ယေဟောဝါ၏ ကြောက်မက်ဖွယ်သောနေ့ကြီး နီးပြီ
“သတိရအောက်မေ့ရာစာစောင်၌ ယေဟောဝါကို ကြောက်ရွံ့သောသူတို့နှင့် ကိုယ်တော့်နာမတော်ကို အောက်မေ့သောသူတို့၏အမည်များ ရှေ့တော်၌ စတင်ရေးမှတ်ခြင်းခံရသည်။”—မာလခိ ၃:၁၆၊ ကဘ။
၁၊ ၂။ မည်သည့်ကြောက်မက်ဖွယ်သောနေ့အကြောင်း မာလခိကြိုတင်သတိပေးသနည်း။
ကြောက်မက်ဖွယ်ပါတကား! ၁၉၄၅ ခု၊ ဩဂုတ်လ ၆ ရက်၊ အရုဏ်တက်ချိန်တွင် ကြီးမားသည့်မြို့တော်တစ်ခုသည် တစ်မုဟုတ်ချင်းဖျက်ဆီးခံလိုက်ရသည်။ လူ ၈၀,၀၀၀ ခန့်သေဆုံးခဲ့ကြပါသည်တကား! လူထောင်ပေါင်းများစွာတို့သည် သေလောက်အောင် ထိခိုက်ဒဏ်ရာရခဲ့သည်! မီးဟုန်းဟုန်းတောက်လောင်ခဲ့သည်! နျူကလီးယားဗုံးက ဒုက္ခပေးလိုက်ခြင်းဖြစ်သည်။ ဤရုတ်တရက်ကပ်ဘေးအတွင်း ယေဟောဝါသက်သေများ မည်သို့ရင်ဆိုင်တွေ့ကြုံခဲ့ရသနည်း။ ဟီရိုရှီးမားမြို့တွင် သက်သေခံတစ်ဦးတည်းသာရှိသည်—ခရစ်ယာန်သမာဓိစောင့်သိခြင်းကြောင့် ခိုင်ခံ့သည့်နံရံများကြားတွင် အကျဉ်းချထားခြင်းခံရသူဖြစ်သည်။ အကျဉ်းထောင်သည် အစိတ်စိတ်အမြွှာမြွှာပျက်စီးသွားသော်လည်း ကျွန်ုပ်တို့၏ညီအစ်ကိုသည် ထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ပါ။ သူ့အပြောအရ သူသည် အနုမြူဗုံးပေါက်ကွဲမှုကြောင့် ထောင်ထဲမှလွတ်လာသည်—ဗုံးပေါက်ကွဲမှုက ဖြစ်မြောက်စေသည့် တစ်ခုတည်းသောကောင်းမှုဖြစ်ဖွယ်ရာတည်း။
၂ ထိုအနုမြူဗုံးပေါက်ကွဲခြင်းကြောင့် ဖြစ်ပေါ်သော ကြောက်မက်ဖွယ်ရာသည် မကြာမီရောက်ရှိလာမည့် “ယေဟောဝါ၏ ကြောက်မက်ဖွယ်သောနေ့ရက်ကြီး” နှင့်ယှဉ်လိုက်လျှင် ပါမွှားကလေးဖြစ်သွားသည်။ (မာလခိ ၄:၅၊ ကဘ) အတိတ်တွင် ကြောက်မက်ဖွယ်ရာနေ့ရက်များ ရှိခဲ့သည်မှာမှန်ပါသည်။ သို့သော် ယေဟောဝါ၏ နေ့တော်ရက်ကြီးသည် ထိုနေ့များအားလုံးထက် အပြတ်အသတ်ထူးကဲသာလွန်မည်။—မာကု ၁၃:၁၉။
၃။ ရေလွှမ်းမိုးမှုသို့ ဦးတည်သော “လူအပေါင်း” နှင့် နောဧမိသားစုတို့အကြား မှတ်သားစရာကောင်းသည့် ခြားနားမှုကား အဘယ်နည်း။
၃ နောဧအချိန်က “လူအပေါင်းတို့သည် ဖောက်ပြန်ခြင်းသို့ရောက်ကြ” သောကြောင့် ဘုရားသခင်ဤသို့ကြေညာခဲ့သည်– “သူတို့ကြောင့် မြေကြီးသည် အဓမ္မအမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ်၊ မြေကြီးတကွ သူတို့ကိုငါဖျက်ဆီးမည်။” (ကမ္ဘာဦး ၆:၁၂၊ ၁၃) မဿဲ ၂၄:၃၉ တွင် မှတ်တမ်းတင်ထားချက်အရ ထိုလူတို့သည် “ရေလွှမ်းမိုးခြင်းသို့ရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည်” ဟု ယေရှုပြောခဲ့သည်။ သို့သော် “ဖြောင့်မတ်ခြင်းတရားကိုဟောသော” သစ္စာရှိသူနောဧမူကား ဘုရားသခင်ကိုကြောက်ရွံ့သော သူ၏အိမ်သားများနှင့်အတူ ထိုရေလွှမ်းမိုးခြင်းဘေးမှ လွတ်မြောက်ခဲ့သည်။—၂ ပေတရု ၂:၅။
၄။ သောဒုံနှင့်ဂေါမောရမြို့များမှ မည်သည့်သတိပေးသင်ခန်းစာရရှိသနည်း။
