“ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့သွင်းကြလော့”
“ငါသည် မိုးကောင်းကင်ပြတင်းပေါက်များကိုဖွင့်၍ . . . သွန်းလောင်းမည်၊ မသွန်းလောင်းမည်ကို ထိုသို့စုံစမ်းကြလော့။” —မာလခိ ၃:၁၀။
၁။ (က) ဘီ၊ စီ၊ အီး ငါးရာစုက ယေဟောဝါသည် မိမိ၏လူများအား ဘာတောင်းဆိုခဲ့သနည်း။ (ခ) စီ၊ အီး ပထမရာစုက မိမိ၏ဗိမာန်တော်သို့ တရားစီရင်ရန်ယေဟောဝါကြွလာခြင်းသည် မည်သည့်ရလဒ်ဖြစ်ထွန်းသနည်း။
ဘီစီ၊ အီး ငါးရာစုနှစ်က ဣသရေလလူတို့သည် ယေဟောဝါအား သစ္စာမဲ့ခဲ့ကြသည်။ သူတို့သည် ဆယ်ဖို့တစ်ဖို့ကိုထိန်ချန်ပြီး ချို့တဲ့သောတိရစ္ဆာန်များကို ပူဇော်သက္ကာအဖြစ် ဗိမာန်တော်သို့ယူဆောင်လာခဲ့ကြသည်။ သို့ရာတွင် သူတို့သည် ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်သို့ယူဆောင်ခဲ့လျှင် လိုလေသေးမရှိသည်အထိ သူတို့အပေါ်ကောင်းချီးသွန်းလောင်းမည်ဖြစ်ကြောင်း ကိုယ်တော်ကတိပြုတော်မူခဲ့သည်။ (မာလခိ ၃:၈-၁၀) နောက်နှစ်ပေါင်း ၅၀၀ ခန့်ကြာသောအခါ မိမိ၏ပဋိညာဉ်တမန်ယေရှုအားဖြင့်ကိုယ်စားပြုခြင်းခံရသောယေဟောဝါသည် ယေရုရှလင်ဗိမာန်တော်သို့ တရားစီရင်ရန်ကြွလာခဲ့သည်။ (မာလခိ ၃:၁) ဣသရေလလူမျိုးသည် လူမျိုးတစ်မျိုးအနေနှင့် လိုအပ်ချက်များရှိခဲ့သော်လည်း တစ်ဦးချင်းအနေနှင့်ယေဟောဝါထံပြန်လာသူများသည် ကြွယ်ဝစွာကောင်းချီးခံစားခဲ့ကြရသည်။ (မာလခိ ၃:၇) သူတို့သည် ယေဟောဝါ၏ဝိညာဏသားများ၊ အသစ်သောဖန်ဆင်းရာ၊ “ဘုရားသခင်၏ဣသရေလလူမျိုး” ဖြစ်လာရန် ဘိသိက်ပေးခံကြရသည်။—ဂလာတိ ၆:၁၆။ ရောမ ၃:၂၅၊ ၂၆။
၂။ မာလခိ ၃:၁-၁၀ သည် မည်သည့်အချိန်တွင် ဒုတိယအကြိမ်ပြည့်စုံရမည်နည်း။ ယင်းနှင့်ပတ်သက်၍ ဘာပြုလုပ်ရန် ကျွန်ုပ်တို့တောင်းဆိုခံရကြသနည်း။
၂ ယင်းနောက်ပိုင်း နှစ်ပေါင်း ၁၉၀၀ နီးပါးကာလ၊ ၁၉၁၄ ခုနှစ်တွင် ယေရှုသည် ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်တွင် မင်းမြှောက်ခံခဲ့ရပြီး မာလခိ ၃:၁-၁၀ ပါ ဘုရားသခင့်မှုတ်သွင်းခံနှုတ်ကပါဌ်တော်များသည် ဒုတိယအကြိမ်ပြည့်စုံချိန်ရောက်ခဲ့သည်။ ဤစိတ်တက်ကြွဖွယ်အဖြစ်နှင့်ဆက်နွယ်၍ ခရစ်ယာန်များသည် ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့သွင်းရန် ဖိတ်ခေါ်ခံရကြသည်။ ထိုသို့ပြုပါက ကျွန်ုပ်တို့လည်း လိုလေသေးမရှိသည်အထိ ကောင်းချီးများခံစားရမည်။
၃။ (က) ပထမရာစုတွင် (ခ) ပထမကမ္ဘာစစ်မတိုင်မီတွင် မည်သူသည် ယေဟောဝါကြွရာလမ်းကိုပြင်ဆင်သည့်တမန်ဖြစ်ခဲ့သနည်း။
၃ ဗိမာန်တော်သို့မိမိကြွလာမည်နှင့်ပတ်သက်၍ ယေဟောဝါက “ကြည့်ရှုလော့။ ငါသွားရာလမ်းကိုပြင်ရသော ငါ၏တမန်ကိုငါစေလွှတ်မည်” ဟုမိန့်တော်မူခဲ့သည်။ (မာလခိ ၃:၁) ပထမရာစုတွင်ပြည့်စုံချက်အနေနှင့် နှစ်ခြင်းဆရာယောဟန်သည် ဣသရေလလူမျိုး အပြစ်မှနောင်တရခြင်းအကြောင်းကို လာရောက်ဟောပြောခဲ့သည်။ (မာကု ၁:၂၊ ၃) ထိုတွင် ယေဟောဝါသည် မိမိ၏ဗိမာန်တော်သို့ဒုတိယအကြိမ်ကြွခြင်းနှင့်ပတ်သက်သည့် ရှေ့ပြေးလုပ်ငန်းတစ်ခုရှိခဲ့သလော။ ရှိခဲ့ပါသည်။ ပထမကမ္ဘာစစ်မတိုင်မီ ဆယ်စုနှစ်များအတွင်းက ကျမ်းစာကျောင်းသားများသည် ကမ္ဘာ့မြင်ကွင်းတွင်ပေါ်ထွက်လာကြပြီး