ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၂/၀၇ စာ. ၇-၉
  • ခရစ်ယာန်ဘာသာ၏ အနာဂတ် မည်သို့ရှိသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ်ယာန်ဘာသာ၏ အနာဂတ် မည်သို့ရှိသနည်း
  • နိုးလော့!—၂၀၀၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်ယာန်ဘာသာအား ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်း
  • ခရစ်ယာန်ဘာသာ မှောက်လှန်ခံရ
  • ခရစ်ယာန်စစ်များ အမှောင်ထုထဲတွင် ထွန်းလင်းနေ
  • ဂျုံပင်နဲ့ ပေါင်းပင် ပုံဥပမာ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • ‘ဖြောင့်မတ်သောသူတို့သည် နေကဲ့သို့ ထွန်းလင်းကြလိမ့်မည်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ‘ငါသည်လည်း သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • စစ်မှန်သောခရစ်ယာန်ယုံကြည်ချက်တစ်ရပ် အဖြစ်မှန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၂/၀၇ စာ. ၇-၉

ခရစ်ယာန်ဘာသာ၏ အနာဂတ် မည်သို့ရှိသနည်း

တစ်လောကလုံးသည် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းလာမည်လော သို့မဟုတ် ခရစ်ယာန်ဘာသာ တိမ်ကောသွားမည်လော။ ခရစ်ယာန်ဘာသာသည် အမှောင်ထုဖုံးလွှမ်းနေသော လောကတွင် ကြည်လင်တောက်ပသည့် အလင်းရောင်ပမာ တည်ရှိနေသလော သို့မဟုတ် ညစ်ထေးကာ မှေးမှိန်နေသလော။ ယင်းတို့သည် ယနေ့အချိန်အထိ ကျွန်ုပ်တို့အာရုံစိုက်ရမည့် မေးခွန်းများဖြစ်သည်။

ယေရှုသည် ခရစ်ယာန်ဘာသာကို စတင်တည်ထောင်ပြီးသည်နှင့် ရန်သူစာတန်က ဝင်ရောက်နှောင့်ယှက်လိမ့်မည်ဖြစ်ကြောင်း ရိုးရှင်းသောပုံပမာတစ်ခုကိုအသုံးပြု၍ ဖော်ပြခဲ့၏။ (မဿဲ ၁၃:၂၄၊ ၂၅) သို့ဖြစ်၍ ယင်းသည် ယေရှု ခရစ်ယာန်ဓမ္မအမှုဆောင်ပြီးနောက် ပထမရာစုအနည်းငယ်အတွင်း ခရစ်ယာန်ဘာသာအား ပြောင်းလဲသွားစေသည့် လောကရေးရာဖြစ်စဉ်တစ်ခုမျှသာ မဟုတ်ချေ။ ယင်းသည် မလိုတမာစိတ်ဖြင့် ပြုခဲ့သည့် ရန်သူစာတန်၏လုပ်ဆောင်ချက်ဖြစ်သည်။ ယနေ့ ခရစ်ယာန်ဘောင်ချာ့ချ်များသည် အတိတ်က ထပ်တလဲလဲကျူးလွန်ခဲ့သောအမှားများကြောင့် ဆိုးကျိုးများခံစားနေရသည်။—၂ ကောရိန္သု ၁၁:၁၄၊ ၁၅; ယာကုပ် ၄:၄။

ခရစ်ယာန်ဘာသာအား ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်း

ယေရှုက မိမိ၏သွန်သင်ချက်များသည် မှောက်လှန်ခံရမည်ဟု ကြိုပြောခဲ့သည်။ ကိုယ်တော်က “ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုးစေ့ကို လယ်၌ကြဲသောသူနှင့်တူ၏။ လူတို့သည် အိပ်ပျော်သောအခါ သူ၏ရန်သူသည်လာ၍ ကောင်းသောစပါးနှင့်လက္ခဏာတူသော တောမျိုးစေ့ကို စပါးအထဲ၌ကြဲ၍ သွားလေ၏” ဟုမိန့်ဆိုခဲ့သည်။ အံ့ဩစရာမှာ ကျွန်များက အဆိုပါရန်သူ၏လုပ်ရပ်ကို အိမ်ရှင်အားပြောကြားကာ တောပင်ကိုစုသိမ်းဖို့ ခွင့်တောင်းသော် အိမ်ရှင်က “ထိုသို့ငါအလိုမရှိ။ တောပင်တို့ကိုရွေးနုတ်လျှင် စပါးပင်တို့ကို ရောနှော၍နုတ်မိမည် စိုးရိမ်စရာအကြောင်းရှိ၏။ စပါးရိတ်သည်ကာလတိုင်အောင် အပင်နှစ်မျိုးတို့သည် အတူကြီးပွားပါလေစေ။ စပါးရိတ်သည့်ကာလရောက်လျှင် တောပင်တို့ကို ရှေးဦးစွာရွေးနုတ်၍ မီးရှို့ ခြင်းငှာ စည်းနှောင်ကြလော့။ စပါးကိုကား ကျီ ၌စုသိမ်းသွင်းထားကြလော့” ဟုဆိုခဲ့၏။—မဿဲ ၁၃:၂၄-၃၀။

