အခန်း ၁၈
သခင့်နေ့တော်အတွင်းမှ ငလျင်များ
၁၊ ၂။ (က) ပြင်းထန်သောမြေငလျင်၏ အရသာမှာ မည်သို့နည်း။ (ခ) ဆဋ္ဌမတံဆိပ်ဖွင့်သောအခါ ယောဟန်မည်သို့ဖော်ပြသနည်း။
သင်သည် ပြင်းထန်သောငလျင်လှုပ်မှုနှင့် ကြုံဖူးသလော။ ပျော်ရွှင်ဖွယ်အတွေ့အကြုံ မဟုတ်ပါ။ ငလျင်ကြီးလှုပ်စ၌ မြေသည် တအုန်းအုန်းမြည်ဟိန်းသံနှင့်အတူ လူကိုမူးမော်စေလောက်အောင် သိမ့်သိမ့်ခါလာပေမည်။ သင်သည် အကာအကွယ်ရလိုရငြား စားပွဲစသည်အောက် ပြေးပုန်းသည့်အခါ မြေကြီးသည် လှုပ်တစ်ချက် နားတစ်ချက်ဖြင့် ပို၍ပို၍ဆိုးရွားစွာ ယိမ်းထိုးလာပေမည်။ သို့မဟုတ် ရုတ်ခြည်းတရကြမ်း ကိုင်လှုပ်လိုက်ခြင်းလည်း ဖြစ်ချင်ဖြစ်မည်။ အိုးခွက်ပန်းကန်များကျကွဲပြီး ပရိဘောဂများမက အဆောက်အအုံများပင် ဝုန်းခနဲပြိုပျက်လေတော့သည်။ အပျက်အစီး ကြီးမားနိုင်သည့်အပြင် သိမ့်ကြွင်းများ အကြိမ်ကြိမ်လှုပ်ရာမှ အပျက်အစီး ပိုများလာသဖြင့် တစ်ပူပေါ်နှစ်ပူ ဆင့်ကြရရှာသည်။
၂ ဤအချက်ကိုစွဲမှတ်လျက် ဆဋ္ဌမတံဆိပ်ဖွင့်စဉ် ယောဟန် မည်သို့ဖော်ပြသည်ကို သုံးသပ်ပါ– “သိုးသငယ်သည် ဆဋ္ဌမတံဆိပ်ကို ဖွင့်သောအခါ ငါကြည့်လျှင် ငလျင်ကြီး လှုပ်လေ၏။” (ဗျာဒိတ် ၆:၁၂က) ၎င်းသည် အခြားတံဆိပ်များဖွင့်သော အချိန်ဘောင်အတွင်း ဖြစ်ပျက်ရပေမည်။ သို့ဖြစ်၍ သခင့်နေ့တော်အတွင်း အဘယ်အချိန်၌ ထိုငလျင်လှုပ်ပြီး မည်သို့သောငလျင်မျိုးနည်း။—ဗျာဒိတ် ၁:၁၀။
၃။ (က) အဘယ်အရာများဖြစ်ပျက်မည်ဟု မိမိ၏ရောက်ရှိခြင်းပုဗ္ဗနိမိတ်ဆိုင်ရာ ပရောဖက်ပြုချက်၌ ယေရှုတင်ကူးမိန့်ဆိုခဲ့သနည်း။ (ခ) ပကတိငလျင်များသည် ဗျာဒိတ် ၆:၁၂ ပါ ပုံဆောင်ငလျင်ကြီးနှင့် မည်သို့ဆက်စပ်သနည်း။
၃ ကျမ်းစာထဲ၌ ပကတိငလျင်နှင့် တင်စားသောငလျင် နှစ်မျိုးစလုံးအကြောင်း အကြိမ်များစွာပါရှိသည်။ နိုင်ငံတော်တန်ခိုးနှင့်တကွ မိမိရောက်ရှိခြင်း ပုဗ္ဗနိမိတ်ဆိုင်ရာ မဟာပရောဖက်ပြုချက်တွင် “အရပ်ရပ်တို့၌ . . . မြေကြီးလှုပ်ခြင်းဖြစ်လိမ့်မည်” ဟု ယေရှုကြိုပြောခဲ့သည်။ ၎င်းသည် “ဒုက္ခဆင်းရဲခြင်း၏ အစအဦးဖြစ်” မည်။ ကမ္ဘာ့လူဦးရေ သန်းပေါင်းထောင်ချီ ဖြစ်လာသည်နှင့်အမျှ ၁၉၁၄ ခုမှစ၍ ပကတိမြေငလျင်များကြောင့် ကျွန်ုပ်တို့ခေတ်၏ ဆင်းရဲဒုက္ခများ သိသိသာသာ တိုးများလာသည်။ (မဿဲ ၂၄:၃၊ ၇၊ ၈) ၎င်းငလျင်များသည် ပရောဖက်ပြုချက်ကို ပြည့်စုံစေခြင်းဖြစ်သော်လည်း ပကတိ သဘာဝကပ်များသာဖြစ်သည်။ ဗျာဒိတ် ၆:၁၂ ပါ ပုံဆောင်ငလျင်ကြီး၏ ရှေ့ပြေးတည်း။ ထိုငလျင်ကြီးသည် စာတန်၏ လူသားဆိုင်ရာ မြေကြီးစနစ်ကို အောက်ခြေသိမ်းကိုင်လှုပ်သော ဆက်တိုက်ဖြစ်ပွားသည့် ရှေ့ပြေးတုန်ခါမှုများ၏ ဇာတ်သိမ်းခန်း အဖြစ် ဆိုက်ရောက်လာသည်။a
လူ့အဖွဲ့အစည်းအတွင်း တုန်ခါခြင်း
၄။ (က) ယေဟောဝါလူမျိုးတော်သည် အဘယ်အချိန်မှစ၍ ထိုကပ်ဘေးခြင်းရာများ ၁၉၁၄ ခုနှစ်မှစ၍ ဖြစ်ပျက်ရန် မျှော်လင့်ခဲ့ကြသနည်း။ (ခ) ၁၉၁၄ ခုနှစ်သည် အဘယ်ကာလပိုင်း၏အဆုံးကို သတ်မှတ်မည်ဖြစ်သနည်း။
၄ ကပ်ဘေးခြင်းရာများသည် ၁၉၁၄ ခုမှစ၍ဖြစ်ပျက်ပြီး တစ်ပါးအမျိုးသားများကာလ ကုန်ဆုံးခြင်းကို သတ်မှတ်မည်ဖြစ်ကြောင်း ၁၈၇၀ ပြည့်လွန်နှစ်များ၏ အလယ်ပိုင်းမှစ၍ ယေဟောဝါ၏လူမျိုးတော် မျှော်လင့်ခဲ့ကြသည်။ ၎င်းကာလမှာ “ခုနစ်ကာလ” (အနှစ် ၂,၅၂၀) ဖြစ်၍ ယေရုရှလင်မြို့ရှိ ဒါဝိဒ်နိုင်ငံ မှောက်လှန်ခံရသော ဘီစီ ၆၀၇ ခုနှစ်မှ အစပြုပြီး ကောင်းကင်ယေရုရှလင်တွင် ယေရှုနန်းထိုင်ရာ ၁၉၁၄ ခုနှစ်တွင် ကုန်ဆုံးသည်။—ဒံယေလ ၄:၂၄၊ ၂၅; လုကာ ၂၁:၂၄။b
၅။ (က) ၁၉၁၄ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့၌ စီ၊ တီ၊ ရပ်စဲလ်သည် အဘယ်အရာ ကြေညာခဲ့သနည်း။ (ခ) ၁၉၁၄ ခုနှစ်မှစ၍ ယနေ့တိုင် အဘယ် သွက်သွက်ခါ နိုင်ငံရေးပြောင်းလဲမှုများ ဖြစ်လျက်ရှိခဲ့သနည်း။
၅ ထို့ကြောင့် ၁၉၁၄ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့၌ စီ၊ တီ၊ ရပ်စဲလ်သည် နယူးယောက်မြို့ ဘရွတ်ကလင် ဗေသလမိသားစုနှင့်အတူ နံနက်ဝတ်ပြုစဉ် “တစ်ပါးအမျိုးသားများကာလ ကုန်ဆုံးပြီ။ သူတို့၏ဘုရင်များ ခေတ်ကုန်ပြီ” ဟူသော အရေးပါသည့်ကြေညာချက်ကို ထုတ်ပြန်လိုက်သည်။ ၁၉၁၄ ခုမှအစပြုသော ကမ္ဘာချီသွက်သွက်ခါပြောင်းလဲမှုသည် အမှန်ပင် ကြီးမားလှသဖြင့် ခေတ်အဆက်ဆက်က ရပ်တည်ခဲ့သော သက်ဦးဆံပိုင်နိုင်ငံများစွာ ပျောက်ကွယ်ခဲ့ရလေသည်။ ၁၉၁၇ ခုနှစ်၊ ဗော်လ်ရှီဗစ်တော်လှန်ရေး၌ ဇာဘုရင်အုပ်ချုပ်ရေးကို တွန်းလှန်ရာမှ မတ်ခ်စ်ဝါဒနှင့် အရင်းရှင်ဝါဒနှစ်ရပ် ထိပ်တိုက်ရင်ဆိုင်မှု စတင်ပေါ်လာသည်။ နိုင်ငံရေးအပြောင်းအလဲ တုန်ခါမှုကြောင့် ကမ္ဘာအနှံ့ လူ့အဖွဲ့အစည်း မတည်ငြိမ်မှု ဆက်လက်ဖြစ်ပွားရသည်။ ယနေ့ဆိုလျှင် တစ်နှစ် နှစ်နှစ်အတွင်း ပြုတ်ကျသောအစိုးရများ မနည်းလှပေ။ အီတလီကိုကြည့်လျှင် နိုင်ငံရေးလောက မတည်ငြိမ်မှု၏ သာဓကကိုတွေ့နိုင်သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ၄၂ နှစ်အတွင်း ထိုနိုင်ငံတွင် အစိုးရအသစ် ၄၇ ဖွဲ့ တက်ခဲ့သည်။ သို့သော် ထိုရှေ့ပြေးတုန်ခါမှုများမှာ အစိုးရဆိုင်ရာ သွက်သွက်ခါပြောင်းလဲမှုအထွတ်အထိပ်၏ အတိတ်နိမိတ်သာတည်း။ ရလဒ်ကား အဘယ်နည်း။ ဘုရားသခင့်နိုင်ငံတော် တစ်ခုတည်းကသာ မြေကြီးကို အုပ်ချုပ်လိမ့်မည်။—ဟေရှာယ ၉:၆၊ ၇။
