင်ငံ၏ဝမ်းနည်းဖွယ်အခြေအနေကိုထောက်ရှု၍ ဘုရားသခင့်သတိပေးချက်များကို လိုက်နာသူများသည် မည်သို့တုံ့ပြန်ကြသနည်း။

၁၅ ယောလ ၁:၁၆-၂၀ ကဖော်ပြသည့်အတိုင်း ရှေးယုဒနိုင်ငံတွင် အစားအစာပြတ်တောက်ခဲ့သည်။ သို့နှင့် ရွှင်လန်းမှုလည်း မရှိတော့ပါ။ စပါးကျီတို့သည် ပျက်စီးနေပြီး သိုလှောင်ရုံကြီးများကို ဖြိုပစ်လိုက်ရသည်။ ကျိုင်းကောင်များက အပင်အနှံများကို တက်တက်ပြောင်အောင်စားပစ်လိုက်သောကြောင့် စားကျက်များမရှိတော့၍ ကျွဲနွားအုပ်များမှာ မည်သည့်အရပ်တွင် အစာရှာရမှန်းမသိဖြစ်ကာ သိုးစုများလည်းသေကျေကုန်ကြသည်။ ကပ်ဆိုက်မှုကြီးပင်တည်း! ဤအခြေအနေများဖြစ်ပေါ်နေစဉ်တွင် ယောလမည်သို့ဖြစ်ခဲ့သနည်း။ အခန်းငယ် ၁၉ အရ သူက “အိုထာဝရဘုရား၊ ကိုယ်တော်ကိုအကျွန်ုပ်ဟစ်ကြော်ပါ၏” ဟုပြောခဲ့သည်။ ယနေ့လည်း လူများစွာသည် ဘုရားသခင့်သတိပေးချက်များကိုလိုက်နာပြီး ယေဟောဝါဘုရားသခင်အား ယုံကြည်စွာဟစ်ကြော်နေကြသည်။

‘ယေဟောဝါ၏နေ့ လာပြီ’

၁၆။ “ပြည်သူပြည်သားအပေါင်းတို့သည်” အဘယ်ကြောင့်တုန်လှုပ်သင့်သနည်း။

၁၆ ဘုရားသခင်ထံတော်မှလာသော ဤအမိန့်ကိုနားထောင်ပါ– “ဇိအုန်တောင်ပေါ်မှာ တံပိုးမှုတ်ကြလော့။ သန့်ရှင်းသောငါ့တောင်ပေါ်မှာ သတိပေးသောအသံကိုပြုကြလော့။ ပြည်သူပြည်သားအပေါင်းတို့သည် တုန်လှုပ်ကြစေ။” (ယောလ ၂:၁) ထိုသို့အဘယ်ကြောင့် တုံ့ပြန်ရမည်နည်း။ ပရောဖက်ပြုချက်က ဤသို့ဖြေဆိုသည်– “အကြောင်းမူကား၊ ထာဝရဘုရား၏နေ့ရက်သည်လာ၍နီးပြီ။ မိုက်မဲသောနေ့၊ မိုးအုံ့၍မှောင်မိုက်ထူထပ်သောနေ့ဖြစ်၏။ နေအရုဏ်သည် တောင်ထိပ်တို့ကိုနှံ့ပြားသကဲ့သို့၊ အများဖြစ်၍ အားကြီးသောအမျိုးသည်လာ၏။” (ယောလ ၂:၁၊ ၂၂) ယေဟောဝါ၏နေ့ကြီးနှင့်ဒွန်တွဲနေသည့် အရေးတကြီးသဘောထားအမှန်ရှိနေသည်။

