အခန်း တစ်ဆယ့်တစ်
‘နိုင်ငံတော်ကို ရှေးဦးစွာ ဆက်၍ရှာကြလော့’
၁။ (က) ယေရှုက မိမိ၏ တရားနာပရိသတ်အား နိုင်ငံတော်ကို ပထမဦးစွာရှာရန် အဘယ်ကြောင့် တိုက်တွန်းတော်မူခဲ့သနည်း။ (ခ) မိမိတို့ကိုယ်ကို အဘယ်မေးခွန်း မေးသင့်သနည်း။
လွန်ခဲ့သောနှစ်ပေါင်း ၁,၉၀၀ ကျော်က ဂါလိလဲနယ်တွင် ဟောကြားခဲ့သည့် တရားတော်တစ်ခု၌ ယေရှုက မိမိ၏ တရားနာပရိသတ်တို့အား ‘နိုင်ငံတော်နှင့် [ဘုရားသခင့်] ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာ ဆက်၍ရှာကြလော့’ ဟုတိုက်တွန်းတော်မူခဲ့သည်။ အဘယ်ကြောင့် ထိုသို့ အရေးတကြီး ပြုရန်လိုအပ်သနည်း။ နိုင်ငံတော်တန်ခိုးကို ခရစ်တော် လက်ခံရယူမည့်အချိန်သည် ရာစုနှစ်ပေါင်းများစွာ လိုသေးသည်မဟုတ်လော။ ဟုတ်ပါသည်၊ သို့သော်လည်း မေရှိယနိုင်ငံတော် ဆိုသည်မှာ ယေဟောဝါ၏ အချုပ်အခြာအာဏာတော်ကို တော်တည့်မှန်ကန်ကြောင်း ထင်ရှားပြရန်နှင့် ကမ္ဘာမြေကြီးအတွက် ကိုယ်တော်၏ မဟာရည်ရွယ်ချက် ပြည့်စုံစေရန် ကိုယ်တော်အသုံးပြုမည့် နည်းလမ်းတစ်ရပ် ဖြစ်ပေသည်။ ဤအချက်တို့၏ အရေးပါမှုကို တကယ်တမ်း သဘောပေါက်သူ မည်သူမဆိုသည် နိုင်ငံတော်ကို မိမိဘဝ၌ ပထမနေရာတွင် ထားမည်ဖြစ်သည်။ ပထမရာစုတွင် ထိုအတိုင်း ဖြစ်ခဲ့ပါက ခရစ်တော် ဘုရင်အဖြစ် နန်းထိုင်နေပြီဖြစ်သည့် ယခုအချိန်တွင် ထိုသို့ပို၍ပင် ဖြစ်မည်တကား! ထို့ကြောင့် မေးစရာမေးခွန်းမှာ ကျွန်ုပ်သည် ဘုရားသခင့် နိုင်ငံတော်ကို ရှေးဦးစွာ ရှာလျက်ရှိကြောင်း ကျွန်ုပ်၏ဘဝလမ်းစဉ်က ဖော်ပြသလော ဟူ၍ဖြစ်သည်။—မဿဲ ၆:၃၃၊ ကဘ။
၂။ ယေဘုယျအားဖြင့် အဘယ်အရာများကို လူတို့ အငမ်းမရ ရှာဖွေကြသနည်း။
၂ ယနေ့၊ ကမ္ဘာတစ်လွှားမှ လူသန်းပေါင်းများစွာတို့သည် နိုင်ငံတော်ကို အမှန်စင်စစ် ရှေးဦးစွာ ရှာလျက်ရှိကြသည်။ သူတို့သည် မိမိတို့ကိုယ်ကို ယေဟောဝါထံ အပ်နှံ၍ သူတို့၏ဘဝကို ကိုယ်တော့်အလိုတော် ဆောင်ခြင်း၌ ဗဟိုပြုခြင်းအားဖြင့် နိုင်ငံတော် အုပ်ချုပ်မှုကို ထောက်ခံကြောင်း ပြသကြသည်။ အခြားတစ်ဖက်တွင် လူသတ္တဝါ အများထုတို့မူကား လောကီဥစ္စာများ ရှာဖွေဆည်းပူးခြင်းကိုသာ စိတ်ဝင်စားကြသည်။ လူတို့သည် ငွေနှင့် ငွေဖြင့်ဝယ်၍ရသည့် ပစ္စည်းဥစ္စာများနှင့် အပျော်အပါးတို့ကိုသာ ရှာဖွေလိုက်စားကြသည်။ သို့တည်းမဟုတ် သူတို့၏ အလုပ်အကိုင်များကို တိုးချဲ့ရန်အတွက်သာ အားသွန်ခွန်စိုက် ကြိုးပမ်းကြသည်။ သူတို့၏ အသက်တာက အတ္တနှင့်လည်းကောင်း၊ ရုပ်ပစ္စည်းများနှင့်လည်းကောင်း၊ အပျော်အပါးများနှင့်လည်းကောင်း ပြည့်နေသည်ကို ထင်ဟပ်လျက်ရှိသည်။ ဘုရားသခင်ကို ယုံကြည်လျှင်ပင် ကိုယ်တော်ကို ဒုတိယနေရာ၌သာ ထားကြသည်။—မဿဲ ၆:၃၁၊ ၃၂။
