ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၇ အောက်တိုဘာ စာ. ၂၆-၃၀
  • သင့်ကို မြင်းရထားတွေနဲ့ သရဖူ ကာကွယ်စောင့်ရှောက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ကို မြင်းရထားတွေနဲ့ သရဖူ ကာကွယ်စောင့်ရှောက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကောင်းကင်တမန် မြင်းတပ်
  • ဘုရင်နဲ့ ပုရောဟိတ်ကို ယေဟောဝါ နန်းတင်
  • ဗိမာန်တော်ကို ဆောက်လိမ့်မယ်
  • တည်ဆောက်ခြင်းလုပ်ငန်းမှာ ပါဝင်ပါ
  • ဇာခရိ မြင်တာကို သင် မြင်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • သင်တို့လက်ကို အားကြီးစေကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဟဂ္ဂဲနှင့်ဇာခရိကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဇာခရိရဲ့ စိတ်အာရုံများ သင့်အပေါ် အကျိုးသက်ရောက်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
က၁၇ အောက်တိုဘာ စာ. ၂၆-၃၀
ကြေးနီတောင်နှစ်လုံးကြားက အရောင်မတူတဲ့မြင်းတွေ ဆွဲတဲ့ စစ်မြင်းရထားတွေ

သင့်ကို မြင်းရထားတွေနဲ့ သရဖူ ကာကွယ်စောင့်ရှောက်

“ယေဟောဝါဘုရားရဲ့ စကားကို ခင်ဗျားတို့ နားထောင်မယ်ဆိုရင် . . . ခင်ဗျားတို့ သိရလိမ့်မယ်။”—ဇာ. ၆:၁၅။

သီချင်း– ၆၁၊ ၂၂

သင် ဘယ်လို ဖြေမလဲ

  • ဇာခရိရဲ့ နောက်ဆုံး စိတ်အာရုံက ဘုရားသခင့် လူမျိုးကို ဘယ်လို အာမခံသလဲ။

  • ကြေးနီတောင် နှစ်လုံးနဲ့ မြင်းရထားတွေက ကျွန်တော်တို့ကို ဘယ်လို အားရှိစေသလဲ။

  • ဒီနေ့ အကြီးမားဆုံး ဆောက်လုပ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး သင် ဘယ်လို ခံစားရသလဲ။

၁၊ ၂။ ခုနစ်ခုမြောက် စိတ်အာရုံကို ဇာခရိ မြင်ရပြီးချိန်မှာ ဂျေရုဆလင်က ဂျူးတွေရဲ့ အခြေအနေ ဘယ်လိုရှိသလဲ။

ခုနစ်ခုမြောက် စိတ်အာရုံကို မြင်ရပြီးနောက် ပရောဖက်ဇာခရိမှာ စဉ်းစားစရာတွေ အပြည့်ပဲ။ ဆိုးညစ်တဲ့ အကျင့်တွေအတွက် မရိုးသားသူတွေကို စာရင်းရှင်းမယ်လို့ ယေဟောဝါ အာမခံထားတယ်။ အဲဒီကတိက ဇာခရိကို အားရှိစေခဲ့တာ သေချာတယ်။ ဒါပေမဲ့ ဘာမှ ပြောင်းလဲမသွားဘူး။ မရိုးသားမှု၊ တခြားဆိုးညစ်မှုတွေ ရှိနေတုန်းပဲ။ ဂျေရုဆလင်မှာ ယေဟောဝါရဲ့ ဗိမာန်တော် ဆောက်လုပ်ရေးလည်း မပြီးပြတ်သေးဘူး။ ဘုရားပေး တာဝန်ကို ဂျူးတွေ ဘာကြောင့် ချက်ချင်းကြီး စွန့်လိုက်ကြတာလဲ။ ကိုယ့်အကျိုးစီးပွား တိုးတက်ဖို့ပဲ အမိမြေကို ပြန်လာကြတာလား။