၁၇။ ကျိုင်းကောင်ကပ်ဘေးကြောင့် ယုဒပြည်နှင့် ပြည်သူတို့ မည်သို့ထိခိုက်ခဲ့သနည်း။

၁၇ မဆုတ်မနစ်ဇွဲရှိသော ကျိုင်းကောင်များက ဧဒင်တမျှလှသည့်ဥယျာဉ်တစ်ခုကို လွင်တီးခေါင်ဖြစ်သွားစေခြင်းနှင့်ပတ်သက်သည့် ပရောဖက်အဆင်းအာရုံ၏ဂယက်ရိုက်မှုကို မြင်ယောင်ကြည့်ပါ။ ကျိုင်းကောင်အုပ်အကြောင်း ဤသို့ဖော်ပြသည်ကိုနားထောင်ကြည့်ပါ– “သူတို့သည်အဆင်းအားဖြင့် မြင်းနှင့်တူ၍၊ မြင်းစီးသူရဲကဲ့သို့ပြေးကြလိမ့်မည်။ ရထားမြည်သံကဲ့သို့လည်းကောင်း၊ အမှိုက်လောင်သောမီးမြည်သံကဲ့သို့လည်းကောင်း အသံမြည်၍ တောင်ထိပ်တို့အပေါ်မှာခုန်ကြလိမ့်မည်။ စစ်တိုက်ခြင်းငှာခင်းကျင်း၍ အားကြီးသောသူအလုံးအရင်းကဲ့သို့ဖြစ်ကြလိမ့်မည်။ သူတို့ရှေ့မှာ လူတို့သည်အလွန်ပင်ပန်းသောစိတ်ရှိ၍၊ ခပ်သိမ်းသောသူတို့သည် မျက်နှာမည်းကြလိမ့်မည်။” (ယောလ ၂:၄-၆) ယောလခေတ်၌ ကျိုင်းကောင်ကပ်ကျရောက်စဉ်အတွင်း ဗာလဝတ်ပြုသူများ၏ဝေဒနာသည် တိုး၍လာကာ သူတို့၏မျက်နှာတွင် စိုးရိမ်စိတ်များဖြစ်ပေါ်နေသည်။

၁၈၊ ၁၉။ ယနေ့ယေဟောဝါလူမျိုးတော်၏လုပ်ငန်းသည် ကျိုင်းကောင်ကပ်ဘေးနှင့် မည်သို့ဆင်တူသနည်း။

၁၈ စနစ်ကျကာ မမောတတ်သည့်ကျိုင်းကောင်များကို မည်သည့်အရာကမျှ ရပ်တန့်မပစ်နိုင်ပါ။ ၎င်းတို့သည် “သူရဲကဲ့သို့” ပြေး၍ မြို့ရိုးများကိုပင် တွယ်တက်ကြသည်။ အချို့တို့သည် “စစ်လက်နက်များဖြင့် ကျလဲသော်လည်း မတွန့်မဆုတ်ချေ။” (ယောလ ၂:၇၊ ၈၊ သမ) ဘုရားသခင်၏မျက်မှောက်ခေတ် ပုံဆောင်ကျိုင်းကောင်အုပ်၏ အလွန်ပေါ်လွင်သော ပရောဖက်ပြုသရုပ်ဖော်ပြချက်ပင်တည်း! ယနေ့လည်း ယေဟောဝါ၏ကျိုင်းကောင်အုပ်သည် ရှေ့သို့တည့်တည့်ချီတက်နေသည်။ မည်သည့် “မြို့ရိုး” ကမျှ သူတို့ကိုမဟန့်တားနိုင်ပါ။ သူတို့သည် ဂျာမနီနာဇီအစိုးရကာလအတွင်း ဟစ်တလာကိုချီးမွမ်းသြဘာမပေးသည့်အတွက် “စစ်လက်နက်များဖြင့် ကျလဲ” ခဲ့သည့် ထောင်နှင့်ချီသောသက်သေခံများကဲ့သို့ ဘုရားသခင်အပေါ်ထားသည့် သူတို့၏သမာဓိကို မလျှော့ပေါ့လိုက်ဘဲ သေခြင်းကိုရင်ဆိုင်ဖို့အသင့်ရှိကြသည်။

