ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ip-2 အခန်း ၃ စာ. ၁၄-၂၀
  • “ငါနှစ်သက်မြတ်နိုးရာ၊ ငါရွေးချယ်သောသူ!”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ငါနှစ်သက်မြတ်နိုးရာ၊ ငါရွေးချယ်သောသူ!”
  • ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ထိုသူ၏အပေါ်၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်”
  • “သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်”
  • ‘သူသည် မှေးမှိန်မသွား၊ နင်းခြေမခံရ’
  • ‘သင့်ကို လူအမျိုးမျိုး လင်းစရာဖို့ ငါခန့်ထားမည်’
  • “ယေဟောဝါအား အသစ်သော သီချင်းကို ဆိုကြလော့”
  • “ငါသည် ကြာမြင့်စွာတိတ်ဆိတ်လျက် နေပြီ”
  • ‘နားပင်းပြီး မျက်စိကန်းသော ကျွန်’
  • ယေဟောဝါနှစ်သက်မြတ်နိုးသောကျွန်ကို ကြည့်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယေဟောဝါ—စစ်မှန်သော တရားမျှတမှုနှင့်ဖြောင့်မတ်မှု၏အရင်းအမြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • မကြာမီလူမျိုးခပ်သိမ်းအတွက် တရားမျှတခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို မြတ်နိုးတော်မူသောယေဟောဝါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
ip-2 အခန်း ၃ စာ. ၁၄-၂၀

အခန်း သုံး

“ငါနှစ်သက်မြတ်နိုးရာ၊ ငါရွေးချယ်သောသူ!”

ဟေရှာယ ၄၂:၁-၂၅

၁၊ ၂။ ဟေရှာယ အခန်းကြီး ၄၂ ကို ယနေ့ ခရစ်ယာန်များ အဘယ်ကြောင့် စိတ်ဝင်စားကြသနည်း။

“ထာဝရဘုရား မိန့်တော်မူသည်ကား ‘သင်တို့သည် . . . ငါ၏ သက်သေ၊ ငါရွေးကောက်သော ကျွန် ဖြစ်ကြ၏။’” (ဟေရှာယ ၄၃:၁၀) ဘီ.စီ.အီး. ရှစ်ရာစုတွင် ပရောဖက် ဟေရှာယ မှတ်တမ်းတင်ခဲ့သော ယေဟောဝါ၏ ထိုကြေညာချက်က ယေဟောဝါနှင့် ပဋိညာဉ် ဖွဲ့ထားသော ရှေးလူမျိုးတော်သည် သက်သေခံ လူမျိုးတစ်မျိုး ဖြစ်ခဲ့ကြောင်း ဖော်ပြသည်။ သူတို့သည် ဘုရားသခင် ရွေးကောက်သော ကျေးကျွန် ဖြစ်ခဲ့ကြသည်။ နှစ်ပေါင်း ၂,၆၀၀ ခန့် ကြာပြီး ဖြစ်သော ၁၉၃၁ ခုနှစ်တွင် ထိုစကားများသည် မိမိတို့နှင့် သက်ဆိုင်ကြောင်း ဘိသိက်ခံ ခရစ်ယာန်များ လူထုရှေ့ ကြေညာခဲ့ကြသည်။ သူတို့သည် ယေဟောဝါသက်သေများဟူသည့် အမည်ကို ခံယူခဲ့ကြပြီး ဘုရားသခင့် မြေကြီးပေါ်ရှိ ကျေးကျွန်များ ဖြစ်ခြင်းနှင့် ဆက်နွှယ်သော တာဝန်များကို စိတ်နှလုံး အကြွင်းမဲ့ လက်ခံယူခဲ့ကြသည်။

၂ ယေဟောဝါသက်သေများသည် ဘုရားသခင့် အလိုတော်နှင့် တွေ့ရန် ဆန္ဒ ပြင်းပြကြသည်။ ဤဆန္ဒကြောင့်ပင် သူတို့တစ်ဦးစီသည် ဟေရှာယ အခန်းကြီး ၄၂ ကို အလွန် စိတ်ဝင်စားကြသည်၊ အကြောင်းမှာ ယေဟောဝါစိတ်တော်နှင့် တွေ့သော ကျေးကျွန်တစ်ဦးနှင့် ကိုယ်တော့် ငြင်းပယ်ခြင်း ခံရသော နောက်ကျေးကျွန်တစ်ဦးအကြောင်း ရုပ်လုံးဖော်ပြထားသောကြောင့် ဖြစ်သည်။ ယင်းပရောဖက်ပြုချက်နှင့် ၎င်း၏ ပြည့်စုံချက်ကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် ဘုရားသခင့် နှစ်သက်လက်ခံမှု ရစေသောအရာနှင့် ကိုယ်တော့် နှစ်သက်မှု မရစေသောအရာများကို ထိုးထွင်းသိမြင်စေပါသည်။

“ထိုသူ၏အပေါ်၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်”

၃။ ယေဟောဝါသည် ဟေရှာယမှတစ်ဆင့် “ငါ့ကျွန်ရင်း” အကြောင်း မည်သို့ ပရောဖက်ပြုသနည်း။

၃ ယေဟောဝါသည် ကိုယ်တော်တိုင် ရွေးချယ်မည့် ကျေးကျွန်တစ်ဦး ပေါ်လာခြင်းအကြောင်းကို ဟေရှာယမှတစ်ဆင့် ဤသို့ ပရောဖက်ပြုတော်မူ၏– “ငါထောက်မသော ငါ့ကျွန်ရင်း၊ ငါနှစ်သက်မြတ်နိုးရာ ငါရွေးချယ်သောသူကို ကြည့်ရှုလော့။ ထိုသူ၏အပေါ်၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။ အော်ဟစ်ခြင်း၊ ကြွေးကြော်ခြင်းကို မပြုမူ၍ လမ်းခရီး၌ သူ၏ အသံကို အဘယ်သူမျှ မကြားစေရ။ နင်းနယ်လျက် ရှိ [“နင်းချေခံရ၊” ကဘ] သော ကျူပင်ကို မချိုး။ အတောက်သေးသော မီးစာကို မသတ်။ တရားသည် မြဲမြံခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည်။ မြေကြီးပေါ်မှာ တရားတော်ကို [သူ] မတည်စေမီတွင် [သူသည်] အားမလျော့ [“မှေးမှိန်မသွား၊” ကဘ]၊ စိတ်လည်း မပျက် [“နင်းချေမခံ၊” ကဘ] ရ။ သူ၏ တရားကိုလည်း တစ်ကျွန်းတစ်နိုင်ငံသားတို့သည် မျှော်လင့်ကြလိမ့်မည်။”—ဟေရှာယ ၄၂:၁-၄။

၄။ ကြိုဟောထားသည့် “ရွေးချယ်သောသူ” သည် မည်သူ ဖြစ်သနည်း၊ ယင်းကို ကျွန်ုပ်တို့ မည်သို့ သိရသနည်း။

