ယောနသိရှိခဲ့ရသော ယေဟောဝါ၏ကရုဏာတော်
ယဟောဝါသည် မိမိ၏ပရောဖက်ယောနအား တာဝန်တစ်ရပ်ပေးအပ်ခဲ့၏။ ဣသရေလနိုင်ငံကို ဒုတိယမြောက်ယေရောဗောင် စိုးစံလျက်ရှိသော ဘီ.စီ.အီး. ကိုးရာစု အချိန်ကဖြစ်သည်။ ယောနသည် ဇာဗုလုန်လူမျိုး၏မြို့တော်၊ ဂါသေဖာမြို့မှဖြစ်၏။ (ယောရှု ၁၉:၁၀၊ ၁၃; ၄ ဓမ္မရာဇဝင် ၁၄:၂၅) ဘုရားသခင်သည် ယောနအား သူ၏ဇာတိမြို့မှ အရှေ့မြောက်ဘက် မိုင် ၅၀၀ ကျော်ကွာဝေးသော အာရှုရိလူမျိုးတို့၏မြို့တော်၊ နိနေဝေမြို့သို့ စေလွှတ်နေခြင်းဖြစ်၏။ ဘုရားသခင်၏ဖျက်ဆီးခြင်းနှင့် သူတို့ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း နိနေဝေမြို့သားများအား သတိပေးရန်ဖြစ်သည်။
‘အဲဒီမြို့၊ အဲဒီလူမျိုးဆီကို သွားရမယ်ဟုတ်စ။ သူတို့ဟာ ဘုရားသခင်ဆီမှာ အပ်နှံထားကြတာမှမဟုတ်ဘဲ။ ဣသရေလလူမျိုးတွေ ပဋိညာဉ်ဖွဲ့ခဲ့သလို ဒီသွေးဆာနေတဲ့အာရှုရိလူတွေဟာ ယေဟောဝါနဲ့ ဘယ်တော့မှပဋိညာဉ်ဖွဲ့မှာမဟုတ်ဘူး။ ဒီဆိုးညစ်တဲ့လူမျိုးဟာ ငါ့ရဲ့သတိပေးချက်ကို ခြိမ်းခြောက်မှုလို့ထင်ပြီး ဣသရေလလူတွေကိုတောင် လာသိမ်းပိုက်သွားဦးမယ်! ငါတော့မဖြစ်ပါလေ! ငါသွားလို့ဘယ်လိုမှ ဖြစ်မှာမဟုတ်ဘူး။ ယုပ္ပေမြို့ကိုပြေးပြီး ဆန့်ကျင်ဘက်အရပ်ဖြစ်တဲ့ မြေထဲပင်လယ်ရဲ့ ဟိုးတစ်ဖက်ကမ်း၊ တာရှုမြို့ကိုရောက်တဲ့အထိ သင်္ဘောနဲ့ ငါပြေးမယ်။ ဒါပဲ ငါလုပ်မယ်!’ ဟု ယောန စဉ်းစားခဲ့ကောင်းစဉ်းစားခဲ့မည်။—ယောန ၁:၁-၃။
ပင်လယ်တွင်း၌ အန္တရာယ်ကြုံတွေ့ ခြင်း!
မကြာမီပင် မြေထဲပင်လယ်ကမ်းခြေ၌ရှိသော ယုပ္ပေမြို့တွင် ယောနရောက်ရှိနေသည်။ သူသည်တာရှုမြို့ဘက်သို့သွားမည့် သင်္ဘောပေါ်သို့ သင်္ဘောခပေးပြီး တက်လိုက်၏။ ထိုမြို့သည် နိနေဝေမြို့မှ အနောက်ဘက်မိုင် ၂,၂၀၀ ကျော်ကွာဝေးပြီး အများအားဖြင့် စပိန်နိုင်ငံနှင့် ပေါင်းသင်းဆက်ဆံမှုရှိတတ်သည်။ ပင်လယ်သို့ထွက်လျှင်ထွက်ချင်း မောပန်းနေသောထိုပရောဖက်သည် အောက်ဘက်ကုန်းပတ်ပိုင်းသို့ဆင်းသွားပြီး အိပ်ပျော်သွားလေ၏။ မကြာခင်အချိန်လေးအတွင်းမှာ ယေဟောဝါသည် ပင်လယ်တွင်း၌ ပြင်းစွာသောလေကို တိုက်ခတ်စေရာ ထိတ်လန့်လျက်ရှိသော သင်္ဘောသားယောက်စီယောက်တိုင်းတို့သည် မိမိတို့၏ဘုရားများထံမှ အကူအညီတောင်းလျှောက်ကြလေတော့သည်။ သင်္ဘောမှာ လူးလွန့်နိမ့်မြင့်ဖြစ်လွန်းလှရကာ ဝန်များပေါ့သွားစေရန် ကုန်ပစ္စည်းများကို သင်္ဘောပေါ်မှ ပစ်ချရကြ၏။ သို့သော်လည်း သင်္ဘောပျက်ဖို့မှာ သေချာသလောက်ဖြစ်နေသည်။ စိတ်လှုပ်ရှားနေသောမာလိန်မှူးက “အိုအိပ်ပျော်သောသူ၊ အဘယ်သို့နည်း။ ထလော့။ သင်၏ဘုရားကိုဆုတောင်းလော့။ ငါတို့အသက်လွတ်စေခြင်းငှာ ထိုဘုရားသည် ငါတို့ကို အောက်မေ့ကောင်းအောက်မေ့လိမ့်မည်!” ဟု အော်ဟစ်သံကို ယောန ကြားလိုက်ရသည်။ ယောနထပြီး သင်္ဘောကုန်းပတ်ပေါ်သို့ တက်သွား၏။—ယောန ၁:၄-၆။
“လာကြ။ အဘယ်သူ၏အပြစ်ကြောင့် ဤအမှုရောက်သည်ကို ငါတို့သိရမည်အကြောင်း စာရေးတံ [မဲ]ချကြကုန်အံ့” ဟု သင်္ဘောသားများ ပြောဆိုကြ၏။ စာရေးတံ [မဲ]က ယောနထံသို့ ကျလာသည်။ သင်္ဘောသားများက “အဘယ်အပြစ်ကြောင့် ဤအမှုရောက်သည်ကိုပြောပါလော့။ သင်ဆောင်ရွက်သောအမှုကား အဘယ်အမှုနည်း။ သင်သည် အဘယ်အရပ်ကလာသနည်း။ အဘယ်ပြည်၊ အဘယ်အမျိုးသားဖြစ်သနည်း” ဟု ပြောသောအခါ သူ၏ပူပန်သောကကို စဉ်းစားကြည့်ပါ။ ယောနက သူသည် “ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်ထာဝရဘုရား” ကို ဝတ်ပြုကိုးကွယ်သော ဟေဗြဲလူတစ်ဦးဖြစ်ကြောင်း၊ “ရေမြေကို ဖန်ဆင်းတော်မူသော” အရှင်အား ခန့်ညားသည့်ကြောက်ရွံ့မှုရှိကြောင်း ပြောပြသည်။ သူတို့အပေါ်သို့ မုန်တိုင်းကျခြင်းမှာလည်း နိနေဝေမြို့သို့ ဘုရားသခင်၏သတင်းစကားကို နာခံမှုရှိစွာ သယ်ဆောင်သွားရမည့်အစား ယေဟောဝါ၏ရှေ့တော်မှောက်မှ သူထွက်ပြေးခဲ့သည့်အတွက်ကြောင့်ဖြစ်လေသည်။—ယောန ၁:၇-၁၀။
“ငါတို့၌ လှိုင်းတံပိုးငြိမ်းစေခြင်းငှာ သင့်ကို အဘယ်သို့ ပြုရပါမည်နည်း” ဟု သင်္ဘောသားများက မေးကြသည်။ ပင်လယ်ပြင်မှာ ပို၍မုန်တိုင်းထန်လာသောကြောင့် ယောနက “ငါ့ကိုချီ၍ ပင်လယ်ထဲသို့ချပစ်ကြလော့။ သို့ ပြုလျှင် လှိုင်းတံပိုးသည် သင်တို့၌ ငြိမ်းလိမ့်မည်။ ဤပြင်းစွာသောမိုးသက်မုန်တိုင်းသည် ငါ့ကြောင့်သာ သင်တို့အပေါ်သို့ရောက်သည်ကို ငါသိ၏” ဟု ဆိုလေသည်။ ယေဟောဝါ၏ကျေးကျွန်ကို ပင်လယ်ထဲသို့ပစ်၍ မလွဲဧကန်သေစေခြင်းငှာမပြုလိုကြသောကြောင့် ကုန်းမြေသို့ရောက်ရန် ကြိုးစားကြသည်။ အောင်မြင်မှုမရှိ၍ သင်္ဘောသားများက “အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် တောင်းပန်ပါ၏။ ဤသူ၏အသက်ကြောင့် အကျွန်ုပ်တို့သည် အကျိုးနည်းမဖြစ်ပါစေနှင့်။ အပြစ်မရှိသောသူ၏အသက်သတ်သောအပြစ်ကို အကျွန်ုပ်တို့၌ တင်တော်မမူပါနှင့်။ အိုထာဝရဘုရား ကိုယ်တော်သည် အလိုရှိတော်မူသည်အတိုင်းပြုတော်မူ၏” ဟု ဟစ်အော်ကြလေသည်။—ယောန ၁:၁၁-၁၄။
ပင်လယ်တွင်းသို့!
