ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၁၁/၁ စာ. ၈-၁၃
  • ယေဟောဝါသည် စိတ်ရှည်သောဘုရားသခင်ဖြစ်တော်မူ၏

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသည် စိတ်ရှည်သောဘုရားသခင်ဖြစ်တော်မူ၏
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ၏ အဓိကဂုဏ်ရည်တော်များနှင့် ညီညွတ်ခြင်း
  • ရေလွှမ်းမိုးဘေးမတိုင်မီ ယေဟောဝါ၏စိတ်ရှည်ခြင်း
  • ဣသရေလလူတို့အပေါ် စံထားအပ်သောစိတ်ရှည်ခြင်း
  • ယေဟောဝါ၏စိတ်ရှည်ခြင်း ကုန်ခန်းမသွား
  • ကိုယ်တော်၏နာမတော်အတွက်ကြောင့် စိတ်ရှည်ခြင်း
  • ယေဟောဝါ၏စိတ်ရှည်တော်မူခြင်းက ကယ်တင်ခြင်းဖြစ်စေ
  • စိတ်ရှည်ခြင်းစံပြများကို ဆင်ခြင်သုံးသပ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ‘သင်တို့သည် စိတ်ရှည်ခြင်းကို ယူတင်ဝတ်ဆောင်ကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်ရှိကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • စိတ်ရှည်ခြင်း
    ယေဟောဝါအား တေးသီကျူးကြ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၁၁/၁ စာ. ၈-၁၃

ယေဟောဝါသည် စိတ်ရှည်သောဘုရားသခင်ဖြစ်တော်မူ၏

‘ယေဟောဝါဘုရားသခင်သည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ အမျက်ထွက်နှေးသောသဘော၊ ကရုဏာနှင့်ကြွယ်ဝသောသဘောရှိတော်မူ၏။’—ထွက်မြောက်ရာ ၃၄:၆၊ ကဘ။

၁၊ ၂။ (က) ယေဟောဝါ၏စိတ်ရှည်ခြင်းမှ အတိတ်က မည်သူများအကျိုးခံစားခဲ့ရသနည်း။ (ခ) “စိတ်ရှည်ခြင်း” ဟူသောစကားလုံး၏ အဓိပ္ပာယ်ကားအဘယ်နည်း။

နောဧခေတ်ကလူများ၊ မောရှေနှင့်အတူ တောကန္တာရထဲ လှည့်လည်ခဲ့ကြသည့် ဣသရေလလူများ၊ မြေကြီးပေါ်၌ ယေရှုရှိစဉ် အသက်ရှင်ခဲ့ကြသောဂျူးများ အစရှိသူအားလုံးတို့သည် မတူညီသောအခြေအနေများအောက်တွင် အသက်ရှင်ခဲ့ကြ၏။ သို့သော် သူတို့အားလုံး ယေဟောဝါ၏အရည်အသွေးတစ်ခုဖြစ်သော စိတ်ရှည်ခြင်းမှ အကျိုးခံစားခဲ့ကြရ၏။ အချို့အတွက် အသက်ရှင်ရေးပင်ဖြစ်ခဲ့သည်။ ယေဟောဝါ၏စိတ်ရှည်ခြင်းသည် ကျွန်ုပ်တို့အတွက်လည်း အသက်ရှင်ရေးဖြစ်နိုင်ပေသည်။

၂ စိတ်ရှည်ခြင်းကား အဘယ်နည်း။ ယင်းကို ယေဟောဝါ အဘယ်အချိန်၌ပြတော်မူပြီး အဘယ်ကြောင့်ပြသနည်း။ “စိတ်ရှည်ခြင်း” ကို “ပျက်ပြားသွားသောဆက်ဆံရေး တိုးတက်ကောင်းမွန်လာမည်ဟူသော မျှော်လင့်ချက်ကိုမစွန့်လွှတ်ဘဲ ပြစ်မှားခြင်း သို့မဟုတ် အမျက်နှိုးဆော်ခြင်းကို သည်းညည်းခံလျက်နေခြင်း” ဟူ၍အနက်ဖွင့်ဆိုခဲ့ကြသည်။ သို့ဖြစ်၍ ဤအရည်အသွေး၌ ရည်ရွယ်ချက်တစ်ခုရှိသည်။ ယင်းသည် မနှစ်မြို့ဖွယ်သောအခြေအနေတစ်ခုကို ဖြစ်ပေါ်စေသူ၏အကျိုးကို အထူးသဖြင့်ထောက်ထား၏။ သို့သော် စိတ်ရှည်ခြင်းက မှားယွင်းမှုကိုအရေးမယူဘဲ လျစ်လျူရှုနေသည်ဟူသောအဓိပ္ပာယ် မသက်ရောက်ချေ။ စိတ်ရှည်ရသည့်ရည်ရွယ်ချက် အထမြောက်သွားသောအခါ သို့မဟုတ် အခြေအနေကို ဆက်လက်သည်းခံဖို့ ပြီးမြောက်လိုသည့်ရည်ရွယ်ချက်မရှိလျှင် စိတ်ရှည်မှုပြီးဆုံးသွားသည်။

၃။ ယေဟောဝါစိတ်ရှည်ခဲ့ရခြင်း၏ ရည်ရွယ်ချက်ကား အဘယ်နည်း၊ ယင်း၏ကန့်သတ်ချက်ကား အဘယ်နည်း။

၃ လူသားများသည် စိတ်ရှည်သည်းခံနိုင်ကြသော်လည်း ဤအရည်အသွေး၏ အကောင်းမြတ်ဆုံးပုံနမူနာမှာ ယေဟောဝါဖြစ်တော်မူသည်။ ယေဟောဝါနှင့် ကိုယ်တော်ဖန်ဆင်းထားသောလူသားတို့စပ်ကြား အပြစ်ကြောင့် ဆက်ဆံရေးပြတ်တောက်ခဲ့သောနှစ်များတစ်လျှောက်တွင် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် စိတ်ရှည်သည်းခံခဲ့ပြီး နောင်တရသောလူသားများ ကိုယ်တော်နှင့် ဆက်ဆံရေးပြန်ကောင်းလာစေနိုင်ရန် စီစဉ်ပေးထားတော်မူခဲ့ပြီ။ (၂ ပေတရု ၃:၉; ၁ ယောဟန် ၄:၁၀) သို့သော် ကိုယ်တော်စိတ်ရှည်ခဲ့ရခြင်း၏ရည်ရွယ်ချက် အထမြောက်သွားသောအခါ ဘုရားသခင်သည် တမင်တကာပြစ်မှားသူများကို အရေးယူပြီး လက်ရှိစနစ်ဆိုးကို အဆုံးတိုင်စေတော်မူမည်။—၂ ပေတရု ၃:၇။