၃။ (က) အဘယ်ဘဏ္ဍာမျိုးကိုရှာရန် တပည့်တော်များအား ယေရှု အားပေးတော်မူသနည်း။ အဘယ်ကြောင့်နည်း။ (ခ) ရုပ်ပစ္စည်းများအတွက် တရားလွန် ပူပန်စရာ အဘယ်ကြောင့် မလိုသနည်း။
၃ သို့ရာတွင်၊ ယေရှုက တပည့်တော်များအား “မြေကြီးပေါ်တွင် သင်တို့အဖို့ ဘဏ္ဍာသိုမှီးခြင်းကို ရပ်ကြလော့” ဟူ၍ ဩဝါဒပေးခဲ့၏။ ထိုဥစ္စာပစ္စည်း တစ်စုံတစ်ခုမျှ ထာဝစဉ် မတည်သောကြောင့်ဖြစ်သည်။ ၎င်းအစား ယေဟောဝါ၏ အမှုတော်ကို ဆောင်ခြင်းအားဖြင့် “ကောင်းကင်ဘုံတွင် သင်တို့အဖို့ ဘဏ္ဍာကို သိုမှီးကြလော့” ဟုကိုယ်တော် မိန့်မှာတော်မူ၏။ ဘုရားသခင့်အလိုတော် ဆောင်ခြင်း၌သာ အားသွန်ခွန်စိုက် အာရုံစိုက်ခြင်းအားဖြင့် မျက်စိကို “ရိုးရှင်း” စွာထားရန် နောက်တော်လိုက်များအား ယေရှု တိုက်တွန်းတော်မူခဲ့၏။ “သင်တို့သည် ဘုရားသခင်၏ အစေကိုလည်းကောင်း၊ ဥစ္စာဓန၏ အစေကိုလည်းကောင်း မခံနိုင်ကြ” ဟု သူတို့အား မိန့်တော်မူ၏။ သို့သော် စားဝတ်နေရေး တည်းဟူသော ရုပ်ပစ္စည်း လိုအပ်ချက်များ အတွက်ကော။ “စိုးရိမ်ခြင်းကို ရပ်ကြလော့” ဟု ယေရှု ဩဝါဒ ပေးတော်မူ၏။ ကိုယ်တော်က ဘုရားသခင် ကျွေးမွေးတော်မူသည့် ငှက်များကို အာရုံပြုစေ၏။ ဘုရားသခင် အဝတ်နှင့် ဖုံးလွှမ်းတော်မူသော ပန်းများမှ သင်ခန်းစာယူရန် တပည့်တော်များကို ယေရှု အားပေးတော်မူ၏။ ယေဟောဝါ၏ အသိဉာဏ်ရှိသော လူသားအစေခံများသည် ထိုအရာတို့ထက် မြတ်သည်မဟုတ်လော။ “သို့ဖြစ်သောကြောင့်၊ နိုင်ငံတော်နှင့် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကို ပထမဦးစွာ ဆက်၍ရှာကြလော့။ သို့ပြုလျှင် [လိုအပ်သော] ထိုအခြားအရာ အလုံးစုံကို သင်တို့အား ထပ်မံ၍ သနားတော်မူလိမ့်မည်” ဟုယေရှု မိန့်တော်မူ၏။ (မဿဲ ၆:၁၉-၃၄၊ ကဘ) ၎င်းကို ယုံကြည်ကြောင်း သင့်လုပ်ရပ်များက ပြသလော။
နိုင်ငံတော် သမ္မာတရားကို ဖိစီးလွှမ်းမိုးခြင်း မခံစေပါနှင့်
၄။ လူတစ်ဦးသည် ရုပ်ပစ္စည်းကို အလေးထားလွန်းပါက အဘယ်ရလဒ် ဖြစ်ပေါ်နိုင်သနည်း။
၄ လူတစ်ဦးသည် မိမိနှင့် မိမိ၏မိသားစုအတွက် ရုပ်ပစ္စည်း လိုအပ်ချက်များ ပြည့်စုံကုံလုံမှုရှိရန် စိုးရိမ်ပူပန်ခြင်းသည် တော်လျော်လျောက်ပတ်ပါသည်။ သို့ရာတွင်၊ ရုပ်ပစ္စည်းများအတွက် အလွန်အမင်း စိုးရိမ်ပူပန်ပါက ဘေးဆိုးကြီးနှင့် ကြုံရတတ်သည်။ နိုင်ငံတော်ကို ယုံကြည်ပါသည်ဟု ဆိုသည့်တိုင်အောင် နှလုံးထဲတွင် အခြားအရာများကို ပထမနေရာ ပေးလိုက်ပါက နိုင်ငံတော် သမ္မာတရားသည် ဖိစီးလွှမ်းမိုးခြင်း ခံရမည်ဖြစ်သည်။ (မဿဲ ၁၃:၁၈-၂၂) ဥပမာ၊ တစ်ခါက ချမ်းသာသော မင်းအရာရှိ လူငယ်တစ်ဦးက ယေရှုအား “ထာဝရအသက်ကို အမွေခံအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်း” ဟုမေးလျှောက်၏။ သူသည် ကိုယ်ကျင့်တရားစင်ကြယ်စွာ နေထိုင်သည့်အပြင် အခြားသူတို့ကိုလည်း ကောင်းမွန်စွာ ဆက်ဆံသော်လည်း ပစ္စည်းဥစ္စာများကို အလွန်အမင်း ခုံမင်တွယ်တာသူဖြစ်သည်။ ခရစ်တော်၏ နောက်လိုက်တစ်ဦး ဖြစ်နိုင်ရန် ၎င်းတို့ကို မခွဲရက်မခွာနိုင်ဘဲ ဖြစ်နေသည်။ သို့နှင့် ကောင်းကင်နိုင်ငံတော်တွင် ခရစ်တော်နှင့်အတူ စိုးစံခွင့်ရနိုင်မည့် အခွင့်အလမ်းကို လက်လွှတ်လိုက်သည်။ ထိုအခါသမယ၌ ယေရှုက “ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏” ဟုမိန့်တော်မူ၏။—မာကု ၁၀:၁၇-၂၃။
၅။ (က) အဘယ်အရာများနှင့် ရောင့်ရဲလျက်နေရန် တိမောသေအား ပေါလုက တိုက်တွန်းခဲ့သနည်း။ အဘယ်ကြောင့်နည်း။ (ခ) စာတန်က ‘ငွေတပ်မက်ခြင်း’ ကို ဖျက်ဆီးတတ်သော ကျော့ကွင်းအဖြစ် မည်သို့အသုံးပြုသနည်း။
၅ နှစ်များစွာလွန်ပြီးနောက် တမန်တော်ပေါလုက ကြီးပွားတိုးတက်သည့် ဗဟိုချက်ဖြစ်သည့် ဧဖက်မြို့တွင်ရောက်နေသော တိမောသေထံ စာရေးရာ၌ “ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲ လာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှ ယူ၍မသွားနိုင်ဟု ထင်ရှားလျက်ရှိ၏။ သို့ဖြစ်၍၊ စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့” ဟူ၍ နှိုးဆော်ခဲ့သည်။ မိမိနှင့် မိမိ၏မိသားစု “စားရန်၊ ဝတ်ရန်” အတွက် အလုပ်လုပ်ခြင်းသည် လုပ်သင့်လုပ်အပ်ပေသည်။ သို့သော် ပေါလုက “ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏” ဟုသတိပေးခဲ့သည်။ စာတန်သည် ကောက်ကျစ်စဉ်းလဲလှ၏။ အစပိုင်းတွင် လူတစ်ဦးကို အသေးအမွှား အရာများဖြင့် မြှူဆွယ်အံ့။ နောက်ပိုင်း၌ ပို၍ကြီးမားသည့် ဖိအားများ ပေးလာတတ်သည်။ ရာထူးတိုးခြင်း၊ သို့မဟုတ် မူလက ဝိညာဉ်ရေးရာများအတွက် သတ်သတ် ဖယ်ထားသောအချိန်ကို မသုံးမဖြစ် သုံးရတော့မည့် လခပိုကောင်းသော အလုပ်ရရှိခြင်း အစရှိသည့် အခွင့်အလမ်းတစ်ရပ်ရပ် ဖြစ်ကောင်းဖြစ်မည်။ ကျွန်ုပ်တို့ သတိမထားပါက “ငွေကိုတပ်မက်ခြင်းသည်” နိုင်ငံတော်နှင့် ဆက်နွှယ်သည့် သာ၍အရေးကြီးသော အရေးကိစ္စများကို လွှမ်းမိုးဖိစီးသွားနိုင်ပေသည်။ ဤအကြောင်းကို ပေါလုက ဤသို့ရေးသားထား၏– “လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခပ်အောင် ထိုးကြပြီ။”—၁ တိမောသေ ၆:၇-၁၀။
၆။ (က) ရုပ်ဝါဒ၏ကျော့ကွင်းတွင် မမိစေရန် ကျွန်ုပ်တို့ အဘယ်အရာ ပြုလုပ်ရမည်နည်း။ (ခ) ယနေ့ ကမ္ဘာ့စီးပွားရေး အခြေအနေကို ထည့်တွက်လျှင်ပင် ကျွန်ုပ်တို့ အဘယ် ယုံကြည်စိတ်ချမှု ရှိနိုင်သနည်း။