ထိုအခါကျမှသာ သင်္ဘောသားများသည် ယောနကို သင်္ဘောပေါ်မှ ပစ်ချလိုက်ကြသည်။ လှိုင်းလုံးထနေသော ပင်လယ်တွင်းသို့ သူနှစ်မြှုပ်သွားသည်နှင့်အမျှ ယင်း၏ပြင်းထန်မှုသည်လည်း ငြိမ်သက်စပြုလာလေတော့သည်။ ယင်းကို မြင်တွေ့ရသောအခါ ‘သင်္ဘောသားတို့သည် ထာဝရဘုရားကို အလွန်ကြောက်ရွံ့သဖြင့် ယဇ်ပူဇော်၍ သစ္စာကတိပြုကြလေ၏။’—ယောန ၁:၁၅၊ ၁၆။
ယောနအပေါ် ရေဖုံးလွှမ်းလာသောအခါ သူ ဆုတောင်းနေမည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ ထို့နောက် အခေါင်းပေါက်ကြီးတစ်ခုအတွင်းသို့ သူလျှောဝင်သွားသောအခါ နူးညံ့သည့်ပြွန်ချောင်းတစ်လျှောက် လျှောဆင်းနေရသည်ဟု သူခံစားရလေသည်။ အံ့ဩစရာကောင်းသည်မှာ သူအသက်ရှုနေနိုင်ဆဲပင် ဖြစ်သောကြောင့်တည်း! ယောနသည် သူ၏ခေါင်းနားတွင်ရှိသော ပင်လယ်ရေမှော်များကို ဖယ်ရှားလိုက်သောအခါ အမှန်ပင် ထူးခြားလှသည့်နေရာ၌ သူရောက်ရှိနေကြောင်း သိလိုက်ရ၏။ ၎င်းမှာ “ယောနကိုမျိုစေခြင်းငှာ ငါးကြီးကို ထာဝရဘုရားခန့်ထားတော်မူသည်နှင့်အညီ ယောနသည် ငါး၏ဝမ်းထဲမှာ သုံးရက်ပတ်လုံးနေရ” သောကြောင့်ဖြစ်သတည်း။—ယောန ၁:၁၇။
ယောန၏ထက်သန်သော ဆုတောင်းချက်
ကြီးမားသောငါးကြီး၏ဝမ်းထဲ၌ ယောန ဆုတောင်းဖို့အချိန်ရခဲ့သည်။ သူ၏စကားရပ်အချို့တို့မှာ အချို့သောဆာလံကျမ်းတို့နှင့် ဆင်တူလှ၏။ စိတ်ပျက်လက်မှိုင်ချခြင်းနှင့် နောင်တရခြင်းကို ဖော်ကျူးသော သူ၏ဆုတောင်းချက်များကို နောက်ပိုင်း၌ ယောနမှတ်တမ်းပြန်တင်ခဲ့သည်။ ဥပမာအနေနှင့် ငါးဝမ်းဗိုက်သည် သူ၏သင်္ချိုင်း၊ ရှီးလ်အိုးဖြစ်လာလိမ့်မည့်ဟန် ရှိသည်။ ထို့ကြောင့် သူက “ငါသည် ဒုက္ခဆင်းရဲကိုခံရသောကြောင့် ထာဝရဘုရားကိုဟစ်ခေါ်၍ ငါ့စကားကိုကြားတော်မူ၏။ မရဏာနိုင်ငံ၏ဝမ်းထဲက ဟစ်ခေါ်သောစကားသံကို နားထောင်တော်မူ၏” ဟု ဆုတောင်းခဲ့လေသည်။ (ယောန ၂:၁၊ ၂) နှစ်ပတ်လည်ပွဲတော်အတွက် ယေရုရှလင်မြို့သို့သွားရောက်ကြသော ဣသရေလလူမျိုးတို့ သီဆိုခဲ့ကြဟန်တူသည့် သံမြင့်သီချင်းနှစ်ပိုဒ်သည်လည်း ထပ်တူအတွေးမျိုးကို ဖော်ကျူး၏။—ဆာလံ ၁၂၀:၁; ၁၃၀:၁၊ ၂။
ပင်လယ်တွင်းသို့ နိမ့်ဆင်းသွားခြင်းကို မြင်ယောင်ရင်း ယောနက “ကိုယ်တော် [ယေဟောဝါ] သည် အကျွန်ုပ်ကို နက်နဲသောအရပ်၊ သမုဒ္ဒရာအလယ်ချက်ထဲသို့ချပစ်တော်မူသဖြင့် ပင်လယ်ရေသည်ဝိုင်း၍ လှိုင်းတံပိုးတော်ရှိသမျှတို့သည် လွှမ်းမွန်းကြပါ၏” ဟု ဆုတောင်းသည်။—ယောန ၂:၃; ဆာလံ ၄၂:၇; ၆၉:၂ နှိုင်းယှဉ်။