ယေဟောဝါ၏ အဓိကဂုဏ်ရည်တော်များနှင့် ညီညွတ်ခြင်း

၄။ (က) ဟေဗြဲကျမ်းစောင်၌ စိတ်ရှည်ခြင်းသဘောကို မည်သို့ဖော်ပြထားသနည်း။ (အောက်ခြေမှတ်ချက်ကိုလည်းရှု။) (ခ) ပရောဖက်နာဟုံသည် ယေဟောဝါကို မည်သို့ရုပ်လုံးဖော်သနည်း၊ ယင်းက ယေဟောဝါ၏စိတ်ရှည်ခြင်းကို မည်သို့ဖော်ပြသနည်း။

၄ ဟေဗြဲကျမ်းစောင်များတွင် စိတ်ရှည်ခြင်းယူဆချက်ကို ဟေဗြဲစကားလုံးနှစ်လုံးဖြင့်ဖော်ပြပြီး စာသားအတိုင်းဆိုလျှင် “နှာခေါင်းပေါက်အရှည်” ဖြစ်ရာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း၌ “အမျက်ထွက်နှေးခြင်း” ဟူ၍ပြန်ဆိုထားသည်။a ဘုရားသခင့်စိတ်ရှည်ခြင်းအကြောင်း ဖော်ပြရာ၌ ပရောဖက်နာဟုံက ဤသို့ဆိုသည်– “ထာဝရဘုရားသည် စိတ်ရှည်တော်မူ၏။ တန်ခိုးလည်းကြီးတော်မူ၏။ သို့ရာတွင် အပြစ်တည်သောသူတို့ကို အပြစ်မှလွှတ်တော်မမူ။” (နာဟုံ ၁:၃) သို့ဖြစ်၍ ယေဟောဝါ၏စိတ်ရှည်ခြင်းသည် အားနည်းခြင်းလက္ခဏာမဟုတ်သကဲ့သို့ အကန့်အသတ်မရှိဘဲလည်းမဟုတ်ချေ။ ဘုန်းကြီးတော်မူသောဘုရားသခင်သည် အမျက်ထွက်နှေးစဉ် တစ်ချိန်တည်းတွင် တန်ခိုးကြီးမားတော်မူခြင်းက ကိုယ်တော်၏စိတ်ရှည်ခြင်းသည် ရည်ရွယ်ချက်ရှိရှိ ချုပ်တည်းခြင်းဖြစ်ကြောင်းထင်ရှားသည်။ ကိုယ်တော်၌အပြစ်ပေးရန် တန်ခိုးရှိသော်လည်း ပြစ်မှားသူအား ပြောင်းလဲဖို့အခွင့်အရေးပေးရန် ကိုယ်တော်သည် ချက်ချင်းအပြစ်မပေးဘဲ တမင်တကာချုပ်တည်းထားတော်မူ၏။ (ယေဇကျေလ ၁၈:၃၁၊ ၃၂) သို့ဖြစ်၍ ယေဟောဝါ၏စိတ်ရှည်ခြင်းသည် မေတ္တာကိုဖော်ပြခြင်းဖြစ်ပြီး တန်ခိုးတော်ကို အသုံးပြုရာတွင် ဉာဏ်ပညာတော်ထင်ရှားဖော်ပြသည်။

၅။ ယေဟောဝါ၏စိတ်ရှည်ခြင်းသည် ကိုယ်တော်၏တရားမျှတခြင်းနှင့် အဘယ်နည်းဖြင့် ကိုက်ညီနေသနည်း။

၅ ယေဟောဝါ၏စိတ်ရှည်ခြင်းသည် ကိုယ်တော်၏တရားမျှတခြင်း၊ ဖြောင့်မတ်တော်မူခြင်းတို့နှင့်လည်း ကိုက်ညီ၏။ ကိုယ်တော်သည် ‘သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ အမျက်ထွက်နှေးသောသဘော [“စိတ်ရှည်ခြင်း”]၊ ကရုဏာနှင့်ကြွယ်ဝသောသဘော ရှိတော်မူသောဘုရားသခင်’ ဖြစ်ကြောင်း မောရှေကိုဖော်ပြခဲ့၏။ (ထွက်မြောက်ရာ ၃၄:၆၊ ကဘ) နှစ်အတန်ကြာပြီးနောက် မောရှေသည် ယေဟောဝါအား ဤသို့ချီးမွမ်းသီဆိုခဲ့သည်– “စီရင်တော်မူသမျှတို့သည် တရားနှင့်ညီလျက် [တည်ကြည်] သောဘုရား [သခင်]၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရား[သခင်] ဖြစ်တော်မူ၏။” (တရားဟောရာ ၃၂:၄) မှန်ပါသည်၊ ယေဟောဝါ၏ကရုဏာ၊ စိတ်ရှည်ခြင်း၊ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့သည် ညီညွတ်စွာအတူတကွပူးပေါင်းလုပ်ဆောင်လေသည်။

ရေလွှမ်းမိုးဘေးမတိုင်မီ ယေဟောဝါ၏စိတ်ရှည်ခြင်း

၆။ ယေဟောဝါသည် အာဒံနှင့် ဧဝတို့၏သားစဉ်မြေးဆက်အပေါ် အဘယ်မှတ်သားလောက်ဖွယ် စိတ်ရှည်ခြင်းကို အထင်အရှားဖော်ပြခဲ့သနည်း။

