“သခင်ခရစ်တော်၏အစေကိုခံကြလော့”
သမိုင်းတစ်လျှောက်တွင် သန်းပေါင်းများစွာသောသူတို့သည် ကျွန်သားပေါက်အဖြစ်ကို ရောက်ခဲ့ရသည်။ ဥပမာ၊ လွန်ခဲ့သောနှစ်ရာစုပေါင်းများစွာက ဣသရေလလူမျိုးသည် အီဂျစ်ကြီးကြပ်အုပ်ချုပ်သူတို့၏လက်အောက်တွင် ကြီးစွာဒုက္ခခံခဲ့ရသည်။ ကျမ်းစာ၏အဆိုအရ သူတို့သည် ‘ဣသရေလလူမျိုးများကို ခက်ခဲသောအလုပ်ဝန်အောက်တွင် ပင်ပန်းအားလျော့စေရန် သူတို့အပေါ် ရက်စက်သောကျွန်ခေါင်းများခန့်အပ်ထားသည်၊’ အထူးသဖြင့် အုတ်များပြုလုပ်ခြင်းကိစ္စတွင်ဖြစ်သည်။—ထွက်မြောက်ရာ ၁:၁၁၊ ယေရုရှလင် သမ္မာကျမ်း။
ယနေ့တိုင်းပြည်အများအပြား၌ လူတို့သည် ပကတိအတိုင်းကျွန်ခံနေရခြင်းမဟုတ်ပေ။ သို့ရာတွင် မြောက်မြားစွာသောသူတို့သည် အလွန်ကြိုးစားအားထုတ်မှုလိုအပ်သည့်—တစ်ခါတစ်ရံ မနှစ်မြို့ဖွယ်—အခြေအနေမျိုးအောက်တွင် နာရီပေါင်းများစွာ အလုပ်လုပ်ရပေမည်။ သူတို့သည် စီးပွားရေးကျွန်ပြုခြင်းဟုခေါ်ဆိုရမည့် လေးလံသောဝန်ထုပ်ဝန်ပိုးအောက်တွင် ရှိကြသည်။
သို့သော် ဝန်ပေါ့သော ကျွန်ဘဝပုံစံတစ်မျိုးရှိသည်။ တမန်တော်ပေါလုက ယုံကြည်သူချင်းတို့ကို ဤသို့တိုက်တွန်းခဲ့သည်– ‘သခင်ခရစ်တော်၏အစေကိုခံကြလော့။’ (ကောလောသဲ ၃:၂၄) ခရစ်တော်၏ကျေးကျွန်ဖြစ်ဖို့ ရွေးချယ်သောသူများသည် သူတို့၏လေးလံသောဝန်ထုပ်ဝန်ပိုးများမှ သက်သာမှုတွေ့ ရှိကြသည်။ ယေရှုကိုယ်တိုင် ဤသို့မိန့်တော်မူသည်– “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကိုတင်၍ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏ဟု မိန့်တော်မူ၏။”—မဿဲ ၁၁:၂၈-၃၀။
ခရစ်တော်၏ထမ်းပိုးကို လက်ခံလိုက်ခြင်းသည် မိမိ၏မိသားစုကို ရုပ်ပိုင်းအရထောက်ပံ့ခြင်းတာဝန်မှ မလွတ်ကင်းစေပါ။ (၁ တိမောသေ ၅:၈) သို့သော်လည်း ယင်းသည် ရုပ်ပစ္စည်းနောက်တကောက်ကောက်လိုက်ခြင်းအနှောင်အဖွဲ့များစွာမှ လွတ်ကင်းစေသည်။ ခရစ်ယာန်တို့သည် မိမိတို့၏ဘဝတွင် ရုပ်ပစ္စည်းချမ်းသာကြွယ်ဝမှုကို အဓိကပန်းတိုင်အဖြစ်ထားရှိမည့်အစား အခြေခံလိုအပ်ရာများနှင့်ရောင့်ရဲရန် ကြိုးစားအားထုတ်ကြသည်။—၁ တိမောသေ ၆:၆-၁၀; ၁ ကောရိန္သု ၇:၃၁ နှိုင်းယှဉ်။
ခရစ်ယာန်များသည် ဘုရားသခင့်နိုင်ငံတော် “သတင်းကောင်း” ဟောပြောခြင်းတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခြင်းမှလည်း လန်းဆန်းမှုတွေ့ရှိကြသည်။ (မဿဲ ၂၄:၁၄) ယင်းသည် စစ်မှန်သောပျော်ရွှင်မှုနှင့်ရောင့်ရဲမှုကို ဖြစ်ပေါ်စေပါသည်တကား!
ကျွန်ုပ်တို့သည် “သခင်ခရစ်တော်၏အစေ” ခံနိုင်ကြသည့်အတွက် ကျေးဇူးတင်သင့်ပါသည်တကား!
[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]
လည်ပတ်ခြင်းကို သင်ကြိုဆိုမည်လော
ဒုက္ခမြားမြောင်သည့် ဤလောကအတွင်း၌ပင် သင်သည် ဘုရားသခင်၊ ကိုယ်တော့်နိုင်ငံတော်နှင့် လူသားများအဖို့ ကိုယ်တော်ထားရှိသည့် အံ့ဖွယ်ရည်ရွယ်ချက်တို့နှင့်ဆိုင်သော တိကျမှန်ကန်သည့်သမ္မာကျမ်းစာအသိပညာမှ ပျော်ရွှင်မှုကို ရယူခံစားနိုင်ပါသည်။ ယခုထက်မက ပိုမိုသိလိုလျှင်လည်းကောင်း၊ အိမ်တွင်းကျမ်းစာသင်အံမှုလက်ခံသင်ကြားလိုလျှင်လည်းကောင်း ကင်းမျှော်စင်၊ ၉၄-ခ၊ အင်းလျားလမ်း၊ ရန်ကုန်၊ ၁၁၀၄၁ သို့မဟုတ် စာမျက်နှာ ၂ ပါ သင့်လျော်ရာလိပ်စာသို့ စာရေးဆက်သွယ်ပါ။
[Picture Credit Line on page 32]
Pictorial Archive (Near Eastern History) Est.