သမ္မာကျမ်းစာ၏အယူဝါဒများကိုသွန်သင်ကာ သုံးပါးပေါင်းတစ်ဆူနှင့်မီးငရဲစသည့်အယူဝါဒကဲ့သို့သော ဘုရားသခင်ကိုရှုတ်ချဂုဏ်ယုတ်စေသည့်မုသားဝါဒများကို ဖော်ထုတ်လှစ်ဟခဲ့ကြသည်။ သူတို့သည် လာမည့် ၁၉၁၄ ခုနှစ်တွင် တစ်ပါးအမျိုးသားအချိန်ကုန်ဆုံးမည်ဖြစ်ကြောင်းကိုလည်း သတိပေးခဲ့ကြသည်။ ဤသမ္မာတရား၏အလင်းဆောင်သူများကို လူများစွာတို့တုံ့ပြန်ခဲ့ကြသည်။—ဆာလံ ၄၃:၃။ မဿဲ ၅:၁၄၊ ၁၆။
၄။ သခင်ဘုရား၏နေ့ရက်အတွင်း မည်သည့်မေးခွန်းကိုဖြေရန်ရှိသနည်း။
၄ ၁၉၁၄ ခုနှစ်သည် ကျမ်းစာတွင်ခေါ်ထားသော “သခင်ဘုရား၏နေ့ရက်” ကို အစပြုသည်။ (ဗျာဒိတ် ၁:၁၀) “သစ္စာနှင့်သတိပညာရှိသောကျွန်” ထင်ရှားဖော်ပြခြင်းနှင့် ထိုသူများအား “[သခင်၏] ပိုင်ထိုက်သမျှ” ကို အပ်နှင်းခြင်းအပါအဝင် အရေးကြီးသောအဖြစ်အပျက်များသည် ထိုနေ့ရက်အတွင်းဖြစ်ပျက်ရမည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ) ၁၉၁၄ ခုနှစ်က ခရစ်ယာန်အမည်ခံသောချာ့ချ်ထောင်ပေါင်းများစွာရှိခဲ့သည်။ မည်သည့်အုပ်စုသည် သစ္စာနှင့်သတိပညာရှိသောကျွန်အဖြစ် သခင်ယေရှုခရစ်အသိအမှတ်ပြုခြင်းခံရမည့်သူများဖြစ်မည်နည်း။ ထိုမေးခွန်းသည် ဗိမာန်တော်သို့ယေဟောဝါကြွလာတော်မူသောအခါ အဖြေထွက်မည်ဖြစ်သည်။
ဝိညာဏဗိမာန်တော်သို့ကြွလာခြင်း
၅၊ ၆။ (က) ယေဟောဝါသည် တရားစီရင်ရန် မည်သည့်ဗိမာန်တော်သို့ ကြွလာခဲ့သနည်း။ (ခ) ခရစ်ယာန်ဘောင်သည် ယေဟောဝါထံမှ မည်သည့်စီရင်ချက်ကိုခံရသနည်း။
၅ မည်သည့်ဗိမာန်တော်သို့ ကိုယ်တော်ကြွလာခဲ့သနည်း။ ယေရုရှလင်မြို့ရှိ ပကတိဗိမာန်တော်သို့မဟုတ်သည်မှာ သေချာသည်။ ထိုဗိမာန်တော်များသည် စီ၊ အီး ၇၀ ခုနှစ်တွင် ဖျက်ဆီးခံခဲ့ရခြင်းဖြင့် အဆုံးတိုင်ခဲ့ပြီဖြစ်သည်။ သို့သော် ယေဟောဝါ၌ ထိုယေရုရှလင်ဗိမာန်တော်အားဖြင့် ကြိုတင်ပုံခိုင်းထားသော သာ၍ကြီးမြတ်သည့်ဗိမာန်တော်ရှိသည်။ ထိုသာ၍ကြီးမြတ်သောဗိမာန်တော်သည် မည်မျှခမ်းနားထည်ဝါပြီး သန့်ရှင်းရာဌာနသည် ကောင်းကင်တွင်ရှိ၍ ရင်ပြင်တော်သည် ဤမြေကြီး၌ဖြစ်ကြောင်းတို့ကို ပေါလုပြောဆိုခဲ့သည်။ (ဟေဗြဲ ၉:၁၁၊ ၁၂၊ ၂၄၊ ၁၀:၁၉၊ ၂၀) ယင်းကား ယေဟောဝါတရားစီရင်ရန်ကြွလာမည့် သာ၍ကြီးမြတ်သောဝိညာဏဗိမာန်ပင်ဖြစ်သည်။—ဗျာဒိတ် ၁၁:၁။ ၁၅:၈ နှိုင်းယှဉ်။
၆ မည်သည့်အချိန်က ယင်းဖြစ်ခဲ့သနည်း။ ခိုင်လုံသောအထောက်အထားအရ ၁၉၁၈ ခုနှစ်တွင်ဖြစ်သည်။aမည်သည့်အကျိုးသက်ရောက်ခဲ့သနည်း။ စင်ကြယ်သောဝတ်ပြုရေးကိုကျင့်သုံးမည့်အစား စည်းစိမ်ချမ်းသာ၌နှစ်မွန်းနေပြီး ဆင်းရဲသားများအားဖိနှိပ်သော မှောက်မှားသောအယူဝါဒများကိုသွန်သင်နေသော၊ လက်များတွင်သွေးစွန်းနေသည့်အဖွဲ့အစည်းတစ်ခု၊ လောကအား မိမိကိုယ်ကို ပြည်တန်ဆာအဖြစ်ဆက်သနေသည့် ယိုယွင်းနေသောဘာသာရေးစနစ်တစ်ခုအဖြစ် ခရစ်ယာန်ဘောင်ကို ယေဟောဝါတွေ့ရှိတော်မူခဲ့သည်။ (ယာကုပ် ၁:၂၇။ ၄:၄) မာလခိမှတစ်ဆင့် ယေဟောဝါဤသို့သတိပေးခဲ့သည်။ “ပြုစားတတ်သောသူ၊ သူ့မယားကိုပြစ်မှားသောသူ၊ မမှန်သောကျိန်ဆိုခြင်းကိုပြုသောသူ၊ သူငှားကိုအခမပေး ညှဉ်းဆဲသောသူ၊ မိဘမရှိသောသူငယ်နှင့်မုဆိုးမကို ညှဉ်းဆဲသောသူ၊ ငါ့ကိုမကြောက်ရွံ့သောသူတို့တစ်ဖက်၌ ငါသည် လျင်မြန်သောသက်သေဖြစ်မည်။” (မာလခိ ၃:၅) ခရစ်ယာန်ဘောင်သည် ဤအမှုအားလုံးနှင့် ထိုထက်သာ၍ဆိုးသည့်အရာများကိုပြုခဲ့ပြီ။ ၁၉၁၉ ခုနှစ်ရောက်သော် ကမ္ဘာချီမှောက်မှားသည့်ဘာသာရေးအဆောက်အအုံဖြစ်သော မဟာဗာဗုလုန်၏ ကျန်အစိတ်အပိုင်းများနှင့်အတူ ပျက်စီးခြင်းဒဏ်စီရင်ချက်ကို သူမအပေါ်ယေဟောဝါချမှတ်ခဲ့သည်။ ထိုအချိန်မှစ၍ စိတ်နှလုံးဖြောင့်မှန်သူများအတွက် ‘ငါ၏လူမျိုးတို့၊ သူ၏အထဲကထွက်ကြလော့’ ဟူသောခေါ်ဖိတ်သံပေါ်ထွက်လာခဲ့သည်။—ဗျာဒိတ် ၁၈:၁၊ ၄။
၇။ ယေရှုသည် မည်သူများအား မိမိ၏သစ္စာနှင့်သတိပညာရှိသောကျွန်အဖြစ်သတ်မှတ်ခဲ့သနည်း။
၇ သစ္စာနှင့်သတိပညာရှိသောကျွန်ကား မည်သူနည်း။ ပထမရာစုတွင် နှစ်ခြင်းဆရာယောဟန်နှင့် ပဋိညာဉ်တမန်ဖြစ်သောယေရှုတို့၏ သက်သေခံခြင်းလုပ်ငန်းကို တုံ့ပြန်ကြသောအုပ်စုငယ်ကလေးအားဖြင့် စတင်ခဲ့သည်။ ကျွန်ုပ်တို့ရာစုတွင် ၁၉၁၄ မတိုင်မီနှစ်များအတွင်းက ကျမ်းစာကျောင်းသားများပြုလုပ်ခဲ့သော ရှေ့ပြေးလုပ်ငန်းကိုတုံ့ပြန်သူ ထောင်ပေါင်းများစွာရှိလာခဲ့သည်။ ထိုသူများသည် ပထမကမ္ဘာစစ်အတွင်း၌ ပြင်းထန်သောစမ်းသပ်ခြင်းများကို ကြုံတွေ့ခဲ့ရသော်လည်း သူတို့၏နှလုံးသည် ယေဟောဝါ၌တည်နေကြောင်း တင်ပြခဲ့ကြသည်။
သန့်စင်သည့်လုပ်ငန်း
၈၊ ၉။ လွန်ခဲ့သည့် ၁၉၁၈ ခုနှစ်က သစ္စာနှင့်သတိပညာရှိကျွန်သည် မည်သည့်နည်းဖြင့်သန့်စင်ခံရန် လိုအပ်ခဲ့သနည်း။ ဤကိစ္စနှင့်ပတ်သက်၍ ယေဟောဝါမည်သို့ကတိပြုခဲ့သနည်း။
၈ မည်သို့ဆိုစေ ဤအဖွဲ့ပင်လျှင် သန့်စင်ခံရရန်လိုအပ်ခဲ့သည်။ သူတို့နှင့်ဆက်သွယ်ပေါင်းသင်းခဲ့သူအချို့တို့သည် နောက်ဆုံးတွင်ဖယ်ထုတ်ခံရမည့် ယုံကြည်ခြင်း၏ရန်သူများဖြစ်သွားကြသည်။ (ဖိလိပ္ပိ ၃:၁၈) အချို့တို့သည် ယေဟောဝါအားဝတ်ပြုရေးနှင့်ပတ်သက်သည့်တာဝန်များကို မထမ်းဆောင်လိုကြတော့ဘဲ ရွေ့လျော့ခဲ့ကြသည်။ (ဟေဗြဲ ၂:၁) ထို့အပြင် ရှင်းထုတ်ပစ်ရန်လိုအပ်သည့် ဗာဗုလုန်ဆိုင်ရာအကျင့်အကြံများ ရှိနေသေးသည်။ အဖွဲ့အစည်းလိုက်လည်း သစ္စာနှင့်သတိပညာရှိကျွန်သည် သန့်စင်ခံရရန်ရှိနေသေးသည်။ ဤလောကနှင့်ပတ်သက်၍ တော်လျော်သောကြားနေခြင်းကို သင်ယူ၍ကျင့်သုံးကြရဦးမည်။ လောကသည် သာ၍ယိုယွင်းပျက်စီးလာရာ သူတို့သည် အသင်းတော်ပြင်ပရှိ စာရိတ္တနှင့်ဝိညာဏညစ်ညမ်းမှုများကို အပြင်းအထန်တိုက်လှန်ရန်လိုအပ်ခဲ့သည်။—ယုဒ ၃၊ ၄ နှိုင်းယှဉ်။
၉ မှန်ပါသည်။ သန့်စင်မှုလိုအပ်ခဲ့သည်။ သို့သော် နန်းစံယေရှုနှင့်ပတ်သက်၍ ယေဟောဝါ၏မေတ္တာပါကတိတော်မှာ ဤသို့။ “ငွေကိုချွတ်၍ သန့်ရှင်းစေသောသူကဲ့သို့ထိုင်လျက် ရွှေငွေကိုချွတ်သကဲ့သို့ လေဝိသားတို့ကိုချွတ်၍သန့်ရှင်းစေတော်မူသဖြင့် သူတို့သည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] အဖို့ဖြစ်၍ ဖြောင့်မတ်ခြင်းပူဇော်သက္ကာကို ပူဇော်ကြလိမ့်မည်။” (မာလခိ ၃:၃) ၁၉၁၈ ခုနှစ်မှစ၍ ယေဟောဝါသည် မိမိ၏ပဋိညာဉ်တမန်တော်အားဖြင့် မိမိ၏ကတိတော်ကိုပြည့်စုံစေကာ မိမိ၏လူများကိုသန့်စင်မှုပြုခဲ့သည်။
၁၀။ ဘုရားသခင်၏လူများသည် မည်သည့်ပူဇော်သက္ကာမျိုးကို ယူခဲ့ကြပြီး ဘုရားသခင်က သူတို့အား မည်သည့်တောင်းဆိုချက်ကိုပြုခဲ့သနည်း။