သူ၏နာခံမှုမဲ့ခြင်းကြောင့် ဘုရားသခင်၏မျက်နှာသာ ဆုံးရှုံးမည်၊ ဘုရားသခင်၏ဗိမာန်တော်ကို နောက်တစ်ဖန် ဘယ်တော့မျှမြင်ရတော့မည်မဟုတ်ဟူ၍ ယောနစိုးရွံ့ထိတ်လန့်လျက်ရှိသည်။ “‘ထိုသို့မျက်မှောက်တော်မှ နှင်ထုတ်ခြင်းကိုခံရသော်လည်း သန့်ရှင်းသောဗိမာန်တော်ကို မျက်မှောက်ပြုမြဲပြုပါမည်’ ဟု အောက်မေ့လျက်နေ၏” ဟု သူဆုတောင်း၏။ (ယောန ၂:၄; ဆာလံ ၃၁:၂၂ နှိုင်းယှဉ်။) ယောန၏အခြေအနေမှာ အလွန်ဆိုးဝါးလှသဖြင့် သူက “ရေတို့သည် အကျွန်ုပ်အသက်ကို သေစေခြင်းငှာ ဝိုင်းသဖြင့် [သူ့အသက်ကို အန္တရာယ်ပြုနေသဖြင့်] အကျွန်ုပ်သည် ပင်လယ်အလယ်၌ အချုပ်ခံရပါ၏။ [ပင်လယ်အတွင်းရှိ] ပင်လယ်မြက်ပင်သည် အကျွန်ုပ်ခေါင်းကို ပေါင်းစည်းလျက်ရှိပါ၏” ဟု ဆိုသည်။ (ယောန ၂:၅; ဆာလံ ၆၉:၁ နှိုင်းယှဉ်။) “တောင်ခြေရင်းအမြစ်သို့ အကျွန်ုပ် [ငါးဝမ်းဗိုက်အတွင်း] ဆင်း၍ [သင်္ချိုင်းဂူနှင့်တူသော] မြေကန့်လန့်ကျင်အတွင်း၌ အစဉ်အမြဲပိတ်ထားသော်လည်း အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ကို ပျက်စီးရာမှ [သုံးရက်မြောက်သောနေ့၌] ကယ်ဆယ်တော်မူလိမ့်မည်” ဟု ထပ်ဖြည့်စွက်ပြောဆိုခဲ့သောကြောင့် ယောန၏အဖြစ်အပျက်ကို စဉ်းစားကြည့်ပါ။—ယောန ၂:၆; ဆာလံ ၃၀:၃ နှိုင်းယှဉ်။
ငါးဝမ်းဗိုက်ထဲတွင်ရှိနေသောကြောင့် ‘ဆုတောင်မတောင်းနိုင်လောက်အောင် ငါအရမ်းစိတ်ဓာတ်ကျနေတယ်’ ဟူ၍ ယောနမစဉ်းစားခဲ့ပါ။ ယင်းအစား “အကျွန်ုပ်သည် [သေလုမတတ်] စိတ်ပျက်သောအခါ ထာဝရဘုရားကို [တန်ခိုးနှင့် ကရုဏာတော်တွင် ပြိုင်ဘက်ကင်းသောပုဂ္ဂိုလ်အဖြစ် ယုံကြည်] အောက်မေ့၍ အကျွန်ုပ်၏ပတ္ထနာသည် သန့်ရှင်းသောဗိမာန်တော်၌ ကိုယ်တော်ထံသို့ ဝင်ပါ၏” ဟူ၍ သူဆုတောင်းခဲ့သည်။ (ယောန ၂:၇) ကောင်းကင်ဗိမာန်တော်မှနေ၍ ဘုရားသခင်သည် ယောနကို နားထောင်ခဲ့ကာ သူ့ကိုကယ်တင်ခဲ့သည်။
နိဂုံးချုပ်တွင် ယောနက “[ဗာဗုလုန်ဘုရားများနှင့်စပ်ဆိုင်သော သက်မဲ့အရုပ်များကို ယုံကြည်ကိုးစားခြင်းအားဖြင့်] မုသာအနတ္တကို မှီဝဲသောသူတို့သည် [ကရုဏာပြသောပုဂ္ဂိုလ်ကို ပစ်ခွာခြင်းဖြင့်] မိမိတို့ကရုဏာခံရာအကြောင်းကို စွန့်ပစ်ကြပါ၏။ အကျွန်ုပ်မူကား ကျေးဇူးတော်ကို ချီးမွမ်းသောစကားနှင့် ကိုယ်တော် [ယေဟောဝါဘုရားသခင်] အား ယဇ်ပူဇော်ပါမည်။ [ဤတွေ့ ကြုံမှုအတောအတွင်း သို့တည်းမဟုတ် အခြားအချိန်များ၌] သစ္စာကတိထားသည်အတိုင်း သစ္စာဝတ်ကို ပြုပါမည်။ ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါသည်” ဟု ဆုတောင်း၏။ (ယောန ၂:၈၊ ၉; ဆာလံ ၃၁:၆; ၅၀:၁၄ နှိုင်းယှဉ်။) ဘုရားသခင် တစ်ပါးတည်းသာ သူ့ကို သေခြင်းမှကယ်နုတ်နိုင်ကြောင်းသိထားသောကြောင့် နောင်တရပြီဖြစ်သော ဤပရောဖက်သည် (သူထက်ရှေးကျသော ဘုရင်ဒါဝိဒ်နှင့် ရှောလမုန်တို့နည်းတူ) ယေဟောဝါကြောင့်သာ ကယ်တင်ခြင်းဖြစ်ကြောင်း ယူမှတ်လျက်ရှိ၏။—ဆာလံ ၃:၈; သု. ၂၁:၃၁။
