ယေဟောဝါ၏နေ့ကို မည်သူကပ်ကျော်မည်နည်း
“မီးဖို၌မီးလောင်သကဲ့သို့ လောင်သောနေ့ရက်ကာလသည် ရောက်လိမ့်မည်။”—မာလခိ ၄:၁။
၁။ ဤစနစ်ဆိုး၏ဆုံးခန်းကို မာလခိမည်သို့ဖော်ပြသနည်း။
ပရောဖက်မာလခိသည် မဝေးတော့သည့်အနာဂတ်တွင် ဖြစ်ပျက်လိမ့်မည့် စိုးရွံ့ထိတ်လန့်ဖွယ် အဖြစ်အပျက်များနှင့်ဆိုင်သော ပရောဖက်ပြုချက်များကို မှတ်တမ်းတင်ရန် ဘုရားသခင့်မှုတ်သွင်းခြင်း ခံခဲ့ရသည်။ ၎င်းအဖြစ်အပျက်များသည် မြေကြီးပေါ်ရှိ လူအားလုံးနှင့်သက်ဆိုင်ပါလိမ့်မည်။ မာလခိ ၄:၁ ကဤသို့ကြိုပြောသည်– “‘မီးဖို၌မီးလောင်သကဲ့သို့ လောင်သောနေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသောသူနှင့် [မကောင်းမှု]ကိုပြုသောသူအပေါင်းတို့သည် အမှိုက်ခြောက်ဖြစ်ကြလိမ့်မည်။ သူတို့အရင်းအဖျားမျှမကျန်ကြွင်းစေခြင်းငှာ ထိုနေ့ရက်သည်လောင်လိမ့်မည်’ ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။” ဤအစီအစဉ်စနစ်ဆိုး ဖျက်ဆီးခံရခြင်းသည် မည်မျှလုံးလုံးလျားလျားဖြစ်မည်နည်း။ နောင်ဘယ်သောအခါမျှ ပြန်မရှင်နိုင်အောင် အမြစ်ပါမကျန်ဖျက်ဆီးခံရသော သစ်ပင်တစ်ပင်နှင့်တူမည်။
၂။ ယေဟောဝါ၏နေ့ကို ကျမ်းချက်အချို့က မည်သို့ဖော်ပြသနည်း။
၂ ပရောဖက်မာလခိသည် ‘အဘယ် “နေ့ရက်” ကိုကြိုပြောနေသနည်း’ ဟုသင်မေးကောင်းမေးပေမည်။ ဟေရှာယ ၁၃:၉ တွင်ဖော်ပြထားသောနေ့နှင့် တစ်နေ့တည်းဖြစ်သည်၊ ထိုတွင်ဤသို့ဖော်ပြထားသည်– “ထိုပြည်ကိုဖျက်ဆီး၍ အပြစ်ကြီးသောပြည်သူပြည်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှာ ထာဝရဘုရား၏ ကြမ်းကြုတ်သောနေ့ရက်သည် ပြင်းထန်သောဒေါသအမျက်ထွက်လျက် လာလိမ့်မည်။” ဇေဖနိ ၁:၁၅ ကဤသို့ဖော်ပြသည်– “ထိုနေ့သည် အမျက်ထွက်သောနေ့၊ ဆင်းရဲပူပန်ခြင်းကိုခံရသောနေ့၊ သုတ်သင်ပယ်ရှင်းဖျက်ဆီးရာနေ့၊ အလင်းကွယ်၍ မှောင်မိုက်သောနေ့၊ မိုးအုံ့၍ထူထပ်သောမှောင်မိုက်ဖုံးလွှမ်းသောနေ့ . . . ဖြစ်၏။”
‘ကြီးစွာသောဆင်းရဲခြင်း’
၃။ ‘ယေဟောဝါ၏နေ့’ ကားအဘယ်နည်း။
၃ မာလခိပရောဖက်ပြုချက်၏ အဓိကပြည့်စုံချက်တွင် ‘ယေဟောဝါ၏နေ့’ သည် ‘ကြီးစွာသောဆင်းရဲခြင်း’ ဖြင့် ထူးခြားထင်ရှားသော အချိန်ကာလဖြစ်သည်။ ယေရှုဤသို့ကြိုပြောခဲ့သည်– “ကမ္ဘာဦးမှစ၍မဖြစ်စဖူး နောက်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသော [ဆင်းရဲခြင်း] သည် ထိုကာလ၌ဖြစ်လိမ့်မည်။” (မဿဲ ၂၄:၂၁) အထူးသဖြင့် ၁၉၁၄ မှစ၍ ကမ္ဘာကြီးဘေးသင့်ခဲ့ပုံကို စဉ်းစားကြည့်ပါ။ (မဿဲ ၂၄:၇-၁၂) ဒုတိယကမ္ဘာစစ်တစ်ခုတည်းကအသက်ပေါင်းသန်း ၅၀ ကျော်ကိုခြွေယူခဲ့လေပြီ! သို့တိုင် ‘ကြီးစွာသောဆင်းရဲခြင်း’ ၌၎င်းတို့ထက်ဆိုးရွားမည့် ကပ်ဘေးများကို တွေ့ကြုံရကြမည်။ ‘ကြီးစွာသောဆင်းရဲခြင်း’ သည် ယေဟောဝါ၏နေ့ကြီးနည်းတူ အာမဂေဒုန်တွင်အဆုံးတိုင်ပြီး ဤအစီအစဉ်စနစ်ဆိုး၏ နောက်ဆုံးနေ့ရက်များကို ကုန်ဆုံးစေလိမ့်မည်။—၂ တိမောသေ ၃:၁-၅၊ ၁၃; ဗျာဒိတ် ၇:၁၄; ၁၆:၁၄၊ ၁၆။