၆။ (က) သမိုင်းသုတေသီ အိပ်ချ်၊ ဂျီ၊ ဝဲလ်စ်က ထိုအရေးပါသော ခေတ်သစ်နှင့်ပတ်သက်၍ မည်သို့ဖော်ပြသနည်း။ (ခ) ဒဿနပညာရှင်တစ်ဦးနှင့် နိုင်ငံ့ခေါင်းဆောင်တစ်ဦး ၁၉၁၄ ခုနှစ်မှအစပြုသော ခေတ်သစ်အကြောင်းကို မည်သို့ ရေးသားကြသနည်း။
၆ ၁၉၁၄ ခုနှစ်သည် အရေးပါသောခေတ်သစ်၏ အစဖြစ်သည်ဟု သမိုင်းသုတေသီ၊ ဒဿနပညာရှင်နှင့် နိုင်ငံရေးခေါင်းဆောင်တို့က ပြဆိုခဲ့ကြပြီ။ ထိုခေတ်သစ်စတင်၍ ဆယ့်ခုနစ်နှစ်အကြာ သမိုင်းသုတေသီ အိပ်ချ်၊ ဂျီ၊ ဝဲလ်စ်က ဤသို့ဆို၏– “ရှေ့ဖြစ်ဟောသူက နာပျော်ဖွယ်ရာများအကြောင်း ဝမ်းသာအယ်လဲ ဟောပါလိမ့်မည်။ သို့သော် သူ့တာဝန်ကား မိမိမြင်ရာကိုပြောရန်ဖြစ်သည်။ သူမြင်ရသောကမ္ဘာကား စစ်သားများ၊ မျိုးချစ်ပုဂ္ဂိုလ်များ၊ အတိုးကြီးစားသူများနှင့် မတရားစီးပွား စွန့်စားရှာဖွေသူများ လက်ခုပ်ထဲတွင်ရှိသောကမ္ဘာ၊ မယုံသင်္ကာ မုန်းတီးမှုစိုးမိုး၍ ကျန်ကြွင်းသော ကိုယ်ပိုင်လွတ်လပ်မှုများပါ ဒလဟော ဆုံးပါးလျက် ခါးသီးစွာ လူတန်းစားခွဲခြားခြင်းသို့ ဒယိမ်းဒယိုင်ဦးတည်နေသဖြင့် စစ်ပွဲသစ်များတိုက်ရန် ဟန်တပြင်ပြင်လုပ်နေသည့် ကမ္ဘာတည်း။” ဒဿနပညာရှင် ဘားထရန်း ရပ်စဲလ်က ၁၉၅၃ ခုနှစ်၌ ဤသို့ရေးလိုက်သည်– “၁၉၁၄ ခုနှစ်မှစ၍ ကမ္ဘာ့ခေတ်ရေစီးကြောင်းကို သတိပြုမိသူတိုင်း လူသားများသည် ကြမ္မာဖန်ရာလိုက်၍ ပို၍ကြီးမားသောကပ်ဘေးဆီသို့ ချီတက်နေပုံရသည်ကိုမြင်၍ အစိုးရိမ်ကြီး စိုးရိမ်မိပါသည်။ . . . လူသားမျိုးနွယ်သည် ဒေါသူပုန်ထသော နတ်ဘုရားများစီးခံရသဖြင့် မိမိကြမ္မာကို မိမိမပိုင်တော့သော ဂရိအဆွေးဇာတ်ထဲမှ မင်းသားနှင့်တူနေသည်ကို သူတို့မြင်ရသည်။” ၁၉၈၀ ပြည့်နှစ်၌ နိုင်ငံ့ခေါင်းဆောင် ဟယ်ရယ်လ် မက္ကမီလန်က ၂၀ ရာစု၏ငြိမ်းချမ်းသောအစကို ဤသို့ဇာတ်ကြောင်းပြန်၏– “အရာရာတိုင်း ကောင်းသည်ထက် ကောင်းလာမည့်ပုံရှိ၏။ ကျွန်တော်မွေးစက ကမ္ဘာကား ထိုသို့ပင်တည်း။ . . . ၁၉၁၄ ခုနှစ်၏ တစ်မနက်ခင်းတွင် ရှိရှိသမျှ ရုတ်ခြည်း ဇာတ်သိမ်းလေတော့သည်။”
၇-၉။ (က) ၁၉၁၄ ခုနှစ်မှစ၍ ယနေ့တိုင် အဘယ်သွက်သွက်ခါ ပြောင်းလဲမှုများကြောင့် လူ့ဘောင်တုန်ခါလျက်ရှိခဲ့သနည်း။ (ခ) ယေရှုရောက်ရှိချိန်အတွင်း လူ့အဖွဲ့အစည်းတွင် ကြုံနေရသော ကသောင်းကနင်းဖြစ်မှုများထဲတွင် နောက်ဆုံး၌ အဘယ်အခြေအနေလည်း အကျုံးဝင်လာမည်နည်း။
၇ ဒုတိယကမ္ဘာစစ်ကြောင့် ပြင်းထန်သောပြောင်းလဲမှု လှိုင်းလုံးကြီးများ ရိုက်ခတ်သွားပြန်သည်။ စစ်ပွဲငယ်များနှင့် နိုင်ငံတကာအကြမ်းဖက်မှုတို့သည် ကမ္ဘာကြီးကိုဆက်၍ လှုပ်ခါလျက်နေသည်။ အစုလိုက်အပြုံလိုက် သေကျေပျက်စီးစေနိုင်သော လက်နက်များပိုင်ဆိုင်ထားသည့် အကြမ်းဖက်သမားများ သို့မဟုတ် နိုင်ငံများ၏ ကြောက်မက်ဖွယ်ခြိမ်းခြောက်မှုကို လူအတော်များများက တွေးကြောက်နေကြသည်။
၈ သို့တစေ၊ ၁၉၁၄ ခုနှစ်မှစ၍ စစ်မက်အပြင်၊ အခြားအရာများလည်း လူ့ဘောင်ကို အောက်ခြေသိမ်း ကိုင်လှုပ်ခဲ့သည်။ အပြင်းထန်ဆုံးထဲမှတစ်ခုမှာ ၁၉၂၉ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်တွင် အမေရိကန် စတော့ဈေးကွက် ထိုးကျပြိုလဲခြင်းက အစပျိုးလိုက်သော သွက်သွက်ခါ ပြောင်းလဲမှုကြီးဖြစ်သည်။ ၎င်းကြောင့် အရင်းရှင်နိုင်ငံတစ်ခုမကျန် စီးပွားရေးကပ်ကြီးဆိုက်ခဲ့သည်။ ၁၉၃၂ နှင့် ၁၉၃၄ ခုနှစ်အတွင်း အဆိုးဆုံးဖြစ်သော်လည်း ၎င်း၏လှိုင်းဂယက်ဒဏ်ကို ကျွန်ုပ်တို့ခံနေရဆဲ။ စီးပွားရေးအရ ဖျားနာနေသောကမ္ဘာကြီးကို ၁၉၂၉ ခုနှစ်မှစ၍ ယာယီစီမံကိန်းများဖြင့် အပေါ်ယံကုသလာခဲ့သည်။ အစိုးရများသည် လိုငွေပြဘဏ္ဍာရေးစနစ်ကို စိတ်ရှိသလိုကျင့်သုံးကြသည်။ ၁၉၇၃ ခုနှစ်၊ ရေနံအရေးအခင်းနှင့် ၁၉၈၇ ခုနှစ်၊ စတော့ဈေးကွက် ထိုးကျမှုတို့ကြောင့် စီးပွားရေးအင်ပါယာကြီး ပို၍ယိမ်းထိုးလာသည်။ ဤအတောအတွင်း သန်းပေါင်းများစွာသောလူတို့သည် အကြွေးစနစ်ဖြင့်ဝယ်ခြမ်းကြ၏။ အသင်္ချေသောလူတို့သည် စီးပွားရေးလှည့်ကွက်များ၊ ပိရမစ်အစီအစဉ်များ၊ ထီနှင့် လောင်းကစား ပရိယာယ်များ၏ သားကောင်ဖြစ်ကြရှာသည်။ လူထုကိုကာကွယ်ရန်တာဝန်ရှိသော အစိုးရများကိုယ်နှိုက်က ထိုအရာများကို အားပေး၍ ကမကထပြုကြသည်။ ခရစ်ယာန်ဘောင်၏ တီဗွီတရားဟောဆရာများပင် ဒေါ်လာသန်းကုဋေချီပြီး ဖြတ်စားလျှပ်စား နှိုက်ယူလိုက်သေးသည်တကား။—ယေရမိ ၅:၂၆-၃၁ နှိုင်းယှဉ်။
၉ စောစောပိုင်းတွင် စီးပွားရေးအခက်အခဲများကြောင့် မူဆိုလီနီနှင့် ဟစ်တလာတို့ အသီးသီး အာဏာသိမ်းပိုက်ရန် လမ်းပွင့်ခဲ့သည်။ မဟာဗာဗုလုန်သည် ချက်ချင်းပင် သူတို့ကို မျက်နှာချိုသွေးတော့သည်။ ဗက်တီကင်လည်း ၁၉၂၉ ခုနှစ်၌ အီတလီနှင့်လည်းကောင်း၊ ၁၉၃၃ ခုနှစ်၌ ဂျာမနီနှင့်လည်းကောင်း သဘောတူစာချုပ် ချုပ်ဆိုလေသည်။ (ဗျာဒိတ် ၁၇:၅) နောက်ပိုင်း အမှောင်ဖုံးလွှမ်းသော ကာလများသည် ယေရှုရောက်ရှိခြင်းဆိုင်ရာ ပရောဖက်ပြုချက်၏ ပြည့်စုံချက်တစ်ခု အမှန်ဖြစ်သည်။ အဆုံး၌ ထိုပြည့်စုံချက်တွင် “လူအမျိုးမျိုးသည် . . . မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်းသို့ ရောက်ကြလိမ့်မည်။ မြေကြီးပေါ်မှာဖြစ်လတ္တံ့သော ဘေးများကိုမျှော်၍၊ ကြောက်လန့်သဖြင့် လူများတို့သည် မေ့မြောသွားကြလိမ့်မည်” ဟူသောအချက်ပါဝင်လိမ့်မည်။ (လုကာ ၂၁:၇-၉၊ ၂၅-၃၁၊ သမ္မာ)c မှန်ပေသည်။ ၁၉၁၄ ခုမှစ၍ လူ့ဘောင်ကိုကိုင်လှုပ်သော တုန်ခါမှုများသည် ပြင်းထန်သော သိမ့်ကြွင်းများနှင့်တကွ ယနေ့တိုင် ဖြစ်ပေါ်နေဆဲပင်။