၂ ဂျေရုဆလင်ကို ပြောင်းလာတဲ့ ဂျူးတွေဟာ ယုံကြည်ခြင်းရှိတဲ့ အမျိုးသား/သမီးတွေဖြစ်မှန်း ဇာခရိ သိထားတယ်။ အိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို စွန့်ခဲ့ဖို့ သူတို့ရဲ့ “စိတ်ကို ဘုရားသခင် လှုံ့ဆော်ပေး” ခဲ့တယ်။ (ဧဇ. ၁:၂၊ ၃၊ ၅) တစ်ခါမှ မမြင်ဖူးတဲ့နေရာကို ပြောင်းလာဖို့ နေသားကျပြီးသားပြည်ကို စွန့်ခဲ့ကြတယ်။ ယေဟောဝါရဲ့ ဗိမာန်တော် ဆောက်လုပ်ခြင်း အရေးမကြီးဘူးဆိုရင် တောကြမ်းကို ဖြတ်ပြီး မိုင် ၁,၀၀၀ (ကီလိုမီတာ ၁,၆၀၀) လောက် ဝေးတဲ့ခရီးကို နှင်ခဲ့ကြမှာ မဟုတ်ဘူး။

၃၊ ၄။ ပြည်တော်ပြန် ဂျူးတွေ ဘယ်အတားအဆီးတွေ ကြုံရသလဲ။

၃ အဲဒီခရီးစဉ် ဘယ်လို နေမလဲ။ ဂျူးတွေ ခရီးသွားရင်း နေရပ်သစ်အကြောင်း အချိန်များစွာ စဉ်းစားခဲ့ကြမှာပဲ။ တစ်ခါတုန်းက ဂျေရုဆလင် ဘယ်လောက် လှပခဲ့မှန်း ကြားဖူးကြမှာပဲ။ သူတို့ထဲက အသက်ကြီးသူတွေက အရင်ဗိမာန်တော်ရဲ့ ဘုန်းကျက်သရေကို မြင်ဖူးခဲ့ကြတယ်။ (ဧဇ. ၃:၁၂) သူတို့နဲ့အတူ ခရီးသွားနေတယ်ဆိုရင် နေရပ်သစ် ဂျေရုဆလင်ကို ဦးဆုံး မြင်ရချိန်မှာ ဘယ်လို ခံစားရမလဲ။ ပေါင်းပင်တွေ ဖုံးနေတဲ့ အဆောက်အဦပျက်တွေ မြင်ရတဲ့အခါ ဝမ်းနည်းမိမလား။ ဗာဗုလုန်ရဲ့ ကြီးမားတဲ့ မြို့ရိုးနှစ်ထပ်နဲ့ ဂျေရုဆလင်ရဲ့ ပြိုပျက်နေတဲ့ မြို့ရိုးတွေကို နှိုင်းယှဉ်မိမလား။ မြို့တံခါးတွေ၊ မျှော်စင်တွေ ပြိုပျက်နေတယ်။ ဒါပေမဲ့ လူတွေ စိတ်ဓာတ်မကျဘူး။ အိမ်ပြန်လာတဲ့ ခရီးစဉ်တစ်လျှောက် ယေဟောဝါ ကူညီပေးခဲ့တာကို မြင်ခဲ့ကြပြီပဲ။ ဒါကြောင့် ရောက်ရောက်ချင်း အရင်ဗိမာန်တော်နေရာမှာ ပူဇော်ရာပလ္လင်ကို တည်ပြီး ယေဟောဝါဆီ နေ့တိုင်း ပူဇော်သက္ကာတွေ ဆက်သကြတယ်။ (ဧဇ. ၃:၁၊ ၂) အစမှာတော့ ဘာကမှ သူတို့ကို စိတ်ဓာတ်ကျအောင် လုပ်နိုင်မယ့်ပုံ မပေါ်ဘူး။

၄ အစ္စရေးတွေဟာ ဗိမာန်တော်အလုပ်အပြင် မြို့တွေကို ပြန်တည်ဆောက်ရမယ်။ အိမ်တွေ ပြန်ဆောက်ရမယ်။ လယ်တွေ ပြန်စိုက်ရမယ်။ လူတွေကိုလည်း ကျွေးမွေးရမယ်။ (ဧဇ. ၂:၇၀) လုပ်စရာတွေ သိပ်များနေပုံပါပဲ။ ဒါပေမဲ့ ပြင်းထန်တဲ့ ဆန့်ကျင်မှု ချက်ချင်း ပေါ်လာတယ်။ အစပိုင်းမှာ တောင့်ခံနိုင်ပေမဲ့ ၁၅ နှစ်တာ ရန်လိုမှု ကြုံရတော့ မခံနိုင်ကြတော့ဘူး။ (ဧဇ. ၄:၁-၄) ဘီစီ ၅၂၂ မှာ ဂျေရုဆလင် ဆောက်လုပ်ရေးကို ပါးရှားဘုရင် တားမြစ်တော့ အခက်အခဲကြီးတစ်ခု ပေါ်လာပြန်တယ်။ မြို့ရဲ့အနာဂတ် မသေချာတော့ဘူး။—ဧဇ. ၄:၂၁-၂၄။

