‘သင်တို့စိုးလ်များအတွက် လန်းဆန်းမှုတွေ့ရှိခြင်း’
“ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ . . . သင်တို့စိုးလ်သည် လန်းဆန်းရလိမ့်မည်။ အကြောင်းမူကား ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏။”—မဿဲ ၁၁:၂၈-၃၀။
၁၊ ၂။ နှစ်ရာစုပေါင်းများစွာ လူသားတို့၏အခြေအနေသည် မည်သို့ရှိခဲ့ပြီနည်း။ အစကနဦးက ဘုရားသခင့်ရည်ရွယ်တော်မူချက်နှင့် မည်သို့ကွာခြားသနည်း။
“ဤလောကတစ်နိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကို ခံရသည်ဟု ငါတို့သိကြ၏။” လွန်ခဲ့သောရာစုနှစ်များစွာက ရောမမြို့ရှိမိတ်ဆွေများထံ အမျိုးသားတစ်ဦး ဤသို့ရေးသားခဲ့သည်။ (ရောမ ၈:၂၂) ထိုအချိန်ကတည်းက လောကီသားတို့၏ ညည်းတွားမှုနှင့် ဆင်းရဲခြင်းသည် တိုးပွားလျက်သာရှိသည်။ မလိုလားစိတ်၊ ဆင်းရဲဒုက္ခ၊ ရာဇဝတ်မှုနှင့် ငတ်မွတ်ခြင်းသည် နေရာအနှံ့ အနိဌာရုံဖြစ်စေခဲ့ပြီ။ တရားခြင်းမရှိသော စီးပွားရေးစနစ်ကြောင့် အလုပ်လက်မဲ့ဖြစ်သူ သန်းပေါင်းများစွာရှိနေသည်။ အချို့ဆိုလျှင် မိမိတို့အိမ်မှပင် ဆင်းပေးခဲ့ရသည်။ သားသမီးများသွားသင့်ရာလမ်းအတိုင်း ဆုံးမပေးငြားလည်း နတ်ဆိုးများ၏သြဇာက ကြိုးစားလေသမျှ သဲထဲရေသွန်ဖြစ်စေခဲ့ပြီ။
၂ သို့သော် ဖျားနာခြင်း၊ ရောဂါဘယ၊ သို့မဟုတ် ဇရာအိုအရွယ်ကြောင့် ခွန်အားလျော့နည်း၊ အရိုးပေါ်အရေတင်ရုံအထိ တဖြည်းဖြည်းချို့တဲ့သွားခြင်းသည် ဝမ်းနည်းစရာအကောင်းဆုံးဖြစ်ပေမည်။ နှစ်ရှည်လများခံစားရသော ဝေဒနာဖိစီးမှုကြောင့် နှလုံးပူဆွေးနွမ်းရိရပြီး မျက်ရည်အခါခါစီးဆင်းခဲ့ရမည်။ လူ့အသက်ဆိုင်ရာ ဝမ်းနည်းဖွယ်စာဋီကာပါတကား။ လူသား၏ ဆိုးရွားသောဘဝအကြောင်း ရှေးကပညာရှင်တစ်ဦး ဤသို့ဆိုခဲ့သည်။ “သူ၏နေ့ရက်အပေါင်းတို့သည် ဝမ်းနည်းခြင်း၊ သူ၏အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏။” (ဒေသနာ ၂:၂၃။ ၄:၁) ယနေ့လူ့အသက်တာသည် အစကနဦးက ဘုရားသခင်ရည်ရွယ်တော်မူသည်အတိုင်းမဟုတ်သည်မှာ ထင်ရှားလှသည်တကား။—ကမ္ဘာဦး ၂:၈၊ ၉။
၃။ အဘယ်အလားအလာနှင့် လူကိုဘုရားသခင်ဖန်ဆင်းသနည်း။ မျက်မှောက်ကာလတွင် ယင်းတို့ကို မည်သို့အနည်းအကျဉ်းခံစားရကြသနည်း။
၃ ဘဝကိုတကယ်ပျော်မွေ့နိုင်သည့် အလားအလာအပြည့်နှင့် လူကိုစုံလင်စွာ ယေဟောဝါဘုရားသခင်ဖန်ဆင်းတော်မူခဲ့သည်။ (တရားဟောရာ ၃၂:၄၊ ၅) အရသာစုံသောအစာကိုမြည်းစမ်းရခြင်း၊ လေကောင်းလေသန့် ရှူရှိုက်လိုက်ရခြင်း၊ ရင်သပ်ရှုမောဖွယ် နေဝင်ဆည်းဆာကို တွေ့လိုက်ရခြင်း တို့ကိုသာစဉ်းစားကြည့်ပါ။ “လူသားတို့ကျင်လည်ရာဖို့ ဘုရားသခင်ပေးတော်မူသော ပင်ပန်းခြင်းအမှုကို ငါကြည့်မြင်ပြီ။ ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ လျောက်ပတ်စွာဖန်ဆင်းတော်မူပြီ။ . . . ရွှင်လန်းခြင်းအမှုနှင့် အသက်ရှင်စဉ်တွင် ကျေးဇူးပြုခြင်းအမှုမှတစ်ပါး အခြားသောအမှုအရာတို့၌ အကျိုးကျေးဇူးမရှိသည်ကို ငါသိ၏။ လူတိုင်းစားသောက်ခြင်းငှာလည်းကောင်း၊ မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှာလည်းကောင်း ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏” ဟုရှေးကအဆိုပါပညာရှင် သတိပြုခဲ့သည်။—ဒေသနာ ၃:၁၀-၁၃။