၆ ဧဒင်တွင် အာဒံနှင့် ဧဝတို့၏ပုန်ကန်မှုက သူတို့၏မေတ္တာရှိသောဖန်ဆင်းရှင် ယေဟောဝါနှင့် သူတို့၏တန်ဖိုးရှိလှသောဆက်ဆံရေးကို ထာဝစဉ်ပြတ်တောက်သွားစေခဲ့၏။ (ကမ္ဘာဦး ၃:၈-၁၃၊ ၂၃၊ ၂၄) ဤကင်းကွာခြင်းက အပြစ်၊ မစုံလင်မှုနှင့် သေခြင်းကိုအမွေခံခဲ့သော သူတို့၏သားစဉ်မြေးဆက်ကို ထိခိုက်ခဲ့သည်။ (ရောမ ၅:၁၇-၁၉) ကနဦးလူသားမောင်နှံသည် တမင်တကာအပြစ်ကျူးလွန်သူများဖြစ်ကြသော်လည်း ယေဟောဝါသည် သူတို့ကို သားသမီးများမွေးဖွားခွင့်ပေးခဲ့သည်။ နောက်ပိုင်းတွင် အာဒံနှင့် ဧဝတို့၏သားစဉ်မြေးဆက်သည် ကိုယ်တော်နှင့် ပြန်လည်သင့်မြတ်နိုင်စေရန် မေတ္တာပါစွာ လမ်းဖွင့်ပေးခဲ့သည်။ (ယောဟန် ၃:၁၆၊ ၃၆) တမန်တော်ပေါလုဤသို့ရှင်းပြသည်– “ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့်အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အားထင်ရှားစွာပြတော်မူ၏။ သို့ဖြစ်၍ ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ရောက်မည်ဟု သာ၍မျှော်လင့်စရာရှိ၏။ အကြောင်းမူကား၊ ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော် အသေခံတော်မူခြင်းအားဖြင့်၊ ငါတို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းကျေးဇူးတော်ကို ခံရသည်မှန်လျှင်၊ မိတ်သဟာယဖွဲ့ပြီးမှ၊ အသက်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ရောက်မည်ဟု သာ၍မျှော်လင့်စရာရှိ၏။”—ရောမ ၅:၈-၁၀။

၇။ ရေလွှမ်းမိုးဘေးမတိုင်မီ စိတ်ရှည်ခြင်းကို ယေဟောဝါမည်သို့ပြခဲ့သနည်း၊ ရေလွှမ်းမိုးဘေးမတိုင်မီက လူမျိုးဆက်ကို ဖျက်ဆီးခဲ့ခြင်းသည် အဘယ်ကြောင့်တော်မှန်ဖြောင့်မတ်သနည်း။

၇ ယေဟောဝါ၏စိတ်ရှည်ခြင်းကို နောဧခေတ်တွင် တွေ့မြင်ခဲ့ရသည်။ ရေလွှမ်းမိုးခြင်းမတိုင်မီ ရာစုနှစ်တစ်ခုကျော်က “ဘုရားသခင်သည် မြေကြီးကိုကြည့်ရှုသောအခါ ပုပ်စပ်လျက်ရှိသည်ကိုမြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖောက်ပြန်ခြင်းသို့ရောက်ကြပြီ။” (ကမ္ဘာဦး ၆:၁၂) သို့တိုင် ယေဟောဝါသည် လူသားတို့အပေါ် ကန့်သတ်ထားချိန်အတွင်း စိတ်ရှည်တော်မူခဲ့၏။ ကိုယ်တော် ဤသို့မိန့်တော်မူခဲ့သည်– “ငါ့ဝိညာဉ်သည်လူတို့တွင် အစဉ်မဆုံးမရ။ အကြောင်းမူကား လူတို့သည်အသားဖြစ်၏။ သူ၏အသက်တမ်းသည်လည်း အနှစ်တစ်ရာနှစ်ဆယ်ဖြစ်စေ။” (ကမ္ဘာဦး ၆:၃) ဤအနှစ် ၁၂၀ အတွင်း တည်ကြည်သောနောဧသည် မိသားစုတစ်စုဖြစ်ပေါ်စေရန်နှင့်—ဘုရားသခင်၏အမိန့် အသိပေးခံရသောအခါ— သင်္ဘောဆောက်ရန်၊ သူ၏တစ်ခေတ်တည်းသားတို့အား ရေလွှမ်းမိုးဘေးဖြစ်လိမ့်မည်အကြောင်း သတိပေးရန် အချိန်ရရှိစေခဲ့သည်။ တမန်တော်ပေတရု ဤသို့ရေးသားခဲ့သည်– “နောဧလက်ထက်၌၊ နည်းသောသူတည်းဟူသော လူရှစ်ယောက်တို့ကို ရေအားဖြင့် ကယ်ဆယ်သောသင်္ဘောကိုတည်လုပ်စဉ်တွင်၊ ဘုရားသခင်၏ [စိတ်ရှည်ခြင်းနှင့် ဆက်စပ်သောအရည်အသွေးတစ်ခု] သည် ဆိုင်းလင့်တော်မူ” သည်။ (၁ ပေတရု ၃:၂၀) မှန်ပါသည်၊ နောဧ၏ သွေးသားရင်းချာအိမ်ထောင်စုပြင်ပရှိသူတို့မှာ သူ၏ဟောပြောခြင်းကို “သတိမဲ့” လျက်နေကြသည်။ (မဿဲ ၂၄:၃၈၊ ၃၉) သို့သော် နောဧကို သင်္ဘောဆောက်စေ၍ ‘ဖြောင့်မတ်ခြင်းတရားကိုဟောသူ’ အဖြစ် ဆယ်စုနှစ်များစွာ အမှုဆောင်စေခြင်းအားဖြင့် ယေဟောဝါသည် နောဧ၏တစ်ခေတ်တည်းသားများကို သူတို့၏အကြမ်းဖက်လမ်းစဉ်များမှ နောင်တယူရန်နှင့် ကိုယ်တော်အား ဝတ်ပြုကိုးကွယ်ခြင်းဘက်လှည့်လာစေရန် အချိန်အလုံအလောက်ပေးခဲ့သည်။ (၂ ပေတရု ၂:၅; ဟေဗြဲ ၁၁:၇) ထိုဆိုးညစ်သောလူမျိုးဆက်ကို နောက်ဆုံးတွင်ဖျက်ဆီးရခြင်းမှာ လုံးဝတော်မှန်ဖြောင့်မတ်ပေသည်။