၅။ မိမိလူမျိုးရဲ့ မလှုပ်မရှားဖြစ်မှုကို ယေဟောဝါ ဘယ်လို တုံ့ပြန်ခဲ့သလဲ။

၅ မိမိလူမျိုး လိုအပ်ရာကို ယေဟောဝါ သိတယ်။ သူတို့ကို ချစ်ကြောင်း၊ သူတို့ လုပ်ဆောင်ခဲ့တာတွေကို တန်ဖိုးထားကြောင်း စိတ်ချစေဖို့၊ လုပ်ငန်း ပြန်စမယ်ဆိုရင် ကာကွယ်ပေးမယ်ဆိုတာ အာမခံဖို့ ဇာခရိကို နောက်ဆုံးစိတ်အာရုံတစ်ခု ဘုရားသခင် ပေးခဲ့တယ်။ ဗိမာန်တော် ပြန်ဆောက်လုပ်ခြင်းနဲ့ပတ်သက်ပြီး “ယေဟောဝါဘုရားရဲ့ စကားကို ခင်ဗျားတို့ နားထောင်မယ်ဆိုရင် . . . ခင်ဗျားတို့ သိရလိမ့်မယ်” လို့ ယေဟောဝါ ကတိပေးခဲ့တယ်။—ဇာ. ၆:၁၅။

ကောင်းကင်တမန် မြင်းတပ်

၆။ (က) ဇာခရိရဲ့ ရှစ်ခုမြောက် စိတ်အာရုံ ဘယ်လို အစပြုသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။) (ခ) မြင်းတွေ ဘာကြောင့် အရောင် မတူကြသလဲ။

၆ ဇာခရိရဲ့ ရှစ်ခုမြောက် နောက်ဆုံး စိတ်အာရုံက ယုံကြည်ခြင်း ခိုင်ခံ့စေနိုင်တယ်။ (ဇာခရိ ၆:၁-၃ ကိုဖတ်ပါ။) မြင်ယောင်ကြည့်ပါ– “ကြေးနီတောင်နှစ်လုံးကြားကနေ” စစ်မြင်းရထား ၄ စီး ထွက်လာတယ်။ ရထားဆွဲတဲ့ မြင်းတွေ အရောင် မတူကြဘူး။ ဒါကြောင့် မြင်းစီးသမားတွေ အလွယ်တကူ ခွဲခြားနိုင်တယ်။ “အဲဒီမြင်းရထားတွေက ဘာကို ဆိုလိုတာလဲ” လို့ ဇာခရိ မေးတယ်။ (ဇာ. ၆:၄) ဒီစိတ်အာရုံက ကျွန်တော်တို့နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့အတွက် ကျွန်တော်တို့လည်း သိချင်ပါတယ်။

ယေဟောဝါက မိမိလူမျိုးကို ကာကွယ်ဖို့၊ ခွန်အားပေးဖို့ ကောင်းကင်တမန်တွေကို အသုံးပြုနေတုန်းပါပဲ

၇၊ ၈။ (က) တောင်နှစ်လုံးက ဘာကို တင်စားသလဲ။ (ခ) တောင်တွေက ဘာကြောင့် ကြေးနီ ဖြစ်ရသလဲ။

၇ ကျမ်းစာထဲမှာ တောင်တွေဟာ နိုင်ငံတွေ၊ အစိုးရတွေကို တင်စားတယ်။ ဇာခရိမှတ်တမ်းမှာပါတဲ့ တောင်တွေဟာ ဒံယေလ ပရောဖက်ပြုချက်မှာပါတဲ့ တောင်နှစ်လုံးနဲ့ ဆင်တူတယ်။ တောင်တစ်လုံးက ယေဟောဝါရဲ့ စကြဝဠာဆိုင်ရာ ထာဝရ အုပ်ချုပ်မှုကို တင်စားတယ်။ နောက်တောင်တစ်လုံးက ယေရှု အုပ်ချုပ်တဲ့ မေရှိယနိုင်ငံတော်ကို တင်စားတယ်။ (ဒံ. ၂:၃၅၊ ၄၅) ယေရှု နန်းထိုင်ချိန် ၁၉၁၄၊ ဆောင်းဦးမှာ တောင်နှစ်လုံးစလုံး တည်ရှိလာတယ်။ မြေကြီးပေါ် ဘုရားသခင့် အလိုတော် ပြည့်စုံရေးမှာ အထူးကဏ္ဍကနေ ပါဝင်လာတယ်။