၁၀ ယေရှု၏ဘိသိက်ခံညီတော်များနှင့် နောက်ပိုင်း ယေဟောဝါ၏လုပ်ငန်းတော်တွင် ပူးပေါင်းပါဝင်လာကြသော လူအုပ်ကြီးသည် ယေဟောဝါ၏ငွေကိုချွတ်၍သန့်စင်စေသည့်လုပ်ရပ်မှ အကျိုးခံစားခဲ့ကြရသည်။ (ဗျာဒိတ် ၇:၉၊ ၁၄၊ ၁၅) အဖွဲ့အစည်းတစ်ခုအနေနှင့် သူတို့သည် ဖြောင့်မတ်ခြင်းပူဇော်သက္ကာကို ပူဇော်ခဲ့ကြပြီး ဆက်၍ပူဇော်နေကြဆဲဖြစ်သည်။ သူတို့၏ပူဇော်သက္ကာသည် “ရှေးကာလ၊ လွန်လေပြီးသောနှစ်များ၌ဖြစ်သကဲ့သို့ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] နှစ်သက်တော်မူဖွယ်ဖြစ်လိမ့်မည်။” (မာလခိ ၃:၄) ပရောဖက်ပြုစကားအရ ယေဟောဝါတောင်းဆိုသည့်အရာများမှာ ဤသို့ဖြစ်သည်။ “ငါ့အိမ်တော်၌စားစရာရှိစေခြင်းငှာ ဆယ်ဖို့တစ်ဖို့အလှူရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့သွင်းကြလော့။ ငါသည် မိုးကောင်းကင်ပြတင်းပေါက်များကိုဖွင့်၍ လိုလျက်မနေရအောင် ကောင်းချီးမင်္ဂလာသွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့စုံစမ်းကြလော့ဟု ဗိုလ်ခြေတို့၏အရှင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူ၏။”—မာလခိ ၃:၁၀၊ သမ္မ။
ပူဇော်သက္ကာနှင့်ဆယ်ဖို့တစ်ဖို့
၁၁။ မောရှေပညတ်တောင်းဆိုချက်အရဖြစ်သော ပူဇော်သက္ကာများသည် အဘယ်ကြောင့်မလိုအပ်တော့သနည်း။
၁၁ မာလခိအချိန်က ဘုရားသခင်၏လူများသည် အသီးအနှံများ၊ တိရစ္ဆာန်များစသည့် ပကတိပူဇော်သက္ကာနှင့် ဆယ်ဖို့တစ်ဖို့ကို ယူဆောင်ခဲ့ကြသည်။ ယေရှုအချိန်၌ပင် သစ္စာရှိဣသရေလလူများသည် ဗိမာန်တော်တွင် ပကတိပူဇော်သက္ကာများဖြင့် ပူဇော်ခဲ့ကြသည်။ သို့ရာတွင် ယေရှုသေပြီးနောက်ပိုင်း ယင်းတို့အားလုံးပြောင်းလဲသွားသည်။ ရုပ်ပစ္စည်းပူဇော်ခြင်းနှင့် ဆယ်ဖို့တစ်ဖို့ပေးခြင်းတို့ပါဝင်သည့် ပညတ်တရားသည် ပယ်ဖျက်ခြင်းခံခဲ့ရသည်။ (ဧဖက် ၂:၁၅) ယေရှုသည် ပညတ်အောက်ရှိ ပရောဖက်ပြုပုံစံပူဇော်သက္ကာကို ပြည့်စုံစေခဲ့သည်။ (ဧဖက် ၅:၂။ ဟေဗြဲ ၁၀:၁၊ ၂၊ ၁၀) သို့ဆိုလျှင် ခရစ်ယာန်များသည် ပူဇော်သက္ကာနှင့်ဆယ်ဖို့တစ်ဖို့ကို မည်သည့်နည်းဖြင့်ပေးနိုင်သနည်း။
၁၂။ အဘယ်ဝိညာဏပူဇော်သက္ကာနှင့်ယဇ်ကို ခရစ်ယာန်တို့ပြုကြသနည်း။
၁၂ သူတို့အတွက် ပူဇော်သက္ကာသည် ဝိညာဏရေးအဖြစ်ပေါ်လွင်သည်။ (ဖိလိပ္ပိ ၂:၁၇။ ၂ တိမောသေ ၄:၆ နှိုင်းယှဉ်။) ဥပမာ၊ ဟောပြောခြင်းလုပ်ငန်းကို ပူဇော်သက္ကာအဖြစ်ပေါလုဤသို့ပြောခဲ့သည်။ “နှုတ်ခမ်းအသီးတည်းဟူသောချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။” အခြားသောဝိညာဏပူဇော်ခြင်းတစ်မျိုးကို သူထောက်ပြ၍ ဤသို့အားပေးခဲ့သည်။ “ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့လျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏။” (ဟေဗြဲ ၁၃:၁၅၊ ၁၆) မိဘများသည် သားသမီးများအား ရှေ့ဆောင်လုပ်ရန်အားပေးသောအခါ ယေဟောဝါအား သူတို့ပေးလှူပူဇော်ကြသည်ဟုပြောနိုင်ပေသည်။ ယေဖသသည် မိမိအားအောင်ပွဲဆင်ခွင့်ပေးတော်မူသောဘုရားသခင်အား မိမိ၏သမီးကို “မီးရှို့ရာယဇ်” အဖြစ်ပေးဆက်ခြင်းကဲ့သို့ပင်ဖြစ်သည်။—တရားသူကြီး ၁၁:၃၀၊ ၃၁၊ ၃၉။
