အခန်း ၃၃
ဟေရှာယ ပရောဖက်ပြုချက်ကို ပြည့်စုံစေခြင်း
မိမိကိုဖာရိရှဲနှင့်ဟေရုဒ်မင်း၏တပည့်များ သတ်ရန်ကြံနေကြောင်းယေရှုသိသော် တပည့်တို့နှင့်အတူ ဂါလိလဲအိုင်သို့ထွက်သွား၏။ ပါလတိဏပြည်မှ လူအုပ်များစွာသည် ကိုယ်တော့်ထံ စုရုံးလာကြ၏။ လူတို့ကိုကုသပေးသဖြင့် အခြားရောဂါသည်များ ကိုယ်တော်ကိုထိရန်တိုးဝှေ့လာကြသည်။
လူအုပ်ကြီးလွန်း၍ မိမိကိုတိုးမိနိုင်သဖြင့် လှေတစ်စင်းအသင့်ထားရန်မှာ၍ ကမ်းခြေမှခွာသည်။ လှေထဲမှ ယေရှုဟောပြောနိုင်သည်၊ ကမ်းခြေတစ်လျှောက်ရှိလူများကို သွားကူညီပေးနိုင်သည်။
ယေရှု၏လှုပ်ရှားမှုက ‘ပရောဖက်ဟေရှာယစကားကိုပြည့်စုံစေသည်’ ဟုမဿဲမှတ်ချက်ချပြီး ယေရှုပြည့်စုံစေသည့်ပရောဖက်ပြုချက်ကို ကိုးကားတင်ပြသည်။
“ငါထောက်မသော ငါ့ကျွန်ရင်း၊ ငါနှစ်သက်မြတ်နိုးရာ ငါရွေးချယ်သောသူကိုကြည့်ရှုလော့။ ထိုသူ၏အပေါ်၌ ငါ့ဝိညာဉ်ကိုငါတည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကိုတရားပေးလိမ့်မည်။ အော်ဟစ်ခြင်း၊ ကြွေးကြော်ခြင်းကိုမပြုမူ၍ လမ်းခရီး၌ သူ၏အသံကို အဘယ်သူမျှမကြားစေရ။ နင်းနယ်လျက်ရှိသောကျူပင်ကိုမချိုး။ မီးခိုးများသောမီးစာကိုမသတ်။ တရားသည် မြဲမြံခြင်းသို့ရောက်မည့်အကြောင်းစီရင်လိမ့်မည်။ သူ၏နာမ၌ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် မျှော်လင့်ကြလိမ့်မည်။”
ယေရှုသည် ဘုရားသခင်မြတ်နိုးသောကျွန်ရင်းဖြစ်သည်မှာဆိုဖွယ်မရှိ။ မှားသောဘာသာရေးထုံးစံများကြောင့် မပီမပြင်ဖြစ်နေသည့် စစ်မှန်သောတရားမျှတမှုကိုယေရှုရှင်းလင်းစေသည်။ ဖာရိရှဲတို့သည်ဘုရားပေးပညတ်ကို အလွဲကျင့်သုံးသဖြင့် ဥပုသ်နေ့တွင်ဖျားနာသူကိုပင်မကူညီကြ။ ဘုရားသခင်၏တရားမျှတခြင်းကိုယေရှုရှင်းပြသဖြင့် မျှတမှုမရှိသောထုံးစံဓလေ့တို့၏ လေးလံမှုဝန်ထုပ်မှ လူတို့ကိုသက်သာရာရစေ၏။ ထိုအတွက် ဘာသာရေးခေါင်းဆောင်များက ကိုယ်တော်ကိုသတ်ရန်ကြံစည်ကြခြင်းဖြစ်သည်။
ကိုယ်တော်သည် ‘ငြင်းခုံခြင်း၊ အော်ဟစ်ခြင်းကိုမပြုမူ၍ လမ်းခရီး၌သူ၏အသံကို အဘယ်သူမျှမကြားစေရ’ ဟူသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ရောဂါပျောက်ကင်းစေရာတွင် ‘မိမိကုသပေးကြောင်းမပြောဖို့ တင်းကျပ်စွာပညတ်သည်။’ မိမိအကြောင်းလမ်းတကာ ဆူညံစွာကြေညာသည်ကို ကိုယ်တော်မလိုလား။ ထို့အတူစိတ်လှုပ်ရှားစွာ တစ်ဆင့်စကားတစ်ဆင့်ကြားပြောသဖြင့် အလွဲလွဲအမှားမှားဖြစ်သည်ကိုမကြိုက်။
၄င်းပြင်ခြေအောက်အနင်းချေခံကျူပင်အလား ဖိနှိပ်ခံရသူတို့ကို နှစ်သိမ့်စကားပြောကြားသည်။ သူတို့သည် ဘဝမီးညွန့်ကျိုးတော့မည့် မီးစာသဖွယ်ဖြစ်ကြ၏။ ယေရှုသည် ကျူပင်ကိုမချိုး၊ ဘဝမီးညွန့်မကျိုးစေဘဲ တယုတယကြင်နာစွာဖြင့် နှိမ့်ချသူတို့ကိုကျွမ်းကျင်စွာချီပင့်သည်။ ယေရှုသည် လူမျိုးတကာတို့၏မျှော်လင့်ရာ အမှန်ပင်ဖြစ်၏။ မဿဲ ၁၂:၁၅-၂၁။ မာကု ၃:၇-၁၂။ ဟေရှာယ ၄၂:၁-၄။
▪ ငြင်းခုံခြင်း၊ လမ်းတကာအော်ဟစ်ကြွေးကြော်ခြင်းကိုမပြုဘဲ တရားမျှတခြင်းကို ယေရှုမည်သို့ရှင်းလင်းထင်ရှားစေခဲ့သနည်း။
▪ မည်သူတို့သည် အနင်းခံကျူပင်၊ ကျိုးတော့မည့်မီးညွန့်မီးစာသဖွယ်ဖြစ်ကြသနည်း။ ယေရှုသူတို့နှင့်မည်သို့ ဆက်ဆံသနည်း။