ထာဝရအသက်အဖို့မှန်ကန်စွာ အစီအမံခံရသူတို့ကို ရှာဖွေခြင်း
“ထာဝရအသက်အဖို့ အစီအမံခံရသူရှိသမျှယုံကြည်ကြ၏။”—တမန်တော် ၁၃:၄၈၊ သမာ။
၁။ လူ့နှလုံးနှင့်စပ်လျဉ်း၍ ယေဟောဝါအဘယ်အစွမ်းသတ္တိရှိတော်မူသနည်း။
ယေဟောဝါဘုရားသခင်သည် စိတ်နှလုံးကိုသိမြင်တော်မူ၏။ ယေရှဲ၏သားတစ်ယောက်ကို ဣသရေလလူမျိုး၏ရှင်ဘုရင်အဖြစ်ဘိသိက်ပေးရန် ပရောဖက်ရှမွေလသွားခဲ့စဉ်က ဤအချက်ကိုရှင်းလင်းစွာတွေ့မြင်ရသည်။ ဧလျာဘကိုတွေ့လျှင်ရှမွေလက “ ‘စင်စစ် [ယေဟောဝါ၊NW] ၏ဘိသိက်ခံရသောသူသည် မျက်မှောက်တော်တွင်ရှိ၏’ [ယေဟောဝါ၊NW] က ‘သူ၏မျက်နှာ၊ သူ၏အရပ်ကိုမကြည့်မရှုနှင့်။ သူ့ကိုငါပယ်ပြီ။ [ယေဟောဝါ၊NW] သည်လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည်အဆင်းသဏ္ဌာန်ကိုကြည့်ရှုတတ်၏။ [ယေဟောဝါ၊NW] မူကား နှလုံးကိုကြည့်ရှုတတ်သည်’ ဟုရှမွေလအားမိန့်တော်မူ၏။” သို့ဖြင့် ရှမွေလသည် ‘ဘုရားသခင့်စိတ်တော်နှင့်ညီညွတ်သောသူ’ ဒါဝိဒ်အားဘိသိက်ပေးရန်ညွှန်ကြားခံရလေသည်။—၁ ဓမ္မရာဇဝင် ၁၃:၁၃၊ ၁၄။ ၁၆:၄-၁၃။
၂။ လူတစ်ဦး၏ဥပစာနှလုံး၌အဘယ်အရာအမြစ်စွဲနေသနည်း။ ထို့ကြောင့်ကျမ်းစာ၌ ဤအကြောင်းနှင့်ပတ်သက်၍ ဘာဖတ်ရသနည်း။
၂ လူတစ်ဦးစီ၌ သိသာထင်ရှားသောစိတ်သဘောတစ်မျိုးစီရှိတတ်ကြသည်။ သူ၏ဥပစာနှလုံး၌အမြစ်စွဲနေသော သီးခြားသဘောထားတစ်မျိုးစီရှိတတ်သည်။ (မဿဲ ၁၂:၃၄၊ ၃၅၊ ၁၅:၁၈-၂၀) သို့ဖြစ်သောကြောင့် လူတစ်ဦးသည် “စိတ်နှလုံး၌စစ်တိုက်ရန် ကြံစည်ခြင်းရှိ၏” ဟုကျွန်ုပ်တို့ဖတ်ရခြင်းဖြစ်သည်။ (ဆာလံ ၅၅:၂၁) “ဒေါသပြင်းထန်သောသူလည်း လွန်ကျူးမှုများစေတတ်” ကြောင်းကျမ်းစာဆို၏။ “အပေါ်ယံကသာပေါင်းဖေါ်သောမိတ်ဆွေအချို့ရှိကြ၏။ ညီအစ်ကိုခင်တွယ်သည်ထက် သာ၍ခင်တွယ်တတ်သောမိတ်ဆွေရှိသေး၏” ဟူ၍လည်းကျွန်ုပ်တို့ဖတ်ရသည်။ (သု၊ ၁၈:၂၄။ ၂၉:၂၂၊ သမ္မာ) ဝမ်းသာစရာကား လူအများအပြားတို့သည် ရှေးပိသိဒိပြည် အန္တိအုတ်မြို့မှလူမျိုးခြားအချို့ကဲ့သို့ ပြုမူကြခြင်းဖြစ်သည်။ ကယ်တင်ခြင်းအတွက် ယေဟောဝါ၏အစီအစဉ်ကို ကြားသိကြသောအခါသူတို့သည် “ဝမ်းမြောက်သဖြင့် [ယေဟောဝါ၊NW] ၏တရားတော်ကို ချီးမွမ်းလျက်၊ ထာဝရအသက်အဖို့အစီအမံခံရသူရှိသမျှယုံကြည်ကြ၏။”—တမန်တော် ၁၃:၄၄-၄၈၊ သမာ။