ယေရှုကိုယ်တိုင်ရှင်းပြခဲ့သည့် အဆိုပါပုံဥပမာတွင် လယ်၌စပါးကိုကြဲသောသူသည် ယေရှုကိုပုံဆောင်ကာ ကိုယ်တော်ကြဲသောမျိုးစေ့မှာ ခရစ်ယာန်စစ်များကို ပုံဆောင်၏။ စပါးများကြားတွင် တောမျိုးစေ့ကို ကြဲချခဲ့သည့် ရန်သူမှာ စာတန်ကိုပုံဆောင်သည်။ တောပင်များမှာ ဘုရားသခင်၏ကျေးကျွန်များဟု မဟုတ်မမှန်ပြောဆိုကြသည့် တရားမဲ့အယူဖောက်ပြန်သူများကို ပုံဆောင်သည်။ (မဿဲ ၁၃:၃၆-၄၂) ဖြစ်ပျက်လာမည့်အရာနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို တမန်တော်ပေါလု ထပ်ဆင့်ဖော်ပြခဲ့သည်။ သူဤသို့ဆိုသည်– “ငါမရှိသည့်နောက် ကြမ်းတမ်းသောတောခွေးတို့သည် သိုးများကိုမသနားဘဲ သင်တို့အထဲသို့ဝင်မည်ကိုလည်းကောင်း၊ တပည့်တော်များကို သွေးဆောင်ခြင်းငှာ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌လည်း ပေါ်လာမည်ကိုလည်းကောင်း ငါသိ၏။”—တမန်တော် ၂၀:၂၉၊ ၃၀။

ခရစ်ယာန်ဘာသာ မှောက်လှန်ခံရ

ယေရှု၏ပုံဥပမာနှင့် ပေါလုကြိုပြောခဲ့ရာတို့သည် အမှန်ဖြစ်ပျက်လာသလော။ အမှန်ပင်ဖြစ်ပျက်ခဲ့၏။ ရည်မှန်းချက်ကြီးသည့် အမျိုးသားများသည် ယေရှုတည်ထောင်ခဲ့သောအသင်းတော်ကို ချုပ်ကိုင်ကာ ၎င်းတို့ကိုယ်ကျိုးအတွက် အသုံးချခဲ့ကြသည်။ မိမိ၏နောက်လိုက်များအား ယေရှုက ‘သင်တို့သည် လောကနှင့်မစပ်ဆိုင်’ ဟုမိန့်တော်မူခဲ့၏။ (ယောဟန် ၁၅:၁၉) သို့သော် အာဏာရူးနေသော အမျိုးသားများသည် အုပ်စိုးရှင်များနှင့်ပူးပေါင်းကာ နိုင်ငံတော်ချာ့ချ်များ တည်ထောင်ဖွဲ့စည်းခဲ့ကြသည်။ ဤသို့ဖြင့် ဩဇာအာဏာရှိလာပြီး ကြွယ်ဝချမ်းသာလာခဲ့ကြသည်။ အဆိုပါချာ့ချ်များသည် “မှားယွင်းသောအရာများ” ကိုသာ သွန်သင်ပေးခဲ့ကြ၏။ ဥပမာ၊ သူတို့သည် လူတို့အား နိုင်ငံတော်ကိုဝတ်ပြုရန်၊ တိုင်းပြည်အတွက် အသက်စွန့်ရန် သွန်သင်ပေးခဲ့ကြသည်။ သို့နှင့် အမည်ခံခရစ်ယာန်များသည် ခရူးဆိတ်စစ်ပွဲများတွင် ပါဝင်ခဲ့ကြပြီး မယုံကြည်သူဟု ၎င်းတို့သတ်မှတ်ကြသူတို့ကို သတ်ဖြတ်ခဲ့ကြသည်။ သူတို့သည် စစ်ဆင်နွှဲကာ ၎င်းတို့နှင့် ဘာသာတူသူများကိုလည်း သတ်ဖြတ်ခဲ့ကြသည်။ ခရစ်ယာန်ကြားနေခြင်း၊ အိမ်နီးချင်းကိုချစ်ခြင်းဟူသောကျင့်စဉ်ကို သူတို့မကျင့်ခဲ့ကြချေ။—မဿဲ ၂၂:၃၇-၃၉; ယောဟန် ၁၅:၁၉; ၂ ကောရိန္သု ၁၀:၃-၅; ၁ ယောဟန် ၄:၈၊ ၁၁။