ဣသရေလလူတို့အပေါ် စံထားအပ်သောစိတ်ရှည်ခြင်း

၈။ ဣသရေလလူတို့အပေါ် စိတ်ရှည်ခြင်းကို ယေဟောဝါ မည်သို့ဖော်ပြတော်မူခဲ့သနည်း။

၈ ဣသရေလလူတို့အပေါ် ယေဟောဝါစိတ်ရှည်ခဲ့ချိန်မှာ နှစ်ပေါင်း ၁၂၀ ထက်များစွာကျော်သည်။ ဘုရားသခင်၏ရွေးချယ်ခံလူမျိုးအဖြစ် သူတို့၏သမိုင်း နှစ်ပေါင်း ၁,၅၀၀ ကျော်တစ်လျှောက် အများအားဖြင့် ဘုရားသခင်၏စိတ်ရှည်ခြင်းကို နောက်ဆုံးအဆင့်အထိ စမ်းသပ်ခဲ့ကြသည်။ အီဂျစ်ပြည်မှ အံ့ဖွယ်နည်းဖြင့် သူတို့လွတ်မြောက်လာပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် သူတို့၏ကယ်တင်ရှင်ကို အကြီးအကျယ်အရိုအသေကင်းမဲ့ပြီး ရုပ်ပုံကိုကိုးကွယ်ခဲ့ကြ၏။ (ထွက်မြောက်ရာ ၃၂:၄; ဆာလံ ၁၀၆:၂၁၊ ၂၂) နောက်ပိုင်း ဆယ်စုနှစ်များတစ်လျှောက်အတွင်း ဣသရေလလူတို့သည် တောကန္တာရ၌ ယေဟောဝါ အံ့ဖွယ်နည်းဖြင့်ပြင်ဆင်ပေးသော အစာကို အပြစ်ရှာ၏၊ မောရှေနှင့် အာရုန်ကိုအပြစ်တင်၍ မြည်တမ်းကြသည်၊ ယေဟောဝါကိုပြစ်မှားပြောဆိုကြပြီး အယူမှားသူတို့နှင့် မတရားမေထုန်ပြုခဲ့ကြသည့်အပြင် ဗာလဝတ်ပြုကိုးကွယ်မှု၌ပင် ပါဝင်ခဲ့ကြသည်။ (တောလည်ရာ ၁၁:၄-၆; ၁၄:၂-၄; ၂၁:၅; ၂၅:၁-၃; ၁ ကောရိန္သု ၁၀:၆-၁၁) ယေဟောဝါသည် မိမိလူတို့ကို အစတုံးပစ်ပိုင်ခွင့်ရှိသည်၊ သို့သော် ယင်းအစား စိတ်ရှည်ခြင်းကို ကိုယ်တော်တင်ပြတော်မူခဲ့၏။—တောလည်ရာ ၁၄:၁၁-၂၁။

၉။ ယေဟောဝါသည် တရားသူကြီးများခေတ်နှင့် ဘုရင်များအုပ်စိုးချိန်တွင် စိတ်ရှည်တော်မူသောဘုရားသခင်ဖြစ်ကြောင်း မည်သို့တင်ပြတော်မူခဲ့သနည်း။

၉ တရားသူကြီးများအချိန်တွင် ဣသရေလလူတို့သည် ရုပ်ပုံကိုးကွယ်ခြင်းကို ထပ်ခါတလဲပြုခဲ့ကြသည်။ ထိုသို့ သူတို့ပြုသောအခါ ယေဟောဝါသည် သူတို့၏ရန်သူလက်ထဲ အပ်တော်မူခဲ့သည်။ သို့သော် သူတို့နောင်တယူ၍ အကူအညီတောင်းခံသောအခါ စိတ်ရှည်ခြင်းတင်ပြကာ သူတို့ကိုကယ်နုတ်ရန် တရားသူကြီးများကို ပေါ်ထွန်းစေခဲ့သည်။ (တရားသူကြီး ၂:၁၇၊ ၁၈) ဘုရင်များအုပ်စိုးသည့် အတန်ကြာကာလတွင် ရှင်ဘုရင်အနည်းငယ်သာ ယေဟောဝါကို အပြည့်အဝကိုးကွယ်ဆည်းကပ်ခဲ့ကြသည်။ တည်ကြည်သောမင်းများလက်ထက်၌ပင်လျှင် လူတို့သည် စစ်မှန်သောဝတ်ပြုရေးကို မှားယွင်းမှုများနှင့် ရောနှောလေ့ရှိသည်။ ယေဟောဝါသည် မတည်ကြည်မှုကို သတိပေးရန် ပရောဖက်များကိုပေါ်ထွန်းစေသောအခါ လူတို့သည် ဖောက်ပြန်သောယဇ်ပုရောဟိတ်များနှင့် ပရောဖက်အတုအယောင်များကိုနားထောင်ရန် အများအားဖြင့် သာ၍နှစ်သက်လေ့ရှိကြသည်။ (ယေရမိ ၅:၃၁; ၂၅:၄-၇) အမှန်မှာ ဣသရေလလူတို့သည် ယေဟောဝါ၏တည်ကြည်သောပရောဖက်များကို နှိပ်စက်ညှဉ်းပန်းခဲ့ကြပြီး သူတို့ထဲမှ အချို့ကိုသတ်ပစ်ခဲ့ကြ၏။ (၂ ရာဇဝင်ချုပ် ၂၄:၂၀၊ ၂၁; တမန်တော် ၇:၅၁၊ ၅၂) မည်သို့ပင်ဖြစ်စေ ယေဟောဝါသည် စိတ်ရှည်ခြင်းကို ဆက်လက်တင်ပြခဲ့၏။—၂ ရာဇဝင်ချုပ် ၃၆:၁၅။

