ပင်ပင်ပန်းပန်း လုပ်ဆောင်မှုကနေ ပျော်ရွှင်မှုခံစားပါ
၁။ အမှုဆောင်လုပ်ငန်းမှာ ကျွန်ုပ်တို့ရဲ့ထက်သန်မှု ဘာကြောင့် လျော့နည်းသွားနိုင်သလဲ။
၁ “ပင်ပင်ပန်းပန်းလုပ်ဆောင်မှုကနေ ပျော်ရွှင်မှုခံစား” ဖို့ လူကို ပုံစံပြုဖန်ဆင်းထားတယ်။ (ဒေ. ၂:၂၄၊ ကဘ) ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ အမှုဆောင်လုပ်ငန်းမှာ ရလဒ်ကောင်းတွေ မတွေ့ရဘူးဆိုရင် ကျွန်ုပ်တို့ရဲ့ ပျော်ရွှင်မှုနဲ့ ထက်သန်မှုက တဖြည်းဖြည်း လျော့နည်းသွားနိုင်တယ်။ အပြုသဘောထား ဆက်ရှိဖို့ ကျွန်ုပ်တို့ကို ဘာက ကူညီပေးနိုင်သလဲ။
၂။ ကျွန်ုပ်တို့ရဲ့အမှုဆောင်လုပ်ငန်းကို လူတွေတုံ့ပြန်ပုံနဲ့ပတ်သက်ပြီး ဘာကြောင့် လက်တွေ့ကျကျ မျှော်လင့်သင့်သလဲ။
၂ လက်တွေ့ကျကျ မျှော်လင့်ပါ– ယေရှုရဲ့သွန်သင်ချက်တွေကို လက်ခံလိုက်နာသူ နည်းနည်းပဲ ရှိတယ်ဆိုတာ သတိရပါ၊ ဒါပေမဲ့ သူ့ရဲ့အမှုဆောင်လုပ်ငန်းက အောင်မြင်ခဲ့တယ်ဆိုတာ သေချာတယ်။ (ယော. ၁၇:၄) ယေရှုက သူ့ရဲ့ မျိုးကြဲသူပုံဥပမာမှာ နှလုံးသားမြေအများစုဟာ မျိုးစေ့နဲ့တူတဲ့ နိုင်ငံတော်သတင်းကို လက်ခံမှာမဟုတ်ဘူးလို့ ကြိုပြောခဲ့တယ်။ (မ. ၁၃:၃-၈၊ ၁၈-၂၂) ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ ကြိုးစားအားထုတ်မှုက များစွာ အောင်မြင်ပြီးမြောက်နေပါတယ်။
၃။ ကျွန်ုပ်တို့ ဟောပြောတာကို လူအနည်းငယ်ပဲ နားထောင်ပေမဲ့ ဘယ်လိုနည်းနဲ့ “အသီးသီး” နိုင်သလဲ။
၃ ကျွန်ုပ်တို့ ဘယ်လိုနည်းနဲ့ အသီးသီးနိုင်– ယေရှုရဲ့ပုံဥပမာအရ သတင်းကောင်းကို လက်ခံသူက “အသီးသီး” တယ်။ (မ. ၁၃:၂၃) ဂျုံပင်တစ်ပင် ပေါက်လာပြီး ကြီးရင့်လာတဲ့အခါ သီးလာတဲ့အသီးက ဂျုံပင်ပေါက်တွေမဟုတ်ဘဲ မျိုးစေ့အသစ်ဖြစ်တဲ့ ဂျုံစေ့တွေဖြစ်တယ်။ ဒါကြောင့် အောင်မြင်တဲ့ ခရစ်ယာန်တစ်ယောက်ရဲ့အသီးဟာ တပည့်သစ်တွေမဟုတ်ဘဲ နိုင်ငံတော်အကြောင်း ဟောပြောခြင်းအားဖြင့် နိုင်ငံတော်မျိုးစေ့တွေကို အထပ်ထပ်ကြဲခြင်း ဖြစ်ပါတယ်။ လူတွေ ဘယ်လိုပဲတုံ့ပြန်ပါစေ အဲဒီလိုလုပ်ဆောင်တာက “ပျော်ရွှင်မှု” နဲ့ ကျေနပ်မှုများစွာ ခံစားရစေနိုင်ပါတယ်။ ကျွန်ုပ်တို့ဟာ ယေဟောဝါရဲ့နာမတော် သန့်ရှင်းမြင့်မြတ်ရေးမှာ ပါဝင်နေကြတယ်။ (ဟေရှာ. ၄၃:၁၀-၁၂; မ. ၆:၉) ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်ဖြစ်ရတဲ့ အခွင့်ထူးကို ကျွန်ုပ်တို့ရရှိထားကြတယ်။ (၁ ကော. ၃:၉) ဟောပြောခြင်း “နှုတ်ခမ်းအသီး” ကို ယေဟောဝါ အားရနှစ်သက်တယ်။—ဟေဗြဲ ၁၃:၁၅၊ ၁၆။
၄။ ကျွန်ုပ်တို့ရဲ့အမှုဆောင်လုပ်ငန်းမှာ ကျွန်ုပ်တို့မသိမြင်နိုင်တဲ့ ဘယ်အကျိုးရလဒ်တွေ ဖြစ်ထွန်းနိုင်သလဲ။
၄ ဒါမှမဟုတ် ကျွန်ုပ်တို့ကြိုးစားအားထုတ်မှုရဲ့ ရလဒ်တွေကို ကျွန်ုပ်တို့ မမြင်တွေ့ရတာလည်း ဖြစ်နိုင်တယ်။ ယေရှုဟောပြောတာကို ကြားခဲ့သူတချို့ဟာ ယေရှုရဲ့ မြေကြီးအမှုဆောင်လုပ်ငန်း ပြီးသွားတဲ့အချိန်အထိ တပည့်မဖြစ်လာတာ ဖြစ်နိုင်တယ်။ အလားတူပဲ ကျွန်ုပ်တို့ ကြဲခဲ့တဲ့မျိုးစေ့ဟာ နောင်တစ်ချိန်ချိန်ကျမှ လူတစ်ယောက်ရဲ့နှလုံးသားမှာ အမြစ်စွဲ၊ ကြီးထွားလာပြီး ကျွန်ုပ်တို့မသိရဘဲ သူ အမှန်တရားထဲ ရောက်လာတာဖြစ်နိုင်တယ်။ အမှန်ပါပဲ၊ ကျွန်ုပ်တို့ရဲ့ အမှုဆောင်လုပ်ငန်းက များစွာ ပြီးမြောက်အောင်မြင် စေပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ “အသီးများစွာ သီးနေခြင်းအားဖြင့်” ယေရှုရဲ့ တပည့်ဖြစ်ကြောင်း သက်သေပြကြစို့။—ယော. ၁၅:၈။