အခန်း ၃၀
စွပ်စွဲသူတို့အား ချေပတော်မူခြင်း
ဥပုသ်ချိုးဖောက်သည်ဟု ဂျူးဘာသာရေးခေါင်းဆောင်တို့က ယေရှုအားစွပ်စွဲလျှင် ကိုယ်တော်က “ငါ့ခမည်းတော်သည် ယခုတိုင်အောင်အလုပ်လုပ်တော်မူသည်ဖြစ်၍ ငါသည်လည်းလုပ်၏” ဟုပြန်၍မိန့်တော်မူ၏။
သို့သော်ဖာရိရှဲတို့စွပ်စွဲသကဲ့သို့ ယေရှုပြုတော်မူသည့်အမှုမှာ ဥပုသ်ပညတ်၌တားမြစ်ထားသည့် အမှုမဟုတ်ပေ။ ကိုယ်တော်၏ဟောပြောခြင်းနှင့် ရောဂါကုသပေးခြင်းသည် ဘုရားပေးတာဝန်ဖြစ်ပြီး ဘုရားသခင့်နမူနာတော်အတိုင်း ထိုသို့နေ့စဉ်ပြုတော်မူ၏။ သို့သော်လည်း ကိုယ်တော့်အဖြေက ဂျူးတို့အား ယခင်ကထက်အမျက်ပိုထွက်စေပြီး ကိုယ်တော်ကိုသတ်ရန် ကြံစည်ကြ၏။ အဘယ်ကြောင့်နည်း။
အကြောင်းမှာ၊ ယေရှုသည် ဥပုသ်ကိုချိုးဖောက်သည်သာမက မိမိကိုယ်ကိုဘုရားသခင်၏သားတော်ဟုဆိုခြင်းသည် ဘုရားကိုစော်ကားခြင်းဖြစ်သည်ဟု ဂျူးတို့ယူဆကြသည်။ သို့သော် ယေရှုသည်မကြောက်ရွံ့ဘဲ ဘုရားသခင်နှင့်မိမိ၏မျက်နှာသာရဆက်ဆံရေးအကြောင်း အကျယ်တဝင့်ရှင်းပြတော်မူ၏။ “ခမည်းတော်သည်သားတော်ကိုချစ်တော်မူ၍ ပြုတော်မူသမျှတို့ကို သားတော်အားပြ၏” ဟုကိုယ်တော်မိန့်တော်မူ၏။
“ခမည်းတော်သည် သေလွန်သောသူတို့ကို ရှင်ပြန်ထမြောက်စေတော်မူသကဲ့သို့၊ ထိုနည်းတူ သားတော်သည်လည်း အလိုရှိသမျှသောသူတို့ကိုရှင်စေ၏” ဟုယေရှုဆက်၍မိန့်တော်မူ၏။ အမှန်မှာ သားတော်သည် လူသေတို့ကို ဝိညာဏနည်းဖြင့်ထမြောက်စေခဲ့ပြီးဖြစ်သည်။ “ငါ့စကားကိုနားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် သေခြင်းမှအသက်ရှင်ခြင်းသို့ကူးမြောက်သောသူဖြစ်၏” ဟုမိန့်တော်မူ၏။ မှန်ပေသည်၊ “သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏စကားသံကိုကြား၍၊ ကြားသောအားဖြင့် အသက်ရှင်ရမည့်အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏” ဟုဆက်၍မိန့်တော်မူပြန်၏။
လူသေတစ်ဦးကိုမျှ စာသားအတိုင်း ယေရှုထမြောက်စေခဲ့သည့်မှတ်တမ်းမရှိသေးသော်လည်း ပကတိထမြောက်မည့်အကြောင်း မိမိအားစွပ်စွဲသူတို့ကိုမိန့်တော်မူ၏။ “ဤအမှုအရာကိုအံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတံ့။”