ယောန နာခံ၏
အတွေးပေါင်းများစွာနှင့် စွဲစွဲမြဲမြဲဆုတောင်းမှုများ ပြုပြီးနောက် ယောနသည် သူဝင်ရောက်သွားသောပြွန်အတွင်းမှ တွန်းထုတ်ခံရသည်ဟု ခံစားရလေသည်။ နောက်ဆုံးတွင် ကုန်းမြေပေါ်သို့ သူသည် ထုတ်ပစ်ခံရ၏။ (ယောန ၂:၁၀) “သင်ထ၍ နိနေဝေမြို့ကြီးသို့သွားလော့။ ငါမှာထားသည်အတိုင်း ကြွေးကြော်လော့” ဟူသော ဘုရားသခင်၏နှုတ်ထွက်စကားတော်ကို လွတ်မြောက်မှုအတွက် ဝမ်းမြောက်ဝမ်းသာစွာဖြင့် ယောန နာခံခဲ့၏။ (ယောန ၃:၁၊ ၂) အာရှုရိလူမျိုးတို့၏မြို့တော်သို့ ယောန စတင်ထွက်ခွာလာသည်။ ထိုနေ့သည် အဘယ်နေ့အဘယ်ရက်ဖြစ်ကြောင်း သူသိရှိရသောအခါကျမှ ငါးဝမ်းဗိုက်အတွင်း၌ သုံးရက်ကြာနေခဲ့ရကြောင်း သူအမှတ်ရတော့သည်။ ပရောဖက်သည် ယူဖရေးတီးစ်မြစ်၏ အနောက်မြစ်ကွေးကြီးမှဖြတ်၍ တိုက်ဂရစ္စမြစ်ဆီသို့ရောက်သည့် မက်ဆိုပိုတေးမီးယားမြောက်ပိုင်းကိုကျော်ကာ အရှေ့ဘက်ဆီသို့ ခရီးနှင်သွားပြီး နောက်ဆုံးတွင် မြို့တော်ကြီးသို့ ဆိုက်ရောက်သွားလေသည်။—ယောန ၃:၃။
ကြီးမားလှသော နိနေဝေမြို့တွင်းသို့ ယောနဝင်သွား၏။ တစ်နေ့တာ လျှောက်သွားပြီးနောက် “အရက်လေးဆယ်လွန်သော် နိနေဝေမြို့သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်” ဟု ကြွေးကြော်လေ၏။ အာရှုရိဘာသာစကားကို အံ့ဖွယ်နည်းဖြင့် ယောနအား သိရှိခွင့်ပေးခဲ့သလော။ ကျွန်ုပ်တို့ မသိရပါ။ သို့သော် သူက ဟေဗြဲဘာသာစကားပြော၍ တစ်စုံတစ်ယောက်က စကားပြန်ပေးသည့်တိုင် သူ၏ကြေညာချက်၌ အကျိုးဖြစ်ထွန်းမှု ရှိခဲ့လေသည်။ နိနေဝေမြို့သားတို့သည် ဘုရားသခင်အား ယုံကြည်လာကြ၏။ လူကြီး၊ လူငယ်အပေါင်းတို့သည် အစာရှောင်ရာအချိန်ကို ကြေညာ၍ လျှော်တေအဝတ်ကို ဝတ်ကြ၏။ နိနေဝေမင်းကြီးသည် ထိုသတင်းကိုကြားသောအခါ နန်းတော်မှဆင်း၍ မင်းမြောက်တန်ဆာကိုချွတ်ပြီးမှ လျှော်တေအဝတ်ကိုဝတ်၍ ပြာထဲ၌ထိုင်တော်မူ၏။—ယောန ၃:၄-၆။
ယောန မည်မျှအံ့သြခဲ့မည်တကား! “လူသတ္တဝါတိရစ္ဆာန်သိုးနွားတို့သည် အလျှင်းမမြည်စေနှင့် အစာကိုမစား၊ ရေကိုမသောက်စေနှင့်။ လူသတ္တဝါတိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကိုဝတ်ကြစေ။ ကြိုးစား၍ ဘုရားသခင်ကိုဆုတောင်းကြစေ။ အသီးအသီးတို့သည် မိမိတို့လိုက်သောအဓမ္မလမ်း၊ မိမိတို့ပြုသော အဓမ္မအမှုကို ရှောင်ကြစေ။ ငါတို့သည် ပျက်စီးခြင်းနှင့်ကင်းလွတ်မည်အကြောင်း ဘုရားသခင်သည် ပြောင်းလဲ၍ နောင်တရသဖြင့် ပြင်းစွာသောအမျက်တော်ကိုငြိမ်းစေတော်မူမည် မမူမည်ကို အဘယ်သူပြောနိုင်သနည်း” ဟု ကြွေးကြော်ရန် သံတော်ဆင့်များကို အာရှုရိမင်းကြီးစေလွှတ်ခဲ့သည်။—ယောန ၃:၇-၉။