၄ ဤတွင် ဖော်ပြထားသော ကျွန်မှာ မည်သူနည်း။ ကျွန်ုပ်တို့ ဇဝေဇဝါ ဖြစ်စရာ အကြောင်း မရှိပါ။ ထိုစကားများကို မဿဲ ခရစ်ဝင်ကျမ်း၌ ကိုးကားထားပြီး ယေရှုခရစ်နှင့် သက်ဆိုင်သည်ကို ကျွန်ုပ်တို့ တွေ့ရသည်။ (မဿဲ ၁၂:၁၅-၂၁) ယေရှုသည် နှစ်သက်မြတ်နိုးခံရသော ကျွန်၊ ‘ရွေးချယ်ခံရသောသူ’ ဖြစ်သည်။ ယေဟောဝါသည် မိမိ၏ ဝိညာဉ်တော်ကို ယေရှုအပေါ်သို့ မည်သည့်အချိန်က တည်စေခဲ့သနည်း။ စီ.အီး. ၂၉၊ ယေရှု နှစ်ခြင်းခံချိန်တွင် ဖြစ်သည်။ မှုတ်သွင်းခံမှတ်တမ်းတွင် ထိုနှစ်ခြင်းအကြောင်း ဖော်ပြထားပြီး ယေရှု ရေမှ ပေါ်ထလာသည့်အခါ “ကောင်းကင် ဖွင့်လှစ်သဖြင့်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်ထင်ရှားလျက် ကိုယ်တော်အပေါ်၌ ဆင်းသက်တော်မူ၍ ‘သင်ကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ ချစ်သားပေတည်း’ ဟု ကောင်းကင်က အသံတော် ဖြစ်” ကြောင်း ဖော်ပြထားသည်။ ဤနည်းဖြင့် ယေဟောဝါ ကိုယ်တော်တိုင် မိမိ နှစ်သက်မြတ်နိုးသောကျွန် မည်သူ ဖြစ်ကြောင်း သဲသဲကွဲကွဲ ဖော်ပြပေးခဲ့သည်။ ယေရှု၏ နောက်ဆက်တွဲ ဓမ္မအမှုနှင့် ပြုတော်မူခဲ့သော အံ့ဖွယ်အမှုတို့က ကိုယ်တော့်အပေါ်တွင် ယေဟောဝါ၏ ဝိညာဉ်တော် အမှန် တည်ရှိကြောင်း သက်သေထူသည်။—လုကာ ၃:၂၁၊ ၂၂; ၄:၁၄-၂၁; မဿဲ ၃:၁၆၊ ၁၇။

“သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်”

၅။ စီ.အီး. ပထမရာစုတွင် တရားမျှတမှုနှင့်ပတ်သက်သော ရှင်းလင်းသည့် အဓိပ္ပာယ် အဘယ်ကြောင့် လိုအပ်ခဲ့သနည်း။

၅ ယေဟောဝါ ရွေးချယ်သောသူသည် စစ်မှန်သော တရားကို “ပေး” ရန် သို့မဟုတ် ထင်ရှားပေါ်လွင်စေရန် ဖြစ်သည်။ “သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။” (မဿဲ ၁၂:၁၈) ၎င်းသည် စီ.အီး. ပထမရာစုတွင် အလွန် လိုအပ်ခဲ့သည်! ဂျူးဘာသာရေး ခေါင်းဆောင်များသည် တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို တလွဲတချော် ရှုမြင်စေရန် သင်ပေးခဲ့ကြသည်။ အများအားဖြင့် သူတို့ကိုယ်ပိုင် ထုတ်ပြန်ထားသော တင်းကျပ်သည့် ပညတ်ဥပဒေများကို လိုက်ခြင်းအားဖြင့် ဖြောင့်မတ်ရန် ကြိုးစားခဲ့ကြသည်။ သူတို့၏ စာအုပ်ကြီးအတိုင်း သွားသည့် တရားမျှတမှုမျိုးသည် ကရုဏာနှင့် ထောက်ထားစာနာမှုတို့ ကင်းမဲ့နေသည်။

၆။ ယေရှုသည် မည်သည့်နည်းများဖြင့် စစ်မှန်သော တရားမျှတခြင်းကို ဖော်ပြခဲ့သနည်း။

၆ ဆန့်ကျင်ဘက်အနေနှင့် ယေရှုသည် တရားမျှတခြင်းဆိုင်ရာ ဘုရားသခင်၏ အမြင်ကို ထုတ်ဖော်ပြခဲ့သည်။ ကိုယ်တော့် သွန်သင်ချက်နှင့် ကိုယ်တော့် အသက်ရှင်နေထိုင်ပုံအားဖြင့် စစ်မှန်သော တရားမျှတမှုသည် ထောက်ထားစာနာတတ်ပြီး ကရုဏာတရား ပါရှိကြောင်း ယေရှု တင်ပြခဲ့သည်။ ကိုယ်တော်၏ ကျော်ကြားသော တောင်ပေါ်ဒေသနာကိုသာ သုံးသပ်ကြည့်ပါ။ (မဿဲ အခန်းကြီး ၅-၇) တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့အား လက်တွေ့ကျင့်သုံးသင့်ပုံကို ပိုင်နိုင်စွာ ရှင်းပြထားသည်! ခရစ်ဝင်ကျမ်း မှတ်တမ်းများကို ကျွန်ုပ်တို့ ဖတ်သည့်အခါ ဆင်းရဲသားများနှင့် ဒုက္ခရောက်နေသူများအပေါ် တင်ပြသော ယေရှု၏ ထောက်ထားစာနာမှုကြောင့် ကျွန်ုပ်တို့ စိတ်လှုပ်ရှား၊ ကြည်နူးကြသည် မဟုတ်ပေလော။ (မဿဲ ၂၀:၃၄; မာကု ၁:၄၁; ၆:၃၄; လုကာ ၇:၁၃) ကိုယ်တော်သည် နှစ်သိမ့်မှု ပေးသော မိမိ၏ သတင်းကို နင်းခြေခံရသော ကျူ၊ ချိုးနှိမ်၊ ထုထောင်းခံများနှင့် တူသောသူများစွာကို ကြေညာခဲ့သည်။ သူတို့သည် အတောက်သေးသော မီးစာတစ်ခုနှင့် တူသည်၊ သူတို့အသက်တာ၏ နောက်ဆုံး မီးပွားလေး ငြိမ်းလုနီးပါး ဖြစ်နေသည်။ ယေရှုသည် “နင်းခြေခံရသောကျူပင်” ကို မချိုးခဲ့သကဲ့သို့ “အတောက်သေးသော မီးစာ” ကိုလည်း မသတ်ခဲ့ပါ။ ယင်းအစား ကိုယ်တော်၏ မေတ္တာပါ၊ ထောက်ထားစာနာမှုပါသော စကားများနှင့် လုပ်ဆောင်မှုများက စိတ်နူးညံ့သူများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သည်။—မဿဲ ၁၁:၂၈-၃၀။

၇။ ယေရှုသည် “အော်ဟစ်ခြင်း၊ ကြွေးကြော်ခြင်းကို မပြုမူ၍ လမ်းခရီး၌ သူ၏ အသံကို အဘယ်သူမျှ မကြားစေရ” ဟု အဘယ်ကြောင့် ပရောဖက်ပြုချက်က ဆိုနိုင်သနည်း။

