ယေဟောဝါ၏နေ့ရက်တော်ကို စွဲမှတ်ထား
“တရားဆုံးဖြတ်ရာချိုင့်၌ ထာဝရဘုရား[ယေဟောဝါ၊ ကဘ] ၏ နေ့ရက်သည် ရောက်လုနီးပြီ။”—ယောလ ၃:၁၄၊ သမ္မ။
၁။ ယေဟောဝါကြွေးကြော်သည့် လာလတ္တံ့သော သန့်ရှင်းရာစစ်ပွဲသည် လူသားတို့၏ “သန့်ရှင်းသော” စစ်မှုတို့နှင့် မည်သို့ကွာခြားသနည်း။
“ဤအမှုကို တစ်ပါးအမျိုးသားတို့အား ကြားပြောကြလော့။ စစ်မှုကို သန့်ရှင်းစေလော့ [ကဘ]။” (ယောလ ၃:၉) ယင်းက သန့်ရှင်းသော စစ်ကိုဆိုလိုသလော။ ကရူးဆိတ်ဘာသာရေးတိုက်ပွဲများနှင့် ခရစ်ယာန်ဘောင် အဓိကပါဝင်ခဲ့သော ကမ္ဘာ့စစ်ကြီးနှစ်ခုကို ပြန်လှန်လှောကြည့်က “သန့်ရှင်းသော” စစ်အကြောင်းတွေးလိုက်ရုံနှင့် ထိတ်လန့်သွားပေမည်။ သို့ရာတွင် ယောလ၏ပရောဖက်ပြုချက်ပါ သန့်ရှင်းသောစစ်ပွဲသည် လူမျိုးအသီးသီးတိုက်ခိုက်သောစစ်မှု မဟုတ်ပါ။ ဘာသာရေးကိုဗန်းပြ၍ ရပ်မြေဒေသ သို့မဟုတ် ပိုင်ဆိုင်ရာပစ္စည်းကို မုန်းတီးစိတ်ဖြင့် လုယူသိမ်းပိုက်ခြင်းမဟုတ်ပါ။ ယင်းသည် ဖြောင့်မတ်သောစစ်ဖြစ်သည်။ ကမ္ဘာမြေတစ်လွှား လောဘရမ္မက်၊ ပဋိပက္ခ၊ တရားလက်လွတ်ခြင်းနှင့်ဖိနှိပ်မှု ကင်းစင်ရှင်းလင်းပေးရန် ဘုရားသခင့်စစ်ပွဲဖြစ်သည်။ ရှိရှိသမျှဝေနေယျသတ္တဝါအပေါင်းကို ယေဟောဝါသာ ပိုင်သအုပ်စိုးခွင့်ရှိကြောင်း သင်္ကာယနကင်းရှင်းစေမည့်စစ်ဖြစ်သည်။ ဤစစ်ပွဲသည် ဘုရားသခင့်ပရောဖက်များ ကြိုတင်ဟောပြောထားသည့် အနှစ်တစ်ထောင် ငြိမ်းချမ်းသာယာ ကြွယ်ဝချမ်းသာသောကာလအတွင်း လူသားအပေါင်းကိုပို့ဆောင်ပေးမည့် ခရစ်တော်၏နိုင်ငံတော်အတွက် လမ်းဖွင့်ပေးမည်ဖြစ်သည်။—ဆာလံ ၃၇:၉-၁၁။ ဟေရှာယ ၆၅:၁၇၊ ၁၈။ ဗျာဒိတ် ၂၀:၆။
၂၊ ၃။ (က) ယောလ ၃:၁၄ တွင်ကြိုတင်ဟောထားသည့် “ယေဟောဝါ၏နေ့ရက်” ကားအဘယ်နည်း။ (ခ) ထိုနေ့ရက်အတွင်း လူမျိုးတို့ကြုံတွေ့ရမည့်အဖြစ်ကို သူတို့အဘယ်ကြောင့်ခံထိုက်သနည်း။
၂ သို့ဖြစ်လျှင် ယောလ ၃:၁၄ တွင်ကြိုတင်ဟောထားသည့် “ယေဟောဝါ၏နေ့ရက်” ကားအဘယ်နည်း။ ယေဟောဝါကြွေးကြော်သည်ကား “ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏နေ့ရက်နီးပြီ။ အနန္တတန်ခိုးရှင်ဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာလိမ့်မည်။” ဖျက်ဆီးခြင်းဘေး မည်သို့ဖြစ်မည်နည်း။ ပရောဖက်ဆက်ရှင်းပြသည်ကား “တရားဆုံးဖြတ်ရာချိုင့်၌ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏နေ့ရက်သည် ရောက်လုနီးပြီဖြစ်သောကြောင့် ထိုချိုင့်တွင် မြောက်မြားသောလူအစုအရုံးရှိကြ၏။” (ယောလ ၁:၁၅။ ၃:၁၄၊ သမ္မ) ကောင်းကင်နှင့်မြေကြီးကို ကိုယ်တော်သာပိုင်သအုပ်စိုးခွင့်ရှိကြောင်း ငြင်းပယ်ကြသူ ဘုရားတရားမဲ့လူအစုအရုံးအား ယေဟောဝါတရားဆုံးဖြတ်စီရင်ရာနေ့ရက်ဖြစ်သည်။ လောကီသားတို့ကို ကြာမြင့်စွာလက်ဝါးကြီးအုပ်လွှမ်းမိုးထားသည့် စာတန့်အစီအစဉ်စနစ်ကိုဖျက်ဆီးပစ်ရန် ယေဟောဝါ၏ဆုံးဖြတ်ချက်ပင်ဖြစ်သည်။—ယေရမိ ၁၇:၅-၇၊ ၂၅:၃၁-၃၃။
၃ ဖောက်ပြန်ပျက်စီးနေသောကမ္ဘာ့စနစ်သည် ထိုစီရင်ချက်ကို ရင်ဆိုင်ရမည်။ သို့သော် ကမ္ဘာ့စနစ်သည် ဤမျှတိုင်ဆိုးရွားနေသလော။ ယင်း၏မှတ်တမ်းကို ကြည့်လိုက်ရုံဖြင့် အဖြေပေါ်သည်။ မဿဲ ၇:၁၆ တွင်ဤမူကို ယေရှုဖော်ပြထား၏။ “ထိုသူတို့၏အကျင့်ကို ထောက်၍ သူတို့၏သဘောကိုသိကြလိမ့်မည်။” ကမ္ဘာ့မြို့တော်ကြီးများသည် မူးယစ်ဆေးဝါး၊ ရာဇဝတ်မှု၊ ထိတ်လန့်မှု၊ သီလယိုယွင်းမှုနှင့်ညစ်ညမ်းမှုတို့ဖြင့် ရေပုပ်တွင်းကြီးများ ဖြစ်နေပြီမဟုတ်လော။ တိုင်းပြည်အများတွင် တက်သစ်စလွတ်လပ်မှုများသည် နိုင်ငံရေးရှုပ်ထွေးမှု၊ ငတ်မွတ်ဘေး၊ နွမ်းပါးမှုတို့ကြောင့် ပိတ်ဆို့ခံနေရ၏။ မသေထမင်းမသေဟင်းနှင့် အသက်ရှင်နေရသူ လူပေါင်းသန်းတစ်ထောင်ကျော်ရှိနေသည်။ ထို့ပြင် မူးယစ်ဆေးဝါးနှင့်သီလယိုယွင်းသောဘဝပုံစံများကြောင့် ပိုဆိုးရွားနေသည့်အေအိုင်ဒီအက်စ်ကပ်ဘေးသည် ကမ္ဘာ့ဒေသအများ၌ ထိတ်လန့်ဖွယ်ဖြစ်နေသည်။ အထူးသဖြင့်ပထမကမ္ဘာစစ်ပွဲဖြစ်ခဲ့သည့် ၁၉၁၄ ခုနှစ်နောက်ပိုင်း ဘဝကဏ္ဍအဘက်ဘက်တွင် ကမ္ဘာချီဆုတ်ယုတ်မှုကို တွေ့မြင်နေရသည်။—၂ တိမောသေ ၃:၁-၅နှိုင်းယှဉ်။
၄။ လူမျိုးအသီးသီးတို့အား ယေဟောဝါအဘယ်သို့စိန်ခေါ်သနည်း။
၄ သို့ရာတွင် ယေဟောဝါဘုရားသခင်၏လမ်းစဉ်ကို ရွှင်လန်းအားရစွာသင်ယူကာ ထိုအတိုင်းလိုက်လျှောက်လိုသည့်လူမျိုးဖြစ်သော ယေဟောဝါသက်သေများကို လူမျိုးအသီးသီးတို့အထဲက ကိုယ်တော်စုဝေးနေတော်မူသည်။ ကမ္ဘာတစ်ဝန်းရှိ ဤလူမျိုးသည် လောက၏အဓမ္မရမ်းကားမှုများကိုစွန့်လွှတ်ပြီး ဓားများကို ထွန်သွားအဖြစ်သို့ထုလုပ်ခဲ့ကြပြီ။ (ဟေရှာယ ၂:၂-၄) မှန်၏၊ ဓားများကို ထွန်သွားဖြစ်စေပြီတကား။ သို့သော် ယောလ ၃:၉၊ ၁၀ တွင်ယေဟောဝါကြွေးကြော်စေသည့်ညာသံနှင့် ယင်းသည်ဆန့်ကျင်နေသည်မဟုတ်လော။ ထိုတွင်ကျွန်ုပ်တို့ဖတ်ရသည်ကား “ဤအမှုကို တစ်ပါးအမျိုးသားတို့အား ကြားပြောကြလော့။ ‘စစ်မှုကို သန့်ရှင်းစေလော့ [ကဘ]။ စစ်သူရဲတို့ကိုနှိုးဆော်ကြလော့။ စစ်သူရဲအပေါင်းတို့သည် ချဉ်းကပ်၍တက်လာကြစေ။ သံထွန်သွားများကို ဓားဖြစ်စေခြင်းငှာလည်းကောင်း၊ တံစဉ်များကို လှံဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလော့။’ ဤကား ကမ္ဘာ့သားရဲများကို ယေဟောဝါစိန်ခေါ်နေခြင်းဖြစ်သည်။ အာမဂေဒုန်၌ ကိုယ်တော်တစ်ဖက် စုပေါင်းအင်အားပြကြရန် လှုံ့ဆော်ပေးနေခြင်းတည်း။ သို့သော် သူတို့အောင်မြင်မည်ကားမဟုတ်။ လုံးဝပျက်သုဉ်းဆုံးရှုံးရမည်အမှန်။—ဗျာဒိတ် ၁၆:၁၆။
၅။ “မြေကြီး၏စပျစ်သီးပြွတ်” ကို ယေရှုရိတ်သိမ်းသည့်အခါ မည်သို့ဖြစ်မည်နည်း။