ယေဟောဝါ တုန်ခါမှုအချို့ကိုဖြစ်ပေါ်စေ
၁၀။ (က) လူ့ရေးလူ့ရာများ၌ အဘယ်ကြောင့် တုန်ခါမှု ဤမျှများပြားရသနည်း။(ခ) ဘာအတွက်ပြင်ဆင်သည့်အနေနှင့် ယေဟောဝါ ဘာကိုပြုနေသနည်း။
၁၀ အထက်ပါ လူ့ရေးလူ့ရာတုန်ခါမှုများမှာ လူသားများ မိမိတို့ခြေလှမ်းကို မိမိတို့ မထိန်းနိုင်ခြင်းကြောင့်ဖြစ်သည်။ (ယေရမိ ၁၀:၂၃) ထို့ပြင်၊ “လူနေထိုင်ရာမြေတစ်ပြင်လုံးကို လှည့်စားသော” ရှေးမြွေဟောင်းစာတန်သည် လူသားရှိသမျှကို ယေဟောဝါအား ဝတ်ပြုရာမှ လွဲသွားစေရန် အကြံကုန်ဉာဏ်ခန်း နောက်ဆုံးကြိုးပမ်းသည့်အနေနှင့် လူတို့အား ဒုက္ခပင်လယ်ဝေနေအောင် ဖန်တီးလျက်ရှိ၏။ ခေတ်သစ်နည်းပညာကြောင့် ကမ္ဘာသည် ရပ်ကွက်ကလေးအသွင်သို့ ကျုံ့သွားပြီး တိုင်းရေးပြည်ရေး လူမျိုးရေးမုန်းတီးမှုများက လူ့အဖွဲ့အစည်းကို အောက်ခြေသိမ်း ကိုင်လှုပ်လျက်ရှိရာ ကုလသမဂ္ဂ (စည်းလုံးသောတိုင်းနိုင်ငံများ) သည် အမည်သာခံပြီး အစွမ်းထက်သောဆေးနည်း ရှာမတွေ့ဖြစ်နေသည်။ တစ်ခါနှင့်မျှမတူအောင် လူသည် ကိုယ့်ကိုယ်ကို ထိခိုက်နစ်နာအောင် တစ်ဦးကိုတစ်ဦး ကြီးစိုးလျက်ရှိလေပြီ။ (ဗျာဒိတ် ၁၂:၉၊ ၁၂; ဒေသနာ ၈:၉) သို့ရာတွင် ကောင်းကင်မြေကြီးဖန်ဆင်းရှင် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါသည် ကမ္ဘာ့ပြဿနာကို အပြီးအငြိမ်းဖြေရှင်းရေးအတွက် လွန်ခဲ့သောအနှစ် ၉၀ နီးပါးအတွင်း မိမိနည်းမိမိဟန်ဖြင့် တုန်ခါမှုအချို့ကို ဖြစ်စေလျက်ရှိတော်မူ၏။ အဘယ်နည်းဖြင့်နည်း။
၁၁။ (က) ဟဂ္ဂဲ ၂:၆၊ ၇ ၌ အဘယ်လှုပ်ယမ်းမှုအကြောင်း ဖော်ပြထားသနည်း။ (ခ) ဟဂ္ဂဲ၏ပရောဖက်ပြုချက် မည်သို့ပြည့်စုံလျက်ရှိသနည်း။
၁၁ ဟဂ္ဂဲ ၂:၆၊ ၇ ၌ ဤသို့ဖတ်ရသည်– “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကာလမကြာမမြင့်မီ ကောင်းကင်၊ မြေကြီး၊ ပင်လယ်၊ ကုန်းတို့ကို တစ်ဖန် ငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့ နှစ်သက်ဖွယ်သောအရာသည် ရောက်၍ ဤအိမ်ကို ဘုန်းနှင့် ငါပြည့်စုံစေမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။” ယေဟောဝါသည် ကမ္ဘာပေါ်ရှိ လူ့အဖွဲ့အစည်း အစိတ်အပိုင်းအားလုံးကို တရားစီရင်မည့်အကြောင်း မိမိ၏သက်သေခံများအား အထူးသဖြင့် ၁၉၁၉ ခုနှစ်မှစ၍ ကြွေးကြော်စေတော်မူ၏။ ယင်းကြောင့် စာတန့်လောကစနစ်သည် သတိပေးခံရ၏။d သတိပေးခြင်းလုပ်ငန်း အရှိန်မြင့်လာသည်နှင့်အမျှ “နှစ်သက်ဖွယ်သောအရာ” များသည် လူမျိုးများမှ ခွဲထွက်လာကြလေသည်။ စာတန့်အဖွဲ့အစည်း တုန်ခါမှုများကြောင့် ထွက်လာကြသည်မဟုတ်။ အခြေအနေကို သူတို့သိရှိလာသည်နှင့်အမျှ ဘိသိက်ခံ ယောဟန်အတန်းအစားနှင့်အတူ ယေဟောဝါ၏ ဝတ်ပြုရာအိမ်တော်ကို ဘုန်းနှင့်ပြည့်စေခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ရန် မိမိတို့ဘာသာ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ အဘယ်သို့ဆောင်ရွက်ကြသနည်း။ တည်ထောင်ပြီးသော ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို အားကြိုးမာန်တက် ဟောပြောခြင်းဖြင့်တည်း။ (မဿဲ ၂၄:၁၄) ယေရှုနှင့် ဘိသိက်ခံနောက်တော်လိုက်များ ပါဝင်သော ဤနိုင်ငံတော်သည် “မလှုပ်နိုင်သောနိုင်ငံ” အဖြစ် ထာဝစဉ်ရပ်တည်၍ ယေဟောဝါ၏ဘုန်းတော်ကို ထင်ရှားစေလိမ့်မည်။—ဟေဗြဲ ၁၂:၂၆-၂၉။
၁၂။ သင်သည် မဿဲ ၂၄:၁၄ ကြိုပြောသော ဟောပြောခြင်းလုပ်ငန်းကို တုံ့ပြန်စပြုနေပြီဆိုလျှင် ဗျာဒိတ် ၆:၁၂ ပါ ငလျင်ကြီးမလှုပ်မီ ဘာပြုသင့်သနည်း။
၁၂ သင်သည် ထိုဟောပြောခြင်းကို တုံ့ပြန်စပြုသူတစ်ဦးလော။ မကြာသေးမီနှစ်များအတွင်း ယေရှုသေခြင်း၏အောက်မေ့ရာပွဲ တက်ရောက်ခဲ့သူ သန်းပေါင်းများစွာတို့တွင် တစ်ဦးပါဝင်သလော။ သို့ဖြစ်လျှင် ကျမ်းစာသမ္မာတရားလေ့လာမှု၌ ဆက်၍တိုးတက်ပါလေ။ (၂ တိမောသေ ၂:၁၅; ၃:၁၆၊ ၁၇) မုချပျက်စီးမည့် စာတန့်မြေကြီးအဖွဲ့၏ အကျင့်ပျက်နေထိုင်ပုံကို အပြီးစွန့်ပယ်ပါ။ “ငလျင်” ကပ်ကြီးက စာတန့်လောကတစ်ခုလုံးကို စိစိညက်ညက် မချေမှုန်းမီ ခရစ်ယာန်ကမ္ဘာသစ်အဖွဲ့ထဲသို့ တိုးဝင်လာပြီး ၎င်း၏လုပ်ငန်းတွင် အပြည့်အဝ ပါဝင်လုပ်ကိုင်ပါလေ။ ထိုငလျင်ကြီးကား အဘယ်နည်း။ ကြည့်ကြပါစို့။
ငလျင်ကြီး
၁၃။ ၎င်းငလျင်ကြီးသည် အဘယ်နည်းဖြင့် လူသားများ လုံးဝမကြုံဖူးသော တွေ့ကြုံမှုအသစ် ဖြစ်သနည်း။
