ကတိထားရာနယ်မြေမှမြင်ကွင်းများ
ယုပ္ပေမြို့—ထင်ရှားသောရှေးခေတ်ဆိပ်ကမ်း
ရှေးခေတ်ဣသရေလနိုင်ငံ၏ ကမ်းရိုးတန်းမှာရှည်လျား၍ သဲသောင်ပေါများသည်။ သို့တစေဣသရေလလူမျိုးသည် ပင်လယ်ခရီးသွားလာခြင်းတွင် အထူးကျော်ကြားသော လူမျိုးမဟုတ်ခဲ့ပေ။ သူတို့၏ပင်လယ်ကမ်းရိုးတန်း သဘာဝအနေအထားသည် အကြောင်းရင်းခံတစ်ရပ် ဖြစ်နိုင်သည်။
ယင်းကမ်းရိုးတန်းသည် ပြတ်တောက်ခြင်းမရှိသလောက် တစ်ဆက်တည်းရှိသော သဲသောင်ပြင်နှင့် သောင်ခုံများဖြစ်သည်။ ယင်းတို့သည်နိုင်းလ်မြစ် တိုက်စားသယ်ဆောင်လာသည့် သဲနုံးမြေများဖြစ်သည်။a အကယ်၍သင်သည်အီဂျစ်နယ်ခြားမှ အထက်သို့ရေကြောင်းဖြင့် ဆန်တက်ခဲ့သည်ရှိသော် ကရမေလတောင်၏တောင်ဘက်တွင် တကယ်ထူးခြားသည့် သဘာဝဆိပ်ကမ်းတစ်ခုမျှ တွေ့ရမည်မဟုတ်ပေ။
သို့သော်ဣသရေလနိုင်ငံကမ်းရိုးတန်း ခရီးတစ်ဝက်တွင် တောင်ကုန်းတစ်ခုပေါ်၌ တည်ရှိသောယုပ္ပေမြို့ကို တွေ့ရပေမည်။ ပုံတွင်တွေ့ရသည့်အတိုင်း ကမ်းလွန်ကျောက်ဆောင် တသီတတန်းဖြင့် ပင်လယ်ကွေ့ကလေးတစ်ခုကို ဖန်တည်းထားသည်။ ယင်းဆိပ်ကမ်းသည် မြောက်ဘက်အားကာမြို့ (ပတောလမဲမြို့) ရှိဆိပ်ကမ်းကို မမှီသော်လည်း ယုပ္ပေမြို့ကို ကျော်ကြားစေသည့် ကျက်သရေဆောင်အဖြစ် တည်ရှိလာခဲ့သည်။ (တမန်တော် ၂၁:၇) ကဲသရိမြို့တွင်လူအားဖြင့် ဖန်တီးသောဆိပ်ကမ်းကို ဟေရုဒ်မင်းကြီးတည်ဆောက်ခဲ့သည့် အချိန်အထိယုပ္ပေမြို့သည် ကမ်းရိုးတန်းတစ်လျှောက်တွင် သင်္ဘောများဆိုက်ကပ်ရန် အကောင်းဆုံးနေရာအဖြစ် တည်ရှိခဲ့သည်။ ဤအချက်ကယုပ္ပေမြို့နှင့်ပတ်သက်သော ကျမ်းစာဖေါ်ပြချက်အချို့ကို ထွန်းလင်းစေသည်။
တုရုမင်းကြီးဟိရံသည် ဗိမာန်တော်ဆောက်လုပ်ရေးတွင် ရှောလမုန်အားအကူအညီပေးရန်ဟု ကမ်းလှမ်းစဉ်တွင် ဤသို့ဆို၏။ “ငါသည်ကိုယ်တော်လိုချင်သမျှသော သစ်သားကိုလေဗနုန်တောင်ပေါ်မှာ ခုတ်ပြီးလျှင်ဘောင်လုပ်၍ ပင်လယ်လမ်းဖြင့်ယုပ္ပေမြို့သို့ ဆောင်ခဲ့ပါမည်။ ကိုယ်တော်သည်ယေရုရှလင်မြို့သို့ သယ်ပို့ရမည်ဟုပြန်ပြော၏။” (၂ ရာဇဝင်ချုပ် ၂:၁၊ ၁၁၊ ၁၆) ထိုသစ်ဖောင်တို့ကိုဖိနတ်ပြည် ဆိပ်ကမ်းမြို့များဖြစ်သောတုရု သို့မဟုတ် ဇိဒုန်ဆိပ်ကမ်းများမှ တင်ပို့ခဲ့ခြင်းဖြစ်မည်။ (ဟေရှာယ ၂၃:၁၊ ၂။ ယေဇကျေလ ၂၇:၈၊ ၉) အာရဇ်သစ်ဖောင်တို့သည် ကရမေလတောင်ကိုဖြတ်၍ ယုပ္ပေဆိပ်ကမ်းသို့ဆိုက်ကပ်၏။ ထိုမှတစ်ဆင့် အာရဇ်သစ်သားတို့ကို အရှေ့တောင်အရှေ့ဘက်၃၄မိုင်အကွာရှိ ယေရုရှလင်မြို့သို့သယ်ဆောင်နိုင်သည်။ ယုဒအမျိုးသားများနေရင်းပြည်သို့ပြန်၍ ဗိမာန်တော်ပြန်လည်တည်ဆောက်စဉ်ကလည်း ယုပ္ပေမြို့သည်အာရဇ်သစ်ဖောင်များ ဆိုက်ကပ်သည့်ဆိပ်ကမ်းဖြစ်ခဲ့သည်။—ဧဇရ ၃:၇။