၇ သို့သော် ယေရှုသည် “အော်ဟစ်ခြင်း၊ ကြွေးကြော်ခြင်းကို မပြုမူ၍ လမ်းခရီး၌ သူ၏ အသံကို အဘယ်သူမျှ မကြားစေရ” ဟု ပရောဖက်ပြုချက်၌ အဘယ်ကြောင့် ဆိုထားသနည်း။ ကိုယ်တော့်ခေတ်အချိန်က လူအများစု ပြုခဲ့သကဲ့သို့ မိမိကိုယ်ကို ကြွားဝါအမွှမ်းတင်ခြင်း မပြုခဲ့သောကြောင့် ဖြစ်သည်။ (မဿဲ ၆:၅) အနူသည်တစ်ဦးကို ကုသပေးခဲ့ချိန်က ရောဂါကုသခံရသူအား “အဘယ်သူအား စကားတစ်ခွန်းကိုမျှ မပြောနှင့်” ဟု ကိုယ်တော် မိန့်မှာခဲ့သည်။ (မာကု ၁:၄၀-၄၄) နာမည်ကျော်ကြားရေးကို ရှာကြံကာ၊ လူများအား တစ်ဆင့်ခံ သတင်းများပေါ် အခြေခံ၍ ဆုံးဖြတ်ချက် ချစေမည့်အစား မိမိသည် ယေဟောဝါ၏ ဘိသိက်ခံ ကျေးကျွန်၊ ခရစ်တော် ဖြစ်ကြောင်း ခိုင်လုံသည့် အထောက်အထားပေါ် အခြေခံကာ သူတို့ကိုယ်တိုင် ခွဲခြားသိမြင်စေရန် ယေရှု အလိုရှိခဲ့သည်။

၈။ (က) ယေရှုသည် “လူအမျိုးမျိုးတို့ကို တရား” မျှတမှု မည်သို့ ပေးခဲ့သနည်း။ (ခ) ယေရှု၏ ကိုယ်နှင့်စပ်ဆိုင်သူ စိတ်ထားရှိ ရှမာရိလူ ပုံဥပမာက တရားမျှတခြင်းအကြောင်း ကျွန်ုပ်တို့ကို အဘယ်အရာ သင်ပေးသနည်း။

၈ ရွေးချယ်ခံရသော ကျွန်သည် “လူအမျိုးမျိုးတို့ကို တရား” မျှတမှု ပေးရန် ဖြစ်သည်။ ၎င်းအတိုင်း ယေရှု ပေးတော်မူခဲ့သည်။ ဘုရားရေးရာ တရားမျှတမှု၏ စာနာထောက်ထားသော သဘောကို အလေးပေး ဖော်ပြသည့်အပြင် ယင်းသည် လူခပ်သိမ်းအား ပြသသင့်သည်ဟု ယေရှု သွန်သင်ခဲ့သည်။ တစ်ခါက ကျမ်းတတ်တစ်ဦးအား ဘုရားသခင်နှင့် ကိုယ်နှင့် စပ်ဆိုင်သောသူကို ချစ်သင့်ကြောင်း ယေရှု သတိပေးခဲ့သည်။ ထိုသူက “အဘယ်သူသည် အကျွန်ုပ်နှင့် စပ်ဆိုင်သောသူ ဖြစ်ပါသနည်း” ဟု ယေရှုကို မေးခဲ့၏။ “သင့်ဂျူးအမျိုးသားချင်း ဖြစ်သည်” ဟု ယေရှုထံမှ အဖြေရရန် သူမျှော်လင့်ခဲ့ပေမည်။ သို့သော် ကိုယ်နှင့် စပ်ဆိုင်သူ စိတ်ထားရှိ ရှမာရိအမျိုးသား ပုံဥပမာတစ်ခုကို ယေရှု ပြောပြခဲ့သည်။ ပုံဥပမာထဲ၌ လေဝိလူတစ်ဦးနှင့် ယဇ်ပုရောဟိတ်တစ်ဦးသည် ဓားပြများ၏ တိုက်ခိုက်ခြင်း ခံရသူကို အကူအညီ မပေးကြသော်လည်း ရှမာရိလူတစ်ဦးသည် ကူညီပေးရန် ရောက်လာသည်။ ဤအဖြစ်အပျက်တွင် လေဝိလူနှင့် ယဇ်ပုရောဟိတ်တို့ မဟုတ်ဘဲ အထင်သေးခံရသော ရှမာရိလူသည် ကိုယ်နှင့် စပ်ဆိုင်သူ ဖြစ်ကြောင်း မေးခွန်းမေးသူ ဝန်ခံခဲ့ရသည်။ ယေရှုက “သင်သည် သွား၍ ထိုနည်းတူ ပြုလော့” ဟု အကြံပေးကာ မိမိ၏ ပုံဥပမာကို နိဂုံးချုပ်ခဲ့သည်။—လုကာ ၁၀:၂၅-၃၇; ဝတ်ပြုရာ ၁၉:၁၈။

‘သူသည် မှေးမှိန်မသွား၊ နင်းခြေမခံရ’

၉။ စစ်မှန်သော တရားမျှတမှု သဘောကို နားလည်သဘောပေါက်ခြင်းက ကျွန်ုပ်တို့ကို မည်သို့ အကျိုးသက်ရောက်စေမည်နည်း။

၉ ယေရှုသည် စစ်မှန်သော တရားမျှတမှု သဘောကို ရှင်းလင်းဖော်ပြခဲ့ခြင်းကြောင့် ကိုယ်တော့် တပည့်တော်များသည် ထိုအရည်အချင်း တင်ပြရန် သင်ယူခဲ့ကြသည်။ ကျွန်ုပ်တို့လည်း သင်ယူရမည် ဖြစ်သည်။ ဦးဆုံး၊ ဘုရားသခင်၏ အကောင်းအဆိုးနှင့်ပတ်သက်သော စံနှုန်းကို လက်ခံရန် လိုအပ်သည်၊ အကြောင်းမှာ အဘယ်အရာသည် တရား၍ ဖြောင့်မတ်သည်ကို ကိုယ်တော် ဆုံးဖြတ်ပိုင်ခွင့် ရှိသောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် ယေဟောဝါနည်းလမ်းအတိုင်း လုပ်ဆောင်ရန် ကြိုးစားသောအခါ ကျွန်ုပ်တို့၏ ဖြောင့်မတ်သော အကျင့်အကြံက စစ်မှန်သော တရားမျှတမှုသည် အဘယ်အရာ ဖြစ်သည်ကို ထင်ရှားစွာ ဖော်ပြမည်။—၁ ပေတရု ၂:၁၂။

၁၀။ တရားမျှတမှုကို တင်ပြရာတွင် ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်း၌ မဖြစ်မနေ ပါဝင်ရန် အဘယ်ကြောင့် လိုသနည်း။

၁၀ ကျွန်ုပ်တို့သည် ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်း၌ ဇွဲရှိရှိ ပါဝင်သည့်အခါတွင် စစ်မှန်သော တရားမျှတမှုကို တင်ပြခြင်းလည်း ဖြစ်သည်။ ယေဟောဝါသည် မိမိကိုယ်နှိုက်၊ ကိုယ်တော်၏ သားတော်၊ ကိုယ်တော်၏ ရည်ရွယ်ချက်တို့နှင့်ပတ်သက်သော အသက်ပေး အသိပညာကို ရက်ရောစွာ ပေးကမ်းထားတော်မူ၏။ (ယောဟန် ၁၇:၃) ထိုအသိပညာကို မိမိတို့အတွက်သာ သိမ်းထားခြင်းသည် ဖြောင့်မှန်၊ တရားမည် မဟုတ်ပေ။ “ကျေးဇူးကို ခံသင့်သောသူတို့အား ကျေးဇူးပြုရသောအခွင့် ရှိလျှင် မပြုဘဲ မနေနှင့်” ဟု ရှောလမုန် ဆိုသည်။ (သုတ္တံ ၃:၂၇-၂၈) အမျိုးအနွယ်၊ လူမျိုးစု သို့မဟုတ် လူမျိုးရေး နောက်ခံ မည်သို့ပင် ဖြစ်ပါစေ ဘုရားသခင်အကြောင်း ကျွန်ုပ်တို့ သိထားရာကို လူတိုင်းထံ ဝေငှရန် စိတ်နှလုံး အကြွင်းမဲ့ ပါဝင်ကြစို့။—တမန်တော် ၁၀:၃၄၊ ၃၅။