၅ ပိုင်သအုပ်စိုးခွင့်ရှိသခင်ယေဟောဝါကို ကလန်ကဆန်ပြုကာ အင်အားကြီးမင်းများသည် ထိတ်လန့်ဖွယ်စစ်လက်နက်များကို သိုလှောင်ထားကြသော်လည်း အချည်းနှီးသာဖြစ်လိမ့်မည်။ ယောလ ၃:၁၃ တွင်ယေဟောဝါဤသို့မိန့်တော်မူသည်။ “ရိတ်စရာစပါးမှည့်သောကြောင့် တံစဉ်ကိုလွှတ်ကြလော့။ စပျစ်သီးနယ်ရာတန်ဆာပြည့်၍ စပျစ်ရည်ကျင်းတို့သည် လျှံသောကြောင့်လာကြ။ ဆင်းကြလော့။ အကြောင်းမူကား၊ သူတို့ပြုသောဒုစရိုက်အပြစ်သည် ကြီးလှ၏။” ထိုစကားများသည် ဗျာဒိတ် ၁၄:၁၈-၂၀ ရှိစကားများနှင့် ထပ်ထူထပ်မျှဖြစ်သည်။ ထိုတွင်မင်းရိုက်ရာခံ မေရှိယဘုရင်ယေရှုသည် ဤသို့မိန့်မှာခံရ၏။ “မြေကြီး၏စပျစ်သီးပြွတ်တို့ကိုရိတ်လော့။ အသီးမှည့်ပြီ။” သို့နှင့်ဘုရင်သည် ထက်သောတံစဉ်ကိုလွှတ်၍ ကလန်ကဆန်ပြုသောထိုလူမျိုးတို့အား “ဘုရားသခင်၏အမျက်တော်တည်းဟူသော နယ်ရာတန်ဆာကြီးထဲသို့” ချလေ၏။ ပုံဆောင်ချက်အားဖြင့် နယ်ရာတန်ဆာအထဲမှ အသွေးသည် တစ်ဆယ်ခြောက်ယူဇနာခရီးတည်းဟူသော မိုင် ၁၈၀ ခန့်တစ်လျှောက်လုံး၌ မြင်းဇက်ကြိုးမှီသည်တိုင်အောင် စီးထွက်လေ၏။ ယေဟောဝါ၏ဂုဏ်အသရေကိုရှုတ်ချသောလူမျိုးအပေါင်းအတွက် ကြောက်မက်ဖွယ်အဖြစ်အပျက်ပါတကား။
ဥပဒေလိုက်နာသော ပြည်သူပြည်သား
၆။ လူမျိုးအသီးသီးနှင့်သူတို့၏အစိုးရမင်းများကို ယေဟောဝါသက်သေများ မည်သို့ယူမှတ်သနည်း။
၆ ယင်းကြောင့် ယေဟောဝါသက်သေများသည် တိုင်းနိုင်ငံများနှင့် ယင်းတို့၏အုပ်စိုးရှင်များကို မရိုမသေပြုသည်ဟု ဆိုမည်လော။ လုံးဝမဟုတ်ပါ။ လူတိုင်းအထင်အရှားမြင်နေရသည့် ပျက်ပြားမှုများကို သူတို့မနှစ်မြို့နိုင်၍ ယေဟောဝါ၏ဆုံးဖြတ်စီရင်ရာနေ့ရက် အလွန်နီးကပ်နေကြောင်း သတိပေးကြသည်။ တစ်ကြိမ်တည်းတွင် ရောမ ၁၃:၁ ၌ပါသောတမန်တော်ပေါလု၏အမိန့်ကို နှိမ့်ချစွာနာခံကြသည်။ “အစိုးရသောမင်းအာဏာစက်၏အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။” ဤမင်းအာဏာစက်တို့အား ထိုက်သင့်စွာရိုသေကြသော်လည်း ဝတ်မပြုကြပါ။ ဥပဒေလိုက်နာသော ပြည်သူများအနေနှင့် ရိုးသားဖြောင့်မတ်ခြင်း၊ မှန်ကန်စွာပြုမူခြင်း၊ သန့်ရှင်းခြင်းနှင့်ကောင်းမြတ်သောသီလကိုတည်ဆောက်ပေးခြင်းဆိုင်ရာ ကျမ်းစာမူများကို ကိုယ်တိုင်လိုက်နာသည့်အပြင် မိမိတို့အိမ်ထောင်စုများအားလည်း ပို့ချသွန်သင်ပေးသည်။ ယင်းအမှုကို သင်ယူကြရန် အခြားသူများအား ကူညီပေးကြသည်။ ဆန္ဒပြပွဲများ သို့မဟုတ် နိုင်ငံရေးတော်လှန်မှုများတွင် ပါဝင်ပတ်သက်မှုလုံးဝမပြုဘဲ လူအပေါင်းနှင့်သင့်တင့်စွာ ကြိုးစားနေထိုင်ကြသည်။ ဤကမ္ဘာမြေကြီးပေါ် ပြည့်ဝစုံလင်သော၊ ဖြောင့်မတ်သောအုပ်ချုပ်မှု ပြန်လည်တည်ထောင်ပေးရန် အလုံးစုံပိုင်သအုပ်စိုးခွင့်ရှိသူ၊ အမြင့်မြတ်ဆုံးသခင်ယေဟောဝါကို စောင့်ဆိုင်းနေတော်မူစဉ် ယေဟောဝါသက်သေများသည် လူ့အစိုးရအာဏာစက်များ၏ဥပဒေများကို လိုက်လျှောက်နာခံရာတွင် ပုံသက်သေကောင်းဖြစ်ရန် ကြိုးစားကြသည်။
ဆုံးဖြတ်တော်မူချက်ကို စီရင်ခြင်း