သစ်ဖောင်နှင့်လိုက်ပါသည့် သစ်လုပ်သားများသည် ပုံတွင်စကေးအချိုးတူပြုလုပ်ထားသော ပုံစံနှင့်ဆင်တူသည့် ဖိနိတ်သင်္ဘောစီးခဲ့ကြဖွယ်ရှိသည်။ ၄င်းပုံစံကိုလေ့လာစဉ်တွင် ယောနအားနိနေဝေမြို့သို့ သွားရန်တာဝန်ပေးအပ်ပြီးနောက် ပရောဖက်ယောနသည် ဆန့်ကျင်ဘက်အရပ်သို့ရှေ့ရှု၍ ထွက်ပြေးလေ၏။ “[ယောနသည်] ယုပ္ပေမြို့သို့သွား၍ရောက်သဖြင့် တာရှုမြို့သို့သွားသောသင်္ဘောကို တွေ့ကြုံ၍သင်္ဘောခကိုပေးပြီးလျှင် [ယေဟောဝါ] ထံတော်မှသင်္ဘောသားတို့နှင့်အတူ တာရှုမြို့သို့လိုက်ခြင်းငှာ သင်္ဘောကိုစီးလေ၏။”—ယောန ၁:၁-၃။
ယောနသည်ပင်လယ်ခရီးအတွက်စိတ်ချရသော ဤကုန်တင်သင်္ဘောအမျိုးအစားကို စီးနင်းလိုက်ပါခဲ့သည်မှာ ထင်ရှားသည်။ ဤသင်္ဘောတို့သည်ယုပ္ပေမြို့မှတာရှုမြို့ (ရှေးခေတ်စပိန်ဖြစ်ဟန်တူသည်) သို့ပင်လယ်ခရီးရှည်ကို သွားနိုင်စွမ်းရှိသည်။ ၄င်းသင်္ဘောတွင်ပန်းပုထုထားသည့် မြင့်မားသောဦးပိုင်းရှိပေမည်။ ၄င်းအနီးတွင်ကျောက်တုံးဖြင့် ပြုလုပ်ထားသောကျောက်ဆူးချိတ် ဆွဲထားသည်။ ခရီးသည် လှော်ခတ်သမားနှင့် ကုန်စည်အချို့ကိုကုန်းပတ်ပေါ်တွင် ထားရှိနိုင်ကြသည်။ ဤပုံစံတွင်ကုန်းပတ် ထည့်သွင်းထားခြင်းမရှိပေ။ ကုန်းပတ်အောက်တွင်ကုန်စည်ခန်းရှိပြီး ကုန်ပစ္စည်းများစွာ တင်ဆောင်နိုင်သည်။ ထိုနေရာသို့ယောနသွား၍ အိပ်နေခြင်းဖြစ်သည်။ ထိုသင်္ဘောကိုခိုင်ခန့်သော ထင်းရူးသားဖြင့်တည်ဆောက်ထားပြီး ရွက်ထည်ကြီးအတွက်အာရဇ်ရွက်တိုင် တစ်တိုင်ပါရှိသည်။ တစ်ဘက်တစ်ချက်စီတွင် စီတန်းထားသောလှော်တက်များကို ဂရုပြုမှတ်သားပါ။ (ဗာရှန်ပြည်မှဝက်သစ်ချသားဖြင့် ပြုလုပ်ထားဖွယ်ရှိသည်။) ပင်လယ်ပြင်တွင်သင်္ဘောရောက်ရှိနေပြီး ပြင်းထန်သောမုန်တိုင်းနှင့်ကြုံနေရသည်ဟု ယခုစိတ်ကူးကြည့်လိုက်ပါ။ သင်္ဘောသားများ သူတို့နတ်ဘုရားများထံ ကယ်မသနားပါရန် အော်ဟစ်ဆုတောင်းနေကြသည့်အသံကို ကြားယောင်ကြည့်ပါ။ နောက်ဆုံး၌သေဘေးမှလွတ်မြောက်ရေးအတွက် မလွဲရှောင်သာဘဲယောနကို ပင်လယ်ထဲပစ်ချလိုက်တော့မှ ထိုအသံများစဲသွားလေသည်။—ယေဇကျေလ ၂၇:၅-၉။ ယောန ၁:၄-၁၅။