၄ ယုဒ ၇ တွင်လည်း “ထိုနည်းတူ သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်၌ရှိသောမြို့တို့သည် . . . မတရားသောမေထုန်ကို အလွန်ပြု၍ ကိုယ်ခင်ပွန်းမဟုတ်သောသူတို့နှင့် မှားယွင်းခြင်းအမှု၌ ကျင်လည်သောကြောင့် ထာဝရမီးနှင့်ကျွမ်းလောင်ခြင်းဒဏ်ကိုခံရ၍ ပုံသက်သေထင်ရှားလျက်ရှိကြ၏။” ထိုဘုရားတရားမဲ့သူများသည် မိမိတို့၏ ရွံရှာဖွယ်ညစ်ညမ်းသည့်ဘဝပုံစံကြောင့် ဖျက်ဆီးခံခဲ့ကြရသည်။ ဤခေတ်သစ်လောကရှိ လိင်ကိုအသားပေးသော လူ့အသိုင်းအဝိုင်းများအတွက် သတိပေးချက်ဖြစ်ပါစေ! သို့သော် ဘုရားသခင်ကိုကြောက်ရွံ့သော လောတနှင့် သူ၏သမီးများသည် ရုတ်ခြည်းကပ်ဆိုက်ခြင်းတွင် အသက်ချမ်းသာရာရခဲ့သည်ကို သတိပြုပါ။ ယေဟောဝါအားဝတ်ပြုသူများလည်း အလျင်အမြန်ချဉ်းကပ်လာနေသည့် ကြီးစွာသောဒုက္ခကာလအတွင်း ကာကွယ်ခံရကြမည်။—၂ ပေတရု ၂:၆-၉။
၅။ ယေရုရှလင်မြို့တရားစီရင်ခြင်းမှ မည်သည့်သင်ခန်းစာရရှိနိုင်သနည်း။
၅ တစ်ချိန်က “မြေတစ်ပြင်လုံး၏ ချီးမြှောက်ဖွယ်ရာ” ဖြစ်ခဲ့သော ဘုန်းအသရေရှိယေရုရှလင်မြို့ကို ရှင်းရှင်းသုတ်သင်ဖျက်ဆီးရန် ဝင်ရောက်တိုက်ခိုက်သောစစ်တပ်ကို ယေဟောဝါအသုံးပြုရာတွင် ရရှိသည့်သတိပေးပုံသက်သေကိုလည်း ဆင်ခြင်ကြည့်ပါဦး။ (ဆာလံ ၄၈:၂) ဘုရားသခင်အသိအမှတ်ပြုထားသောလူမျိုးသည် မှန်သောဝတ်ပြုရေးကို စွန့်လွှတ်ကြသည့်အတွက် ဤဝမ်းနည်းဖွယ်အဖြစ်ဆိုးသည် ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ပထမတစ်ကြိမ်ဖြစ်ပြီး စီ.အီး. ၇၀ တွင် နောက်တစ်ကြိမ်ထပ်မံဖြစ်ခဲ့သည်။ ဝမ်းသာစရာကား ယေဟောဝါ၏ သစ္စာရှိကျေးကျွန်များ လွတ်မြောက်ခဲ့ကြသည်။ စီ.အီး. ၇၀ တွင်ဖြစ်ခဲ့သော ဘေးဒုက္ခ (အောက်တွင်ပုံဖော်ထား) ကို “ဘုရားသခင်ဖန်ဆင်းတော်မူသော ကမ္ဘာဦးမှစ၍ ယခု [ထိုအချိန်၊ ကဘ] တိုင်အောင်မဖြစ်စဖူး” ဟုဖော်ပြထားသည်။ ယင်းသည် ဖောက်ပြန်သောဂျူးအစီအစဉ်စနစ် အစတုံးပယ်ရှားပစ်ခြင်းအားဖြင့် “နောက်၌လည်း မဖြစ်လတ္တံ့သော” အရာဖြစ်သည်။ (မာကု ၁၃:၁၉) သို့သော် ဤသို့သော ဘုရားသခင့်ဒဏ်စီရင်ချက်သည်ပင်လျှင် ယခု ကမ္ဘာ့အစီအစဉ်တစ်ရပ်လုံးအား တုန်လှုပ်ချောက်ချားစေသည့် “ကြီးစွာသောဆင်းရဲဒုက္ခ” ၏ ရှေ့ပြေးမျှသာဖြစ်သေးသည်။—ဗျာဒိတ် ၇:၁၄။
၆။ ဘေးဒုက္ခများကို ယေဟောဝါအဘယ်ကြောင့်ခွင့်ပြုရသနည်း။
၆ အသက်ပေါင်းမြောက်မြားစွာ ဆုံးရှုံးရသော ကြောက်မက်ဖွယ်ကပ်ဘေးများကို အဘယ်ကြောင့်ဘုရားသခင်ခွင့်ပြုရသနည်း။ နောဧ၊ သောဒုံဂေါမောရနှင့် ယေရုရှလင်မြို့အဖြစ်အပျက်တို့ကိုကြည့်လျှင် မြေကြီးပေါ်တွင် ဖောက်ပြန်ယိုယွင်းသူများ၊ လှပသောဤကမ္ဘာဂြိုဟ်ကို ပကတိညစ်ညမ်းမှုနှင့် စာရိတ္တယိုယွင်းမှုတို့ဖြင့် ဖျက်လိုဖျက်ဆီးလုပ်သူများနှင့် စစ်မှန်သောဝတ်ပြုရေးမှ ဖောက်ပြန်သော သို့မဟုတ် ယင်းကို ငြင်းပယ်သောသူများအပေါ် ယေဟောဝါဒဏ်စီရင်ချက်ချခဲ့ခြင်းဖြစ်သည်။ လောကတစ်ခုလုံးရင်ဆိုင်ရမည့် အပြီးသတ်ဒဏ်စီရင်ခြင်း၏ နှုတ်ခမ်းဝနားတွင် ကျွန်ုပ်တို့ရောက်ရှိနေကြသည်။—၂ သက်သာလောနိတ် ၁:၆-၉။
“နောက်ဆုံးသောကာလ၌”
၇။ (က) ရှေးအချိန်က ဘုရားသခင်၏ မည်သည့်တရားစီရင်မှုများသည် ပရောဖက်ပြုချက်ဖြစ်သနည်း။ (ခ) ရှေ့တွင် ဂုဏ်ကျက်သရေရှိသော မည်သည့်အလားအလာရှိသနည်း။