၁၃ မှန်ပေသည်။ ဤခဲယဉ်းသောနေ့ရက်များသည် ပကတိငလျင်နှင့် ပုံဆောင်ငလျင်များ လှုပ်ရာကာလဖြစ်၏။ (၂ တိမောသေ ၃:၁) သို့ရာတွင် ၎င်းငလျင်တစ်ခုကမျှ ဆဋ္ဌမတံဆိပ်ဖွင့်စဉ် ယောဟန်မြင်ရသည့် နောက်ဆုံးသော ဧရာမတုန်လှုပ်မှုမဟုတ်။ ရှေ့ပြေးတုန်ခါမှုများ ပြီးဆုံးလေပြီ။ လူသားများ လုံးဝမကြုံစဖူးသော ငလျင် ကြီး ဖြစ်ချိန်တန်ပြီ။ ၎င်းသည် အလွန်ကြီးမားလှရကား ယင်းကြောင့်ဖြစ်သော ကသောင်းကနင်းဖြစ်မှုနှင့် တုန်ခါမှုများကို ရစ်ချ်တာစကေးဖြင့်ဖြစ်စေ၊ လူတီထွင်သော အဘယ်ကိရိယာဖြင့်ဖြစ်စေ တိုင်းထွာ၍မရနိုင်။ ၎င်းသည် ဒေသန္တရ လှုပ်ခါမှုမျှသာမဟုတ်၊ “မြေကြီး” တစ်ပြင်လုံးတည်းဟူသော ယုတ်ညံ့ဖောက်ပြန်သည့် လူ့အဖွဲ့အစည်းတစ်ခုလုံးကို ပျက်သုဉ်းစေသော ကပ်ဆိုးကြီး၏ ကိုင်လှုပ်မှုဖြစ်သည်။
၁၄။ (က) အဘယ်ပရောဖက်ပြုချက်က ငလျင်ကြီးတစ်ခုနှင့် ၎င်း၏နောက်ဆက်တွဲ အခြင်းအရာများအကြောင်း ကြိုပြောခဲ့သနည်း။ (ခ) ယောလ၏ပရောဖက်ပြုချက်နှင့် ဗျာဒိတ် ၆:၁၂၊ ၁၃ တို့သည် ဘာကိုရည်ညွှန်းနေခြင်း ဖြစ်ရမည်နည်း။
၁၄ ယေဟောဝါ၏ အခြားပရောဖက်များလည်း ထိုသို့သောငလျင်နှင့် ၎င်း၏ဂယက်အကြောင်း ကြိုဟောခဲ့သည်။ ဥပမာ၊ ဘီစီ ၈၂၀ ခုနှစ်ခန့်၌ ယောလက “ထာဝရဘုရား၏ ကြောက်မက်ဖွယ်သောနေ့ကြီး” လာမည်ဟုဆိုကာ “နေသည် မှောင်မိုက်၊ လသည်အသွေးဖြစ်လိမ့်မည်” ဟုဖော်ပြ၏။ ဆက်လက်၍ “တရားဆုံးဖြတ်ရာချိုင့်၌ ထာဝရဘုရား၏နေ့ရက်သည် ရောက်လုနီးပြီဖြစ်သောကြောင့် ထိုချိုင့်တွင် မြောက်မြားသောလူအစုအရုံးရှိကြ၏။ နေနှင့်လသည်မိုက်၍ ကြယ်များလည်း မထွန်းတောက်ဘဲနေကြ၏။ ထာဝရဘုရားသည်လည်း ဇိအုန်တောင်မှကြွေးကြော်၍ ယေရုရှလင်မြို့မှအသံကိုလွှင့်တော်မူသဖြင့် မိုးကောင်းကင်နှင့် မြေကြီးသည် တုန်လှုပ်လျက်ရှိ၏။ သို့ရာတွင် ထာဝရဘုရားသည် လူမျိုးတော်အဖို့ခိုလှုံရာ၊ ဣသရေလအမျိုးသားတို့အဖို့ ရဲတိုက်ဖြစ်တော်မူ၏” ဟုဆို၏။ (ယောလ ၂:၃၁; ၃:၁၄-၁၆၊ သမ္မာ) ဤလှုပ်ယမ်းမှုသည် ဆင်းရဲဒုက္ခကြီးအတွင်း ဖြစ်ပျက်သော ယေဟောဝါ၏တရားစီရင် ကွပ်မျက်ခြင်းကိုသာ ရည်ညွှန်းနိုင်သည်။ (မဿဲ ၂၄:၂၁၊ ကဘ) ထို့ကြောင့် ဗျာဒိတ် ၆:၁၂၊ ၁၃ ပါအလားတူမှတ်တမ်းသည် ထို့နည်းတူဖြစ်ပါလိမ့်မည်။—ယေရမိ ၁၀:၁၀; ဇေဖနိ ၁:၁၄၊ ၁၅ နှိုင်းယှဉ်။
၁၅။ အဘယ်ယိမ်းထိုးမှုကြီးအကြောင်းကို ပရောဖက်ဟဗက္ကုတ် ကြိုပြောခဲ့သနည်း။
၁၅ ယောလခေတ်မှ အနှစ် ၂၀၀ ခန့်အလွန်တွင် ပရောဖက် ဟဗက္ကုတ်သည် ဘုရားသခင်ထံ ဤသို့ဆုတောင်းခဲ့သည်– “အိုထာဝရဘုရား၊ ကိုယ်တော်၏အကြောင်းကို အကျွန်ုပ်ကြားရပါပြီ။ အိုထာဝရဘုရား၊ အမှုတော်ကိုမြင်ရပါပြီ။ နှစ်များအတွင်းတွင် ဖော်ပြ၍ ထင်ရှားစေတော်မူပါ။ အမျက်ထွက်တော်မူရာတွင် (“လှုပ်ခါသောကာလအတွင်း၊” ကဘ) ကရုဏာတော်ကို သတိရတော်မူပါ။” ထို “လှုပ်ခါ” ခြင်းသည် ဘာဖြစ်မည်ထင်သနည်း။ ဟဗက္ကုတ်က ဆင်းရဲဒုက္ခကြီးအကြောင်းကို ဆက်လက်ပြီး ကွက်ကွက်ကွင်းကွင်းဖော်ပြကာ ယေဟောဝါနှင့်ပတ်သက်၍ ဤသို့ဆိုပြန်သည်– “ရပ်၍ မြေကြီးကိုလှုပ်ရှားစေတော်မူ၏။ ရှုကြည့်၍ လူမျိုးတို့ကို တုန်လှုပ်စေတော်မူ၏။ . . . အမျက်တော်ထွက်လျက် မြေကြီးကိုချီသွား၍ ဒေါသစိတ်နှင့် လူမျိုးတို့ကိုနင်းနယ်တော်မူ၏။ ထာဝရဘုရား၌ ငါဝမ်းမြောက်၍ ကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြုလျက် ရွှင်လန်းမည်။” (ဟဗက္ကုတ် ၃:၁၊ ၂၊ ၆၊ ၁၂၊ ၁၈၊ သမ္မာ) လူမျိုးတို့ကို ယေဟောဝါ နင်းနယ်တော်မူသောအခါ ကမ္ဘာကြီးတစ်ခုလုံး သွက်သွက်ခါသွားမည်တကား။
၁၆။ (က) ဘုရားသခင့်လူမျိုးတော်ကို စာတန် နောက်ဆုံးထိုးစစ်ဆင်သောအခါ ဘာဖြစ်ပျက်မည်ဟု ပရောဖက်ယေဇကျေလ ကြိုပြောခဲ့သနည်း။ (ခ) ဗျာဒိတ် ၆:၁၂ ပါ ငလျင်ကြီးကြောင့် ဘာဖြစ်သနည်း။
၁၆ ယေဇကျေလလည်း မာဂေါဂပြည်မှ ဂေါဂမင်း (ရာထူးကျစာတန်) က ဘုရားသခင့်လူမျိုးတော်ကို နောက်ဆုံးအကြိမ် တိုက်ခိုက်သောအခါ “ဣသရေလပြည်၌ ကြီးစွာသောလှုပ်ရှားခြင်း” ကို ယေဟောဝါ ဖြစ်စေတော်မူမည်ဟု ကြိုဟောခဲ့သည်။ (ယေဇကျေလ ၃၈:၁၈၊ ၁၉) ပကတိငလျင်များ ပါဝင်နိုင်သော်လည်း ဗျာဒိတ်ကျမ်းကို နိမိတ်လက္ခဏာများဖြင့် ဖော်ပြကြောင်း သတိရသင့်သည်။ ဤပရောဖက်ပြုချက်နှင့် ဖော်ပြပါအခြားပရောဖက်ပြုချက်များသည် ပုံဆောင်ချက်များနှင့် ပြည့်နှက်နေသည်။ သို့ဖြင့် ဆဋ္ဌမတံဆိပ်ဖွင့်ခြင်းက ဤမြေကြီးစနစ် တုန်ခါမှုရှိသမျှ၏ အထွတ်—ယေဟောဝါဘုရားသခင့် အချုပ်အခြာအာဏာတော်ကို ဖီဆန်သူလူသားအားလုံး ပျက်သုဉ်းရာ ငလျင်ကြီးအကြောင်း ဖော်ပြဟန်တူသည်။
မှောင်မိုက်ကာလ
၁၇။ ငလျင်ကြီးကြောင့် နေလကြယ်များ ဘာဖြစ်သနည်း။
၁၇ ယောဟန် ဆက်လက်တင်ပြသည့်အတိုင်း ငလျင်ကြီးနှင့်အတူ ကောင်းကင်များပင် အကျုံးဝင်သော ကြောက်မက်ဖွယ်အခြင်းအရာများ ဖြစ်ပျက်လာသည်။ သူဤသို့ဆို၏– “နေသည် အမွေးထည်ကြမ်းကဲ့သို့ မည်းသွား၏။ လတစ်ခုလုံးသည်လည်း သွေးကဲ့သို့ ဖြစ်သွား၏။ ကောင်းကင်ကြယ်များသည် မြေကြီးပေါ်သို့ကျကြ၏။ သင်္ဘောသဖန်းပင် လေပြင်းတိုက်ခံရသောအခါ သဖန်းသီးစိမ်းများ ကြွေကျသကဲ့သို့ ဖြစ်၏။” (ဗျာဒိတ် ၆:၁၂ခ၊ ၁၃) ထူးကဲဆန်းပြားသော အဖြစ်ပါတကား။ ဤပရောဖက်ပြုချက်သာ ပကတိအတိုင်းပြည့်စုံလာလျှင် မည်မျှထိတ်လန့်ဖွယ်ကောင်းသော မှောင်မိုက်ကြီးဖြစ်မည်ကို သင်တွေးဆနိုင်သလော။ နေ့အချိန်တွင် နွေးထွေးကြည်နူးဖွယ်ကောင်းသော နေရောင်ခြည်မရှိတော့။ ညအချိန်၌ ကြည်လင်အေးမြသော ငွေလရောင်လည်း ပပျောက်သွားချေပြီ။ အသင်္ချေသောကြယ်များလည်း ကောင်းကင်ယံတွင် မှိတ်တုတ်မှိတ်တုတ် မထွန်းလင်းတော့ချေ။ ၎င်းအစား၊ အေးစက်စက်အမှောင်ထုကြီး မရပ်မစဲ လွှမ်းအုပ်လျက်နေမည်။—မဿဲ ၂၄:၂၉ နှိုင်းယှဉ်။