ယုံကြည်သူတို့သည် “စိတ်နှလုံးဖြူစင်” ကြ၏
၃၊ ၄။ (က) စိတ်နှလုံးဖြူစင်သောသူတို့ကားမည်သူတို့နည်း။ (ခ) စိတ်နှလုံးဖြူစင်သူတို့ဘုရားသခင်အားမည်သို့မြင်ရကြသနည်း။
၃ အန္တိအုတ်မြို့မှ ထိုယုံကြည်သူတို့သည် နှစ်ခြင်းခံခရစ်ယာန်များဖြစ်လာကြပြီး သူတို့အနက်မှ သစ္စာရှိသူတို့သည် ယေရှု၏အောက်ပါစကားများမှာ မိမိတို့နှင့်သက်ဆိုင်ကြောင်း ယူမှတ်နိုင်ကြသည်။ “စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။” (မဿဲ ၅:၈) သို့ရာတွင် “စိတ်နှလုံးဖြူစင်သောသူတို့ကား” မည်သူတို့နည်း။ အဘယ်သို့ “ဘုရားသခင်ကိုမြင်ရကြ” သနည်း။
၄ စိတ်နှလုံးဖြူစင်သောသူတို့မှာအတွင်းသဘောသန့်ရှင်းကြသည်။ သူတို့သည် လေးမြတ်ခြင်း၊ စုံမက်ခြင်း၊ လိုအင်ဆန္ဒနှင့်စိတ်ရင်းစေတနာတို့တွင် ဖြူစင်ကြသူများဖြစ်ကြသည်။ (၁တိမောသေ ၁:၅) သမာဓိစောင့်သိသူတို့အတွက် ဘုရားသခင်လုပ်ဆောင်ပေးတော်မူသမျှကို ကြည့်ခြင်းအားဖြင့် ယခုပင် ဘုရားသခင်ကိုမြင်ရကြသည်။ (ထွက်မြောက်ရာ ၃၃:၂၀။ ယောဘ ၁၉:၂၆။ ၄၂:၅ နှင့်နှိုင်းယှဉ်) ဤနေရာ၌ “မြင်ရ” ဟူ၍ပြန်ဆိုထားသည့် ဂရိစာလုံးသည် “စိတ်ဖြင့်မြင်သည်၊ သိမြင်သည်၊ သိသည်” ဟူ၍လည်းအဓိပ္ပာယ်ရသည်။ ယေရှုသည် ဘုရားသခင့်ဥပဓိရုပ်တော်ကို ပြည့်ဝစုံလင်စွာထင်ဟပ်ပေါ်လွင်စေသည်ဖြစ်သဖြင့် ခရစ်တော်နှင့်ကိုယ်တော့်အပြစ်ဖြေရာပူဇော်သက္ကာကို ယုံကြည်၍အပြစ်လွှတ်ခြင်းခံရကာ ဘုရားသခင်နှစ်သက်လက်ခံတော်မူသည့်နည်းဖြင့် ကိုးကွယ်နိုင်ခွင့်ရကြကုန်သော “စိတ်နှလုံးဖြူစင်သောသူတို့” သည်အဆိုပါဥပဓိရုပ်တော်ကို ထိုးထွင်းသိမြင်နိုင်ခွင့်ရကြလေသည်။ (ယောဟန် ၁၄:၇-၉။ ဧဖက် ၁:၇) ဘိသိက်ခံများအဖို့ဆိုလျှင် ကောင်းကင်ဘုံသို့ရှင်ပြန်ထမြောက်၍ ဘုရားသခင်နှင့်ခရစ်တော်တို့အား အမှန်တကယ်ဖူးမြင်ရသောအခါ၌ ဘုရားသခင်ကိုမြင်ရခြင်းအထွတ်အထိပ်ရောက်ရှိမည်ဖြစ်သည်။ (၂ ကောရိန္သု ၁:၂၁၊ ၂၂၊ ၁ ယောဟန် ၃:၂) သို့သော်လည်း စိတ်နှလုံးဖြူစင်သူအပေါင်းတို့မှာ တိကျမှန်ကန်သောအသိပညာနှင့်စစ်မှန်သောကိုးကွယ်မှုအားဖြင့် ဘုရားသခင်ကိုမြင်နိုင်ကြပေမည်။ (ဆာလံ ၂၄:၃၊ ၄။ ၁ ယောဟန် ၃:၆။ ၃ ယောဟန် ၁၁) ဤသူတို့သည် ကောင်းကင်ဘုံ၌လည်းကောင်း၊ ပရဒိသုမြေကြီးပေါ်၌လည်းကောင်း ထာဝရအသက်အဖို့မှန်ကန်စွာအစီအမံခံရကြသူများဖြစ်ကြပေသည်။—လုကာ ၂၃:၄၃။ ၁ ကောရိန္သု ၁၅:၅၀-၅၇။ ၁ ပေတရု ၁:၃-၅။