၁၉ ဘုရားသခင်၏ ခေတ်သစ်ကျိုင်းကောင်အုပ်သည် ခရစ်ယာန်ဘောင်၏ “မြို့ထဲ” တွင် စေ့စေ့စပ်စပ်သက်သေခံခဲ့ကြပြီ။ (ယောလ ၂:၉) သူတို့သည် ကမ္ဘာအနှံ့ ဤသို့လုပ်ဆောင်ခဲ့ကြပြီ။ ယေဟောဝါ၏သတင်းတရားကိုကြေညာရာတွင် ဖြစ်နိုင်သည့်မည်သည့်နည်းဖြင့်မဆို အတားအဆီးအားလုံးကို ကျော်လွှားကာ သန်းနှင့်ချီသောအိမ်များထဲ ဝင်ကြ၍၊ လမ်းပေါ်တွင် လူတို့ထံချဉ်းကပ်၍၊ ဖုန်းဖြင့်စကားပြောဆို၍ ဆက်သွယ်ကြဆဲပင်။ သူတို့သည် သန်းထောင်နှင့်ချီသော ကျမ်းစာစာပေများကိုဖြန့်ဝေခဲ့ကြပြီး လူထုရှေ့နှင့် တစ်အိမ်မှတစ်အိမ် မရပ်မစဲသောဓမ္မအမှုတွင် ဆက်၍လည်းများစွာ ဖြန့်ဝေနေကြဦးမည်ဖြစ်သည်။—တမန်တော် ၂၀:၂၀၊ ၂၁။

၂၀။ မည်သူသည် ခေတ်သစ်ကျိုင်းကောင်အုပ်ကို ပံ့ပိုးပေးနေသနည်း၊ အဘယ်ရလဒ်များ ရရှိသနည်း။

၂၀ အလွန်ကြီးမားသည့် ကျိုင်းကောင်အုပ်ကြီးသည် နေ၊ လ၊ ကြယ်များကိုဖုံးကွယ်ပစ်နိုင်သည့် တိမ်တိုက်တစ်ခုအလားဖြစ်ကြောင်း ယောလ ၂:၁၀ ကဖော်ပြသည်။ (ဟေရှာယ ၆၀:၈ နှိုင်းယှဉ်။) ဤတပ်တော်နောက်ကွယ်တွင် မည်သူရှိသည်ကို သံသယတစ်စုံတစ်ရာရှိစရာလိုပါသလော။ အင်းဆက်ပိုးကောင်အုပ်အော်သံအထက်တွင် ယောလ ၂:၁၁ ပါ ဤစကားများကို ကျွန်ုပ်တို့ ကြားလိုက်ရသည်– “ထာဝရဘုရားသည်လည်း မိမိတပ်တော်ရှေ့မှာ အသံကိုလွှင့်တော်မူမည်။ တပ်တော်သည်အလွန်ကြီးမား၏။ စကားတော်အတိုင်းစီရင်သောသူသည် တန်ခိုးကြီးတော်မူ၏။ ထာဝရဘုရား၏နေ့ရက်သည်ကြီး၍ အလွန်ကြောက်မက်ဖွယ်သောနေ့ရက်ဖြစ်၏။ အဘယ်သူခံနိုင်သနည်း။” မှန်ပါသည်၊ ယေဟောဝါဘုရားသခင်သည် မိမိ၏နေ့ကြီးမတိုင်မီ ယခုပင် မိမိ၏ကျိုင်းကောင်တပ်တော်ကို စေလွှတ်နေပါသည်။

“ယေဟောဝါသည် နှေးတော်မမူ”