၇၊ ၈။ (က) လူမျိုးအသီးသီးတို့သည် အဘယ်နည်းဖြင့်တုန်လှုပ်ခံရပြီး သူတို့အပေါ် မှောင်မိုက်အတိ သက်ရောက်မည်နည်း။ (ခ) ယနေ့ယောလသည် မည်သူကိုပုံဆောင်သနည်း။ လောကီသားအများစုနှင့်မတူ သူတို့မည်သို့ကောင်းချီးခံစားရကြသနည်း။
၇ ဆုံးဖြတ်တော်မူချက်ကို စီရင်ရာတွင် ဤပုံဆောင်ချက်စကားဖြင့် ကွင်းကွင်းကွက်ကွက် ဖော်ပြခဲ့သည်။ “နေနှင့်လသည် မိုက်လိမ့်မည်။ ကြယ်တို့သည်လည်း မထွန်းလင်းဘဲနေကြလိမ့်မည်။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်လည်း ဇိအုန်တော်ပေါ်ကကြွေးကြော်၍ ယေရုရှလင်မြို့ထဲက အသံကိုလွှင့်တော်မူသဖြင့် မိုးကောင်းကင်နှင့်မြေကြီးသည် တုန်လှုပ်လိမ့်မည်။ သို့ရာတွင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်မိမိလူတို့၏ခိုလှုံရာ၊ ဣသရေလအမျိုးသားတို့၏ အစွမ်းသတ္တိဖြစ်တော်မူလိမ့်မည်။” (ယောလ ၃:၁၅၊ ၁၆) တောက်ပ၍ကြီးပွားဟန်ရှိသော လူ့အခြေအနေသည် စိတ်ထင့်စရာဖြစ်လာပြီး အစိတ်စိတ်အမြွှာမြွှာဖြစ်နေသော ဤလောကစနစ်သည် ကြီးစွာသောငလျင်၏ဘေးဒဏ်ခံရဘိသကဲ့သို့ မှောက်လှန်ဖျက်ဆီးခံရလိမ့်မည်။—ဟဂ္ဂဲ ၂:၂၀-၂၂။
၈ ယေဟောဝါရှင်သည် မိမိလူမျိုးတော်၏ခိုလှုံရာ၊ ဣသရေလအမျိုးသားတို့၏ အစွမ်းသတ္တိဖြစ်တော်မူလိမ့်မည်ဟူသော ဝမ်းသာစရာအာမခံချက်ကို သတိပြုလေ။ အဘယ်ကြောင့်နည်း။ “သင်တို့၏ဘုရားသခင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်” ဟူသည့်ယေဟောဝါ၏စကားကို လက်သင့်ခံတုံ့ပြန်သော အပြည်ပြည်ဆိုင်ရာ လူမျိုးတစ်မျိုးတည်းသာ ဖြစ်သောကြောင့်တည်း။ (ယောလ ၃:၁၇) ယောလအမည်၏အဓိပ္ပာယ်မှာ “ယေဟောဝါသည် ဘုရားသခင်ဖြစ်တော်မူ၏” ဟုဖြစ်သောကြောင့် ယေဟောဝါ၏ပိုင်သအုပ်စိုးခွင့်ကို ရဲရင့်စွာကြေညာသော မျက်မှောက်ခေတ် ယေဟောဝါ၏ဘိသိက်ခံသက်သေများကို သူလျောက်ပတ်စွာပုံဆောင်သည်။ (မာလခိ ၁:၁၁ နှိုင်းယှဉ်။) ယောလပရောဖက်ပြုကျမ်း၏ အဖွင့်စကားကိုပြန်ကြည့်သော ယခုခေတ် ဘုရားသခင့်လူမျိုးတော်၏လုပ်ငန်းကို သူမည်မျှ ကွင်းကွင်းကွက်ကွက် ကြိုတင်ဟောထားသည်ကို တွေ့ရှိရလိမ့်မည်။
ကျိုင်းကောင်အဖွဲ့
၉၊ ၁၀။ (က) အဘယ်ကပ်ဘေးကို ယောလကြိုတင်ဟောထားသနည်း။ (ခ) ယောလကြိုတင်ဟောသည့်ကပ်ဘေးကို ဗျာဒိတ်ကျမ်းက မည်သို့ပဲ့တင်ထပ်သနည်း။ ဤကပ်ဘေးသည် ခရစ်ယာန်ဘောင်အတွက် မည်သို့ရှိစေသနည်း။
၉ “ယောလသို့ရောက်လာသော ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏နှုတ်ကပါဌ်တော်” ကိုယခုနားဆင်ကြစို့။ “အသက်ကြီးသောသူတို့ ကြားကြလော့။ ပြည်သူပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ ဤသို့သောအမှုသည် သင်တို့လက်ထက်၌ဖြစ်ဖူးသလော။ ဘိုးဘေးတို့လက်ထက်၌ ဖြစ်ဖူးသလော။ ကိုယ်သားတို့အားပြောကြလော့။ သူတို့သည် သူတို့သားတို့အားပြောကြစေ။ သူတို့သားတို့သည်လည်း ဆက်နွယ်သောအခြားသူတို့အားပြောကြစေ။ ဂါဇံကျိုင်းထားသောအရာကို အရာဘကျိုင်းစား၏။ အရာဘကျိုင်းခြွင်းထားသောအရာကို ယာလက်ကျိုင်းစား၏။ ယာလက်ကျိုင်းခြွင်းထားသောအရာကို ခါသိလကျိုင်းစား၏။”—ယောလ ၁:၁-၄။