၄။ ယေဟောဝါ၏နေ့အဆုံးတိုင်သည့်အခါ အဘယ်အရာဖြစ်ပြီးနေမည်နည်း။
၄ ထိုယေဟောဝါ၏နေ့ အဆုံးတိုင်သည့်အခါ စာတန်၏လောကနှင့် ၎င်းကိုထောက်ခံသူများ ချေမှုန်းဖျက်ဆီးခံရပြီးဖြစ်လိမ့်မည်။ ဦးဆုံးဖျက်ဆီးခံရမည့်သူမှာ ဗာဗုလုန်ဘာသာရေးအားလုံးဖြစ်သည်။ ထို့နောက် စာတန်၏စီးပွားရေးနှင့် နိုင်ငံရေးစနစ်များကို ယေဟောဝါစီရင်ဖျက်ဆီးလိမ့်မည်။ (ဗျာဒိတ် ၁၇:၁၂-၁၄; ၁၉:၁၇၊ ၁၈) ယေဇကျေလက ဤသို့ကြိုဟောသည်– “သူတို့ငွေကိုလမ်းသို့ပစ်၍ ရွှေကိုညစ်ညူးသောအရာကဲ့သို့ မှတ်ကြလိမ့်မည်။ ထာဝရဘုရားအမျက်ထွက်တော်မူသောကာလ၌ သူတို့ရွှေ ငွေသည် သူတို့ကိုကယ်တင်ခြင်းငှာ မတတ်နိုင်။” (ယေဇကျေလ ၇:၁၉) ထိုနေ့နှင့်စပ်လျဉ်း၍ ဇေဖနိ ၁:၁၄ က “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏နေ့ကြီးနီးပြီ။ နီးပြီ။ အလျင်အမြန်လာ၏” ဟုဆိုသည်။ ယေဟောဝါ၏နေ့နှင့်ပတ်သက်၍ ကျမ်းစာအဆိုကိုထောက်ပြီး ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖြောင့်မတ်သောတောင်းဆိုချက်များနှင့်အညီ ပြုမူကျင့်ကြံရန် စိတ်ပိုင်းဖြတ်သင့်သည်။
၅။ ယေဟောဝါ၏နာမတော်ကိုကြောက်ရွံ့သူတို့ အဘယ်အရာကို ကြုံတွေ့ကြရသနည်း။
၅ ယေဟောဝါ၏နေ့ကြီးက စာတန့်လောကကို မည်သို့ပြုမည်အကြောင်း ကြိုဟောပြီးနောက် ယေဟောဝါဤသို့မိန့်ဆိုသည်ဟု မာလခိ ၄:၂ ကမှတ်တမ်းတင်သည်– “ငါ၏နာမတော်ကို ကြောက်ရွံ့သောသင်တို့၌ကား တရားတော်နေမင်းသည် အနာပျောက်စေသောအတောင်တို့နှင့် ပေါ်ထွန်းတော်မူမည်။ သင်တို့သည် ထွက်သွား၍ တင်းကုပ်၌နွားသငယ်ကဲ့သို့ ခုန်ကြလိမ့်မည်။” “တရားတော်နေမင်း” ဆိုသည်မှာ ယေရှုခရစ်ဖြစ်သည်။ ကိုယ်တော်သည် “ဤလောက၏” ဝိညာဉ်ရေးရာ “အလင်း” ဖြစ်၏။ (ယောဟန် ၈:၁၂) ယေရှုသည် ယနေ့ ကျွန်ုပ်တို့ခံစားနေရသော ဝိညာဉ်ရေးကုသမှုဖြင့် ဦးဆုံးထွန်းလင်းပေးပြီးနောက် ကမ္ဘာသစ်တွင် ရောဂါအားလုံးကို ကုသပေးပါလိမ့်မည်။ ယေဟောဝါမိန့်ဆိုသည့်အတိုင်း ကုသခံရသူများသည် အချုပ်အနှောင်မှလွတ်မြောက်သဖြင့် ဝမ်းသာရွှင်လန်းနေကြသော “နွားသငယ်ကဲ့သို့ခုန်ကြ” လိမ့်မည်။
၆။ ယေဟောဝါ၏ကျေးကျွန်များသည် အဘယ်အောင်ပွဲခံပွဲကို ကျင်းပကြမည်နည်း။
၆ ယေဟောဝါ၏တောင်းဆိုချက်များကို လျစ်လျူရှုသူများကော အသို့နည်း။ မာလခိ ၄:၂၊ ၃ ကဤသို့ဆိုသည်– “သင်တို့ [ဘုရားသခင့်ကျေးကျွန်များ] သည် . . . မတရားသောသူတို့ကိုလည်း နင်းကြလိမ့်မည်။ ထိုသို့ငါစီရင်သောနေ့ရက်၌ သူတို့သည် သင်တို့ခြေဖဝါးအောက်၌ မြေမှုန့်ကဲ့သို့ဖြစ်ကြလိမ့်မည်’ ဟုကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။” ဘုရားသခင်ကိုဝတ်ပြုသူ လူသားများသည် စာတန့်လောကကိုဖျက်ဆီးခြင်း၌ ပါဝင်ကြမည်မဟုတ်ပါ။ ထိုသို့ပြုမည့်အစား