ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၂/၁ စာ. ၁၆-၂၁
  • ဘုရားသခင့်နိုင်ငံတော် —ယင်းကို သင်နားလည်နေပြီလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်နိုင်ငံတော် —ယင်းကို သင်နားလည်နေပြီလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ဘုရားသခင့်နိုင်ငံတော်ကို နားလည်ခြင်း’
  • တတ်သိနားလည်မှုဖြင့် ဒွန်တွဲပါလာသည့် တာဝန်
  • ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်၍ ကိုယ့်ကိုယ်ကို ဆန်းစစ်ခြင်း
  • “မတရားသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ”
  • ဘုရားသခင့်နိုင်ငံတော်အကြောင်း ယေရှု သွန်သင်ခဲ့ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဘုရားသခင့်နိုင်ငံတော်သည် သင့်အတွက်အဘယ်အဓိပ္ပာယ်ရှိနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဘုရားသခင့်နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အမှန်တရား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
  • ဘုရားသခင့်နိုင်ငံတော် အုပ်စိုးပြီ
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၂/၁ စာ. ၁၆-၂၁

ဘုရားသခင့်နိုင်ငံတော် —ယင်းကို သင်နားလည်နေပြီလော

“ကောင်းသောမြေတွင် ကြဲထားသောသူမူကား၊ တရားတော်ကိုကြားနာ၍ နားလည်သော . . . သူဖြစ်သတည်း။” —မဿဲ ၁၃:၂၃၊ သမ။

၁။ ‘ကောင်းကင်နိုင်ငံတော်’ နှင့်စပ်လျဉ်း၍ အများလက်ခံထားသော ယုံကြည်ချက်တချို့ကား အဘယ်နည်း။

ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်၍ သင် ‘နားလည်’ ပြီလော။ ‘ကောင်းကင်နိုင်ငံတော်’ နှင့်ပတ်သက်သော ထင်မြင်ယူဆချက်များသည် ရာစုများတစ်လျှောက်တွင် အကြီးအကျယ်ကွဲပြားခြားနားခဲ့ပြီ။ ယနေ့ချာ့ချ်အသင်းသားတချို့တွင် အများလက်ခံထားသောယုံကြည်ချက်မှာ ဘုရားသခင့်နိုင်ငံတော်သည် ဘုရားသခင်က လူတစ်ဦး၏နှလုံးတွင်းသို့ ပြောင်းလဲထည့်သွင်းပေးသည့် အရာတစ်ခုဖြစ်သည်ဟူ၏။ အခြားသူများမူ ယင်းသည် လူကောင်းများသေဆုံးပြီးနောက် ထာဝရသုခချမ်းသာကို စံစားဖို့သွားသည့် ဌာနေတစ်ခုဖြစ်သည်ဟု ယူဆကြသည်။ ထို့အပြင် အခြားသူများက ခရစ်ယာန်သွန်သင်ချက်များနှင့် အကျင့်အကြံများကို လူမှုရေးရာနှင့် အုပ်ချုပ်မှုရေးရာများတွင် စိမ့်ဝင်အောင် လုပ်ဆောင်ခြင်းအားဖြင့် ကမ္ဘာပေါ်တွင် ဘုရားသခင့်နိုင်ငံတော်ကိုတည်ထောင်ရန် ဘုရားသခင်က လူသားများကိုလွှဲအပ်ထားသည်ဟု အခိုင်အမာဆိုကြသည်။

၂။ ဘုရားသခင့်နိုင်ငံတော်ကို ကျမ်းစာက မည်သို့ရှင်းပြသနည်း၊ ယင်းက အဘယ်အရာကို ဖြစ်မြောက်စေမည်နည်း။

၂ သို့သော် ကျမ်းစာက ဘုရားသခင့်နိုင်ငံတော်သည် ကမ္ဘာပေါ်တွင် တည်ထောင်မည်မဟုတ်ကြောင်း ရှင်းလင်းစွာဖော်ပြသည်။ ယင်းသည် နှလုံး၏အခြေအနေတစ်ခုမဟုတ်သကဲ့သို့ လူ့ဘောင်လောကကို ခရစ်ယာန်ဘာသာပြောင်းခြင်းလည်းမဟုတ်ပါ။ မှန်ပါသည်၊ ဘုရားသခင့်နိုင်ငံတော်သည် အဘယ်အရာဖြစ်ကြောင်း မှန်ကန်စွာနားလည်ခြင်းက ယင်းကိုယုံကြည်ကြောင်း လက်တွေ့ပြသသူများ၏အသက်တာတွင် အကြီးအကျယ်ပြောင်းလဲမှုများ ဖြစ်စေသည်။ သို့သော် ဘုရားသခင့်နိုင်ငံတော်ကိုယ်နှိုက်သည် ဘုရားသခင့်အလိုတော်ကို ဖြည့်ဆည်းပေးသည့် ဘုရားသခင်တည်ထောင်သော ကောင်းကင်ဆိုင်ရာအစိုးရတစ်ခုဖြစ်ရာ အပြစ်နှင့်သေခြင်း၏အကျိုးဆက်များကို ဖယ်ရှားပစ်ပြီး ကမ္ဘာပေါ်တွင် ဖြောင့်မတ်သောအခြေအနေများကို ပြန်လည်နေရာချပေးမည်ဖြစ်သည်။ ဤနိုင်ငံတော်သည် ကောင်းကင်တွင် အာဏာရယူထားပြီးဖြစ်ရာ မကြာမီတွင် “အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”—ဒံယေလ ၂:၄၅; ဗျာဒိတ် ၁၁:၁၅; ၁၂:၁၀။

၃။ ယေရှုသည် မိမိ၏ဓမ္မအမှုအစပြုချိန်တွင် လူသားများအတွက် အဘယ်အရာကို လမ်းဖွင့်ပေးတော်မူခဲ့သနည်း။