၈ တောင်တွေ ဘာကြောင့် ကြေးနီ ဖြစ်ရသလဲ။ ရွှေလိုပဲ ကြေးနီလည်း အဖိုးတန်သတ္တု ဖြစ်တယ်။ တဲတော်နဲ့ နောက်ပိုင်း ဂျေရုဆလင် ဗိမာန်တော် ဆောက်လုပ်ရေးမှာ ဒီသတ္တုကို သုံးဖို့ ယေဟောဝါ ညွှန်ကြားခဲ့တယ်။ (ထွ. ၂၇:၁-၃။ ၁ ဘု. ၇:၁၃-၁၆) ဒါကြောင့် ပုံဆောင် ကြေးနီတောင်နှစ်လုံးက လူသားအားလုံးကို ငြိမ်ဝပ်အေးချမ်းမှုနဲ့ ကောင်းချီးတွေ ယူဆောင်ပေးမယ့် ယေဟောဝါရဲ့ စကြဝဠာ အချုပ်အခြာအာဏာနဲ့ မေရှိယနိုင်ငံတော်ရဲ့ အရည်အသွေး ကောင်းမွန်မှုကို အမှတ်ရစေတယ်။

၉။ မြင်းစီးသူတွေက ဘယ်သူတွေလဲ။ ဘာတာဝန် ရထားသလဲ။

၉ မြင်းရထားတွေအကြောင်း သုံးသပ်ကြည့်ရအောင်။ မြင်းရထားတွေနဲ့ မြင်းစီးသူတွေက ဘာကို တင်စားသလဲ။ မြင်းစီးသူတွေက ကောင်းကင်တမန်အုပ်စုတွေကို တင်စားတယ်။ (ဇာခရိ ၆:၅-၈ ကိုဖတ်ပါ။) အထူးတာဝန် ထမ်းဆောင်ဖို့ “မြေတစ်ပြင်လုံးကို ပိုင်စိုးတဲ့ သခင်ရှေ့” ကနေ ထွက်လာကြတယ်။ ဘာတာဝန်လဲ။ မြင်းရထားတွေနဲ့ မြင်းစီးသူတွေကို အထူးဒေသတွေဆီ စေလွှတ်တယ်။ သူတို့ရဲ့တာဝန်က ယေဟောဝါရဲ့ လူတွေကို ကာကွယ်ဖို့၊ အထူးသဖြင့် “မြောက်အရပ်မှာရှိတဲ့ ပြည်” ဗာဗုလုန်ကနေ ကာကွယ်ဖို့ ဖြစ်တယ်။ ဘုရားရဲ့လူတွေကို ဗာဗုလုန် နောက်ထပ် ကျွန်,မပြုအောင် ယေဟောဝါ ကာကွယ်မယ်။ ဒါက ဇာခရိခေတ် ဗိမာန်တော် ဆောက်လုပ်သူတွေအတွက် အားရှိစရာပါပဲ။ ရန်သူတွေ နှောင့်ယှက်မှာကို စိုးရိမ်ဖို့ မလိုဘူး။

၁၀။ မြင်းရထားတွေ၊ မြင်းစီးသူတွေနဲ့ပတ်သက်တဲ့ ဇာခရိရဲ့ ပရောဖက်ပြုချက်ကနေ ဒီနေ့ ဘုရားသခင့်လူမျိုး ဘာကို စိတ်ချနိုင်သလဲ။

၁၀ ဇာခရိခေတ်မှာလိုပဲ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါက မိမိလူမျိုးကို ကာကွယ်ဖို့၊ ခွန်အားပေးဖို့ ကောင်းကင်တမန်တွေကို အသုံးပြုနေတုန်းပါပဲ။ (မာလ. ၃:၆။ ဟီ. ၁:၇၊ ၁၄) မဟာဗာဗုလုန် သုံ့ပန်းဘဝကနေ ပုံဆောင်အစ္စရေးတွေ လွတ်မြောက်လာတဲ့ ၁၉၁၉ ခုနှစ်ကစပြီး ဆန့်ကျင်မှု မပြတ်ကြုံရပေမဲ့ စစ်မှန်တဲ့ ဝတ်ပြုရေး မပြတ်ထွန်းကားလာတယ်။ (ဗျာ. ၁၈:၄) ကောင်းကင်တမန်တွေရဲ့ ကာကွယ်မှု ရရှိထားလို့ ယေဟောဝါရဲ့ အဖွဲ့အစည်း နောက်တစ်ကြိမ် ဖိနှိပ်ခံရမှာကို စိုးရိမ်ဖို့ မလိုဘူး။ (ဆာ. ၃၄:၇) ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဘုရားသခင့် ကျေးကျွန်တွေ ဆက်ပြီး တိုးပွားနေမယ်ဆိုတာကို စိတ်ချနိုင်ပါတယ်။ ဇာခရိရဲ့ စိတ်အာရုံကို သုံးသပ်တဲ့အခါ တောင်နှစ်လုံးရဲ့ အရိပ်အောက်မှာ ကျွန်တော်တို့ ဘေးကင်းလုံခြုံစွာ ရှိနေတာကို သံသယဖြစ်စရာ မလိုဘူး။