ယေဟောဝါ၏နေ့ပြီးနောက် အောင်ပွဲခံရာတွင် ပါဝင်ကြခြင်းအားဖြင့် “မတရားသောသူတို့ကို” ပုံဆောင်သဘောအရ “နင်းကြလိမ့်မည်။” ပင်လယ်နီတွင် ဖာရော၏စစ်သူရဲများ ဖျက်ဆီးခံရပြီးနောက် အကြီးအကျယ်အောင်ပွဲခံခဲ့သည်။ (ထွက်မြောက်ရာ ၁၅:၁-၂၁) ကြီးစွာသောဆင်းရဲခြင်းတွင် စာတန်နှင့် သူ၏လောက ဖယ်ရှားပစ်ခြင်းခံရပြီးနောက်၌လည်း အောင်ပွဲခံပွဲကြီး ကျင်းပပါလိမ့်မည်။ ယေဟောဝါ၏နေ့ကိုကပ်ကျော်သည့် တည်ကြည်သူများက “ကယ်တင်တော်မူခြင်းကျေးဇူးကြောင့် ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့” ဟုကြွေးကြော်ကြလိမ့်မည်။ (ဟေရှာယ ၂၅:၉) ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကို သံသယကင်းရှင်းစေပြီး၊ ငြိမ်းချမ်းစွာနေထိုင်နိုင်ရန်အတွက် ကမ္ဘာမြေကြီးကိုသန့်စင်စေပြီးနောက် ဝမ်းသာအားရစရာကောင်းလိုက်မည်ဖြစ်ခြင်း!
ဣသရေလလူမျိုးကို ခရစ်ယာန်ဘောင်အတုယူ
၇၊ ၈။ မာလခိခေတ်မှ ဣသရေလလူတို့၏ ဝိညာဉ်ရေးအခြေအနေကို ဖော်ပြပါ။
၇ ယေဟောဝါ၏မျက်နှာသာရ အနေအထားရှိသူတို့သည် ကိုယ်တော်ကို ဝတ်မပြုကြသူများမဟုတ်ဘဲ ကိုယ်တော့်အမှုထမ်းများဖြစ်ကြသည်။ မာလခိကျမ်းကို သူရေးသားချိန်၌လည်း ထိုသို့ပင်ဖြစ်သည်။ အနှစ် ၇၀ တိုင် ဗာဗုလုန်တွင် သုံ့ပန်းများဖြစ်ခဲ့ကြပြီးနောက် ဘီ.စီ.အီး. ၅၃၇ တွင် ဣသရေလလူမျိုး အကြွင်းအကျန်သည် ပြန်လည်ထူထောင်လာခဲ့သည်။ သို့ရာတွင် နောက်အနှစ်တစ်ရာကျော်တွင် ထိုပြန်လည်ထူထောင်လာသောလူမျိုးသည် အယူဖောက်ပြန်၊ ဆိုးသွမ်းပြန်လေသည်။ လူအများသည် ယေဟောဝါ၏နာမတော်ကို မရိုမသေပြုနေကြသည်; ကိုယ်တော်၏ဖြောင့်မတ်သောပညတ်များကို လျစ်လျူရှုနေကြသည်; မျက်စိကန်းသော၊ ခြေကျိုး၍ ဖျားနာသောတိရစ္ဆာန်များကို ယဇ်ပူဇော်ဖို့ ယူဆောင်လာကြခြင်းဖြင့် ကိုယ်တော်၏ ဝတ်ပြုရာအိမ်တော်ကို ညစ်ညူးနေစေကြပြီး သူတို့၏ ငယ်ပေါင်းဇနီးသည်များကို ကွာရှင်းနေကြ၏။
၈ ထို့ကြောင့် သူတို့ကို ယေဟောဝါ ဤသို့မိန့်ဆိုခဲ့သည်– “သင်တို့ကို စစ်ကြောစီရင်ခြင်းငှာ ငါချဉ်းမည်။ ပြုစားတတ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ မမှန်သောကျိန်ဆိုခြင်းကို ပြုသောသူ၊ သူငှားကို အခမပေးညှဉ်းဆဲသောသူ၊ မိဘမရှိသောသူငယ်နှင့် မုဆိုးမကို ညှဉ်းဆဲသောသူ၊ ဧည့်သည်ကို မတရားသဖြင့်စီရင်သောသူ၊ ငါ့ကိုမကြောက်ရွံ့သောသူတို့တစ်ဖက်၌ ငါသည်လျင်မြန်သောသက်သေဖြစ်မည်။ . . . ငါသည် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဖြစ်၏။ ပြောင်းလဲခြင်းမရှိ။” (မာလခိ ၃:၅၊ ၆) သို့သော် မိမိတို့၏ ဆိုးသောလမ်းစဉ်များမှ ပြန်လှည့်လာလိုသူ မည်သူမဆိုကို ယေဟောဝါ ဤသို့ဖိတ်ခေါ်တော်မူသည်– “ငါ့ထံသို့ ပြန်လာကြလော့။ ငါသည်လည်း သင်တို့ဆီသို့ ပြန်လာမည်။”—မာလခိ ၃:၇။
၉။ မာလခိ၏ပရောဖက်ပြုချက်များသည် ပဏာမအနေနှင့် မည်သို့ပြည့်စုံခဲ့သနည်း။