၄။ (က) ယေရှု၏တွေ့ကြုံမှုများကတင်ပြသည်အတိုင်း လူအများ၏ဝမ်းနည်းစရာအခြေအနေကား အဘယ်နည်း။ (ခ) စိတ်ရင်းစေတနာဖြင့် ယေရှုမည်သို့ ဖိတ်ခေါ်သနည်း။ ယင်းက အဘယ်မေးခွန်းများ ပေါ်စေသနည်း။
၄ သို့နှင့်ပင် ကျွန်ုပ်တို့အတွက် ဘုရားသခင်ရည်ရွယ်တော်မူသည့် ကောင်းရာများ၌ပျော်မွေ့သူ နည်းလှသည်တကား။ လူသားတို့၏ ဝမ်းနည်းဖွယ်ဘဝဆိုးကို ယေရှုခရစ်သိနားလည်ခဲ့သည်။ “များစွာသောလူအပေါင်းတို့သည် ခြေမစွမ်း၊ မျက်စိကန်း၊ စကားအ၊ အင်္ဂါချို့တဲ့သော သူမှစ၍ အခြားသောအနာရောဂါစွဲသောသူများကို ဆောင်ခဲ့လျက် အထံတော်သို့ရောက်လာ၍ ခြေတော်ရင်း၌ချထားကြ၏။” ဤချို့တဲ့ရသောသူများကို ယေရှုမည်မျှသနားခဲ့မည်တကား။ (မဿဲ ၉:၃၆; ၁၅:၃၀) တစ်ချိန်တွင် စိတ်ရင်းစေတနာဖြင့် ကိုယ်တော်ဤသို့ဖိတ်ခေါ်ခဲ့သည်။ “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည် လန်းဆန်းစေမည်။ ငါ့ထမ်းပိုးကိုတင်၍ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိုးလ်အတွက် လန်းဆန်းခြင်းကို ရလိမ့်မည်။” (မဿဲ ၁၁:၂၈၊ ၂၉) ဤသည်ကား မျှော်လင့်ချက်ပေးသောစကားများ အမှန်ဖြစ်ပေသည်။ သို့သော် အဘယ်လန်းဆန်းမှုအကြောင်း ယေရှုပြောဆိုနေပါသနည်း။ ယင်းကို မည်သို့ရှာတွေ့နိုင်မည်နည်း။
လန်းဆန်းစေသော သမ္မာတရား
၅။ ကျွန်ုပ်တို့စိုးလ်များအတွက် စစ်မှန်သောလွတ်လပ်မှုနှင့် လန်းဆန်းမှုရရှိရာလမ်းကို ယေရှုမည်သို့ ညွှန်ပြသနည်း။
၅ ယေရှုမသေမီ ခြောက်လခန့်အချိန်တွင် တဲတော်ပွဲကို တက်ရောက်စဉ်က လွတ်လပ်ခြင်းလမ်းကို ညွှန်ပြတော်မူခဲ့သည်။ ယင်းအားဖြင့် စစ်မှန်သောလန်းဆန်းမှုရမည်ဖြစ်သည်။ ကိုယ်တော်ကိုယုံကြည်ကြသူတို့အား ဤသို့မိန့်တော်မူခဲ့သည်။ “သင်တို့သည် ငါ၏ဒေသနာ၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။ သမ္မာတရားကိုလည်းသိကြသဖြင့် ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်။” (ယောဟန် ၈:၃၁၊ ၃၂) အဘယ်သမ္မာတရားအကြောင်း ယေရှုမိန့်တော်မူနေသနည်း။ အဘယ်အတွင်းမှ ကျွန်ုပ်တို့အား လွှတ်မည်နည်း။ ကိုယ်တော်၏ တရားနာသူများသည် အဘယ်နည်းဖြင့် ကျွန်ခံနေရကြသနည်း။
၆။ (က) အတိုက်အခံပြုသော ဘာသာရေးသမားများ မည်သို့ကန့်ကွက်ခဲ့သနည်း။ အဘယ်ကြောင့်နည်း။ (ခ) ကျွန်ုပ်တို့အားလုံး အဘယ်နည်းဖြင့် ကျွန်ခံနေရကြသနည်း။
၆ ယေရှုကိုအတိုက်အခံပြုသော ဘာသာရေးသမားများက ဤသို့ဝင်စွက်ပြောဆိုကြသည်။ “ငါတို့သည် အာဗြဟံ၏အမျိုးဖြစ်ကြ၏။ အဘယ်သူထံ၌ တစ်ခါတစ်ရံမျှ ကျွန်မခံကြ။ ‘လွှတ်လိမ့်မည်’ ဟူ၍ သင်သည် အဘယ်သို့ပြောဆိုသနည်း။” ထိုယုဒရန်သူများသည် သူတို့မျိုးရိုးကို ဂုဏ်ယူနေကြသည်။ လူမျိုးလိုက် တိုင်းတစ်ပါးလက်အောက် မကြာခဏ ရောက်ခဲ့ရငြား ကျွန်အမည်ကို ဂျူးများမခံယူလိုကြချေ။ သို့သော် သူတို့အဘယ်နည်းဖြင့် ကျွန်ဘဝ၌ရောက်နေရကြောင်းကို ယေရှုဤသို့ဖေါ်ပြတော်မူသည်။ “ငါအမှန်အကန်ဆိုသည်ကား ဒုစရိုက်ကိုပြုသမျှသောသူတို့သည် ဒုစရိုက်၏ကျွန်ဖြစ်ကြ၏။” မှန်လှပေသည်။ ယနေ့ကျွန်ုပ်တို့နည်းတူပင် ကိုယ်တော်.ပရိသတ်ရှိသူအပေါင်း ‘ဒုစရိုက်ပြုသူများ’ ဖြစ်ကြသည်။ ယင်းကား ကနဦးမိဘများထံမှ ကျွန်ုပ်တို့အားလုံး အပြစ်တရားကို အမွေခံခဲ့ရသောကြောင့်ဖြစ်သည်။ သို့သော် ယေရှုက “သားသည် သင်တို့ကိုလွှတ်လျှင် သင်တို့သည် ဧကန်အမှန် လွတ်ကြလိမ့်မည်” ဟုကတိထားတော်မူသည်။—ယောဟန် ၈:၃၃-၃၆။ ရောမ ၅:၁၂။
