အခန်း ၆
မြင့်မြတ်သော လျှို့ဝှက်ချက်ကို ဖော်ထုတ်ခြင်း
၁။ ဗျာဒိတ် ၁:၁၀-၁၇ ပါ ခမ်းနားသောရုပ်လွှာကို ကျွန်ုပ်တို့မည်သို့ တုံ့ပြန်သင့်သနည်း။
ချီးမြှင့်တော်မူခြင်းခံရသူ ယေရှုနှင့်ဆိုင်သော ရူပါရုံသည် တကယ်အံ့သြတုန်လှုပ်ဖွယ် ကောင်းလေစွ။ ကျွန်ုပ်တို့သာ တမန်တော်ယောဟန်နှင့်အတူ ထိုရွှန်းရွှန်းတောက် ဘုန်းတော်ကိုမြင်ခဲ့ရလျှင် မခံနိုင်ဘဲ သူကဲ့သို့ ပုံလဲသွားမည်မုချ။ (ဗျာဒိတ် ၁:၁၀-၁၇) အမွန်မြတ်ဆုံးသော ဤမှုတ်သွင်းခံရူပါရုံကို မပျောက်မပျက်အောင် ထိန်းသိမ်းတော်မူခဲ့ခြင်းမှာ ယနေ့ကျွန်ုပ်တို့ကို စေ့ဆော်ရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် ယောဟန်နည်းတူ ရူပါရုံဆိုလိုချက်အားလုံးကို နှိမ့်ချသောမနောဖြင့် လေးမြတ်သင့်ပေသည်။ ယေရှုကို နန်းထိုင်ဘုရင်၊ ယဇ်ပုရောဟိတ်မင်းကြီး၊ တရားသူကြီးအဖြစ် ကျွန်ုပ်တို့ အစဉ်ကြည်ညိုလေးစားကြပါစေ။—ဖိလိပ္ပိ ၂:၅-၁၁။
“အဦးဆုံးနှင့် နောက်ဆုံး”
၂။ (က) ယေရှုသည် အဘယ်ဘွဲ့ဖြင့် မိမိကိုယ်ကို ဖော်ပြသနည်း။ (ခ) “ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏” ဟု ယေဟောဝါ မိန့်ဆိုစဉ် ဘာကိုဆိုလိုသနည်း။ (ဂ) ယေရှု၏ “အဦးဆုံးနှင့် နောက်ဆုံး” ဟူသောဘွဲ့က ဘာကို သတိပြုမိစေသနည်း။
၂ သို့တစေ၊ ကျွန်ုပ်တို့၏ အံ့သြတုန်လှုပ်ခြင်းသည် ထိတ်လန့်ကြောက်ရွံ့ခြင်းအသွင်သို့ ပြောင်းလဲသွားဖို့မလို။ တမန်တော်ယောဟန် ရှေ့ဆက်ပြောသည့်အတိုင်း ယေရှု သူ့ကို ဤသို့နှစ်သိမ့်တော်မူ၏– “ကိုယ်တော်သည် ငါ့အပေါ်သို့ လက်ယာလက်တော်ကိုတင်လျက် မိန့်တော်မူသည်မှာ– ‘မကြောက်နှင့်။ ငါသည် အဦးဆုံးနှင့် နောက်ဆုံးဖြစ်၏၊ အသက်ရှင်သောသူလည်း ဖြစ်၏။’” (ဗျာဒိတ် ၁:၁၇ခ၊ ၁၈က) ယေဟောဝါက ဟေရှာယ ၄၄:၆ ၌ “ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ ငါမှတစ်ပါး အခြားသောဘုရားသခင်မရှိ” ဟုမိန့်ဆိုလျက် တစ်ပါးတည်းသော အနန္တတန်ခိုးရှင် ဘုရားသခင်တည်းဟူသော မိမိ၏ရာထူးဌာနန္တရကို မှန်ကန်စွာ ဖော်ပြတော်မူသည်။a ယေရှုက မိမိကိုယ်ကို “အဦးဆုံးနှင့် နောက်ဆုံး” ဟူသောဘွဲ့ဖြင့် ဖော်ပြသောအခါ ကြီးမြတ်သောဖန်ဆင်းရှင် ယေဟောဝါနှင့်မိမိ တန်းတူဖြစ်သည်ဟု ဆိုနေခြင်းမဟုတ်။ မိမိအား ဘုရားသခင် ထိုက်လျောက်စွာ ပေးတော်မူသောဘွဲ့ကို သုံးနေခြင်းသာတည်း။ ဟေရှာယကျမ်း၌ ယေဟောဝါက စစ်မှန်သော ဘုရားသခင်အဖြစ် ပြိုင်ဘက်ကင်းသော မိမိ၏ ရာထူးဌာနန္တရနှင့်ပတ်သက်၍ မိန့်ကြားနေခြင်းဖြစ်သည်။ ကိုယ်တော်သည် ထာဝရဘုရားသခင်ဖြစ်၍ ကိုယ်တော်မှတစ်ပါး တကယ်ပင် အခြားဘုရားသခင် မရှိပါ။ (၁ တိမောသေ ၁:၁၇) ဗျာဒိတ်ကျမ်း၌ ယေရှုက မိမိအပ်နှင်းခံရသော ဘွဲ့တော်အကြောင်း၊ မိမိ၏ထူးမြတ်သော ထမြောက်ခြင်းအကြောင်းကို ဆိုနေခြင်းဖြစ်သည်။
၃။ (က) ယေရှုသည် အဘယ်နည်းဖြင့် “အဦးဆုံးနှင့် နောက်ဆုံး” ဖြစ်သနည်း။ (ခ) ‘သေခြင်းနှင့် ဟေးဒီးစ်၏ သော့များကို ယေရှုပိုင်’ ခြင်းက ဘာကိုဆိုလိုသနည်း။