၁၈။ ဘီစီ ၆၀၇ ခု၌ အဘယ်နည်းဖြင့် ယေရုရှလင်မြို့အတွက် ‘ကောင်းကင်မဲမှောင်’ သွားသနည်း။
၁၈ ဝိညာဉ်ရေးအရ ထိုသို့သောအမှောင်ထု ရှေးဣသရေလနိုင်ငံကို ဖုံးအုပ်မည်ဟု ပရောဖက်ပြုထားသည်။ ယေရမိ ဤသို့သတိပေးသည်– “တစ်ပြည်လုံး ပျက်စီးရာဖြစ်လိမ့်မည်။ ပျက်စီးခြင်းကို ငါမဆီးတား။ ထိုကြောင့်၊ မြေကြီးသည် ညည်းတွားလိမ့်မည်။ မိုးကောင်းကင်လည်း နက်လိမ့်မည်။” (ယေရမိ ၄:၂၇၊ ၂၈) ထိုပရောဖက်ပြုချက် ဘီစီ ၆၀၇ ခုနှစ်တွင် ပြည့်စုံလာသောအခါ ယေဟောဝါ၏ လူမျိုးတော်အတွက် တကယ်ပင် မှောင်အတိ ဖြစ်ခဲ့သည်။ သူတို့၏မြို့တော် ယေရုရှလင်သည် ဗာဗုလုန်လူတို့လက်သို့ ကျရောက်ခဲ့သည်။ သူတို့၏ဗိမာန်တော် ဖျက်ဆီးခံရပြီး နေပြည်တော် လူခြေတိတ်ခဲ့သည်။ သူတို့အဖို့ ကောင်းကင်မှ နှစ်သိမ့်ခြင်းအလင်း မသက်ရောက်ခဲ့ချေ။ ၎င်းအစား ယေဟောဝါအား ယေရမိငိုကြွေး၍ လျှောက်ဆိုသည့်အတိုင်းဖြစ်ခဲ့သည်။ “အကျွန်ုပ်တို့ကိုလိုက်၍ ကရုဏာမရှိဘဲ ကွပ်မျက်တော်မူ၏။ အကျွန်ုပ်တို့ပတ္ထနာစကားသည် အထံတော်သို့မပေါက်နိုင်အောင် မိုးတိမ်ဖြင့် ကိုယ်ကိုကွယ်ကာတော်မူ၏။” (ယေရမိမြည်တမ်း ၃:၄၃၊ ၄၄) ထိုကောင်းကင်ဆိုင်ရာ မှောင်မိုက်သည် ယေရုရှလင်အဖို့ သေခြင်းနှင့် ပျက်စီးခြင်းမည်၏။
၁၉။ (က) ဘုရားသခင့်ပရောဖက် ဟေရှာယက ရှေးဗာဗုလုန်နှင့်ပတ်သက်သော ကောင်းကင်မှောင်မဲခြင်းအကြောင်းကို မည်သို့ဖော်ပြသနည်း။ (ခ) ဟေရှာယပရောဖက်ပြုချက်သည် အဘယ်အချိန်တွင် အဘယ်နည်းဖြင့် ပြည့်စုံခဲ့သနည်း။
၁၉ နောက်ပိုင်းတွင် အလားတူ ကောင်းကင်မှောင်မိုက်သည် ရှေးဗာဗုလုန်အဖို့ ကပ်ဘေးသဘော သက်ရောက်ခဲ့သည်။ ၎င်းနှင့်ပတ်သက်ပြီး ဘုရားသခင့်ပရောဖက်က မှုတ်သွင်းခံရ၍ ဤသို့ရေးသားခဲ့သည်– “ထိုပြည်ကိုဖျက်ဆီး၍ အပြစ်ကြီးသော ပြည်သူပြည်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှာ ထာဝရဘုရား၏ ကြမ်းကြုတ်သောနေ့ရက်သည် ပြင်းထန်သောဒေါသအမျက်ထွက်လျက် လာလိမ့်မည်။ မိုးကောင်းကင်ကြယ်နက္ခတ်တို့သည် အလင်းကိုမပေး။ နေသည်လည်း ထွက်သောအခါ မိုက်လျက် လသည်လည်း မထွန်းမလင်းဘဲလျက် ရှိလိမ့်မည်။ ထိုလောကီနိုင်ငံ၏ အပြစ်ကိုလည်းကောင်း၊ မတရားသောသူတို့၏ ဒုစရိုက်များကိုလည်းကောင်း ငါစစ်ကြောမည်။ မာနကြီးသောသူတို့၏ ထောင်လွှားခြင်းကို ငါနှိပ်စက်၍ ကြမ်းကြုတ်သောသူတို့၏ စော်ကားခြင်းကို ငါနှိမ့်ချမည်။” (ဟေရှာယ ၁၃:၉-၁၁) ဘီစီ ၅၃၉ ခုနှစ်၊ မေဒိနှင့် ပေရသိလူတို့လက်သို့ ဗာဗုလုန်ကျဆင်းသောအခါ ထိုပရောဖက်ပြုချက် ပြည့်စုံလေသည်။ ယင်းအချက်က ကမ္ဘာ့အဓိကရ အင်အားကြီးနိုင်ငံအဖြစ်မှ ဗာဗုလုန်ကျဆုံးစဉ်က ၎င်းအဖို့ မှောင်မည်းခြင်း၊ မျှော်လင့်ချက်နှင့် နှစ်သိမ့်မှုကင်းမဲ့ခြင်းအဖြစ်ကို ထိထိမိမိဖော်ပြလိုက်သည်။
၂၀။ ငလျင်ကြီးလှုပ်သောအခါ ဤစနစ်အပေါ် အဘယ်ကြောက်မက်ဖွယ်ရလဒ် ကျရောက်မည်နည်း။
၂၀ ထို့နည်းတူ၊ ငလျင်ကြီးလှုပ်သောအခါ ကမ္ဘာ့စနစ်တစ်ခုလုံး မျှော်လင့်ရာမဲ့ မှောင်အတိဖုံးနေလိမ့်မည်။ စာတန့်မြေကြီးစနစ်၏ ထွန်းလင်းသော သုခမိန်ခေါင်းဆောင်များ မျှော်လင့်ချက်ရောင်ခြည် ဖြာထွက်တော့မည်မဟုတ်။ ယနေ့ပင် မြေကြီးပေါ်က နိုင်ငံရေးခေါင်းဆောင်များသည် အထူးသဖြင့် ခရစ်ယာန်ဘောင်၌ အကျင့်ပျက်ပြားမှု၊ လိမ်ညာမှုနှင့် သီလပျက်နေထိုင်ပုံကြောင့် နာမည်ဆိုးဖြင့် ဟိုးဟိုးကျော်ဖြစ်နေကြသည်။ (ဟေရှာယ ၂၈:၁၄-၁၉) သူတို့ကို ယုံ၍မဖြစ်တော့။ ယေဟောဝါ စီရင်တော်မူသောအခါ သူတို့၏မှိတ်တုတ်မှိတ်တုတ်အလင်းသည် လုံးလုံးလျားလျား ကွယ်ပျောက်သွားလိမ့်မည်။ ကမ္ဘာ့ရေးရာများအပေါ် လွှမ်းမိုးသည့် သူတို့၏ လကဲ့သို့သောသြဇာသည် သွေးစွန်း၍ သေစေတတ်ကြောင်း ပေါ်လွင်လာလိမ့်မည်။ သူတို့၏အကျော်အမော်များသည် ထိုးကျလာသော ဥက္ကာများပမာ ပျောက်ဆုံးကာ လေပြင်းမုန်တိုင်းဒဏ်ထိသော သဖန်းသီးစိမ်းများအလား ပြုတ်ကျပြန့်ကျဲလိမ့်မည်။ ကျွန်ုပ်တို့၏ကမ္ဘာတစ်ခုလုံး “ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခ” အောက်၌ ယိမ်းထိုးလိမ့်မည်။ (မဿဲ ၂၄:၂၁) ထိတ်လန့်ဖွယ် အလားအလာပါတကား။
“ကောင်းကင်” လွင့်ထွက်သွား
၂၁။ “တောင်နှင့် ကျွန်းရှိသမျှ” တို့နှင့်ပတ်သက်၍ ရူပါရုံ၌ ယောဟန် ဘာကိုမြင်ရသနည်း။
၂၁ ယောဟန်၏ရူပါရုံ ဤသို့ဆက်ဆို၏– “ကောင်းကင်သည် စာလိပ်လိပ်သကဲ့သို့ လွင့်ထွက်သွား၏။ တောင်နှင့် ကျွန်းရှိသမျှလည်း မိမိတို့နေရာမှ ရွေ့သွားကြ၏။” (ဗျာဒိတ် ၆:၁၄) ပကတိကောင်းကင်နှင့် ပကတိတောင်များ၊ ကျွန်းများကို ဆိုနေခြင်းမဟုတ်ကြောင်း ထင်ရှားပါသည်။ အဘယ်အရာများကို အထိမ်းအမှတ်ပြုကြသနည်း။
၂၂။ ဧဒုံပြည်တွင် အဘယ်သို့သော “ကောင်းကင်” သည် “စာလိပ်လိပ်သကဲ့သို့ လွင့်ထွက်သွား” သနည်း။