ယေဟောဝါ၏စိတ်ရှည်ခြင်း ကုန်ခန်းမသွား

၁၀။ ယေဟောဝါ၏စိတ်ရှည်ခြင်းသည် မည်သည့်အချိန်၌ ကန့်သတ်ချိန်အဆုံးသို့ရောက်ခဲ့သနည်း။

၁၀ သို့သော် ဘုရားသခင့်စိတ်ရှည်တော်မူခြင်းမှာ အကန့်အသတ်တစ်ရပ်ရှိကြောင်း သမိုင်းကဖော်ပြသည်။ ဘီ.စီ.အီး. ၇၄၀ တွင် ဣသရေလဆယ်နွယ်နိုင်ငံကို အာရှုရိလူတို့အား ကိုယ်တော်ဖျက်ဆီးစေခဲ့ပြီး ပြည်သူပြည်သားများကို ပြည်နှင်ဒဏ်ခံစေခဲ့၏။ (၄ ဓမ္မရာဇဝင် ၁၇:၅၊ ၆) ထို့ပြင် နောက်ရာစုနှစ်အကုန်ပိုင်းတွင် ယုဒနှစ်နွယ်နိုင်ငံကို ဗာဗုလုန်များအား သိမ်းပိုက်စေပြီး ယေရုရှလင်နှင့် ယင်း၏ဝတ်ပြုရာအိမ်တော်ကို ဖျက်ဆီးပစ်စေခဲ့သည်။—၂ ရာဇဝင်ချုပ် ၃၆:၁၆-၁၉။

၁၁။ ယေဟောဝါသည် တရားစီရင်တော်မူချိန်တွင်ပင် စိတ်ရှည်ခြင်းကို မည်သို့တင်ပြတော်မူခဲ့သနည်း။

၁၁ သို့သော် ယေဟောဝါသည် ဣသရေလနှင့် ယုဒတို့ကို တရားစီရင်စဉ်၌ပင် စိတ်ရှည်ရန် မေ့လျော့တော်မမူခဲ့ချေ။ ပရောဖက်ယေရမိအားဖြင့် ယေဟောဝါသည် မိမိရွေးချယ်ထားသောလူမျိုး၏ ပြန်လည်တည်ထောင်ခြင်းကို တင်ကူးမိန့်ဆိုခဲ့သည်။ ဤသို့ ကိုယ်တော်မိန့်တော်မူ၏– “ဗာဗုလုန်မြို့၌ အနှစ်ခုနစ်ဆယ်စေ့သောအခါ သင်တို့ကို ငါအကြည့်အရှုကြွလာမည်။ ငါထားသောကတိကောင်းကို တည်စေ၍ သင်တို့ကို ဤပြည်သို့ငါပို့ဆောင်ဦးမည်။ ငါသည်လည်း သင်တို့အတွေ့ကိုခံမည်။ အထက်က ငါနှင်ထုတ်၍ သင်တို့ခံရသောသိမ်းသွားခြင်းအမှုကို ငါသည်ဖြေရှင်းခြင်းငှာ တိုင်းနိုင်ငံအရပ်ရပ်တို့မှ သင်တို့ကို ငါစုသိမ်းပြီးလျှင် အထက်ကငါနှင်ထုတ်၍ သင်တို့ရှုံးသောပြည်သို့ တစ်ဖန်ငါဆောင်ခဲ့ဦးမည်။”—ယေရမိ ၂၉:၁၀၊ ၁၄။

၁၂။ ယုဒပြည်သို့ ဂျူးအကြွင်းအကျန်ပြန်လာခြင်းက မေရှိယကြွလာတော်မူခြင်းနှင့်စပ်လျဉ်း၍ ဘုရားသခင့်လမ်းညွှန်မှုဖြစ်ကြောင်း မည်သို့သက်သေထူသနည်း။

၁၂ ပြင်နှင်ခံရသောဂျူးများမှ အကြွင်းအကျန်တို့သည် ယုဒသို့အမှန်ပင်ပြန်လာကြပြီး ယေရုရှလင်မြို့ရှိ ပြန်လည်တည်ဆောက်သော ဝတ်ပြုရာအိမ်တော်၌ ယေဟောဝါ၏ ဝတ်ပြုကိုးကွယ်မှုကို ပြန်ရှင်သန်စေခဲ့ကြ၏။ ယေဟောဝါ၏ရည်ရွယ်တော်မူချက်များ အကောင်အထည်ဖော်ခြင်းတွင် ဤအကြွင်းအကျန်သည် အားသစ်လောင်းမှုနှင့် ကြီးပွားမှုကိုဖြစ်စေသည့် ‘ယေဟောဝါပေးတော်မူသောနှင်း’ ကဲ့သို့ ဖြစ်လာမည်။ သူတို့သည် “တောသားရဲတို့တွင် ခြင်္သေ့” ကဲ့သို့ ရဲစွမ်းသတ္တိနှင့် အစွမ်းခွန်အားရှိလိမ့်မည်။ (မိက္ခာ ၅:၇၊ ၈) ဤစကားအသုံးအနှုန်းအတိုင်း မက္ကဘီးကာလအတွင်း ပြည့်စုံခဲ့ပေမည်၊ ထိုအချိန်တွင် မက္ကဘီးဂျူးများသည် သူတို့၏ရန်သူများကို ကတိထားရာပြည်မှ နှင်ထုတ်ခဲ့၍ ညစ်ညူးနေသောဝတ်ပြုရာအိမ်တော်ကို ပြန်လည်အပ်နှံပွဲပြုလုပ်ခဲ့၏။ သို့ဖြင့် အဆိုပါမြေနှင့် ဝတ်ပြုရာအိမ်တော်သည် ဆက်ထိန်းသိမ်းခံခဲ့ရရာ ထိုတွင် မေရှိယအဖြစ် ဘုရားသခင့်သားတော်ပေါ်ထွန်းလာသောအခါ တည်ကြည်သောနောက်ထပ်အကြွင်းအကျန်က လက်ခံကြိုဆိုနိုင်ကြပေမည်။—ဒံယေလ ၉:၂၅; လုကာ ၁:၁၃-၁၇၊ ၆၇-၇၉; ၃:၁၅၊ ၂၁၊ ၂၂။

