အခန်း ၃၁
ဥပုသ်နေ့မှာ ကောက်နှံဆွတ်ခူး
မဿဲ ၁၂:၁-၈ မာကု ၂:၂၃-၂၈ လုကာ ၆:၁-၅
ဥပုသ်နေ့မှာ တပည့်တွေ ကောက်နှံဆွတ်ခူး
ယေရှုဟာ “ဥပုသ်နေ့ရဲ့သခင်” ဖြစ်
ယေရှုနဲ့ တပည့်တွေ မြောက်ဘက် ဂါလိလဲပြည်ကို သွားနေကြတယ်။ နွေဦးရာသီဆိုတော့ လယ်ကွင်းထဲမှာ ကောက်ပင်တွေ အနှံထွက်နေပြီ။ တပည့်တွေလည်း ဗိုက်ဆာဆာနဲ့ ကောက်နှံတွေ ဆွတ်ပြီး စားကြတာပေါ့။ ဒါပေမဲ့ အဲဒီနေ့က ဥပုသ်နေ့ဆိုတော့ သူတို့လုပ်တာကို ဖာရိရှဲတွေ ကြည့်နေတယ်။
မကြာသေးခင်က ဂျေရုဆလင်မှာရှိတဲ့ ဂျူးတွေဟာ ယေရှုကို ဥပုသ်ပညတ် ချိုးဖောက်တယ်လို့ စွပ်စွဲပြီး သတ်ပစ်ချင်နေတာကို သတိရပါ။ အခုလည်း ဖာရိရှဲတွေက တပည့်တွေရဲ့လုပ်ပုံကို ကြည့်ပြီး “ခင်ဗျားတပည့်တွေက ဥပုသ်နေ့မှာ လုပ်ခွင့်မရှိတာတွေကို လုပ်နေပါလား” လို့စွပ်စွဲပြန်တယ်။—မဿဲ ၁၂:၂။
ကောက်နှံဆွတ်ပြီး လက်ထဲမှာ ချေတာက ကောက်နှံရိတ်ပြီး ချွေတာနဲ့ အတူတူပဲလို့ ဖာရိရှဲတွေ ပြောကြတယ်။ (ထွက်မြောက်ရာ ၃၄:၂၁) အလုပ်လုပ်ခြင်းမှာ ဘာတွေပါဝင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ တင်းကျပ်တဲ့ အဓိပ္ပာယ်သတ်မှတ်ချက်ကြောင့် ဥပုသ်နေ့ဟာ လူတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားတယ်။ တကယ်ဆိုရင် အဲဒီနေ့ရဲ့ ရည်ရွယ်ချက်က ပျော်ရွှင်မှုခံစားရဖို့၊ အားပေးတည်ဆောက်ဖို့ပဲ။ ဒါကြောင့် ယေဟောဝါဘုရားက ဥပုသ်ပညတ်ကို ဝန်ထုပ်ဝန်ပိုးဖြစ်ဖို့ မရည်ရွယ်ခဲ့ဘူးဆိုတာ ကျမ်းစာဥပမာတွေသုံးပြီး ယေရှုရှင်းပြတယ်။ ဒီနည်းနဲ့ သူတို့ရဲ့အမြင် လွဲမှားနေမှန်း ထောက်ပြတယ်။
ဥပမာတစ်ခုကတော့ ဒါဝိဒ်နဲ့ သူ့လူတွေအကြောင်းပဲ။ သူတို့ဗိုက်ဆာတဲ့အခါ တဲတော်မှာ ခဏနားပြီး ပုရောဟိတ်ကလွဲရင် ဘယ်သူမှ စားခွင့်မရှိတဲ့ ရှေ့တော်မုန့်ကို ယူစားကြတယ်။ အဲဒီမုန့်က မုန့်အသစ်နဲ့လဲဖို့ ယေဟောဝါရှေ့ကနေ ဖယ်ထားတာ။ ဒါဝိဒ်နဲ့ သူ့လူတွေဟာ အဲဒီမုန့်ကိုစားပေမဲ့ အပြစ်မသင့်ခဲ့ဘူး။—ဝတ်ပြုရာ ၂၄:၅-၉။ ၁ ရှမွေလ ၂၁:၁-၆။
ဒုတိယ ဥပမာအနေနဲ့ ယေရှုက “ဗိမာန်တော်မှာရှိတဲ့ ပုရောဟိတ်တွေဟာ ဥပုသ်နေ့တွေမှာ အလုပ်လုပ်ပေမဲ့ အပြစ်မသင့်တဲ့အကြောင်း ပညတ်ကျမ်းမှာ ခင်ဗျားတို့ မဖတ်ဖူးဘူးလား” လို့မေးတယ်။ ဥပုသ်နေ့မှာ ပုရောဟိတ်တွေဟာ ယဇ်ပူဇော်ဖို့ တိရစ္ဆာန်တွေ သတ်တယ်၊ ဗိမာန်တော်မှာ တခြားအလုပ်တွေ လုပ်ကြတယ်။ ယေရှုက “ကျွန်တော်ပြောမယ်။ အခု ဒီနေရာမှာ ဗိမာန်တော်ထက် ကြီးမြတ်တဲ့သူ ရှိနေတယ်” လို့ပြောတယ်။—မဿဲ ၁၂:၅၊ ၆။ တောလည်ရာ ၂၈:၉။
ယေရှုက သူပြောချင်တဲ့ အချက်ကို ပေါ်လွင်စေဖို့ ကျမ်းစာကို ထပ်ကိုးကားပြီး အခုလိုပြောတယ်– “‘ပူဇော်သက္ကာကို ငါမလိုချင်ဘူး။ သနားကြင်နာတတ်တာကိုပဲ လိုချင်တယ်’ ဆိုတဲ့ ကျမ်းစကားရဲ့ အဓိပ္ပာယ်ကိုသာ နားလည်ခဲ့ရင် အပြစ်မရှိသူတွေကို ခင်ဗျားတို့ အပြစ်တင်မှာ မဟုတ်ဘူး။” ပြီးတဲ့နောက် “လူသားဟာ ဥပုသ်နေ့ရဲ့သခင်ပဲ” လို့နိဂုံးချုပ်လိုက်တယ်။ ယေရှုက အနာဂတ် အနှစ်တစ်ထောင်အတွင်း ငြိမ်းချမ်းတဲ့ နိုင်ငံတော်အုပ်ချုပ်မှုကို ရည်ညွှန်းနေတာ။—မဿဲ ၁၂:၇၊ ၈။ ဟောရှေ ၆:၆။
လူသားတွေဟာ စာတန်ရဲ့ ချုပ်နှောင်မှုအောက်မှာ အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေ၊ ဆင်းရဲဒုက္ခတွေ ခံစားနေရတာ နှစ်ထောင်နဲ့ချီနေပြီ။ ကြီးမြတ်တဲ့ဥပုသ်ဖြစ်တဲ့ ခရစ်တော်ရဲ့ အုပ်ချုပ်မှုအောက်မှာတော့ အဲဒီအခြေအနေတွေ ရှိတော့မှာမဟုတ်ဘူး။ လူသားတွေ လိုအပ်နေတဲ့၊ မျှော်လင့်တောင့်တနေတဲ့ အနားယူရာအချိန်ကို ခရစ်တော် ဆောင်ကြဉ်းပေးပါလိမ့်မယ်။