ယေဟောဝါသည်ကြွယ်ဝစွာခွင့်လွှတ်တော်မူ၏
“လူဆိုးသည် ကိုယ့်နည်းလမ်းကိုလည်းကောင်း၊ မတရားသူလည်း ကိုယ့်အကြံအစည်များကိုလည်းကောင်း စွန့်ပယ်၍ . . . ကြွယ်ဝစွာချမ်းသာပေးလတ္တံ့သော ငါတို့ဘုရားသခင် [ယေဟောဝါ] ထံတော်သို့ ပြန်လာကြစေ။”—ဟေရှာယ ၅၅:၇၊ သမ။
၁။ ယေဟောဝါ၏ခွင့်လွှတ်ခြင်းခံရသူများ ယခုအဘယ်ကောင်းချီးများရရှိသနည်း။
ယေဟောဝါသည် နောင်တယူသောအပြစ်ပြုသူတို့ကို ခွင့်လွှတ်တော်မူ၍ ဝိညာဏပရဒိသုတွင် စိတ်ငြိမ်သက်မှုရှိစေရန် ယခုပင်စွမ်းဆောင်ပေးတော်မူ၏။ ယင်းသို့ဖြစ်ရခြင်းမှာ ဤတောင်းဆိုချက်တို့ကို သူတို့ဖြည့်စွက်ကြသောကြောင့်တည်း။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုတွေ့ကြုံခွင့်ရသည့်အခိုက် ရှာဖွေကြလော့။ နီးစပ်တော်မူသည့်အခိုက် ပတ္ထနာပြုကြလော့။ လူဆိုးသည် ကိုယ့်နည်းလမ်းကိုလည်းကောင်း၊ မတရားသူလည်း ကိုယ့်အကြံအစည်များကိုလည်းကောင်း စွန့်ပယ်၍ ကရုဏာသက်လတ္တံ့သော ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကြွယ်ဝစွာချမ်းသာပေးလတ္တံ့သော ငါတို့ဘုရားသခင့်ထံတော်သို့ ပြန်လာကြစေ။”—ဟေရှာယ ၅၅:၆၊ ၇၊ သမ။
၂။ (က) ဟေရှာယ ၅၅:၆၊ ၇ တွင်ဖော်ပြသည်အတိုင်း ‘ယေဟောဝါကိုရှာဖွေခြင်း’ နှင့် ‘ကိုယ်တော်ထံပြန်လာခြင်း’ အဓိပ္ပာယ်ကားအဘယ်နည်း။ (ခ) ဗာဗုလုန်နိုင်ငံတွင် ပြည်နှင်ခံရသူဂျူးများသည် ယေဟောဝါထံအဘယ်ကြောင့်ပြန်လာရန်လိုအပ်နေသနည်း။ သူတို့မှအချို့ အဘယ်သို့ဖြစ်ခဲ့သနည်း။
၂ “ယေဟောဝါကိုရှာဖွေ” ရန်၊ အလိုတော်နှင့်အညီ ပတ္ထနာပြုရန် လူဆိုးသည် သူ၏လမ်းမှားနှင့်တကွ သူတစ်ပါးအားအဆိုးပြုလိုစိတ်ကို စွန့်ပယ်ပစ်ရမည်။ “ယေဟောဝါထံပြန်လာ” ဖို့လိုရခြင်းကား မှားယွင်းသူသည် တစ်ချိန်က ရင်းနှီးစွာဆက်ဆံခဲ့ဖူးသော ဘုရားသခင်ကိုစွန့်ပယ်ခဲ့ကြောင်းထင်ရှားသည်။ ဘုရားသခင်အပေါ် သစ္စာကင်းမဲ့မှုကြောင့် နောက်ဆုံးဗာဗုလုန်နိုင်ငံသို့ ပြည်နှင်ခံခဲ့ရသော ယုဒပြည်သားများသည် ထိုသို့ပင်ပြုခဲ့၏။ ပြည်နှင်ခံရသူဂျူးများသည် ဗာဗုလုန်နိုင်ငံတွင် သူတို့အား သုံ့ပန်းအဖြစ်သို့ရောက်စေခဲ့ရုံမက ပြည်တော်ကို အနှစ် ၇၀ ဆိတ်သုဉ်းရာအရပ်ဖြစ်စေခဲ့သည့် သူတို့၏ပြစ်မှားမှုများကိုနောင်တယူပြီး ယေဟောဝါထံတော်သို့ပြန်လာရန်လိုအပ်နေသည်။ ဘီစီအီး ၅၃၇ တွင် အစိုးရအမိန့်ဖြင့် ဗာဗုလုန်နိုင်ငံမှလွတ်မြောက်လာသော ဘုရားကိုကြောက်ရွံ့သည့်ဂျူးအကြွင်းအကျန်တို့သည် ထိုပြည်တော်တွင် ပြန်နေထိုင်လာကြသည်။ (ဧဇရ ၁:၁-၈။ ဒံယေလ ၉:၁-၄) ထိုပြန်လည်ထူထောင်ရေးသည် ကြီးမားမွန်မြတ်လှသဖြင့် ယုဒပြည်ကို ဧဒင်ပရဒိသုဘုံနှင့်ပင် ခိုင်းနှိုင်းတင်ပြခဲ့သည်။—ယေဇကျေလ ၃၆:၃၃-၃၆။
၃။ ယုဒပြည်သို့ပြန်လာခွင့်ရသော ဘုရားကြောက်ရွံ့သူဂျူးများကဲ့သို့ ဝိညာဏဣသရေလအကြွင်းအကျန်လည်း မည်သို့တွေ့ကြုံခံစားရသနည်း။