၇ ရှေးအချိန်က ထိုပျက်စီးခြင်းဘေးများသည် ၂ ပေတရု ၃:၃-၁၃ တွင် ဖော်ပြထားသော ကြောက်မက်ဖွယ်ကောင်းသည့် ကြီးစွာသောဒုက္ခ၏ ရှေ့ပြေးနိမိတ်ဖြစ်သည်။ “ရှေးဦးစွာသိမှတ်အပ်သောအရာဟူမူကား နောက်ဆုံးသောကာလ၌ ပြက်ရယ်ပြုတတ်သောသူတို့သည် မိမိတို့၏တပ်မက်ခြင်းအတိုင်းကျင့်နေ၍ . . . ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်” ဟု တမန်တော်ပြောခဲ့သည်။ ထို့နောက် နောဧခေတ်ကို အာရုံစိုက်စေပြီး ပေတရုဤသို့ရေးသားခဲ့သည်– “လောကဓာတ်ကို ရေနှင့်လွှမ်းမြုပ်၍ ဖျက်ဆီးကြောင်းကို ထိုသူတို့သည် မှတ်မိချင်သောစိတ်မရှိကြ။ ယခုရှိသောမိုးကောင်းကင်နှင့် မြေကြီးမူကား တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသောနေ့ရက်တိုင်အောင် ထိုနှုတ်ကပါဌ်တော်အားဖြင့် သိုထားလျက်ရှိ၍ မီးရှို့ခြင်းအဖို့အလိုငှာ နေရစ်သတည်း။” ဘေးဒုက္ခတကာတို့တွင် အကြီးဆုံးသောထိုဘေးဒုက္ခပြီးနောက် ကြာမြင့်စွာစောင့်ဆိုင်းလာခဲ့ရသော မေရှိယနိုင်ငံတော်အုပ်ချုပ်ရေးက စီမံကိန်းအသစ်များ—“ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်” ကို ဖြစ်ပေါ်စေမည်။ မည်မျှရွှင်လန်းဖွယ်ကောင်းသည့် အလားအလာပါတကား!
၈။ ကမ္ဘာ့အဖြစ်အပျက်များသည် မည်သို့အားဖြင့် အထွတ်အထိပ်သို့ တိုးတက်ဖြစ်ပေါ်နေသနည်း။
၈ ကျွန်ုပ်တို့၏ ၂၀ ရာစုအတွင်းတွင် ကမ္ဘာ့အဖြစ်အပျက်များသည် အထွတ်အထိပ်သို့ တိုး၍ချဉ်းကပ်လျက်ရှိသည်။ ဟီရိုရှီးမားဖျက်ဆီးခြင်းဘေးသည် ဘုရားသခင်၏တရားစီရင်ခြင်းမဟုတ်သော်လည်း နောက်ဆုံးကာလအတွက် ယေရှုပရောဖက်ပြုထားသည့် “ကြောက်မက်ဖွယ်သောအရာ” များထဲတွင် ယင်းကိုစာရင်းသွင်းနိုင်သည်။ (လုကာ ၂၁:၁၁) ယင်းက လူများအပေါ်တွင် မိုးတိမ်ထုကြီးသဖွယ် သိုင်းခြုံနေဆဲဖြစ်သောနျူကလီးယားခြိမ်းခြောက်မှုအန္တရာယ်ကို ပေါ်ပေါက်စေသည်။ ထို့ကြောင့် ၁၉၉၃ ခု၊ နိုဝင်ဘာ ၂၉ ရက်ထုတ် သည်နယူးယောက်တိုင်းမ်စ် သတင်းစာ၏ ခေါင်းကြီးပိုင်းတွင် ဤသို့ဖတ်ရသည်– “သေနတ်များသည် အနည်းငယ်သံချေးကိုက်ကောင်းကိုက်နေနိုင်သော်လည်း နျူကလီးယားလက်နက်များမူ အရောင်လက်နေဆဲဖြစ်သည်။” ထိုအတောအတွင်း နိုင်ငံအချင်းချင်း၊ လူမျိုးအချင်းချင်း၊ လူမျိုးစုအချင်းချင်း တိုက်ခိုက်သည့်စစ်ပွဲများသည် ကြောက်မက်ဖွယ်ရလဒ်များကို ပေါ်ပေါက်စေသည်။ ကျန်ခဲ့သည့်ခေတ်က စစ်ပွဲများတွင် ထိခိုက်သေဆုံးသူအများစုမှာ စစ်သားများဖြစ်ကြသည်။ ယခုအခါ စစ်ပွဲများတွင် ထိခိုက်သေဆုံးသူ ၈၀ ရာခိုင်နှုန်းသည် အရပ်သားများဖြစ်ကြောင်း မှတ်တမ်းရသည့်အပြင် ဒုက္ခသည်များအဖြစ် မိမိနိုင်ငံမှထွက်ပြေးသူ သန်းပေါင်းများစွာရှိသည်။
၉။ ဘာသာရေးခေါင်းဆောင်များသည် လောကနှင့် မည်သို့မိတ်သဟာရဖွဲ့ကြသနည်း။
၉ ဘာသာရေးခေါင်းဆောင်များသည် စစ်ပွဲများနှင့် သွေးချောင်းစီးတော်လှန်ပုန်ကန်မှုများတွင် တက်တက်ကြွကြွဝင်ရောက်ပတ်သက်ခြင်းအားဖြင့် “ဤလောကနှင့် မိတ်သဟာယဖွဲ့” ကြောင်း တင်ပြလာခဲ့ကြပြီး ဆက်၍တင်ပြနေကြသည်။ (ယာကုပ် ၄:၄) အချို့တို့က လက်နက်တောင်ပုံရာပုံထုတ်လုပ်ပြီး မူးယစ်ဆေးအင်ပါယာတည်ထောင်သော စီးပွားရေးလောကရှိ လောဘကြီးသည့် ဩဇာတိက္ကမလွှမ်းမိုးသူများနှင့် ပူးပေါင်းကြသည်။ ဥပမာ၊ သည်နယူးယောက်တိုင်းမ်စ် သတင်းစာက