၁၃။ ခရစ်ယာန်များသည် မိမိတို့၏ဝင်ငွေမှ ပကတိဆယ်ဖို့တစ်ဖို့ပေးရန် အဘယ်ကြောင့်မလိုအပ်သနည်း။
၁၃ ဆယ်ဖို့တစ်ဖို့ကောမည်သို့နည်း။ ခရစ်ယာန်များသည် အချို့ခရစ်ယာန်ဘောင်ချာ့ချ်များတွင်လုပ်သကဲ့သို့ သူတို့၏ရုပ်ပစ္စည်းများကို ဆယ်ပုံတစ်ပုံဖယ်ထားပြီး ယေဟောဝါအားပေးရန် တာဝန်ရှိသလော။ မရှိပါ၊ ယင်းသို့မလိုအပ်ပါ။ ခရစ်ယာန်များယင်းသို့ပြုရန် ကျမ်းစာဖော်ပြချက်မရှိပါ။ ယုဒနယ်ရှိချို့တဲ့သူများအတွက် ပေါလုအလှူငွေကောက်ခံခဲ့စဉ်က မည်သည့်ရာခိုင်နှုန်းဖြင့်ပေးရမည်ဟူ၍ မဖော်ပြခဲ့ချေ။ ယင်းအစား သူပြောသည်မှာ “လူတိုင်း မိမိစိတ်ထဲ၌ကြံစည်ထားသည့်အတိုင်း လှူပါစေ။ နှမြောသောစိတ်နှင့်မလှူရ။ မလှူဘဲမနေရဟုစိတ်ထင်နှင့်မလှူရ။ အကြောင်းမူကား စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏” ဟူ၍ဖြစ်သည်။ (၂ ကောရိန္သု ၉:၇၊ သမ္မ) အထူးဓမ္မအမှုဆောင်ခြင်းကိုလုပ်ကိုင်သူများအကြောင်းပြောရာတွင် အချို့တို့သည် စေတနာအလှူငွေများဖြင့် ကောင်းစွာထောက်ပံ့ခံရသော်လည်း မိမိမှာမူ ကိုယ်တိုင်အလုပ်လုပ်၍ကိုယ့်ကိုယ်ကိုထောက်ပံ့ခဲ့ကြောင်း ပေါလုပြောခဲ့သည်။ (တမန်တော် ၁၈:၃၊ ၄။ ၁ ကောရိန္သု ၉:၁၃-၁၅) ယင်းအတွက် ဆယ်ဖို့တစ်ဖို့သတ်မှတ်ထားခြင်းမရှိခဲ့ပါ။
၁၄။ (က) အဘယ်ကြောင့်ဆယ်ဖို့တစ်ဖို့ပေးခြင်းသည် ကျွန်ုပ်တို့၌ရှိသမျှပေးခြင်းကို ကိုယ်စားမပြုသနည်း။ (ခ) ဆယ်ဖို့တစ်ဖို့က မည်သည့်အရာကိုကိုယ်စားပြုသနည်း။
၁၄ ခရစ်ယာန်များအတွက် ဆယ်ဖို့တစ်ဖို့သည် တစ်စုံတစ်ခုကို ပုံဆောင် သို့မဟုတ် ကိုယ်စားပြု ခြင်းဖြစ်သည်မှာ ထင်ရှားသည်။ ယင်းသည်ဆယ်ပုံတစ်ပုံဖြစ်၍ ကျမ်းစာတွင် တစ်ဆယ်ဂဏန်းသည် မြေကြီးဆိုင်ရာပြည့်စုံခြင်းအဖြစ်ပုံဆောင်လေ့ရှိရာ ဆယ်ဖို့တစ်ဖို့သည် ကျွန်ုပ်တို့ရှိသမျှကို ယေဟောဝါအားပေးရမည်ဟု ပုံဆောင်ပါသလော။ မဟုတ်ပါ။ ကျွန်ုပ်တို့သည် ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့် မိမိတို့ကိုယ်ကိုယေဟောဝါထံဆက်ကပ်အပ်နှံကြောင်းတင်ပြရာတွင် ကိုယ်တော်အား ကျွန်ုပ်တို့ရှိသမျှကိုပေးခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့ဆက်ကပ်အပ်နှံသည့်အချိန်တွင် ယေဟောဝါ၏ဥစ္စာမဟုတ်သောအရာတစ်စုံတစ်ခုမျှ ကျွန်ုပ်တို့တွင်မရှိပါ။ သို့သော် ယေဟောဝါသည် တစ်ဦးစီအား မိမိတို့ပစ္စည်းဥစ္စာများကို ကိုယ်တိုင်စီမံခန့်ခွဲပိုင်ခွင့်ပေးထားသည်။ ထို့ကြောင့် ဆယ်ဖို့တစ်ဖို့သည် ယေဟောဝါအားကျွန်ုပ်တို့ပေးဆက်သည့် သို့မဟုတ် ကိုယ်တော့်လုပ်ငန်းတော်တွင်ကျွန်ုပ်တို့အသုံးပြုသည့် ကျွန်ုပ်တို့ပိုင်ဆိုင်ရာ၏အစိတ်အပိုင်းကို ပုံဆောင်သည်။ ယင်းသည် ကိုယ်တော်အားကျွန်ုပ်တို့ချစ်သောမေတ္တာနှင့် ကျွန်ုပ်တို့သည် ကိုယ်တော်ပိုင်ဆိုင်ရာများဖြစ်သည်ကိုအသိအမှတ်ပြုကြောင်းတို့အတွက် အမှတ်လက္ခဏာဖြစ်သည်။ ခေတ်သစ်ဆယ်ဖို့တစ်ဖို့သည် ဆယ်ပုံတစ်ပုံသက်သက်ဖြစ်ရန်မလိုပါ။ တစ်ခါတစ်ရံ ယင်းထက်ပိုနည်းပြီး တစ်ခါတစ်ရံ ယင်းထက်ပိုများနိုင်ပါသည်။ တစ်ယောက်စီသည် မိမိတို့၏နှလုံးလှုံ့ဆော်မှုနှင့် အခြေအနေခွင့်ပြုချက်ပေါ်မူတည်၍ ပေးလှူကြသည်။