ဘုရားသခင်၏ရည်ရွယ်ချက်တွင် မိမိကဏ္ဍမည်မျှအရေးကြီးကြောင်းကို ဤအချိန်အထိ ထိုသို့ပြတ်သားစွာ ယေရှုမဖေါ်ပြခဲ့ဖူးချေ။ သို့သော်ကိုယ်တော်တိုင်တင်ပြသည့်သက်သေများထက် ယေရှုအားစွပ်စွဲသူများ ပို၍သိရှိထား၏။ “သင်တို့သည် ယောဟန်ထံသို့လူတို့ကိုစေလွှတ်ကြ၏။ သူသည် သမ္မာတရားဘက်၌ သက်သေခံ၏” ဟုယေရှုသတိပေးသည်။
လွန်ခဲ့သောနှစ်နှစ်ကပင် ဤဂျူးဘာသာရေးခေါင်းဆောင်များအား မိမိနောက်ကြွလာမည့်သူအကြောင်း နှစ်ခြင်းဆရာယောဟန်ပြောပြခဲ့သည်။ ယခုအချုပ်ခံနေရသောယောဟန်ကို တစ်ချိန်ကသူတို့ကိုးစားခဲ့ခြင်းကိုသတိပေးကာ ယေရှုက “သင်တို့သည် သူ၏အလင်း၌ ခဏသာမွေ့လျော်ခြင်းငှာအလိုရှိကြ၏” ဟုမိန့်တော်မူသည်။ သူတို့အားကူညီပေးလို၍ ထိုသို့သတိပေးခြင်းဖြစ်သည်။ သို့သော် ယောဟန်၏သက်သေခံချက်ကို ယေရှုအားကိုးသည်မဟုတ်ပေ။
“ငါပြုသောထိုအမှုတို့ [ယခုပင်ပြုပြီးသည့်အံ့ဖွယ်ရာပါအပါအဝင်] သည်လည်း ငါ့ဘက်၌နေ၍ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်အကြောင်းကိုသက်သေခံကြ၏။” ၄င်းပြင် “ခမည်းတော်သည်လည်း ငါ့ဘက်၌သက်သေခံတော်မူ၏” ဟုယေရှုဆိုသည်။ ကိုယ်တော်နှစ်ခြင်းခံယူချိန်က “ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း” ဟုဘုရားသခင်သက်သေခံတော်မူ၏။
ယေရှုအားစွပ်စွဲသူတို့အတွက် ကိုယ်တော်ကိုငြင်းပယ်ရန် အဘယ်အကြောင်းပြချက်မျှမရှိပေ။ သူတို့ဆည်းပူးသည်ဆိုသောကျမ်းစာကပင် ကိုယ်တော်အကြောင်းသက်သေခံ၏။ “မောရှေကိုသင်တို့ယုံလျှင် ငါ့ကိုလည်းယုံကြလိမ့်မည်။ မောရှေသည် ငါ၏အကြောင်းရေးသားခဲ့၏။ သို့ရာတွင် သင်တို့သည် မောရှေရေးသားဖေါ်ပြချက်များကိုမယုံကြလျှင် ငါ၏စကားကိုအဘယ်သို့ယုံနိုင်ကြမည်နည်း” ဟုနိဂုံးချုပ်တော်မူ၏။ ယောဟန် ၅:၁၇-၄၇၊ ၁:၁၉-၂၇။ မဿဲ ၃:၁၇။
▪ ယေရှုပြုတော်မူသောအမှုသည် အဘယ်ကြောင့်ဥပုသ်ကိုချိုးဖောက်ရာမရောက်သနည်း။
▪ ဘုရားသခင်ရည်ရွယ်တော်မူချက်တွင် ကိုယ်တော်၏အရေးပါ အခန်းကဏ္ဍကို ယေရှုမည်သို့ဖေါ်ပြတော်မူသနည်း။
▪ မိမိသည်ဘုရားသားတော်ဖြစ်ကြောင်း မည်သူ့သက်သေခံချက်ကို ယေရှုထောက်ပြတော်မူသနည်း။