၂၂ လူမျိုးအပေါင်းတို့သည် ယေဟောဝါ၏အမျက်တော် စူးရှခံရခြင်းကိုတင်ပြသော အောက်ပါအလားတူ ပရောဖက်ပြုချက်ကိုထောက်၍ “ကောင်းကင်” အကြောင်းကို ကျွန်ုပ်တို့နားလည်နိုင်၏– “ခပ်သိမ်းသော ကောင်းကင်တန်ဆာတို့သည် ပြုတ်၍ မိုးကောင်းကင်သည် စာလိပ်ကဲ့သို့ လိပ်လျက်ရှိလိမ့်မည်။” (ဟေရှာယ ၃၄:၄) အထူးသဖြင့် ဧဒုံခံရလိမ့်မည်။ မည်သို့နည်း။ ဧဒုံသည် ဘီစီ ၆၀၇ ခုနှစ်တွင် ယေရုရှလင်မြို့ပျက်စီး၍ မကြာမီ ဗာဗုလုန်လူတို့၏ နိုင်နင်းသိမ်းပိုက်ခြင်းကို ခံရလေသည်။ ထိုစဉ် ပကတိကောင်းကင်များ၌ ထူးခြားသောအခြင်းအရာများ ဖြစ်ခဲ့သည်ဟူသော မှတ်တမ်းတင်ချက်မရှိပါ။ သို့တစေ၊ ဧဒုံ၏ “ကောင်းကင်များ”e ၌ ကပ်ဘေးအခြင်းအရာများ ဖြစ်ခဲ့သည်။ ၎င်း၏လူ့အစိုးရအာဏာပိုင်များ ကောင်းကင်ကဲ့သို့မြင့်မားသောနေရာမှ ပြုတ်ကျခဲ့သည်။ (ဟေရှာယ ၃၄:၅) အသုံးမကျတော့သည့်စာလိပ်ကို လိပ်၍ဘေးဖယ်ထားသကဲ့သို့ “လိပ်” ခြင်းခံရသည်။
၂၃။ ‘စာလိပ်ကဲ့သို့လွင့်ထွက်’ သွားမည့် “ကောင်းကင်” ကား အဘယ်နည်း။ ဤနားလည်ချက် မှန်ကန်ကြောင်း ပေတရုစကားက မည်သို့ထောက်ခံသနည်း။
၂၃ ထို့ကြောင့် စာလိပ်ကဲ့သို့ “လွင့်ထွက်သွား” မည့် “ကောင်းကင်” သည် ဘုရားသခင့် အစိုးရကိုအန်တုပြီး မြေကြီးကိုအုပ်စိုးသော အစိုးရများကို ရည်ညွှန်းသည်။ အောင်ပွဲတကာခံ မြင်းဖြူရှင်က သူတို့ကို အပြီးအပြတ် ဖယ်ရှင်းတော်မူမည်။ (ဗျာဒိတ် ၁၉:၁၁-၁၆၊ ၁၉-၂၁) ဤအချက်ကို ဆဋ္ဌမတံဆိပ်ဖွင့်ခြင်းဖြင့် ရည်ဆောင်သောအခြင်းအရာများကို တမန်တော်ပေတရုမြော်မြင်၍ ပြောခဲ့သော အောက်ပါစကားက ထောက်ခံသည်– “ယခုရှိသောမိုးကောင်းကင်နှင့် မြေကြီးမူကား တရားဆုံးဖြတ်၍ အဓမ္မလူတို့ကိုဖျက်ဆီး သောနေ့ရက်တိုင်အောင် သိုထားလျက်ရှိ၍ မီးရှို့ခြင်းအဖို့အလို့ငှာ နေရစ်သတည်း။” (၂ ပေတရု ၃:၇) “တောင်နှင့် ကျွန်းရှိသမျှလည်း မိမိတို့နေရာများမှ ရွေ့သွားကြသည်” ဟူသောစကားကို မည်သို့ဆိုမည်နည်း။
၂၄။ (က) မည်သည့်အခါ တောင်များနှင့် ကျွန်းများလှုပ်ယမ်း၍ မတည်မငြိမ်ဖြစ်ခဲ့သည်ဟု ကျမ်းစာပရောဖက်ပြုချက်၌ ဆိုသနည်း။ (ခ) နိနေဝေမြို့ကျဆုံးစဉ် ‘တောင်များ’ မည်သို့ ‘လှုပ်ယမ်း’ ခဲ့သနည်း။
၂၄ နိုင်ငံရေးသွက်သွက်ခါ ပြောင်းလဲမှုကြီးဖြစ်စဉ် တောင်များ ကျွန်းများလှုပ်ယမ်းသည်၊ သို့မဟုတ် မတည်မငြိမ်ဖြစ်သည်ဟု ကျမ်းစာပရောဖက်ပြုချက်၌ ဆိုလေ့ရှိသည်။ ဥပမာ၊ နိနေဝေမြို့ကို ယေဟောဝါ တရားစီရင်ခြင်းအကြောင်း ကြိုပြောရာ၌ နာဟုံဤသို့ရေး၏– “ရှေ့တော်တွင် တောင်များသည် တုန်လှုပ်ခြင်း၊ ကုန်းများသည် အရည်ပျော်ခြင်း၊ မြေပထဝီနှင့် လောကဓာတ်သည် ရွှေ့ရှားခြင်းခံရ၏။” (နာဟုံ ၁:၅၊ သမ) ဘီစီ ၆၃၂ ခုနှစ်တွင် နိနေဝေမြို့ကျဆုံးစဉ် ပကတိတောင်များ ပြိုကွဲခဲ့သည်ဟူသောမှတ်တမ်း မရှိပါ။ သို့သော် တောင်ကြီးပမာ အင်အားကြီးမားလှသော ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုကား ဗြုန်းကနဲပြိုပျက်ခဲ့သည်။—ယေရမိ၊ ၄:၂၄ နှိုင်းယှဉ်။
၂၅။ လာမည့်စနစ်ဆုံးခန်း၌ “တောင်နှင့် ကျွန်းရှိသမျှ” “မိမိတို့နေရာများမှ” အဘယ်သို့ “ရွေ့သွားကြ” မည်နည်း။
၂၅ ထို့ကြောင့် ဆဋ္ဌမတံဆိပ်ဖွင့်ရာ၌ ဆိုခဲ့သော “တောင်နှင့် ကျွန်းရှိသမျှ” မှာ တည်မြဲခိုင်ခံ့လှပြီဟု လူအများထင်မြင်သော နိုင်ငံရေးအစိုးရများနှင့် ယင်းတို့ကိုအမှီပြုသော အဖွဲ့အစည်းများကို ရည်ညွှန်းခြင်းဖြစ်ပေမည်။ ၎င်းတို့သည် လွင့်ထွက်သွားသည်တိုင် လှုပ်ယမ်းခံရ၍ ၎င်းတို့ကို အားထားခဲ့ကြသူများလည်း ခေါင်းနားပန်းကြီးကာ သွေးလေချောက်ချားကြလိမ့်မည်။ ပရောဖက်ပြုချက် ဆက်လက်တင်ပြသည့်အတိုင်း ယေဟောဝါနှင့် သားတော်တို့၏ အမျက်တော်နေ့ကြီးတည်းဟူသော စာတန့်အဖွဲ့အစည်းရှိသမျှကို သိမ်းကျုံးဖယ်ရှားသော နောက်ဆုံးတုန်ခါမှုသည် ကလဲ့စားချေခြင်းနှင့်အတူ ဆိုက်ရောက်လာသောအခါ မည်သူမျှ သံသယဖြစ်မည်မဟုတ်။
‘ငါတို့အပေါ်သို့ ကျကြပါ၊ ငါတို့ကို ဖုံးကွယ်ကြပါ’
၂၆။ ဘုရားသခင့် အချုပ်အခြာအာဏာတော်ကို ဖီဆန်သူလူသားတို့သည် ကြောက်ကြောက်နှင့် မည်သို့ပြုမူ၊ ပြောဆိုကြမည်နည်း။
၂၆ ယောဟန် ဤသို့ဆက်၍ဆို၏– “မြေကြီးဘုရင်များ၊ အရာရှိကြီးများ၊ စစ်သူကြီးများ၊ သူဌေးများ၊ အားသန်သူများ၊ ကျွန်မှန်သမျှ၊ လွတ်လပ်သူမှန်သမျှတို့သည် တောင်များရှိ လိုဏ်ဂူများ၊ ကျောက်ဆောင်များ၌ ပုန်းအောင်းကြကုန်၏။ ထိုသူတို့က တောင်များနှင့် ကျောက်ဆောင်များအား ‘ငါတို့အပေါ်သို့ ကျကြပါ။ ပလ္လင်တော်ပေါ်မှာ စံတော်မူသောသူ၏ မျက်နှာတော်မှလည်းကောင်း၊ သိုးသငယ်၏ အမျက်တော်မှလည်းကောင်း ငါတို့ကို ဖုံးကွယ်ကြပါ။ အကြောင်းမှာ၊ ထိုအရှင်တို့၏ အမျက်တော်နေ့ကြီး ကျရောက်ပြီဖြစ်၍ မည်သူခံရပ်နိုင်မည်နည်း’ ဟု မရပ်မစဲ ဆိုကြ၏။”—ဗျာဒိတ် ၆:၁၅-၁၇။
၂၇။ ရှမာရိမှ သစ္စာမဲ့ဣသရေလလူတို့ မည်သို့အော်ဟစ်ကြပြီး ထိုစကားများ မည်သို့ပြည့်စုံလာသနည်း။