တောင်အမေရိကရှိ မူးယစ်ဆေးဘုရင်တစ်ဆူကို လုပ်ကြံသတ်ဖြတ်ခြင်းအကြောင်း အစီရင်ခံရာတွင် ဤသို့ဖော်ပြသည်– “တရားဝင်စီးပွားရေးဖြင့် ပိုင်ဆိုင်ခွင့်ရှိသော စည်းစိမ်ဥစ္စာများနှင့် ဒါနရှင်တစ်ဦးပုံဖမ်းခြင်းတို့အားဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုကို ဖုံးကွယ်ထားသည်။ သူ့တွင် ကိုယ်ပိုင်ရေဒီယိုလုပ်ငန်းရှိပြီး ရိုမန်ကက်သလစ်ဓမ္မဆရာများနှင့်အတူ သွားလာနေထိုင်လေ့ရှိသည်။” မူးယစ်ဆေးဘုရင်သည် မူးယစ်ဆေးစွဲစေခြင်းအားဖြင့် လူသန်းပေါင်းများစွာတို့၏အသက်ကို ဖျက်ဆီးသည့်အပြင် လူထောင်ပေါင်းများစွာတို့ကို သတ်ရန် ကိုယ်တိုင်ညွှန်ကြားခဲ့သည်ဟု သည်ဝေါလ်စထရိဂျာနယ် က အစီရင်ခံသည်။ လန်ဒန်မြို့ထုတ် သည်တိုင်းမ်စ် သတင်းစာက ဤသို့မှတ်ချက်ပြုသည်– “လူသတ်ကောင်များသည် ကျေးဇူးတော်ချီးမွမ်းရန်အတွက် အထူးပွဲတော်များပြုလုပ်ဖို့ အကုန်အကျခံလေ့ရှိကြသည် . . . တစ်ချိန်တည်းတွင် အခြားတစ်နေရာ၌ အသတ်ခံရသူ၏ အသုဘပွဲကို ကျင်းပနေသည်။” ဆိုးပေစွ!
၁၀။ ဆိုးဝါးလာသောကမ္ဘာ့အခြေအနေကို ကျွန်ုပ်တို့မည်သို့ရှုမြင်သင့်သနည်း။
၁၀ နတ်ဆိုးသြဇာလွှမ်းမိုးခံရသူများသည် ဤကမ္ဘာတွင် နောက်ထပ်မည်သို့ဥပဒ်ပေးဦးမည်ကို မည်သူသိနိုင်ပါမည်နည်း။ ၁ ယောဟန် ၅:၁၉ (ကဘ) တွင်ဖော်ပြထားချက်အရ– “လောကတစ်ခုလုံးသည် ဆိုးညစ်သူ” စာတန်မာရ်နတ် “၏တန်ခိုးဩဇာအောက်တွင် ရောက်နေသည်။” ယခုအခါ “မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောအမျက်ဒေါသနှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ။” (ဗျာဒိတ် ၁၂:၁၂) ဝမ်းသာစရာကား ရောမ ၁၀:၁၃ (ကဘ) တွင် ကျွန်ုပ်တို့ကိုအာမခံထားသည့်အတိုင်း “ယေဟောဝါ၏နာမတော်ကို ပတ္ထနာပြုသောသူတိုင်း ကယ်တင်ခံရမည်။”
တရားစီရင်ခြင်းဖြင့် ဘုရားသခင်ချဉ်းကပ်လာ
၁၁။ ဣသရေလတို့၏ မည်သည့်အခြေအနေများက မာလခိ၏ ပရောဖက်ပြုချက်ကိုဖြစ်ပေါ်စေသနည်း။
၁၁ မဝေးတော့သော လူသားတို့၏အနာဂတ်နှင့်ပတ်သက်၍ မာလခိ၏ပရောဖက်ပြုချက်က ဖြစ်ပျက်တော့မည့်အရာများကို နားလည်စေသည်။ ရှေးဟေဗြဲပရောဖက်များစာရင်းတွင် မာလခိသည် နောက်ဆုံးတွင်ပါဝင်သည်။ ဣသရေလလူမျိုးသည် ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ယေရုရှလင်မြို့ပျက်စီးခြင်းကို တွေ့ကြုံခဲ့ရသည်။ သို့သော် နှစ်ပေါင်း ၇၀ ကြာပြီးနောက်တွင် ယေဟောဝါသည် ထိုလူမျိုးကို မိမိနိုင်ငံသို့ပြန်ပို့ခြင်းအားဖြင့် ကရုဏာကြွယ်ဝသော ချစ်ခင်ကြင်နာမှုကို တင်ပြတော်မူခဲ့သည်။ သို့တစေ အနှစ်တစ်ရာအတွင်း ဣသရေလလူမျိုးသည် အယူဖောက်ပြန်မှုနှင့် ဆိုးညစ်မှုသို့ တစ်ဖန်မျှောပါသွားကြပြန်သည်။ သူတို့သည် ယေဟောဝါ၏နာမတော်ကို ဂုဏ်ယုတ်စေကြပြီး ကိုယ်တော်၏ ဖြောင့်မတ်သောပညတ်တော်များကို လျစ်လျူရှုကာ မျက်စိကန်း၊ မသန်စွမ်း၊ ဖျားနာနေသောတိရစ္ဆာန်များကို ယဇ်ကောင်များအဖြစ် ဗိမာန်တော်သို့ယူလာခြင်းအားဖြင့် ဗိမာန်တော်ကို ညစ်ညမ်းစေကြသည်။ သူတို့သည် တိုင်းတစ်ပါးသားမိန်းမများကို အိမ်ထောင်ပြုလိုသောကြောင့် အသက်ပျိုစဉ်က မိမိတို့ပေါင်းဖော်သောမယားကို ကွာရှင်းကြသည်။—မာလခိ ၁:၆-၈; ၂:၁၃-၁၆။