၁၁။ ကျွန်ုပ်တို့သည် ယေရှုကို တုပသည့်အနေနှင့် အခြားသူများကို မည်သို့ ဆက်ဆံသင့်သနည်း။

၁၁ ထို့ပြင် စစ်မှန်သော ခရစ်ယာန်တစ်ဦးသည် အခြားသူများကို ယေရှု ဆက်ဆံတော်မူခဲ့သကဲ့သို့ ဆက်ဆံသည်။ ယနေ့ လူများစွာသည် စိတ်ပျက်ဖွယ် ပြဿနာများနှင့် ရင်ဆိုင်ကြရပြီး ထောက်ထားစာနာမှုနှင့် အားပေးမှု လိုအပ်ကြသည်။ ဆက်ကပ်အပ်နှံပြီး ခရစ်ယာန်အချို့ပင်လျှင် အခြေအနေများ၏ အလွန် ခက်ခဲကျပ်တည်းမှုကို တွေ့ကြုံရနိုင်ပြီး နင်းနယ်ခံရသော ကျူပင် သို့မဟုတ် အတောက်သေးသော မီးစာနှင့် တူကြသည်။ သူတို့သည် ကျွန်ုပ်တို့၏ အားပေးမှု မလိုအပ်ပေလော။ (လုကာ ၂၂:၃၂; တမန်တော် ၁၁:၂၃) တရားမျှတမှု တင်ပြရာတွင် ယေရှုကို ကြိုးစားတုပနေကြသော စစ်မှန်သော ခရစ်ယာန် အဖွဲ့အစည်းဝင် ဖြစ်ရခြင်းသည် မည်မျှ လန်းဆန်းဖွယ်ပါနည်း!

၁၂။ မကြာမီ လူတိုင်းအတွက် တရားမျှတမှု အမှန် ဖြစ်လာမည်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း။

၁၂ လူတိုင်းအတွက် တရားမျှတမှု ရှိပါဦးမည်လော။ အမှန်ပင် ရှိသည်။ ယေဟောဝါ ရွေးချယ်သောသူသည် ‘မြေကြီးပေါ်မှာ တရားတော်ကို မတည်စေမီတွင် မှေးမှိန်မသွား၊ ခြေဖြင့် နင်းခြင်းလည်း မခံရ။’ မကြာမီ နန်းထိုင်ဘုရင်၊ ရှင်ပြန်ထမြောက်ပြီး ဖြစ်သော ယေရှုခရစ်သည် ‘ဘုရားသခင်ကို မသိသောသူတို့ကို လက်စားချေတော်မူ’ မည်။ (၂ သက်သာလောနိတ် ၁:၆-၉; ဗျာဒိတ် ၁၆:၁၄-၁၆) လူ့အုပ်ချုပ်မှုကို ဘုရားသခင့် နိုင်ငံတော်ဖြင့် အစားထိုးမည်။ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်း လွှမ်းမိုးပျံ့နှံ့နေမည်။ (သုတ္တံ ၂:၂၁၊ ၂၂; ဟေရှာယ ၁၁:၃-၅; ဒံယေလ ၂:၄၅; ၂ ပေတရု ၃:၁၃) နေရာတိုင်းရှိ—အလှမ်းဝေးသော ဒေသများ ဖြစ်သည့် “တစ်ကျွန်းတစ်နိုင်ငံ” တို့တွင် ရှိ—ယေဟောဝါ၏ ကျေးကျွန်များပင် ထိုနေ့ရက်ကို စိတ်အားထက်သန်စွာဖြင့် စောင့်မျှော်နေကြသည်။

‘သင့်ကို လူအမျိုးမျိုး လင်းစရာဖို့ ငါခန့်ထားမည်’

၁၃။ ယေဟောဝါသည် ကိုယ်တော် ရွေးချယ်သောသူနှင့်ပတ်သက်၍ မည်သို့ ပရောဖက်ပြုသနည်း။

၁၃ ဟေရှာယ ဤသို့ ဆက်ပြော၏– “မိုးကောင်းကင်ကို ဖန်ဆင်း၍ ကြက်တော်မူထသော၊ မြေကြီးနှင့် မြေကြီးထဲက ဖြစ်သမျှတို့ကို ခင်းကျင်းတော်မူထသော၊ မြေကြီးပေါ်မှာ ရှိသောသူတို့အား အသက်ကိုလည်းကောင်း၊ မြေကြီးကို ကျော်နင်းသောသူတို့အား ဝိညာဉ်ကိုလည်းကောင်း ပေးတော်မူသော ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ” ချက် ဖြစ်၏။ (ဟေရှာယ ၄၂:၅) ဖန်ဆင်းရှင် ယေဟောဝါနှင့်ပတ်သက်၍ အလွန် ထိမိသော ရုပ်လုံးဖော်ချက်ပါတကား! ယေဟောဝါ၏ အစွမ်းခွန်အားနှင့်ပတ်သက်သော ဤသတိပေးချက်က ကိုယ်တော့် မိန့်တော်မူချက်များကို အလေးစီးစေသည်။ ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “ငါထာဝရဘုရားသည် သင့်ကို တရားသဖြင့် ခေါ်ထားသည် ဖြစ်၍ လက်ဆွဲလျက် ထောက်မမည်။ သင်သည် ကန်းသော မျက်စိတို့ကို ဖွင့်စိမ့်သောငှာလည်းကောင်း၊ ချုပ်ထားသောသူတို့ကို လွှတ်စိမ့်သောငှာလည်းကောင်း၊ မှောင်မိုက်၌ နေသောသူတို့ကို အမိုက်ထောင်ထဲက နုတ်ယူစိမ့်သောငှာလည်းကောင်း သင့်ကို [“ကာကွယ်ကာ၊” ကဘ] လူများနှင့် ပဋိညာဉ် ဖွဲ့စရာဖို့ [“လူများ၏ ပဋိညာဉ်အဖြစ်၊” ကဘ]၊ လူအမျိုးမျိုး လင်းစရာဖို့ ခန့်ထားမည်။”—ဟေရှာယ ၄၂:၆၊ ၇။

၁၄။ (က) ယေဟောဝါသည် ကိုယ်တော် နှစ်သက်မြတ်နိုးသော ကျွန်၏ လက်ကို ကိုင်ထားခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ (ခ) ရွေးချယ်ခံရသော ကျွန်သည် အဘယ် အခန်းကဏ္ဍကို ထမ်းဆောင်သနည်း။

၁၄ စကြဝဠာ၏ ကြီးမြတ်သော ဖန်ဆင်းရှင်၊ အသက်ပေးရှင်၊ အသက်ကို ထောက်ပံ့ပေးရှင်သည် ကိုယ်တော် ရွေးချယ်သောသူ၏ လက်ကို ဆွဲ၍ အပြည့်အဝ၊ မပြတ် ထောက်မမည်ဟု ကတိပြုတော်မူ၏။ အလွန် အားရှိစရာပါတကား! ထို့ပြင် ယေဟောဝါသည် သူ့ကို “လူများ၏ ပဋိညာဉ်” အဖြစ် ပေးအပ်ရန် သူ့အား လုံခြုံစွာ ထားတော်မူမည်။ ပဋိညာဉ် ဖွဲ့ခြင်းဟူသည် စာချုပ်ချုပ်ခြင်း၊ အပြန်အလှန် သဘောတူညီမှု ပြုခြင်း၊ လေးနက်တည်ကြည်စွာ ကတိပြုခြင်းတို့ ဖြစ်သည်။ ယင်းသည် သေချာသော အမိန့်ချမှတ်ချက် ဖြစ်သည်။ မှန်ပါသည်၊ ယေဟောဝါသည် မိမိ၏ ကျေးကျွန်ကို “လူများအတွက် အာမခံ” ဖြစ်စေခဲ့သည်။—အမေရိကန်ဘာသာပြန်ကျမ်း။