၃ ယေရှုသည် မသေနိုင်သော ဝိညာဉ်အသက်တာသို့ ထမြောက်သည့် “အဦးဆုံး” သောလူသား အမှန်ဖြစ်၏။ (ကောလောသဲ ၁:၁၈) ထို့မျှမက ယေဟောဝါကိုယ်တော်တိုင် ဝိညာဉ်အသက်တာသို့ “နောက်ဆုံး” ထမြောက်စေသူလည်းဖြစ်သည်။ သို့ဖြင့် ကိုယ်တော်သည် “အသက်ရှင်သောသူ၊ . . . အစဉ်ထာဝရ အသက်ရှင်လျက်ရှိ” သူဖြစ်လေပြီ။ မသေနိုင်သောအသက်ကို ဝင်စားရ၏။ ဤတွင် ယေရှုသည် “အသက်ရှင်တော်မူသော ဘုရားသခင်” ဟူ၍သမုတ်သည့် မသေနိုင်သော မိမိခမည်းတော်နှင့်တူ၏။ (ဗျာဒိတ် ၇:၂; ဆာလံ ၄၂:၂) အခြားလူသားထု အားလုံးအဖို့ ယေရှုကိုယ်တော်တိုင်သည် “ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း” ဖြစ်၏။ (ယောဟန် ၁၁:၂၅) ဤအချက်နှင့်လျော်ညီစွာ ယောဟန်အား “ငါသည် သေခဲ့၏။ သို့သော် ကြည့်ပါ။ ငါသည် အစဉ်ထာဝရ အသက်ရှင်လျက်ရှိ၏။ သေခြင်းနှင့် ဟေးဒီးစ်၏ သော့များကိုလည်း ငါပိုင်၏” ဟုမိန့်တော်မူသည်။ (ဗျာဒိတ် ၁:၁၈ခ) လူသေကို ထမြောက်စေနိုင်သော အခွင့်အာဏာကို သူ့အား ယေဟောဝါ အပ်နှင်းတော်မူပြီ။ ထို့ကြောင့် ယေရှုက မိမိ၌ သေခြင်းနှင့် ဟေးဒီးစ် (သုသာန်) ၏သော့များရှိ၍ ၎င်းတို့၏ ချုပ်နှောင်မှုခံရသူတို့အတွက် တံခါးဖွင့်ပေးနိုင်သည်ဟု မိန့်ဆိုနိုင်ခြင်းဖြစ်သည်။—မဿဲ ၁၆:၁၈ နှိုင်းယှဉ်။
၄။ အဘယ်အမိန့်ကို ယေရှု ထပ်ဆင့်ထုတ်ပြန်သနည်း။ မည်သူ့အကျိုးအတွက်နည်း။
၄ ဤတွင် ယေရှုက ယောဟန်အား ရူပါရုံကို မှတ်တမ်းတင်ရန် ဤသို့မိန့်ဆိုပြန်သည်။ “သင်မြင်ရသော အမှုအရာများကိုလည်းကောင်း၊ ယခုဖြစ်နေသည့် အမှုအရာများကိုလည်းကောင်း၊ ဤအရာများနောက်၌ ဖြစ်ပျက်လာမည့် အမှုအရာများကိုလည်းကောင်း ရေးမှတ်လော့။” (ဗျာဒိတ် ၁:၁၉) ကျွန်ုပ်တို့ကို ဩဝါဒပေးရန် နောက်ထပ် အဘယ်ပီတိဖြစ်ဖွယ် အရာများကို ယောဟန် ဖော်ပြဦးမည်နည်း။
ကြယ်များနှင့် မီးခုံများ
၅။ “ကြယ်ခုနစ်လုံး” နှင့် “မီးခုံခုနစ်ခုံ” အကြောင်း ယေရှု မည်သို့ရှင်းပြသနည်း။
၅ မီးခုံခုနစ်ခုံ အလယ်၌ရှိ၍ လက်ယာလက်၌ ကြယ်ခုနစ်လုံးရှိသော ယေရှုကို ယောဟန် မြင်ခဲ့ပြီဖြစ်သည်။ (ဗျာဒိတ် ၁:၁၂၊ ၁၃၊ ၁၆) ယခု ယေရှု ဤသို့ရှင်းပြ၏– “ငါ့လက်ယာလက်ပေါ်မှာ သင်မြင်ရသော ကြယ်ခုနစ်လုံးနှင့် ရွှေမီးခုံ ခုနစ်ခုံတို့၏ မြင့်မြတ်သော လျှို့ဝှက်ချက်ဟူမူကား ကြယ်ခုနစ်လုံးသည် အသင်းတော် ခုနစ်ပါး၏ ကောင်းကင်တမန်များကို ဆိုလိုပြီး မီးခုံခုနစ်ခုံမှာ အသင်းတော် ခုနစ်ပါးကို ဆိုလို၏။”—ဗျာဒိတ် ၁:၂၀။
၆။ ကြယ်ခုနစ်လုံးက ဘာကို ကိုယ်စားပြုသနည်း။ အဘယ်ကြောင့် ဤသူတို့ကို အထူးရည်စူး၍ သတင်းတော်ကို ရေးပို့လိုက်သနည်း။
၆ “ကြယ်များ” မှာ “အသင်းတော် ခုနစ်ပါး၏ ကောင်းကင်တမန်များ” ဖြစ်သည်။ ဗျာဒိတ်ကျမ်း၌ ကြယ်များသည် တစ်ခါတစ်ရံ တကယ့်ကောင်းကင်တမန်များကို ပုံဆောင်သော်လည်း လူသားစာရေးသူတစ်ဦးကိုသုံးပြီး အရူပ ဝိညာဉ်သတ္တဝါများထံ ယေရှု စာရေးလိမ့်မည်မဟုတ်။ ထို့ကြောင့် “ကြယ်များ” သည် အသင်းတော်များရှိ လူသားကြီးကြပ်မှူးများ၊ သို့မဟုတ် အကြီးအကဲများဖြစ်၍ သူတို့ကို ယေရှု၏ စေတမန်များbအဖြစ် ယူမှတ်ရပေမည်။ ကြယ်များသည် ယေဟောဝါ၏ သိုးတော်စုကို ထိန်းကျောင်းရန် တာဝန်ရရှိသော ပုဂ္ဂိုလ်များဖြစ်သဖြင့် ဤသတင်းစကားများကို သူတို့ထံ ပေးပို့တော်မူခြင်းဖြစ်သည်။—တမန်တော် ၂၀:၂၈။