နိနေဝေမြို့သားတို့သည် သူတို့မင်းကြီး၏အမိန့်တော်အတိုင်း လိုက်လျှောက်ကြ၏။ သူတို့၏အဓမ္မလမ်းစဉ်မှ ပြန်လှည့်လာပြီဖြစ်ကြောင်း ဘုရားသခင်မြင်တော်မူလျှင် သူတို့အပေါ် ကျရောက်စေမည်ဟုမိန့်တော်မူခဲ့သောဘေးဒဏ်အတွက် ဝမ်းနည်းမူရှိ၍ ယင်းကို မကျရောက်စေဘဲနေတော်မူ၏။ (ယောန ၃:၁၀) သူတို့၏နောင်တ၊ နှိမ့်ချမှုနှင့် ယုံကြည်ခြင်းတို့ကြောင့် ယေဟောဝါရှင်သည် ရည်ရွယ်ထားခဲ့သောစီရင်ချက်ကို သူတို့အပေါ် မချတော့ရန် စိတ်ပိုင်းဖြတ်ခဲ့လေသည်။
စိတ်ကောက်နေသော ပရောဖက်
ရက်လေးဆယ်ကုန်လွန်သွားသော်လည်း နိနေဝေမြို့၌ ဘာမျှဖြစ်ပျက်ခဲ့ခြင်းမရှိပေ။ (ယောန ၃:၄) နိနေဝေမြို့သားများ ဖျက်ဆီးခံရတော့မည်မဟုတ်ကြောင်းသိရှိရသောအခါ ယောနသည် အလွန်စိတ်ညစ်၍ အမျက်ထွက်သဖြင့် “အိုထာဝရဘုရား၊ အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်သည် ကိုယ်ပြည်၌ရှိစဉ် ဤသို့ပြောပါပြီမဟုတ်လော။ ထိုကြောင့် ကိုယ်တော်ထံမှ တာရှုမြို့သို့ ကြိုးစား၍ပြေးပါ၏။ ကိုယ်တော်သည် သနားစုံမက်တတ်သောဘုရားဖြစ်၍ စိတ်ရှည်သောသဘော၊ ကျေးဇူးပြုချင်သောသဘော၊ အပြစ်ဒဏ်ပေးမည့်အမှုကို နောင်တရတတ်သောသဘောရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ သို့ ဖြစ်၍ အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို နုတ်ယူတော်မူပါ။ အကျွန်ုပ်အသက်ရှင်ခြင်းထက် သေခြင်းသည် သာ၍ကောင်းပါသည်” ဟု ဆုတောင်းလေ၏။ “သင်သည် အမျက်ထွက်ကောင်းသလော” ဟု ဘုရားသခင် ပြန်မေးတော်မူခဲ့သည်။—ယောန ၄:၁-၄။
ထိုအခါ ယောနသည် မြို့ထဲမှ မောက်မာစွာထွက်သွားသည်။ အရှေ့အရပ်ဘက်သို့ထွက်သွားပြီး ထိုမြို့ ဘာဖြစ်လာမည်ကို တွေ့ မြင်ရသည့်အထိ အရိပ်ထဲတွင်ထိုင်စောင့်နိုင်ရန် ရွက်ဖျင်တဲတစ်လုံးကို ဆောက်လုပ်လေ၏။ အတုံ့အလှည့်အနေနှင့် ယေဟောဝါရှင်သည် ထောက်ထားစာနာမှုရှိစွာဖြင့် ‘ကြက်ဆူပင်ကို ပြင်ဆင်ပြီးလျှင် ယောန၏စိတ်ကိုပြေစေခြင်းငှာ သူ့ခေါင်းပေါ်မှာ လွှမ်း၍မိုးစေတော်မူ၏။’ ထိုကြက်ဆူပင်အတွက် ယောနမည်မျှအားရဝမ်းသာလိုက်မည်ဖြစ်ခြင်း! သို့သော် ဘုရားသခင်သည် နံနက်လင်းချိန်၌ ပိုးကောင်တစ်မျိုးအား ထိုအပင်ကိုကိုက်ဖျက်ရန် စီစဉ်သည်ဖြစ်၍ ၎င်းမှာ ညှိုးနွမ်းစပြုလာသည်။ မကြာမီမှာပင် ၎င်းသည် လုံးလုံးသွေ့ခြောက်သွားတော့သည်။ ဘုရားသခင်သည် အလွန်ပူသော အရှေ့လေကိုလည်း စေလွှတ်လိုက်သေး၏။ ယခု ပရောဖက်၏ခေါင်းကို နေထိခိုက်သဖြင့် သူသည် မူးမော်လျက်ရှိလေ၏။ သေဖို့သာ ဆက်၍တောင်းဆိုနေ၏။ မှန်ပါသည်၊ ထပ်ခါထပ်ခါ “ငါ့အသက်သေခြင်းသည် ရှင်ခြင်းထက်သာ၍ကောင်းသည်” ဟုသာ ယောနဆိုနေတော့သည်။—ယောန ၄:၅-၈။
