အခန်း ၃၂
ဥပုသ်နေ့တွင် အဘယ်အမှုသည် တရားသနည်း
နောက်ဥပုသ်နေ့တွင် ဂါလိလဲပင်လယ်အနီးရှိ တရားဇရပ်သို့ ယေရှုရောက်ခဲ့သည်။ ညာလက်သေသူတစ်ဦးလည်းရှိနေသည်။ ထိုသူကိုယေရှုကုမကု ကျမ်းတတ်နှင့်ဖာရိရှဲများစောင့်ကြည့်ကာ၊ နောက်ဆုံးတွင် “ဥပုသ်နေ့၌ရောဂါကိုငြိမ်းစေအပ်သလော” ဟုမေးကြ၏။
အသက်အန္တရာယ်ရှိမှ ဥပုသ်နေ့တွင် ရောဂါငြိမ်းစေနိုင်သည်ဟု ဂျူးခေါင်းဆောင်များယူဆကြသည်။ ဥပမာ၊ ဥပုသ်နေ့တွင် အရိုးတည့်ပေးခြင်း၊ အဆစ်လွဲခြင်းကိုပတ်တီးစည်းခြင်းသည် ပညတ်ချိုးဖောက်သည်ဟုသွန်သင်သည်။ ထိုကြောင့်ကျမ်းတတ်နှင့်ဖာရိရှဲတို့သည် ယေရှုကိုစွဲချက်တင်နိုင်ရန် မေးမြန်းခြင်းဖြစ်သည်။
သို့ရာတွင် သူတို့၏အကြောင်းပြချက်ကို ယေရှုသိသည်။ ဥပုသ်နေ့တားမြစ်ချက်များနှင့်ပတ်သက်၍ တစ်ဖက်စွန်းရောက်နေကြောင်းကိုလည်းသိသည်။ သို့ဖြစ်၍ လက်သေနေသူအား “ထလော့၊ အလယ်၌မတ်တတ်နေလော့” ဟုမိန့်တော်မူပြီး ထိပ်တိုက်ရင်ဆိုင်ရန် ယေရှုဇာတ်ကွက်ဆင်တော်မူသည်။
ထိုနောက်ကျမ်းတတ်နှင့်ဖာရိရှဲများဘက်သို့လှည့်၍ ယေရှုဤသို့မိန့်တော်မူ၏။ “မိမိ၌သိုးတစ်ကောင်တည်းရှိ၍ ထိုသိုးသည်ဥပုသ်နေ့၌ တွင်းထဲသို့ကျလျှင် မဆွဲမတင်ဘဲနေမည့်သူ တစ်စုံတစ်ယောက်သင်တို့တွင်ရှိသလော။” သိုးတစ်ကောင်သည် ငွေအရင်းအနှီးမြှုပ်နှံထားခြင်းဖြစ်ရာ ဖျားနာ၍တန်ဖိုးလျော့နိုင်သောကြောင့် နောက်တစ်နေ့အထိတွင်းထဲတွင်သူတို့ ထားရစ်မည်မဟုတ်။ ၄င်းပြင်ကျမ်းစာက “ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်အသက်ကိုနှမြောတတ်၏” ဟုဆိုထားပေသည်။
နှိုင်းယှဉ်၍ယေရှု ဤသို့မိန့်တော်မူသည်။ “လူသည်သိုးထက်အလွန်မြတ်ပေ၏။ ထို့ကြောင့်ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သည်။” ဤမျှရှေ့နောက်ညီ၍ သက်ညှာမှုပြသော ဆင်ခြင်သုံးသပ်စကားများကို ချေပခြင်းငှာမတတ်နိုင်သည်ဖြစ်၍ ဘာသာရေးခေါင်းဆောင်များ နှုတ်ဆိတ်နေကြသည်။
သူတို့မိုက်မဲခြင်းအတွက် ယေရှုအမျက်လည်းထွက် ဝမ်းလည်းနည်း၍ ပတ်ပတ်လည်ကြည့်ကာ “သင်၏လက်ကိုဆန့်လော့” ဟုထိုသူအားမိန့်တော်မူသည်။ သူသည်လက်ကိုဆန့်လျှင် ပကတိအကောင်းဖြစ်လေသည်။
ထိုသူ၏လက် ပြန်ကောင်းလာသည်ကိုတွေ့ရ၍ဝမ်းမြောက်မည့်အစား ဖာရိရှဲတို့သည် အပြင်သို့ထွက်၍ ယေရှုကိုသတ်ပစ်ရန် ဟေရုဒ်တပည့်တို့နှင့်ချက်ချင်းတိုင်ပင်ကြ၏။ ဤနိုင်ငံရေးအဖွဲ့တွင် ဘာသာရေးလိုက်စားသော ဇဒ္ဒုကဲများပါဝင်သည်ကား ထင်ရှားသည်။ သာမန်အားဖြင့် ဤနိုင်ငံရေးအဖွဲ့နှင့်ဖာရိရှဲများသည် တစ်ဦးကိုတစ်ဦးဆန့်ကျင်ဘက်ပြုကြသော်လည်း၊ ယေရှုကိုဆန့်ကျင်ရာ၌မူ သူတို့တစ်သဘောတည်းရှိကြသည်။ မဿဲ ၁၂:၉-၁၄။ မာကု ၃:၁-၆။ လုကာ ၆:၆-၁၁။ သုတ္တံ ၁၂:၁၀။ ထွက်မြောက်ရာ ၂၀:၈-၁၀။
▪ ယေရှုနှင့် ဂျူးဘာသာရေးခေါင်းဆောင်များ ထိပ်တိုက်ရင်ဆိုင်ရန် မည်သို့အကွက်ဆိုက်လာသနည်း။
▪ ဥပုသ်နေ့တွင် ရောဂါငြိမ်းစေခြင်းနှင့်စပ်လျဉ်း၍ ဂျူးဘာသာရေးခေါင်းဆောင်များ မည်သို့ယူဆသနည်း။
▪ သူတို့၏အယူအဆမှားများကိုချေပရန် ယေရှုအဘယ်ပုံဥပမာပေးခဲ့သနည်း။