၇။ (က) အသင်းတော်တစ်ခုစီမှ ကောင်းကင်တမန် တစ်ဦးအားသာ ယေရှု မိန့်ဆိုနေသော်လည်း အသင်းတော်တစ်ခုစီ၌ အကြီးအကဲ တစ်ဦးသာရှိသည်ကို မဆိုလိုကြောင်း ဘာကပြသနည်း။ (ခ) အမှန်သော် ယေရှု၏ လက်ယာလက်ပေါ်မှာ ကြယ်ခုနစ်လုံးသည် မည်သူများကို ကိုယ်စားပြုသနည်း။
၇ ယေရှုသည် အသင်းတော်တစ်ခုစီရှိ “ကောင်းကင်တမန်” တစ်ပါးအားသာ မိန့်ဆိုသည်ဖြစ်၍ အသင်းတော်တစ်ခု၌ အကြီးအကဲ တစ်ဦးတည်းသာရှိသည်ဟု ဆိုလိုသလော။ မဟုတ်။ ပေါလုလက်ထက်ကတည်းက ဧဖက်အသင်းတော်၌ အကြီးအကဲ အများအပြားရှိလေပြီ။ တစ်ဦးသာ ရှိသည်မဟုတ်။ (ဗျာဒိတ် ၂:၁; တမန်တော် ၂၀:၁၇) သို့ဖြစ်၍ ယောဟန်လက်ထက်၌ (ဧဖက်အသင်းတော်အပါအဝင်) အသင်းတော်များရှေ့ ဖတ်ကြားရန် သတင်းစကားများကို ကြယ်ခုနစ်လုံးထံ ရေးပို့စဉ် ကြယ်များသည် ယေဟောဝါ၏ ဘိသိက်ခံအသင်းတော်၌ အမှုထမ်းသော အကြီးအကဲအဖွဲ့များထဲက ပုဂ္ဂိုလ်များအားလုံးကို ကိုယ်စားပြုခြင်း ဖြစ်ရမည်။ ထို့နည်းတူ ယနေ့ ကြီးကြပ်မှူးများသည် ယေရှုဦးစီးမှုအောက် အမှုထမ်းသော ဘိသိက်ခံ ကြီးကြပ်မှူးများဖြင့် ဖွဲ့စည်းသည့် အုပ်ချုပ်ရေးအဖွဲ့မှ လာသောစာများကို မိမိတို့၏ အသင်းတော်များရှေ့ ဖတ်ကြားကြသည်။ ဒေသန္တရ အကြီးအကဲအဖွဲ့များအနေနှင့် မိမိတို့၏ အသင်းတော်များသည် ယေရှု၏သြဝါဒကို လိုက်နာလျက်ရှိမရှိ ကြပ်မတ်ရမည်။ ထိုသြဝါဒမှာ အကြီးအကဲများ အကျိုးအတွက်သာမက အသင်းတော်နှင့် ပေါင်းသင်းသူအားလုံးအတွက် ဖြစ်သည်။—ဗျာဒိတ် ၂:၁၁က။
၈။ အကြီးအကဲများ ယေရှု၏ လက်ယာလက်တွင်း၌ ရှိသည်ဟူသောအချက်က ဘာကိုပြသနည်း။
၈ ယေရှုသည် အသင်းတော်၏ ဦးခေါင်းဖြစ်ရကား အကြီးအကဲများသည် ကိုယ်တော့် လက်ယာလက်တော်၊ ချုပ်ကိုင်လမ်းညွှန်မှုအောက်၌ ရှိကြသည်ဟုဆိုခြင်းသည် ဆီလျော်၏။ (ကောလောသဲ ၁:၁၈) ကိုယ်တော်သည် သိုးထိန်းချုပ်ဖြစ်၍ သူတို့သည် လက်ထောက်သိုးထိန်းများ ဖြစ်ကြသည်။—၁ ပေတရု ၅:၂-၄။
၉။ (က) မီးခုံခုနစ်ခုံက ဘာကို ပုံဆောင်သနည်း။ အဘယ်ကြောင့်မီးခုံသည် ၎င်းတို့၏ လျောက်ပတ်သော အထိမ်းအမှတ်ဖြစ်သနည်း။ (ခ) ရူပါရုံသည် တမန်တော်ယောဟန်အား ဘာကိုသတိရစေကောင်း ရစေမည်နည်း။
၉ မီးခုံခုနစ်ခုံမှာ ယောဟန် ဗျာဒိတ်ကျမ်း ရေးပို့လိုက်သော ဧဖက်၊ စမုရန၊ ပေရဂံ၊ သွာတိရ၊ သာဒိ၊ ဖိလဒေလဖိနှင့် လောဒိကိ တည်းဟူသော အသင်းတော် ခုနစ်ပါးပင်တည်း။ အသင်းတော်များကို အဘယ်ကြောင့် မီးခုံဖြင့် အမှတ်သညာပြုသနည်း။ ခရစ်ယာန်များသည် တစ်ဦးချင်းဖြစ်စေ၊ အသင်းတော်များအလိုက်ဖြစ်စေ မှောင်မိုက်သော ဤလောက၌ ‘မိမိတို့အလင်းကို လူတို့ရှေ့ ထွန်းလင်းစေရမည်’ ဖြစ်၍တည်း။ (မဿဲ ၅:၁၄-၁၆) ထို့ပြင် ရှောလမုန်၏ ဗိမာန်တော်အသုံးအဆောင်များတွင် မီးခုံများ ပါဝင်သည်။ အသင်းတော်များကို မီးခုံဟုခေါ်ခြင်းက ဘိသိက်ခံတို့၏ ဒေသန္တရအသင်းတော်သည် ပုံဆောင်သဘောအရ “ဘုရားသခင်၏ ဗိမာန်တော်၊” ဘုရားသခင့် ဝိညာဉ်တော် ကျိန်းဝပ်ရာဖြစ်သည်ဟူသောအချက်ကို ယောဟန်အား သတိရစေလိမ့်မည်။ (၁ ကောရိန္သု ၃:၁၆) ထိုမျှမက ဂျူးဗိမာန်တော် အစီအစဉ်၏ ဥပမေယျတွင် ဘိသိက်ခံ အသင်းတော်သားများသည် ယေဟောဝါ၏ ကြီးမြတ်သော ဝိညာဉ်ရေး ဗိမာန်တော်၌ အမှုထမ်းကြသည်။ ထိုတွင် ယေရှုသည် ယဇ်ပုရောဟိတ်မင်းကြီးဖြစ်၍ ယေဟောဝါသည် ကောင်းကင်ဆိုင်ရာ အထူးသန့်ရှင်းရာဌာနတွင် ကျိန်းဝပ်တော်မူသည်။—၁ ပေတရု ၂:၄၊ ၅၊ ၉; ဟေဗြဲ ၃:၁; ၆:၂၀; ၉:၉-၁၄၊ ၂၄။