၇။ စစ်မှန်သောလွတ်လပ်မှုကို မည်သို့ရရှိနိုင်မည်နည်း။ လွတ်မြောက်စေမည့် သမ္မာတရားကား အဘယ်နည်း။
၇ ထိုကြောင့် ရွေးဖိုးပူဇော်သက္ကာအဖြစ် စုံလင်သောလူ့အသက်ကိုပေးဆက်ခဲ့သော ဘုရားသခင်၏သားတော်၊ ယေရှုခရစ်အားဖြင့်သာလျှင် စစ်မှန်သောလွတ်လပ်ရေးကို ရရှိနိုင်ပါသည်။ သေစေတတ်သော အပြစ်၏ချုပ်နှောင်မှုမှ ဤပူဇော်သက္ကာသာ လွှတ်ပေး၍ ဘုရားသခင်၏ဖြောင့်မတ်သောကမ္ဘာသစ်တွင် ကျန်းမာရေးခြားရှိပြီး ပျော်ရွှင်စွာဖြင့် ထာဝရအသက်ရှင်နိုင်မည်ဖြစ်သည်။ (ယောဟန် ၃:၁၆။ ၁ ယောဟန် ၄:၁၀) ထိုကြောင့် ကျွန်ုပ်တို့ကိုလွှတ်သော သမ္မာတရားသည် ယေရှုခရစ်အကြောင်း၊ ဘုရားသခင့်ရည်ရွယ်တော်မူချက်များ ပြည့်စုံရေးတွင် ကိုယ်တော်၏ကဏ္ဍအကြောင်း နှင့်ပတ်သက်သော သမ္မာတရားဖြစ်သည်။ ဘုရင်အရာ၌ ခရစ်တော်နန်းထိုင်သည့် နိုင်ငံတော်သည် ကမ္ဘာမြေကြီးအတွက် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ပေးမည်။ ဤသမ္မာတရားအကြောင်းကိုလည်း ယေရှုအဆက်မပြတ်သက်သေခံတော်မူခဲ့သည်။—ယောဟန် ၁၈:၃၇။
သမ္မာတရား လန်းဆန်းမှုပေးပုံ
၈။ သမ္မာတရားက လန်းဆန်းမှုပေးပုံကို မည်သို့ဖေါ်ပြနိုင်သနည်း။
၈ တစ်ကိုယ်လုံးအလျင်အမြန်ပြန့်သွားတတ်သော ကင်ဆာရောဂါသည်ဖြစ်နေသည်ဟု ကြားသိရသောအမျိုးသမီးတစ်ဦးနှင့် သမ္မာတရား လန်းဆန်းမှုပေးပုံကို နှိုင်းယှဉ်နိုင်သည်။ နာကျင်စွာခံရမည့် ရောဂါဆိုး၏အခြေအနေကို စဉ်းစားလေ သူ့ခမျာစိတ်ပင်ပန်း၊ နှလုံးကြေကွဲနေပေမည်။ သို့ရာတွင် အခြားဆရာဝန်တစ်ဦးထံသွား၍ ရောဂါအခြေအနေကို ထပ်ဆင့်စီစစ်သည့်အခါ ပထမရောဂါခန့်မှန်းချက်သည် မှားလျှင်မှား သို့မဟုတ် ထူးခြားစွာရောဂါအခြေအနေ တိုးတက်လာကြောင်း တွေ့ရှိသည်ကို သူမကြားသော် သူမမည်မျှစိတ်သက်သာမှုရရှိမည်ကိုသာစဉ်းစားကြည့်နိုင်သည်။ သူ့စိုးလ်အတွက် တကယ်လန်းဆန်းမှုပါတကား။
၉။ လူတို့အား သမ္မာတရားသွန်သင်ပေးခြင်းအားဖြင့် သက်သာမှုကို ယေရှုမည်သို့ရရှိစေသနည်း။
၉ ထိုနည်းတူ မြေကြီးပေါ် ယေရှုဆင်းသက်လာချိန်တွင် ခေတ်သုံးထုံးတမ်းစဉ်လာစနစ်ကြောင့် လူအပေါင်း စိတ်ပင်ပန်းနေရကြရှာသည်။ ထိုအဖြစ်၏တရားခံ၊ ကျမ်းပြုဆရာနှင့် ဖါရိရှဲများအကြောင်း ယေရှုဤသို့မိန့်တော်မူသည်။ “အလွန်လေး၍ ထမ်းခဲသောဝန်တို့ကိုပြင်ဆင်၍ သူတစ်ပါးပခုံးပေါ်မှာ တင်တတ်ကြ၏။ မိမိတို့မူကား လက်ဖျားနှင့်မျှမရွေ့လိုကြ။” (မဿဲ ၂၃:၄။ မာကု ၇:၂-၅) ကျွန်ဖြစ်စေသော ဤထုံးတမ်းစဉ်လာများအောက်မှ လွှတ်ပေးသောသမ္မာတရားကို လူတို့အားယေရှုပေးလိုက်သောအခါ မည်မျှစိတ်သက်သာကြမည်တကား။ (မဿဲ ၁၅:၁-၉) ယနေ့လည်း မထူးမခြားပါ။