၁၅၊ ၁၆။ ယေရှုသည် “လူအမျိုးမျိုး လင်းစရာ” အဖြစ် မည်သည့်နည်းဖြင့် ဆောင်ရွက်ခဲ့သနည်း။

၁၅ “လူအမျိုးမျိုး လင်းစရာ” အဖြစ် ကတိထားတော်မူသော ကျေးကျွန်သည် “ကန်းသော မျက်စိတို့ကို” ဖွင့်ပေးပြီး “မှောင်မိုက်၌ နေသောသူတို့ကို” ကယ်နုတ်တော်မူမည်။ ထိုအတိုင်း ယေရှု ပြုတော်မူခဲ့သည်။ သမ္မာတရားကို သက်သေခံခြင်းဖြင့် ယေရှုသည် ကိုယ်တော့် ကောင်းကင်ခမည်းတော်၏ နာမကို ဂုဏ်တင်ခဲ့သည်။ (ယောဟန် ၁၇:၄၊ ၆) ကိုယ်တော်သည် ဘာသာရေး မှားယွင်းမှုများကို ဖော်ထုတ်ခဲ့ပြီး နိုင်ငံတော် သတင်းကောင်းကို ဟောပြောခဲ့သည်၊ မှောက်မှားသော ဘာသာရေး အချုပ်အနှောင်အောက်တွင် ရှိသူများကို ဝိညာဉ်ရေး လွတ်လပ်မှု ရရန် တံခါးဖွင့်ပေးခဲ့သည်။ (မဿဲ ၁၅:၃-၉; လုကာ ၄:၄၃; ယောဟန် ၁၈:၃၇) ကိုယ်တော်သည် မှောင်မိုက်အကျင့်နှင့် ဆိုင်သော လုပ်ရပ်များကို သတိပေးခဲ့ပြီး စာတန်သည် “မုသာ၏ အဘ” နှင့် “ဤလောကကို အစိုးရသောမင်း” ဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည်။—ယောဟန် ၃:၁၉-၂၁; ၈:၄၄; ၁၆:၁၁။

၁၆ “ငါသည် ဤလောက၏ အလင်း ဖြစ်၏” ဟု ယေရှု မိန့်ဆိုခဲ့သည်။ (ယောဟန် ၈:၁၂) ယင်းအဆို မှန်ကြောင်း ရွေးနုတ်ဖိုးအဖြစ် မိမိ၏ စုံလင်သော လူ့အသက်ကို ပူဇော်ချိန်တွင် ထူးခြားထင်ရှားသည့် နည်းဖြင့် ကိုယ်တော် သက်သေထူခဲ့သည်။ သို့ဖြင့် ယုံကြည်ခြင်း တင်ပြသူများအတွက် အပြစ်လွှတ်မှု၊ ဘုရားသခင်နှင့် မျက်နှာသာရ ဆက်ဆံရေးနှင့် ထာဝရအသက် မျှော်လင့်ချက်တို့ ရစေသည့် လမ်းကို ကိုယ်တော် ဖွင့်ပေးခဲ့သည်။ (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆) မိမိ ဘဝတစ်လျှောက်လုံး စုံလင်ပြည့်ဝသော ဘုရားရေးရာ ဆက်ကပ်အပ်နှံမှုကို ဆက်တင်ပြသွားခြင်းဖြင့် ယေရှုသည် ယေဟောဝါ၏ အချုပ်အခြာအာဏာကို ထောက်ခံခဲ့ပြီး မာရ်နတ်ကို မုသာကောင် ဖြစ်ကြောင်း သက်သေပြခဲ့သည်။ ယေရှုသည် အလင်းပေးသူ၊ ဝိညာဏ အမှောင်ထုတွင် ချုပ်နှောင်ခံနေရသူများကို ကယ်လွှတ်ပေးသူ အမှန်ပင် ဖြစ်ခဲ့သည်။

၁၇။ ကျွန်ုပ်တို့သည် အလင်းဆောင်သူများအနေဖြင့် မည်သည့်နည်းဖြင့် အမှုဆောင်ကြသနည်း။

၁၇ တောင်ပေါ်ဒေသနာတွင် မိမိတပည့်တော်များကို ယေရှု ဤသို့ မိန့်တော်မူခဲ့၏– “သင်တို့သည် ဤလောက၏ အလင်း ဖြစ်ကြ၏။” (မဿဲ ၅:၁၄) ကျွန်ုပ်တို့လည်း အလင်းဆောင်သူများ မဟုတ်ကြပေလော။ ကျွန်ုပ်တို့၏ အသက်တာ နေထိုင်ပုံနှင့် ကျွန်ုပ်တို့၏ ဟောပြောခြင်း လုပ်ငန်းတို့အားဖြင့် စစ်မှန်သော ထွန်းလင်းမှု၏ ပင်ရင်း ဖြစ်တော်မူသော ယေဟောဝါထံသို့ အခြားသူများကို လမ်းညွှန်ပေးရသည့် အခွင့်ထူးကို ကျွန်ုပ်တို့ ရရှိကြသည်။ ယေရှုကို တုပသည့်အနေနှင့် ကျွန်ုပ်တို့သည် ယေဟောဝါ၏ နာမတော်ကို ထင်ရှားကျော်စောစေကြသည်၊ ကိုယ်တော်၏ အချုပ်အခြာအာဏာကို ထောက်ခံကာ လူသားတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် ကိုယ်တော်၏ နိုင်ငံတော်ကို ကြွေးကြော်ကြသည်။ ထို့ပြင် အလင်းဆောင်သူများအနေနှင့် ကျွန်ုပ်တို့သည် ဘာသာရေး မှားယွင်းမှုများကို ဖော်ထုတ်ကြသည်၊ အမှောင်နှင့်ဆိုင်သော မသန့်ရှင်းသော အကျင့်များကို ရှောင်ရန် သတိပေးကြသည်၊ ဆိုးယုတ်သူ စာတန်ကို ဖော်ထုတ်ကြသည်။—တမန်တော် ၁:၈; ၁ ယောဟန် ၅:၁၉။

“ယေဟောဝါအား အသစ်သော သီချင်းကို ဆိုကြလော့”

၁၈။ ယေဟောဝါသည် မိမိလူမျိုးတော်အား အဘယ်အရာကို သိစေတော်မူသနည်း။

၁၈ ယခု ယေဟောဝါသည် လူမျိုးတော်ဘက်သို့ အာရုံပြောင်းလိုက်ကာ ဤသို့ ဆို၏– “ငါသည် ထာဝရဘုရား ဖြစ်၏။ ထိုနာမသည် ငါ့နာမ ဖြစ်၏။ ငါ့ဘုန်းကို အခြားသောသူအားလည်းကောင်း၊ ငါ့အသရေကို ရုပ်တုဆင်းတုတို့အားလည်းကောင်း ငါမပေး။ အရင် ဟောသောအရာတို့သည် ဖြစ်ကြပြီ။ အသစ်သောအရာတို့ကို ယခု ငါဟော၏။ မပေါ်လာမီ သင်တို့အား ငါပြနှင့်၏။” (ဟေရှာယ ၄၂:၈၊ ၉) အချည်းနှီး ဘုရားတစ်ပါးက မဟုတ်ဘဲ အသက်ရှင်တော်မူပြီး စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင်က “ငါ့ကျွန်ရင်း” နှင့်ပတ်သက်သော ပရောဖက်ပြုချက်ကို မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အမှန် ဖြစ်ပျက်လာရန် ဖြစ်ပြီး ဖြစ်လည်း ဖြစ်ခဲ့သည်။ ယေဟောဝါ ဘုရားသခင်သည် အသစ်သောအရာတို့၏ ဖန်တီးရှင် ဖြစ်ပြီး ၎င်းတို့ မဖြစ်ပျက်မီ မိမိ၏ လူများကို အသိပေးတော်မူ၏။ ကျွန်ုပ်တို့ မည်သို့ တုံ့ပြန်သင့်သနည်း။