၁၁။ ဘုရားသခင့်လူမျိုး တိုက်ခိုက်ခံရတဲ့အခါ ဘာကြောင့် ကြောက်ဖို့ မလိုသလဲ။

၁၁ သိပ်မကြာခင် စာတန့် လောကရဲ့ နိုင်ငံရေးအင်အားစုတွေ ပူးပေါင်းပြီး ဘုရားသခင့် လူမျိုးကို ဖျက်ဆီးဖို့ ကြိုးစားကြမယ်။ (ယေဇ. ၃၈:၂၊ ၁၀-၁၂။ ဒံ. ၁၁:၄၀၊ ၄၄၊ ၄၅။ ဗျာ. ၁၉:၁၉) အဲဒီအင်အားစုတွေက ကျွန်တော်တို့ကို ဒေါသတကြီး တိုက်ခိုက်ဖို့ ပြည်ကို လွှမ်းမိုးတဲ့ မိုးတိမ်တွေလို မြင်းစီးချီတက်လာကြမယ်လို့ ယေဇကျေလ ကြိုဟောထားတယ်။ (ယေဇ. ၃၈:၁၅၊ ၁၆)a ဒါပေမဲ့ ကြောက်ဖို့ မလိုပါဘူး။ ကျွန်တော်တို့ဘက်မှာလည်း မြင်းတပ် ရှိပါတယ်။ အဲဒီခက်ခဲကျပ်တည်းတဲ့ ကြီးစွာသောဒုက္ခအတွင်း ဗိုလ်ခြေတို့အရှင် ယေဟောဝါရဲ့ ကောင်းကင်တမန် စစ်သည်တွေက ဘုရားသခင့် လူမျိုးကို ကာကွယ်ဖို့၊ ဘုရားသခင့် အချုပ်အခြာအာဏာ ငြင်းပယ်သူတွေကို ဖျက်ဆီးဖို့ ချီလာကြပါလိမ့်မယ်။ (၂ သက်. ၁:၇၊ ၈) တကယ့်နေ့ကြီးပါပဲ။ ယေဟောဝါရဲ့ ကောင်းကင်စစ်တပ်ကို ဘယ်သူ ဦးဆောင်မလဲ။

ဘုရင်နဲ့ ပုရောဟိတ်ကို ယေဟောဝါ နန်းတင်

၁၂၊ ၁၃။ (က) ဇာခရိ ဘာလုပ်ဖို့ ညွှန်ကြားခံရသလဲ။ (ခ) အတက်ဆိုတဲ့ နာမည်ရှိသူဟာ ယေရှုခရစ်ကို ပုံဆောင်ကြောင်း ရှင်းပြပါ။

၁၂ ဇာခရိဟာ စိတ်အာရုံ ရှစ်ခုကို တစ်ယောက်တည်း မြင်ခဲ့ရတယ်။ အခုတော့ ဘုရားသခင့် ဗိမာန်တော် ပြန်တည်ဆောက်သူတွေကို အားပေးဖို့ ပရောဖက်ပြုချက်ဆိုင်ရာ လုပ်ရပ်တစ်ခု လုပ်ဆောင်ခဲ့တယ်။ (ဇာခရိ ၆:၉-၁၂ ကိုဖတ်ပါ။) ဗာဗုလုန်ကနေ ရောက်လာခါစ ဟေလဒဲ၊ တောဘိယ၊ ယေဒါယတို့ ကောက်ခံထားတဲ့ ရွှေ၊ ငွေတွေ ယူပြီး “သရဖူ” လုပ်ဖို့ ဇာခရိကို ဘုရားသခင် မိန့်မှာတယ်။ အဲဒီသရဖူကို ယုဒအနွယ်၊ ဒါဝိဒ်မျိုးဆက် ဘုရင်ခံ ဇေရုဗဗေလကို ဆောင်းပေးရမလား။ မဟုတ်ဘူး။ ပုရောဟိတ်မင်း ယောရှုကို သရဖူ ဆောင်းပေးတဲ့အခါ လူတွေ အံ့ဩကုန်မှာပဲ။