၃ သမိုင်းဆရာ အိတ်ချ်. ဂျီ. ဝဲလ်စ် ကဤသို့ရေးခဲ့သည်– “ယေရှု၏အဓိကသွန်သင်ချက်ဖြစ်ပြီး ခရစ်ယာန်အယူဝါဒများတွင် မဆိုစလောက်သာပါရှိသော ဤကောင်းကင်နိုင်ငံတော်အယူဝါဒသည် လူ့အတွေးအခေါ်ကို မြေလှန်ကာ လှုံ့ဆော်ပြောင်းလဲမှုအပြုဆုံးအယူဝါဒများထဲမှ တစ်ခုဖြစ်သည်။” ကနဦးကတည်းက ယေရှုဓမ္မအမှု၏အဓိကခေါင်းစဉ်မှာ ဤသို့ဖြစ်သည်– “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။” (မဿဲ ၄:၁၇) ကိုယ်တော်သည် ခန့်အပ်ခံဘုရင်အဖြစ် ကမ္ဘာပေါ်တွင် ရှိခဲ့ပြီး လူသားများအတွက် ယခုဖွင့်ပေးထားသည့် ရွှင်လန်းစရာအကောင်းဆုံးလမ်းစဉ်မှာ ဤနိုင်ငံတော်၏ကောင်းချီးများကို ခံစားရရန်သာမကဘဲ ထိုကောင်းကင်နိုင်ငံတော်တွင် ယေရှုနှင့်အတူ တွဲဖက်ဘုရင်များနှင့် ယဇ်ပုရောဟိတ်များဖြစ်ရန် ပါဝင်သည်!—လုကာ ၂၂:၂၈-၃၀; ဗျာဒိတ် ၁:၆; ၅:၁၀။

၄။ ပထမရာစုတွင် လူသားထုကြီးသည် “နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရား” ကို မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ မည်သည့်စီရင်ချက်ကိုဖြစ်စေသနည်း။

၄ လူသားထုကြီးသည် စိတ်လှုပ်ရှားဖွယ်ကောင်းသည့် “နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား” ကိုကြားခဲ့သော်လည်း လူနည်းစုသာ ယုံကြည်ခဲ့ကြသည်။ ဘာသာရေးခေါင်းဆောင်များက “ကောင်းကင်နိုင်ငံတော်၏တံခါးကို လူတို့ရှေ့မှာပိတ်ထား” သောကြောင့် ဤသို့နည်းနေခြင်းဖြစ်သည်။ သူတို့သည် မိမိတို့၏မှားယွင်းသောသွန်သင်ချက်များအားဖြင့် “အသိပညာဆိုင်ရာသော့ကို ယူသွား” ခဲ့ကြသည်။ လူအများစုသည် ယေရှုကို မေရှိယအဖြစ်လည်းကောင်း၊ ဘုရားသခင့်နိုင်ငံတော်၏ ခန့်အပ်ခံဘုရင်ဖြစ်ကြောင်းကိုလည်းကောင်း ငြင်းဆန်ကြသောကြောင့် ယေရှုက သူတို့ကို ဤသို့မိန့်တော်မူခဲ့သည်– “ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှနုတ်၍ နိုင်ငံတော်၏အသီးကိုသီးအံ့သော လူမျိုးအားပေးရလတ္တံ့။”—မဿဲ ၄:၂၃; ၂၁:၄၃; ၂၃:၁၃; လုကာ ၁၁:၅၂၊ သမ။

၅။ ယေရှု၏ပုံဥပမာများကို ကြားနာခဲ့သူအများစုသည် တတ်သိနားလည်မှုနှင့် မကြားနာခဲ့ကြကြောင်း မည်သို့ပြသခဲ့ကြသနည်း။

၅ တစ်ကြိမ်တွင် လူအုပ်ကြီးကိုသွန်သင်နေစဉ် ယေရှုသည် ထုံးစံရှိသည့်အတိုင်း လူအုပ်ကိုအကဲစမ်းရန်နှင့် ဘုရားသခင့်နိုင်ငံတော်၌ အပေါ်ယံသာစိတ်ဝင်စားသူများကို ခွဲထုတ်ပစ်ရန်အတွက် ပုံဥပမာတွဲတစ်ခုကို အသုံးပြုတော်မူခဲ့သည်။ ဦးဆုံးပုံဥပမာသည် မြေလေးမျိုးတွင် မျိုးကြဲသူနှင့်ပတ်သက်သည်။ ပထမသုံးမျိုးသည် အပင်များစိုက်ပျိုးရန် မသင့်တော်သော်လည်း နောက်ဆုံးတစ်မျိုးမှာမူ အသီးကောင်းများကို ထွက်စေသည့် “ကောင်းသောမြေ” ဖြစ်သည်။ ထိုပုံဥပမာတိုလေးကို ဤတိုက်တွန်းချက်ဖြင့် နိဂုံးချုပ်လိုက်သည်– “နားရှိသောသူမည်သည်ကား နားထောင်ပါစေ။” (မဿဲ ၁၃:၁-၉၊ ကဘ) ရောက်ရှိနေသူအများစုသည် ကိုယ်တော်မိန့်တော်မူသည်ကို ကြားခဲ့ကြသော်လည်း “နားထောင်” ခြင်းမရှိပါ။ သူတို့တွင် လှုံ့ဆော်တွန်းအားပေးသည့်အရာမရှိ၊ အခြေအနေအမျိုးမျိုးအောက်တွင် မျိုးကြဲခြင်းသည် ကောင်းကင်နိုင်ငံတော်နှင့် မည်သို့တူကြောင်းသိဖို့အတွက် အမှန်စိတ်ဝင်စားမှုမရှိကြပါ။ သူတို့သည် မိမိတို့၏နေ့စဉ်ပုံမှန်အသက်ရှင်နေထိုင်ရေးအတွက် အိမ်ပြန်ကြပြီး ယေရှု၏ပုံဥပမာသည် စာရိတ္တရေးဆိုင်ရာအချက်အလက်များပါသည့် ပုံပြင်ကောင်းကောင်းတစ်ခုမျှသာဖြစ်ကြောင်း ထင်မှတ်ထားကြပုံရှိသည်။ တုံ့ပြန်မှုမရှိသောသူတို့၏ နှလုံးသားကြောင့် ကျွမ်းကျွမ်းကျင်ကျင်တတ်သိနားလည်မှု၊ မဟာအခွင့်အရေးနှင့် အခွင့်ထူးများ လက်လွတ်ဆုံးရှုံးသွားခဲ့ရသည်တကား!