၁၉၊ ၂၀။ (က) အဘယ်သီချင်းကို သီဆိုရမည်နည်း။ (ခ) ယေဟောဝါအား ချီးမွမ်းသီချင်းကို ယနေ့ မည်သူများ သီဆိုနေကြသနည်း။

၁၉ ဟေရှာယ ဤသို့ ရေး၏– “ပင်လယ်ကို ကူးသောသူမှစ၍ ပင်လယ်၌ ရှိသမျှတို့နှင့်တကွ တစ်ကျွန်းတစ်နိုင်ငံအရပ်များ၊ ထိုအရပ်၌နေသောသူများတို့ ထာဝရဘုရားအား အသစ်သော သီချင်းကို ဆိုကြလော့။ မြေကြီးစွန်းတို့မှ ဂုဏ်တော်ကို ချီးမွမ်းကြလော့။ တောနှင့်တကွ တော၌ ရှိသော မြို့ရွာ၊ ကေဒါအရပ်သားတို့သည် ကြွေးကြော်ကြစေ။ ကျောက်၌ နေသောသူတို့သည် သီချင်းဆိုကြစေ။ တောင်ထိပ်ပေါ်က ကြွေးကြော်ကြစေ။ ထာဝရဘုရားကို ချီးမြှောက်၍ တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၌ ဂုဏ်တော်ကို ထင်ရှားစွာ ချီးမွမ်းကြစေ။”—ဟေရှာယ ၄၂:၁၀-၁၂။

၂၀ မြို့သူမြို့သားများ၊ တောသူတောင်သားများ၊ ကျွန်းများ၊ “ကေဒါအရပ်” သို့မဟုတ် သဲကန္တာရ၌ စခန်းချသူများ—နေရာတိုင်းတွင် ရှိသောသူများ—သည် ယေဟောဝါအား ချီးမွမ်းသီချင်း သီဆိုရန် တိုက်တွန်းလှုံ့ဆော်ခံရသည်။ ကျွန်ုပ်တို့ခေတ်တွင် သန်းနှင့်ချီသောသူများသည် ဤပရောဖက်ပြုချက်ပါ မေတ္တာရပ်ခံချက်ကို တုံ့ပြန်ခဲ့ကြခြင်းသည် အလွန် စိတ်အားတက်ကြွဖွယ်ပင်! သူတို့သည် ဘုရားသခင့် နှုတ်ကပါဌ်တော် သမ္မာတရားကို ယုံကြည်လိုက်လျှောက်ခဲ့ကြပြီး ယေဟောဝါကို မိမိတို့၏ ဘုရား ဖြစ်စေခဲ့ကြသည်။ ယေဟောဝါ၏ လူမျိုးတော်သည် ယေဟောဝါအား ဂုဏ်တင်ထားသော ဤသီချင်းသစ်ကို နိုင်ငံပေါင်း ၂၃၀ ကျော်တွင် သီဆိုနေကြသည်။ ဤယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာစကားအမျိုးမျိုးနှင့် လူမျိုးပေါင်းစုံထဲတွင် သံပြိုင် သီဆိုရခြင်းသည် အလွန် အားရရွှင်လန်းစရာပါတကား!

၂၁။ ယေဟောဝါအား ချီးမွမ်းသီချင်း သီဆိုနေခြင်းကို ဘုရားသခင့် လူမျိုးတော်၏ ရန်သူများ အဘယ်ကြောင့် မရပ်တန့်နိုင်ကြသနည်း။

၂၁ ဆန့်ကျင်သူများသည် ဘုရားသခင်ကို အန်တုကာ ဤချီးမွမ်းသီချင်း သီဆိုခြင်းကို ရပ်တန့်သွားအောင် ပြုလုပ်နိုင်မည်လော။ မပြုလုပ်နိုင်ပါ! “ထာဝရဘုရားသည် သူရဲကဲ့သို့ ထွက်ကြွ၍ စစ်သူရဲကဲ့သို့ ကိုယ်စိတ်ကို ကိုယ်နှိုးဆော်တော်မူလိမ့်မည်။ အော်ဟစ်ကြွေးကြော်၍ ရန်သူတို့တစ်ဖက်၌ အားထုတ် [“ပိုမို အားကြီးကြောင်း ပြသ၊” ကဘ] တော်မူလိမ့်မည်။” (ဟေရှာယ ၄၂:၁၃) မည်သည့် တန်ခိုးစွမ်းပကားသည် ဘုရားသခင်အား အန်တုနိုင်မည်နည်း။ လွန်ခဲ့သော နှစ်ပေါင်း ၃,၅၀၀ ခန့်က ပရောဖက် မောရှေနှင့် ဣသရေလအမျိုးသားတို့သည် ဤသို့ သီဆိုခဲ့ကြ၏– “ထာဝရဘုရားသည် စစ်သူရဲ ဖြစ်တော်မူ၏။ ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] တည်းဟူသော နာမတော် ရှိတော်မူ၏။ ဖာရောဘုရင်၏ ရထားနှင့် ဗိုလ်ခြေတို့ကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ။ ရွေးသော ဗိုလ်မင်းတို့သည် ဧဒုံပင်လယ်ထဲ၌ မြုပ်လျက်ရှိကြ၏။” (ထွက်မြောက်ရာ ၁၅:၃၊ ၄) ယေဟောဝါသည် ထိုအချိန်က စစ်အင်အား တန်ခိုးအကြီးဆုံး စစ်တပ်ကို အနိုင်ယူခဲ့သည်။ ယေဟောဝါသည် စစ်သူရဲကဲ့သို့ ထွက်ကြွတော်မူသည့်အခါ ဘုရားသခင့် လူမျိုးတော်၏ မည်သည့်ရန်သူကမျှ အနိုင်ရမည် မဟုတ်ပါ။

“ငါသည် ကြာမြင့်စွာတိတ်ဆိတ်လျက် နေပြီ”

၂၂၊ ၂၃။ ယေဟောဝါသည် အဘယ်ကြောင့် “ကြာမြင့်စွာ တိတ်ဆိတ်လျက်နေ” တော်မူသနည်း။

၂၂ ယေဟောဝါသည် ရန်သူများကို တရားစီရင်သည့်အချိန်၌ပင် မျက်နှာမလိုက်၊ ဖြောင့်မတ်မှန်ကန်တော်မူ၏။ ကိုယ်တော် ဤသို့ မိန့်တော်မူ၏– “ငါသည် ကြာမြင့်စွာ တိတ်ဆိတ်လျက် နေပြီ။ ထိုသို့ နေ၍ အောင့်ရဦးမည်လော။ သားဖွားခြင်း ဝေဒနာကို ခံရသော မိန်းမကဲ့သို့ ငါအော်ဟစ်မည်။ ပင့်သက်ရှူ၍ ချက်ချင်း ဖျက်ဆီးမည်။ တောင်ကြီးတောင်ငယ်များကို သွေ့ခြောက်စေမည်။ သူတို့အပင် ရှိသမျှတို့ကိုလည်း ညှိုးနွမ်းစေမည်။ မြစ်များကို ကုန်း ဖြစ်စေမည်။ ရေကန်များကို ခန်းခြောက်စေမည်။”—ဟေရှာယ ၄၂:၁၄၊ ၁၅။