၁၀။ ပျော်ရွှင်မှုမရှိစေသော အဘယ်ဝန်ထုပ်ဝန်ပိုးများကို လူများစွာထမ်းခဲ့ပြီနည်း။ သမ္မာတရားကိုသိနားလည်လာသဖြင့် ယင်းတို့ကိုပယ်ပစ်သည့်အခါ မည်သို့ခံစားရမည်နည်း။
၁၀ မှောက်မှားသောဘာသာရေးသွန်သင်ချက်များ၏ ဝန်ထုပ်ဝန်ပိုးကြောင့် သေလွန်သည့်အခါ ငရဲမီးတွင်လည်းကောင်း၊ ငရဲကလေးတွင်လည်းကောင်း ညှဉ်းဆဲဒုက္ခခံရမည်ကို စိုးရိမ်နေရသူတစ်ဦး အသင်ဖြစ်ကောင်းဖြစ်နေမည်။ သို့မဟုတ် သင့်ချစ်သဲလေး သေဆုံးချိန်တွင် ဓမ္မဆရာက ဘုရားသခင်အလိုရှိတော်မူ၍ ကောင်းကင်တမန်တစ်ပါး သင့်ရင်သွေးကိုမှ ဘုရားသခင်ခေါ်ဆောင်သွားသည်ဟု ဖျောင်းဖျခံရသည့်အခါ နှလုံးကြေကွဲခဲ့ပေမည်။ တစ်ခါတစ်ရံ ရောဂါဖိစီးခံရသူတို့အား ဓမ္မဆရာများက ယင်းဝေဒနာသည် ဘုရားသခင်ထံမှကျိန်ဒဏ်ဟု ဆိုတတ်ကြသည်။ ဤမျှဝန်လေးလှသည့် ဘာသာရေးမုသားများမှ လွတ်မြောက်စေသော ကျမ်းစာသမ္မာတရားကို သိရှိလာရခြင်းသည် တကယ်လန်းဆန်းမှုပေးသည်မဟုတ်လော။ ယင်းမှ သက်သာမှုတကယ်ရရှိသည်တကား။—ဒေသနာ ၉:၅၊ ၁၀။ ယေဇကျေလ ၁၈:၄။ ယောဟန် ၉:၂၊ ၃။
၁၁။ (က) အကြီးဆုံးဝန်ထုပ်ကား အဘယ်နည်း။ ယင်းကို မည်သို့ပယ်ပစ်နိုင်မည်နည်း။ (ခ) မြေကြီးပေါ်ရှိစဉ် အပြစ်သားတို့အား ယေရှုအဘယ်လန်းဆန်းမှုပေးခဲ့သနည်း။
၁၁ ကျွန်ုပ်တို့ပြုမိဖူးသောအပြစ်များအတွက် စိတ်မသိုးမသန့်ဖြစ်ခြင်း ကြီးလေးသောဝန်တို့တွင် တစ်ခုအဝင်ဖြစ်သည်။ ခရစ်တော်၏ရွေးဖိုးပူဇော်သက္ကာကျေးဇူးကြောင့် ဤအပြစ်များ ပျောက်ပျက်သွားနိုင်ကြောင်း သိလာရခြင်းသည်လည်း စိတ်သက်သာမှုရရှိစေသည်။ “ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည် ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏” ဟုသမ္မာကျမ်းစာစိတ်ချစေသည်။ (၁ ယောဟန် ၁:၇) ကျွန်ုပ်တို့အပြစ်များ မည်မျှဆိုးရွားစေကာမူ တကယ်နောင်တရပြီး ပြုပြင်ပြောင်းလဲခဲ့ပြီဆိုလျှင် ကြည်လင်သောသြတ္တပ္ပစိတ်၏ လန်းဆန်းသက်သာမှုခံစားရပြီး ကျွန်ုပ်တို့အပြစ်များကို ဘုရားသခင်နောက်တစ်ဖန် မှတ်တော်မမူကြောင်း စိတ်ချနိုင်ပါသည်။ (ဆာလံ ၁၀၃:၈-၁၄။ ၁ ကောရိန္သု ၆:၉-၁၁။ ဟေဗြဲ ၁၀:၂၁၊ ၂၂) ပြည့်တန်ဆာများနှင့် ဇက္ခဲကဲ့သို့သော အခွန်ခံများပမာ အပြစ်ကြီးလေးသူများအတွက် ခရစ်တော်သည် မည်မျှစိတ်လန်းဆန်းစေမည်တကား။ သူတို့နှင့်အတူ ကိုယ်တော်အစာစားသုံးနေစဉ်တွင် ကျမ်းစာမှသမ္မာတရားတို့ဖြင့် ယေရှုစိတ်သက်သာစေခဲ့သည်။—လုကာ ၅:၂၇-၃၂၊ ၇:၃၆-၅၀၊ ၁၉:၁-၁၀။
၁၂။ (က) အဘယ်ဝမ်းနည်းစရာ အခြေအနေမျိုးရှိသူတို့အား ယေရှုလန်းဆန်းစေခဲ့သနည်း။ (ခ) ပထမရာစုနှစ်က မိမိသည် “လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်” ကြောင်း အဘယ်ထူးခြားသောနည်းဖြင့် တင်ပြခဲ့သနည်း။