၃ ဗာဗုလုန်နိုင်ငံသို့ပြည်နှင်ခံရပြီးနောက် ယုဒပြည်သို့ပြန်လာခွင့်ရသော ဘုရားကြောက်ရွံ့သူဂျူးများ၏အဖြစ်မျိုးကို ဝိညာဏ ဣသရေလလူမျိုးလည်း တွေ့ကြုံခဲ့ဖူးပါသည်။ (ဂလာတိ ၆:၁၆) ဝိညာဏဣသရေလအကြွင်းအကျန်သည် ပထမကမ္ဘာစစ်အပြီးတွင် သူတို့၏လမ်းစဉ်၊ သူတို့၏အကြံအစည်ကို ပြုပြင်ပြောင်းလဲခဲ့ပါသည်။ ဗာဗုလုန်ဘာသာရေးဆိုင်ရာကမ္ဘာ့အင်ပါယာတည်းဟူသော မဟာဗာဗုလုန်၏ပိုင်နက်တွင် ဘုရားသခင့်မျက်နှာသာအပြည့်မခံစားခဲ့ရသည့် သူတို့ပြည်နှင်ခံရသောကာလ၏အဆုံးကား ၁၉၁၉ ခုနှစ်ပင်ဖြစ်သည်။ လူကိုကြောက်သောစိတ်၊ ယေဟောဝါ၏လုပ်ငန်းတော်၌ မလှုပ်မရှားဖြစ်ခြင်းအပြစ်တို့ကို သူတို့နောင်တယူကြသောအခါ မဟာဗာဗုလုန်မှ သူတို့အားကိုယ်တော်လွတ်မြောက်စေပြီး သူတို့ရှိထိုက်သောဝိညာဏအခြေအနေသို့ ပြန်ရောက်စေလျက် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကိုဟောပြောရန် သူတို့အားပြန်အသုံးပြုတော်မူလေသည်။ ထိုအချိန်မှစ၍ ဘုရားသခင့်လူများအဖွဲ့တွင် ဝိညာဏပရဒိသုဖွံ့ဖြိုးလာခဲ့ရာ မြင့်မြတ်သောနာမတော်ဂုဏ်တင်ချီးမွမ်းစရာဖြစ်စေခဲ့ပြီ။ (ဟေရှာယ ၅၅:၈-၁၃) ထိုကြောင့် ဘုရားသခင့်ခွင့်လွှတ်ခြင်းကိုခံရပြီးနောက် ကောင်းချီးများရရှိလာကြောင်း၊ နောင်တယူသူတို့ကို ယေဟောဝါသည် ကြွယ်ဝစွာအမှန်ခွင့်လွှတ်တော်မူကြောင်း ရှေးစံနမူနာနှင့် မျက်မှောက်ပုံဆောင်ချက်တို့တွင် ထင်ရှားနေသည်။ ယင်းသည်မှန်ကန်သလော။
၄။ ယေဟောဝါ၏ကျေးကျွန်အချို့ ဘာကိုကြောက်ရွံ့နေကြသနည်း။
၄ ထိုကြောင့်ယေဟောဝါ၏မျက်မှောက်ခေတ်ကျေးကျွန်များသည် ကိုယ်တော်၏ခွင့်လွှတ်တတ်သောသဘောကို ယုံကြည်စိတ်ချနိုင်သည်။ သို့ဖြစ်၍ပင် ပြုမိခဲ့သောအမှားများကြောင့် အချို့တို့သည် စိတ်ညှိုးငယ်ပြီး အပြစ်ရှိသည်ဟူသောစိတ်ထား၏လွှမ်းမိုးမှုကိုခံနေရ၏။ ထိုကြောင့် မိမိသည် ဝိညာဏပရဒိသုနှင့်မထိုက်တန်ဟုယူမှတ်ကြသည်။ အချို့ဆိုလျှင် ခွင့်လွှတ်ခြင်းမရနိုင်သောအပြစ်ကို မိမိပြုမိပြီဖြစ်၍ ယေဟောဝါ၏ခွင့်လွှတ်ခြင်းကို ခံရတော့မည်မဟုတ်ဟူ၍ အချို့စိုးရိမ်နေကြသည်။ ယင်းသည်မှန်ကန်သလော။
အချို့အပြစ်များမှာ ခွင့်လွှတ်ခြင်းမရှိ
၅။ အပြစ်အချို့သည် ခွင့်လွှတ်ခြင်းမရှိဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၅ အပြစ်အချို့သည် ခွင့်လွှတ်ခြင်းမရှိပါ။ ယေရှုခရစ် ဤသို့မိန့်တော်မူခဲ့သည်။ “ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည်ရနိုင်ကြ၏။ ဝိညာဉ်တော်ကိုကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည်မရနိုင်ကြ။” (မဿဲ ၁၂:၃၁) ထိုကြောင့် ဘုရားသခင်၏သန့်ရှင်းသော ဝိညာဉ်တော်၊ သို့မဟုတ် လှုပ်ရှားတော်မူသည့်စွမ်းအားကို ကဲ့ရဲ့ခြင်းအပြစ်အတွက် ခွင့်လွှတ်ခြင်းမရှိပါ။ “အလင်းသို့တစ်ခါရောက်၍ . . . ရွေ့လျော့ဖောက်ပြန်သောသူတို့သည် မိမိတို့တွင် ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်မှာကွပ်မျက်၍ အသရေတော်ကိုရှုတ်ချသောသူဖြစ်သောကြောင့် နောက်တစ်ဖန်နောင်တရအံ့သောငှာ အသစ်ပြုပြင်ခြင်းသို့မရောက်နိုင်ကြ။”—ဟေဗြဲ ၆:၄-၆။
၆။ အပြစ်တစ်ခုသည် ခွင့်လွှတ်နိုင်မနိုင် မည်သို့သတ်မှတ်မည်နည်း။