၉ ထိုစကားများသည် စီ.အီး. ပထမရာစု၌လည်း ပြည့်စုံခဲ့သည်။ ဂျူးအကြွင်းအကျန်သည် ယေဟောဝါအမှုတော် ထမ်းခဲ့ကြပြီး အတန်ကြာသော် တစ်ပါးအမျိုးသားများပါ ပါဝင်သော ဝိညာဉ်တော်ဖွားခရစ်ယာန် “လူမျိုး” အသစ်တွင် ပါဝင်လာခဲ့ကြသည်။ သို့သော် ဇာတိဣသရေလအများစုမှာမူ ယေရှုကို ငြင်းပယ်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းဣသရေလလူမျိုးကို ယေရှုဤသို့မိန့်တော်မူ၏– “သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက်ကျန်ရှိ၏။” (မဿဲ ၂၃:၃၈; ၁ ကောရိန္သု ၁၆:၂၂) မာလခိ ၄:၁ တွင်ကြိုဟောထားသည့်အတိုင်း စီ.အီး. ၇၀ တွင် ဇာတိဣသရေလလူမျိုးအပေါ် “မီးဖို၌မီးလောင်သကဲ့သို့ လောင်သောနေ့ရက်” ကျရောက်လာခဲ့သည်။ ယေရုရှလင်မြို့နှင့် ၎င်း၏ဝတ်ပြုရာအိမ်တော်သည် ဖျက်ဆီးခံခဲ့ရပြီး အစာခေါင်းပါးခြင်း၊ အာဏာလုခြင်းနှင့် ရောမစစ်သားများ၏ တိုက်ခိုက်ခြင်းတို့ကြောင့် လူတစ်သန်းကျော် သေဆုံးခဲ့သည်ဟုဆို၏။ သို့သော် ယေဟောဝါ၏ အမှုတော်ထမ်းသူများသည် ထိုဘေးဒဏ်မှ လွတ်မြောက်ခဲ့ကြသည်။—မာကု ၁၃:၁၄-၂၀။
၁၀။ ပထမရာစု ဣသရေလလူမျိုးကို လူအများနှင့် ဓမ္မဆရာတို့သည် အဘယ်နည်းဖြင့်တုပနေကြသနည်း။
၁၀ လူသားများသည်၊ အထူးသဖြင့် ခရစ်ယာန်ဘောင်သည် ပထမရာစုဣသရေလလူမျိုးကို တုပခဲ့ပြီ။ ခရစ်ယာန်ဘောင်ခေါင်းဆောင်များနှင့် ၎င်းမှလူအများသည် ယေရှုသွန်သင်ခဲ့သော ဘုရားသခင့်အမှန်တရားထက် ကိုယ်ပိုင်အယူဝါဒများကို သာ၍နှစ်သက်ကြသည်။ အထူးသဖြင့် ဓမ္မဆရာများသည် အပြစ်တင်ခံထိုက်ပါသည်။ သူတို့သည် ယေဟောဝါနာမတော်ကို အသုံးပြုဖို့ငြင်းဆိုကြပြီး ကျမ်းစာဘာသာပြန်ကျမ်းများမှ နာမတော်ကို ထုတ်ပယ်သည့်အထိပင် ပြုကြသည်။ အယူဝါဒမှားများဖြစ်သော မီးငရဲ၌ ထာဝစဉ် ညှဉ်းဆဲခံရခြင်း၊ သုံးပါးပေါင်းတစ်ဆူ၊ မသေနိုင်သောဝိညာဉ်စိုးလ်ရှိခြင်းနှင့် ဆင့်ကဲအယူအဆစသည့် ကျမ်းစာနှင့်မညီသော သွန်သင်ချက်များဖြင့် ယေဟောဝါ၏ဂုဏ်တော်ကို ညှိုးနွမ်းစေကြသည်။ သို့ဖြင့် မာလခိခေတ်မှ ယဇ်ပုရောဟိတ်များ ပြုခဲ့သကဲ့သို့ပင် ယေဟောဝါရထိုက်သော ချီးမွမ်းခြင်းဝတ်ကို သူတို့လုယူကြသည်။
၁၁။ ကမ္ဘာ့ဘာသာတရားများသည် အမှန်အားဖြင့် မည်သူ့ကိုကိုးကွယ်ကြောင်း မည်သို့ဖော်ပြသနည်း။
၁၁ ၁၉၁၄ ခုနှစ်တွင် နောက်ဆုံးကာလ စတင်သောအခါ ခရစ်ယာန်အမည်ခံများက ဦးစီးဦးဆောင်၍ ကမ္ဘာ့ဘာသာတရားများနှင့်အတူ မိမိတို့သည် အမှန်အားဖြင့် မည်သူ့ကိုဝတ်ပြုကြောင်း ဖော်ပြခဲ့ကြသည်။ ကမ္ဘာစစ်ကြီးနှစ်ခုစလုံးတွင် လူမျိုးမတူသူများကို စစ်တိုက်ကြရန်၊ ဘာသာတူချင်းများကို သတ်ပစ်ဖို့လိုလျှင်ပင် သတ်ကြရန် မိမိတို့အသင်းသားများကို အားပေးအားမြှောက်ပြုခဲ့ကြသည်။ ယေဟောဝါကိုနာခံသူများနှင့် နာမခံသူများသည် မည်သူတို့ဖြစ်ကြောင်း သမ္မာကျမ်းစာက ဤသို့အတိအလင်းဖော်ပြသည်– “ထိုသို့သောလက္ခဏာအားဖြင့် ဘုရားသခင်၏သားတို့နှင့် [စာတန်]၏သားတို့သည် ထင်ရှားကြ၏။ ဖြောင့်မတ်ခြင်းတရားကိုမကျင့်သောသူ၊ မိမိညီအစ်ကိုကို မချစ်သောသူမည်သည်ကား၊ ဘုရားသခင်နှင့်မဆိုင်။ သင်တို့သည် ရှေ့ဦးစွာကပင်ကြားရသော တရားစကားဟူမူကား၊ [စာတန်]နှင့်ဆိုင်၍ မိမိညီကိုသတ်သော ကာဣနကဲ့သို့မဟုတ်၊ ငါတို့သည် အချင်းချင်းချစ်ရကြမည်ဟုလာသတည်း။”—၁ ယောဟန် ၃:၁၀-၁၂။