၁၂ အခြားမြောက်မြားစွာသောသူတို့သည် ဖျားနာမှုနှင့်ရောဂါ၊ ပြင်းစွာစိတ်ကျဝေဒနာ နှင့် ချစ်သူသေဆုံး၍ ကြီးစွာဝမ်းနည်းပူဆွေးမှုတို့၏ ဝန်များကို ထမ်းရွက်နေရကြသည်။ သို့ရာတွင် ဤသို့ “ဝန်လေး၍ပင်ပန်းသောသူ” တို့အား ယေရှုစိတ်လန်းဆန်းပေါ့ပါးစေတော်မူခဲ့သည်။ (မဿဲ ၄:၂၄; ၁၁:၂၈၊ ၂၉) ၁၈ နှစ်တိုင် ဆေးဆရာများနှင့် ရောဂါကုသခဲ့သော်လည်း မအောင်မြင်သော အမျိုးသမီးတစ်ဦးကို ကိုယ်တော်ကုသပေးတော်မူခဲ့သည်။ ၃၈ နှစ်လုံးလုံး ရောဂါစွဲခဲ့သူတစ်ဦးကိုလည်း ယေရှုကုသသေးသည်။ မွေးကတည်းက မျက်စိမမြင်သူတစ်ဦးအား မြင်စေတော်မူသည်။ သူတို့ကုသမှုခံရကြသောအခါ မည်မျှစိတ်သက်သာလန်းဆန်းခဲ့မည်ကို သင်စဉ်းစားကြည့်ပါသလော။ (လုကာ ၁၃:၁၀-၁၇။ ယောဟန် ၅:၅-၉; ၉:၁-၇) အမှန်မှာ ယုံကြည်စွာဖြင့် ယေရှုထံလာသူအပေါင်းသည် သမ္မာတရား၊ စစ်မှန်သောလန်းဆန်းမှုနှင့် အသက်၏စမ်းရေထံ လာကြခြင်းဖြစ်သည်။ သေရာမှ တစ်ဦးတည်းသောသားကို ပြန်ရလာသောမုဆိုးမနှင့် သေဆုံးသွားသော ၁၂ နှစ်သမီးကလေးကို အရှင်လတ်လတ်ပြန်ရရှိသော မိဘနှစ်ပါးအတွက် ယေရှုသည် ထူးခြားသောနည်းဖြင့် “လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်” မည်အမှန်။—ယောဟန် ၁၄:၆; ၁၇:၃။ လုကာ ၇:၁၁-၁၇; ၈:၄၉-၅၆။
၁၃။ အကူအညီလိုလျှင် မည်သူ့ထံတောင်းခံရမည်ဟု ယေရှုသွန်သင်ပေးသနည်း။ ကိုယ်တော်၏သြဝါဒကို လိုက်နာလျှင် ဘာဖြစ်မည်နည်း။
၁၃ ကိုယ်တိုင်ဘာမျှမတတ်နိုင်သည့် အခက်အခဲပြဿနာမျိုးနှင့် တစ်ခါတစ်ရံ သင်ကြုံကြိုက်ရမည်။ ယေရှုကိုယ်တော်တိုင် ပြုတော်မူခဲ့သည့်အတိုင်း ယေဟောဝါထံ၌ အကူအညီတောင်းဆိုရန် သင်ကြားတော်မူသည်။ (လုကာ ၂၂:၄၁-၄၄။ ဟေဗြဲ ၅:၇) ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ၌ အကူအညီမှန်မှန်တောင်းဆိုမည်ဆိုလျှင် ဆာလံဆရာ၏ ဤစိတ်ထားမျိုးတင်ပြနေပါသည်။ “ငါတို့ဝန်ကို နေ့စဉ်ထမ်းတော်မူသော အရှင်ဘုရား။ ငါတို့ကို ကယ်တင်ပိုင်ရှင်ဘုရားသခင်သည် မင်္ဂလာရှိတော်မူပါစေသော။” (ဆာလံ ၅၅:၂၂; ၆၈:၁၉၊ သမာကျမ်း) မှန်ပါသည်။ သမ္မာတရားကိုသိထားခြင်းသည် လန်းဆန်းမှု တကယ်ပေးပါသည်။ ယေဟောဝါနှင့် တရင်းတနှီးရှိစေပြီး ကိုယ်တော်ထံမှ မစမှုဖြင့် ဘဝတွင် အခဲယဉ်းဆုံးအခြေအနေများကိုပင် အောင်မြင်စွာဖြေရှင်းနိုင်ကြောင်း သိနားလည်စေသည်။
နိုင်ငံတော်မျှော်လင့်ချက်ဖြင့် လန်းဆန်းလာ
၁၄။ ကိုယ်တော်စုံစမ်းခြင်းများခံရချိန်တွင် အဘယ်အရာသည် အထောက်အပံ့ပေးခဲ့သနည်း။ ကျွန်ုပ်တို့စိုးလ်များအတွက် လန်းဆန်းမှုရရန် အဘယ်အရာသည် အရေးကြီးသနည်း။
၁၄ ကျွန်ုပ်တို့စိုးလ်များအတွက် စစ်မှန်သောလန်းဆန်းမှုရရှိနိုင်ရန် အားကြီးသောမျှော်လင့်ချက်ရှိရမည်။ မျှော်လင့်ချက်က ယေရှုကို များစွာအထောက်အပံ့ပေးခဲ့သည်။ သမ္မာကျမ်းစာ ဤသို့ဆိုသည်။ “မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်နေတော်မူ၏။ (ဟေဗြဲ ၁၂:၂) သမာဓိစောင့်သိခြင်းအားဖြင့် ခမည်းတော်၏နာမတော်ဘုန်းထင်ရှားစေရန်နှင့် ဘုရားသခင့်နိုင်ငံတော်တွင် ဘုရင်မင်းမြတ်အဖြစ် အုပ်စိုးခွင့်ရှိကြောင်း သက်သေတင်ပြရန် ရွှင်လန်းဖွယ်ရာမျှော်လင့်ချက်ကား ယေရှုကိုအားရှိစေတော်မူခဲ့သည်။ ကောင်းကင်တွင် ခရစ်တော်နှင့်အတူ တွဲဘက်မင်းများအနေနှင့်ဖြစ်စေ၊ ပရဒိသုမြေကြီးပေါ်တွင် ကိုယ်တော်.အုပ်ချုပ်မှုခံသူများအနေနှင့်ဖြစ်စေ ကျွန်ုပ်တို့မျှော်လင့်ချက်ကို အစဉ်မျက်မှောက်ပြုနေခြင်းကား ဘုရားသခင့်အမှုတော်မြတ်တွင် ခွန်အားပြည့်တင်းစေမည်။ ကျွန်ုပ်တို့စိုးလ်များအတွက် လန်းဆန်းမှုရှာတွေ့နိုင်ရန် ယင်းမျှော်လင့်ချက်သည် အမှန်တကယ်အရေးကြီးလှပေသည်။—ရောမ ၁၂:၁၂။
