အခန်း ၄၁
အချင်းပွားရသည့်အကြောင်း
ရှိမုန်အိမ်တွင်ဧည့်ခံခြင်းခံရပြီးနောက် ဂါလိလဲနယ်တွင် ယေရှုဒုတိယအကြိမ်လည်ပတ်ဟောပြောသည်။ ယခင်လည်ပတ်စဉ်က တပည့်တော်ပေတရု၊ အန္ဒြေ၊ ယာကုပ်နှင့်ယောဟန်တို့သာပါသည်။ ယခုမူတမန်တော် ၁၂ ပါးနှင့်တကွ မာဂဒလမာရိ၊ ရှုရှန္နနှင့် ဟေရုဒ်မင်းအရာရှိတစ်ဦး၏မယား ယောဟန္နတို့အပါအဝင်အမျိုးသမီးအချို့ လိုက်ပါကြသည်။
ယေရှု၏ဓမ္မအမှုတွင် ကျယ်လာလေ ကိုယ်တော်၏လုပ်ငန်းနှင့်ပတ်သက်၍ အငြင်းပွားမှုတိုးများလာလေဖြစ်သည်။ မျက်မမြင်၊ စကားအသောနတ်ပူးသူတစ်ဦးကို ယေရှုထံခေါ်လာ၍ နတ်ဆိုးနှောင့်ယှက်မှုမှကင်းဝေးစေပြီး စကားပြောနိုင်၊ မြင်နိုင်အောင်ကုသပေးလေသော် လူအုပ်က “ဤသူသည်ဒါဝိဒ်၏သားတော် ဖြစ်လိမ့်မည်လော” ဟုအံ့ဩ၍ဆိုလေသည်။
ယေရှုတည်းခိုသောအိမ်သို့ရောက်လာသည့်လူအုပ်သည် များလှသဖြင့် အစာစားချိန်ပင်မရချေ။ ကတိတော်ရှိရာ “ဒါဝိဒ်၏သား” ဖြစ်နိုင်သည်ဟုယူဆသူတို့အပြင် ကိုယ်တော်ကိုရှုတ်ချလို၍ ယေရုရှလင်မှလာသောကျမ်းတတ်များနှင့်ဖာရိရှဲများလည်းရှိသည်။ ယေရှုကြောင့်ပြဿနာတက်နေကြောင်းကြားသိ၍ သူ့ကိုဖမ်းဆီးရန် ယေရှု၏ဆွေမျိုးတို့လည်း ရောက်လာသည်။ အဘယ်ကြောင့်နည်း။
ညီတော်ရင်းများပင် အစ်ကိုဖြစ်သူသည် ဘုရားသားတော်ဖြစ်ကြောင်းမယုံကြည်ကြသေး၍ဖြစ်သည်။ ထို့ပြင် ဖြစ်ပွားနေသောအချင်းများမှုသည် နာဇရက်တွင်ကြီးပြင်းစဉ်ကယေရှုနှင့် လုံးဝမအပ်စပ်၍လည်းဖြစ်သည်။ ထို့ကြောင့် “သူရူးသွားပြီ” ဟုသူတို့ထင်မှတ်နေသည်။ ယင်းကြောင့်သူ့ကိုဖမ်းပြီး ခေါ်သွားလိုကြသည်။
သို့သော် ထိုနတ်ပူးသူကိုယေရှုကုသခဲ့ကြောင်းထင်ရှားသည်။ ဤအဖြစ်မှန်ကို ကျမ်းတတ်များနှင့်ဖာရိရှဲတို့မငြင်းနိုင်ကြပါ။ ထိုကြောင့်ယေရှုကိုရှုတ်ချရန် “ဤသူသည်နတ်ဆိုးမင်း ဗေလဇေဗုလကိုအမှီပြု၍သာ နတ်ဆိုးတို့ကိုနှင်ထုတ်သည်” ဟုလူအုပ်ကိုပြော၏။
သူတို့၏ကလိမ်ဉာဏ်ကိုသိတော်မူ၍ ကျမ်းတတ်နှင့်ဖာရိရှဲတို့အား “တိုင်းနိုင်ငံမည်သည်ကား မိမိနှင့်မသင့်မတင့် ကွဲပြားလျှင်ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ မြို့၊ ရွာဖြစ်စေ၊ အိမ်ဖြစ်စေ မိမိနှင့်မသင့်မတင့်ကွဲပြားလျှင် မတည့်နိုင်ရာ။ စာတန်သည်လည်းစာတန်ကို နှင်ထုတ်သည်မှန်လျှင် သူသည်မိမိနှင့်ကွဲပြား၏။ သူ၏နိုင်ငံသည်အဘယ်သို့တည်နိုင်မည်နည်း” ဟုဆိုသည်။