မဟာဖောက်ပြန်မှု
၁၀။ ဂျူးစနစ်နှင့် ၎င်း၏နောင်တမရသော ထောက်ခံသူတို့သည် အေဒီ ၇၀ ပြည့်နှစ်တွင် ဘာဖြစ်ခဲ့သနည်း။
၁၀ ဗျာဒိတ်ကျမ်းကို ယောဟန် ရေးသားချိန်တွင် ခရစ်ယာန်ဘာသာ၏ သက်တမ်းသည် အနှစ် ၆၀ ကျော်လေပြီ။ ၎င်းသည် အစပိုင်း၌ ယုဒဘာသာ၏ အဆက်မပြတ် တိုက်ခိုက်မှုကို အနှစ် ၄၀ တိုင်တိုင် ခံရပ်ခဲ့ရသည်။ ထို့နောက် နောင်တမရသော ဂျူးများ တိုင်းပြည်ပျောက်ရုံမက မိမိတို့၏ရုပ်တုဟု ဆိုရမလောက်ဖြစ်သော ယေရုရှလင် ဗိမာန်တော်ကိုပါ ဆုံးရှုံးခဲ့ရသည့် အေဒီ ၇၀ ပြည့်နှစ်တွင် ဂျူးစနစ်သည် အသေထိုးသတ် ခံလိုက်ရသည်။
၁၁။ သိုးထိန်းချုပ်က အသင်းတော်များအား ဖြစ်ပေါ်နေသော ခေတ်ရေစီးကြောင်းနှင့် ပတ်သက်၍ သတိပေးသည်မှာ အဘယ်ကြောင့် အခါသင့်သနည်း။
၁၁ သို့တစေ၊ တမန်တော်ပေါလုက ဘိသိက်ခံ ခရစ်ယာန်များအလယ်၌ ဖောက်ပြန်မှုတစ်ရပ် ဖြစ်ပွားမည်ဟု ကြိုပြောခဲ့သည်။ ယေရှုပေးပို့သော သတင်းစကားများကလည်း သက်ကြီးရွယ်အို ယောဟန်လက်ထက်မှာပင် ၎င်းဖောက်ပြန်မှု အစပြုနှင့်ပြီဖြစ်ကြောင်း ပြ၏။ ဤကား မိန်းမ၏အမျိုးအနွယ်ကို ဖောက်ပြန်ပျက်စီးစေရန် စာတန်၏ အားကုန်ကြိုးပမ်းမှုဖြစ်ပြီး ယောဟန်သည် နောက်ဆုံးသော အဟန့်အတားဖြစ်သည်။ (၂ သက်သာလောနိတ် ၂:၃-၁၂; ၂ ပေတရု ၂:၁-၃; ၂ ယောဟန် ၇-၁၁) ထို့ကြောင့် ယေဟောဝါ၏ သိုးထိန်းချုပ်က အသင်းတော် အကြီးအကဲများထံ စာရေး၍ ဖြစ်ပေါ်နေသော ခေတ်ရေစီးကြောင်းကို သတိပြုရန်စေ့ဆော်ပြီး နှလုံးရိုးဖြောင့်သူများ ဖြောင့်မတ်ခြင်းတရားအတွက် မားမားမတ်မတ် ရပ်တည်ကြရန် အားပေးလိုက်ခြင်းသည် အခါသင့်လှပေသည်။
၁၂။ (က) ယောဟန်လက်ထက်ပြီးနောက် ရာစုနှစ်များအတွင်း အယူဖောက်ပြန်မှု မည်သို့ဖြစ်ပေါ်လာသနည်း။ (ခ) ခရစ်ယာန်ဘောင် မည်သို့ဖြစ်ပေါ်လာသနည်း။
၁၂ အေဒီ ၉၆ ခုနှစ်က အသင်းတော်များ မည်သို့တုံ့ပြန်ကြသည်ကို ကျွန်ုပ်တို့မသိပါ။ သို့သော် ယောဟန်ကွယ်လွန်သည့်နောက် အယူဖောက်ပြန်မှု အရှိန်အဟုန် မြင့်လာသည်ကိုကား ကျွန်ုပ်တို့သိသည်။ “ခရစ်ယာန်များ” သည် ယေဟောဝါ ၏နာမတော်ကို မသုံးတော့ဘဲ ကျမ်းစာလက်ရေးစာမူများ၌ “သခင်၊” သို့မဟုတ် “ဘုရားသခင်” ဖြင့် အစားထိုးလာကြသည်။ စတုတ္ထရာစုရောက်သော် သုံးပါးပေါင်းတစ်ဆူဟူသော အယူဝါဒမှား အသင်းတော်များအတွင်းသို့ စိမ့်ဝင်လာသည်။ တစ်ချိန်တည်းတွင် မသေနိုင်သောဝိညာဉ် အယူဝါဒကို လက်ခံလာကြသည်။ နောက်ဆုံး၌ ရောမဧကရာဇ် ကွန်စတင်တိုင်းက “ခရစ်ယာန်” ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်ရာမှ ခရစ်ယာန်ဘောင် ဖြစ်ပေါ်လာသည်။ ခရစ်ယာန်ဘောင်အတွင်း ချာ့ချ်နှင့် နိုင်ငံတော်အစိုးရ ပူးပေါင်း၍ အနှစ်တစ်ထောင် အုပ်ချုပ်လေသည်။ ပုံစံသစ်ဟန်သစ် “ခရစ်ယာန်” ဖြစ်လာဖို့ မခဲယဉ်းချေ။ မိမိတို့၏ မူလတိတ္ထိအယူများကို ပြင်တန်ပြင်ပြီး ဤဘာသာအယူဝါဒထဲသို့ အမျိုးအနွယ်နှင့်ချီပြီး ဝင်လာကြသည်။ ခရစ်ယာန်ဘောင်မှ ခေါင်းဆောင်များစွာတို့သည် ကြီးနိုင်ငယ်ညှဉ်းသော နိုင်ငံရေး မင်းဆိုးမင်းညစ်များ ဖြစ်လာကြပြီး မိမိတို့၏ ဖောက်ပြန်သော အယူဝါဒများကို ဓားမိုး၍ သွတ်သွင်းကြလေသည်။