၂၇ ရှမာရိကို ယေဟောဝါ တရားစီရင်မည့်အကြောင်း ဟောရှေကြော်ငြာစဉ် ဤသို့ဆို၏– “ဣသရေလပြစ်မှားရာ အာဝင်မြို့ကုန်းတို့သည် ပြိုကျ၍ ဆူးပင်အမျိုးမျိုးတို့သည် သူတို့ယဇ်ပလ္လင်များကို လွှမ်းမိုးကြလိမ့်မည်။ မြို့သားတို့ကလည်း အိုတောင်များတို့၊ ငါတို့ကိုဖုံးအုပ်ကြပါ။ အိုကုန်းများတို့၊ ငါတို့အပေါ်၌ ကျကြပါဟု ခေါ်ကြလိမ့်မည်။” (ဟောရှေ ၁၀:၈) ဤစကားများ မည်သို့ပြည့်စုံခဲ့သနည်း။ ဘီစီ ၇၄၀ ခုနှစ်တွင် အာရှုရိလူတို့လက်သို့ ရှမာရိကျဆုံးစဉ် ဣသရေလလူတို့ ပြေးစရာနေရာမရှိချေ။ ဟောရှေ၏စကားက စစ်ရှုံးသူများခံစားရသော ခိုကိုးရာမဲ့၊ ကြောက်စိတ်အတိ၊ စိတ်အားကုန်ခန်းသည့်အဖြစ်ကို ဖော်ပြ၏။ ပကတိကုန်းများသော်လည်းကောင်း၊ မြဲမြံခိုင်ခံ့လှပြီဟု ယခင်ကထင်ခဲ့ရသည့် ရှမာရိ၏တောင်ကဲ့သို့သော အဖွဲ့အစည်းများသော်လည်းကောင်း သူတို့ကို မကာကွယ်နိုင်။
၂၈။ (က) ယေရုရှလင်မြို့သူများအား ယေရှု အဘယ်သတိပေးစကား မိန့်မြွက်ခဲ့သနည်း။ (ခ) ယေရှုသတိပေးချက် မည်သို့ပြည့်စုံလာသနည်း။
၂၈ ထို့နည်းတူ၊ ယေရှုအား ကွပ်မျက်ရန် ရောမစစ်သားများ ခေါ်ထုတ်သွားစဉ် ယေရုရှလင်မြို့သူများအား ကိုယ်တော်က ဤသို့မိန့်တော်မူသည်– “မြုံသောမိန်းမသည် မင်္ဂလာရှိ၏၊ ပဋိသန္ဓေမယူဖူးသောဝမ်းနှင့် သူငယ်မစို့ဖူးသောသားမြတ်သည် မင်္ဂလာရှိ၏ဟု ပြောရသောနေ့ရက်ကာလ ရောက်လိမ့်မည်။ ထိုအခါ၊ သူတို့က၊ အိုတောင်များတို့၊ ငါတို့အပေါ်သို့ကျကြပါ၊ အိုကုန်းများတို့၊ ငါတို့ကိုဖုံးအုပ်ကြပါဟု ခေါ်ကြလိမ့်မည်။” (လုကာ၊ ၂၃:၂၉၊ ၃၀) အေဒီ ၇၀ ပြည့်နှစ်၌ ယေရုရှလင်မြို့ပျက်စီးခြင်းသည် သက်သေခိုင်လုံသော မှတ်တမ်းတင်ချက်ဖြစ်ပြီး ယေရှု၏ဆိုလိုချက်လည်း ဟောရှေ၏လိုရင်းကဲ့သို့ဖြစ်သည်မှာ သိသာသည်။ ထိုသမယ၌ ယုဒပြည်နယ်တွင်နေရစ်သော ဂျူးများအဖို့ ပုန်းအောင်းရန်နေရာမရှိ။ ယေရုရှလင်မြို့တွင်း မည်သည့်နေရာ၌ ပုန်းခိုစေကာမူ၊ ထိုမျှမက၊ မာဆားဒါးတောင်ထိပ် ခံတပ်သို့ပြေးဝင်ခိုလှုံစေကာမူ၊ ယေဟောဝါ၏ကြမ်းကြုတ်သော တရားစီရင်သုတ်သင်မှုမှ ပြေးမလွတ်နိုင်ခဲ့ချေ။
၂၉။ (က) ယေဟောဝါ၏ အမျက်တော်နေ့ ရောက်လာသောအခါ ဤစနစ်၏သစ္စာခံများ ဘာဖြစ်ကြမည်နည်း။ (ခ) ယေဟောဝါ အမျက်တော်ထွက်သောအခါ ယေရှု၏ အဘယ်ပရောဖက်ပြုချက် ပြည့်စုံလာမည်နည်း။
၂၉ ဆဋ္ဌမတံဆိပ်ဖွင့်ခြင်းက ယေဟောဝါ၏ အမျက်တော်နေ့အတွင်း အလားတူအဖြစ်မျိုး ဖြစ်ပျက်မည်ကို တင်ပြသည်။ ဤမြေကြီးစနစ်ကို နောက်ဆုံးတစ်ကြိမ် ကိုင်လှုပ်တော်မူစဉ် ၎င်း၏သစ္စာခံများသည် ကြံရာမရ ပုန်းခိုရာကို ရှာကြသော်လည်း တစ်နေရာမျှ တွေ့မည်မဟုတ်။ မိစ္ဆာဘာသာ မဟာဗာဗုလုန်ကို သူတို့လုံးဝအားထား၍မရကြောင်း သိခဲ့ပြီဖြစ်၏။ ပကတိတောင်များရှိ လိုဏ်ဂူများဖြစ်စေ၊ တောင်များနှင့်တူသော နိုင်ငံရေး၊ စီးပွားရေး အဖွဲ့အစည်းများဖြစ်စေ၊ စီးပွားရေးလုံခြုံမှု သို့မဟုတ် အခြားတစ်စုံတစ်ခုသော ထောက်မမှုကိုမျှ ပေးမည်မဟုတ်။ ဘာကမျှ သူတို့ကို ယေဟောဝါ၏ အမျက်တော်ဒဏ်မှ အကာအကွယ်ပေးမည်မဟုတ်။ သူတို့၏ထိတ်လန့်မှုကို ယေရှု ဤသို့ထိထိမိမိ ဖော်ပြတော်မူ၏– “ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက် မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။”—မဿဲ ၂၄:၃၀။
၃၀။ (က) “မည်သူခံရပ်နိုင်မည်နည်း” ဟူသောစကားက ဘာကိုဆိုလိုသနည်း။ (ခ) ယေဟောဝါ တရားစီရင်စဉ် ခံရပ်နိုင်သူရှိမည်လော။
၃၀ မှန်ပေသည်။ အောင်တံခွန်စိုက် မြင်းဖြူရှင်၏ အာဏာတော်ကို အသိအမှတ်မပြုသူတို့သည် မိမိတို့အမှားကို မဖြစ်မနေ ဝန်ခံရကြလိမ့်မည်။ စာတန့်လောက ကွယ်ပျောက်သောအခါ စိတ်လိုကိုယ်လျောက် မြွေ၏အမျိုးအနွယ်အဝင်ဖြစ်ခဲ့ကြသူ လူသားများ ပျက်စီးကိန်းဆိုက်ကြလိမ့်မည်။ (ကမ္ဘာဦး ၃:၁၅; ၁ ယောဟန် ၂:၁၇) ထိုအခါ ကမ္ဘာ့အခြေအနေ အလွန်ဆိုးရွားလှရကား၊ လူများတို့က “မည်သူခံရပ်နိုင်မည်နည်း” ဟု မေးသည်နှင့်မခြား ဖြစ်ရလိမ့်မည်။ ယေဟောဝါ၏ တရားစီရင်ရာထိုနေ့၌ မည်သူမျှ ကိုယ်တော့်ရှေ့ မျက်နှာသာရလျက် ရပ်တည်နိုင်မည်မဟုတ်ဟု သူတို့ထင်မှတ်ကြပေမည်။ သို့သော် ဗျာဒိတ်ကျမ်း ဆက်လက်တင်ပြသည့်အရ သူတို့၏အထင်သည် မှားလိမ့်မည်။
[အောက်ခြေမှတ်ချက်]
a ပကတိငလျင်များမလှုပ်မီ ငလျင်ဆိုင်ရာ ဂယက်များဖြစ်လေ့ရှိပြီး ၎င်းကြောင့် ခွေးများဟောင်၍ လန့်ဖျပ်ခုန်ပေါက်ခြင်း၊ အခြားတိရစ္ဆာန်များနှင့် ငါးများ ထကြွခြင်းရှိတတ်သည်။ သို့သော် လူသည် တကယ့်ငလျင်မလှုပ်မချင်း သတိပြုမိချင်မှပြုမိမည်။—၁၉၈၂ ခု၊ ဇူလိုင်လ ၈ ရက်ထုတ် နိုးလော့! စာမျက်နှာ ၁၄ (လိပ်) ကိုရှု။
b အသေးစိတ်ရှင်းလင်းချက်ကို စာမျက်နှာ ၂၂၊ ၂၄ တွင်ရှု။
c ၁၈၉၅ ခုနှစ်မှ ၁၉၃၁ ခုနှစ်အထိ၊ ၃၅ နှစ်အတွင်း ကင်းမျှော်စင် မဂ္ဂဇင်းမျက်နှာဖုံးတွင် လှိုင်းထန်သောပင်လယ်အထက် မုန်တိုင်းဆင်နေသည့် ကောင်းကင်ယံကို ထွန်းလင်းစေသော မီးပြတိုက်ကို နောက်ခံထားကာ လုကာ ၂၁:၂၅၊ ၂၈၊ ၃၁ ပါစကားများကို ကိုးကားခဲ့သည်။
d ဥပမာ၊ ၁၉၃၁ ခုနှစ်၊ အထူးကင်ပိန်းတစ်ရပ်၌ ယေဟောဝါသက်သေများက နိုင်ငံတော်၊ ကမ္ဘာသားတို့ မျှော်လင့်ချက် ဟူသောစာအုပ်ငယ်များကို သောင်းနှင့်ချီပြီး ကမ္ဘာတစ်လွှားရှိ ဓမ္မဆရာ၊ နိုင်ငံရေးသမားနှင့် စီးပွားရေးသမားများအား ကိုယ်တိုင်ကိုယ်ကျ ဝေငှခဲ့သည်။