၆။ “ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်၍ နက်နဲသောအရာ” ကို အဘယ်ကြောင့် ယေရှုတပည့်တော်များသာ နားလည်ခွင့်ရခဲ့ကြသနည်း။

၆ ယေရှုက မိမိ၏တပည့်တော်များကို ဤသို့မိန့်တော်မူသည်– “သင်တို့မှာ၊ ကောင်းကင်နိုင်ငံတော်နှင့်စပ်လျဉ်းသည့် နက်နဲရာများကို သိခွင့်ရကြ၏။ ထိုသူတို့မူကား၊ သိခွင့်မရကြ။” ဟေရှာယကျမ်းကို ကိုးကား၍ ကိုယ်တော်ဤသို့ဆက်၍ မိန့်တော်မူသည်– “‘ဤလူမျိုးသည် မျက်စိနှင့်မြင်ခွင့်၊ နားနှင့်ကြားခွင့်၊ စိတ်နှလုံးနှင့်နားလည်ခွင့်ရလျက်၊ ငါ့ထံမှချမ်းသာရရန် ပြန်လာခွင့်မရှိစေခြင်းငှာ စိတ်နှလုံးကို ထိုင်းမှိုင်းစေ၍ နားကိုလေးစေသည့်ပြင်၊ မျက်စိကိုလည်းဖုံးအုပ်ကြလေပြီ။ . . . သင်တို့မျက်စိများမူကား၊ မြင်သည်ဖြစ်၍ မင်္ဂလာရှိ၏။ နားများလည်းကြားသည်ဖြစ်၍ မင်္ဂလာရှိ၏။”—မဿဲ ၁၃:၁၀-၁၆၊ သမ; မာကု ၄:၁၁-၁၃။

‘ဘုရားသခင့်နိုင်ငံတော်ကို နားလည်ခြင်း’

၇။ ဘုရားသခင့်နိုင်ငံတော်ကို “နားလည်” ရန် အဘယ်ကြောင့် အရေးကြီးသနည်း။

၇ ယေရှုက ပြဿနာကို ထောက်ပြခဲ့သည်။ ယင်းသည် ‘ဘုရားသခင့်နိုင်ငံတော်၏သတင်းတရားကို နားလည်’ ခြင်းနှင့် ပတ်သက်သည်။ ကိုယ်တော်ကမိမိတပည့်တော်များကို ဤသို့သီးခြားမိန့်ဆိုခဲ့သည်– “ထို့ကြောင့် မျိုးကြဲသူဥပမာအနက်ကို နားထောင်ကြဦးလော့။ နိုင်ငံတော်ဆိုင်ရာ တရားတော်ကို မည်သူမဆို ကြားနာသည့်ကာလ နားမလည်လျှင် နှလုံး၌ကြဲထားရာကို မာရ်နတ်လာ၍ နုတ်ယူတတ်၏။” ကိုယ်တော်က မြေလေးမျိုးသည် ‘နိုင်ငံတော်သတင်းတရား’ အကြဲခံရမည့် အခြေအနေအမျိုးမျိုးရှိသော နှလုံးသားကို ပုံဆောင်ကြောင်း ဆက်၍ရှင်းပြတော်မူခဲ့သည်။—မဿဲ ၁၃:၁၈-၂၃၊ သမ; လုကာ ၈:၉-၁၅။

၈။ ဦးဆုံးမြေသုံးမျိုးတွင် ကြဲလိုက်သော “မျိုးစေ့” ကို အသီးမသီးရန် အဘယ်အရာက တားဆီးထားသနည်း။