၁၃။ ယေဟောဝါ၏သားတော်ကို ဂျူးတို့က သတ်ခဲ့ပြီးနောက်၌ပင် သူတို့အား စိတ်ရှည်ခြင်းကို ကိုယ်တော်မည်သို့ဆက်လက်တင်ပြခဲ့သနည်း။

၁၃ ယေဟောဝါသည် မိမိ၏သားတော်ကို ဂျူးတို့သတ်ပြီးနောက်၌ပင် နောက်ထပ်သုံးနှစ်ခွဲတာကာလတိုင် စိတ်ရှည်ခြင်းကို ဆက်လက်တင်ပြခဲ့ပြီး သူတို့အား အာဗြဟံ၏ ဝိညာဉ်ရေးမျိုးနွယ်တွင်ပါဝင်ခွင့်ရရှိစေရန် ခေါ်တော်မူခဲ့သည်။ (ဒံယေလ ၉:၂၇)b စီ.အီး. ၃၆ မတိုင်မီနှင့် နောက်ပိုင်းတွင် ဂျူးအချို့သည် ဤခေါ်တော်မူခြင်းကိုလက်ခံခဲ့ရာ နောက်ပိုင်းတွင် ပေါလုပြောသကဲ့သို့ “ကျေးဇူးတော်အတိုင်း ရွေးကောက်တော်မူသော အကြွင်းအကျန်ရှိ” လာခဲ့သည်။—ရောမ ၁၁:၅။

၁၄။ (က) စီ.အီး. ၃၆ တွင် အာဗြဟံ၏ ဝိညာဉ်ရေးမျိုးနွယ်၌ပါဝင်ခွင့်ကို မည်သူတို့အား ထပ်ဆင့်ကမ်းလှမ်းခဲ့သနည်း။ (ခ) ဝိညာဉ်ရေးဣသရေလဝင်များကို ဘုရားသခင်ရွေးချယ်နည်းနှင့်ပတ်သက်၍ မိမိ၏ခံစားချက်များကို ပေါလုမည်သို့ဖော်ပြခဲ့သနည်း။

၁၄ စီ.အီး. ၃၆ တွင် အာဗြဟံ၏ ဝိညာဉ်ရေးမျိုးနွယ်တွင်ပါဝင်ခွင့်ကို ဂျူးများလည်းမဟုတ်၊ ဂျူးဘာသာဝင်များလည်းမဟုတ်သူတို့အား ဦးဆုံးအကြိမ် ထပ်ဆင့်ကမ်းလှမ်းခဲ့သည်။ တုံ့ပြန်လက်ခံသူ မည်သူမဆိုသည်လည်း ယေဟောဝါ၏မခံစားထိုက်သောကရုဏာတော်နှင့် စိတ်ရှည်ခြင်းကို ခံရသူများဖြစ်လာခဲ့ကြ၏။ (ဂလာတိ ၃:၂၆-၂၉; ဧဖက် ၂:၄-၇) ယေဟောဝါ၏ကရုဏာပါ စိတ်ရှည်ခြင်းနောက်ကွယ်ရှိ ဉာဏ်ပညာနှင့် ရည်ရွယ်တော်မူချက်အားဖြင့် ဝိညာဉ်ရေးဣသရေလလူမျိုးကို ဖြည့်စွက်ရန် ခေါ်တော်မူခြင်းခံရသူများ၏ အရေအတွက်စုစုပေါင်း ပေါ်ထွက်စေခြင်းကို အလွန်ကျေးဇူးတင်လေးမြတ်စွာ ပေါလုဤသို့ကြွေးကြော်ခဲ့သည်– “ဘုရားသခင်၏ပညာနှင့်ဉာဏ်တော်သည် အလွန်ကျယ်ဝန်းနက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှ စစ်၍မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်း မတွေ့မမီနိုင်။”—ရောမ ၁၁:၂၅၊ ၂၆၊ ၃၃; ဂလာတိ ၆:၁၅၊ ၁၆။

ကိုယ်တော်၏နာမတော်အတွက်ကြောင့် စိတ်ရှည်ခြင်း

၁၅။ ဘုရားသခင့်စိတ်ရှည်တော်မူရခြင်း၏ အဓိကအကြောင်းရင်းကား အဘယ်နည်း၊ အဘယ်ကိစ္စကိုဖြေရှင်းရန် အချိန်လိုအပ်ခဲ့သနည်း။

၁၅ ယေဟောဝါသည် စိတ်ရှည်ခြင်းကို အဘယ်ကြောင့်တင်ပြတော်မူသနည်း။ အဓိကအားဖြင့် ကိုယ်တော်၏သန့်ရှင်းသောနာမတော်ထင်ရှားစေရေးနှင့် ကိုယ်တော်၏ပိုင်သအုပ်စိုးမှုကို သံသယကင်းရှင်းရေးအတွက်ဖြစ်သည်။ (၁ ဓမ္မရာဇဝင် ၁၂:၂၀-၂၂) ယေဟောဝါသည် မိမိ၏ပိုင်သအုပ်စိုးမှုကို အသုံးပြုပုံနှင့်ပတ်သက်၍ ကိုယ်ကျင့်တရားကိစ္စကို စာတန်ပေါ်ပေါက်စေခဲ့ရာ ဖန်ဆင်းခြင်းအားလုံးရှေ့ ကျေနပ်လောက်အောင် ဖြေရှင်းပေးရန် အချိန်လိုအပ်ခဲ့သည်။ (ယောဘ ၁:၉-၁၁; ယောဘ ၄၂:၂၊ ၅၊ ၆) သို့ဖြစ်၍ အီဂျစ်ပြည်တွင် မိမိလူတို့ ညှဉ်းပန်းခံခဲ့ရသောအခါ ဖာရောမင်းကို ယေဟောဝါဤသို့မိန့်တော်မူခဲ့သည်– “အကယ်စင်စစ် ငါ့တန်ခိုးကို သင်၌ငါပြခြင်းငှာလည်းကောင်း၊ ငါ့နာမကို မြေကြီးတစ်ပြင်လုံးတွင် ကျော်စောစေခြင်းငှာလည်းကောင်း သင့်ကိုငါချီးမြှောက်ခဲ့ပြီ။”—ထွက်မြောက်ရာ ၉:၁၆။