၆ ခရစ်ယာန် ညီအစ်ကိုအပေါ် ထားရှိသည့် စစ်မှန်သောမေတ္တာ အရင်းခံဖြင့် ပေါလုက တိမောသေအား “ထိုအရာများကို ကြဉ်ရှောင်လော့၊” ”ယုံကြည်ခြင်းတရားနှင့်ဆိုင်၍ ကောင်းစွာသော တိုက်လှန်ခြင်းကိုပြုလော့” ဟူ၍တိုက်တွန်းခဲ့သည်။ (၁ တိမောသေ ၆:၁၁၊ ၁၂၊ သမ္မာ) ကျွန်ုပ်တို့ပတ်လည်ရှိ ရုပ်ပစ္စည်း အဓိကထားသည့် လောက၏ ဘဝလမ်းစဉ်နောက်သို့ ရေစုန်မျောပါ မသွားရလေအောင် အင်တိုက်အားတိုက် ကြိုးပမ်းအားထုတ်ရန် လိုအပ်သည်။ ကျွန်ုပ်တို့ဘက်ကသာ ယုံကြည်ခြင်းနှင့်အညီ ကြိုးပမ်းအားထုတ်မည်ဆိုလျှင် ကျွန်ုပ်တို့ကို ယေဟောဝါ မည်သည့်အခါမျှ စွန့်ပစ်ထားမည်မဟုတ်။ ကုန်ဈေးနှုန်းခေါင်ခိုက်မှုနှင့် အလုပ်လက်မဲ့ပြဿနာ ကျယ်ပြန့်သည့်ကြားမှ ကျွန်ုပ်တို့ တကယ်လိုအပ်သောအရာများ ရရှိအောင် ကိုယ်တော် စီစဉ်ပေးတော်မူမည်။ “သင်တို့၏ ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ‘ငါသည် သင့်ကိုမစွန့်၊ သင့်ကို အလျှင်းပစ်၍မထား’ ဟု [ဘုရားသခင်] ကတိတော်ရှိ၏။ ထိုကြောင့် ‘ထာဝရဘုရားသည် ငါ့ကို မစတော်မူသည်ဖြစ်၍၊ လူသည် ငါ၌ပြုနိုင်သမျှကို ငါမကြောက်’ ဟု ငါတို့သည် ရဲရင့်သောစိတ်နှင့် ပြောဆိုရသောအခွင့် ရှိကြ၏” ဟု ပေါလု ရေးခဲ့သည်။ (ဟေဗြဲ ၁၃:၅၊ ၆) ဒါဝိဒ်မင်းကြီးကလည်း “ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကို ခံရသည်အကြောင်း သူ၏သားမြေးတို့သည် တောင်း၍စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင်အောင် မမြင်စဖူး” ဟု ရေးသားခဲ့၏။—ဆာလံ ၃၇:၂၅။
ရှေးတပည့်တော်များ စံနမူနာထားခဲ့
၇။ ဟောပြောခြင်းနှင့်ပတ်သက်၍ အဘယ်ညွှန်ကြားချက်များကို တပည့်တော်များအား ယေရှု ပေးတော်မူခဲ့သနည်း။ ၎င်းတို့သည် အဘယ်ကြောင့် သင့်လျော်သနည်း။
၇ ယေရှုသည် တမန်တော်များအား သင့်လျော်သော လေ့ကျင့်မှုများ ပေးပြီးနောက် ဣသရေလနိုင်ငံတစ်ဝန်းတွင် “ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ” ဟူ၍ကြွေးကြော်ကာ သတင်းကောင်းကို ဟောပြောရန် စေလွှတ်တော်မူခဲ့၏။ ပီတိဖြစ်စရာ သတင်းစကားပါတကား! မေရှိယဘုရင်မင်းမြတ် ယေရှုခရစ်သည် သူတို့အလယ်၌ ရောက်ရှိနေ၏။ တမန်တော်တို့သည် ဘုရားသခင့် အမှုတော်အတွက် မိမိတို့ကိုယ်ကို ဆည်းကပ်မြှုပ်နှံထားကြသဖြင့် သူတို့ကို ဘုရားသခင် စောင့်ရှောက်မည်ဖြစ်ကြောင်း ယုံကြည်စိတ်ချရန် ယေရှု တိုက်တွန်းတော်မူ၏။ ထို့ကြောင့် ကိုယ်တော်က “သင်တို့သည် လမ်းခရီးဖို့ အဘယ်အရာကိုမျှ မယူကြနှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ မုန့်၊ ငွေကိုမယူကြနှင့်။ အင်္ကျီနှစ်ထည်ကိုလည်း မပါစေကြနှင့်။ မည်သည့်အိမ်သို့ဝင်လျှင် ထိုအိမ်တွင် ထိုအရပ်မှ မထွက်မသွားမီတိုင်အောင် နေကြလော့” ဟုမိန့်တော်မူ၏။ (မဿဲ ၁၀:၅-၁၀; လုကာ ၉:၁-၆) သူစိမ်းတို့ကို ဧည့်ဝတ်ပျူငှာသည့် ဓလေ့ထုံးစံရှိသော ဣသရေလ အမျိုးသားချင်းတို့အားဖြင့် သူတို့၏လိုအပ်ချက်များ ပြည့်ဝစေရန် ယေဟောဝါ ကြည့်ရှုစီမံတော်မူမည်။