၂၃ တရားစီရင်ချက် မချမီ ယေဟောဝါသည် အမှားပြုလုပ်သူများကို သူတို့၏ မှားယွင်းသော လမ်းများမှ ပြန်လှည့်လာရန် အခွင့်အရေး ပေးဖို့အလို့ငှာ အချိန်များစွာ ပေးတော်မူ၏။ (ယေရမိ ၁၈:၇-၁၀; ၂ ပေတရု ၃:၉) တန်ခိုးကြီး ကမ္ဘာ့အာဏာစက်အနေနှင့် ဘီ.စီ.အီး. ၆၀၇ တွင် ယေရုရှလင်မြို့ကို ဖျက်ဆီးခဲ့သော ဗာဗုလုန်လူမျိုး၏ ဖြစ်ရပ်ကို သုံးသပ်ကြည့်ပါ၊ ဣသရေလလူမျိုးများ၏ သစ္စာမဲ့မှုကြောင့် သူတို့ကို ဆုံးမရန် အလို့ငှာ ယေဟောဝါ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် ဗာဗုလုန်လူမျိုးတို့သည် မိမိတို့ အသုံးတော်ခံနေရသည့် အပိုင်းကို အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့ကြသည်။ သူတို့သည် ဘုရားသခင့် လူမျိုးတော်အား ကိုယ်တော် တောင်းဆိုသည့် တရားစီရင်မှု အတိုင်းအတာထက် များစွာ ပြင်းပြင်းထန်ထန် ပြုမူခဲ့ကြသည်။ (ဟေရှာယ ၄၇:၆၊ ၇; ဇာခရိ ၁:၁၅) စစ်မှန်သော ဘုရားသခင်သည် မိမိ၏ လူမျိုးတော် ဝေဒနာ ခံရသည်ကို မြင်ရသောအခါ မည်မျှ နာကျင်လိုက်မည်နည်း! သို့သော် သတ်မှတ်ထားချိန် မရောက်မချင်း အရေးမယူဘဲ ထားတော်မူသည်။ သို့ဖြစ်၍ ကိုယ်တော်သည် မိမိနှင့် ပဋိညာဉ် ဖွဲ့ထားသော လူမျိုးကို ကယ်လွှတ်ရန်နှင့် လွတ်လပ်သော လူမျိုးတစ်မျိုး ဖြစ်စေရန် သားဖွားခြင်း ဝေဒနာ ခံရသော အမျိုးသမီးကဲ့သို့ ဝေဒနာ ခံရတော်မူ၏။ ယင်းကို အောင်မြင်ပြီးမြောက်စေရန် ကိုယ်တော်သည် ဘီ.စီ.အီး. ၅၃၉ တွင် ဗာဗုလုန်နှင့် သူ၏ အကာအကွယ်များကို ခန်းခြောက်၊ ပျက်စီးစေသည်။

၂၄။ ယေဟောဝါသည် ဣသရေလလူမျိုးအတွက် အဘယ်အလားအလာ ဖွင့်ပေးတော်မူသနည်း။

၂၄ ပြည်နှင်ခံဘဝ၌ နှစ်များစွာ ကုန်လွန်ပြီး နောက်ဆုံး ဘုရားသခင့်လူမျိုး ပြည်တော်ပြန်ရန် လမ်းပွင့်ခဲ့ချိန်တွင် သူတို့ အလွန် ဝမ်းသာအားရခဲ့ကြပေမည်! (၂ ရာဇဝင်ချုပ် ၃၆:၂၂၊ ၂၃၊ ကဘ) သူတို့သည် ယေဟောဝါ၏ ဤကတိတော် ပြည့်စုံမှု ကိုယ်တွေ့ ကြုံရမည့်အတွက် အလွန် အားရခဲ့ကြပေမည်– “မျက်စိကန်းသောသူတို့ကို မိမိတို့ မသိသော လမ်းဖြင့် ငါဆောင်မည်။ မိမိတို့ မကျွမ်းသော ခရီး၌ သွားစေမည်။ သူတို့ရှေ့မှာ မှောင်မိုက်ကို လင်းစေမည်။ ကောက်သော လမ်းကိုလည်း ဖြောင့်စေမည်။ ထိုသို့သော ကျေးဇူးကို ပြုမည်။ သူတို့ကို မစွန့်ပစ်။”—ဟေရှာယ ၄၂:၁၆။

၂၅။ (က) ယနေ့ ယေဟောဝါ လူမျိုးတော်သည် အဘယ်အရာကို စိတ်ချနိုင်သနည်း။ (ခ) ကျွန်ုပ်တို့၏ စိတ်ပိုင်းဖြတ်မှုသည် အဘယ်အရာ ဖြစ်သင့်သနည်း။

၂၅ ထိုစကားများသည် ယနေ့အချိန်နှင့် မည်သို့ သက်ဆိုင်သနည်း။ နှစ်ပေါင်းများစွာ—ရာစုနှစ်ချီ—ကုန်လွန်ပြီးသည့် ယခုအချိန်အထိ ယေဟောဝါသည် လူမျိုးများအား သူတို့ ကြိုက်နှစ်သက်သည့် လမ်းတွင် လျှောက်ရန် ခွင့်ပြုခဲ့သည်။ သို့ရာတွင် ပြဿနာများကို ဖြေရှင်းရန် ကိုယ်တော် သတ်မှတ်ထားချိန် အလွန် နီးကပ်နေပြီ။ မျက်မှောက်ခေတ်အချိန်တွင် ကိုယ်တော်သည် မိမိ၏ နာမတော်အကြောင်း သက်သေခံရန် လူမျိုးတစ်မျိုးကို ပေါ်ပေါက်စေခဲ့သည်။ သူတို့အတွက် ဆူးငြောင့်ခလုတ် မှန်သမျှကို ရှင်းလင်းပေးခြင်းဖြင့် မိမိအား ‘နာမ်ဝိညာဉ်၊ သမ္မာတရားနှင့်’ ကိုးကွယ်ရန် သူတို့၏ လမ်းကို ဖြောင့်ဖြူးစေခဲ့သည်။ (ယောဟန် ၄:၂၄) “သူတို့ကို မစွန့်ပစ်” ဟု ကိုယ်တော် ကတိပြုခဲ့ပြီး ကတိလည်း တည်ခဲ့သည်။ မှောက်မှားသော ဘုရားများကို ဇွတ် ဝတ်ပြုနေသူများကော အသို့နည်း။ ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “ရုပ်တုဆင်းတုကို ခိုလှုံ၍ ‘ကိုယ်တော်သည် အကျွန်ုပ်တို့၏ ဘုရား ဖြစ်တော်မူ၏’ ဟု သွန်းသော ရုပ်တုတို့အား ဆိုသောသူတို့သည် လှန်ခြင်းကို ခံရ၍ အလွန် အရှက်ကွဲခြင်းသို့ ရောက်ကြလိမ့်မည်။” (ဟေရှာယ ၄၂:၁၇) ကိုယ်တော် ရွေးချယ်သောသူကဲ့သို့ ကျွန်ုပ်တို့သည် ယေဟောဝါအား ဆက်သစ္စာရှိသွားရန် အရေးကြီးလှသည်!