၁၃။ သင်းခွဲမှုကိုရှောင်ရန် ယေရှု သတိပေးလျက်နှင့် အယူဖောက်ပြန်သော ခရစ်ယာန်များ အဘယ်လမ်းစဉ်ကို ရွေးချယ်ခဲ့သနည်း။
၁၃ အယူဖောက်ပြန်သော ခရစ်ယာန်များသည် အသင်းတော် ခုနစ်ပါးထံရေးသော ယေရှု၏အဆိုအမိန့်ကို လုံးလုံးဥပေက္ခာ ပြုကြသည်။ မိမိတို့၏ ကနဦးမေတ္တာကို ပြန်လည်မွေးမြူရန် ဧဖက်အသင်းသားများအား ယေရှု သတိပေးခဲ့သည်။ (ဗျာဒိတ် ၂:၄) သို့သော် ခရစ်ယာန်ဘောင် အသင်းသားများသည် ယေဟောဝါကို ချစ်သောမေတ္တာဖြင့် စည်းလုံးခြင်း မရှိတော့သဖြင့် အချင်းအချင်း ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်၍ ထိတ်လန့်စဖွယ် ညှဉ်းဆဲနှိပ်စက်ကြသည်။ (၁ ယောဟန် ၄:၂၀) သင်းခွဲခြင်းကိုရှောင်ရန် ပေရဂံအသင်းတော်ကို ယေရှု သတိပေးတော်မူခဲ့သည်။ သို့တစေ ဒုတိယရာစုမှာပင် ဂိုဏ်းဂဏများပေါ်လာပြီး ယနေ့ဆိုလျှင် ခရစ်ယာန်ဘောင်၌ ကတောက်ကဆတ် ဖြစ်လျက်ရှိသော ဂိုဏ်းဂဏများ၊ ဘာသာရေးအဖွဲ့များ ထောင်နှင့်ချီ၍ရှိ၏။—ဗျာဒိတ် ၂:၁၅။
၁၄။ (က) ဝိညာဉ်ရေးဘက် သေမသွားရန် ယေရှု သတိပေးလျက်နှင့် အမည်ခံခရစ်ယာန်များ အဘယ်လမ်းစဉ်ကို ရွေးချယ်ခဲ့သနည်း။ (ခ) ရုပ်တုကိုးကွယ်ခြင်းနှင့် သီလပျက်ခြင်းဆိုင်ရာ ယေရှု၏ သတိပေးချက်ကို နာခံသည့်ကိစ္စ၌ အမည်ခံခရစ်ယာန်တို့ မည်သို့ပျက်ကွက်ခဲ့သနည်း။
၁၄ ဝိညာဉ်ရေးဘက် သေမသွားဖို့ သာဒိအသင်းတော်အား ယေရှု သတိပေးခဲ့သည်။ (ဗျာဒိတ် ၃:၁) သို့သော် ခရစ်ယာန် အမည်ခံတို့သည် သာဒိမြို့သားတို့ကဲ့သို့ ခရစ်ယာန်လုပ်ငန်းများကို လျင်မြန်စွာ မေ့လျော့သွားကြပြီး အလွန်အရေးပါသော ဟောပြောခြင်းလုပ်ငန်းကို လခစား လူနည်းစုဖြစ်သည့် ဓမ္မဆရာအတန်းအစားအား လွှဲအပ်လိုက်သည်။ ရုပ်တုကိုးကွယ်မှုနှင့် မတရားမေထုန်ကိုရှောင်ရန် သွာတိရအသင်းတော်ကို ယေရှု သတိပေးခဲ့သည်။ (ဗျာဒိတ် ၂:၂၀) သို့ပါလျက် ခရစ်ယာန်ဘောင်က ရုပ်တုအသုံးပြုခြင်းကို လူသိရှင်ကြား သဘောတူခွင့်ပြုထား၏။ မသိသာသည့် ရုပ်တုကိုးကွယ်မှုဖြစ်သော မျိုးချစ်စိတ်နှင့် ရုပ်ဝါဒကို မြေတောင်မြှောက်ပေး၏။ သီလပျက်မှုကို တစ်ခါတစ်ရံ ကန့်ကွက်၍ဟောသော်လည်း များသောအားဖြင့် နေရာအနှံ့ သည်းခံခွင့်ပြုထားသည်။
၁၅။ အသင်းတော် ခုနစ်ပါးထံရေးလိုက်သော ယေရှု၏စကားတော်က ခရစ်ယာန်ဘောင် ဘာသာများနှင့်ပတ်သက်၍ ဘာကိုလှစ်ပြသနည်း။ ခရစ်ယာန်ဘောင် ဓမ္မဆရာများသည် ဘာဖြစ်ကြောင်း ထင်ရှားလာသနည်း။
၁၅ သို့ဖြစ်၍ အသင်းတော် ခုနစ်ပါးထံရေးသော ယေရှု၏စကားတော်က ခရစ်ယာန်ဘောင်ဘာသာ အားလုံးသည် ယေဟောဝါ၏ လက်ရွေးစင် လူမျိုးတော်ဖြစ်ဖို့ အရည်အချင်း လုံးဝမရှိကြောင်း လှစ်ပြလိုက်သည်။ အမှန်အားဖြင့် ခရစ်ယာန်ဘောင် ဓမ္မဆရာများသည် ကာလတစ်လျှောက် စာတန့်အမျိုးအနွယ်၏ အထင်ပေါ်ဆုံးသော အဖွဲ့ဝင်များ ဖြစ်ကြသည်။ ဤသူတို့ကို ‘ဒုစရိုက်လူ’ အဖြစ်ထား၍ တမန်တော်ပေါလုက “ထိုဒုစရိုက်လူ၏လာခြင်းသည် စာတန်ပြုပြင်သောအားဖြင့် မုသာနှင့်စပ်ဆိုင်သော တန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှု အမျိုးမျိုးနှင့်လည်းကောင်း . . . မတရားသောအမှုနှင့်စပ်၍ လှည့်ဖြားခြင်း အမျိုးမျိုးနှင့်လည်းကောင်း ဖြစ်၏” ဟု ကြိုပြောခဲ့သည်။—၂ သက်သာလောနိတ် ၂:၉၊ ၁၀၊ သမ္မာ။