၈ အဖြစ်အပျက်တစ်ခုစီတွင် “မျိုးစေ့” သည် အကောင်းဖြစ်သော်လည်း အသီးသီးမှုသည် မြေ၏အခြေအနေပေါ်တွင် မူတည်မည်။ နှလုံးသား၏မြေသည် ဝိညာဉ်ရေးနှင့်မဆိုင်သည့် လှုပ်ရှားဆောင်ရွက်မှုများကြောင့် မာကျောလာသော ပျားပန်းခပ်တမျှဖြစ်နေသည့် ကျပ်ညှပ်နေသောလမ်းတစ်ခုနှယ်ဖြစ်ပါက ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို ကြားနာရသူတစ်ဦးသည် နိုင်ငံတော်အတွက် မိမိ၌အချိန်မရှိကြောင်း ဆင်ခြေပေးရန် လွယ်ကူလိမ့်မည်။ ပစ်ထားခံရသောဤမျိုးစေ့သည် အမြစ်မစွဲနိုင်မီ ရုတ်တရက်အလွယ်တကူနုတ်ပစ်ခြင်းကို ခံရနိုင်သည်။ မျိုးစေ့ကို ကျောက်မြေနှင့်တူသည့် နှလုံးသားတွင် ကြဲလိုက်လျှင်ကော အသို့နည်း။ မျိုးစေ့သည် အညှောက်ထွက်ကောင်းထွက်မည်၊ သို့သော် အစာစုပ်ယူရန်နှင့် အမြစ်စွဲရန်အတွက် အောက်သို့အတော်အတန်အမြစ်ဆင်းရန် ခက်ခဲမည်။ အထူးသဖြင့် ညှဉ်းပန်းခြင်းအပူဒဏ်ကို ခံနေရသည့် နာခံမှုရှိသော ဘုရားသခင့်ကျေးကျွန်ဖြစ်ဖို့အလားအလာရှိသူသည် ဖိစီးနေသောစိန်ခေါ်ချက်ကို တွေ့ကြုံမည်ဖြစ်ပြီး ထိုသူသည် ထိမိလဲသွားနိုင်သည်။ ထိုမှတစ်ဖန် နှလုံးသား၏မြေသည် ဆူးချုံကဲ့သို့သော စိုးရိမ်ပူပန်စရာများ သို့မဟုတ် ရုပ်ပစ္စည်းကြွယ်ဝလိုသည့် အာသာဆန္ဒတို့နှင့် အလွန်အကျွံပြည့်နေပါက ကြုံလှီသောနိုင်ငံတော်ပျိုးပင်သည် ညက်သွားမည်။ ဤပုံတင်ပြသော ဘဝအခြေအနေသုံးမျိုးတွင် မည်သည့်နိုင်ငံတော်အသီးမျှ သီးပွင့်မည်မဟုတ်ပါ။

၉။ ကောင်းသောမြေတွင် ကြဲလိုက်သောမျိုးစေ့သည် အသီးကောင်းများကို အဘယ်ကြောင့် ထုတ်လုပ်ပေးနိုင်သနည်း။

၉ သို့ရာတွင် ဘုရားသခင့်နိုင်ငံတော်မျိုးစေ့ကို မြေကောင်းတွင် ကြဲခြင်းနှင့်ပတ်သက်၍ကော အသို့နည်း။ ယေရှုဤသို့ဖြေကြားတော်မူသည်– “ကောင်းသောမြေတွင် ကြဲထားသောသူမူကား၊ တရားတော်ကို ကြားနာ၍ နားလည်သောကြောင့် အသီးသီးသဖြင့် အဆတစ်ရာ၊ အဆခြောက်ဆယ်၊ အဆသုံးဆယ်ထွက်သောသူဖြစ်သတည်း။” (မဿဲ ၁၃:၂၃၊ သမ) သူတို့သည် ဘုရားသခင့်နိုင်ငံတော်ကို “နားလည်” ကာ တစ်ဦးစီ၏ အခြေအနေများအလိုက် အသီးကောင်းများကို သီးပွင့်ကြမည်ဖြစ်သည်။

တတ်သိနားလည်မှုဖြင့် ဒွန်တွဲပါလာသည့် တာဝန်

၁၀။ (က) ဘုရားသခင့်နိုင်ငံတော်ကို “နားလည်” ခြင်းသည် ကောင်းချီးများနှင့် တာဝန် နှစ်ခုစလုံးကို ဖြစ်စေကြောင်း ယေရှုမည်သို့ပြသတော်မူခဲ့သနည်း။ (ခ) သွား၍တပည့်ဖြစ်စေပါဟူသည့် ယေရှုပေးသောတာဝန်သည် ပထမရာစုရှိ တပည့်တော်များနှင့်သာ သက်ဆိုင်သလော။

၁၀ ဘုရားသခင့်နိုင်ငံတော်ကို နောက်ထပ်ပုံဥပမာ ခြောက်ခုဖြင့် ရှုထောင့်အမျိုးမျိုးမှရှင်းပြတော်မူပြီးနောက် ယေရှုက မိမိတပည့်တော်များကို ဤသို့မေးတော်မူခဲ့သည်– “ထိုအကြောင်းအရာရှိသမျှကို နားလည်ကြပြီလော။” သူတို့က “နားလည်ပါပြီ” ဟုဖြေဆိုကြသောအခါ ကိုယ်တော်က ဤသို့မိန့်ဆိုခဲ့သည်– “ကောင်းကင်နိုင်ငံတော်တွင် တပည့်ဖြစ်သူကျမ်းတတ်ဆရာတိုင်းသည် ကိုယ့်ဘဏ္ဍာတိုက်ထဲမှ အသစ်အဟောင်းများကို ထုတ်သောအိမ်ရှင်နှင့်တူသည်။” ယေရှုပေးတော်မူသော သွန်သင်ချက်များနှင့် လေ့ကျင့်ပေးမှုများသည် ကိုယ်တော်၏တပည့်တော်များအား သူတို့၏ “ဘဏ္ဍာတိုက်” ထဲမှ ဝိညာဏအစာအလျှံပယ်ကို မပြတ်ထုတ်ယူနိုင်သည့် ရင့်ကျက်သောခရစ်ယာန်များအဖြစ်သို့ ပြုစုပျိုးထောင်ပေးမည်ဖြစ်သည်။ နိုင်ငံတော်ကို “နားလည်” ခြင်းသည် ကောင်းချီးများကို ရရှိခံစားရုံမျှသာမဟုတ်ဘဲ တာဝန်ဒွန်တွဲပါလာမည်ဖြစ်ကြောင်း ယေရှုက ရှင်းလင်းစေတော်မူခဲ့သည်။ ကိုယ်တော် ဤသို့ပညတ်ထုတ်မိန့်မှာခဲ့သည်– “သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေ . . . ကြလော့။ ငါသည် သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်!”—မဿဲ ၁၃:၅၁၊ ၅၂၊ သမ; ၂၈:၁၉၊ ၂၀။