၈။ (က) အသေမခံမီလေးတွင် ဟောပြောခြင်းနှင့်ပတ်သက်၍ ခြားနားသည့် ညွှန်ကြားချက်များကို ယေရှု အဘယ်ကြောင့် ပေးခဲ့သနည်း။ (ခ) သို့တိုင်အောင် ယေရှု၏ နောက်တော်လိုက်များ၏ ဘဝတွင် အဘယ်အရာသည် ပထမဦးစားထားရမည့်အရာ ဖြစ်နေသေးသနည်း။
၈ နောက်ပိုင်း၊ သေဆုံးခါနီးအချိန်တွင် ယေရှုက တမန်တော်တို့အား ရှေ့အနာဂတ်၌ သူတို့သည် ပြောင်းလဲသွားသော အခြေအနေအောက်တွင် လုပ်ဆောင်ရကြမည်ဖြစ်ကြောင်း သတိပေးတော်မူခဲ့၏။ သူတို့၏လုပ်ဆောင်မှုကို မင်းအရာရှိများက တရားဝင် ဆန့်ကျင်ခြင်းကြောင့် ဣသရေလပြည်တွင် သူတို့အား ဤမျှလွယ်လွယ်နှင့် ဧည့်ဝတ်ပြုမည့်သူများ ရှိချင်မှရှိတော့မည်။ ၎င်းအပြင်၊ များမကြာမီ သူတို့သည် နိုင်ငံတော် သတင်းတရားကို လူမျိုးခြား တိုင်းပြည်များသို့ သယ်ဆောင်သွားရတော့မည်။ ယခုမူ သူတို့သည် “ငွေအိတ်” နှင့် ‘ရိက္ခာအိတ်’ တို့ကို ယူဆောင်သွား ရတော့မည် ဖြစ်သည်။ သို့ဖြစ်စေကာမူ သူတို့သည် စားဝတ်နေရေးအတွက် ကြိုးစားအားထုတ်မှုအပေါ် ဘုရားသခင် ကောင်းချီးပေးတော်မူမည်ကို ယုံကြည်စိတ်ချလျက် ယေဟောဝါ၏ နိုင်ငံတော်နှင့် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကို ပထမဦးစွာ ဆက်၍ ရှာသွားရကြပေမည်။—လုကာ ၂၂:၃၅-၃၇။
၉။ ပေါလုသည် ကာယရေး လိုအပ်ချက်များအတွက် လုပ်ဆောင်ရင်းနှင့် အသက်တာတွင် နိုင်ငံတော်ကို မည်သို့ ဦးစားပေးခဲ့သနည်း။ ဤကိစ္စနှင့်ပတ်သက်၍ သူမည်သို့ ဩဝါဒပေးခဲ့သနည်း။
၉ တမန်တော်ပေါလုသည် ယေရှု၏ အကြံဉာဏ်ပေးချက်ကို လက်တွေ့ကျင့်သုံးသည့် စံပြကောင်းတစ်ဦးဖြစ်သည်။ သူ၏ဘဝအသက်တာတွင် ဓမ္မအမှုတော်ကို အဓိက ထားခဲ့သည်။ (တမန်တော် ၂၀:၂၄၊ ၂၅) ဒေသတစ်ခုသို့ သွားရောက်ဟောပြောသည့်အခါ ရုပ်ပစ္စည်း လိုအပ်ချက်များအတွက် ကိုယ့်တာဝန် ကိုယ်ယူခဲ့သည့်အပြင် တဲရှင်ချုပ်သည့်အလုပ်ကိုပင် လုပ်ကိုင်ခဲ့သည်။ မိမိ၏ စားဝတ်နေရေးအတွက် အခြားသူများ တာဝန်ယူရန် သူမမျှော်လင့်ခဲ့ချေ။ (တမန်တော် ၁၈:၁-၄; ၁ သက်သာလောနိတ် ၂:၉) သို့သော်၊ အခြားသူတို့က မေတ္တာစေတနာဖြင့် ဧည့်သည်ဝတ်ပြုခြင်း၊ လက်ဆောင်ပစ္စည်းများ ပေးကမ်းခြင်းတို့ကိုမူ ကျေးဇူးတင်စွာဖြင့် လက်ခံခဲ့ပါသည်။ (တမန်တော် ၁၆:၁၅၊ ၃၄; ဖိလိပ္ပိ ၄:၁၅-၁၇) ဟောပြောခြင်းအတွက် မိသားစု တာဝန်များကို မလစ်ဟင်းစေဘဲ တာဝန်ဝတ္တရား အသီးသီးကို ဟန်ချက်ညီညီ မျှမျှတတ ထမ်းဆောင်ကြရန် ပေါလုက ခရစ်ယာန်များကို အားပေးခဲ့သည်။ အလုပ်ကြိုးစားလုပ်ရန်၊ မိသားစုကိုချစ်ရန်၊ အခြားသူတို့အား ဝေမျှပေးကမ်းရန်လည်း အကြံပေးခဲ့သည်။ (ဧဖက် ၄:၂၈; ၂ သက်သာလောနိတ် ၃:၇-၁၂) ရုပ်ပစ္စည်းများကို