၁၆။ (က) ခရစ်ယာန်ဘောင် ခေါင်းဆောင်တို့သည် မည်သူများကို အထူးမုန်းတီးသနည်း။ (ခ) အလယ်ခေတ်များအတွင်း ခရစ်ယာန်ဘောင်၌ ဘာဖြစ်ခဲ့သနည်း။ (ဂ) ပရိုတက်စတင့် ထကြွမှု၊ သို့မဟုတ် သာသနာပြုပြင်ရေး အရေးတော်ပုံကြောင့် ခရစ်ယာန်ဘောင်၏ အယူဖောက်ပြန်သောလမ်းစဉ်များ ပြောင်းလဲခဲ့သလော။
၁၆ ခရစ်ယာန်ဘောင်၏ ဘာသာရေးနှင့် လောကီရေး ခေါင်းဆောင်တို့သည် ဘုရားသခင့်သိုးတော်စု၏ သိုးထိန်းများဟုဆိုကြသော်လည်း ကျမ်းစာဖတ်ဖို့ အခြားသူများကို အားပေးသည့်ပုဂ္ဂိုလ်၊ ကျမ်းစာနှင့်မညီသော သူတို့၏ အကျင့်အကြံများကို အထုပ်ဖြေပြသည့်ပုဂ္ဂိုလ် မည်သူမဆိုအား အထူးမုန်းတီး၏။ ဂျွန်ဟတ်စ်နှင့် ကျမ်းစာဘာသာပြန်သူ ဝီလျံ တင်းဒေးလ်တို့ကို နှိပ်စက်သတ်ဖြတ်ခဲ့သည်။ အမှောင်ထုလွှမ်းသော အလယ်ခေတ်များ၌ အယူဖောက်ပြန်သူတို့၏ အုပ်ချုပ်မှုသည် နတ်ဆိုးဆန်လှသော ဗရင်ဂျီအသင်း၏ ခုံရုံးတင်စစ်ဆေးမှု အသွင်သို့ပြောင်းကာ အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ အသင်း၏ဝါဒနှင့် အာဏာကို စောဒကတက်သူ မည်သူမဆို ရက်ရက်စက်စက် နှိမ်နင်းခံရသည်။ မိစ္ဆာတိတ္ထိဟု သမုတ်ခံရသူ လူအထောင်အသောင်းသည် သေသည့်တိုင် နှိပ်စက်ခြင်း၊ သို့မဟုတ် တိုင်၌ချည်၍ မီးရှို့သတ်ခြင်း ခံရကြသည်။ ဤနည်းဖြင့် စာတန်သည် ဘုရားသခင့် မိန်းမနှင့်တူသော အဖွဲ့အစည်း၏ အမျိုးအနွယ်စစ် မှန်သမျှကို မဆိုင်းမတွ ချေမှုန်းနိုင်ရန် အားခဲလာခဲ့သည်။ ၁၅၁၇ ခုနှစ်မှ အစပြုသော ပရိုတက်စတင့် ထကြွမှု၊ သို့မဟုတ် သာသနာပြုပြင်ရေး ပေါ်လာသောအခါ ပရိုတက်စတင့်ချာ့ချ် များစွာတို့ကလည်း အလားတူသဘောထားမျိုး တင်ပြခဲ့ကြသည်။ သူတို့လည်း ဘုရားသခင်နှင့် ခရစ်တော်ကို သစ္စာစောင့်သောလူတို့အား သတ်ဖြတ်ခြင်းဖြင့် သွေးစွန်းခဲ့ကြသည်။ “သန့်ရှင်းသူတို့၏ အသွေး” ကို တကယ်ပင် သွန်ချင်သလို သွန်ခဲ့ကြလေခြင်း။—ဗျာဒိတ် ၁၆:၆; မဿဲ ၂၃:၃၃-၃၆ နှိုင်းယှဉ်။
အမျိုးအနွယ် ကြံ့ကြံ့ခံခြင်း
၁၇။ (က) ဂျုံပင်နှင့် ပေါင်းပင်ဆိုင်ရာ ယေရှု၏ ပုံဥပမာက ဘာကိုကြိုပြောသနည်း။ (ခ) ၁၉၁၈ ခုနှစ်တွင် ဘာဖြစ်ခဲ့၍ အဘယ်ငြင်းပယ်မှုနှင့် ခန့်အပ်မှု ဖြစ်ခဲ့သနည်း။
၁၇ ယေရှုက ခရစ်ယာန်ဘောင် ပြိုင်ဘက်ကင်းစွာ ကြီးစိုးစဉ်ကာလသည် အမှောင်ထုလွှမ်းသော သမယဖြစ်မည်ဟု ဂျုံပင်နှင့်ပေါင်းပင် ပုံဥပမာထဲ၌ ကြို၍မိန့်ဆိုခဲ့သည်။ သို့ရာတွင် အယူဖောက်ပြန်ရာ ရာစုနှစ်များတစ်လျှောက် ဂျုံပင်နှင့်တူသော ခရစ်ယာန်များဖြစ်သည့် ဘိသိက်ခံအစစ်များ တစ်ဦးချင်း သီးခြားစီ တည်ရှိခဲ့ပေမည်။ (မဿဲ ၁၃:၂၄-၂၉၊ ၃၆-၄၃) သို့ဖြင့်၊ ၁၉၁၄ ခုနှစ်၊ အောက်တိုဘာလ၌ သခင့်နေ့တော် ဆိုက်ရောက်သောအခါ ကမ္ဘာပေါ်တွင် ခရစ်ယာန်စစ်များ ရှိနေဆဲပင်။ (ဗျာဒိတ် ၁:၁၀) သုံးနှစ်ခွဲခန့်လွန်၍ ၁၉၁၈ ခုနှစ်၌ ယေဟောဝါသည် တရားစီရင်ရန် မိမိ၏ “ပဋိညာဉ် တမန်တော်” ယေရှုနှင့်အတူ ဝိညာဏဗိမာန်တော်သို့ ကြွခဲ့ဟန်တူသည်။ (မာလခိ ၃:၁; မဿဲ ၁၃:၄၇-၅၀) သခင်သည် ခရစ်ယာန်အတုများကို အဆုံး၌ပယ်၍ ‘မိမိဥစ္စာရှိသမျှကို စီမံခန့်ခွဲစေရန် သစ္စာနှင့်သတိပညာရှိကျွန်အား ခန့်အပ်’ ဖို့ အချိန်ကျလေပြီ။—မဿဲ ၇:၂၂၊ ၂၃; ၂၄:၄၅-၄၇။
၁၈။ ၁၉၁၄ ခုနှစ်၌ အဘယ် ‘အချိန်’ ဆိုက်ရောက်လာသနည်း၊ ကျွန်ဖြစ်သူ ဘာလုပ်ရန် အချိန်ဖြစ်လာသနည်း။
၁၈ အသင်းတော် ခုနစ်ပါးထံပေးပို့သော ယေရှု၏ သတင်းစကားများကို ထောက်လျှင် ၎င်းကို ကျွန်ဖြစ်သူက အထူးဂရုပြုရန် အချိန်တန်ပြီဖြစ်ကြောင်းကိုလည်း သိရသည်။ ဥပမာ၊ ယေရှုက မိမိသည် အသင်းတော်များကို တရားစီရင်ရန် ကြွလာမည်ဟုဆို၏။ ထိုတရားစီရင်မှုသည် ၁၉၁၈ ခုနှစ်၌ စတင်သည်။ (ဗျာဒိတ် ၂:၅၊ ၁၆၊ ၂၂၊ ၂၃; ၃:၃) “လူနေထိုင်ရာ မြေကြီးတစ်ပြင်လုံးပေါ် ကျရောက်လတ္တံ့သော စုံစမ်းချိန်၌” ဖိလဒေလဖိအသင်းတော်ကို ကာကွယ်မည်ဟု ယေရှုဆို၏။ (ဗျာဒိတ် ၃:၁၀၊ ၁၁) ထို “စုံစမ်းချိန်” သည် ၁၉၁၄ ခုနှစ် သခင့်နေ့တော် စတင်သည့်နောက်မှ ဆိုက်ရောက်လာသည်။ ထို့နောက်၊ တည်ထောင်ပြီဖြစ်သော ဘုရားသခင့်နိုင်ငံတော်အပေါ် သစ္စာရှိမရှိ ခရစ်ယာန်များ စမ်းသပ်ခံရသည်။—မဿဲ ၂၄:၃၊ ၉-၁၃ နှိုင်းယှဉ်။
၁၉။ (က) အသင်းတော် ခုနစ်ပါးသည် ယနေ့ ဘာကို ပုံဆောင်သနည်း။ (ခ) မည်သူတို့သည် အလုံးအရင်းနှင့်ချီ၍ ဘိသိက်ခံခရစ်ယာန်များနှင့် ပေါင်းသင်းလာသနည်း။ ယေရှု၏သြဝါဒနှင့် ကိုယ်တော်တင်ပြသော အခြေအနေတို့သည် အဘယ်ကြောင့် သူတို့နှင့်လည်း သက်ဆိုင်သနည်း။ (ဂ) ပထမရာစု အသင်းတော်ခုနစ်ပါးထံ ပေးပို့သော ယေရှု၏ သတင်းစကားများကို ကျွန်ုပ်တို့ မည်သို့ရှုမှတ်သင့်သနည်း။
၁၉ ဤအကြောင်းကြောင့် အသင်းတော်များထံရေးပို့သော ယေရှု၏စကားတော်သည် ၁၉၁၄ ခုနှစ်မှစ၍ အကြီးစားသက်ဆိုင်မှု ရှိလာသည်။ ဤတွင် အသင်းတော်ခုနစ်ပါးသည် သခင့်နေ့တော်အတွင်း ဘိသိက်ခံခရစ်ယာန်များ အသင်းတော်အားလုံးကို ပုံဆောင်သည်။ ထို့ပြင်၊ မြေကြီးပရဒိသု၌ ထာဝစဉ်နေထိုင်ရန် မျှော်လင့်သော ယုံကြည်သူ ဒုနှင့်ဒေးသည် လွန်ခဲ့သောအနှစ် ၇၀ ကျော်အတွင်း ယောဟန်ပုံဆောင်သော ဘိသိက်ခံခရစ်ယာန်များနှင့် ပူးပေါင်းလာကြသည်။ ယေဟောဝါ၏ ကျေးကျွန်များ အားလုံးအတွက် ဖြောင့်မတ်ခြင်းနှင့် သစ္စာစောင့်ခြင်းဆိုင်ရာစံနှုန်း တစ်မျိုးတည်းရှိသောကြောင့် ဘုန်းပွင့်ယေရှုခရစ်၏ ဩဝါဒသည်လည်းကောင်း၊ အသင်းတော်ခုနစ်ပါးကို စစ်ဆေးရာမှ တွေ့ရှိရသော အခြေအနေများသည်လည်းကောင်း ထိုသူတို့နှင့်လည်း ထပ်တူထပ်မျှ သက်ဆိုင်သည်။ (ထွက်မြောက်ရာ ၁၂:၄၉; ကောလောသဲ ၃:၁၁) ထို့ကြောင့် အာရှမိုင်းနားရှိ ပထမရာစု အသင်းတော်များထံ ပေးပို့သော ယေရှု၏ သတင်းစကားသည် သမိုင်းဆိုင်ရာ စိတ်ဝင်စားဖွယ်ရာမျှသာ မဟုတ်။ ကျွန်ုပ်တို့တစ်ဦးစီအဖို့ သေရေးရှင်ရေးကိစ္စ ဖြစ်သည်။ သို့ဖြစ်၍ ယေရှု၏စကားတော်ကို ဂရုတစိုက် နားထောင်ကြစို့။
[အောက်ခြေမှတ်ချက်မျာ]
a မူရင်းဟေဗြဲဘာသာတွင် ဟေရှာယ ၄၄:၆ ၌ “အဦးဆုံးသောသူ” နှင့် “နောက်ဆုံးသောသူ” ဟူသော စကားလုံးများနှင့်တွဲလျက် တိကျအညွှန်းစကားလုံး မရှိသော်လည်း မူရင်းဂရိတွင် ဗျာဒိတ် ၁:၁၇ ၌ ယေရှုက မိမိအကြောင်း ဖော်ပြရာတွင် တိကျအညွှန်းစကားလုံးကို တွေ့ရသည်။ ထို့ကြောင့် သဒ္ဒါအရ၊ ဗျာဒိတ် ၁:၁၇ က ဘွဲ့တစ်ခုကို ရည်ညွှန်း၍ ဟေရှာယ ၄၄:၆ က ယေဟောဝါ၏ ဘုရားအဖြစ်တော်ကို ဖော်ပြသည်။