၆ ခွင့်လွှတ်ခြင်းမရှိသောအပြစ်ကို တစ်ဦးတစ်ယောက်ပြုမိသည်၊ မပြုမိသည်ကို ဘုရားသခင်သာစီရင်နိုင်သည်။ သို့ရာတွင် ပေါလုဤသို့ရေးခဲ့စဉ်က ယင်းအကြောင်းကိုသဘောပေါက်စေသည်။ “သမ္မာတရားကိုသိပြီးမှ ကိုယ်အလိုသို့လိုက်၍ ပြစ်မှားပြန်လျှင် နောက်တစ်ဖန်အပြစ်ဖြေသောယဇ်ကိုပူဇော်ရာအခွင့်မရှိဘဲ ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက်ဖွယ်သောမျှော်လင့်ရသောအကြောင်း . . . ရှိ၏။” (ဟေဗြဲ ၁၀:၂၆၊ ၂၇) ဇွတ်တရွတ်သမားသည် တမင်တကာပြုမူတတ်သည်။ သို့မဟုတ် “ခေါင်းမာမာဖြင့် တဇောက်ကန်းသဘောအတိုင်း ကိုယ်ကြိုက်နှစ်သက်ရာကိုပြုတတ်” သူဖြစ်သည်။ (Webster’s New Collegiate Dictionary) သမ္မာတရားကိုသိရှိပြီးနောက်တွင် အပြစ်ကိုဇွတ်တရွတ်ဆက်၍ပြုနေမည်ဆိုလျှင် ခွင့်လွှတ်ခံရမည်မဟုတ်ပါ။ ထိုကြောင့် ပြစ်မှုထက် သူ၏နှလုံးအခြေအနေ၊ သိလျက်နှင့်ကျူးလွန်သည့်အတိုင်းအတာကိုထောက်၍ အပြစ်လွှတ်ခြင်းရှိနိုင်သည်၊ မရှိနိုင်သည်ကို ဆုံးဖြတ်စီရင်ပါလိမ့်မည်။ တစ်ဖက်ကကြည့်ပြန်လျှင် ပြစ်မှားသောခရစ်ယာန်တစ်ဦးသည် မိမိ၏အမှားအတွက် စိတ်အနှောင့်အယှက်များစွာဖြစ်နေလျှင်ကော။ ဤမျှထိတိုင် သူစိုးရိမ်နေသည့်အတွက် ခွင့်လွှတ်ခြင်းမရနိုင်သည့်အပြစ်မျိုးကို သူပြုခဲ့ပြီမဟုတ်ကြောင်း ထင်ရှားစေသည်။
သူတို့၏အပြစ်များသည် ခွင့်လွှတ်ခြင်းမရှိ
၇။ ယေရှုကိုဆန့်ကျင်ခဲ့သော ဂျူးဘာသာရေးခေါင်းဆောင်အချို့သည် ခွင့်လွှတ်ခြင်းရမည်မဟုတ်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
၇ ယေရှုကိုဆန့်ကျင်ခဲ့သော ဂျူးဘာသာရေးခေါင်းဆောင်အချို့သည် ဇွတ်တရွတ်ပြစ်မှားခဲ့ကြသောကြောင့် ခွင့်လွှတ်ခြင်းရမည်မဟုတ်ပါ။ ယေရှုသည် ကောင်းမှုများပြုကာ အံ့ဖွယ်အမှုတို့ကိုပြခဲ့စဉ် ကိုယ်တော်မှတစ်ဆင့် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်လှုပ်ရှားနေကြောင်း ဘာသာရေးခေါင်းဆောင်များတွေ့မြင်လျက်ပင် ကိုယ်တော်၏တန်ခိုးသည် ဗေလဇေဗုလ၊ သို့မဟုတ် စာတန်မာရ်နတ်ထံမှဖြစ်သည်ဟု အခိုင်အမာပြောကြသည်။ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်ဖြစ်သည်ကို မငြင်းဆန်နိုင်ဘဲလျက်ကယ် သိသိကြီးပင် သူတို့ပြစ်မှားခဲ့ကြသည်။ ထိုကြောင့် ခွင့်လွှတ်ခြင်းမရှိနိုင်သောအပြစ်ကို သူတို့ပြုခဲ့ကြောင်း ယေရှု ဤသို့ဆိုသည်။ “သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌မလွှတ်နိုင်။”—မဿဲ ၁၂:၂၂-၃၂။
၈။ ယုဒရှကာရုတ်၏အပြစ်သည် အဘယ်ကြောင့်ခွင့်လွှတ်၍မရသနည်း။
၈ ယုဒရှကာရုတ်၏အပြစ်သည်လည်း ခွင့်လွှတ်ခြင်းမရှိပါ။ ယေရှုကိုသူသစ္စာဖောက်၍ ရောင်းစားခဲ့ခြင်းသည် မရိုးသားသည့်အရေခြုံလမ်းစဉ်၏ ဇွတ်တရွတ်မိုက်ကန်းစွာပြုမူခြင်း၏လမ်းဆုံးဖြစ်သည်။ ဥပမာ၊ ယေရှုအား မာရိက အဖိုးကြီးသောဆီနှင့်လိမ်းကျံပေးသည်ကို ယုဒမြင်သောအခါ သူက “ထိုဆီမွှေးကို ဒေနာရိအပြားသုံးရာအဖိုးနှင့်ရောင်း၍ ဆင်းရဲသောသူတို့အား အဘယ်ကြောင့်မပေးသနည်း” ဟုဆို၏။ တမန်တော်ယောဟန်ဆက်ရှင်းပြသည်ကား “ဆင်းရဲသောသူတို့အကျိုးကိုထောက်၍ဆိုသည်မဟုတ်။ မိမိသည် သူခိုးဖြစ်လျက် တပည့်တော်များသုံးရန်ငွေအိတ်ကိုဆောင်၍ နှိုက်ယူတတ်သောကြောင့်သာ” ဖြစ်သည်။ ထိုနောက်များမကြာမီပင် ယေရှုအားယုဒသည် ငွေအကျပ်သုံးဆယ်ဖြင့်အပ်နှံခဲ့သည်။ (ယောဟန် ၁၂:၁-၆။ မဿဲ ၂၆:၆-၁၆) ယုဒသည် အလွန်ဝမ်းနည်းလျက်ကိုယ်ကိုယ်ကိုသတ်သေခဲ့သည်မှန်၏။ (မဿဲ ၂၇:၁-၅) သို့သော် သူ့အတွက် ခွင့်လွှတ်ခြင်းမရှိပါ။ အကြောင်းမူကား၊ သူ၏တမင်ပြုမူခဲ့သောကိုယ်ကျိုးရှာလမ်းစဉ်နှင့် သူ၏စဉ်းလဲသောအပြစ်က သန့်ရှင်းသောဝိညာဉ်တော်ကိုပြစ်မှားခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။ ထိုကြောင့် ယုဒအား “ပျက်စီးခြင်း၏သား” ဟုယေရှုခေါ်ဆိုခြင်းသည် လျောက်ပတ်ပေသည်။—ယောဟန် ၁၇:၁၂။ မာကု ၃:၂၉။ ၁၄:၂၁။
သူတို့အပြစ်များ ခွင့်လွှတ်ခံရ
၉။ ဗေသရှေဘနှင့်ဒါဝိဒ်ပြုသောအပြစ်များကို ဘုရားသခင်အဘယ်ကြောင့် ခွင့်လွှတ်ခဲ့သနည်း။
၉ တမင်ပြုသောအပြစ်များသည် ဘုရားသခင်ခွင့်လွှတ်သည့်အပြစ်များနှင့် အလွန်ခြားနားပါသည်။ ဥပမာအနေနှင့် ဣသရေလဘုရင်ဒါဝိဒ်ကိုကြည့်ပါ။ သူသည် ဥရိယဇနီး၊ ဗေသရှေဘနှင့်မတရားမေထုန်ပြုကျင့်ပြီးနောက် စစ်တိုက်စဉ် ဥရိယသေဆုံးသွားစေရန် ယွာဘအားစီမံစေသည်။ (၂ ဓမ္မရာဇဝင် ၁၁:၁-၂၇) ဒါဝိဒ်ကို ဘုရားသခင်အဘယ်ကြောင့် ကရုဏာပြခဲ့ရသနည်း။ အဓိကအကြောင်းမှာ ဘုရားသခင့်နိုင်ငံတော်ပဋိညာဉ်အတွက်ဖြစ်သည်။ သို့သော်ဒါဝိဒ်ကိုယ်တိုင်၏ကရုဏာနှင့် သူ၏စစ်မှန်သောနောင်တကြောင့်လည်းဖြစ်သည်။—၁ ဓမ္မရာဇဝင် ၂၄:၄-၇။ ၂ ဓမ္မရာဇဝင် ၇:၁၂။ ၁၂:၁၃။
၁၀။ ပေတရုသည် ကြီးလေးသောအပြစ်ကိုပြုခဲ့သော်လည်း သူ့အားအဘယ်ကြောင့်ဘုရားသခင်ခွင့်လွှတ်တော်မူသနည်း။
၁၀ တမန်တော်ပေတရုကိုလည်း သတိရပါ။ ယေရှုအားငြင်းပယ်ခြင်းဖြင့် ကြီးလေးသောအပြစ်ကို အကြိမ်ကြိမ်ပြုခဲ့ပါသည်။ ပေတရုကို ဘုရားသခင်အဘယ်ကြောင့်ခွင့်လွှတ်ခဲ့သနည်း။ ယုဒရှကာရုတ်နှင့်မတူဘဲ ဘုရားသခင်၏အမှုတော်ကို ခရစ်တော်နှင့်အတူဆောင်ရွက်ရာတွင် သူသည် ရိုးသားမှန်ကန်စွာပြုမူခဲ့သည်။ ဤတမန်တော်၏အပြစ်သည် သွေးသားအားနည်းမှုကြောင့်ဖြစ်၍ သူတကယ်နောင်တရစွာဖြင့် “ပြင်းစွာငိုကြွေးလေ၏။”—မဿဲ ၂၆:၆၉-၇၅။
၁၁။ “နောင်တရခြင်း” ကိုသင်မည်သို့အဓိပ္ပာယ်ဖွင့်မည်နည်း။ အမှန်တကယ်နောင်တရမည်ဆိုလျှင် ဘာလုပ်သင့်သနည်း။
၁၁ ကြီးလေးသောအပြစ်များပြုသူပင် ယေဟောဝါဘုရားသခင်၏ခွင့်လွှတ်ခြင်းကိုရရှိနိုင်ကြောင်း အထက်ပါဥပမာများကတင်ပြပါသည်။ သို့သော်ခွင့်လွှတ်ခံရရန် အဘယ်သဘောထားရှိရန်လိုသနည်း။ ဘုရားသခင့်ခွင့်လွှတ်မှုကိုခံစားရရန် စစ်မှန်သောနောင်တရှိဖို့လိုပါသည်။ နောင်တရခြင်းအဓိပ္ပာယ်ကား “ပြုမိခဲ့သောမှားယွင်းမှုများအတွက် နောင်ကြဉ်ခြင်းကြောင့် အပြစ်မပြုတော့ဘဲနေခြင်း” သို့မဟုတ် “ကိုယ်ပြုမိသည့်၊ သို့မဟုတ် ပြုရန်ပျက်ကွက်မှုကြောင့် ဝမ်းနည်းသည်၊ သို့မဟုတ် ကြေကွဲသောစိတ်ရှိခြင်း” ဖြစ်သည်။ (Webster’s Third New International Dictionary) အမှန်တကယ်နောင်တရသူသည် မိမိ၏အပြစ်ကြောင့် ယေဟောဝါ၏နာမနှင့်အဖွဲ့အစည်းအပေါ် ကျရောက်လာသောရှုတ်ချမှု၊ ဝမ်းနည်းစရာအဖြစ်၊ သို့မဟုတ် ပြဿနာများအတွက် ဝမ်းနည်းကြေကွဲစိတ်ရှိကြောင်းတင်ပြပါလိမ့်မည်။ နောင်တရသောအပြစ်ပြုသူသည် နောင်တတရားနှင့်ကိုက်ညီသည့်အကျင့်များကိုလည်း ပြုမူမည်ဖြစ်သည်။ (မဿဲ ၃:၈။ တမန်တော် ၂၆:၂၀) ဥပမာ၊ တစ်ဦးတစ်ယောက်ကိုလျှပ်စားဖြတ်စားလုပ်ခဲ့မည်ဆိုလျှင် နစ်နာကြေးကို လျော်ပေးရန် လိုအပ်သလိုပြုမူဆောင်ရွက်ပေးမည်။ (လုကာ ၁၉:၈) ဤသို့သောနောင်တရသူခရစ်ယာန်တစ်ဦးသည် ယေဟောဝါ၏ခွင့်လွှတ်ခြင်းကို ကြွယ်ဝစွာခံစားရမည်အကြောင်း စိတ်ချနိုင်စရာကျမ်းပေးသာဓကများစွာရှိသည်။ ယင်းတို့ကား အဘယ်နည်း။
