အခန်း ၃၁
ဥပုသ်နေ့တွင် စပါးဆွတ်ခူးခြင်း
မကြာမီ ယေရှုနှင့်တပည့်တို့သည် ယေရုရှလင်မှဂါလိလဲသို့ပြန်သွားကြ၏။ နွေဦးချိန်ဖြစ်၍ လယ်ကွင်းတွင် စပါးပင်များသီးနေသည်။ တပည့်များဆာနေသဖြင့် ဆွတ်ခူးစားကြရာ ဥပုသ်နေ့ဖြစ်နေ၍ သူတို့အပြုအမူကို သတိပြုမိသူတို့ရှိကြ၏။
ယေရုရှလင်ရှိ ဘာသာရေးခေါင်းဆောင်များသည် ယေရှုဥပုသ်ကိုကျူးလွန်သည်ဟု အပြစ်ဆို၍ သတ်ပစ်ရန်ကြိုးစားနေကြသည်။ ဤတွင်ဖာရိရှဲများက “တပည့်တော်တို့သည် ဥပုသ်နေ့၌မပြုအပ်သော အမှုကိုပြုကြပါသည်” ဟုစွပ်စွဲသည်။
စပါးကိုဆွတ်ခူးပြီး လက်ထဲချေ၍စားခြင်းသည် စပါးရိတ်ပြီးဖွပ်ခြင်းဖြစ်သည်ဟု ဖာရိရှဲများဆိုကြသည်။ သို့သော် အလုပ်တွင်အဘယ်အရာပါသည်ကို ဤသို့ကြပ်မတ်စွာအဓိပ္ပာယ်သတ်မှတ်ခြင်းက ဥပုသ်ကိုစောင့်ခဲသည့်အရာဖြစ်စေပါသည်။ အမှန်မှာ ပျော်ရွှင်စရာ၊ ဝိညာဉ်ရေးတည်ဆောက်စရာအတွက်ဖြစ်ရမည်။ ထိုကြောင့် ယေဟောဝါဘုရားသခင်သည် ဥပုသ်ပညတ်ကို ကြပ်မတ်စွာချုပ်ကိုင်ထားရန် ရည်ရွယ်တော်မမူကြောင်း ကျမ်းမှပုံသက်သေများပြ၍ ယေရှုချေပသည်။
ဆာငတ်သောအခါ ဒါဝိဒ်နှင့်သူ၏လူတို့သည် တဲတော်တွင်ဝင်၍ ဆက်သရာမုန့်ကိုစားခဲ့သည်ဟု ယေရှုပြောသည်။ ထိုမုန့်များကို ယေဟောဝါရှေ့မှောက်မှထုတ်ပြီး လတ်ဆတ်သည့်အခြားမုန့်များနှင့်အစားထိုး၍ ယဇ်ပုရောဟိတ်များစားသုံးရန်အတွက်ထားသော်လည်း ထိုအခြေအနေတွင် ဒါဝိဒ်နှင့်သူ၏လူများစားသည့်အတွက် အပြစ်တင်မခံရပါ။
အခြားပုံသက်သေတစ်ခုကိုပေး၍ ယေရှုဤသို့ဆိုသည်။ “ယဇ်ပုရောဟိတ်တို့သည်လည်း ဗိမာန်တော်တွင် ဥပုသ်နေ့၌ဥပုသ်ပျက်သော်လည်း အပြစ်မသင့်သည်ကို ပညတ္တိကျမ်း၌မဖတ်ဖူးသလော။” ဥပုသ်နေ့၌ပင် ယဇ်ပုရောဟိတ်များသည် တိရစ္ဆာန်ယဇ်ကောင်များကိုပြင်ဆင်ခြင်းငှာ ဗိမာန်တော်၌ နွားသတ်ခြင်းနှင့်အခြားအလုပ်တို့ကို လုပ်ကိုင်ကြ၏။ “ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ကြီးမြတ်သောအရာရှိ၏” ဟူ၍ယေရှုဆက်ပြော၏။
ယေရှုဤသို့ပြောသည်။ “‘ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏’ ဟူသောကျမ်းစကားကို သင်တို့သည်နားလည်လျှင် အပြစ်ကင်းသောသူတို့ကို အပြစ်မတင်မစီရင်ကြပြီ။” နိဂုံး၌ “လူသားသည်ဥပုသ်နေ့ကို အစိုးရသည်” ဟုယေရှုဆိုသည်။ ဘာကိုဆိုလိုသနည်း။ မိမိ၏ငြိမ်းချမ်းသော နိုင်ငံတော်အစိုးရ၏ အနှစ်တစ်ထောင်ကာလကိုဆိုလိုနေသည်။
လူသားများသည်နှစ်ပေါင်း ၆၀၀၀ လုံးလုံး စာတန်မာရ်နတ်အောက် ဝန်လေးစွာချုပ်နှောင်ခံရ၍ အဓမ္မအမှုနှင့်စစ်ကို ကြုံကြိုက်နေရသည်။ သို့သော် ခရစ်တော်၏ကြီးမြတ်တော်မူသောဥပုသ်အစိုးရအောက်တွင် ဤသို့သောညှဉ်းဆဲခြင်းနှင့်ဖိစီးမှုတို့မှ လွတ်ငြိမ်းမည်ဖြစ်သည်။ မဿဲ ၁၂:၁-၈။ ဝတ်ပြုရာ ၂၄:၅-၉။ ၁ ဓမ္မရာဇဝင် ၂၁:၁-၆။ တောလည်ရာ ၂၈:၉။ ဟောရှေ ၆:၆။
▪ ယေရှုတပည့်တော်များ မည်သို့စွပ်စွဲခံခဲ့ရသနည်း။ ယေရှုမည်သို့ချေပသနည်း။
▪ ဖာရိရှဲတို့၏ အဘယ်ပျက်ကွက်မှုကို ယေရှုဖေါ်ထုတ်သနည်း။
▪ ယေရှုသည်အဘယ်နည်းဖြင့် “ဥပုသ်နေ့ကိုအစိုးရ” သနည်း။