b (“anʹge·los” အိန်းဂျဲလော့စ်ဟူ၍ အသံထွက်သော) ဂရိစာလုံး agʹge·los သည် “စေတမန်” ကိုဖြစ်စေ၊ “ကောင်းကင်တမန်” ကိုဖြစ်စေ ဆိုလိုသည်။ မာလခိ ၂:၇ ၌ လေဝိယဇ်ပုရောဟိတ်တစ်ဦးကို “စေတမန်” (ဟေဗြဲလို mal·’akhʹ မာလ်အာ့ခ်) အဖြစ် ညွှန်းဆိုသည်။—ကမ္ဘာသစ်ဘာသာပြန် ရည်ညွှန်းကျမ်းစာ၊ အောက်ခြေမှတ်ချက်ကိုရှု။
[စာမျက်နှာ ၃၂ ပါ လေးထောင့်ကွက်]
စုံစမ်းချိန်နှင့် တရားစီရင်ချိန်
ယေရှုသည် အေဒီ ၂၉ ခုနှစ်၊ အောက်တိုဘာလခန့်တွင် ယော်ဒန်မြစ်၌ နှစ်ခြင်းခံ၍ မင်းလောင်းအဖြစ် ဘိသိက်ခံတော်မူသည်။ သုံးနှစ်ခွဲအကြာ အေဒီ ၃၃ ခုနှစ်၌ ယေရုရှလင်မြို့ ဗိမာန်တော်သို့ကြွ၍ ၎င်းကို ဓားပြတွင်း ဖြစ်စေသူတို့အား နှင်ထုတ်လေသည်။ ၎င်းနှင့်အလားတူသည့် သုံးနှစ်ခွဲကာလတစ်ခု ရှိဟန်တူသည်။ ထိုကာလသည် ၁၉၁၄ ခုနှစ်၊ အောက်တိုဘာလတွင် ကောင်းကင်၌ ယေရှုနန်းထိုင်ချိန်မှ စတင်သည်။ ဘုရားသခင့်အိမ်တော်မှ အစပြုသော တရားစီရင်ချိန်ရောက်သည်နှင့် အမည်ခံခရစ်ယာန်များကို စစ်ဆေးရန် ကြွလာသည့် အချိန်တိုင်အောင်ဖြစ်သည်။ (မဿဲ ၂၁:၁၂၊ ၁၃; ၁ ပေတရု ၄:၁၇) ၁၉၁၈ ခုနှစ်၊ နှစ်ဦးပိုင်း၌ ယေဟောဝါ လူမျိုးတော်၏ နိုင်ငံတော်လုပ်ငန်းသည် ကြီးမားသော အတိုက်အခံနှင့် ကြုံခဲ့ရသည်။ ကမ္ဘာတစ်ခွင်လုံး စုံစမ်းချိန်ဖြစ်သည်။ ကြောက်ရွံ့သူတို့သည် ဆန်ခါချခံရသည်။ ၁၉၁၈ ခုနှစ်၊ မေလ၌ ခရစ်ယာန်ဘောင် ဓမ္မဆရာများက ကင်းမျှော်စင်အသင်း၏ အမှုဆောင်အရာရှိများအား ထောင်ကျစေရန် သွေးထိုးခဲ့သည်။ သို့တစေ၊ ကိုးလကြာသော် သူတို့သည် ထောင်မှလွတ်လာကြသည်။ ထို့နောက် မတရားစွပ်စွဲချက်အားလုံး ပျက်ပြယ်သွားသည်။ စုံစမ်းခံ၍ သန့်စင်ပြီးဖြစ်သော ဘုရားသခင့်လူမျိုးတော် အဖွဲ့အစည်းသည် ၁၉၁၉ ခုနှစ်မှစ၍ ရှေ့သို့ချီတက်ကာ ခရစ်တော်ယေရှုမင်းပြုသော ယေဟောဝါနိုင်ငံတော်သည် လူသားတို့၏ မျှော်လင့်ရာဖြစ်ကြောင်း အားမာန်တက်ကြွစွာ ကြွေးကြော်ကြလေသည်။—မာလခိ ၃:၁-၃။
၁၉၁၈ ခုနှစ်၌ ယေရှု ကြွရောက်စစ်ဆေးသောအခါ ခရစ်ယာန်ဘောင် ဓမ္မဆရာများသည် အပြစ်စီရင်ချက် ချမှတ်ခံရသည်မှာ မုချ။ သူတို့သည် ဘုရားသခင့် လူမျိုးတော်ကို နှိပ်စက်ညှဉ်းဆဲရန် သွေးထိုးပေးရုံမက ပထမ ကမ္ဘာစစ်အတွင်း ပြိုင်ဘက်နိုင်ငံများကို အားပေးအားမြှောက်ပြုခြင်းဖြင့် အကြီးအကျယ် သွေးပြစ်စွန်းခဲ့သည်။ (ဗျာဒိတ် ၁၈:၂၁၊ ၂၄) ထို့နောက် ၎င်းဓမ္မဆရာတို့သည် လူတို့တည်ထောင်သော နိုင်ငံပေါင်းချုပ်အသင်းကြီးကို မျှော်လင့်အားထားကြ၏။ ၁၉၁၉ ခုနှစ်ရောက်သော် ခရစ်ယာန်ဘောင်သည် ကမ္ဘာ့မိစ္ဆာဘာသာရေး အင်ပါယာနှင့်အတူ ဘုရားသခင့် မျက်နှာသာတော်ကို လုံးဝလက်လွတ် ဆုံးရှုံးသွားလေသည်။
[စာမျက်နှာ ၂၈၊ ၂၉ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ဧဖက်
စမုရန
ပေရဂံ
သွာတိရ
သာဒိ
ဖိလဒေလဖိ
လောဒိကိ
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ကျမ်းစာ ဘာသာပြန်သူ၊ ဖတ်ရှုသူသာမက ပိုင်ဆိုင်သူတို့ကိုပင် ညှဉ်းဆဲသတ်ဖြတ်ခဲ့သော ခရစ်ယာန်ဘောင်သည် သွေးပြစ် ကြီးလေးလှ၏