၁၆။ (က) ယေဟောဝါ၏စိတ်ရှည်တော်မူခြင်းက မိမိ၏နာမတော်အတွက် လူမျိုးတစ်မျိုးကို မည်သို့ပြင်ဆင်စေနိုင်ခဲ့သနည်း။ (ခ) ယေဟောဝါ၏နာမတော်သည် မည်သို့သန့်ရှင်း၍ ကိုယ်တော်၏ပိုင်သအုပ်စိုးမှုလည်း မည်သို့သံသယကင်းရှင်းလိမ့်မည်နည်း။

၁၆ ယေဟောဝါ၏ သန့်ရှင်းသောနာမတော်ကို ဂုဏ်တင်ရာတွင် ဘုရားသခင့်စိတ်ရှည်ခြင်းအခန်းကဏ္ဍကိုရှင်းပြရန် တမန်တော်ပေါလုသည် ဖာရောမင်းအား ယေဟောဝါမိန့်တော်မူခဲ့သောစကားများကို ကိုးကားခဲ့သည်။ ထို့ပြင် ပေါလုဤသို့ရေးသားခဲ့သည်– “ဘုရားသခင်သည် မိမိအမျက်တော်ကိုပြ၍ တန်ခိုးတော်ကိုထင်ရှားစေခြင်းငှာ အလိုတော်ရှိလျက် ပျက်စီးခြင်းအဖို့ပြင်ဆင်သော အမျက်ခံရာအိုးများကို အလွန်ရှည်သောစိတ်နှင့် သည်းခံတော်မူသည်မှန်လျှင် အဘယ်ဆိုဖွယ်ရှိအံ့နည်း။ ချီးမြှောက်ခြင်းအဖို့ပြင်ဆင်တော်မူနှင့်သော ကရုဏာခံရာအိုးများတည်းဟူသော၊ ယုဒအမျိုးသားတို့အထဲမှသာမဟုတ်၊ လူမျိုးခြားတို့အထဲမှလည်း ခေါ်တော်မူသောငါတို့၌ ဘုန်းတော်ကြွယ်ဝခြင်းကို ထင်ရှားစေခြင်းငှာ ပြုတော်မူသည်မှန်လျှင် အဘယ်ဆိုဖွယ်ရှိအံ့နည်း။ ထိုသို့နှင့်အညီ ဟောရှေ၏ကျမ်းစာ၌လာသည်ကား ‘ငါ၏လူမဟုတ်သောသူကို “ငါ၏လူ” ဟူ၍ ငါခေါ်မည်။’ ” (ရောမ ၉:၁၇၊ ၂၂-၂၅) ယေဟောဝါသည် စိတ်ရှည်တော်မူခဲ့သောကြောင့် တစ်ပါးအမျိုးသားများထဲမှ “နာမတော်အဖို့ လူတစ်မျိုးကို” ရွေးနုတ်နိုင်ခဲ့သည်။ (တမန်တော် ၁၅:၁၄၊ သမ္မာ) သူတို့၏ဦးခေါင်း ယေရှုခရစ်တော်လက်အောက်တွင် ဤ “သန့်ရှင်းသူတို့” သည် ယေဟောဝါ၏မြင့်မြတ်သောနာမတော်ကို သန့်ရှင်းစေရန်နှင့် ကိုယ်တော်၏ပိုင်သအုပ်စိုးမှုကို သံသယကင်းစေရန် အသုံးပြုတော်မူမည့် ဘုရားသခင့်နိုင်ငံတော်၏အမွေခံများ ဖြစ်ကြသည်။—ဒံယေလ ၂:၄၄၊ ၄၅; ၇:၁၃၊ ၁၄၊ ၂၇; ဗျာဒိတ် ၄:၉-၁၁; ၅:၉၊ ၁၀။

ယေဟောဝါ၏စိတ်ရှည်တော်မူခြင်းက ကယ်တင်ခြင်းဖြစ်စေ

၁၇၊ ၁၈။ (က) အဘယ်အရာကို ပြုလုပ်ခြင်းဖြင့် ယေဟောဝါစိတ်ရှည်တော်မူခြင်းကို ကျွန်ုပ်တို့ မရည်ရွယ်ဘဲအပြစ်တင်ရာရောက်နေနိုင်သနည်း။ (ခ) ယေဟောဝါ၏စိတ်ရှည်တော်မူခြင်းကို မည်သို့ရှုမြင်ရန် ကျွန်ုပ်တို့တိုက်တွန်းခံရသနည်း။

၁၇ လူသားများ အပြစ်စပြုကတည်းက ယခုအချိန်အထိ ယေဟောဝါသည် စိတ်ရှည်တော်မူသောဘုရားသခင်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ကိုယ်တော်၏စိတ်ရှည်ခြင်းကြောင့် ရေလွှမ်းမိုးဘေးမတိုင်မီ လူတို့ကိုသတိပေးပြီး ကယ်တင်ခြင်းရဖို့တည်ဆောက်ပေးရန် အချိန်ရခဲ့၏။ သို့သော် ကိုယ်တော်၏စိတ်ရှည်ခြင်းသည် သတ်မှတ်ထားချိန်သို့ရောက်လာပြီး ရေလွှမ်းမိုးဘေး ဆိုက်ရောက်ခဲ့သည်။ အလားတူ ယနေ့လည်း ယေဟောဝါသည် အလွန်စိတ်ရှည်တော်မူ၍ ယင်းသည် အချို့သူတို့ထင်သည်ထက် သာ၍အချိန်ကြာမြင့်သည်။ သို့သော် ယင်းကြောင့်လက်လျှော့အရှုံးပေးရမည်မဟုတ်ချေ။ ထိုသို့ပြုခြင်းက ဘုရားသခင်စိတ်ရှည်တော်မူခြင်းကို အပြစ်တင်ရာကျပေလိမ့်မည်။ ပေါလုဤသို့မေးမြန်းခဲ့သည်– “ဘုရားသခင်၏ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့သွေးဆောင်သည်ကို မသိမမှတ်ဘဲ၊ ကြွယ်ဝစွာကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။”—ရောမ ၂:၄။