ပရောဖက်ပြုချက် ပြည့်စုံစေခြင်း
၁၂၊ ၁၃။ ကျွန်ုပ်တို့ခေတ်တွင် အဘယ်ပရောဖက်ပြုချက်များကို ဘုရားသခင့်ကျေးကျွန်များ ပြည့်စုံစေပြီနည်း။
၁၂ ပထမကမ္ဘာစစ်အပြီး ၁၉၁၈ ခုနှစ်တွင် ခရစ်ယာန်ဘောင်နှင့် ကျန်ရှိသည့် ဗာဗုလုန်ဘာသာတရားအားလုံးကို ဘုရားသခင်ပြစ်ဒဏ်စီရင်ခဲ့ပြီဖြစ်ကြောင်း ယေဟောဝါ၏ကျေးကျွန်များ သိမြင်နိုင်ကြ၏။ ထိုအချိန်မှစ၍ စိတ်နှလုံးရိုးဖြောင့်သူများအား ဤသို့ခေါ်ဖိတ်လေတော့သည်– “ငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှာ၊ သူ၏အထဲကထွက်ကြလော့။ သူ၏အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မီကြသည်ဖြစ်၍၊ သူ၏မတရားသောအမှုတို့ကို ဘုရားသခင်သတိရတော်မူပြီ။” (ဗျာဒိတ် ၁၈:၄၊ ၅) ယေဟောဝါအား ဝတ်ပြုလိုသူတို့သည် ဗာဗုလုန်ဘာသာတရားနှင့်ဆိုင်သော အရာရှိရှိသမျှမှ စတင်သန့်စင်ခံခဲ့ကြရပြီး ဤအစီအစဉ်စနစ်ဆိုး နိဂုံးမချုပ်မီ ပြီးစီးရမည့်လုပ်ငန်းဖြစ်သော တည်ထောင်ပြီးသား ဘုရားသခင့် နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာတစ်ဝန်း စတင်ဟောပြောကြလေသည်။—မဿဲ ၂၄:၁၄။
၁၃ ဤသို့ပြုလုပ်ခြင်းသည် မာလခိ ၄:၅ တွင်ပါသော ယေဟောဝါ၏ဤပရောဖက်ပြုချက်ကို ပြည့်စုံစေရန်ဖြစ်သည်– “ကြည့်ရှုလော့။ ထာဝရဘုရား၏ ကြောက်မက်ဖွယ်သောနေ့ရက်ကြီး မရောက်မီ ပရောဖက်ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည်။” ထိုပရောဖက်ပြုချက်သည် ဧလိယဖြင့်ပုံဆောင်ခဲ့သော နှစ်ခြင်းပေးသူယောဟန် ပြုလုပ်ချိန်တွင် ပထမအကြိမ်ပြည့်စုံခဲ့သည်။ ထိုယောဟန်ကား ပညတ်ပဋိညာဉ်ကိုချိုးဖောက်မိပြီး နောင်တယူခဲ့ကြသူ ဂျူးများကို နှစ်ခြင်းပေးခြင်းဖြင့် ဧလိယ၏လုပ်ငန်းကို လုပ်ဆောင်ခဲ့သည်။ ထိုထက်အရေးကြီးသည်မှာ ယောဟန်သည် မေရှိယ၏ရှေ့ပြေးဖြစ်သည်။ သို့သော် ယောဟန်၏လုပ်ငန်းသည် မာလခိပရောဖက်ပြုချက်၏ အသေးစားပြည့်စုံချက်မျှသာဖြစ်သည်။ ယေရှုသည် ယောဟန်အား ဒုတိယဧလိယအဖြစ် ဖော်ပြပြောဆိုစဉ် အနာဂတ်တွင် “ဧလိယ” လုပ်ငန်းရှိဦးမည်ကို အရိပ်အမြွက်ဖော်ပြသည်။—မဿဲ ၁၇:၁၁၊ ၁၂။
၁၄။ ဤအစီအစဉ်စနစ် အဆုံးမတိုင်မီ အဘယ်အရေးပါသောလုပ်ငန်းကို ပြီးစီးရမည်နည်း။