ဘုရားသခင့်ခွင့်လွှတ်ခြင်းခံရရန်စိတ်ချနိုင်သည့်အကြောင်းများ
၁၂။ နောင်တရသူသည် ခွင့်လွှတ်ခံရရန်ဆုတောင်းနိုင်ကြောင်း ဆာလံ ၂၅:၁၁ က မည်သည့်အရာအပေါ်အခြေခံလျက်တင်ပြသနည်း။
၁၂ ယေဟောဝါ၏နာမတော်ကိုထောက်၍ နောင်တယူသည့်ပြစ်မှားသူသည် ခွင့်လွှတ်ခံရမည်အကြောင်း စိတ်ချယုံကြည်စွာဆုတောင်းနိုင်သည်။ ဒါဝိဒ် ဤသို့အသနားခံခဲ့သည်။ “အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] အကျွန်ုပ်၏အပြစ်များလှသောကြောင့် နာမတော်ကိုထောက်၍ ချမ်းသာပေးတော်မူပါ။” (ဆာလံ ၂၅:၁၁) ဤကဲ့သို့သောဆုတောင်းချက်နှင့်အတူ ဘုရားသခင့်နာမတော်အပေါ် ပြစ်မှားသူ သက်ရောက်စေခဲ့သော မည်သည့်ရှုတ်ချမှုမဆိုအတွက် နောင်တရခြင်းသည် နောက်နောင်ကြီးလေးသောအပြစ်ကိုမပြုမိရန် အတားအဆီးအဖြစ် ဟန့်တားပေးသင့်သည်။
၁၃။ ခွင့်လွှတ်ခံရရန် ဆုတောင်းခြင်းသည် မည်မျှတာသွားသနည်း။
၁၃ မှားယွင်းမိသော်လည်းနောင်တယူသောကျေးကျွန်တို့၏ နှလုံးပါစွာတောင်းလျှောက်သောဆုတောင်းချက်များကို ယေဟောဝါ ဘုရားသခင်ဖြေဆိုပေးတော်မူ၏။ ဥပမာ၊ ဗေသရှေဘနှင့်ပြုခဲ့သည့်အပြစ်များသည် မည်မျှကြီးလေးကြောင်းကို ဒါဝိဒ်သိရှိပြီးနောက် နှလုံးလှိုက်လှဲစွာဆုတောင်းခဲ့သောဒါဝိဒ်၏ အသနားခံချက်များကို ယေဟောဝါနားညောင်းတော်မူခဲ့သည်။ အမှန်သော်ကား၊ ဆာလံ ၅၁ ပါဒါဝိဒ်၏စကားများသည် အသနားခံသူများ၏စိတ်နေသဘောထားကိုဖော်ပြသည်။ သူဤသို့ပန်ကြားခဲ့သည်။ “အိုဘုရားသခင်၊ ကျေးဇူးပြုချင်သောစေတနာစိတ်တော်ရှိသည်အတိုင်း အကျွန်ုပ်ကိုသနားတော်မူပါ။ စုံမက်တော်မူခြင်းကရုဏာများပြားသည်နှင့်အညီ အကျွန်ုပ်လွန်ကျူးခြင်းအပြစ်ကို ဖြေတော်မူပါ။ ဒုစရိုက်အညစ်အကြေးကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်ကိုသန့်ရှင်းစေတော်မူပါ။ ဘုရားသခင်နှစ်သက်တော်မူသောယဇ်မူကား ကျိုးပဲ့သောစိတ်ပေတည်း။ အိုဘုရားသခင် ကိုယ်တော်သည် ကျိုးပဲ့ကြေမွသောနှလုံးကိုငြင်းပယ်တော်မမူတတ်ပါ။”—ဆာလံ ၅၁:၁၊ ၂၊ ၁၇။
၁၄။ ယေရှု၏ရွေးဖိုးပူဇော်သက္ကာ၌ယုံကြည်ခြင်းရှိကြောင်းတင်ပြသူများအား ဘုရားရှင်ခွင့်လွှတ်ကြောင်း ကျမ်းစာက မည်သို့အာမခံသနည်း။
၁၄ ယေရှု၏ရွေးဖိုးပူဇော်သက္ကာ၌ယုံကြည်ခြင်းရှိကြောင်းတင်ပြသူများအား ဘုရားသခင်ခွင့်လွှတ်တော်မူ၏။ ပေါလုဤသို့ရေးသားခဲ့သည်။ “ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည်ခံရကြ၏။” (ဧဖက် ၁:၇) ထပ်တူအဓိပ္ပာယ်မျိုးဖြင့် တမန်တော်ယောဟန် ဤသို့ရေးသားခဲ့သည်။ “ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှာ ဤအရာများကို သင်တို့အားငါရေး၍ပေးလိုက်၏။ တစ်စုံတစ်ယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင် ဖြောင့်မတ်တော်မူသောအရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ရှိတော်မူ၏။ ထိုသခင်သည် ငါတို့၏အပြစ်မက၊ လောကီသားအပေါင်းတို့၏အပြစ်ဖြေစရာအကြောင်းဖြစ်တော်မူ၏။”—၁ ယောဟန် ၂:၁၊ ၂။