၁၃ သရဖူ ဆောင်းပေးလို့ ပုရောဟိတ်မင်းယောရှု ဘုရင်ဖြစ်သွားသလား။ မဖြစ်သွားပါဘူး။ ယောရှုဟာ ဒါဝိဒ်မျိုးရိုး မဟုတ်တဲ့အတွက် ဘုရင်မဖြစ်နိုင်ဘူး။ သူ့ကို သရဖူ ဆောင်းပေးတာဟာ ကြိုဟောချက်ဖြစ်တယ်။ အနာဂတ် ထာဝရ ဘုရင်နဲ့ ပုရောဟိတ်ကို ရည်ညွှန်းတယ်။ ဘုရင်ဖြစ်မယ့် ပုရောဟိတ်မင်းဟာ အတက်လို့ နာမည်ပေးခံရတယ်။ အတက်ဟာ ယေရှုခရစ်ဖြစ်မှန်း ကျမ်းစာက ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။—ဟေရှာ. ၁၁:၁။ မ. ၂:၂၃။b

၁၄။ ဘုရင်နဲ့ ပုရောဟိတ်မင်းအဖြစ် ယေရှု ဘာလုပ်နေသလဲ။

၁၄ ဘုရင်နဲ့ ပုရောဟိတ်မင်းအဖြစ် ယေရှုဟာ ယေဟောဝါရဲ့ ကောင်းကင်တပ် ခေါင်းဆောင် ဖြစ်တယ်။ ရန်လိုတဲ့ ဒီလောကမှာ ဘုရားသခင့် လူမျိုးတစ်မျိုးလုံး ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ဖို့ ယေရှု ဝီရိယရှိရှိ လုပ်ဆောင်နေတယ်။ (ယေ. ၂၃:၅၊ ၆) မဝေးတော့တဲ့ အနာဂတ်မှာ ဘုရားသခင့် အချုပ်အခြာအာဏာကို ထောက်ခံဖို့၊ ယေဟောဝါရဲ့လူမျိုးကို ကာကွယ်ဖို့ တိုင်းနိုင်ငံတွေကို ခရစ်တော် ဦးဆောင်တိုက်ခိုက်ပါလိမ့်မယ်။ (ဗျာ. ၁၇:၁၂-၁၄။ ၁၉:၁၁၊ ၁၄၊ ၁၅) ဒါပေမဲ့ တရားမစီရင်ခင် အတက်ယေရှုမှာ လုပ်စရာ လုပ်ငန်းကြီး ရှိနေတယ်။

ဗိမာန်တော်ကို ဆောက်လိမ့်မယ်

၁၅၊ ၁၆။ (က) မျက်မှောက်ခေတ်မှာ ဘယ်ပြန်တည်ထောင်ခြင်း၊ သန့်စင်ခြင်း လုပ်ငန်း လုပ်ဆောင်နေသလဲ။ ဘယ်သူ လုပ်ဆောင်နေသလဲ။ (ခ) ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်မှုအဆုံးမှာ ဘာဖြစ်မလဲ။

၁၅ ဘုရင်နဲ့ ပုရောဟိတ်မင်းအပြင် ‘ဗိမာန်တော်ကို တည်ဆောက်’ ဖို့ပါ ယေရှု တာဝန်ရထားတယ်။ (ဇာခရိ ၆:၁၃ ကိုဖတ်ပါ။) မျက်မှောက်ခေတ် ယေရှုရဲ့ တည်ဆောက်ခြင်းလုပ်ငန်းမှာ စစ်မှန်တဲ့ ဝတ်ပြုသူတွေကို ၁၉၁၉ ခုနှစ်မှာ မဟာဗာဗုလုန်ကနေ လွတ်မြောက်စေခြင်း၊ ခရစ်ယာန်အသင်းတော်ကို ပြန်တည်ထောင်ခြင်း ပါဝင်တယ်။ ပုံဆောင် ဗိမာန်တော် မြေကြီးရင်ပြင်မှာ လုပ်ငန်းကို ဦးဆောင်ညွှန်ကြားဖို့ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကိုလည်း ခန့်အပ်ခဲ့တယ်။ (မ. ၂၄:၄၅) ဘုရားသခင့်လူမျိုးကို သန့်စင်ပေးခြင်း၊ စင်ကြယ်စွာ ဝတ်ပြုနိုင်အောင် ကူညီပေးခြင်းတို့မှာ အလုပ်များနေတယ်။—မာလ. ၃:၁-၃။