၅။ လူတစ်ဦးသည် မည်သို့အားဖြင့်သာ ယုံကြည်သူနှင့်ယေရှုခရစ်၏နောက်လိုက်စစ်ဖြစ်လာနိုင်သနည်း။
၅ ထာဝရအသက်အဖို့မှန်ကန်စွာအစီအမံမခံရသူတို့သည် ယုံကြည်သူများဖြစ်လာကြမည်မဟုတ်ပေ။ သူတို့အဖို့ ယုံကြည်ခြင်းတင်ပြရန်မဖြစ်နိုင်ပေ။ (၂ သက်သာလောနိတ် ၃:၂) ၄င်းပြင်၊ သင်ကြားခြင်းကို ခံယူတတ်သူမဟုတ်လျှင်သော်လည်းကောင်း၊ နှလုံးကိုမြင်တော်မူသောယေဟောဝါ သွေးဆောင်တော်မမူလျှင်သော်လည်းကောင်း မည်သူတစ်ဦးတစ်ယောက်မျှ ယေရှုခရစ်၏နောက်တော်လိုက်အစစ်ဖြစ်မလာနိုင်ပေ။ (ယောဟန် ၆:၄၁-၄၇) သို့သော်လည်း ယေဟောဝါသက်သေတို့သည် တစ်အိမ်မှတစ်အိမ်ဟောပြောရာတွင် မည်သူ့ကိုမျှတင်ကူးစီရင်ဆုံးဖြတ်ကြမည်မဟုတ်ပေ။ သူတို့သည် စိတ်နှလုံးကိုသိမြင်နိုင်သူများမဟုတ်သဖြင့် ဖြစ်လာမည့်အကျိုးကို ဘုရားသခင့်၌အပ်ထားကြသည်။
၆။ (က) တစ်အိမ်မှတစ်အိမ်ဓမ္မအမှု၌ လူပုဂ္ဂိုလ်ချင်းတွေ့ဆုံခြင်းအကြောင်းနှင့်စပ်လျဉ်း၍ မည်သို့ပြောဆိုခဲ့သနည်း။ (ခ) ထာဝရအသက်အဖို့ မှန်ကန်စွာအစီအမံခံရသူတို့ကိုရှာတွေ့နိုင်ရေးအတွက် ကူညီပေးသည့်အနေနှင့် အဘယ်ပြင်ဆင်ချက်များပြုလုပ်ပေးထားသနည်း။
၆ “ပေါလုသည် လူထုပရိသတ်ရှေ့၌လည်းကောင်း၊ တစ်အိမ်မှတစ်အိမ်သို့လည်းကောင်း သမ္မာတရားကိုဟောပြောသည်။ စင်မြင့်ပေါ်မှာသာလျှင်မဟုတ်ဘဲ လူတစ်ဦးချင်းနှင့်ဆုံတွေ့သည့်အခါများ၌လည်း ခရစ်တော်အကြောင်းဟောပြော၏။ ဤသို့လူချင်းတွေ့ဆုံဟောပြောခြင်းသည် လူပုဂ္ဂိုလ်တစ်ဦးချင်းထံရောက်ရှိရေးအတွက် အခြားမည်သည့်နည်းလမ်းထက်မဆို အများအားဖြင့် များစွာသာ၍ထိရောက်သည်” ဟုပညာရှင်တစ်ဦးလျောက်ပတ်စွာပြောဆိုခဲ့သည်။ (August Van Ryn) သီအိုကရက်တစ်အမှုဆောင်ကျောင်းလမ်းညွှန်စာအုပ် ၊ Reasoning From the Scriptures နှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စသောစာအုပ်စာစောင်များသည် ယေဟောဝါသက်သေခံများအား