၁၅။ ဘုရားသခင့်ကရုဏာကိုဆက်ခံစားရရန် ပြစ်မှားသူသည် ဘာလုပ်ရမည်နည်း။
၁၅ ခွင့်လွှတ်ခံရမည်ဟု နောင်တရသောပြစ်မှားသူသည် ယေဟောဝါ၏ကရုဏာကိုထောက်ထား၍ ယုံကြည်စိတ်ချနိုင်သည်။ နေဟမိဤသို့ဆိုသည်။ “ကိုယ်တော်သည် အပြစ်ကိုဖြေတတ်သောဘုရား၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်းနှင့်ကြွယ်ဝသောဘုရား ဖြစ်တော်မူ” ၏။ (နေဟမိ ၉:၁၇။ ထွက်မြောက်ရာ ၃၄:၆၊ ၇ နှိုင်းယှဉ်။) ဘုရားသခင့်ကရုဏာကိုဆက်ခံစားရရန် ပြစ်မှားသူသည် ဘုရားသခင့်ပညတ်ကိုစောင့်ရှောက်ရန်ကြိုးစားနေရမည်။ ဆာလံဆရာပြောသည့်အတိုင်းဖြစ်သည်။ “ကိုယ်တော်၏တရားသည် အကျွန်ုပ်မွေ့လျော်ရာဖြစ်ပါ၏။ ထိုကြောင့် အကျွန်ုပ်အသက်ရှင်မည်အကြောင်း သနားစုံမက်တော်မူခြင်းသည် သက်ရောက်ပါစေသော။ အိုထာဝရဘုရား [ယေဟောဝါ၊ ကဘ] သနားစုံမက်တော်မူခြင်းသဘောသည် ကြွယ်ဝပါ၏။ စီရင်တော်မူချက်နှင့်အညီ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။”—ဆာလံ ၁၁၉:၇၇၊ ၁၅၆။
၁၆။ ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်သည်ကို ယေဟောဝါထည့်တွက်တော်မူကြောင်းသိထားခြင်းက အဘယ်စိတ်သက်သာရာရစေသနည်း။
၁၆ ကျွန်ုပ်တို့သည် အပြစ်သားများဖြစ်သည်ကို ယေဟောဝါထည့်တွက်တော်မူခြင်းအကြောင်းက နောင်တယူသောပြစ်မှားသူအား စိတ်သက်သာရာရစေ၍ သူ့အားဘုရားသခင်ခွင့်လွှတ်တော်မူမည်ကို စိတ်ချစွာဆုတောင်းနိုင်စေသည်။ (ဆာလံ ၅၁:၅။ ရောမ ၅:၁၂) ဆာလံဆရာဒါဝိဒ်၏ ဤအာမခံချက်က စိတ်သက်သာမှုရရှိစေသည်။ “ငါတို့ပြစ်မှားခြင်းနှင့်အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့၌ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကိုပေးတော်မမူတတ်။ မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည်အတိုင်း ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်ရွံ့သောသူတို့၌ ကရုဏာတော်သည် အားကြီးပေ၏။ အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့်ဝေးသည်အတိုင်း ငါတို့အပြစ်များကို ငါတို့နှင့်ဝေးစေတော်မူ၏။ အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည်ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။ အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓာကိုသိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။” (ဆာလံ ၁၀၃:၁၀-၁၄) မှန်ပေ၏။ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် လူသားဖခင်တစ်ဦးထက်ပင် ကရုဏာတရားရှိ၍ ထောက်ထားစာနာတော်မူသည်။
၁၇။ လွန်ခဲ့သောအချိန်က သစ္စာရှိစွာဘုရားသခင့်အမှုတော်ထမ်းဆောင်ခဲ့ခြင်းက ခွင့်လွှတ်ခြင်းအတွက် အဘယ်အထောက်အကူပြုသနည်း။