၁၆ အနှစ်တစ်ထောင် အုပ်ချုပ်မှုအတွင်း ယေရှုနဲ့ တွဲဖက်ဘုရင်၊ ပုရောဟိတ် ၁၄၄,၀၀၀ တို့က သစ္စာရှိလူသားတွေကို ပြည့်ဝစုံလင်စေမယ်။ အဲဒီအခါ သန့်စင်တဲ့ ကမ္ဘာမှာ ဘုရားသခင်ရဲ့ စစ်မှန်တဲ့ ဝတ်ပြုသူတွေသာ ကျန်ရှိပါလိမ့်မယ်။ နောက်ဆုံး၊ စစ်မှန်တဲ့ ဝတ်ပြုရေး အပြည့်အဝ ပြန်လည်တည်ထောင်ပါလိမ့်မယ်။

တည်ဆောက်ခြင်းလုပ်ငန်းမှာ ပါဝင်ပါ

၁၇။ ဂျူးတွေကို ယေဟောဝါ ဘယ်လို နောက်ထပ် အာမခံသလဲ။ အဲဒီသတင်းစကားက ကျွန်တော်တို့အပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။

၁၇ ဇာခရိရဲ့ သတင်းစကားက ဇာခရိခေတ်က ဂျူးတွေအပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။ သူတို့ရဲ့အလုပ်ကို တည်ငြိမ်စေမယ်၊ ကာကွယ်ပေးမယ်လို့ ယေဟောဝါ အာမခံထားတယ်။ ဗိမာန်တော် ပြန်တည်ဆောက်မယ်ဆိုတဲ့ အာမခံချက်က ခြေကုန်လက်ပန်းကျနေသူတွေကို မျှော်လင့်ချက် ရှိစေခဲ့မှာပဲ။ ဒါပေမဲ့ လူနည်းနည်းလေးနဲ့ ဒီလောက်ကြီးမားတဲ့ လုပ်ငန်းကို ဘယ်လို ပြီးမြောက်နိုင်မလဲ။ ဇာခရိ ထပ်ပြောတဲ့ စကားတွေက ကျန်နေသေးတဲ့ ကြောက်ရွံ့မှုနဲ့ သံသယကို ဖယ်ရှားပေးတယ်။ ဟေလဒဲ၊ တောဘိယ၊ ယေဒါယတို့လို သစ္စာရှိသူတွေရဲ့ ထောက်မမှုအပြင် တခြားသူများစွာလည်း “ယေဟောဝါရဲ့ဗိမာန်တော် တည်ဆောက်ရေးမှာ ပါဝင်” မယ်လို့ ဘုရားသခင် မိန့်မှာတယ်။ (ဇာခရိ ၆:၁၅ ကိုဖတ်ပါ။) ဂျူးတွေဟာ ဘုရားသခင့် ကျောထောက်နောက်ခံမှုကို ယုံကြည်စိတ်ချပြီး အတားအဆီးတွေကြားမှာ တည်ဆောက်ရေးလုပ်ငန်း ချက်ချင်း စကြတယ်။ မကြာခင်မှာပဲ တောင်လို အတားအဆီးတွေကို ယေဟောဝါ ဖယ်ရှားပေးပြီး ဘီစီ ၅၁၅ မှာ ဗိမာန်တော် ဆောက်လုပ်ပြီးစီးခဲ့တယ်။ (ဧဇ. ၆:၂၂။ ဇာ. ၄:၆၊ ၇) ဒါပေမဲ့ ယေဟောဝါရဲ့ စကားတွေဟာ ဒီနေ့ ဖြစ်နေတဲ့ ပိုကြီးကျယ်တဲ့အရာကိုလည်း ရည်ညွှန်းတယ်။

ယေဟောဝါရဲ့ လူတွေ ဘုရားကို ချစ်ကြောင်း နည်းအမျိုးမျိုးနဲ့ တင်ပြကြ

မိမိအတွက် ပြတဲ့ မေတ္တာကို ယေဟောဝါ ဘယ်တော့မှ မေ့မှာ မဟုတ် (အပိုဒ် ၁၈၊ ၁၉ ကိုကြည့်ပါ)