ဟောပြောချက်ပေးနိုင်ရန်၊ လယ်ကွင်းလုပ်ငန်း၌ လူချင်းတွေ့ဆုံ၍ ကောင်းစွာဟောပြောနိုင်ရန်အထောက်အကူပေးသည်။ လုပ်ငန်းတော်စည်းဝေးမှ သရုပ်ပြပွဲများနှင့် သီအိုကရက်တစ်အမှုဆောင်ကျောင်းမှ သွန်သင်ချက်တို့သည်လည်း အလားတူအထောက်အကူပေးသည်။ ဤကျောင်းကိုတက်ရောက်သူတို့သည် ကောင်းသောနိဒါန်း၊ ကျမ်းချက်များကိုမှန်ကန်စွာသုံးခြင်း၊ ဆင်ခြင်တုံတရားနှင့်ရှင်းလင်းဖေါ်ပြပုံ၊ ယုံကြည်လက်ခံလွယ်သောအခြေအတင်ပြောဆိုခြင်း၊ ပုံဥပမာများအသုံးပြုခြင်းနှင့်ထိရောက်သောနိဂုံး စသောစကားပြောအရည်အချင်းများကို ရရှိကြသည်။ ထာဝရအသက်အဖို့မှန်ကန်စွာအစီအမံခံရသူတို့ကို ရှာဖွေရာတွင် ဘုရားသခင့်လူမျိုးတော်အားပို၍ထိရောက်မှုရှိစေနိုင်သည့်အဆိုပါသွန်သင်ချက်ကို သမ္မာကျမ်းစာကမည်သို့မည်ပုံတိုးပွားစေသည်ကို ကြည့်ကြပါစို့။
စဉ်းစားမှုကိုနှိုးဆွသောနိဒါန်းများ
၇။ ယေရှု၏တောင်ပေါ်ဒေသနာတော်အဖွင့်စကားနိဒါန်းနှင့်ပတ်သက်၍ အဘယ်အကြောင်းသင်ပေးသနည်း။
၇ တစ်အိမ်မှတစ်အိမ်သက်သေခံရန် ပြင်ဆင်သူတို့အနေဖြင့် စိတ်ဝင်စားမှုကိုနှိုးဆွသောနိဒါန်းများနှင့်ပတ်သက်၍ ယေရှု၏ပုံသက်သေမှ သင်ခန်းစာရရှိနိုင်ပေသည်။ တောင်ပေါ်ဒေသနာတော်အဖွင့်နိဒါန်း၌ “မင်္ဂလာ” ဟူသောစကားလုံးကို ကိုးကြိမ်အသုံးပြုတော်မူ၏။ ဥပမာအားဖြင့်၊ “မိမိတို့၏ဝိညာဉ်ရေး၌လိုလျက်နေကြောင်းသိသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။ . . . စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဤမြေကြီးကိုအမွေခံရကြလတံ့။” (မဿဲ ၅:၃-၁၂၊ NW ) ၄င်းဝါကျများသည် တိုက်ရိုက်ကျ၍ရှင်းလင်း၏။ နိဒါန်းမှာလည်း စိတ်ဝင်စားမှုအမှန်ပင်နှိုးဆွပေးခဲ့မည်ဖြစ်ပြီး၊ ပရိသတ်တို့ကိုလည်းပါဝင်ပတ်သက်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မင်္ဂလာမရှိလိုသူမည်သူရှိသနည်း။
၈။ တစ်အိမ်မှတစ်အိမ်ဓမ္မအမှု၌ အပြန်အလှန်စကားအတွက်အကြောင်းအရာကို မည်သို့အစပျိုးတင်ပြသင့်သနည်း။