၁၇ လွန်ခဲ့သောအချိန်က သစ္စာရှိစွာအမှုတော်ထမ်းဆောင်ခဲ့ကြောင်းကို ယေဟောဝါလျစ်လျူရှုတော်မူမည်မဟုတ်ကြောင်း စိတ်ချစွာဖြင့် နောင်တရသောပြစ်မှားသူတစ်ဦး ခွင့်လွှတ်ပါရန် ဆုတောင်းအသနားခံနိုင်သည်။ မိမိအပြစ်ကိုခွင့်လွှတ်ပါရန် နေဟမိအသနားခံနေခြင်းမဟုတ်သော်လည်း သူက “အိုအကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကိုသတိရ၍ ကျေးဇူးပြုတော်မူပါ” ဟုပြောခဲ့ဖူးသည်။ (နေဟမိ ၁၃:၃၁၊ သမ) နောင်တယူသောခရစ်ယာန်တစ်ဦးသည် ဤစကားများကြောင့် စိတ်သက်သာမှုရရှိနိုင်သည်။ ‘နာမတော်ကိုထောက်၍ သင်တို့ပြသောမေတ္တာကျေးဇူးနှင့် ကိုယ်ကျင့်များကိုမေ့လျော့ရန် ဘုရားသခင်သည် ဖြောင့်မတ်ခြင်းကင်းတော်မူသည်မဟုတ်။’—ဟေဗြဲ ၆:၁၀။
အသက်ကြီးသူများထံမှ အကူအညီ
၁၈။ ခရစ်ယာန်တစ်ဦး၏ပြစ်မှားမှုက သူ့အားဝိညာဉ်ရေးဘက် ရောဂါရရှိစေပြီဆိုလျှင် ဘာလုပ်သင့်သနည်း။
၁၈ ဝိညာဏပရဒိသုတွင်ဆက်တည်နေရန်မထိုက်တန်ဟု ခရစ်ယာန်တစ်ဦးခံစားရမည်ဆိုလျှင်ကော။ သို့မဟုတ် သူ၏ပြစ်မှားမှုက သူ့အားဝိညာဉ်ရေးဘက် ရောဂါရရှိစေနေသည့်အတွက် ဆုမတောင်းနိုင်လျှင်ကော။ “သင်းအုပ်တို့ကိုခေါ်၍ သူတို့သည် သခင်ဘုရား၏နာမတော်ကိုအမှီပြုလျက် လူနာကိုဆီနှင့်လူး၍သူ့အပေါ်မှာ ဆုတောင်းကြစေ” ဟုတပည့်တော်ယာကုပ်ရေးသားခဲ့သည်။ “ယုံကြည်ခြင်း၏ပတ္ထနာသည် လူနာကိုကယ်ဆယ်၍ သခင်ဘုရားသည် သူ့ကိုထမြောက်စေတော်မူမည်။ သူသည် အပြစ်ပြုမိသော်လည်း ထိုအပြစ်ကိုလွှတ်တော်မူမည်။” မှန်သည်။ အသင်းတော်အကြီးအကဲများသည် နောင်တရသောယုံကြည်သူချင်းနှင့်အတူ သူ့အားဝိညာဏကျန်းမာမှုပြန်ရရှိလာစေရန် ထိရောက်စွာဆုတောင်းပေးနိုင်ပါသည်။—ယာကုပ် ၅:၁၄-၁၆။
၁၉။ အသင်းတော်မှနှင်ထုတ်ခံရသူသည် အပြစ်လွှတ်ခြင်းနှင့် အသင်းတော်ထဲပြန်လက်ခံခွင့်ရရှိရန် သူဘာလုပ်သင့်သနည်း။
၁၉ တရားရေးကော်မတီသည် နောင်တမယူသောအပြစ်ပြုသူအား အသင်းတော်မှနှင်ထုတ်ရဦးတော့ အပြစ်လွှတ်ခြင်းအခွင့်မရှိသည့်အပြစ်မျိုးကို သူပြုခဲ့ပြီမဟုတ်ပါ။ သို့သော်အပြစ်လွှတ်ခံရပြီး အသင်းတော်ထဲပြန်လက်ခံခွင့်ရရှိရန် ဘုရားသခင့်ပညတ်ချက်များကို သူနာခံလိုက်လျှောက်၍ နောင်တရကြောင်းတင်ပြသည့်အကျင့်များကိုကျင့်ရမည်။ ထိုနောက် အသင်းထဲပြန်လက်ခံပေးပါရန် အကြီးအကဲများအား အကြောင်းကြားရမည်။ ရှေးကောရိန္သုအသင်းတော်မှ မတရားမေထုန်ပြုသူတစ်ဦးအား နှင်ထုတ်ခဲ့ပြီးနောက် ပေါလုဤသို့ရေးသားခဲ့သည်။ “အများသောသူတို့စီရင်သောဒဏ်သည် ထိုသူ၏အပြစ်နှင့်တန်ပြီ။ သို့ဖြစ်၍ ထိုသို့သောသူသည် ဝမ်းနည်းခြင်းအားကြီးလျက် မိန်းမောတွေဝေခြင်းမရှိစေခြင်းငှာ သင်တို့သည် ခြားနားသောအားဖြင့် သူ၏အပြစ်ကိုလွှတ်၍ သူ့ကိုနှစ်သိမ့်စေခြင်းငှာပြုသင့်၏။ ထိုကြောင့် သင်တို့သည် သူ့ကိုအမှန်ချစ်ကြသည်ကို ထင်ရှားစွာပြမည်အကြောင်း ငါတောင်းပန်၏။”—၂ ကောရိန္သု ၂:၆-၈။ ၁ ကောရိန္သု ၅:၁-၁၃။
ဘုရားသခင်ခွန်အားပေးတော်မူ၏
၂၀၊ ၂၁။ ခွင့်လွှတ်ခြင်းမခံထိုက်သောအပြစ်ကိုပြုမိပြီဟု စိုးရိမ်နေသူအား အဘယ်အရာသည် အကူအညီဖြစ်နိုင်မည်နည်း။