၁၄ ဤအကြီးစားဧလိယလုပ်ငန်းကို ‘ယေဟောဝါ၏ ကြောက်မက်ဖွယ်သောနေ့ကြီး’ မတိုင်မီ ပြုလုပ်လိမ့်မည်ဟု မာလခိပရောဖက်ပြုချက်ကတင်ပြသည်။ ထိုနေ့ကြီးသည် အလျင်အမြန်ချဉ်းကပ်လာနေသော အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင့်နေ့ကြီးစစ်ပွဲ၊ အာမဂေဒုန်တွင် အဆုံးတိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ဤအစီအစဉ်စနစ်ဆိုး၏အဆုံးနှင့် နန်းထိုင်ဘုရင်ယေရှုခရစ် လက်အောက်ရှိ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်၏ အနှစ်တစ်ထောင်အုပ်ချုပ်မှုမစမီ ဧလိယ၏လုပ်ငန်းနှင့် တူညီသောလုပ်ငန်းတစ်ခုကို အလျင်ပြုလုပ်ကြလိမ့်မည်ဖြစ်သည်။ ထိုပရောဖက်ပြုချက်အတိုင်းပင် ဤစနစ်ဆိုးကို ယေဟောဝါမဖျက်ဆီးမီ မျက်မှောက်ခေတ် ဧလိယအတန်းအစားသည် မြေကြီးမျှော်လင့်ချက်ရှိ ခရစ်ယာန်အဖော်အဖက် သန်းပေါင်းများစွာ၏ ထောက်မကူညီမှုဖြင့် စစ်မှန်သောဝတ်ပြုရေးကို ပြန်လည်ထူထောင်ခြင်း၊ ယေဟောဝါ၏နာမတော်ကို ဂုဏ်တင်ချီးမွမ်းခြင်းနှင့် သိုးကဲ့သို့သောသူများအား ကျမ်းစာအမှန်တရား သွန်သင်ပေးခြင်းလုပ်ငန်းကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြသည်။
မိမိ၏ကျေးကျွန်များကို ယေဟောဝါကောင်းချီးပေး
၁၅။ မိမိ၏ကျေးကျွန်များကို ယေဟောဝါမည်သို့သတိရတော်မူသနည်း။
၁၅ ယေဟောဝါသည် မိမိအားဝတ်ပြုသူများကို ကောင်းချီးပေးတော်မူသည်။ မာလခိ ၃:၁၆ ကဤသို့ဆို၏– “ထိုအခါ ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည် တစ်ယောက်ကိုတစ်ယောက်နှုတ်ဆက်၍ ပြောဆိုကြ၏။ ထာဝရဘုရားသည်လည်းနားထောင်၍ ကြားတော်မူ၏။ ထာဝရဘုရားကိုကြောက်ရွံ့၍ နာမတော်ကိုအောက်မေ့သောသူတို့အဖို့ ရှေ့တော်တွင် စာရင်း၌မှတ်သားလျက်ရှိ၏။” ဘုရားသခင်သည် စာရင်းမှတ်နေဘိသကဲ့သို့ အာဗေလအချိန်မှစ၍ ထာဝရအသက်မျှော်လင့်ချက်ဖြင့် အောက်မေ့ခံရမည့်သူတို့၏အမည်များကို ရေးမှတ်တော်မူခဲ့ပြီ။ သူတို့ကို ယေဟောဝါဤသို့ဆို၏– “ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့သွင်း၍ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှာပြုကြလော့။ ငါသည် မိုးကောင်းကင်ပြတင်းပေါက်တို့ကိုဖွင့်၍ ကောင်းချီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့စုံစမ်းကြလော့ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။”—မာလခိ ၃:၁၀။
၁၆၊ ၁၇။ ယေဟောဝါသည် မိမိ၏လူမျိုးတော်နှင့် သူတို့၏လုပ်ငန်းကို မည်သို့ကောင်းချီးပေးခဲ့ပြီနည်း။
၁၆ ယေဟောဝါသည် မိမိအားဝတ်ပြုသူတို့ကို အမှန်ကောင်းချီးသွန်းလောင်းပေးတော်မူခဲ့ပြီ။ မည်သို့အားဖြင့်နည်း။ နည်းတစ်နည်းမှာ ကိုယ်တော့်ရည်ရွယ်တော်မူချက်များကို တိုးသိနားလည်စေခြင်းအားဖြင့်ဖြစ်သည်။ (သု. ၄:၁၈; ဒံယေလ ၁၂:၁၀) အခြားနည်းတစ်နည်းမှာ သူတို့၏ဟောပြောခြင်းလုပ်ငန်းတွင် အံ့ဖွယ်ကောင်းစွာ သီးပွင့်စေခြင်းအားဖြင့်ဖြစ်သည်။ စိတ်နှလုံးရိုးဖြောင့်သူ များစွာတို့သည် စစ်မှန်သောဝတ်ပြုရေး၌ သူတို့နှင့်ပူးပေါင်းခဲ့ကြပြီး သူတို့အားလုံးသည် “ဘာသာစကားအဖုံဖုံပြောသည့် လူအမျိုးမျိုး၊ အနွယ်နွယ်၊ အစုစုမှ . . . လူအုပ်ကြီးတစ်အုပ်” ဖြစ်၍ “သူတို့က ‘ပလ္လင်တော်ပေါ်မှာစံတော်မူသော ဘုရားသခင်နှင့် သိုးသငယ်ကျေးဇူးတော်ကြောင့် ကျွန်ုပ်တို့ ကယ်တင်ခြင်းရကြသတည်း’ ဟုအဆက်မပြတ် ကြီးစွာသောစကားသံဖြင့် ဟစ်ကြော်ကြ၏။” (ဗျာဒိတ် ၇:၉၊ ၁၊ ကဘ) ဤလူအုပ်ကြီးသည် အံ့ဖွယ်နည်းဖြင့် ပေါ်လွင်ထင်ရှားလာခဲ့ပြီး ယခု ကမ္ဘာတစ်ဝန်းမှ အသင်းတော် ၉၃,၀၀၀ ကျော်တွင် ယေဟောဝါအမှုတော်ကို တက်ကြွလှုပ်ရှားစွာ ထမ်းဆောင်နေကြသူ ခြောက်သန်းကျော်ရှိနေပြီ။
၁၇ ယေဟောဝါသက်သေတို့သည် သမိုင်းတစ်လျှောက် ကျမ်းစာအခြေပြုစာပေစာတမ်းများကို အကျယ်ပြန့်ဆုံး ဖြန့်ဝေရခြင်းသည်လည်း ယေဟောဝါ၏ကောင်းချီးတစ်ခုဖြစ်သည်။ ယခုအခါ ကင်းမျှော်စင်နှင့် နိုးလော့! မဂ္ဂဇင်းများကို လစဉ်စောင်ရေ သန်း ၉၀ ပုံနှိပ်ထုတ်ဝေရရာ ကင်းမျှော်စင်ကို ဘာသာစကား ၁၄၁ ဘာသာ၊ နိုးလော့!ကို ၈၇ ဘာသာဖြင့် ထုတ်ဝေရသည်။ ၁၉၆၈ ခုနှစ်တွင် ထာဝရအသက်သို့ပို့ဆောင်သော သမ္မာတရား ဟူသည့် ကျမ်းစာလေ့လာရန်စာအုပ်ကို ဘာသာစကား ၁၁၇ ဘာသာဖြင့် စောင်ရေ ၁၀၇ သန်းကျော်အထိ ထုတ်ဝေခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ထုတ်ဝေခဲ့သော သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်ကို ဘာသာစကား ၁၃၁ ဘာသာဖြင့် ၈၁ သန်းကျော် ဖြန့်ချိခဲ့သည်။ ၁၉၉၅ ခုနှစ်တွင်ထုတ်ဝေခဲ့သည့် ထာဝရအသက်ရစေသော အသိပညာစာအုပ်ကိုမူ ယခုအချိန်အထိ ဘာသာစကား ၁၅၄ ဘာသာဖြင့် စောင်ရေ ၈၅ သန်းကျော် ထုတ်ဝေခဲ့ပြီ။ ၁၉၉၆ ခုနှစ်ထုတ် ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း ဘရိုရှာကို ယခုအချိန်အထိ ဘာသာစကား ၂၄၄ ဘာသာဖြင့် စောင်ရေသန်း ၁၅၀ ဖြန့်ဝေခဲ့ပြီ။
၁၈။ အတိုက်အခံများကြား ဝိညာဉ်ရေးကြွယ်ဝမှုကို ကျွန်ုပ်တို့ အဘယ်ကြောင့်ခံစားရကြသနည်း။
၁၈ စာတန့်လောက၏ အပြင်းထန်ဆုံး အတိုက်အခံများကို ကြာမြင့်စွာခံစားရသည့်ကြားမှ ဤဝိညာဉ်ရေးကြွယ်ဝမှုကို ခံစားခဲ့ရကြပြီ။ ယင်းက ဟေရှာယ ၅၄:၁၇ ပါ ဤစကားမှန်ကြောင်း ဖော်ပြသည်– “သင့်တစ်ဖက်၌လုပ်သော လက်နက်တစ်စုံတစ်ခုမျှအထမမြောက်ရ။ သင့်ကို တရားတွေ့သောသူမည်သည်ကား အရှုံးခံရလိမ့်မည်။ ထာဝရဘုရား၏ကျွန်တို့သည် ထိုသို့သောအမွေကိုခံရ၍ ငါ့ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။” မာလခိ ၃:၁၇ သည် မိမိတို့အပေါ် အဓိကပြည့်စုံနေကြောင်း သိရခြင်းသည် ယေဟောဝါ၏ ကျေးကျွန်များအတွက် အလွန်နှစ်သိမ့်စရာပင်၊ ထိုတွင် ဤသို့ဆို၏– “‘ထိုသူတို့သည် ငါစီရင်သောနေ့ရက်၌ ငါပိုင်ထိုက်သောဘဏ္ဍာတော် ဖြစ်ကြလိမ့်မည်။ အဘ၏အမှုကိုဆောင်သောသားကို အဘနှမြောသကဲ့သို့ ထိုသူတို့ကို ငါနှမြောမည်’ ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။”
ယေဟောဝါအမှုတော်ကို ရွှင်လန်းစွာထမ်းဆောင်ခြင်း
၁၉။ ယေဟောဝါ၏အမှုတော်ထမ်းသူများနှင့် မထမ်းဆောင်သူများသည် မည်သို့ကွာခြားကြသနည်း။