ယခု ယေဟောဝါ မိန့်တော်မူလေပြီ။ ကိုယ်တော်က “သင်သည် ကြက်ဆူပင်အတွက် အမျက်ထွက်ကောင်းသလော” ဟု ယောနအား မေးသည်။ ယောနက “အကျွန်ုပ်သည် အသက်သေသည်တိုင်အောင် အမျက်ထွက်ကောင်းပါသည်” ဟု ဖြေဆို၏။ အချုပ်အနေနှင့် ယခု ယေဟောဝါရှင်က ‘သင်သည် ပင်ပန်းစွာမလုပ်၊ ကြီးပွားစေခြင်းငှာလည်းမပြုစု၊ တစ်ညချင်းတွင်ပေါက်၍ သေသော ကြက်ဆူပင်ကို နှမြောသည်တကား’ ဟု ထိုပရောဖက်အား ပြောပြ၏။ ‘ငါသည် များစွာသောတိရစ္ဆာန်တို့ကိုမဆို၊ ကိုယ်လက်ယာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍မသိသောသူ ၁၂၀,၀၀၀ မကများသော နိနေဝေမြို့ကြီးကို ငါနှမြောသင့်သည်မဟုတ်လော’ ဟု ထပ်ဆင့်၍ ဘုရားသခင် ဆင်ခြင်သုံးသပ်ပြလေသည်။ (ယောန ၄:၉-၁၁) အဖြေမှန် ပေါ်လွင်ထင်ရှားလှသည်။
ယောနသည် နောင်တရပြီး သူ၏အမည်တပ်ထားသော ကျမ်းစာစောင်ကို ရေးသားရန် အသက်ရှင်ခဲ့လေသည်။ သင်္ဘောသားများသည် ယေဟောဝါကို ခန့်ညားကြောက်ရွံ့ ကြပြီး ကိုယ်တော့်ကို ယဇ်ပူဇော်၍ ကတိကဝတ်များပြုကြကြောင်း မည်သို့ သူသိရှိခဲ့ရသနည်း။ ဘုရားသခင်၏မှုတ်သွင်းခြင်းအားဖြင့် သို့တည်းမဟုတ် ဗိမာန်တော်၌ သင်္ဘောသားများ သို့မဟုတ် ခရီးသည်များထဲမှတစ်ဦးတစ်ယောက်ထံမှ ဖြစ်ပေမည်။—ယောန ၁:၁၆; ၂:၄။
“ယောန၏နိမိတ်လက္ခဏာ”
ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က ယေရှုခရစ်ထံမှ နိမိတ်တစ်ခုကို တောင်းဆိုသောအခါ ကိုယ်တော်က “ဆိုးညစ်၍မျောက်မထားသောအမျိုးသည် နိမိတ်လက္ခဏာကိုတောင်းသည်မှာ ပရောဖက်ယောန၏နိမိတ်လက္ခဏာမှတစ်ပါး အဘယ်လက္ခဏာကိုမျှ သူတို့အားမပြ” ဟု မိန့်တော်မူခဲ့သည်။ “ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့ လူသားသည် မြေကြီးထဲမှာ သုံးရက်နေရလတ္တံ့” ဟု ယေရှုက ထပ်ဆင့်ခဲ့သေး၏။ (မဿဲ ၁၂:၃၈-၄၀) ဂျူးလူမျိုး၏နေ့ရက်များသည် နေဝင်ချိန်မှ စတင်၏။ စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်၊ သောကြာနေ့ မွန်းလွဲပိုင်းတွင် ခရစ်တော်သေဆုံးခဲ့သည်။ ထိုနေ့နေမဝင်မီအချိန်၌ ကိုယ်တော်၏ကိုယ်ခန္ဓာကို သင်္ချိုင်းဂူအတွင်းသို့ထည့်လိုက်ကြသည်။ နိသန်လ ၁၅ ရက်သည် ထိုနေ့ညနေပိုင်းမှစတင်၍ ရက်သတ္တပတ်၏အဆုံးနေ့၊ သတ္တမမြောက်နေ့ဖြစ်သော စနေနေ့နေဝင်ချိန်အထိသွားသည်။ ထိုအချိန်၌ နိသန်လ ၁၆ ရက်စတင်ပြီး ယင်းက တနင်္ဂနွေနေ့ဟု ကျွန်ုပ်တို့ခေါ်ဆိုသောနေ့၏နေဝင်ချိန်အထိသွားသည်။ ထို့ကြောင့် ယေရှုသည် အနည်းဆုံး နိသန်လ ၁၄ ရက်နေ့၏အချိန်ပိုင်း၌ သေဆုံး၍ သင်္ချိုင်းဂူအတွင်း၌ ရှိနေခဲ့ပြီး နိသန်လ ၁၅ ရက်နေ့ တစ်နေ့တာလုံး သင်္ချိုင်းဂူထဲ၌ရှိနေကာ နိသန်လ ၁၆ ရက်နေ့၏ညအချိန်တွင်လည်း သင်္ချိုင်းဂူအတွင်း၌ ရှိနေခဲ့လေသည်။ တနင်္ဂနွေနေ့နံနက်၌ အမျိုးသမီးအချို့ သင်္ချိုင်းဂူသို့လာကြသောအခါ ကိုယ်တော် ရှင်ပြန်ထမြောက်နေပြီဖြစ်သည်။—မဿဲ ၂၇:၅၇-၆၁; ၂၈:၁-၇။