၁၂၊ ၁၃။ (က) ဘိသိက်ခံယဇ်ပုရောဟိတ်အတန်းအစားအတွက် မည်သည့်သန့်စင်မှုလိုအပ်လာခဲ့သနည်း။ (ခ) လူအုပ်ကြီးလည်း သန့်စင်ခြင်းတွင် မည်သို့အကျိုးကျေးဇူးခံစားရသနည်း။
၁၂ သန့်စင်ခြင်းလုပ်ငန်းလိုအပ်ခဲ့သည်။ ယင်းကို မာလခိ ၃:၁-၄ တွင် ဖော်ပြထားသည်။ ရှေးဣသရေလလူမျိုးနည်းတူ ယေဟောဝါ၏ ခေတ်သစ်သက်သေများလည်း သန့်စင်ခံရရန်လိုအပ်သဖြင့် မာလခိအားဖြင့်ဖော်ပြသော သန့်စင်ခြင်းလုပ်ငန်းသည် သူတို့နှင့် သက်ဆိုင်နိုင်သည်။ ပထမကမ္ဘာစစ်ပြီးဆုံးခါနီးအချိန်တွင် ထိုအချိန်က ကျမ်းစာကျောင်းသားများဟု သိကြသော သက်သေခံများမှ အချို့တို့သည် လောကီရေးရာများတွင် ရှင်းလင်းပြတ်သားစွာကြားနေခြင်းကို မထိန်းသိမ်းခဲ့ကြပါ။ ၁၉၁၈ တွင် ယေဟောဝါသည် မိမိအားဝတ်ပြုသူလူအုပ်စုငယ်ကလေးကို လောကီအညစ်အကြေးမှ သန့်စင်ပေးရန်အတွက် မိမိ၏ဝိညာဏဗိမာန်တော်အစီအစဉ်သို့ ယေရှုခရစ်တည်းဟူသော “ပဋိညာဉ်တမန်” ကိုစေလွှတ်တော်မူခဲ့သည်။ ပရောဖက်ပြုစကားဖြင့် ယေဟောဝါဤသို့မေးခဲ့သည်– “[တမန်တော်၏] လာတော်မူသောနေ့ရက်ကို အဘယ်သူသည် မတိမ်းရှောင်ဘဲနေလိမ့်မည်နည်း။ ပေါ်ထွန်းတော်မူသောအခါ အဘယ်သူသည် ခံရပ်လိမ့်မည်နည်း။ ထိုသခင်သည် ငွေစစ်သောမီး၊ ခဝါသည်သုံးသောဆပ်ပြာကဲ့သို့ ဖြစ်တော်မူ၏။ ငွေကိုချွတ်၍ သန့်ရှင်းစေသောသူကဲ့သို့ထိုင်လျက် ရွှေငွေကိုချွတ်သကဲ့သို့ လေဝိသားတို့ [ဘိသိက်ခံယဇ်ပုရောဟိတ်အတန်းအစား] ကိုချွတ်၍ သန့်ရှင်းစေတော်မူသဖြင့် သူတို့သည် ထာဝရဘုရားအဖို့ဖြစ်၍ ဖြောင့်မတ်ခြင်းပူဇော်သကာကို ပူဇော်ကြလိမ့်မည်။” သူတို့သည် သန့်စင်ခံရပြီးသောလူများအနေနှင့် ထိုအတိုင်းပြုခဲ့ကြပါသည်တကား!
၁၃ ထိုဘိသိက်ခံယဇ်ပုရောဟိတ်အတန်းအစားသည် အရေအတွက်အားဖြင့် ၁၄၄,၀၀၀ သာရှိသည်။ (ဗျာဒိတ် ၇:၄-၈; ၁၄:၁၊ ၃) သို့ဆိုလျှင် ယနေ့ အခြားသော ဆက်ကပ်အပ်နှံထားသည့် ခရစ်ယာန်များကား မည်သို့နည်း။ ယခု ဤသူများသည်လည်း သန်းနှင့်ချီတိုးပွားနေလျက် လောကလမ်းစဉ်များမှ သန့်စင်ခံရရန်လိုအပ်သော ‘လူအုပ်ကြီး’ အဖြစ် ဖွဲ့တည်လာပြီး ‘မိမိတို့၏ဝတ်လုံကို သိုးသငယ်၏အသွေး၌ လျှော်၍ဖြူစေနေ’ ကြသည်။ (ဗျာဒိတ် ၇:၉၊ ၁၄) ထို့ကြောင့် သိုးသငယ်ခရစ်တော်ယေရှု၏ ရွေးဖိုးပူဇော်သကာကို ယုံကြည်ကြောင်းတင်ပြခြင်းအားဖြင့် သူတို့သည် ယေဟောဝါ၏ရှေ့တော်တွင် သန့်စင်သောအနေအထားကို ရယူနိုင်ကြသည်။ သူတို့သည် ကြီးစွာသောဒုက္ခတစ်လျှောက်လုံး၊ ယေဟောဝါ၏ကြောက်မက်ဖွယ်သောနေ့ကြီးမှ လွတ်မြောက်ရန် ကတိတော်ရရှိကြသည်။—ဇေဖနိ ၂:၂၊ ၃။
၁၄။ ယနေ့ ဘုရားသခင်၏လူများသည် ဥပဓိရုပ်သစ်ကို ဆက်၍ပြုစုပျိုးထောင်ရာတွင် မည်သည့်စကားများကို လိုက်နာသင့်ကြသနည်း။