၁၈ ကျွန်ုပ်တို့ကယ်တင်ခြင်းအတွက် ဘုရားသခင့်မျက်နှာသာရဖို့ သေချာစေရန် အဘယ်အတိုင်းအတာအထိ ကိုယ်တော်၏စိတ်ရှည်ခြင်းကို ကျွန်ုပ်တို့လိုအပ်ကြောင်း မည်သူမျှမသိနိုင်ပေ။ ကျွန်ုပ်တို့သည် “ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် ကိုယ်ကိုကယ်တင်ခြင်းငှာ ကိုယ်တိုင်ကြိုးစားအားထုတ်ကြ” ရန် ပေါလုကဆုံးမထားသည်။ (ဖိလိပ္ပိ ၂:၁၂) တမန်တော်ပေတရုက ယုံကြည်သူခရစ်ယာန်ချင်းတို့ထံ ဤသို့ရေးသားခဲ့သည်– “လူအချို့တို့သည်၊ နှေးခြင်းကိုမှတ်သည်အတိုင်း ထာဝရဘုရားသည် ကတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှမပျက်စီးဘဲ ရှိသမျှတို့သည် နောင်တရစေခြင်းငှာ အလိုတော်ရှိ၍ ငါတို့ကိုသည်းခံတော်မူ၏။”—၂ ပေတရု ၃:၉။

၁၉။ ယေဟောဝါ၏စိတ်ရှည်တော်မူခြင်းကို ကျွန်ုပ်တို့ မည်သို့အခွင့်အရေးယူနိုင်သနည်း။

၁၉ သို့ဖြစ်၍ ကိစ္စရပ်များကို ယေဟောဝါကိုင်တွယ်ပုံနှင့်ပတ်သက်၍ ဘယ်သောအခါမျှ စိတ်မရှည်မဖြစ်ကြစို့နှင့်။ ယင်းအစား ကျွန်ုပ်တို့သည် ပေတရုထပ်မံဆုံးမသည့်အတိုင်းပြုကာ “ငါတို့သခင်ဘုရား သည်းခံတော်မူခြင်းသည် ကယ်တင်မည်အကြောင်းဖြစ်သည်ဟုမှတ်ကြ” စို့။ မည်သူ၏ကယ်တင်ခြင်းနည်း။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းအပြင် “[ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို” ကြားနာရဖို့ လိုအပ်နေသေးသော မရေမတွက်နိုင်သည့် အခြားသူများ၏ကယ်တင်ခြင်းဖြစ်သည်။ (၂ ပေတရု ၃:၁၅; မဿဲ ၂၄:၁၄) ယင်းက ယေဟောဝါ၏အလွန်စိတ်ရှည်တော်မူခြင်းကို သဘောပေါက်နားလည်စေ၍ ကျွန်ုပ်တို့ကိုယ်တိုင် အခြားသူများနှင့်ဆက်ဆံရာတွင် စိတ်ရှည်မှုတင်ပြရန် လှုံ့ဆော်ပေးလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

a  ဟေဗြဲဘာသာစကားတွင် “နှာခေါင်း” သို့မဟုတ် “နှာခေါင်းပေါက်” (အာ့ဖ်) အတွက်စကားလုံးကို ဒေါသထွက်ခြင်းနှင့်ပတ်သက်၍ တင်စားအသုံးပြုလေ့ရှိသည်။ ထိုသို့အသုံးပြုရခြင်းမှာ စိတ်ဆိုးနေသူတစ်ဦးသည် အသက်ပြင်းပြင်းရှူခြင်း သို့မဟုတ် နှာမှုတ်ခြင်းကြောင့်ဖြစ်၏။

b  ဤပရောဖက်ပြုချက်အကြောင်း နောက်ထပ်ရှင်းလင်းချက်အတွက် ယေဟောဝါသက်သေများထုတ်ဝေသော ဒံယေလပရောဖက်ပြုချက်စာအုပ် စာမျက်နှာ ၁၉၁-၄ [လိပ်] ကိုရှု။

သင်ရှင်းပြနိုင်သလော

• သမ္မာကျမ်းစာတွင် “စိတ်ရှည်ခြင်း” ဟူသောစကားလုံးသည် အဘယ်အရာကိုဆိုလိုသနည်း။

• ရေလွှမ်းမိုးဘေးမတိုင်မီ၊ ဗာဗုလုန်တွင်ချုပ်နှောင်ခံရပြီးနောက်နှင့် စီ.အီး. ပထမရာစုတွင် ယေဟောဝါသည် စိတ်ရှည်တော်မူကြောင်း မည်သို့တင်ပြတော်မူခဲ့သနည်း။

• ယေဟောဝါသည် အဘယ်အရေးကြီးသောအကြောင်းရင်းများကြောင့် စိတ်ရှည်ခဲ့သနည်း။

• ယေဟောဝါ၏စိတ်ရှည်တော်မူခြင်းကို ကျွန်ုပ်တို့ မည်သို့ရှုမြင်သင့်သနည်း။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ရေလွှမ်းမိုးဘေးမတိုင်မီ ယေဟောဝါ၏စိတ်ရှည်တော်မူခြင်းက လူတို့အား နောင်တယူရန် အခွင့်ကောင်းများစွာရရှိစေ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဗာဗုလုန်ကျဆုံးပြီးနောက် ဂျူးတို့သည် ယေဟောဝါ၏စိတ်ရှည်တော်မူခြင်းမှ အကျိုးခံစားခဲ့ရ

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ပထမရာစုတွင် ဂျူးများနှင့် ဂျူးမဟုတ်သူများပါ ယေဟောဝါ၏ စိတ်ရှည်တော်မူခြင်းမှ အကျိုးကျေးဇူးခံစားခဲ့ရ

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ယနေ့ ခရစ်ယာန်များသည် ယေဟောဝါ၏ စိတ်ရှည်တော်မူခြင်းကို အခွင့်ကောင်းယူအသုံးချကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