၁၅။ နိုင်ငံတော်မျှော်လင့်ချက်မရှိလျှင် ကျွန်ုပ်တို့ အဘယ်ဘဝအလားအလာများရှိမည်နည်း။
၁၅ နိုင်ငံတော်မျှော်လင့်ချက်မရှိလျှင် ကျွန်ုပ်တို့၏ဘဝအလားအလာ မည်သို့ဖြစ်မည်ကို တွေးတောကြည့်ပါ။ သာမန်လူ့သက်တမ်းသည် ၇၀ သို့မဟုတ် ၈၀ မျှဖြစ်သည်။ ထိုနေ့ရက်တို့သည် အလျင်အမြန်ကုန်လွန်တတ်ကြောင်း အသက်ကြီးလာသူ မည်သူမဆို ဝန်ခံပါမည်။ လူ့အသက်တာနှင့်ပတ်သက်၍ သမ္မာကျမ်းစာက “ထိုအသက်သည် မြန်မြန်လွန်၍ အကျွန်ုပ်တို့သည် စုတေ့ကြပါ၏” ဟုမှန်ကန်စွာ ဆိုထားသည်။ (ဆာလံ ၉၀:၁၀) သို့ဖြစ်လျက်ပင် ကျွန်ုပ်တို့အသက်မတိုချင်၊ အစဉ်သာနေသွားလိုကြသည်။ လုပ်ကိုင်စရာနှင့် ပျော်မွေ့စရာများလှပေသည်။
၁၆။ ကျွန်ုပ်တို့စိုးလ်များအတွက် လန်းဆန်းမှုရရှိရန် ဘာလုပ်ရန်လိုအပ်သနည်း။
၁၆ ထိုကြောင့် “ငါတို့မျှော်လင့်ခြင်းအကြောင်းဖြစ်သော ယေရှုခရစ်” ထံ ယုံကြည်စွာဖြင့်ချဉ်းကပ်ရန် အရေးကြီးလှသည်တကား။ (၁ တိမောသေ ၁:၁) ကိုယ်တော်မိန့်တော်မူသကဲ့သို့ပင် “သားတော်ကိုကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကိုရစေခြင်းငှာ” ခမည်းတော်အလိုတော်ရှိသည်။ (ယောဟန် ၆:၄၀၊ ၅၁) ထိုစကားများကို ယုံကြည်ပါသလော။ ကျွန်ုပ်တို့စိုးလ်အတွက် လန်းဆန်းမှုရရှိရန် မယုံလျှင်မဖြစ်ချေ။ ယင်းမရှိ၍မဖြစ်ပါ။ “ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို” ဆောင်းထားရမည်။ (၁ သက်သာလောနိတ် ၅:၈။ ဟေဗြဲ ၆:၁၉ နှင့်နှိုင်းယှဉ်ပါ။) ထိုမျှော်လင့်ချက်သည် ကျွန်ုပ်တို့စိတ်နှလုံး၊ တွေးတောဉာဏ်ကို စောင့်ရှောက်ကာကွယ်ပေးသင့်သည်။ သို့မဟုတ်လျှင် အခက်အခဲဒုက္ခ၊ ဝန်ထုပ်ဝန်ပိုးများကြောင့် ဝန်လေး၍ပင်ပန်းပြီး အားလျှော့စိတ်ပျက်ကာ ထာဝရအသက်ဆုံးရှုံးသွားပေလိမ့်မည်။ ထိုကြောင့် ကျွန်ုပ်တို့စိုးလ်များအတွက် လန်းဆန်းမှုရရှိရန် သင့်နိုင်ငံတော်မျှော်လင့်ချက်ကို အားကြီးပါလေစေ။
ဘုရားသခင့်အမှုတော်ဆောင်ခြင်းမှ လန်းဆန်းမှုရယူ
၁၇။ (က) လန်းဆန်းမှုရရန် ဘာလိုအပ်သနည်း။ ယင်းကား ကျွန်ုပ်တို့အတွက် အဘယ်ကြောင့်မများလွန်းရသနည်း။ (ခ) ခရစ်တော်၏ထမ်းပိုးကို လက်ခံခြင်းတွင် အဘယ်အရာပါဝင်ပတ်သက်နေသနည်း။
၁၇ သို့သော် လန်းဆန်းမှုရရှိရန် ယေရှုထံလာခြင်းထက်လိုပါသေးသည်။ ကိုယ်တော်ဤသို့ထပ်ဆင့်ပြောဆိုသည်။ “ငါ့ထမ်းပိုးကိုတင်၍ထမ်းကြလော့။ [တစ်နည်းအားဖြင့် “ငါနှင့်အတူ ငါ့ထမ်းပိုးထမ်းပါ” ဖြစ်သည်။] ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့ နှိမ့်ချသောစိတ်သဘောရှိ၏။ သင်တို့စိုးလ်အတွက် လန်းဆန်းခြင်းကို ရလိမ့်မည်။ အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏။” (မဿဲ ၁၁:၂၉၊ ၃၀၊ New World Translation Reference Bible, footnote) ထမ်းပိုးထမ်းသည်ကား အလုပ်လုပ်ခြင်းကို တင်ပြပါသည်။ သို့သော် ထမ်းပိုးကို မိမိဖာသာထမ်းပြီး