၂၁။ ‘သူခိုးကဲ့သို့ ယေဟောဝါ၏နေ့ရက်လာ’ သောအခါ အဘယ်အရာဖြစ်မည်နည်း။

၂၁ ယောလကဲ့သို့ပင် တမန်တော်ပေတရုကလည်း ယေဟောဝါ၏နေ့ကြီးအကြောင်းပြောခဲ့သည်။ သူက ဤသို့ရေးသားခဲ့သည်– “သူခိုးသည် ညဉ့်အခါလာသကဲ့သို့၊ ထာဝရဘုရား၏နေ့ရက်သည်လာလိမ့်မည်။ ထိုနေ့၌ မိုးကောင်းကင်သည် ကြီးစွာသောအသံနှင့်တကွပျောက်သွားလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာပြုလုပ်သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။” (၂ ပေတရု ၃:၁၀) စာတန်မာရ်နတ်၏သြဇာခံဖြစ်သော ဆိုးညစ်သည့်အုပ်ချုပ်ရေးဆိုင်ရာ “ကောင်းကင်” သည် ဘုရားသခင်နှင့်စိမ်းကားနေသည့် လူ့ဘောင်ဖြစ်သော “မြေကြီး” ကို အုပ်ချုပ်စိုးမိုးနေသည်။ (ဧဖက် ၆:၁၂; ၁ ယောဟန် ၅:၁၉) အဆိုပါ ပုံဆောင် ကောင်းကင်နှင့်မြေကြီးသည် ယေဟောဝါ၏နေ့ကြီးအတွင်း ဘုရားသခင့်ဒေါသမီးမှ လွတ်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့အစား ‘ကိုယ်တော်၏ကတိတော်နှင့်အညီ ကျွန်ုပ်တို့စောင့်မျှော်နေကြသော ဖြောင့်မတ်ခြင်းတရားတည်ရာ မိုးကောင်းကင်သစ်နှင့်မြေကြီးသစ်ကို’ အစားထိုးမည်ဖြစ်သည်။—၂ ပေတရု ၃:၁၃။

၂၂၊ ၂၃။ (က) ယေဟောဝါ၏ကြင်နာမှုကိုပြသော သည်းခံစိတ်ရှည်မှုကို ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သင့်သနည်း။ (ခ) နီးကပ်နေသောယေဟောဝါ၏နေ့ကို ကျွန်ုပ်တို့မည်သို့တုံ့ပြန်သင့်သနည်း။

၂၂ မျက်မှောက်ခေတ် အာရုံထွေပြားစရာများနှင့် ယုံကြည်ခြင်းစမ်းသပ်ချက်များကြောင့် ကျွန်ုပ်တို့ခေတ်၏အရေးတကြီးဖြစ်မှုကို မျက်ခြည်ပြတ်သွားနိုင်ပါသည်။ သို့သော် ပုံဆောင်ကျိုင်းကောင်များသည် ရှေ့သို့ဖိ၍ချီတက်ကြသည်နှင့်အမျှ လူများစွာသည် ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို တုံ့ပြန်နေကြ၏။ ယင်းအတွက် ဘုရားသခင်အချိန်ပေးထားသော်လည်း ကိုယ်တော်၏သည်းခံစိတ်ရှည်ခြင်းကို နှေးကွေးမှုနှင့် မရောထွေးသွားရပါ။ “လူအချို့တို့သည်၊ နှေးခြင်းကိုမှတ်သည်အတိုင်း၊ ထာဝရဘုရားသည် ကတိတော်အရာမှာနှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှမပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာအလိုတော်ရှိ၍၊ ငါတို့ကိုသည်းခံတော်မူ၏။”—၂ ပေတရု ၃:၉။

၂၃ ယေဟောဝါ၏နေ့ကြီးကို ကျွန်ုပ်တို့စောင့်မျှော်စဉ် ၂ ပေတရု ၃:၁၁၊ ၁၂ တွင်မှတ်တမ်းတင်ထားသည့် ပေတရု၏ဤစကားကို နှလုံးသွင်းကြစို့– “သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့်၊ မိုးကောင်းကင်သည်မီးနှင့်ပျက်၍ လောကဓာတ်တို့သည်ပူအားကြီးလျက်၊ အရည်ကျိုခြင်းကိုခံရသောနေ့တည်းဟူသော၊ ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟု သင်တို့သည် မျှော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူဖြစ်အပ်ကြနည်း။” ဤလုပ်ရပ်များနှင့် အပြုအမူများတွင် အဆုံးမရောက်မီ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကြေညာခြင်း၌ အဆက်မပြတ် အဓိပ္ပာယ်ရှိရှိပါဝင်ခြင်းဖြင့် ယေဟောဝါ၏ကျိုင်းကောင်အုပ်နှင့်အတူ ကျွန်ုပ်တို့ချီတက်ခြင်းအမှန်ပင်ပါဝင်သည်။—မာကု ၁၃:၁၀။