ယေရှုသည် သုံးရက်တာ၏ကာလအစိတ်အပိုင်းများအတွင်း သင်္ချိုင်းဂူထဲ၌ ရှိနေခဲ့၏။ သို့ ဖြင့် ကိုယ်တော်၏ရန်သူများသည် “ယောန၏နိမိတ်လက္ခဏာ” ကိုရရှိခဲ့ကြသော်လည်း ခရစ်တော်က “တရားဆုံးဖြတ်တော်မူသောအခါ နိနေဝေမြို့သားတို့သည် ဤလူမျိုးတစ်ဖက်၌ထ၍ အရှုံးခံစေလတ္တံ့။ အကြောင်းမူကား ထိုမြို့သားတို့သည် ယောနဟောပြောသောစကားကြောင့် နောင်တရကြ၏။ ဤအရပ်၌ကား ယောနထက်သာ၍ကြီးမြတ်သောသူရှိ၏” ဟု မိန့်တော်မူ၏။ (မဿဲ ၁၂:၄၁) မည်မျှမှန်ကန်လိုက်လေခြင်း! ဂျူးများအလယ်၌ ယောနထက် သာ၍ကြီးမြတ်တော်မူသောပရောဖက် ယေရှုခရစ် ရှိနေလေသည်။ ယောနသည် နိနေဝေမြို့သားများအတွက် လုံလောက်သောနိမိတ်လက္ခဏာဖြစ်ခဲ့သော်လည်း ထိုပရောဖက်ပြုခဲ့သည်ထက် ပို၍အခွင့်အာဏာရှိပြီး အထောက်အကူပြုသောသက်သေသာဓကတို့ဖြင့် ယေရှုဟောကြားတော်မူခဲ့သည်။ သို့တိုင် ဂျူးအများစုတို့သည် ယုံကြည်ခြင်းကင်းမဲ့ခဲ့ကြ၏။—ယောဟန် ၄:၄၈။
လူမျိုးတစ်မျိုးအနေနှင့် ဂျူးတို့သည် ယောနထက်ကြီးမြတ်သော ပရောဖက်ကို နှိမ့်ချစွာဖြင့် လက်ခံခြင်းမရှိခဲ့၊ ကိုယ်တော့်အပေါ် ယုံကြည်ခြင်းမရှိခဲ့ကြချေ။ သို့သော် သူတို့၏ဘိုးဘေးများကော အသို့နည်း။ သူတို့သည်လည်း ယုံကြည်နှိမ့်ချသည့်စိတ်ဓာတ် ကင်းမဲ့ခဲ့ကြသည်။ အမှန်သော် ယောနကို နိနေဝေမြို့သို့ ထင်ထင်ရှားရှားစေလွှတ်ခဲ့ခြင်းမှာ နောင်တရနိနေဝေမြို့သားများနှင့် ယုံကြည်နှိမ့်ချခြင်း အလွန်ကင်းမဲ့လျက်ရှိသော လည်ပင်းခိုင်မာသည့် ဣသရေလလူမျိုးတို့အကြား ခြားနားချက်ကို ထင်သာမြင်သာစေရန်အတွက်ဖြစ်သည်။—တရားဟောရာ ၉:၆၊ ၁၃ နှိုင်းယှဉ်။
ယောနကိုယ်တိုင်နှင့်ပတ်သက်၍ကော အသို့နည်း။ ဘုရားသခင်၏ကရုဏာတော် မည်မျှကြီးမားကြောင်း သူသိရှိခဲ့ရသည်။ ထို့ ပြင် နောင်တရနိနေဝေမြို့သားများအား သနားညှာတာမှုပြခဲ့ခြင်းနှင့်ပတ်သက်၍ ယောနညည်းတွားခဲ့ခြင်းကို ယေဟောဝါ၏တုံ့ ပြန်ခြင်းက ကျွန်ုပ်တို့ခေတ်တွင်ရှိ လူများကို ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် ကရုဏာမေတ္တာတင်ပြသောအခါ ကျွန်ုပ်တို့ညည်းညူမှုမပြုမိအောင် တားဆီးမှု ဖြစ်စေသင့်သည်။ နှစ်စဉ် ထောင်ပေါင်းများစွာသောသူတို့ ယေဟောဝါအား နှိမ့်ချသောနှလုံးဖြင့် ယုံကြည်လာကြခြင်းကြောင့် အမှန်ပင် ရွှင်လန်းဝမ်းမြောက်ကြစို့။