၁၄ အကြွင်းအကျန်ယဇ်ပုရောဟိတ်အတန်းအစားတို့နှင့်အတူ ဤလူအုပ်ကြီးသည် ဘုရားသခင်၏ ထပ်ဆင့်မိန့်တော်မူချက်များကို လိုက်နာရဦးမည်ဖြစ်သည်– “သင်တို့ကိုစစ်ကြောစီရင်ခြင်းငှာ ငါချဉ်းမည်။ ပြုစားတတ်သောသူ၊ သူ့မယားကိုပြစ်မှားသောသူ၊ မမှန်သောကျိန်ဆိုခြင်းကိုပြုသောသူ၊ သူငှားကိုအခမပေး ညှဉ်းဆဲသောသူ၊ မိဘမရှိသောသူငယ်နှင့် မုဆိုးမကိုညှဉ်းဆဲသောသူ၊ ဧည့်သည်ကို မတရားသဖြင့်စီရင်သောသူ၊ ငါ့ကိုမကြောက်ရွံ့သောသူတို့တစ်ဖက်၌ ငါသည် လျင်မြန်သောသက်သေဖြစ်မည်။ . . . ငါသည် ထာဝရဘုရား [“ယေဟောဝါ”၊ ကဘ] ဖြစ်၏။ ပြောင်းလဲခြင်းမရှိ။” (မာလခိ ၃:၅၊ ၆) ယေဟောဝါ၏စံညွှန်းတော်များ ပြောင်းလဲလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် ယနေ့ကိုယ်တော့်လူများသည် ခရစ်ယာန်ဥပဓိရုပ်ကို ဆက်၍ပြုစုပျိုးထောင်စဉ် ကိုယ်တော်ကိုကြောက်ရွံ့ခြင်းအားဖြင့် အမျိုးမျိုးသောစွဲလမ်းတပ်မက်ခြင်းကို ရှောင်ကြဉ်ပြီး သစ္စာစောင့်သိခြင်း၊ ရိုးဖြောင့်ခြင်းနှင့် သဘောထားပြည့်ဝခြင်းတို့ရှိရမည်။—ကောလောသဲ ၃:၉-၁၄။
၁၅။ (က) မည်သည့်ကရုဏာပါသော ဖိတ်ခေါ်ချက်ကို ယေဟောဝါကမ်းလှမ်းသနည်း။ (ခ) ယေဟောဝါအား “လုယူခြင်း” ကို ကျွန်ုပ်တို့မည်သို့ရှောင်နိုင်သနည်း။
၁၅ မိမိ၏ဖြောင့်မတ်ခြင်းလမ်းစဉ်မှ သွေဖည်သွားခဲ့သူများအား ယေဟောဝါဤသို့ခေါ်ဖိတ်တော်မူသည်– “ငါ့ထံသို့ပြန်လာကြလော့။ ငါသည်လည်း သင်တို့ဆီသို့ပြန်လာမည်။” ဤသူများက “ကျွန်ုပ်တို့သည် အဘယ်သို့ပြန်လာရပါမည်နည်း” ဟု မေးလျှင် “သင်တို့သည် ငါ့ဥစ္စာကိုလုယူကြပြီ” ဟုကိုယ်တော်ဖြေတော်မူသည်။ “အကျွန်ုပ်တို့သည် အဘယ်သို့လုယူပါသနည်း” ဟူသော နောက်ထပ်မေးခွန်းကိုဖြေကြားရာတွင် သူတို့သည် မိမိ၏ဗိမာန်တော်ဝတ်ပြုရေးအတွက် အကောင်းဆုံးသောပူဇော်သကာများကို ယူဆောင်လာရန် ပျက်ကွက်သောကြောင့်ဟု ယေဟောဝါမိန့်တော်မူသည်။ (မာလခိ ၃:၇၊ ၈) ကျွန်ုပ်တို့သည် ယေဟောဝါ၏လူများအဝင် ဖြစ်လာကြသဖြင့် ယေဟောဝါ၏လုပ်ငန်းတော်အတွက် ကျွန်ုပ်တို့၏ခွန်အား၊ အရည်အသွေး၊ ပစ္စည်းဥစ္စာတို့၏ အကောင်းဆုံးသောအစိတ်အပိုင်းကို အမှန်ပင်ပေးဆက်လိုသင့်ကြသည်။ သို့အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှလုယူခြင်းမပြုဘဲ ‘ကိုယ်တော့်နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးရှာ’ ကြသည်။—မဿဲ ၆:၃၃။
၁၆။ မာလခိ ၃:၁၀-၁၂ တွင် မည်သည့်အားပေးမှုကို ကျွန်ုပ်တို့ရရှိသနည်း။
၁၆ လောက၏ ရုပ်ဝါဒဆန်သော ကိုယ်ကျိုးရှာလမ်းစဉ်များကို ကျောခိုင်းသူအားလုံးတို့အတွက် မာလခိ ၃:၁၀-၁၂ တွင် ဖော်ပြထားသော ကြီးမားသည့်ဆုကျေးဇူးတစ်ခုရှိသည်– “‘ငါသည် မိုးကောင်းကင်ပြတင်းပေါက်တို့ကိုဖွင့်၍ ကောင်းချီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည်၊ မသွန်းလောင်းမည်ကို ထိုသို့စုံစမ်းကြလော့’ ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။” ကျေးဇူးတင်လေးမြတ်တတ်သူအားလုံးအတွက် ဝိညာဏကောင်းကျိုးချမ်းသာနှင့် ဖြစ်ထွန်းအောင်မြင်မှုများကို ယေဟောဝါကတိပြုတော်မူသည်။ ကိုယ်တော်ဤသို့ဆက်၍မိန့်တော်မူသည်– “လူမျိုးအပေါင်းတို့သည် သင်တို့ကို မင်္ဂလာရှိသောသူဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်။ သင်တို့ပြည်သည်လည်း နှစ်သက်ဖွယ်သောပြည်ဖြစ်လိမ့်မည်။” ယနေ့ ကမ္ဘာတစ်ဝန်းရှိ ကျေးဇူးသိတတ်သော ဘုရားသခင်၏လူသန်းပေါင်းများစွာတို့တွင် ယင်းသို့ဖြစ်မနေပေလော။
အသက်စာစောင်ပါ သမာဓိစောင့်သိသူများ