တစ်ယောက်တည်းအလုပ်အကုန်လုပ်ကိုင်ရန် ယေရှုမိန့်တော်မမူကြောင်းကို သတိပြုပါ။ ကိုယ်တော်ထမ်းထားသည့် ထမ်းပိုးကို သူနှင့်အတူထမ်းကြဖို့ဖြစ်သည်။ ဤကိစ္စတွင် ခရစ်တော်ကမ်းလှမ်းသည့်ထမ်းပိုးကိုလက်ခံရာတွင် ဘုရားသခင်ကိုဆက်ကပ်အပ်နှံခြင်း၊ ယင်းကို ရေ၌နှစ်ခြင်းယူခြင်းဖြင့် ထင်ရှားစေခြင်း၊ ထိုနောက် ခရစ်တော်၏တပည့်တစ်ပါး၏တာဝန်ကို ယူဆောင်ခြင်းတို့ပါဝင်နေသည်။ သို့သော် တပည့်ဖြစ်ခြင်းထမ်းပိုးသည် လန်းဆန်းမှု မည်သို့ပေးနိုင်သနည်း။
၁၈။ (က) ခရစ်တော်၏ထမ်းပိုးကိုလက်ခံခြင်းသည် လန်းဆန်းမှုအဘယ်ကြောင့်ပေးသနည်း။ (ခ) ဟောပြောခြင်းလုပ်ငန်းသည် ကျွန်ုပ်တို့အား ပျော်ရွှင်မှုနှင့် လန်းဆန်းမှုကို မည်သို့ပေးသနည်း။
၁၈ ခရစ်တော်ထမ်းပိုးလက်ခံခြင်းသည် လန်းဆန်းစေ၏။ အကြောင်းမှာ ယေရှုသည် နူးညံ့သိမ်မွေ့ နှိမ့်ချသောစိတ်သဘောရှိ၏။ ကိုယ်တော်သည် မတန်တဆခိုင်းတတ်သူမဟုတ်သဖြင့် ထမ်းပိုးတစ်ခုတည်းအောက် ကိုယ်တော်နှင့်တွဲထမ်းရခြင်းသည် လန်းဆန်းမှုပေးသည်။ ကျွန်ုပ်တို့တတ်နိုင်ရာများနှင့် အားနည်းချက်များကိုပါ ကိုယ်တော်ထည့်စဉ်းစားပါသည်။ ကိုယ်တော်မိန့်တော်မူသည်အတိုင်းပင်။ “ငါ၏ထမ်းပိုးသည် ထမ်းလွယ်၏။” မှန်သည်။ တပည့်ဖြစ်စေခြင်းထမ်းပိုးသည် ယေရှုကိုယ်တော်တိုင် လုပ်ကိုင်ခဲ့သော ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်း၊ ကနဦးတပည့်နောက်လိုက်တို့ လုပ်ကိုင်တတ်ရန် ကိုယ်တော်လေ့ကျင့်ပေးခဲ့သည့် ကြိုးပမ်းရမည့်အလုပ်နှင့်ပတ်သက်သည်။ (မဿဲ ၂၈:၁၉၊ ၂၀။ တမန်တော် ၁:၈) သို့နှင့်ပင် ကျွန်ုပ်တို့၏မေတ္တာရှင်ဘုရားသခင်၊ သားတော်နှင့် နိုင်ငံတော်အကြောင်း သူတစ်ပါးအား ပြောပြခွင့်ရခြင်းသည် မည်မျှလန်းဆန်းမှုပေးသည်တကား။ ပရဒိသုတွင် ထာဝစဉ်မည်သို့အသက်ရှင်နိုင်မည်အကြောင်း အသိပေးခြင်းသည် လန်းဆန်းမှုပါတကား။ အသက်ပေးသော နိုင်ငံတော်သတင်းကို သူတို့လက်ခံလာ၍ ကျွန်ုပ်တို့နှင့်အတူ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုလာကြသောအခါ ကျွန်ုပ်တို့၏ရွှင်လန်းမှု ကြီးမားလှသည်တကား။—၁ တိမောသေ ၄:၁၆။
၁၉။ မောရှေယောက္ခမ၏သြဝါဒသည် ယနေ့အသင်းတော်အကြီးအကဲများအတွက် သတိပြုစရာအဘယ်ကြောင့်ကောင်းသနည်း။
၁၉ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ခရစ်တော်၏ထမ်းပိုးကိုလက်ခံရန် အကူအညီလိုသူ သန်းပေါင်းများစွာ ယေဟောဝါအဖွဲ့အစည်းထဲ ဝင်လာခဲ့ကြသည်။ ယင်းကြောင့် နိုင်ငံတော်သတင်းကြွေးကြော်သူများနှင့် သူတို့အား ထိန်းကျောင်းပေးသူတို့အတွက် အလုပ်များလာစေသည်။ ဤဝိညာဏသိုးထိန်းများ ပရောဖက်မောရှေ၏ ယောက္ခမပေးခဲ့သောသြဝါဒကို သတိပြုသင့်သည်။ မောရှေအား သူဤသို့ပြောခဲ့သည်။ “သင်ပြုသောအမှုသည် မတော်မသင့်ဖြစ်၏။ သင်မှစ၍ သင်၌ပါသော ဤလူများတို့သည် အမှန်အားလျော့ကြလိမ့်မည်။ ဤအမှုသည် သင်၌အလွန်လေး၏။ တစ်ယောက်တည်း မတတ်နိုင်သောအမှုဖြစ်၏။” ထိုကြောင့် လူတို့ကိုထိန်းကျောင်းခြင်းလုပ်ငန်း၌ ဝိုင်းဝန်းပါဝင်ကြရန် အခြားအရည်အချင်းရှိသူများကိုရွေးချယ်ရန် မောရှေအား အကြံပေးခဲ့သည်။ ဤအကြံပြုချက်အတိုင်းလုပ်ကိုင်ခဲ့၍ အောင်မြင်ခဲ့သည်။ (ထွက်မြောက်ရာ ၁၈:၁၇-၂၇) ယနေ့ အဆက်မပြတ်လေ့ကျင့်ပေးခြင်းအားဖြင့် “လူတို့အားဆုလာဘ်များ” ဖြစ်သူ အရည်အချင်းရှိ အမျိုးသားများစွာ ရှိလာနိုင်သည်။ အသင်းတော်အကြီးအကဲများ အလုပ်ပင်ပန်း၍ အားကုန်မသွားစေရန် သူတို့သည် သိုးစုကို ဝိုင်းဝန်းထိန်းကျောင်းပေးနိုင်မည်။—ဧဖက် ၄:၈၊ ၁၆။