‘နားပင်းပြီး မျက်စိကန်းသော ကျွန်’

၂၆၊ ၂၇။ ဣသရေလလူမျိုးသည် ‘နားပင်းပြီး မျက်စိကန်းသော ကျွန်’ ဖြစ်ကြောင်း မည်သို့ သက်သေပြသနည်း၊ အဘယ်ရလဒ် ဖြစ်ပေါ်သနည်း။

၂၆ ဘုရားသခင့် ရွေးချယ်သောကျွန်၊ ယေရှုခရစ်သည် သေသည်အထိ သစ္စာစောင့်ခဲ့သည်။ သို့သော် ယေဟောဝါ၏ လူမျိုး ဣသရေလသည် ဝိညာဏ သဘောအရ နားပင်းပြီး မျက်စိကန်းသော သစ္စာမဲ့ကျွန်တစ်ဦး ဖြစ်ကြောင်း သက်သေထူသည်။ သူတို့ကို ရည်ညွှန်းကာ ယေဟောဝါ ဤသို့ မိန့်တော်မူ၏– “နားပင်းသောသူတို့ ကြားကြလော့။ မျက်စိကန်းသောသူတို့ သင်တို့သည် မြင်ရအံ့သောငှာ ကြည့်ရှုကြလော့။ ငါ့ကျွန်မှတစ်ပါး အဘယ်သူ ကန်းသနည်း။ ငါစေလွှတ်သော တမန်ကဲ့သို့ အဘယ်သူသည် နားပင်းသနည်း။ ငါ့မိတ်ဆွေကဲ့သို့ အဘယ်သူ ကန်းသနည်း။ ထာဝရဘုရား၏ ကျွန်ကဲ့သို့ အဘယ်သူ ကန်းသနည်း။ သင်သည် များစွာ မြင်သော်လည်း အာရုံမပြုတတ်။ နားပွင့်လျက် ရှိသော်လည်း မကြားတတ်။ ထာဝရဘုရားသည် မိမိ ဖြောင့်မတ်ခြင်းကြောင့် အားရနှစ်သက်သဖြင့် တရားတော်ကို ချီးမြှောက်၍ ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူမည်။”—ဟေရှာယ ၄၂:၁၈-၂၁။

၂၇ ဣသရေလလူမျိုး၏ ဝမ်းနည်းဖွယ် ပျက်ကွက်မှုပါတကား! ပြည်သူပြည်သားများသည် လူမျိုးများ၏ နတ်ဆိုးဘုရားများကို ဝတ်ပြုခြင်းသို့ ထပ်ခါထပ်ခါ ကျဆင်းကြသည်။ ယေဟောဝါသည် မိမိ၏ တမန်များကို အထပ်ထပ် စေလွှတ်သော်လည်း လူမျိုးတော်သည် ဂရုမစိုက်ကြ။ (၂ ရာဇဝင်ချုပ် ၃၆:၁၄-၁၆) ဟေရှာယက အကျိုးဆက်ကို ဤသို့ ကြိုဟော၏– “ဤလူမျိုးသည် လုယူဖျက်ဆီးခြင်းကို ခံရသော အမျိုး ဖြစ်၏။ ရှိသမျှတို့သည် တွင်း၌ အချုပ်ခံရ၍ ထောင်ထဲမှာ ပုန်းကွယ်လျက် နေကြ၏။ ဖျက်ဆီးရာ ဖြစ်သောအခါ အဘယ်သူမျှ မနုတ်မယူ။ လုယူရာ ဖြစ်သောအခါ ‘ပြန်ပေးလော့’ ဟု အဘယ်သူမျှ မဆို။ သင်တို့တွင် အဘယ်သူသည် ဤစကားကို နားထောင်မည်နည်း။ နောင်ကာလဖို့ အဘယ်သူ ကြား၍ မှတ်မည်နည်း။ လုယူရာ ဖြစ်စေခြင်းငှာ ယာကုပ်ကိုလည်းကောင်း၊ ဓားပြတို့လက်သို့ ဣသရေလကိုလည်းကောင်း အဘယ်သူ အပ်သနည်း။ ငါတို့ ပြစ်မှားသောအရှင် ထာဝရဘုရား အပ်တော်မူသည် မဟုတ်လော။ သူတို့သည် နောက်တော်သို့ မလိုက်၊ တရားတော်ကို မကျင့်ဘဲ နေကြ၏။ ထို့ကြောင့် ပြင်းစွာသော အမျက်တော် ထွက်ခြင်း၊ ကြမ်းတမ်းသော စစ်တိုက်ခြင်းကို သူတို့အပေါ်သို့ သွန်းလောင်းတော်မူသဖြင့် သူတို့ပတ်လည်၌ မီးရှို့၏။ သို့သော်လည်း သူတို့သည် မသိကြ။ မီးလောင်သော်လည်း သတိမထားဘဲ နေကြ၏။”—ဟေရှာယ ၄၂:၂၂-၂၅။

၂၈။ (က) ကျွန်ုပ်တို့သည် ယုဒပြည်သူပြည်သားများ၏ ပုံနမူနာမှ အဘယ်အရာ သင်ယူနိုင်သနည်း။ (ခ) ယေဟောဝါ၏ နှစ်သက်မှုကို ကျွန်ုပ်တို့ မည်သို့ ရှာယူနိုင်သနည်း။

၂၈ မြို့သူမြို့သားများ၏ သစ္စာမဲ့မှုကြောင့် ဘီ.စီ.အီး. ၆၀၇ တွင် ယုဒပြည် လုယူဖျက်ဆီးခံရရန် ယေဟောဝါ ခွင့်ပြုတော်မူ၏။ ဗာဗုလုန်တို့သည် ယေဟောဝါ၏ ဗိမာန်တော်ကို မီးရှို့ကြပြီး ယေရုရှလင်မြို့ကို ဖျက်ဆီးကာ ဂျူးသုံ့ပန်းများကို ခေါ်ဆောင်သွားကြသည်။ (၂ ရာဇဝင်ချုပ် ၃၆:၁၇-၂၁) ကျွန်ုပ်တို့သည် ဤသတိပေး ပုံနမူနာကို နှလုံးသွင်းကာ ယေဟောဝါ၏ သွန်သင်ပေးချက်ကို မကြားသော နားပင်းသောသူများ၊ ရေးသားထားသော နှုတ်ကပါဌ်တော်ကို မမြင်သည့် မျက်စိကန်းသောသူများ ဘယ်တော့မျှ မဖြစ်ပါစေနှင့်။ ယင်းအစား ယေဟောဝါ ကိုယ်တော်တိုင် နှစ်သက်မြတ်နိုးသောကျွန်၊ ယေရှုခရစ်ကို တုပခြင်းဖြင့် ယေဟောဝါ၏ နှစ်သက်မြတ်နိုးမှုကို ရှာယူနိုင်ကြပါစေ။ ယေရှုကဲ့သို့ ကျွန်ုပ်တို့၏ အပြောနှင့် အလုပ်အားဖြင့် စစ်မှန်သော တရားမျှတမှုကို ဖော်ပြနိုင်ကြပါစေ။ ဤသို့အားဖြင့် စစ်မှန်သော ဘုရားသခင်ကို ချီးမွမ်းသူများ၊ ကိုယ်တော်၏ ဘုန်းတော်ကို ထင်ရှားစေသူများ ဖြစ်သော အလင်းဆောင်သူများအဖြစ် အမှုဆောင်နေကြသည့် ယေဟောဝါ၏ လူမျိုးထဲတွင် ကျွန်ုပ်တို့ ဆက်နေထိုင်ကြမည် ဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