e “ကောင်းကင်” ဟူသောစကားကို အလားတူစွာ အသုံးပြုသော ဟေရှာယ ၆၅:၁၇၊ ၁၈ ပါ “ကောင်းကင်သစ်” ဆိုင်ရာပရောဖက်ပြုချက်သည် မြို့ဝန် ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်းကြီး ယောရှုပါဝင်ဖွဲ့စည်းသော အစိုးရအစီအစဉ်သစ် တည်ထောင်ခြင်းကိစ္စတွင် ပြည့်စုံခဲ့သည်။ ဗာဗုလုန်သုံ့ပန်းဘဝမှ ဂျူးများပြန်လာကြသည့်နောက်၌ ကတိထားရာပြည်တွင် ထိုအစိုးရသစ် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။—၂ ရာဇဝင်ချုပ် ၃၆:၂၃၊ သမ္မာ; ဧဇရ ၅:၁၊ ၂; ဟေရှာယ ၄၄:၂၈။
[စာမျက်နှာ ၁၀၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
၁၉၁၄ ကိုကြိုမြင်
“ဘီစီ ၆၀၆ ခုနှစ်ကား ဘုရားသခင့်နိုင်ငံတော်အဆုံးတိုင်၍ သရဖူကိုပယ်ပြီး တစ်ကမ္ဘာလုံးကို တစ်ပါးအမျိုးသားများလက်သို့ အပ်နှင်းလိုက်သောအချိန်တည်း။ ဘီစီ ၆၀၆ ခုနှစ်တွင် အစပြုသည့် နှစ်ပေါင်း ၂၅၂၀ သည် အေဒီ ၁၉၁၄ ခုနှစ်တွင် ကုန်ဆုံးလိမ့်မည်။”f—၁၈၇၇ ခုထုတ် သုံးလောက၊ စာမျက်နှာ ၈၃။
“ကျမ်းစာသာဓကက ‘တစ်ပါးအမျိုးသားကာလ’ သည် ဘီစီ ၆၀၆ ခုနှစ်မှစ၍ အေဒီ ၁၉၁၄ ခုနှစ်အပါအဝင် ၁၉၁၄ ခုနှစ်အထိ နှစ်ပေါင်း ၂၅၂၀ တာရှည်သော ကာလဖြစ်ကြောင်း ရှင်းလင်းခိုင်လုံစွာတင်ပြ၏။”—စီ၊ တီ၊ ရပ်စဲလ်ရေး၍ ၁၈၈၉ ခု၌ထုတ်ဝေသော ကျမ်းစာလေ့လာချက်များ ဟူသောစာအုပ် အတွဲ ၂၊ စာမျက်နှာ ၇၉ ကိုရှု။
ချားလ်စ် တေ့စ် ရပ်စဲလ်နှင့် အပေါင်းပါကျမ်းစာကျောင်းသားများက ၁၉၁၄ ခုနှစ်သည် တစ်ပါးအမျိုးသားကာလ ကုန်ဆုံးချိန်ကို သတ်မှတ်မည်ဖြစ်ကြောင်း ဆယ်စုနှစ်များစွာကြို၍ သိရှိခဲ့ကြသည်။ (လုကာ ၂၁:၂၄) ဘာဖြစ်မည်ကို ၎င်းစောစောပိုင်းအချိန်၌ သူတို့ပြည့်ပြည့်ဝဝ နားမလည်ခဲ့သော်လည်း ၁၉၁၄ ခုနှစ်သည် ကမ္ဘာ့သမိုင်းတွင် အရေးပါသောနှစ်ဖြစ်မည်ကို တပ်အပ်ယုံကြည်ခဲ့ကြသည့်အတိုင်း မှန်ခဲ့ကြ၏။ အောက်ပါသတင်းစာ ကိုးကားချက်ကို သတိပြုပါ–
“ဥရောပတွင်ဖြစ်ပွားသော ကြောက်ခမန်းလိလိ စစ်ပွဲကြီးသည် ထူးခြားသော ပရောဖက်ပြုချက်တစ်ရပ်ကို ပြည့်စုံစေခဲ့သည်။ ‘အနှစ်တစ်ထောင် ရောင်နီဂိုဏ်းဝင်များ’ အဖြစ်ကျော်ကြားသော ‘နိုင်ငံတကာ ကျမ်းစာကျောင်းသားများ’ က ၁၉၁၄ ခုနှစ်၌ ကျမ်းစာကြိုပြောသော အမျက်တော်နေ့ကြီး ဆိုက်ရောက်လာမည်ဟု ဟောပြောသူများနှင့် သတင်းစာများမှတစ်ဆင့် ကမ္ဘာကိုအသိပေး ကြွေးကြော်နေသည်မှာ အနှစ်နှစ်ဆယ်ကျော်ခဲ့ပြီ။ ရာပေါင်းများစွာသော နယ်လှည့် ဧဝံဂေလိဆရာများက ‘၁၉၁၄ ခုနှစ်ကို သတိပြုလော့’ ဟု ကြွေးကြော်လျက် ရှိခဲ့သည်။”—၁၉၁၄ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်ထုတ် နယူးယောက်သတင်းစာ ကမ္ဘာ။
[အောက်ခြေမှတ်ချက်]
f တိုက်တိုက်ဆိုင်ဆိုင် ကျမ်းစာကျောင်းသားများသည် ဘီစီ နှင့် အေဒီ စပ်ကြားတွင် သုညခုနှစ်မရှိကြောင်းကို မသိသေးချေ။ နောက်ပိုင်း၌ သုတေသနပြုချက်ကြောင့် ဘီစီ ၆၀၆ ခုနှစ်ကို ဘီစီ ၆၀၇ ခုနှစ်အဖြစ် ပြင်ဆင်လိုက်သောအခါ သုညခုနှစ်ကိုပါ ပယ်ဖျက်လိုက်သဖြင့် အထက်ပါဟောကိန်းသည် “အေဒီ ၁၉၁၄ ခုနှစ်” ၌ နဂိုအတိုင်း မှန်ကန်ခဲ့သည်။— ၁၉၄၃ ခုနှစ်၌ ယေဟောဝါသက်သေများထုတ်ဝေသော “သမ္မာတရားသည် သင်တို့ကို လွှတ်လိမ့်မည်” (လိပ်) စာအုပ်၊ စာမျက်နှာ ၂၃၉ ကိုရှု။
[စာမျက်နှာ ၁၀၆ ပါ လေးထောင့်ကွက်]
၁၉၁၄ ခုနှစ်—အလှည့်အပြောင်းတစ်ရပ်
၁၉၈၇ ခုနှစ်၊ ကိုပင်ဟေဂင်မြို့၌ထုတ်ဝေသော Politikens Verdenshistorie—Historiens Magt og Mening (Politiken ပြုစုသည့် ကမ္ဘာ့သမိုင်း—သမိုင်း၏ အစွမ်းနှင့်အဓိပ္ပာယ်) ဟူသော စာအုပ်၊ စာမျက်နှာ ၄၀ ၌ အောက်ပါထင်မြင်ချက်ကိုပေး၏–
“တိုးတက်မည်ဟူသော ၁၉ ရာစု၏ ယုံကြည်ချက်သည် ၁၉၁၄ ခုနှစ်၌ အသေထိုးခံလိုက်ရသည်။ စစ်မဖြစ်မီ တစ်နှစ်အလိုတွင် ဒိန်းမတ် နိုင်ငံသား နိုင်ငံရေးသမား ပီတာ မန်းချ်က ‘သာဓက ရှိသမျှကိုထောက်သော် ဥရောပ အင်အားကြီးနိုင်ငံများ အချင်းချင်းတွင် စစ်ဖြစ်မည့် အလားအလာမရှိ။ “စစ်အန္တရာယ်” သည် ၁၈၇၁ ခုနှစ်ကတည်းက အကြိမ်ကြိမ် ပျောက်ပြယ်ခဲ့သကဲ့သို့ နောင်၌လည်း ပျောက်ပြယ်သွားမည်’ ဟု အကောင်းမြင်သဘောဖြင့် ရေးသားခဲ့သည်။
“ယင်းနှင့်လားလားဆန့်ကျင်လျက် သူ့နောက်ပိုင်း ကိုယ်တွေ့မှတ်တမ်း၌ ဤသို့ဖတ်ရသည်– ‘၁၉၁၄ ခုနှစ်၌ဖြစ်ပွားသောစစ်သည် လူ့သမိုင်း၏ကြီးမားသော အလှည့်အပြောင်းတစ်ရပ်ဖြစ်၏။ ယခင်က အေးချမ်းလုံခြုံမှု အတော်အတန်ရှိသဖြင့် မိမိတို့ဝါသနာပါရာကို လိုက်စားနိုင်သော ထွန်းပြောင်သည့်ခေတ်ဆန်းချိန် ဖြစ်ခဲ့သော်လည်း ယခုမူ ဘေးဒုက္ခ၊ ထိတ်လန့်မှု၊ မုန်းတီးမှုအပြင် နေရာတိုင်း မလုံခြုံမှုအတိဖြစ်သော ခေတ်အတွင်းသို့ ကျွန်ုပ်တို့ ဝင်ရောက်ခဲ့လေပြီ။ ထိုအချိန်၌ ကျွန်ုပ်တို့အပေါ်သို့ ကျရောက်ခဲ့သော အမှောင်ထုသည် အနှစ်ထောင်ပေါင်းများစွာအတွင်း လူသားများ မိမိတို့အဖို့ မိမိတို့ဖန်တီးခဲ့သော ယဉ်ကျေးမှုအဆောက်အအုံ တစ်ခုလုံး၏ ထာဝရ ပျက်သုဉ်းခြင်းကို ဆိုလိုသလော၊ မည်သူမျှမပြောနိုင်ခဲ့။ ယနေ့ထက်တိုင် မည်သူမျှမပြောနိုင်။”
[စာမျက်နှာ ၁၁၀ ပါ ရုပ်ပုံ]
‘တောင်ရှိသမျှ မိမိတို့နေရာမှရွေ့သွား’
[စာမျက်နှာ ၁၁၁ ပါ ရုပ်ပုံ]
လိုဏ်ဂူများထဲ ပုန်းနေကြ