၂၀။ ယေရှုခရစ်နှင့် ကိုယ်တော်၏ခမည်းတော်သည် ကျွန်ုပ်တို့ထံမှ အဘယ်အရာတောင်းဆိုသနည်း။
၂၀ တပည့်နောက်လိုက်တို့အား တပင်တပန်းကြိုးစားအားထုတ်ရမည်ဟု ခရစ်တော်မှာကြားတော်မူသော်လည်း ကိုယ်တော်သော်လည်းကောင်း၊ ကိုယ်တော်၏ခမည်းတော်သော်လည်းကောင်း ကျွန်ုပ်တို့တတ်နိုင်သည်ထက် လုပ်ဆောင်ရမည်ဟု မတောင်းဆိုပါ။ တစ်ခါက ယေရှုအတွက် လုပ်ဆောင်မှုနှင့်ပတ်သက်၍ လာဇရု၏အစ်မ၊ မာရိကို အချို့အပြစ်တင်ကြသောအခါ ကိုယ်တော်ဤသို့ဆုံးမခဲ့သည်။ “ထိုမိန်းမကိုရှိစေတော့။ . . . ဤမိန်းမသည် တတ်နိုင်သမျှပြုပြီ။” (မာကု ၁၄:၆-၈။ လုကာ ၁၃:၂၄) ကျွန်ုပ်တို့ထံမှလည်း ထိုသို့သာတောင်းဆိုထားသည်။ ကိုယ်တတ်နိုင်သမျှကိုပြုလုပ်ရန်သာတည်း။ ဤကဲ့သို့သောခရစ်ယာန်လုပ်ငန်းသည် ဝန်လေးသည်မဟုတ်။ လန်းဆန်းမှုပေးသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား ယခုပင် စစ်မှန်သောကျေနပ်မှုရရှိစေပြီး အနာဂတ်တွင် ထာဝရအကျိုးကျေးဇူးများခံစားရရန် ကျိန်းသေစေသည်။
၂၁။ (က) ခရစ်တော်၏ ပေါ့သောဝန်ကားအဘယ်နည်း။ ဟောပြောခြင်းလုပ်ငန်းကို မကြာခဏခဲယဉ်းစေသည်ကား အဘယ်နည်း။ (ခ) ကျွန်ုပ်တို့ အခိုင်အမာမည်သို့ဆုံးဖြတ်သင့်သနည်း။ အဘယ်ကျိန်းသေသောမျှော်လင့်ချက်ရှိသနည်း။
၂၁ မှန်ပါသည်။ ကျွန်ုပ်တို့၏ထမ်းပိုးဖက်၊ ယေရှုခရစ်နည်းတူ ကျွန်ုပ်တို့လည်းညှဉ်းဆဲနှိပ်စက်ခံရရန် စာတန်မလွဲဧကန်ပြုမည်။ (ယောဟန် ၁၅:၂၀။ ၂ တိမောသေ ၃:၁၂) သို့သော် ခရစ်တော်၏ ပေါ့သောဝန်ကား ဝန်လေး၍ပင်ပန်းစေသည်မဟုတ်ကြောင်း သတိရပါ။ စာတန်နှင့် သူ၏အစေအပါးများ၏ အတိုက်အခံကား ကျွန်ုပ်တို့အလုပ်ကို ကျွန်ုပ်တို့ထမ်းဆောင်ရန် ခဲယဉ်းနေစေခြင်းသာဖြစ်သည်။ ခရစ်တော်၏ထမ်းပိုး၌ ဘုရားသခင်၏ပညတ်တော်များကို လိုက်နာရန်သာပါဝင်၏။ ယင်းတို့သည်လည်း မခဲယဉ်းပါ။ (၁ ယောဟန် ၅:၃) ထိုကြောင့် ယေရှုခရစ်၏ထမ်းပိုးကို ကိုယ်တော်နှင့်အတူဆက်ထမ်းနေကာ ကိုယ်တော်နည်းတူ ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်း၌ ခွန်အားစိုက်ထုတ်ကြစို့။ ထိုသို့ပြုမူနေကြပါက ကိုယ်တော်ကတိထားတော်မူသည်အတိုင်း ‘ကျွန်ုပ်တို့စိုးလ်များအတွက် လန်းဆန်းမှုတွေ့ရှိ’ မည်။
သင်မည်သို့ တုံ့ပြန်မည်နည်း။
▫ ရောမ ၈:၂၂ အရ လူသား၏အခြေအနေကား မည်သို့ရှိနေပြီနည်း။
▫ သမ္မာတရားကိုသိခြင်းက အဘယ်နည်းမျိုးဖြင့် လန်းဆန်းမှုပေးသနည်း။
▫ နိုင်ငံတော်မျှော်လင့်ချက်သည် အဘယ်ကြောင့်ဤမျှလန်းဆန်းစေသနည်း။
▫ ယေရှု၏ထမ်းပိုးကား အဘယ်နည်း။ ယင်းသည် အဘယ်ကြောင့်ထမ်းလွယ်သနည်း။
▫ အဘယ်ထမ်းပိုးကိုထမ်းခြင်းမှ ကျွန်ုပ်တို့လန်းဆန်းမှုရရှိနိုင်သနည်း။