မကိုးစားဘဲ ဘုရားသခင်ကို ယုံကြည်ကိုးစားပြီး သာ၍အရေးကြီးသည့် အရာများကို ကောင်းစွာနားလည်ကြောင်း ထင်ရှားစေသည့်နည်းဖြင့် မိမိတို့၏အသက်တာကို အသုံးပြုရန် သူတို့ကို တိုက်တွန်းနှိုးဆော်ခဲ့သည်။ ယေရှု၏ ဩဝါဒနှင့်အညီ ကျင့်ဆောင်ခြင်းဖြင့် ဘုရားသခင်၏ နိုင်ငံတော်နှင့် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကို ပထမဦးစွာ ရှာနေရာ ကျပေသည်။—ဖိလိပ္ပိ ၁:၉-၁၁။
အသက်တာတွင် နိုင်ငံတော်ကို ဦးထိပ်ထားလော့
၁၀။ နိုင်ငံတော်ကို ပထမဦးစွာ ရှာခြင်းသည် အဘယ်အဓိပ္ပာယ် ရှိသနည်း။
၁၀ နိုင်ငံတော် သတင်းကောင်းကို သူတစ်ပါးအား အဘယ်အတိုင်းအတာအထိ ကျွန်ုပ်တို့ ကိုယ်တိုင်ကိုယ်ကျ ဟောပြောနေသနည်း။ တစ်ဦးစီ၏ အခြေအနေနှင့် ကျေးဇူးတရားသိစိတ် မည်မျှနက်ရှိုင်းသည် ဟူသည့်အချက်ပေါ်တွင် တစ်စိတ်တစ်ဒေသအားဖြင့် မူတည်ပါသည်။ ‘အခြားဘာမျှ လုပ်စရာမရှိတော့မှ နိုင်ငံတော်ကို ရှာပါ’ ဟု ယေရှု မိန့်တော်မမူခဲ့ကြောင်း နှလုံးသွင်းပါ။ နိုင်ငံတော်၏ အရေးပါမှုကို သိရှိထားသဖြင့် ခမည်းတော်၏ အလိုတော်ကို ထုတ်ဖော်လျက် “ကိုယ်တော်၏ နိုင်ငံတော်ကို [စဉ်ဆက်မပြတ်] ရှာကြလော့” ဟုမိန့်တော်မူခဲ့၏။ (လုကာ ၁၂:၃၁) ကျွန်ုပ်တို့ အများစုသည် မိမိတို့ကိုယ်တိုင်နှင့် မိသားစု လိုအပ်ချက်များအတွက် အလုပ်လုပ်ကြရသော်လည်း ယုံကြည်ခြင်းရှိမည်ဆိုလျှင် ကျွန်ုပ်တို့၏ဘဝသည် ဘုရားသခင်ပေးအပ်သည့် နိုင်ငံတော်လုပ်ငန်းကို မဏ္ဍိုင်ပြု၍ လှုပ်ရှားလည်ပတ်မည်ဖြစ်သည်။ တစ်ချိန်တည်းတွင် မိသားစုတာဝန်များကိုလည်း ထမ်းဆောင်မည်ဖြစ်သည်။—၁ တိမောသေ ၅:၈။
၁၁။ (က) နိုင်ငံတော် သတင်းတရား ပြန့်ပွားစေရာ၌ အားလုံးတန်းတူညီတူ လုပ်နိုင်မည်မဟုတ်ကြောင်း ယေရှု မည်သို့ သာဓကပေး၍ ရှင်းပြသနည်း။ (ခ) အဘယ်အခြေခံအကြောင်းများက လူတစ်ဦး လုပ်နိုင်သည့်အတိုင်းအတာအပေါ် အကျိုးသက်ရောက်မှု ရှိသနည်း။
၁၁ ကျွန်ုပ်တို့အထဲမှ အချို့တို့သည် အခြားသူတို့ထက် နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းအတွက် ပို၍ အချိန်ပေးနိုင်ကြသည်။ သို့သော် မြေအမျိုးအစား အမျိုးမျိုးနှင့်ပတ်သက်သည့် ပုံဥပမာတွင် ကောင်းသောမြေနှင့်တူသည့် နှလုံးသားပိုင်ရှင် အားလုံးတို့သည် အသီး,သီးမည့်အကြောင်း ယေရှု မိန့်ဆိုတော်မူခဲ့သည်။ အဘယ် အတိုင်းအတာ အထိနည်း။ တစ်ဦးစီ၏ အခြေအနေများ ကွာခြားကြသည်။ အသက်အရွယ်၊ ကျန်းမာရေး၊ အိမ်ထောင့်တာဝန်တို့သည် ကွဲပြားသည့် အခြေခံအကြောင်း အချို့ဖြစ်သည်။ သို့သော် တန်ဖိုးထားလေးမြတ်သည့်စိတ် တကယ်တမ်းရှိပါက များစွာ တာသွားနိုင်ပါသည်။—မဿဲ ၁၃:၂၃။
၁၂။ လူငယ်များအား အဘယ်မွန်မြတ်သော ဝိညာဉ်ရေးပန်းတိုင်ကို စဉ်းစားသုံးသပ်ရန် အထူးအားပေးထားသနည်း။