၁၀ ဤကားထူးခြားသောလုပ်ငန်းဖြစ်၍ အခါခပ်သိမ်းအမှတ်တရဖြစ်ရလိမ့်မည်။ ကျိုင်းကောင်အများစုဖြစ်သည့် ပိုးမွှားအထပ်ထပ်တို့သည် တစ်ပြည်လုံးကို ပျက်စီးစေမည်။ ယင်းက ဘာကိုဆိုလိုသနည်း။ ယေဟောဝါလက်အောက်တော်ရှိ အခြားသူမဟုတ်ဘဲ ခရစ်တော်ယေရှုကိုယ်တော်တိုင်ဖြစ်သည့် “အနက်ဆုံးသောတွင်းတမန်” စေလွှတ်တော်မူသောကျိုင်းကောင်ဘေးဒဏ်အကြောင်း ဗျာဒိတ် ၉:၁-၁၂ ကလည်းဖော်ပြသည်။ ဟေဗြဲဘာသာအားဖြင့် အဗဒ္ဒုန်၊ ဂရိဘာသာအားဖြင့် အပေါလျုန်ဖြစ်သော ကိုယ်တော်အမည်၏အဓိပ္ပာယ်မှာ “ဖျက်ဆီးခြင်း” နှင့် “ဖျက်ဆီးသူ” ဖြစ်သည်။ ဤကျိုင်းကောင်များကား မျက်မှောက်သခင့်နေ့ရက်တွင် မဟာဗာဗုလုန်ကို ဖော်ထုတ်ကာ ယေဟောဝါကလဲ့စားချေတော့မည်အကြောင်း ကြွေးကြော်ခြင်းအားဖြင့် ခရစ်ယာန်ဘောင်၏စားကျက်ကို ဖျက်ဆီးပစ်သည့် ဘိသိက်ခံအကြွင်းအကျန်ခရစ်ယာန်များကို ပုံဆောင်ပါသည်။
၁၁။ မျက်မှောက်ခေတ် ကျိုင်းကောင်များသည် မည်သို့စစ်ကူရရှိသနည်း။ သူတို့သည် အထူးသဖြင့် မည်သူကိုတိုက်ခိုက်သနည်း။
၁၁ ဗျာဒိတ် ၉:၁၃-၂၁ တင်ပြသည့်အတိုင်း ကျိုင်းကောင်ကပ်ဘေးပြီးနောက် မြင်းစီးသူရဲကပ်ဘေးကြီး သင့်ခဲ့သည်။ ကျန်ကြွင်းသောဘိသိက်ခံခရစ်ယာန် ထောင်ပေါင်းအနည်းငယ်သည် လေးသန်းကျော် “အခြားသိုး” ၏စစ်ကူဖြင့် မဆီးတားနိုင်သောမြင်းစီးသူရဲတပ်မဟာ ယနေ့ဖြစ်လာခြင်းနှင့်တူညီလှသည်တကား။ (ယောဟန် ၁၀:၁၆) “လူအသက်ကိုသတ်ခြင်း၊ သူတစ်ပါးကိုပြုစားခြင်း၊ မတရားမေထုန်မှီဝဲခြင်း၊ သူ့ဥစ္စာကိုခိုးခြင်းအမှုများကို” နောင်တမရသူများအား ယေဟောဝါ၏စူးရှသောတရားစီရင်ချက်များကို သူတို့တစည်းတလုံးကြွေးကြော်ကြသည်။ ဤရာစုနှစ်၏ မဟာဗာဗုလုန်အပေါ် ဤတရားစီရင်ချက်များ ချမည်ဖြစ်သည်။
၁၂။ ခရစ်ယာန်ဘောင်ခေါင်းဆောင်များသည် အဘယ်ကြောင့်တရားစီရင်ရာသတင်းများခံထိုက်သနည်း။ မဟာဗာဗုလုန်အဖွဲ့ဝင်အားလုံးနှင့်အတူ သူတို့အား မကြာမီအဘယ်အရာဖြစ်ပျက်မည်နည်း။
၁၂ ဓမ္မဆရာများအား ယေဟောဝါ၏သမ္မာန်စာက ဤသို့။ “သေသောက်ကြူးတို့၊ နိုး၍ငိုကြွေးကြလော့။ စပျစ်ရည်ကိုသောက်ကြူးသောသူတို့၊ သင်တို့သောက်ရန် ချိုသောစပျစ်ရည်ပြတ်သောကြောင့် ငိုကြွေးမြည်တမ်းကြလော့။” (ယောလ ၁:၅) ဤ ၂၀ ရာစုတွင် ခရစ်ယာန်ဘောင်သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ပါ သန့်စင်သောသီလစံချိန်များအစား လောက၏ပေါက်လွှတ်ပဲစားအကျင့်တို့ကို ခွင့်ပြုထားသည်။ လောကီအကျင့်အကြံများကိုအတုယူခြင်းသည် မဟာဗာဗုလုန်နှင့်၄င်း၏နောက်လိုက်များအတွက် မြိန်ရှက်စရာဖြစ်သော်လည်း ဝိညာဏနှင့်ကာယရောဂါများ သူတို့ရိတ်သိမ်းခဲ့ပြီတကား။ များမကြာမီ ဗျာဒိတ် ၁၇:၁၆၊ ၁၇ တွင်ဖော်ပြထားသည်အတိုင်း မဟာဗာဗုလုန်ကို နိုင်ငံရေးအာဏာစက်များသည် ဘုရားသခင့် “အလိုတော်” အတိုင်း ရုတ်တရက်ကြမ်းတမ်းစွာတိုက်ခိုက်ကြလိမ့်မည်။ ယေဟောဝါ၏ဆုံးဖြတ်စီရင်ချက်ကိုခံရသည့် ထိုအချိန်၌သာလျှင် သူမ၏သောက်ကြူးမူးရူးသောအဖြစ်မှ “နိုး” လာလိမ့်မည်ဖြစ်သည်။