၈ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတော်၌ အသုံးပြုသည့်အပြန်အလှန်စကားအတွက်အကြောင်းအရာကို အပြုသဘောဆောင်ပြီး နှစ်သက်ဖွယ်ကောင်းအောင် အစချီ၍ပြောသင့်သည်။ သို့ရာတွင် “ပြင်ပအာကာသကလာတဲ့သတင်းတစ်ခုပြောပြချင်တယ်” စသောအထိတ်တလန့်ဖြစ်ဖွယ် နိဒါန်းမျိုးကို မည်သူမျှမသုံးသင့်ပေ။ ကျွန်ုပ်တို့ဟောပြောသောသတင်းကောင်းမှာ ကောင်းကင်ဘုံမှသက်ရောက်ရာဖြစ်သော်ငြားလည်း ထိုသို့သောနိဒါန်းမျိုးကြောင့်အိမ်ရှင်အနေဖြင့် သက်သေခံတို့ကိုအတည်သဘောယူရမည်လော၊ အမြန်ဆုံးမောင်းထုတ်ပစ်ရမည်လော မဝေခွဲတတ်အောင်ဖြစ်စေနိုင်သည်။
ဘုရားသခင့်နှုတ်ကပတ်တရားတော်ကို မှန်ကန်စွာအသုံးပြုခြင်း
၉။ (က) ဓမ္မအမှု၌ ကျမ်းချက်များကိုမည်သို့ဆက်သွယ်၊ ဖတ်ကြား၍သက်ဆိုင်ပုံကိုရှင်းပြသင့်သနည်း။ (ခ) မေးခွန်းများကို ယေရှုအသုံးပြုပုံကိုတင်ပြသည့်အနေနှင့်အဘယ်ဥပမာကို ကိုးကားတင်ပြထားသနည်း။
၉ စင်မြင့်ပေါ်မှနေ၍ ဟောပြောသကဲ့သို့ လယ်ကွင်းဓမ္မအမှု၌ဟောပြောစဉ်တွင် ကျမ်းချက်များကို ဆီလျော်စွာဆက်သွယ်ပေးသင့်သည်။ သင့်တော်သည့်လေးနက်မှုနှင့် ဖတ်သင့်သည်။ သက်ဆိုင်ပုံကိုရှင်းလင်းတိကျသည့်နည်းဖြင့် တင်ပြသင့်သည်။ ကျမ်းချက်၏လိုရင်းချက်ကို အိမ်ရှင်အားစဉ်းစားစေသည့်မေးခွန်းများသည်လည်း အထောက်အကူပေးသည်။ ဤနေရာ၌ ယေရှုအသုံးပြုခဲ့သည့်နည်းများသည် အတုယူဖွယ်ရာဖြစ်ပြန်သည်။ တစ်ခါက၊ မောရှေ၏ပညတ်တရားတတ်ကျွမ်းသူတစ်ဦးက “ဆရာ၊ ထာဝရအသက်ကိုအပိုင်ရခြင်းငှာ မည်သို့ပြုရမည်နည်း” ဟုကိုယ်တော်အားမေးလျှောက်ရာ ယေရှုက “ပညတ္တိကျမ်းတွင် မည်သို့ရေးထားသနည်း။ မည်သို့ဖတ်ရသနည်း” ဟုပြန်လည်မေးတော်မူ၏။ ၄င်းမေးခွန်းကို ထိုသူဖြေဆိုနိုင်သည်ကို ကိုယ်တော်ကျိန်းသေသိတော်မူ၏။ ထိုသူကလည်း “သင်၏ဘုရားသခင် [ယေဟောဝါ၊NW] ကိုစိတ်နှလုံး၊ အသက်ဝိညာဉ်၊ အစွမ်းသတ္တိ၊ ဉာဏ်သတ္တိအကြွင်းမဲ့ချစ်လော့။ အပေါင်းအဖေါ်ကို ကိုယ်နှင့်အမျှချစ်လော့” ဟူ၍မှန်ကန်စွာဖြေဆို၏။ ယင်းအတွက်သူ့အား ယေရှုချီးမွမ်းခဲ့သည့်အပြင် ဆက်လက်ဆွေးနွေးရန်အတွက်လည်း လမ်းပွင့်စေခဲ့သည်။—လုကာ ၁၀:၂၅-၃၇။
၁၀။ အပြန်အလှန်စကားအတွက်အကြောင်းအရာနှင့်ပတ်သက်၍ အဘယ်အရာကို အားလုံးအာရုံပြုသင့်သနည်း။ အိမ်ရှင်အားမေးခွန်းမေးရာတွင် ဘာကိုရှောင်ကြဉ်သင့်သနည်း။