၁၂ နိုင်ငံတော် ဓမ္မအမှုတော်တွင် ပိုမိုတိုးချဲ့ပါဝင်နိုင်အောင် အထောက်အကူပြုသည့် ပန်းတိုင်များ ထားရှိခြင်းသည် ကောင်း၏။ လူငယ်လူရွယ်တို့အနေဖြင့် စိတ်အားထက်သန်သော ငယ်ရွယ်သည့်ခရစ်ယာန် တိမောသေ၏ စံနမူနာကောင်းကို အလေးအနက် စဉ်းစားသင့်သည်။ (ဖိလိပ္ပိ ၂:၁၉-၂၂) ကျောင်းပညာ သင်ကြားဆည်းပူးပြီးနောက် အချိန်ပြည့် ဓမ္မအမှုတော် ဝင်ရောက်ထမ်းဆောင်ခြင်းထက် သာ၍ကောင်းသောအရာ ရှိနိုင်ဦးမည်လော။ လူကြီးပိုင်းများလည်း မွန်မြတ်သော ဝိညာဉ်ရေးပန်းတိုင်များ ထားရှိခြင်းဖြင့် အကျိုးရရှိနိုင်ပေသည်။
၁၃။ (က) နိုင်ငံတော်လုပ်ငန်းတွင် ကျွန်ုပ်တို့တစ်ဦးစီ မည်မျှပါဝင်နိုင်သည်ကို မည်သူက ဆုံးဖြတ်သနည်း။ (ခ) နိုင်ငံတော်ကို တကယ်တမ်း ပထမဦးစွာ ရှာပါက ကျွန်ုပ်တို့ အဘယ်အရာကို သက်သေထူသနည်း။
၁၃ ပိုလုပ်နိုင်သည်ဟု ကျွန်ုပ်တို့ အထင်ရှိသူများအား အပြစ်ရှာဝေဖန်နေမည့်အစား ကျွန်ုပ်တို့ကိုယ်တိုင်၏ အခြေအနေ ခွင့်ပြုသည့် အတိုင်းအတာအထိ ဘုရားသခင့်အမှုတော်ကို အပြည့်အဝ ထမ်းဆောင်နိုင်ရေးအတွက် မိမိကိုယ်တိုင်၏ တိုးတက်မှုအတွက် ယုံကြည်ခြင်းနှင့် ကြိုးပမ်းလုပ်ဆောင်သင့်သည်။ (ရောမ ၁၄:၁၀-၁၂; ဂလာတိ ၆:၄၊ ၅) ယောဘကိစ္စ၌ တွေ့မြင်ခဲ့ရသည့်အတိုင်း စာတန်က ကျွန်ုပ်တို့ အဓိက စိတ်ဝင်စားသည့်အရာများမှာ ရုပ်ပိုင်းဆိုင်ရာ ဥစ္စာပစ္စည်းများ၊ ကိုယ်တိုင်၏ သက်သောင့်သက်သာရှိမှုနှင့် မိမိ၏ကောင်းစားရေး တို့သာဖြစ်ကြောင်း၊ ကျွန်ုပ်တို့ ဘုရားသခင်အား ဝတ်ပြုနေသည်မှာလည်း တစ်ကိုယ်ကောင်းစိတ်ကြောင့်ဖြစ်ကြောင်း ငြင်းချက်ထုတ်ခဲ့သည်။ သို့ရာတွင် ကျွန်ုပ်တို့သာ နိုင်ငံတော်ကို တကယ်တမ်း ပထမဦးစွာ ရှာနေကြမည်ဆိုလျှင် မာရ်နတ်သည် မုသာကောင် လုံးလုံးလျားလျားဖြစ်ကြောင်း သက်သေထူရာတွင် တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်နေပါလိမ့်မည်။ သို့ပြုခြင်းဖြင့် ကျွန်ုပ်တို့၏ အသက်တာတွင် ဘုရားသခင့် အမှုတော်ဆောင်ခြင်းကို ဦးထိပ်ထားကြောင်း သက်သေထူကြသည်။ ဤသို့ဖြင့် ယေဟောဝါအား နှစ်နှစ်ကာကာချစ်ကြောင်း၊ ကိုယ်တော့် အချုပ်အခြာအာဏာတော်ကို သစ္စာရှိရှိ ထောက်ခံကြောင်း၊ လူလူချင်းကို မေတ္တာထားကြောင်း အပြောနှင့်အလုပ်အားဖြင့် သက်သေထူကြသည်။—ယောဘ ၁:၉-၁၁; ၂:၄၊ ၅; သုတ္တံ ၂၇:၁၁။
၁၄။ (က) လယ်ကွင်းလုပ်ငန်းအတွက် အချိန်ဇယား ထားရှိခြင်းသည် အဘယ်ကြောင့် အကျိုးရှိသနည်း။ (ခ) သက်သေခံ အများအပြားတို့သည် လယ်ကွင်းဓမ္မအမှုတွင် မည်သည့်အတိုင်းအတာအထိ ပါဝင်နေကြသနည်း။