၂၀ ခွင့်လွှတ်ခြင်းမခံထိုက်သောအပြစ်ကိုပြုမိပြီဟု စိုးရိမ်နေသည့်အတွက် ကျန်းမာရေးချို့ငဲ့မှု သို့မဟုတ် ဖိစီးမှုဖြစ်နေမည်ဆိုလျှင် အနားယူချိန်နှင့်အိပ်ချိန် လုံလောက်စွာရှိခြင်းသည် များစွာအကူအညီဖြစ်လိမ့်မည်။ ဤသို့ဖြစ်နေလျှင် ပေတရု၏စကားများကို အထူးသတိရသင့်သည်။ “သင်တို့ကိုသတိနှင့်ကြည့်ရှုတော်မူသောကြောင့် သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့။” စာတန်ကြောင့် မည်သည့်အခါမျှစိတ်ဓာတ်မကျပါနှင့်။ အကြောင်းမူကား၊ ပေတရုဤသို့ဆက်ပြောထားသည်။ “သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသောမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။ သို့ဖြစ်၍ လူ့ပြည်အရပ်ရပ်တို့၌ရှိသော သင်တို့ညီအစ်ကိုများတို့သည် ထိုသို့သောဆင်းရဲကိုခံရကြသည်ဟု သိမှတ်လျက် ယုံကြည်ခြင်း၌တည်၍ မာရ်နတ်ကိုဆီးတားကြလော့။ . . . ခပ်သိမ်းသောကျေးဇူးကိုပြုတော်မူသောဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကို စုံလင်တည်ကြည်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။”—၁ ပေတရု ၅:၆-၁၀။
၂၁ ထိုကြောင့်သင်သည် နောင်တရပြီဖြစ်သော်လည်း ခွင့်လွှတ်ခြင်းမရှိနိုင်သောအပြစ်ကိုပြုမိပြီဟု စိုးရိမ်နေမည်ဆိုလျှင် ဘုရားသခင့်နည်းလမ်းတော်များသည် ပညာရှိ၏၊ တရားမျှတ၏၊ ကရုဏာရှိ၏ဟူသည်ကို အမြဲသတိရပါ။ သို့ဖြစ်၍ ယုံကြည်ခြင်းရှိစွာ ကိုယ်တော်ထံဆုတောင်းပါ။ “သစ္စာသတိပညာရှိကျေးကျွန်” မှတစ်ဆင့် ကိုယ်တော်ပြင်ဆင်ပေးတော်မူသည့် ဝိညာဏအစာကိုအမြဲသုံးဆောင်နေပါ။ (မဿဲ ၂၄:၄၅-၄၇) ယုံကြည်သူချင်းများနှင့်ပေါင်းသင်းပြီး ခရစ်ယာန်ဓမ္မအမှုတွင် မှန်မှန်ပါဝင်ပါ။ ဤသို့ပြုခြင်းအားဖြင့် သင့်ယုံကြည်ခြင်းတိုးပွားလာပြီး ခွင့်လွှတ်ခြင်းမရှိနိုင်သောအပြစ်ကိုပြုမိပြီဟူသည့် စိုးရိမ်စိတ်မှ သင်ကင်းလွတ်လိမ့်မည်။
၂၂။ နောက်ဆက်၍ အဘယ်အကြောင်းကိုသုံးသပ်ကြမည်နည်း။
၂၂ ယေဟောဝါသည် ကြွယ်ဝစွာခွင့်လွှတ်တတ်သည်ကိုသိထားသည့်အတွက် ဝိညာဏပရဒိသုတွင်နေထိုင်သူများသည် စိတ်သက်သာမှုရရှိနိုင်သည်။ သို့ဖြစ်၍ပင် သူတို့အသက်တာသည် ယနေ့ စုံစမ်းခြင်းများကင်းရှင်းနေသည်ကားမဟုတ်ပါ။ မိမိချစ်ရသူတစ်ဦး သေဆုံးခဲ့သည့်အတွက် သို့မဟုတ် ပြင်းထန်စွာဖျားနာနေသည့်အတွက် စိတ်ညှိုးငယ်နေပေမည်။ ဤအခြေအနေနှင့် အခြားအခြေအနေများတွင်ပင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ယေဟောဝါ၏လူမျိုးကို ကိုယ်တော်ကူညီမစ၍ဦးစီးဦးဆောင်နေကြောင်းကို ကျွန်ုပ်တို့တွေ့ရှိကြရမည်။
သင့်အဖြေများကားအဘယ်နည်း
▫ ယေဟောဝါသည် ‘ကြွယ်ဝစွာခွင့်လွှတ်တော်မူကြောင်း’ အဘယ်သက်သေရှိသနည်း။
▫ အဘယ်အပြစ်မျိုးသည် ခွင့်လွှတ်ခြင်းမရှိသနည်း။
▫ အဘယ်အခြေအနေမျိုးအောက်တွင် အပြစ်လွှတ်ခြင်းခံရသနည်း။
▫ နောင်တရသောပြစ်မှားသူများသည် ဘုရားသခင်၏ခွင့်လွှတ်မှုကို အဘယ်ကြောင့်စိတ်ချနိုင်သနည်း
▫ နောင်တရသောပြစ်မှားသူများအတွက် အဘယ်အကူအညီရှိသနည်း။
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ဒါဝိဒ်နှင့်ပေတရုတို့ ခွင့်လွှတ်ခံရသော်လည်း ယုဒရှကာရုတ်မူ အဘယ်ကြောင့်ခွင့်လွှတ်မခံရကြောင်း သင်သိပါသလော
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
အသင်းတော်အကြီးအကဲများ၏အကူအညီသည် ခရစ်ယာန်တစ်ဦးအား ဝိညာဉ်ရေးအရ များစွာအကူအညီဖြစ်နိုင်သည်