ပထမရာစုယုပ္ပေမြို့၌ ခရစ်ယာန်အသင်းတော်တစ်ခုရှိပြီး အသင်းသားအချို့မှာ သင်္ဘောကျင်းအလုပ်သမားများ ဖြစ်ကြသည်။ သို့မဟုတ်သင်္ဘောသားလုပ်ခဲ့သူများ ဖြစ်ကြသည်။ ပျားပန်းခတ်လှုပ်ရှားသော ထိုဆိပ်ကမ်းရှိအသင်းတော်၏ အသင်းသားတစ်ဦးမှာ ယုဒအမျိုးသမီးဒေါ်ကာ (တဗိသ) ဖြစ်သည်။ “ထိုမိန်းမသည်ကောင်းသောအကျင့်၊ စွန့်ကြဲခြင်းအကျင့်နှင့်ပြည့်စုံ” ၏။ စီအီး ၃၆ ခုနှစ်တွင်ဒေါ်ကာဖျား၍သေလေ၏။ ယင်းအတွက်လူများ ငိုကြွေးကြ၏။ သူမပြုလုပ်ခဲ့သည့်ကောင်းမှုများအကြောင်း တစ်ဖွဖွပြောကြ၏။ ခရစ်ယာန်ချင်းတို့က တမန်တော်ပေတရုအားလုတ္တရမြို့ (ယခုခေတ်တဲလ်အဗစ်လေဆိပ်အနီးရှိ လော့ဒ်မြို့) မှယုပ္ပေမြို့သို့ ခေါ်ဆောင်လာကြ၏။ ချစ်လှစွာသောဤညီအစ်မကို ပေတရုထမြောက်စေလိုက်သဖြင့် ၄င်းအံ့ဖွယ်အမှုသည် “ယုပ္ပေမြို့၌အနှံ့အပြားသိကြ၍ လူများတို့သည်သခင်ဘုရားကို ယုံကြည်ခြင်းသို့ရောက်ကြ၏။”—တမန်တော် ၉:၃၆-၄၂။
ပေတရုသည်ယုပ္ပေမြို့မှ ရှိမုန်အိမ်တွင်အတန်ကြာနေ၏။ ထိုနေရာတွင်တမန်တော်သည် ရူပါရုံမြင် ရသဖြင့် ယုပ္ပေမြို့အသင်းတော်မှ ညီ အစ်ကိုအချို့ကိုခေါ်၍ ကမ်းရိုးတန်းလမ်းဖြင့် မြောက်ဘက်တွင်ရှိသော ကဲသရိမြို့သစ်ဆိပ်ကမ်းသို့ သွားကြ၏။ ထိုမြို့တွင်ပေတရုသည် ရောမတပ်မှူးကောနေလိအား ဟောပြော၍နှစ်ခြင်းပေးခဲ့၏။ ကော်နေလိသည် ဝိညာဉ်တော်ဘိသိက်ခံခရစ်ယာန်ဖြစ်လာသည့် ပထမဦးဆုံးအရေဖျားလှီးခြင်းမခံသော လူမျိုးခြားဖြစ်သည်။ (တမန်တော် ၉:၄၃–၁၀:၄၈) ခရစ်ယာန်သမိုင်းတွင်အရေးပါလှသော ဤဖြစ်ပေါ်တိုးတက်မှု သတင်းနှင့်အတူညီအစ်ကိုများ ပြန်ရောက်ကြသောအခါ ယုပ္ပေမြို့၌မည်မျှဝမ်းမြောက်ပီတိ ဖြစ်ခဲ့ကြမည်တကား။
ယုပ္ပေမြို့သည်ယခုခေတ် တဲလ်အဗစ်-ယာဖါမြို့၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး လေ့လာသူအများအပြား လာရောက်ကြသည်။ ဤမှတ်သားဖွယ်ဆိပ်ကမ်းမြို့တွင် ဖြစ်ပျက်ခဲ့သောသမ္မာကျမ်းစာဖြစ်ရပ်များကို သူတို့အလွယ်တကူပြန်၍ အသက်ဝင်စေလာနိုင်ကြသည်။
[အောက်ခြေမှတ်ချက်များ]
a ယေဟောဝါသက်သေများ၏ ၁၉၈၉ခုနှစ်ပြက္ခဒိန် မျက်နှာဖုံးရှိဂြိုဟ်လ်တုဓာတ်ပုံထဲတွင် အဆိုပါသဲသောင်ကမ်းရိုးတန်းကို ရှင်းလင်းစွာတွေ့နိုင်သည်။ ထိုပြက္ခဒိန်၌အထက်ပါ ယုပ္ပေမြို့၏ပုံကြီးလည်းပါရှိသည်။