၁၁။ ၁၉၁၄ ခုနှစ်ရောက်သော် ဘုရားသခင့်နိုင်ငံတော်နှင့်ဆက်နွှယ်သည့် အဘယ်အဖြစ်အပျက်များဖြစ်ခဲ့သနည်း။

၁၁ ကတိထားတော်မူသည့်အတိုင်းပင် ယေရှုသည် ရာစုနှစ်များတစ်လျှောက် မိမိ၏တပည့်စစ်များနှင့် ယနေ့အထိအတူရှိတော်မူသည်။ ဤနောက်ဆုံးနေ့ရက်များတွင် ကိုယ်တော်သည် သူတို့အား တိုးတက်သိနားလည်မှုကိုပေးကာ တိုးပွားထွန်းလင်းသော သမ္မာတရားအလင်းကို အသုံးပြုဖို့အတွက် တာဝန်များကိုလည်းပေးအပ်ခဲ့သည်။ (လုကာ ၁၉:၁၁-၁၅၊ ၂၆) ၁၉၁၄ ခုနှစ်တွင် ဘုရားသခင့်နိုင်ငံတော်ဆိုင်ရာအဖြစ်အပျက်များသည် လျင်လျင်မြန်မြန်နှင့် အကြီးအကျယ် စတင်ထင်ရှားခဲ့သည်။ ထိုနှစ်တွင်၊ ကြာမြင့်စွာမျှော်လင့်ခဲ့ရသည့် နိုင်ငံတော် “မွေးဖွား” ခြင်းသာမကဘဲ “အစီအစဉ်စနစ်၏ဆုံးခန်း” ပါစတင်ခဲ့သည်။ (ဗျာဒိတ် ၁၁:၁၅; ၁၂:၅၊ ၁၀; ဒံယေလ ၇:၁၃၊ ၁၄၊ ၂၇) လက်ရှိအဖြစ်အပျက်များ၏အဓိပ္ပာယ်ကို ပိုင်းခြားသိမြင်သည့် ခရစ်ယာန်စစ်များသည် သမိုင်းတွင် အကြီးကျယ်ဆုံးသော ဘုရားသခင့်နိုင်ငံတော်ကြေညာခြင်းနှင့် သွန်သင်ခြင်းလှုပ်ရှားမှုကို တာဝန်ယူလုပ်ဆောင်ခဲ့ကြသည်။ ယင်းကို ယေရှုကဤသို့မိန့်တော်မူခဲ့သည်– “နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။”—မဿဲ ၂၄:၁၄။

၁၂။ (က) မျက်မှောက်ခေတ်တွင် ဘုရားသခင့်နိုင်ငံတော်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သက်သေခံရာ၌ အဘယ်ရလဒ် ရရှိခဲ့ပြီနည်း။ (ခ) သံသယလွှမ်းသော ဤလောကတွင် ခရစ်ယာန်များအတွက် အဘယ်အန္တရာယ်ရှိသနည်း။

၁၂ ဤကြီးကျယ်သော ဘုရားသခင့်နိုင်ငံတော်သက်သေခံလုပ်ငန်းသည် နိုင်ငံပေါင်း ၂၃၀ ကျော်တွင် ရောက်ရှိခဲ့ပြီ။ ငါးသန်းကျော်ရှိ တပည့်စစ်များသည် ဤလုပ်ငန်းတွင် ပါဝင်လျက်ရှိနေကြပြီး အခြားသူများစွာသည်လည်း ဆက်၍စုသိမ်းခံနေရသည်။ သို့ရာတွင် တပည့်တော်များကို ကမ္ဘာ့လူဦးရေ ၅.၆ ဘီလျံနှင့် နှိုင်းစာကြည့်လိုက်ပါက ယေရှုအချိန်ကကဲ့သို့ပင် လူသားအများစုသည် ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်၍ “နားလည်” မှုမရှိကြောင်း ထင်ရှားသည်။ တင်ကူးပြောထားသည့်အတိုင်း များစွာသောသူများသည် ဤသို့ပြောင်လှောင်သရော်ကြသည်– “သခင်ဘုရားကြွလာမည်ဟူသောကတိတော်သည် အဘယ်မှာရှိသနည်း။” (၂ ပေတရု ၃:၃၊ ၄) ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့၏အန္တရာယ်မှာ ထိုသူတို့၏ မိမိတို့ကိုယ်ကို ကျေနပ်နေသော၊ ယုံမှားသံသယဖြစ်သော၊ ရုပ်ပစ္စည်းပဓာနထားသော သဘောထားက ဘုရားသခင့်နိုင်ငံတော်ဆိုင်ရာအခွင့်အရေးများအပေါ် ကျွန်ုပ်တို့၏သဘောထားကို တဖြည်းဖြည်းထိခိုက်လာနိုင်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤလောကသားများ၏ အလယ်တွင်ရှိနေရကား ထိုသူတို့၏သဘောထားများနှင့် အကျင့်အကြံများထဲမှ တချို့ကို အလွယ်တကူခံယူလိုက်နိုင်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်ကို “နားလည်” ပြီး ယင်းကိုရှေးဦးထားရန် အလွန်အရေးကြီးလှသည်တကား!

ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်၍ ကိုယ့်ကိုယ်ကို ဆန်းစစ်ခြင်း

၁၃။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြေညာရန် တာဝန်အပ်နှင်းမှုနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့သည် ပိုင်းခြားသိမြင်မှုနှင့် ဆက်၍ ‘ကြားနာ’ နေမနေ မည်သို့စမ်းကြည့်နိုင်သနည်း။

၁၃ ရိတ်သိမ်းချိန်တွင် ကျွန်ုပ်တို့အသက်ရှင်နေကြကြောင်း ယေရှုဤသို့မိန့်တော်မူခဲ့သည်– “လူသားသည် မိမိကောင်းကင်တမန်တို့ကို စေလွှတ်ပြီးလျှင် မှားယွင်းစေသောသူတို့နှင့် မတရားသောအမှုကို ပြုသောသူရှိသမျှတို့ကို နိုင်ငံတော်ထဲက ရွေးနုတ် . . . လတ္တံ့။ ထိုအခါ ဖြောင့်မတ်သောသူတို့သည် နေထွန်းလင်းသကဲ့သို့ မိမိတို့အဘ၏နိုင်ငံတော်၌ ထွန်းလင်းကြလတ္တံ့။ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေ။” (မဿဲ ၁၃:၄၁၊ ၄၃) သင်သည် ဘုရားသခင့်နိုင်ငံတော်သတင်းကြေညာဖို့နှင့် တပည့်များဖြစ်စေဖို့ မိန့်မှာချက်ကို နာခံမှုရှိသောတုံ့ပြန်မှုဖြင့် ဆက်၍ “ကြား” နာနေပါသလော။ “ကောင်းသောမြေ၌ အစေ့ကိုကြဲသောသူ” သည် ‘တရားစကားကိုကြား၍ နားလည်’ ပြီး ကောင်းစွာအသီးသီးစေကြောင်း သတိရပါ။—မဿဲ ၁၃:၂၃၊ သမ။

၁၄။ ညွှန်ကြားချက်ပေးခံရသောအခါတွင် ကျွန်ပ်တို့အား ပေးလိုက်သည့်သွန်သင်ချက်ကို “နားလည်” ကြောင်း မည်သို့ပြသကြသနည်း။

၁၄ ကိုယ်ပိုင်လေ့လာမှုလုပ်သောအခါနှင့် ခရစ်ယာန်စည်းဝေးများကို တက်ရောက်သောအခါတို့တွင် ကျွန်ုပ်တို့သည် ‘ပိုင်းခြားသိမြင်ရန် နှလုံးကိုညွှတ်’ ရမည်။ (သု. ၂:၁-၄၊ ကဘ) အကျင့်အကြံ၊ ဝတ်စားဆင်ယင်မှု၊ တေးဂီတ၊ အပန်းဖြေမှုတို့နှင့်ပတ်သက်၍ သွန်သင်ချက်ပေးလာသောအခါ ယင်းကို မိမိတို့၏နှလုံးထဲထိ စိမ့်ဝင်ခွင့်ပြုရမည်ဖြစ်ပြီး မည်သည့်လိုအပ်သောအပြောင်းအလဲများကိုမဆို ပြုလုပ်ဆောင်ရွက်ရန် လှုံ့ဆော်ခွင့်ပြုရမည်။ အကြောင်းပြခြင်း၊ ဆင်ခြေအမျိုးမျိုးပေးခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် တုံ့ပြန်ရန်ပျက်ကွက်ခြင်းတို့ မည်သည့်အခါမျှ မဖြစ်စေပါနှင့်။ ကျွန်ုပ်တို့အသက်တာတွင် ဘုရားသခင့်နိုင်ငံတော်သည် အမှန်တကယ်ရှိသည့်အရာဖြစ်ပါက ယင်း၏စံနှုန်းများအတိုင်းအသက်ရှင်ကာ ယင်းအကြောင်း အခြားသူများကို ဇွဲရှိရှိကြွေးကြော်ကြမည်ဖြစ်သည်။ ယေရှုဤသို့မိန့်တော်မူခဲ့သည်– “‘သခင်၊ သခင်’ ဟုငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင်ဝင်ရလိမ့်မည်။”—မဿဲ ၇:၂၁-၂၃။

၁၅။ ‘ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးရှာ’ ရန် အဘယ်ကြောင့် အရေးကြီးသနည်း။

၁၅ လူသားသည် လိုအပ်သောစားဝတ်နေရေးအတွက် ပူပင်တတ်ကြသော်လည်း ယေရှုကမူ ဤသို့မိန့်တော်မူခဲ့သည်– “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့။” (မဿဲ ၆:၃၃၊ ၃၄) ဦးစားပေးအစီအစဉ်ချမှတ်ရာတွင် သင့်အသက်တာ၌ ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးထားပါ။ သင့်အသက်တာကို ရိုးရိုးလေးထားပြီး ရှိတာလေးနှင့် ကျေနပ်တင်းတိမ်နေစေပါ။ ကျွန်ုပ်တို့အသက်တာကို မလိုအပ်သောလုပ်ဆောင်မှုများနှင့် ရယူစုဆောင်းမှုတို့ဖြင့် ပြည့်နေစေခြင်းသည် မိုက်မဲရာကျမည်။ ဤအရာများကိုယ်နှိုက်သည် မကောင်းသောအရာများမဟုတ်ရကား ယင်းကိုလုပ်ဆောင်ခြင်းသည် လက်သင့်ခံနိုင်ဖွယ်ဖြစ်ကြောင်း အကြောင်းပြကောင်းပြမည်။ ယင်းသည် မှန်ကောင်းမှန်နိုင်သော်လည်း ဤကဲ့သို့သော မလိုအပ်သည့်အရာများကို ရယူစုဆောင်းသုံးစွဲခြင်းက ကျွန်ုပ်တို့၏ ကိုယ်ပိုင်လေ့လာမှုအစီအစဉ်၊ ခရစ်ယာန်အစည်းအဝေးများတက်ရောက်ခြင်းနှင့် ဟောပြောခြင်းလုပ်ငန်းတို့ကို အဘယ်သို့ဖြစ်စေနိုင်သနည်း။ ယေရှုက ဘုရားသခင့်နိုင်ငံတော်သည် “အလွန်အဖိုးထိုက်သော ပုလဲကိုတွေ့သောအခါ၊ သွား၍မိမိ၌ရတတ်သမျှကို ရောင်းပြီးလျှင် ထိုပုလဲကိုဝယ်” သော ကုန်သည်တစ်ဦးနှင့်တူသည်ဟု မိန့်တော်မူခဲ့သည်။ (မဿဲ ၁၃:၄၅၊ ၄၆) ယင်းသည် ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်၍ ကျွန်ုပ်တို့သဘောထားသင့်ပုံဖြစ်သည်။ “ဤလောကကို နှစ်သက်သဖြင့်” ဓမ္မအမှုကိုစွန့်သွားခဲ့သည့် ဒေမကို မတုပသင့်ဘဲ ပေါလုကို ကျွန်ုပ်တို့တုပသင့်သည်။—၂ တိမောသေ ၄:၁၀၊ ၁၈၊ သမ; မဿဲ ၁၉:၂၃၊ ၂၄; ဖိလိပ္ပိ ၃:၇၊ ၈၊ ၁၃၊ ၁၄; ၁ တိမောသေ ၆:၉၊ ၁၀၊ ၁၇-၁၉။

“မတရားသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ”

၁၆။ ဘုရားသခင့်နိုင်ငံတော်ကို “နားလည်” ခြင်းက မှားယွင်းသောအကျင့်အကြံကို ရှောင်ရှားရန် ကျွန်ုပ်တို့ကို မည်သို့ထောက်ကူမည်နည်း။

၁၆ ကောရိန္သုအသင်းတော်သည် အကျင့်ယိုယွင်းမှုကို လွှတ်ထားသောအခါ ပေါလုက ဤသို့ဘွင်းဘွင်းပြောခဲ့သည်– “မတရားသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရသည်ကို သင်တို့မသိကြသလော။ အလွဲမယူကြနှင့် မတရားသောမေထုန်၌မှီဝဲသောသူ၊ . . . သူ့မယားကိုပြစ်မှားသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ၊ သူ့ဥစ္စာကိုခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေရည်သေရက်နှင့်ယစ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိုင်အထက်လုယူသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။” (၁ ကောရိန္သု ၆:၉၊ ၁၀) ကျွန်ုပ်တို့သည် ဘုရားသခင့်နိုင်ငံတော်ကို “နားလည်” ပါက မိမိကိုယ်ကို ခရစ်ယာန်လုပ်ငန်းတွင် အလုပ်များနေစေသမျှကာလပတ်လုံး အကျင့်ယိုယွင်းမှုပုံစံတစ်ခုခုကို ယေဟောဝါသည်းခံခွင့်လွှတ်မည်ဟု တွေးတောခြင်းဖြင့် မိမိတို့ကိုယ်ကို လှည့်စားမည်မဟုတ်ပါ။ မသန့်ရှင်းမှုကို ကျွန်ုပ်တို့ထဲတွင် နှုတ်ဟ၍ပင်မပြောသင့်ပါ။ (ဧဖက် ၅:၃-၅) ဤလောက၏ ညစ်ညမ်းပုပ်စပ်သော အတွေးအခေါ်နှင့် အကျင့်စရိုက်တချို့သည် သင့်အသက်တာတွင် မသိမသာဝင်လာသည်ကို သင်သတိပြုမိသလော။ ယင်းတို့ကို သင့်အသက်တာမှ ချက်ချင်းထုတ်ပစ်လိုက်ပါ! ဘုရားသခင့်နိုင်ငံတော်သည် ဤကဲ့သို့သောအရာများအတွက် လက်လွတ်ဆုံးရှုံးမှုထက် အလွန့်အလွန်တန်ဖိုးကြီးပါသည်။—မာကု ၉:၄၇။

၁၇။ ဘုရားသခင့်နိုင်ငံတော်ကို တန်ဖိုးထားလေးမြတ်ခြင်းက အဘယ်နည်းများဖြင့် တိုး၍ နှိမ့်ချမှုရှိစေပြီး ထိမိလဲစရာအကြောင်းများကို ဖယ်ရှားပစ်မည်နည်း။

၁၇ ယေရှု၏တပည့်တော်များက ဤသို့မေးမြန်းခဲ့သည်– “ကောင်းကင်နိုင်ငံတော်၌ အဘယ်သူသည် သာ၍ကြီးမြတ်ပါအံ့နည်း။” ယေရှုက ကလေးငယ်တစ်ယောက်ကို သူတို့အလယ်တွင်ထားကာ ဤသို့ဖြေကြားတော်မူခဲ့သည်– “ငါအမှန်ဆိုသည်ကား၊ သင်တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့မရောက်ရကြ။ ထို့ကြောင့် အကြင်သူသည် ဤသူငယ်ကဲ့သို့ မိမိကိုယ်ကိုနှိမ့်ချအံ့၊ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ သာ၍ကြီးမြတ်လိမ့်မည်။” (မဿဲ ၁၈:၁-၆) မာန်ထောင်သူ၊ မရမကတောင်းဆိုသူ၊ သူတစ်ပါးကိုဂရုမစိုက်သူနှင့် မတရားသောသူတို့သည် ဘုရားသခင့်နိုင်ငံတော်ကို အမွေခံရမည်မဟုတ်သကဲ့သို့ ဘုရားသခင့်နိုင်ငံတော်၏ လက်အောက်ခံများလည်း ဖြစ်မည်မဟုတ်။ သင့်ညီအစ်ကိုများကို ချစ်သည့်မေတ္တာ၊ သင့်နှိမ့်ချမှု၊ သင့်ဘုရားရေးရာကြောက်ရွံ့မှုတို့က မိမိ၏အကျင့်အကြံကြောင့် တခြားသူများအား ထိမိ၍လဲစေခြင်းကို ရှောင်ရှားဖို့ တွန်းအားပေးပါသလော။ သို့တည်းမဟုတ် ဤသဘောထားနှင့် အပြုအမူသည် အခြားသူများကို မည်သို့ပင်ထိခိုက်နိုင်ပါစေ အကြောင်းမဟုတ်ပါဟု မိမိ၏ “လုပ်ပိုင်ခွင့်များ” ဘက်မှ ခုခံထုချေနေပါသလော။—ရောမ ၁၄:၁၃၊ ၁၇။