၁၀ တစ်အိမ်မှတစ်အိမ်၌ သက်သေခံနေသူတို့အနေဖြင့် အပြန်အလှန်စကားအတွက်အကြောင်းအရာ၏ခေါင်းစဉ်ကို လေးနက်ပေါ်လွင်စေသင့်သည်။ ၄င်းပြင်ထိုအကြောင်းရပ်ကို ပေါ်လွင်ထင်ရှားစေသည့်ကျမ်းချက်များကို ဖတ်ပြရသည့်အကြောင်းရင်းကိုလည်း ရှင်းလင်းစေသင့်သည်။ သက်သေခံသည် အိမ်ရှင်ဖြစ်သူ၏နှလုံးကို ထိမိရန်ကြိုးစားနေသည်ဖြစ်သဖြင့် စိတ်အနှောင့်အယှက်ဖြစ်စရာမေးခွန်းများကို ရှောင်ကြဉ်အပ်သည်။ ဘုရားသခင့်နှုတ်ကပတ်တရားတော်ကို အသုံးပြုရာတွင် ‘ကျွန်ုပ်တို့စကားသည် ဆားအားဖြင့်ငန်သော အရသာနှင့်ပြည့်စုံလျက်၊ အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ။’—ကောလောသဲ ၄:၆။
၁၁။ ကျမ်းစာကိုအသုံးပြု၍ မှားယွင်းသောအယူအဆတို့ကိုပြင်ဆင်ပေးရာတွင် စာတန်၏စုံစမ်းခြင်းကို ယေရှုခံရခြင်းအကြောင်းမှ ကျွန်ုပ်တို့အဘယ်စံနမူနာတွေ့ရှိသနည်း။
၁၁ အထူးသဖြင့်ပြန်လည်ပတ်မှုပြုလုပ်ရာ၌ ကျမ်းစာတကယ်တမ်းမည်သို့ဆို၍ မည်သည့်အဓိပ္ပာယ်ဆိုလိုကြောင်း ပြသခြင်းအားဖြင့် မှားယွင်းသောအယူအဆများကို ပြုပြင်ပေးရန်လိုအပ်ကောင်းလိုအပ်လာပေမည်။ “ကျမ်းစာလာသည်ကား ‘ကောင်းကင်တမန်တို့အားသင့်အဖို့မှာထားတော်မူသည်ဖြစ်၍ သင်၏ခြေကိုကျောက်နှင့်မထိမခိုက်စေခြင်းငှာ သူတို့သည်သင့်ကိုလက်နှင့်မစချီပင့်ကြလိမ့်မည်’ ဟုလာ၏။ ထို့ကြောင့်ဘုရားသခင်၏သားတော်မှန်လျှင် [မိမိကိုယ်ကိုသတ်သေသကဲ့သို့ ဗိမာန်တော်အထွတ်မှ] ကိုယ်ကိုအောက်သို့ချလိုက်တော်မူပါ” ဟုလျှောက်ဆိုခဲ့သောစာတန်အား တင်းတင်းမာမာငြင်းဆန်ရာတွင် အထက်ပါနည်းအတိုင်းယေရှုပြုတော်မူခဲ့၏။ ဆာလံ ၉၁:၁၁၊ ၁၂ ကိုစာတန်ကိုးကားခဲ့ခြင်းသည် ဘုရားသခင်ပေးသောဆုဖြစ်သောအသက်ကို အန္တရာယ်ရောက်စေခြင်းအတွက် မှန်ကန်သည့်အကြောင်းပြချက်မဟုတ်ချေ။ မိမိအသက်ကို ဤသို့စွန့်စားခြင်းဖြင့် ယေဟောဝါအားမစုံစမ်းသင့်ကြောင်းသိတော်မူသဖြင့် ယေရှုကစာတန်အား “ ‘သင်၏ဘုရားသခင် [ယေဟောဝါ၊NW] ကိုသင်သည်အစုံအစမ်းမပြုရ’ ဟုကျမ်းစာလာပြန်သည်” ဟုမိန့်တော်မူ၏။ (မဿဲ ၄:၅-၇) စာတန်သည် အမှန်တရားရှာသူမဟုတ်သည်မှာမှန်ပါသည်။ သို့သော်လည်း ကျိုးကြောင်းစဉ်းစားဆင်ခြင်တတ်သူတို့က သူတို့၏ဝိညာဉ်ရေးတိုးတက်မှုကို