ရာစုနှစ်ပေါင်းများစွာ ခရစ်ယာန်များဟု အမည်ခံခဲ့ကြသည့် ချာ့ချ်များသည် ဟန်ပြခရစ်ယာန်ဘာသာကိုသာ ကိုယ်စားပြု၏။ ထို့ကြောင့် ရှေ့ဆောင်းပါးများတွင် ကျွန်ုပ်တို့သိရှိခဲ့ရသည့်အတိုင်း ဂိုဏ်းခွဲများအဖြစ် အစိတ်စိတ်အမြွှာမြွှာဖြစ်နေသည့် ချာ့ချ်များ၊ နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်နေသည့် ချာ့ချ်များ၊ ဘုရားသခင့်ပညတ်များကို ဥပေက္ခာပြုနေသည့်ချာ့ချ်များ ဆက်လက်ပေါ်ပေါက်နေရခြင်းဖြစ်သည်။ ယင်းသို့သောဆိုးကျိုးများသည် ခရစ်ယာန်ဘာသာအစစ်အမှန်ကြောင့်မဟုတ်ဘဲ စာတန်တည်ထောင်ခဲ့သည့် ခရစ်ယာန်ဘာသာအတုအယောင်ကြောင့် ဖြစ်သည်။ ဤဘာသာတရားသည် အဘယ်သို့ ဦးတည်နေသနည်း။ ပုံဥပမာတွင် ယေရှုဖော်ပြခဲ့သည့်အတိုင်း ယင်းသည် အားပေးထောက်ခံမှုမရရုံဖြင့် ကွယ်ပျောက်သွားလိမ့်မည်မဟုတ်။ ယင်းသည် တရားစီရင်ခံရ၍ ဖျက်ဆီးခံရလိမ့်မည်။

ခရစ်ယာန်စစ်များ အမှောင်ထုထဲတွင် ထွန်းလင်းနေ

မှားယွင်းသောခရစ်ယာန်ဘာသာဖြစ်သည့် “တောပင်” များကို စုသိမ်း၍ မဖျက်ဆီးပစ်မီ ဖြစ်ပျက်ရဦးမည့် အခြားအရာတစ်ခုကို ယေရှု၏ပုံဥပမာတွင် ဖော်ပြထားသည်။ ခရစ်ယာန်အတုအယောင်ဖြစ်သည့် “တောပင်” များသည် ရာစုနှစ်များတစ်လျှောက် တိုးပွားများပြားလာခြင်းကြောင့် “စပါး” ဖြစ်သော ခရစ်ယာန်ဘာသာအစစ်မှာ ပျောက်ကွယ်လုနီးပါး ဖုံးလွှမ်းခံခဲ့ရသည်။ သို့သော် “စပါးရိတ်သည့်ကာလ” ဟုယေရှုပုံဆောင်ခဲ့သည့် “ကမ္ဘာကုန်သောကာလ” အတွင်း စပါးများသည် တောပင်များမှ ခွဲထုတ်ခြင်းခံရသည်ဟု ကိုယ်တော်ဖော်ပြခဲ့သည်။ ‘ဖြောင့်မတ်သောသူတို့သည် နေထွန်းလင်းသကဲ့သို့ ထွန်းလင်းကြလတ္တံ့’ ဟုလည်း ကိုယ်တော်မိန့်ဆိုခဲ့သေး၏။ (မဿဲ ၁၃:၃၉-၄၃) ကျွန်ုပ်တို့သည် လွန်ခဲ့သောအနှစ် ၉၀ ကျော်က ဖြစ်ပျက်ခဲ့သည့် ပထမကမ္ဘာစစ်မှစ၍ အစီအစဉ်စနစ်၏ဆုံးခန်းကာလတွင် အသက်ရှင်နေထိုင်လျက်ရှိကြောင်း အဖြစ်အပျက်များက ဖော်ပြသည်။ (မဿဲ ၂၄:၃၊ ၇-၁၂) ယေရှု၏ ပရောဖက်ပြုချက်ဆိုင်ရာပုံဥပမာ၏ ဤအပိုင်းသည် အမှန်တကယ် ဖြစ်ပျက်လာပြီလော။