၁၇-၁၉။ (က) ရဝမ်ဒါတွင်ဖြစ်သော မငြိမ်မသက်မှုက ထိုတွင်ရှိကျွန်ုပ်တို့၏ညီအစ်ကိုများကို မည်သို့ထိခိုက်သနည်း။ (ခ) ဤသစ္စာရှိသူအားလုံးတို့သည် မည်သည့်ယုံကြည်စိတ်ချမှုဖြင့် ရှေ့ဆက်လုပ်ဆောင်ကြသနည်း။
၁၇ ဤတွင် ရဝမ်ဒါရှိ ကျွန်ုပ်တို့၏ညီအစ်ကိုနှင့် ညီအစ်မများ၏ သမာဓိကို တင်ပြလိုပါသည်။ သူတို့သည် ယေဟောဝါ၏ ဝတ်ပြုရာဝိညာဏအိမ်တော်သို့ အကောင်းဆုံးသော ဝိညာဏပူဇော်သကာများကို အမြဲယူဆောင်လာကြသည်။ ဥပမာ၊ ၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပသည့် “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲကြီးတွင် သူတို့၏ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၂,၀၈၀ ယောက်တို့သည် စုစုပေါင်းတက်ရောက်သူ ၄,၀၇၅ ယောက်ကို ရရှိခဲ့ကြသည်။ နှစ်ခြင်းခံသည့်သက်သေခံလူသစ် ၂၃၀ ရှိပြီး သူတို့အထဲမှ ၁၅၀ ခန့်တို့သည် နောက်လတွင်အရန်ရှေ့ဆောင်ရန် လျှောက်လွှာတင်သွင်းခဲ့ကြသည်။
၁၈ လူမျိုးစုမုန်းတီးရေးပေါ်ပေါက်သော ၁၉၉၄ ခု၊ ဧပြီလတွင် နိုင်ငံ၏မြို့တော် ကီဂါလီရှိ မြို့တော်ကြီးကြပ်မှူးနှင့် သူ့မိသားစုတစ်ခုလုံးအပါအဝင် အနည်းဆုံး သက်သေခံ ၁၈၀ တို့ အသတ်ခံခဲ့ရသည်။ ကီဂါလီမြို့ရှိ ကင်းမျှော်စင်အသင်းရုံးမှ ဟူတူလူမျိုးလေးဦးနှင့် တွတ်စီလူမျိုးနှစ်ဦးပါဝင်သော ဘာသာပြန်သူခြောက်ဦးတို့သည် ပြင်းထန်သည့်အန္တရာယ်များကြားမှ ရက်သတ္တပတ်ပေါင်းများစွာ ဆက်၍အလုပ်လုပ်နေခဲ့ကြရာ တွတ်စီများထွက်ပြေးရပြီး စစ်ဆေးရေးစခန်းတွင် အသတ်ခံရသည့်အထိဖြစ်သည်။ နောက်ဆုံးတွင် ကျန်ရှိနေသော ကွန်ပျူတာပစ္စည်းကိရိယာကို ယူဆောင်လျက် ကျန်လေးဦးတို့သည် ဇိုင်ယာနိုင်ငံ၊ ဂိုမာမြို့သို့ ထွက်ပြေးခဲ့ကြပြီး ထိုတွင် ကင်းမျှော်စင် ကို ကင်ညာရဝမ်ဒါဘာသာစကားဖြင့် သစ္စာရှိရှိဆက်၍ဘာသာပြန်ကြသည်။—ဟေရှာယ ၅၄:၁၇။
၁၉ ဤဒုက္ခသည်သက်သေခံများသည် အန္တရာယ်များသည့်အခြေအနေများကြားမှပင် ဝိညာဏအစားအစာကို ရုပ်ပစ္စည်းအထောက်အပံ့ထက် ဦးစားပေး၍ တောင်းဆိုကြသည်။ ကြီးမားသည့်ကိုယ်ကျိုးစွန့်အနစ်နာခံမှုဖြင့် နိုင်ငံများစွာမှ ညီအစ်ကိုများသည် သူတို့ထံသို့ အထောက်အပံ့ပစ္စည်းများ ပေးပို့နိုင်ခဲ့ကြသည်။ ဆင်းရဲဒုက္ခကြားထဲမှ နှုတ်အပြောအဆိုနှင့် စည်းစနစ်ကျနမှုတို့အားဖြင့် ဤဒုက္ခသည်များသည် အံ့မခန်းဖွယ်သက်သေခံနိုင်ခဲ့ကြသည်။ သူတို့သည် ယေဟောဝါ၏ဝတ်ပြုရေးအတွက် မိမိတို့၏အကောင်းဆုံးသောအရာများကို ဆက်၍ယူဆောင်လာကြသည်အမှန်။ သူတို့သည် ရောမ ၁၄:၈ (ကဘ) တွင်ဖော်ပြထားသော ပေါလု၏ ယုံကြည်စိတ်ချမှုမျိုးကို တင်ပြခဲ့ကြသည်– “ငါတို့သည် အသက်ရှင်လျှင် ယေဟောဝါအတွက်ရှင်ကြ၏။ သေလျှင်လည်း ယေဟောဝါအတွက်သေကြ၏။ ထို့ကြောင့် သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ငါတို့ကို ယေဟောဝါပိုင်တော်မူ၏။”
၂၀၊ ၂၁။ (က) ယေဟောဝါ၏ အောက်မေ့ရာစာစောင်တွင် မည်သူတို့၏အမည်များ ရေးမှတ်ခံရမည်မဟုတ်သနည်း။ (ခ) စာစောင်တွင် မည်သူတို့၏အမည်များပါသနည်း။ အဘယ်ကြောင့်နည်း။