တကယ်ထိမိသည့် ဆင်ခြင်တုံတရားပါတကား။ သူတို့ကိုယ်တိုင်နတ်ဆိုးများနှင်ထုတ်ပေးသည်ဟု ဖာရိရှဲများဆိုကြ၍ ယေရှုက “ငါသည်ဗေလဇေဗုလကိုအမှီပြု၍နတ်ဆိုးတို့ကိုနှင်ထုတ်သည်မှန်လျှင် သင်တို့၏သားတို့သည် အဘယ်သူကိုအမှီပြု၍နှင်ထုတ်ကြသနည်း” ဟုမေးပြီး ယေရှုအားစွပ်စွဲချက်သည် သူတို့နှင့်လည်းသက်ဆိုင်သည်ဟုဆိုကာ ဤသို့သတိပေးသည်။ ‘ငါသည်ဘုရားဝိညာဉ်တော်ကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်မှန်လျှင် အကယ်စင်စစ်သင်တို့ကို ဘုရားသခင်၏နိုင်ငံတော်လွှမ်းမိုးလေပြီ။’
နတ်ဆိုးကိုနှင်ထုတ်နိုင်ခြင်းက စာတန်ကိုနိုင်ခြင်းဟု ယေရှုတင်ပြလို၍ “သူရဲကိုရှေးဦးစွာမချည်နှောင်လျှင် အဘယ်သူသည်သူရဲအိမ်သို့ဝင်၍ သူ၏ဥစ္စာကိုလုယူနိုင်အံ့နည်း။ သူရဲကိုချည်နှောင်ပြီးမှ သူ၏အိမ်ကိုလုယူနိုင်၏။ ငါ့ဘက်၌မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသောသူသည် ကြဲဖြန့်သောသူဖြစ်၏” ဟုဆိုသည်။ ဣသရေလလူတို့ကို ယေရှုထံမှကွဲလွင့်စေသောဖာရိရှဲများသည် စာတန်၏ကိုယ်စားလှယ်၊ ယေရှုကိုဆန့်ကျင်သူများဖြစ်ကြောင်း ထင်ရှားသည်။
ယင်းကြောင့်ဤစာတန့်နောက်လိုက်တို့သည် “ဝိညာဉ်တော်ကိုကဲ့ရဲ့သောအပြစ် ခွင့်လွှတ်ခံရမည်မဟုတ်” ဟူ၍ယေရှုဆိုသည်။ “လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကိုနှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်” ဟုရှင်းပြသည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အံ့ဖွယ်ရာများထင်ရှားပြကြောင်းသိသာလျက်ပင် စာတန့်တန်ခိုးနှင့်ပြုလုပ်သည်ဟု ကလိမ်ဉာဏ်ထုတ်စွပ်စွဲသဖြင့် ထိုကျမ်းတတ်နှင့်ဖာရိရှဲများသည် အပြစ်လွှတ်ခြင်းခံရမည်မဟုတ်။ မဿဲ ၁၂:၂၂-၃၂။ မာကု ၃:၁၉-၃၀။ ယောဟန် ၇:၅။
▪ ဂါလိလဲသို့ ယေရှုဒုတိယအကြိမ်လည်ပတ်ခြင်းသည် ပထမအကြိမ်နှင့်မည်သို့ကွာခြားသနည်း။
▪ ယေရှုကိုဖမ်းဆီးရန် ဆွေမျိုးသားခြင်းတို့က အဘယ်ကြောင့်ကြိုးစားသနည်း။
▪ ယေရှု၏အံ့ဖွယ်အမှုများကို ဖာရိရှဲများမည်သို့ရှုတ်ချသနည်း။ ယေရှုမည်သို့ချေပသနည်း။
▪ ထိုဖာရိရှဲများ၌ အဘယ်အပြစ်ရှိသနည်း။ အဘယ်ကြောင့်နည်း။