“အများဖြစ်၍ အားကြီးသောအမျိုး”
၁၃။ ခရစ်ယာန်ဘောင်အတွက် ကျိုင်းကောင်အုပ်သည် အဘယ်နည်းဖြင့် “အများဖြစ်၍ အားကြီးသောအမျိုး” ဖြစ်နေသနည်း။
၁၃ ယေဟောဝါ၏ပရောဖက်က ကျိုင်းကောင်အုပ်စုကို “အများဖြစ်၍ အားကြီးသောအမျိုး” အဖြစ်ဆက်ဖော်ပြထားရာ မဟာဗာဗုလုန်အတွက် ထိုအတိုင်းဖြစ်ပုံရှိသည်။ (ယောလ ၂:၂) ဥပမာ၊ ခရစ်ယာန်ဘောင်တို့သည် ဂျပန်ပြည်တွင် ဘာသာဝင်များများမရရှိနိုင်သဖြင့် မြည်တမ်းကြ၏။ သို့ဖြစ်စေကာမူ ယနေ့ထိုနိုင်ငံတွင် ဂျပန်ယေဟောဝါသက်သေ ၁၆၀,၀၀၀ ကျော်တို့သည် မတားဆီးနိုင်သောမြင်းစီးသူရဲများကဲ့သို့ တစ်တိုင်းပြည်လုံးနှံ့စပ်အောင် အုပ်အုပ်ကျက်ကျက်နှင့် ကျမ်းစာသင်တန်းများကို အိမ်ပေါင်း ၂၀၀,၀၀၀ ကျော်တွင်ကျင်းပပေးနေပါသည်။ အီတလီနိုင်ငံတွင် ယေဟောဝါသက်သေ ၁၈၀,၀၀၀ တို့အား ကက်သလစ်အသင်းအပြင် ဒုတိယအများဆုံးအုပ်စုအဖြစ် ယခုအသိအမှတ်ပြုထားကြပြီ။ မိမိအသင်းတော်မှ နှစ်စဉ်နှစ်တိုင်း ‘သစ္စာရှိကက်သလစ် အနည်းဆုံး ၁၀,၀၀၀’ ယေဟောဝါသက်သေဖြစ်နေကြသည်ကို အီတလီနိုင်ငံမှ ရိုမန်ကက်သလစ်လူရည်သန့်တစ်ဦး ငိုကြွေးခြင်းကား အချည်နှီးဖြစ်ပါသည်။aဤကဲ့သို့သောသူများအား သက်သေခံများ လှိုက်လှဲစွာ ကြိုဆိုကြသည်။—ဟေရှာယ ၆၀:၈၊ ၂၂။
၁၄၊ ၁၅။ ကျိုင်းကောင်အုပ်ကို ယောလမည်သို့ဖော်ပြသနည်း။ ယနေ့အဘယ်နည်းဖြင့် ပြည့်စုံနေသနည်း။
၁၄ ဘိသိက်ခံသက်သေကျိုင်းကောင်အုပ်ကို ယောလ ၂:၇-၉ တွင်ဤသို့ဖော်ပြပါသည်။ “သူတို့သည် သူရဲကဲ့သို့ပြေး၍ စစ်သူရဲကဲ့သို့ မြို့ရိုးကိုတက်ကြလိမ့်မည်။ လမ်းမလွှဲဘဲ အသီးအသီး မိမိတို့လမ်းသို့ တည့်တည့်လိုက်ကြလိမ့်မည်။ တစ်ဦးကိုတစ်ဦးမတိုက်ဘဲ မိမိလမ်းသို့မိမိလိုက်ကြလိမ့်မည်။ ဓားသွားကိုထိသော်လည်း ရှနာခြင်းကိုမခံရကြ။ မြို့ထဲမှာ တလည်လည်ပြေးလျက်၊ မြို့ရိုးကိုကျော်လျက်၊ အိမ်ပေါ်သို့တက်လျက် သူခိုးကဲ့သို့ပြတင်းပေါက်ထဲသို့ဝင်လျက်ရှိကြလိမ့်မည်။”
၁၅ ယခုလေးသန်းကျော် အခြားသိုးအပေါင်းအပါရှိဘိသိက်ခံ “ကျိုင်းကောင်” တပ်မဟာကို အကွင်းသားပုံဖော်ထားသည်တကား။ အဘယ်မည်သော ဘာသာရေးရန်ငြိုး “တံတိုင်း” မျှဤသူတို့ကို မတားဆီးနိုင်ပါ။ လူထုရှေ့သက်သေခံခြင်းနှင့် အခြားခရစ်ယာန်လုပ်ငန်း၌ သူတို့သည်ရဲရင့်စွာ “တစ်နည်းတည်းကျင့်၍” နေကြသည်။ (ဖိလိပ္ပိ ၃:၁၆ နှိုင်းယှဉ်။) အလျှော့ပေးလိုက်လျောမည့်အစား “ဓားသွားကိုထိသော” သက်သေခံထောင်ပေါင်းများစွာနည်းတူ သေဖို့ရန်အသင့်ရှိကြသည်။ ခရစ်ယာန်ဘောင် “မြို့ထဲမှာ” ကျိုင်းကောင်အုပ်သည် စေ့ငစွာသက်သေခံရန် တားဆီးပိတ်ပင်မှုတို့ကိုကျော်လွှားကြပြီး သူခိုးကဲ့သို့ပင် တစ်အိမ်မှတစ်အိမ်လုပ်ငန်းအားဖြင့် ကျမ်းစာစာပေသန်းပေါင်းများစွာကို လူတို့အိမ်ထဲ ရောက်ရှိစေခဲ့ပြီ။ ဤသက်သေခံချက်ကိုပြုရန် ယေဟောဝါအလိုတော်ရှိ၍ ကောင်းကင်သို့မဟုတ်မြေကြီးမှ မည်သည့်တန်ခိုးအင်အားမျှ ယင်းကိုတားဆီးနိုင်မည်မဟုတ်ပါ။—ဟေရှာယ ၅၅:၁၁။
“သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍”
၁၆၊ ၁၇။ (က) ယောလ ၂:၂၈၊ ၂၉ ပါစကားများသည် အဘယ်အချိန်တွင် ထူးခြားစွာပြည့်စုံခဲ့သနည်း။ (ခ) ပထမရာစုတွင် ယောလ၏အဘယ်ပရောဖက်ပြုစကားများ အပြည့်အဝ မပြည့်စုံခဲ့သနည်း။
၁၆ ကိုယ်တော်၏သက်သေများအား ယေဟောဝါဤသို့မိန့်တော်မူသည်။ “ငါသည် [ဝိညာဏ] ဣသရေလအမျိုး၏အလယ်၌ရှိကြောင်းကိုလည်းကောင်း၊ အခြားသောဘုရားမရှိ၊ ငါထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်သင်တို့၏ဘုရားသခင်ဖြစ်ကြောင်းကိုလည်းကောင်း သင်တို့သိကြရလိမ့်မည်။” (ယောလ ၂:၂၇) ယောလ ၂:၂၈၊ ၂၉ ပါယေဟောဝါ၏စကားများပြည့်စုံလာသည့်အခါ ဤအကြောင်းကို သိရှိလာကြသည်။ “ထိုနောက်မှ လူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့်ဟောပြောရကြလိမ့်မည်။” စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ယေရှု၏တပည့်တော်များစည်းဝေးနေကြစဉ် “သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍” ဘိသိက်ခံရချိန်၌ ထိုသို့ဖြစ်ပျက်ခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးဖြင့် သူတို့ဟောပြောကြရာ ထိုနေ့၌ပင် “သုံးထောင်မျှလောက်သောသူတို့သည် ဝင်ကြ၏။”—တမန်တော် ၂:၄၊ ၁၆၊ ၁၇၊ ၄၁။
၁၇ ထိုဝမ်းသာစရာအချိန်အခါတွင် ယောလ ၂:၃၀-၃၂ ကိုပေတရုကိုးကားသေးသည်။ “မိုးကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ အံ့ဖွယ်သောအရာတည်းဟူသော သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကို ငါပြမည်။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ကြောက်မက်ဖွယ်သောနေ့ကြီးမတိုင်မီ၊ နေသည်မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်းသွေးဖြစ်လိမ့်မည်။ ထိုအခါ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြလတ္တံ့။” စီအီး ၇၀ တွင်ယေရုရှလင်မြို့ပျက်စီးသောအခါ ထိုစကားများသည် တစ်စိတ်တစ်ပိုင်းပြည့်စုံခဲ့သည်။
၁၈။ ယောလ ၂:၂၈၊ ၂၉ ၏ကြီးမားသောပြည့်စုံချက်သည် အဘယ်အချိန်တွင်စတင်ခဲ့သနည်း။