၂၀ မိမိအား သမာဓိဖြင့်ဝတ်ပြုသူအားလုံးကို ယေဟောဝါမှတ်သားထားသည်။ မာလခိပရောဖက်ပြုချက်က ဆက်၍ဤသို့ဆိုသည်– “ထိုအခါ ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည် တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်၍ပြောဆိုကြ၏။ ထာဝရဘုရားသည်လည်း နားထောင်၍ကြားတော်မူ၏။ ထာဝရဘုရားကိုကြောက်ရွံ့၍ နာမတော်ကိုအောက်မေ့သောသူတို့အဖို့ ရှေ့တော်တွင် စာရင်းမှတ်သားလျက်ရှိ၏။”—မာလခိ ၃:၁၆။
၂၁ ယနေ့ ကျွန်ုပ်တို့သည် ယေဟောဝါ၏နာမတော်ကို ချီးမွမ်းဂုဏ်တင်ခြင်းအားဖြင့် ဘုရားရေးရာကြောက်ရွံ့ခြင်းကိုတင်ပြရန် မည်မျှအရေးကြီးလှပါသည်တကား! ထိုသို့ပြုခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဤလောကအစီအစဉ်စနစ်ကို အထင်ကြီးလေးစားစွာ ထောက်ခံသောသူများကဲ့သို့ ဆိုးကျိုးသက်ရောက်သည့်စီရင်ချက် ချမှတ်ခြင်းခံရမည်မဟုတ်ပေ။ ဗျာဒိတ် ၁၇:၈ က သူတို့ကို “အသက်စာစောင်၌ စာရင်းမဝင်သော မြေကြီးသားတို့” ဟု ဖော်ပြထားသည်။ ဆင်ခြင်တုံနှင့်ညီညွတ်စွာ ယေဟောဝါ၏အသက်စာစောင်တွင် ရေးမှတ်ခြင်းခံရသော အထွတ်အထိပ်ထင်ရှားသည့်အမည်မှာ အသက်၏ကိုယ်စားလှယ်ချုပ်ဖြစ်သော ဘုရားသခင်၏သားတော်ရင်း ယေရှုခရစ်ဖြစ်သည်။ မဿဲ ၁၂:၂၁ က ဤသို့ကြေညာထားသည် “သူ၏နာမကိုလည်း လူအမျိုးမျိုးတို့သည် ကိုးစားကြလိမ့်မည်။” ယေရှု၏ရွေးဖိုးပူဇော်သကာက ယင်းကိုယုံကြည်ကြောင်း တင်ပြသူအားလုံးအတွက် ထာဝရအသက်ကို အာမခံပေးသည်။ ထိုစာစောင်တွင် ယေရှု၏နာမတော်နှင့်ဆက်၍ ကျွန်ုပ်တို့တစ်ဦးစီ၏အမည်များ ရေးမှတ်ခံရခြင်းသည် မည်မျှထူးမြတ်သည့် အခွင့်အရေးကြီးပါတကား!
၂၂။ ဘုရားသခင်တရားစီရင်သောအခါ မည်သည့်ကွဲပြားခြားနားမှု ထင်ရှားလာမည်နည်း။
၂၂ တရားစီရင်ခြင်းကို ဘုရားသခင်၏ကျေးကျွန်များ မည်သို့တွေ့ကြုံရင်ဆိုင်ကြရမည်နည်း။ မာလခိ ၃:၁၇၊ ၁၈ တွင် ယေဟောဝါဤသို့ဖြေဆိုထားသည်– ‘ထိုသူတို့သည် ငါစီရင်သောနေ့ရက်၌ ငါပိုင်ထိုက်သောဘဏ္ဍာတော်ဖြစ်ကြလိမ့်မည်။ အဘ၏အမှုကို ဆောင်သောသားကို အဘနှမြောသကဲ့သို့ ထိုသူတို့ကိုငါနှမြောမည်။ တစ်ဖန် သင်တို့သည် ပြောင်းလဲ၍ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ၊ ဘုရားသခင်၏အမှုတော်ကိုဆောင်သောသူ၊ မဆောင်သောသူတို့ကို ပိုင်းခြား၍သိရကြလိမ့်မည်။’ ခွဲခြားခြင်းကား အားလုံးအတွက် ရှင်းလင်းပြတ်သားလိမ့်မည်– ဆိုးညစ်သောသူများသည် ထာဝရဖြတ်တောက်ခြင်းအတွက် ခွဲခြားခံရမည်၊ ဖြောင့်မတ်သောသူများမူကား ဘုရားသခင့်နိုင်ငံတော်ပိုင်နက်တွင် ထာဝရအသက်ရရန် မျက်နှာသာတော်ခံစားကြရမည်။ (မဿဲ ၂၅:၃၁-၄၆) ထို့ကြောင့် သိုးနှင့်တူသူများဖြစ်ကြသော လူအုပ်ကြီးသည် ယေဟောဝါ၏ ကြောက်မက်ဖွယ်သောနေ့ရက်ကြီးကို ကျော်လွှားသွားကြမည်။
သင်မှတ်မိသလော
◻ သမ္မာကျမ်းစာခေတ်က မည်သည့်တရားစီရင်ချက်များကို ယေဟောဝါချမှတ်ခဲ့သနည်း။
◻ မျက်မှောက်ခေတ်အခြေအနေများသည် ရှေးအချိန်နှင့် မည်သို့အလားတူသနည်း။
◻ မာလခိပရောဖက်ပြုချက်ပြည့်စုံသည့်အနေနှင့် မည်သည့်သန့်စင်ခြင်းဖြစ်မြောက်သနည်း။
◻ ဘုရားသခင်၏ အောက်မေ့ရာစာစောင်တွင် မည်သူတို့၏အမည်များ ရေးမှတ်ထားခြင်းခံရသနည်း။