ဟန့်တားနေသည့်မှားယွင်းသောအယူအဆများကို ဖေါ်လာသည့်အခါ ဘုရားသခင့်နှုတ်ကပတ်တရားတော်၏ဓမ္မအမှုဆောင်များအနေဖြင့် ကျမ်းစာကတကယ်တမ်းဘာပြော၍ ဘာအဓိပ္ပာယ်ကိုဆိုလိုကြောင်းလိမ္မာပါးနပ်စွာပြသသင့်ပေသည်။ ဤသည်မှာ ‘သမ္မာတရားကိုမှန်ကန်စွာကိုင်တွယ်ခြင်း’ နှင့်ဆိုင်သောအနှစ်ချုပ်ဖြစ်သည်။ သီအိုကရက်တစ်ဓမ္မအမှုဆောင်ကျောင်းတွင် သင်ကြားပေးသည့်အရေးကြီးသည့်သင်ခန်းစာတစ်ရပ်လည်းဖြစ်ပေသည်။—၂တိမောသေ ၂:၁၅။
သွေးဆောင်ခြင်း၏အရေးပါအရာရောက်မှု
၁၂၊ ၁၃။ ဓမ္မအမှုတွင်သွေးဆောင်ခြင်းကို အသုံးပြုရန်အဘယ်ကြောင့်သင့်မြတ်သနည်း။
၁၂ ခရစ်ယာန်ဓမ္မအမှု၌ သွေးဆောင်ခြင်းသည်အထိုက်အလျောက်အရေးပါအရာရောက်သည်။ သာဓကအနေနှင့်၊ ပေါလုကလုပ်ဖော်ချင်းတိမောသေအားဆည်းပူးသင်ကြား၍ ‘သက်ဝင်ယုံကြည်လာအောင်သွေးဆောင်နားသွင်း’ ခဲ့ရာများ၌ ဆက်လက်တည်နေရန်တိုက်တွန်းခဲ့သည်။ (၂တိမောသေ ၃:၁၄) ကောရိန္သုမြို့၌ပေါလုသည် “ဥပုသ်နေ့မပြတ်တရားဇရပ်၌ဆွေးနွေးဟောပြော၍၊ ယုဒလူနှင့်ဂရိလူတို့ကို ဖြားယောင်းသွေးဆောင်” လေ့ရှိ၏။ (တမန်တော် ၁၈:၁-၄) ဧဖက်မြို့၌သူသည် ‘ဘုရားသခင်၏နိုင်ငံတော်အကြောင်းများကို အောင်မြင်စွာဆွေးနွေးနှီးနှော၍ဖြားယောင်းသွေးဆောင်’ ခဲ့သည်။ (တမန်တော် ၁၉:၈) ရောမမြို့တွင်နေအိမ်၌ အချုပ်ခံရစဉ်တွင်လည်းတမန်တော်ပေါလုသည် လူတို့ကိုမိမိထံဖိတ်ကြား၍သူတို့အားသက်သေခံ၏။ ‘သွေးဆောင်ဖြားယောင်း’ ၏။ သို့နှင့်အချို့သည်ယုံကြည်သူများဖြစ်လာကြသည်။—တမန်တော် ၂၈:၂၃၊ ၂၄။
၁၃ သက်သေခံဖြစ်သူကမည်မျှပင် သွေးဆောင်စေကာမူ ထာဝရအသက်အဖို့မှန်ကန်စွာအစီအမံခံရသူတို့သာလျှင် ယုံကြည်သူများဖြစ်လာကြမည်မှာဆိုဖွယ်မရှိ။ ယုံကြည်လက်ခံလွယ်သောအခြေအတင်ပြောဆိုခြင်းနှင့်ပြတ်သားသော ရှင်းလင်းချက်တို့သည် သူတို့ယုံကြည်လာအောင်သွေးဆောင်နိုင်ကောင်းသွေးဆောင်နိုင်ပေမည်။ သို့သော်သူတို့အား သွေးဆောင်ရာတွင် အကူအညီပေးနိုင်သောအဘယ်အရာရှိသေးသနည်း။
ဆင်ခြင်တုံတရားနှင့်ညီ၍ယုံကြည်လက်ခံလွယ်ပါစေ
၁၄။ (က) ဆင်ခြင်တုံတရားနှင့် ရှေ့နောက်ညီညွတ်မှုရှိသောရှင်းလင်းဖေါ်ပြပုံ၌ အဘယ်အရာများအကျုံးဝင်သနည်း။ (ခ) ယုံကြည်လက်ခံလွယ်သော အခြေအတင်ပြောဆိုခြင်းအောင်မြင်ရန် အဘယ်အရာလိုအပ်သနည်း။