၁၉ ယေဟောဝါ၏တည်ကြည်သောကျေးကျွန်များနှင့် စာတန့်လောကရှိသူတို့၏ ကွာခြားမှုသည် တစ်နေ့တခြားပိုမိုထင်ရှားလာသည်။ မာလခိ ၃:၁၈ ကဤသို့ကြိုဟောသည်– “သင်တို့သည် ပြောင်းလဲ၍ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ၊ ဘုရားသခင်၏အမှုတော်ကိုဆောင်သောသူ၊ မဆောင်သောသူတို့ကို ပိုင်းခြား၍သိရကြလိမ့်မည်။” ကွာခြားမှုများစွာအနက်တစ်ခုမှာ ယေဟောဝါ၏အမှုတော်ထမ်းသူများသည် ရွှင်လန်းမှုများစွာဖြင့် အမှုဆောင်ကြသည်။ ထိုသို့ ရွှင်လန်းရသည့်အကြောင်းရင်းတစ်ခုမှာ သူတို့ရရှိထားသော အံ့ဖွယ်ရာမျှော်လင့်ချက်ကြောင့်ဖြစ်သည်။ ယေဟောဝါက “ကြည့်ရလော့။ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အရင်မိုးကောင်းကင်နှင့် မြေကြီးကိုမအောက်မေ့ရ။ နှလုံးမမှတ်မိရ။ ငါဖန်ဆင်းလတ္တံ့သောအရာကြောင့် သင်တို့သည် အစဉ်အမြဲ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်” ဟုမိန့်ဆိုသောစကားကို သူတို့အကြွင်းမဲ့ယုံကြည်စိတ်ချကြသည်။—ဟေရှာယ ၆၅:၁၇၊ ၁၈; ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉; ဗျာဒိတ် ၂၁:၄၊ ၅။
၂၀။ ကျွန်ုပ်တို့သည် အဘယ်ကြောင့်ပျော်ရွှင်သူများဖြစ်ကြသနည်း။
၂၀ တည်ကြည်သောလူမျိုးတော်သည် ကိုယ်တော်၏နေ့ကြီးကို ကပ်ကျော်၍ ကမ္ဘာသစ်ထဲ ပို့ဆောင်ခံရကြမည်ဟူသော ယေဟောဝါ၏ကတိတော်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချကြသည်။ (ဇေဖနိ ၂:၃; ဗျာဒိတ် ၇:၁၃၊ ၁၄) ထိုအချိန်မတိုင်မီ အချို့တို့သည် အိုမင်းခြင်း၊ ဖျားနာခြင်း သို့မဟုတ် မတော်တဆဖြစ်မှုတစ်ခုခုကြောင့် သေဆုံးသွားသည့်တိုင် ထာဝစဉ်အသက်ရှင်စေခြင်းအလို့ငှာ သူတို့ကို ရှင်ပြန်ထမြောက်စေမည်ဟူသော ယေဟောဝါ၏စကားတော်ရှိ၏။ (ယောဟန် ၅:၂၈၊ ၂၉; တိတု ၁:၂) ထို့ကြောင့် ကျွန်ုပ်တို့အားလုံး အခက်အခဲပြဿနာများနှင့် စိန်ခေါ်ချက်များ ကိုယ်စီရှိကြသော်လည်း ယေဟောဝါ၏နေ့ကြီး ချဉ်းကပ်လာနေစဉ် ကျွန်ုပ်တို့သည် မြေကြီးပေါ်တွင် အပျော်ရွှင်ဆုံးသူများဖြစ်စရာ အကြောင်းရင်းများရှိသည်။
သင်မည်သို့ဖြေဆိုမည်နည်း
• ‘ယေဟောဝါ၏နေ့’ ကားအဘယ်နည်း။
• ကမ္ဘာ့ဘာသာတရားများသည် ရှေးခေတ်ဣသရေလလူမျိုးကို မည်သို့တုပကြသနည်း။
• ယေဟောဝါ၏ကျေးကျွန်များသည် အဘယ်ပရောဖက်ပြုချက်များကို ပြည့်စုံစေကြသနည်း။
• ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို မည်သို့ကောင်းချီးပေးခဲ့ပြီနည်း။
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ပထမရာစုယေရုရှလင်မြို့သည် ‘မီးဖို၌မီးလောင်သကဲ့သို့လောင်ခဲ့’
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ယေဟောဝါသည် မိမိအမှုတော်ထမ်းသူတို့ကို ထောက်မပေး
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ယေဟောဝါ၏ကျေးကျွန်များသည် သူတို့၏အံ့ဖွယ်မျှော်လင့်ချက်ကြောင့် အမှန်ရွှင်လန်းကြ