၁၈ သို့ရာတွင် ယောလ ၂:၂၈-၃၂ ထပ်ဆင့်ပြည့်စုံစရာရှိသေးသည်။ ဤပရောဖက်ပြုချက်သည် ၁၉၁၉ခုနှစ် စက်တင်ဘာလကတည်းက ထူးခြားစွာပြည့်စုံခဲ့ပြီအမှန်။ ထိုအချိန်တွင် ယေဟောဝါလူမျိုးတော်သည် ယူအက်စ်အေ၊ အိုဟိုက်အိုနယ်၊ စီဒါပွိုင့်မြို့တွင် မမေ့နိုင်သောစည်းဝေးပွဲကြီးကို ကျင်းပခဲ့သည်။ ဘုရားသခင့်ဝိညာဉ်တော်သည် အမှန်ထင်ရှားခဲ့၍ ကိုယ်တော်၏ဘိသိက်ခံခရစ်ယာန်များသည် မျက်မှောက်ခေတ်အချိန်အထိ ကမ္ဘာချီသက်သေခံလုပ်ငန်းရပ်ကိုထမ်းဆောင်ရန် လှုံ့ဆော်ခံခဲ့ရသည်။ တိုးတက်မှုသည်လည်း ကြီးကျယ်လှသည်တကား။ ထိုစီဒါပွိုင့်စည်းဝေးပွဲကိုတက်ရောက်ခဲ့သူ ၇,၀၀၀ ကျော်အရေအတွက်သည် ၁၉၉၁ခုနှစ်၊ မတ်လ ၃၀ ရက်နေ့၊ ယေရှု၏သတိရအောက်မေ့ပွဲကိုတက်ရောက်သူ ၁၀,၆၅၀,၁၅၈ အထိ တိုးတက်များပြားလာပြီ။ ထိုအရေအတွက်အနက် ၈,၈၅၀ မျှသာ ဘိသိက်ခံခရစ်ယာန်များဖြစ်ကြောင်း ဝန်ခံသည်။ ယေဟောဝါ၏ခွန်အားကြီးမားသောဝိညာဉ်တန်ခိုးကြောင့် ကမ္ဘာချီဤတိုးတက်မှုကို သူတို့တွေ့မြင်ရသဖြင့် အလွန်ဝမ်းသာအားရလှသည်တကား။—ဟေရှာယ ၄၀:၂၉၊ ၃၁။
၁၉။ ယေဟောဝါ၏နေ့ရက်နီးသည့်အတွက် ကျွန်ုပ်တို့အသီးသီး၏သဘောထားကား မည်သို့ဖြစ်သင့်သနည်း။
၁၉ စာတန့်အစီအစဉ်စနစ်ကိုဖျက်ဆီးပစ်မည့် ယေဟောဝါ၏ “ကြောက်မက်ဖွယ်သောနေ့ရက်ကြီး” ရောက်ရှိလာမည့်အချိန်သည် လက်တစ်ကမ်းသာရှိတော့သည်။ (ယောလ ၂:၃၁) ဝမ်းသာစရာကား ယေဟောဝါကို “ပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြလတ္တံ့။” (တမန်တော် ၂:၂၁) မည်သို့အားဖြင့်နည်း။ တမန်တော်ပေတရုက ဤသို့ဆိုသည်။ “သူခိုးသည် ညဉ့်အခါလာသကဲ့သို့ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏နေ့ရက်သည်လာလိမ့်မည်။” ဆက်၍ပြောသေးသည်ကား “သို့ဖြစ်၍ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့် မိုးကောင်းကင်သည် မီးနှင့်ပျက်၍ လောကဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကိုခံရသောနေ့တည်းဟူသော ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟု သင်တို့သည်မျှော်လင့်တောင့်တလျက် သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းအားဖြင့် အဘယ်သို့သောသူဖြစ်အပ်ကြသနည်း” ဟုဖြစ်သည်။ ယေဟောဝါ၏နေ့ရက် နီးပြီဖြစ်ကြောင်း စိတ်စွဲလမ်းခြင်းအားဖြင့် ယေဟောဝါကတိထားတော်မူရာ ဖြောင့်မတ်သော “ကောင်းကင်သစ်နှင့်မြေကြီးသစ်” ပြည့်စုံလာသည်ကို တွေ့မြင်ရကြပြီး ရွှင်လန်းအားရကြမည်ဖြစ်သည်။—၂ ပေတရု ၃:၁၀-၁၃။
သင်ရှင်းပြနိုင်သလော
▫ “ယေဟောဝါ၏နေ့ရက်” ကားအဘယ်နည်း။
▫ “မြေကြီးစပျစ်သီးပြွတ်” ကို ယေရှုမည်သို့ရိတ်သိမ်းမည်နည်း။ အဘယ်ကြောင့်နည်း။
▫ ၁၉၁၉ ခုနှစ်ကတည်းက ခရစ်ယာန်ဘောင်အပေါ် ကျိုင်းကောင်ကပ်ဘေး မည်သို့ကျရောက်ခဲ့သနည်း။
▫ စီအီး ၃၃ခုနှစ်နှင့် နောက်တစ်ဖန် ၁၉၁၉ခုနှစ်တွင် ယေဟောဝါ၏လူမျိုးတော်အပေါ် ကိုယ်တော့်ဝိညာဉ်တော် မည်သို့သွန်းလောင်းခဲ့သနည်း။
[အောက်ခြေမှတ်ချက်များ]
a အီတလီနိုင်ငံ၊ ရောမမြို့၏ ၁၉၈၅ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်ထုတ် La Repubblica သတင်းစာနှင့် ၁၉၈၅ခုနှစ်၊ မေလထုတ် La rivista del clero italiano။