၁၈။ ဘုရားသခင့်နိုင်ငံတော်က ကိုယ်တော်၏အလိုတော်ကို “ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်တွင်လည်းပြည့်စုံ” စေသောအခါ နာခံမှုရှိသောလူသားတို့အတွက် အဘယ်ရလဒ်ရှိမည်နည်း။

၁၈ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် ယေဟောဝါသည် မကြာမီ ဤထက်သန်သောဆုတောင်းချက်ကို အပြည့်အဝဖြေကြားတော်မူမည်– “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်တွင် ပြည့်စုံပါစေသော။” အုပ်စိုးလျက်ရှိသောဘုရင် ယေရှုခရစ်သည် များမကြာမီအချိန်တွင် “ဆိတ်များ” နှင့် “သိုးများ” ကို ခွဲခြားရန် တရားစီရင်ရာပလ္လင်ပေါ်တွင် ထိုင်သည့်သဘောဖြင့် ကြွလာတော်မူမည်။ သတ်မှတ်ထားသည့် ထိုအချိန်တွင် “လက်ယာဘက်၌ရှိသောသူတို့အား မင်းကြီးက ‘ငါ့ခမည်းတော်ထံ ကောင်းချီးမင်္ဂလာကို ခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဖို့ပြင်ဆင်သောနိုင်ငံကို လာ၍အမွေခံကြလော့။’” ဆိတ်များမှာမူ “ထာဝရအပြစ်ဒဏ်ခံရာသို့လည်းကောင်း၊ ဖြောင့်မတ်သောသူတို့မူကား ထာဝရအသက်ရှင်ရာသို့လည်းကောင်း သွားကြရလတ္တံ့။” (မဿဲ ၆:၁၀; ၂၅:၃၁-၃၄၊ ၄၆) “ကြီးစွာသောဒုက္ခ” သည် ဘုရားသခင့်နိုင်ငံတော်ကို “နားလည်” ရန် ငြင်းဆန်သူအားလုံးနှင့် ဤစနစ်ဟောင်းကို ရှင်းရှင်းအစဖျောက်ပစ်မည်။ သို့သော် “ကြီးစွာသောဒုက္ခ” ကို ကပ်ကျော်မည့် သန်းနှင့်ချီသောသူများနှင့် ရှင်ပြန်ထမြောက်ခြင်းခံရမည့် သန်းထောင်နှင့်ချီသောသူများသည် ပြန်လည်တည်ထောင်ထားသော မြေကြီးပရဒိသုတွင် အဆုံးမဲ့ ဘုရားသခင့်နိုင်ငံတော် ကောင်းချီးများကို အမွေရကြမည်။ (ဗျာဒိတ် ၇:၁၄) ဘုရားသခင့်ထိုနိုင်ငံသည် ကောင်းကင်မှအုပ်ချုပ်မည့် မြေကြီး၏အစိုးရအသစ်ဖြစ်သည်။ ယင်းက ဤကမ္ဘာနှင့် လူသားများအတွက် ဘုရားသခင့်ရည်ရွယ်တော်မူချက်ကို အထမြောက်စေခြင်းဖြင့် ကိုယ်တော်၏အသန့်ရှင်းဆုံးနာမတော်ကို သန့်ရှင်းမြင့်မြတ်ဆုံးဖြစ်စေရန် တာဝန်ယူလုပ်ဆောင်မည်။ ယင်းသည် လုပ်ဆောင်ရကျိုး၊ စွန့်လွှတ်ရကျိုး၊ စောင့်စားရကျိုးအလွန်နပ်သည့် အမွေတစ်ခုမဟုတ်ပေလော။ ယင်းကား ဘုရားသခင့်နိုင်ငံတော်ကို “နားလည်” ခြင်းက ကျွန်ုပ်တို့အတွက်ရှိသင့်သည့် အဓိပ္ပာယ်ပင်တည်း!

သင်မည်သို့ ဖြေဆိုမည်နည်း

◻ ဘုရားသခင့်နိုင်ငံတော်ကား အဘယ်နည်း။

◻ ယေရှု၏တရားကို ကြားနာသူအများစုသည် ဘုရားသခင့်နိုင်ငံတော်ကို အဘယ်ကြောင့် “နားလည်” မှုမရှိခဲ့သနည်း။

◻ ဘုရားသခင့်နိုင်ငံတော်ကို “နားလည်” ခြင်းသည် ကောင်းချီးများနှင့် တာဝန် နှစ်ခုစလုံးကို မည်သို့ဖြစ်စေသနည်း။

◻ ဟောပြောခြင်းနှင့်စပ်လျဉ်း၍ ဘုရားသခင့်နိုင်ငံတော်ကို ကျွန်ုပ်တို့ ‘နားလည်’ ခြင်းရှိမရှိ မည်သည့်အရာက ထောက်ပြသနည်း။

◻ ကျွန်ုပ်တို့အား ပေးလိုက်သည့်သွန်သင်ချက်ကို ‘နားလည်’ ကြောင်း မိမိတို့၏အကျင့်အကြံအားဖြင့် ကျွန်ုပ်တို့မည်သို့ပြသကြသနည်း။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ယေရှု၏တပည့်တော်များသည် ဘုရားသခင့်နိုင်ငံတော်ကို ‘နားလည်’ ထားကြပြီး အသီးကောင်းကို သီးကြသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