၁၈။ ဒီနေ့ခေတ်မှာ ဇာခရိ ၆:၁၅ ဘယ်လို ပြည့်စုံနေသလဲ။

၁၈ ဒီနေ့ စစ်မှန်တဲ့ ဝတ်ပြုရေးမှာ လူသန်းပေါင်းများစွာ ပါဝင်နေတယ်။ အချိန်၊ ခွန်အား၊ ဥစ္စာဓန အပါအဝင် “အဖိုးတန်ဥစ္စာတွေ” ကို ယေဟောဝါရဲ့ ပုံဆောင် ဗိမာန်တော်ကို ထောက်မဖို့ လိုလိုလားလား ပေးနေကြတယ်။ (ပညာ. ၃:၉) ကျွန်တော်တို့ရဲ့ သစ္စာရှိရှိ ထောက်မမှုကို ယေဟောဝါ တန်ဖိုးထားကြောင်း ဘယ်လို စိတ်ချနိုင်သလဲ။ ဇာခရိ သရဖူ လုပ်ဖို့ လိုအပ်တာတွေကို ဟေလဒဲ၊ တောဘိယ၊ ယေဒါယတို့ ယူလာပေးကြောင်း သတိရပါ။ အဲဒီသရဖူက စစ်မှန်တဲ့ ဝတ်ပြုရေးအတွက် သူတို့ရဲ့ ပါဝင်မှုကို “ပြန်အောက်မေ့စေတဲ့အရာ” ဖြစ်တယ်။ (ဇာ. ၆:၁၄) အဲဒီလိုပဲ ကျွန်တော်တို့ရဲ့ လုပ်ရပ်နဲ့ ယေဟောဝါအတွက် ပြတဲ့ မေတ္တာဟာ ဘယ်တော့မှ မေ့လျော့ခံရမှာ မဟုတ်ပါဘူး။ (ဟီ. ၆:၁၀) ယေဟောဝါရဲ့ မှတ်ဉာဏ်ထဲမှာ ထာဝရ အမြတ်တနိုး တည်ရှိနေပါလိမ့်မယ်။

၁၉။ ဇာခရိရဲ့ စိတ်အာရုံတွေက ဒီနေ့ ကျွန်တော်တို့အပေါ် ဘယ်လို အကျိုးသက်ရောက်သင့်သလဲ။

၁၉ ဒီနောက်ဆုံးကာလမှာ စစ်မှန်တဲ့ ဝတ်ပြုရေးအတွက် ပြီးမြောက်မှုအားလုံးဟာ ယေဟောဝါရဲ့ ကောင်းချီး၊ ခရစ်တော်ရဲ့ ဦးဆောင်မှု အထောက်အထားပါပဲ။ ကျွန်တော်တို့ဟာ တည်ငြိမ်၊ လုံခြုံတဲ့ ထာဝရ အဖွဲ့အစည်းဝင်တွေ ဖြစ်ကြတယ်။ စင်ကြယ်တဲ့ ဝတ်ပြုရေးနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ရည်ရွယ်ချက် ဖြစ်မြောက်လာပါလိမ့်မယ်။ ယေဟောဝါရဲ့ လူမျိုးထဲမှာ ရရှိထားတဲ့ ကိုယ့်နေရာကို တန်ဖိုးထားပါ။ ‘ယေဟောဝါဘုရားရဲ့ စကားကို နားထောင်’ ပါ။ ဒါဆိုရင် ဘုရင်၊ ပုရောဟိတ်မင်းနဲ့ ကောင်းကင် မြင်းရထား စီးသူတွေရဲ့ ကာကွယ်မှုအောက်မှာ ရှိနေနိုင်ပါလိမ့်မယ်။ စစ်မှန်တဲ့ ဝတ်ပြုရေးကို ထောက်မရာမှာ အတတ်နိုင်ဆုံး အပြည့်အဝ ပါဝင်ပါ။ ဒါဆိုရင် ဗိုလ်ခြေတို့ရဲ့ အရှင် ယေဟောဝါက ကျန်ရှိနေတဲ့ ဒီစနစ်မှာရော နောင်ထာဝရပါ သင့်ကို ဘေးကင်းလုံခြုံစေပါလိမ့်မယ်။

a ထပ်သိချင်ရင် ၂၀၁၅၊ မေ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာ. ၂၇-၂၈ “စာရှုသူများထံမှ မေးခွန်းလွှာ” ကိုကြည့်ပါ။

b “နာဇရက်” ဆိုတာ “အတက်” ဆိုတဲ့ ဟီဘရူးစကားလုံးကနေ ဆင်းသက်လာတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