၁၅၊ ၁၆။ ကျွန်ုပ်တို့၏ဝိညာဏဆယ်ဖို့တစ်ဖို့တွင် မည်သည့်အရာပါဝင်သနည်း။
၁၅ ဤဝိညာဏဆယ်ဖို့တစ်ဖို့တွင် မည်သည့်အရာများပါဝင်သနည်း။ တစ်ခုမှာ ကျွန်ုပ်တို့၏အချိန်နှင့်ခွန်အားကို ယေဟောဝါအားပေးခြင်းဖြစ်သည်။ အချိန်ကို အသင်းတော်၊ တိုက်နယ်နှင့်ခရိုင်အစည်းအဝေးများတက်ခြင်းနှင့် လယ်ကွင်းလုပ်ငန်းတို့တွင်အသုံးပြုခြင်းအားဖြင့် ယေဟောဝါအားပေးဆက်ရာရောက်သည်။ ယင်းတို့သည် ဆယ်ဖို့တစ်ဖို့၏အစိတ်အပိုင်းများဖြစ်ကြသည်။ ဖျားနာသူများထံလည်ပတ်ရန်နှင့် အခြားသူများကိုကူညီရန် ကျွန်ုပ်တို့အသုံးပြုသည့်အချိန်နှင့်ခွန်အား—ဤအရာများသည်လည်း ကျွန်ုပ်တို့ဆယ်ဖို့တစ်ဖို့ပေးခြင်း၏အစိတ်အပိုင်းများဖြစ်ကြသည်။ စည်းဝေးခန်းမများဆောက်လုပ်ခြင်းတွင် ဝိုင်းကူခြင်း၊ ခန်းမပြုပြင်ထိန်းသိမ်းခြင်းနှင့်သန့်ရှင်းခြင်းတို့တွင်ပါဝင်ခြင်းသည်လည်း အလားတူအစိတ်အပိုင်းများဖြစ်ကြသည်။
၁၆ ကျွန်ုပ်တို့၏ဆယ်ဖို့တစ်ဖို့တွင် ကျွန်ုပ်တို့၏ငွေကြေးလှူဒါန်းမှုများလည်းပါဝင်သည်။ မကြာမီနှစ်များအတွင်းက ယေဟောဝါအဖွဲ့အစည်း၏ ထူးခြားစွာတိုးတက်ကြီးပွားမှုနှင့်အတူ ငွေကြေးလှူဒါန်းခြင်းတာဝန်လည်း ကြီးမားလာသည်။ ဘုရားသခင့်နိုင်ငံတော်ခန်းမသစ်များ၊ ဌာနခွဲအဆောက်အအုံသစ်များ၊ အစည်းအဝေးခန်းမသစ်များနှင့် ယင်းတို့ကိုပြုပြင်ထိန်းသိမ်းရန်စရိတ်များလိုအပ်လျက်ရှိသည်။ အထူးလုပ်ငန်းများတွင် များစွာကိုယ်ကျိုးစွန့်ရလေ့ရှိသည့် မိမိတို့ကိုယ်ကိုပေးဆက်လုပ်ဆောင်သူများအတွက်လည်း အလွန်ကြီးမားသောစိန်ခေါ်မှုဖြစ်စေသည်။ ၁၉၉၁ ခုနှစ်က သာသနာပြုများ၊ နယ်လှည့်ကြီးကြပ်မှူးများ၊ အထူးရှေ့ဆောင်များကို ထောက်ပံ့ကုန်ကျသည့်စရိတ်သက်သက်သည် ဒေါ်လာသန်းပေါင်း ၄၀ ကျော်သည်။ ယင်းတို့အားလုံးသည် စိတ်လိုကိုယ်လျောက်ထည့်ဝင်လှူဒါန်းငွေများအားဖြင့်ဖြစ်သည်။
၁၇။ ဝိညာဏဆယ်ဖို့တစ်ဖို့အနေနှင့် ကျွန်ုပ်တို့မည်သည့်အရာကိုသာပေးဆက်သင့်သနည်း။
၁၇ ဝိညာဏဆယ်ဖို့တစ်ဖို့အဖြစ် ကျွန်ုပ်တို့မည်သည့်အရာကိုပေးသင့်သနည်း။ ယေဟောဝါသည် ရာခိုင်နှုန်းကို ကန့်သတ်တော်မမူ။ သို့သော် ဆက်ကပ်အပ်နှံခြင်း၊ ယေဟောဝါနှင့်ညီအစ်ကိုများအားချစ်သောမေတ္တာ၊ အရေးပေါ်ကယ်တင်ရမည့်အသက်များရှိသည်ကို သိနားလည်ခြင်းတို့က ကျွန်ုပ်တို့၏ဝိညာဏဆယ်ဖို့တစ်ဖို့ကိုအပြည့်အဝပေးရန် အားပေးသည်။ ကျွန်ုပ်တို့သည် ယေဟောဝါအားဝတ်ပြုခြင်းတွင် အတတ်နိုင်ဆုံးလုပ်ဆောင်ရန် လှုံ့ဆော်ခံရကြသည်။ ကျွန်ုပ်တို့ကိုယ်ကို သို့မဟုတ် ကျွန်ုပ်တို့၏ပစ္စည်းဥစ္စာများကို စေးနဲစွာ သို့မဟုတ် နှမြောတွန့်တိုစွာပေးမည်ဆိုလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်အားလုယက်သည်နှင့်တူပေမည်။—လုကာ ၂၁:၁-၄ နှိုင်းယှဉ်။
လိုလေသေးမရှိကောင်းချီးခံရ
၁၈၊ ၁၉။ ယေဟောဝါ၏လူများသည် မိမိတို့၏ဆယ်ဖို့တစ်ဖို့ကိုအပြည့်အဝပေးခြင်းမှ မည်သည့်ကောင်းချီးများခံစားကြရသနည်း။