၁၄ အစီအစဉ်ဇယားဖြင့် အလုပ်လုပ်ခြင်းသည် ပို၍တွင်ကျယ် ပြီးမြောက်စေနိုင်ပေသည်။ ယေဟောဝါ ကိုယ်တော်တိုင်လည်း မိမိရည်ရွယ်ချက်ကို ဖော်ဆောင်ရန်အတွက် ‘ချိန်းချက်သောအချိန်’ ထားရှိတော်မူ၏။ (ထွက်မြောက်ရာ ၉:၅; မာကု ၁:၁၅) ဖြစ်နိုင်ပါက အပတ်စဉ် သတ်မှတ်ထားချိန် တစ်ချိန် သို့မဟုတ် တစ်ချိန်ထက်မက လယ်ကွင်းဓမ္မအမှုတော်တွင် ပါဝင်လျှင် ကောင်းပါသည်။ ကမ္ဘာတစ်ဝန်းမှ သိန်းနှင့်ချီသည့် ယေဟောဝါသက်သေတို့သည် အရန်ရှေ့ဆောင်များအဖြစ် အမည်စာရင်းသွင်းလျက် တစ်နေ့လျှင် နှစ်နာရီခန့် သတင်းကောင်း ဟောပြောခြင်းတွင် ပါဝင်လုပ်ဆောင်ကြ၏။ သိန်းနှင့်ချီသည့် အခြားသူတို့ကလည်း နိုင်ငံတော် သတင်းတရားကို ကြွေးကြော်ရန်အတွက် တစ်နေ့လျှင် နှစ်နာရီ၊ နှစ်နာရီခွဲမျှ အသုံးပြုလျက်ရှိကြသည်။ အထူးရှေ့ဆောင်များနှင့် သာသနာပြုများသည် နိုင်ငံတော်လုပ်ငန်းတွင် ထိုထက်မက အချိန်ပေး လုပ်ဆောင်ကြသည်။ နားထောင်လိုစိတ်ရှိသူ မည်သူ့ကိုမဆို နိုင်ငံတော် မျှော်လင့်ချက်အကြောင်း အလွတ်သဘော ပြောပြနိုင်သည့် အခွင့်အလမ်းများကိုလည်း ကြိုးစားရှာယူနိုင်သည်။ (ယောဟန် ၄:၇-၁၅) “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံ အရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့” ဟု ယေရှုက ကြိုဟောထားသောကြောင့် ကျွန်ုပ်တို့သည် အခြေအနေ ခွင့်ပြုသမျှ ဤလုပ်ငန်းတွင် အပြည့်အဝပါဝင်ရန် ဆန္ဒရှိသင့်သည်။—မဿဲ ၂၄:၁၄; ဧဖက် ၅:၁၅-၁၇။
၁၅။ ကျွန်ုပ်တို့၏ ဓမ္မအမှုနှင့်စပ်လျဉ်း၍ ၁ ကောရိန္သု ၁၅:၅၈ မှသြဝါဒသည် အခန့်သင့်ဖြစ်ကြောင်း အဘယ်ကြောင့် ယူဆသနည်း။
၁၅ မည်သည့်နိုင်ငံတွင် နေထိုင်သည်ပင်ဖြစ်စေ ကမ္ဘာ့ဒေသ အသီးသီးတွင် ယေဟောဝါ သက်သေများသည် ဤအမှုတော်ဆောင် အခွင့်အရေးကြီးတွင် စည်းလုံးညီညွတ်စွာ ပါဝင်ထမ်းဆောင်လျက် ရှိကြသည်။ “သင်တို့ ကြိုးစားအားထုတ်ခြင်းသည် အရှင်ဘုရား၌ အချည်းနှီးမဖြစ်သည်ကို သိမှတ်သဖြင့်၊ တည်ကြည်သောစိတ်နှင့် ပြည့်စုံ၍ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ အရှင်ဘုရား၏ အမှုတော်ကို အစဉ်ကြိုးစား၍ ဆောင်ရွက်ကြလော့” ဟူသော မှုတ်သွင်းခံ သမ္မာကျမ်းစာ ဩဝါဒအတိုင်း သူတို့ လိုက်နာဆောင်ရွက်ကြသည်။—၁ ကောရိန္သု ၁၅:၅၈၊ သမ္မာ။
ပြန်လည်သုံးသပ်ဆွေးနွေးခြင်း
• ယေရှုက ‘နိုင်ငံတော်ကို ပထမဦးစွာ ဆက်၍ရှာကြလော့’ ဟု မိန့်ဆိုခဲ့စဉ်က အဘယ်အရာကို ဒုတိယနေရာတွင် ထားရမည်ဟု ကိုယ်တော် ထောက်ပြနေခြင်းဖြစ်သနည်း။
• မိမိကိုယ်တိုင်နှင့် မိသားစု၏ ကာယလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းနှင့်ပတ်သက်၍ မည်သည့် အမြင်သဘောထား ရှိသင့်သနည်း။ အဘယ်အကူအညီကို ဘုရားသခင် ပေးတော်မူမည်နည်း။
• နိုင်ငံတော်လုပ်ငန်း၏ အဘယ်ကဏ္ဍများတွင် ကျွန်ုပ်တို့ ပါဝင်နိုင်ကြသနည်း။