ခရစ်ယာန်စစ်များသည် ခရစ်ယာန်ဘောင်ဖြစ်သော “တောပင်” များမှ ခွဲထုတ်ခံခဲ့ရပြီ။ ယေဟောဝါသက်သေများသည် ‘နေကဲ့သို့ ထွန်းလင်းနေ’ ကြကာ အခြားသူတို့ကို စစ်မှန်သောဘုရားသခင် ယေဟောဝါအား သိကျွမ်းလာရန် ကူညီပေးနေကြသည်။ သက်သေခံများသည် ဘုရားသခင့်စံနှုန်းများကို မကျဆင်းစေကြပါ။ ယင်းအစား သက်သေခံဖြစ်လာကြသူတို့သည် သမ္မာကျမ်းစာ၌ တွေ့ရှိရသည့် ခရစ်ယာန်ကျင့်စဉ်များကို လိုက်နာရန် ၎င်းတို့၏ဘဝပုံစံကို အကြီးအကျယ် ပြုပြင်ပြောင်းလဲကြရသည်။

ယေဟောဝါသက်သေများ၏ အစည်းအဝေးများတွင် ဖျော်ဖြေရေးအစီအစဉ်များမရှိသော်လည်း ကျမ်းစာပညာရေးကိုမူ အခမဲ့ဝေမျှပေးသည်။ ထို့ပြင် သူတို့သည် နွေးထွေးသောမေတ္တာ၊ ခင်မင်ရင်းနှီးမှုနှင့် သမ္မာကျမ်းစာလေ့လာမှုမှ သင်ယူသိရှိလာသည့် အရည်အသွေးများကို တင်ပြကြသည်။ ဘုရားသခင်သည် မူလရည်ရွယ်ထားသည့်အတိုင်း ကမ္ဘာမြေကြီးကို ပရဒိသုအဖြစ် ပြောင်းလဲပေးကာ စိတ်နှိမ့်ချသူများကို နေထိုင်ခွင့်ပေးမည်ဖြစ်ကြောင်း သူတို့ယုံကြည်ကြသည်။ သို့သော် ဦးဆုံးအနေနှင့် ဘာသာအတုအယောင်များ၏ အဖျက်သြဇာလွှမ်းမိုးနေသည့် ဤကမ္ဘာကို သန့်စင်ဆေးကြောပစ်ရမည်။ သမ္မာကျမ်းစာတွင် အဆိုပါဘာသာအတုအယောင်များကို မဟာဗာဗုလုန်ဟု ဖော်ပြထား၏။ ကျမ်းစာပရောဖက်ပြုချက်အရ ယေဟောဝါသည် အဆိုပါပြောင်းလဲမှုကြီးကို မကြာမီ ပြုလုပ်တော့မည်ဖြစ်သည်။—မဿဲ ၅:၅; ဗျာ. ၁၈:၉-၁၀၊ ၂၁။

နာခံမှုရှိသူတို့သည် ဘာသာအတုအယောင်များ၏ လှည့်ဖြားသောအလေ့အကျင့်များမှ လွတ်မြောက်လာကြပြီးနောက် မြေကြီးပေါ်နေထိုင်ကြမည့်သူအားလုံးကို စစ်မှန်သောခရစ်ယာန်ဝတ်ပြုရေးက ပေါင်းစည်းစေပါလိမ့်မည်။ ယေရှုတည်ထောင်ခဲ့သည့် စစ်မှန်သောခရစ်ယာန်ဘာသာအတွက် ထူးမြတ်သည့်အလားအလာပါတကား! စိတ်ဝမ်းကွဲပြားစေသည့် ဘာသာတရားအမျိုးမျိုး နောက်တစ်ဖန်ရှိတော့မည်မဟုတ်ဘဲ ဧဒင်ဥယျာဉ်ကဲ့သို့သော ပရဒိသုသည် ငြိမ်းချမ်းသောကမ္ဘာအဖြစ်သို့ ပြန်လည်တည်ထောင်ခံရမည်ဖြစ်ပေသည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

‘သူ၏ရန်သူသည်လာ၍ တောမျိုးစေ့ကို ကြဲသွားလေ၏’—မဿဲ ၁၃:၂၅

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံများ]

ကျမ်းစာပညာရေးကို အခမဲ့ဝေငှသည့် ယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမများမှ သင့်အား လှိုက်လှဲစွာကြိုဆိုပါသည်

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

“စပါးကိုကားကျီ၌ စုသိမ်းသွင်းထားကြလော့။”—မဿဲ ၁၃:၃၀

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