၁၈ ၁၉၁၉ ခုနှစ်ကတည်းက ယေဟောဝါ၏လူများသည် ဟောပြောခြင်းလုပ်ငန်းအတွက် မိမိတို့၏အချိန်၊ ခွန်အား၊ ငွေကြေးဥစ္စာများကို ရက်ရောစွာပေးကမ်းလာခဲ့ကြသည်။ သူတို့သည် ဘဏ္ဍာတိုက်ထဲသို့ ဆယ်ဖို့တစ်ဖို့ကို အမှန်သွင်းနေကြသည်။ ရလဒ်အနေနှင့် ယေဟောဝါသည် မိမိ၏ကတိတော်ကိုပြည့်စုံစေပြီး လိုလေသေးမရှိသည့်အထိ ကောင်းချီးများသွန်းလောင်းတော်မူခဲ့သည်။ ယင်းတို့ကို အများအားဖြင့် သူတို့၏အရေအတွက်တိုးတက်ခြင်းတွင် အံ့မခန်းဖွယ်တွေ့မြင်နိုင်သည်။ ယေဟောဝါသည် မိမိ၏ဗိမာန်တော်သို့ကြွလာသည့် ၁၉၁၈ ခုနှစ်တွင် ကိုယ်တော်အားဝတ်ပြုသူဘိသိက်ခံထောင်ပေါင်းအနည်းငယ်မှ ယနေ့ထိဆက်လက်၍တိုးပွားလာရာ နိုင်ငံပေါင်း ၂၁၁ နိုင်ငံမှ သူတို့၏အပေါင်းအဖော်များဖြစ်ကြသည့်အခြားသိုးများနှင့်ပေါင်း၍ လေးသန်းကျော်ထိရှိလာခဲ့သည်။ (ဟေရှာယ ၆၀:၂၂) ဤသူများသည် သမ္မာတရားကိုနားလည်ခြင်းတွင် ဆက်လက်တိုးပွားခြင်းအားဖြင့်လည်း ကောင်းချီးခံစားကြရသည်။ ပရောဖက်ပြုစကားသည် သူတို့အတွက် ပို၍သေချာစိတ်ချစရာဖြစ်လာသည်။ ယေဟောဝါ၏ရည်ရွယ်တော်မူချက်များပြည့်စုံလာမည်ဟူသော သူတို့၏ယုံကြည်ချက်သည် ခိုင်မာစွာအမြစ်စွဲလျက်ရှိသည်။ (၂ ပေတရု ၁:၁၉) သူတို့သည် “ယေဟောဝါသွန်သင်ခံရသူများ” အမှန်ဖြစ်ကြသည်။—ဟေရှာယ ၅၄:၁၃။
၁၉ ထပ်ဆင့်ကောင်းချီးများကို မာလခိအားဖြင့် ယေဟောဝါဆက်၍မိန့်တော်မူသေးသည်။ “ထိုအခါ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့သောသူတို့သည် တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်၍ပြောဆိုကြ၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်လည်း နားထောင်၍ ကြားတော်မူ၏။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့၍ နာမတော်ကိုအောက်မေ့သောသူတို့အဖို့ ရှေ့တော်တွင် စာရင်း၌မှတ်သားလျက်ရှိ၏။” (မာလခိ ၃:၁၆) မိမိတို့ကိုယ်ကို ခရစ်ယာန်ဟုပြောသောအဖွဲ့အစည်းအားလုံးထဲတွင် ယေဟောဝါသက်သေများသာလျှင် ကိုယ်တော်၏နာမတော်ကိုအရေးစိုက်ပြီး၊ လူမျိုးအပေါင်းတို့၌ ထင်ရှားကျော်ဇောစေကြသည်။ (ဆာလံ ၃၄:၃) သူတို့၏သစ္စာစောင့်သိမှုကို ယေဟောဝါသတိရတော်မူကြောင်း စိတ်ချရခြင်းသည် သူတို့အတွက် မည်မျှပျော်ရွှင်မှုဖြစ်စေသည်တကား။
၂၀၊ ၂၁။ (က) မည်သည့်ကောင်းချီးပြည့်ဝသောဆက်ဆံရေးကို စစ်မှန်သောခရစ်ယာန်များခံစားနေကြရသနည်း။ (ခ) ခရစ်ယာန်ဘာသာနှင့်ပတ်သက်၍ မည်သည့်ကွဲပြားချက်သည် ရှင်းသထက်ရှင်းလာသနည်း။
၂၀ ဘိသိက်ခံအကြွင်းအကျန်များသည် ယေဟောဝါ၏အထူးလူများဖြစ်ကြသည်။ သူတို့နှင့်ပူးပေါင်းရန်စုဝေးလာကြသည့်လူအုပ်ကြီးသည် သူတို့နှင့်အတူ စင်ကြယ်သောဝတ်ပြုရေး၏ကောင်းချီးများကို ရိတ်သိမ်းနေကြရသည်။ (ဇာခရိ ၈:၂၃) မာလခိအားဖြင့် ယေဟောဝါဤသို့ကတိပြုခဲ့သည်။ “ဗိုလ်ခြေတို့၏အရှင်ယေဟောဝါက ‘ထိုသူတို့သည် ငါ၏အထူးပိုင်ဆိုင်ရာများကိုထုတ်ဖော်သည့်နေ့တွင် ငါ၏ပိုင်ဆိုင်ရာများဧကန်ဖြစ်မည်။ ဖခင်အားအမှုထမ်းသောသားကို ဖခင်ကသနားညှာတာသကဲ့သို့ ထိုသူတို့အပေါ်သနားညှာတာခြင်းကို ငါပြမည်’ ဟုမိန့်တော်မူ၏။” (မာလခိ ၃:၁၇၊ကဘ) ထိုသို့ ယေဟောဝါသူတို့အား ကြင်နာစွာဂရုစိုက်ခြင်းသည် ကောင်းချီးတစ်ရပ်ပါတကား။