၂၄၊ ၂၅။ (က) ယေဟောဝါ၏ကျိုင်းကောင်အုပ်၏လုပ်ငန်းတွင် ပါဝင်ရသောအခွင့်ကို သင်မည်သို့တုံ့ပြန်သနည်း။ (ခ) အဘယ်အဓိပ္ပာယ်ပြည့်ဝသောမေးခွန်းကို ယောလထုတ်ဆင့်သနည်း။

၂၄ ဘုရားသခင့်ကျိုင်းကောင်အုပ်သည် ဤလုပ်ငန်းကို ယေဟောဝါ၏ကြောက်မက်ဖွယ်ရာနေ့ကြီးဖြစ်သည့်အထိ မရပ်မနားလုပ်ဆောင်သွားပါလိမ့်မည်။ ဤရပ်တန့်၍မရသော ကျိုင်းကောင်အုပ်ကြီးရှိနေခြင်းကိုယ်နှိုက်က ယေဟောဝါ၏နေ့တော်နီးပြီဟူသည့် ထူးခြားသောသာဓကပင်ဖြစ်သည်။ ယေဟောဝါ၏ကြောက်မက်ဖွယ်ရာနေ့ကြီးမရောက်မီ အဆုံးသတ်အပြင်းအထန်စီးနင်းတိုက်ပွဲတွင် ဘုရားသခင့်ဘိသိက်ခံကျိုင်းကောင်များနှင့် ၎င်းတို့၏အပေါင်းပါတို့နှင့်အတူ အမှုထမ်းရခြင်းကို သင်မနှစ်ခြိုက်ပေလော။

၂၅ ယေဟောဝါ၏နေ့သည် ကြီးကျယ်လိုက်မည်ဖြစ်ခြင်း! ယင်းကြောင့် “အဘယ်သူခံနိုင်သနည်း” ဟူသည့်မေးခွန်းကို ထုတ်ဆင့်လိုက်ခြင်းမှာ အံ့ဩစရာမဟုတ်ပါ။ (ယောလ ၂:၁၁) ဤမေးခွန်းနှင့်အခြားမေးခွန်းများစွာတို့ကို နောက်ဆောင်းပါးနှစ်ခုတွင် သုံးသပ်ကြပါမည်။

သင်ရှင်းပြနိုင်သလော

◻ ယေဟောဝါသည် ယုဒနိုင်ငံအပေါ် အင်းဆက်ပိုးကောင်ကပ်ဘေးဖြစ်မည်ဟု အဘယ်ကြောင့် သတိပေးခဲ့သနည်း။

◻ ယောလပရောဖက်ပြုချက်၏ခေတ်သစ်ပြည့်စုံမှုတွင် မည်သူများသည် ယေဟောဝါ၏ကျိုင်းကောင်များဖြစ်ကြသနည်း။

◻ ခရစ်ယာန်ဘောင်ခေါင်းဆောင်များသည် ကျိုင်းကောင်ကပ်ဘေးကို မည်သို့တုံ့ပြန်ကြသနည်း။ အချို့သူတို့သည် ယင်း၏ဆိုးကျိုးများကို မည်သို့လွတ်မြောက်နိုင်သနည်း။

◻ ၂၀ ရာစုအတွင်း ကျိုင်းကောင်ကပ်ဘေးသည် မည်မျှကျယ်ပြန့်ခဲ့ပြီး အဘယ်အချိန်အထိဆက်ကပ်ဆိုက်နေမည်နည်း။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

အင်းဆက်ပိုးကောင်ကပ်ဘေးသည် သာ၍ဆိုးရွားသောအရာ၏ ရှေ့တော်ပြေးဖြစ်ခဲ့သည်

[Credit Line]

မသီးပွင့်သောအပင်– FAO photo/G. Singh

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေဟောဝါဘုရားသခင်သည် ခေတ်သစ်ကျိုင်းကောင်ကပ်ဘေးနောက်ကွယ်တွင်ရှိ

[Picture Credit Line on page 8]

ကျိုင်းကောင်– FAO photo/G. Tortoli; ကျိုင်းကောင်အုပ်– FAO photo/Desert Locust Survey

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