၂၁ အမှန်မှာ ခရစ်ယာန်အစစ်နှင့်အတုစပ်ကြား ခြားနားမှုသည် ပို၍ပို၍ထင်ရှားလာသည်။ ယေဟောဝါ၏လူများသည် ကိုယ်တော့်စံချိန်များကို လိုက်လျှောက်ရန်ကြိုးစားနေချိန်တွင် ခရစ်ယာန်ဘောင်သည် ဤလောက၏ညစ်ညမ်းသည့်ရွှံ့ညွန်အိုင်တွင် နစ်သထက်နစ်နေသည်။ အမှန်ပင် ယေဟောဝါ၏နှုတ်တော်ထွက်များမှန်ကန်ခဲ့သည်။ “တစ်ဖန် သင်တို့သည်ပြောင်းလဲ၍ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ၊ ဘုရားသခင်၏အမှုတော်ကိုဆောင်သောသူ၊ မဆောင်သောသူတို့ကို ပိုင်းခြား၍သိရကြလိမ့်မည်။”—မာလခိ ၃:၁၈။
၂၂။ ကျွန်ုပ်တို့သည် ဆယ်ဖို့တစ်ဖို့ကို အပြည့်အဝပေးနေခြင်းအားဖြင့် မည်သည့်ကောင်းချီးများကိုခံစားရရန် ယုံကြည်စိတ်ချနိုင်သနည်း။
၂၂ မကြာမီ ခရစ်ယာန်အတုများအတွက် စာရင်းရှင်းရာနေ့ကြီးရောက်ရှိတော့မည်။ “မီးဖို၌မီးလောင်သကဲ့သို့ လောင်သောနေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသောသူနှင့် ဒုစရိုက်ကိုပြုသောသူအပေါင်းတို့သည် အမှိုက်ခြောက်ဖြစ်ကြလိမ့်မည်။ သူတို့အရင်းအဖျားမျှမကျန်ကြွင်းစေခြင်းငှာ ထိုနေ့ရက်သည်လောင်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူ၏။” (မာလခိ ၄:၁) ယေဟောဝါသည် စီ၊ အီး ၇၀ တွင် မိမိ၏ဝိညာဏလူမျိုးအား ကာကွယ်ခဲ့သည့်နည်းတူ ထိုနေ့ရက်တွင်လည်း မိမိတို့အားကာကွယ်မည်ကို ကိုယ်တော့်လူများသိကြသည်။ (မာလခိ ၄:၂) ထိုအာမခံချက်အတွက် သူတို့မည်မျှဝမ်းမြောက်ပါသည်တကား။ ထို့ကြောင့် ကျွန်ုပ်တို့တစ်ဦးစီသည် ထိုအချိန်အထိ ကျွန်ုပ်တို့၏ဝိညာဏဆယ်ဖို့တစ်ဖို့အပြည့်အစုံကို ဘဏ္ဍာတော်တိုက်ထဲသို့သွင်းခြင်းအားဖြင့် ယေဟောဝါအား ကျွန်ုပ်တို့၏ကျေးဇူးတင်လေးမြတ်မှုနှင့် မေတ္တာကို တင်ပြသွားကြပါစို့။ သို့ပြုလျှင် ကိုယ်တော်ကျွန်ုပ်တို့အား လိုလေသေးမရှိသည့်အထိ ဆက်လက်၍ကောင်းချီးပေးမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။
[အောက်ခြေမှတ်ချက်များ]
a ထပ်ဆင့်အကြောင်းအရာများအတွက် ၁၉၈၈၊ ဇွန် ၁၅ ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၄-၂၁ ကိုကြည့်ပါ။
သင်ရှင်းပြနိုင်သလော
▫ ခေတ်သစ်အချိန်တွင် ယေဟောဝါသည် မည်သည့်အချိန်တွင် မိမိ၏ပဋိညာဉ်တမန်နှင့်အတူ ဗိမာန်တော်သို့ကြွလာခဲ့သနည်း။
▫ သစ္စာနှင့်သတိပညာရှိကျေးကျွန်သည် မည်သူနည်း။ ၁၉၁၈ ခုနှစ်နောက်ပိုင်းတွင် မည်သည့်သန့်စင်ခြင်းကို သူတို့လိုအပ်ခဲ့သနည်း။
▫ ခရစ်ယာန်များသည် ယေဟောဝါအား မည်သည့်ဝိညာဏပူဇော်သက္ကာများကိုဆက်သ,သနည်း။
▫ ဘဏ္ဍာတိုက်သို့ ခရစ်ယာန်များသွင်းရမည့်ဆယ်ဖို့တစ်ဖို့ကား အဘယ်နည်း။
▫ ခရစ်ယာန်များသည် ဝိညာဏဆယ်ဖို့တစ်ဖို့ကိုပေးသောကြောင့် မည်သည့်ကောင်းချီးများခံစားကြရသနည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့၏ဝိညာဏဆယ်ဖို့တစ်ဖို့များထဲတွင်တွင် ဘုရားနိုင်ငံတော်ခန်းမဆောက်ရန် ကျွန်ုပ်တို့၏ခွန်အားနှင့်ပစ္စည်းဥစ္စာများပေးလှူခြင်းပါဝင်သည်
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ယေဟောဝါသည် မိမိ၏လူများကို ကောင်းချီးပေးနေသောကြောင့် ဘုရားနိုင်ငံတော်ခန်းမများ၊ အစည်းအဝေးခန်းမများအပါအဝင် အဆောက်အအုံများစွာလိုအပ်နေသည်