၁၄ သီအိုကရက်တစ်ဓမ္မအမှုဆောင်ကျောင်း၌ အလေးထားသင်ကြားပေးသည့် စကားပြောအရည်အချင်းများအနက်မှတစ်ခုမှာ ဆင်ခြင်တုံတရားနှင့်ရှေ့နောက်ညီညွတ်မှုရှိသောရှင်းလင်းဖေါ်ပြပုံဖြစ်သည်။ ဆိုလိုသည်မှာ အဓိကယူဆချက်များနှင့်သက်ဆိုင်ရာအကြောင်းအရာအားလုံးကို သင့်တော်စွာအစီအစဉ်တကျထားခြင်းဖြစ်သည်။ ယုံကြည်လက်ခံလွယ်သောအခြေအတင်ပြောဆိုခြင်းလည်းမရှိမဖြစ်လိုအပ်သည်။ ဤသို့ပြောဆိုနိုင်ရန် အခြေခံအုတ်မြစ်ကောင်းကောင်းချပြီး ခိုင်လုံသောအထောက်အထားများတင်ပြရန်လိုအပ်သည်။ ယင်းနှင့်ဆက်စပ်နေသည့်အချက်မှာ နှစ်ဦးနှစ်ဖက်သဘောတူညီသည့်အချက်ကိုထိန်းသိမ်းပြီး အချက်အလက်များကို လုံလုံလောက်လောက်တင်ပြ၍ ယင်းတို့ကိုထိထိရောက်ရောက်အသုံးချခြင်းအားဖြင့် ပရိသတ်အားဆင်ခြင်ရန်ကူညီပေးခြင်းဖြစ်သည်။ ဤအချက်နှင့်ပတ်သက်၍ ကျမ်းစာကတစ်ဖန်လမ်းညွှန်ပေးထားသည်။
၁၅။ (က) မားစ်တောင်ကုန်းပေါ်တွင် ဟောပြောစဉ်ပေါလုသည် ပရိသတ်တို့၏အာရုံကိုမည်သို့ဖမ်းစား၍ နှစ်ဦးနှစ်ဖက်သဘောတူညီသည့်အချက်ကိုအုတ်မြစ်ချခဲ့သနည်း။ (ခ) ပေါလု၏မိန့်ခွန်း၌ဆင်ခြင်တုံတရား၊ ရှေ့နောက်ညီညွတ်မှုရှိသော ရှင်းလင်းဖေါ်ပြပုံနှင့်ဆိုင်သည့်အဘယ်သာဓကကိုတွေ့ရသနည်း။
၁၅ အာသင်မြို့မားစ်တောင်ကုန်းပေါ်တွင် တမန်တော်ပေါလုပြောခဲ့သည့်မိန့်ခွန်းတွင်အထက်ပါစကားပြောအရည်အချင်းများကို ထင်ရှားစွာတွေ့ရသည်။ (တမန်တော် ၁၇:၂၂-၃၁) သူက “အချင်းအာသင်လူတို့၊ သင်တို့သည်ခပ်သိမ်းသောအရာတို့၌ နတ်ဘုရားတို့ကိုအလွန်ရိုသေတတ်ကြသည်ကိုငါမြင်ပါ၏” ဟုအစချီပြောလိုက်သဖြင့် သူ၏နိဒါန်းသည် ပရိသတ်၏အာရုံကိုဖမ်းစားနိုင်ခဲ့သည့်အပြင် နှစ်ဦးနှစ်ဖက်သဘောတူညီသည့်အချက်ကိုလည်းအုတ်မြစ်ချနိုင်ခဲ့သည်။ သူတို့အဖို့ဤနိဒါန်းသည် ချီးမွမ်းစကားဖြစ်ပေသည်။ “ငါတို့မသိသောဘုရားသခင်အဖို့” တည်ထားသောယဇ်ပလ္လင်အကြောင်းပြောပြီးနောက် သူသည်ဆင်ခြင်တုံတရားနှင့်ရှေ့နောက်ညီညွတ်မှုရှိသော ရှင်းလင်းဖေါ်ပြပုံနှင့်ယုံကြည်လက်ခံလွယ်သောအခြေအတင်ပြောဆိုခြင်းတို့ဖြင့် ဆက်လက်ဟောပြောခဲ့သည်။ သူတို့မသိသောဤဘုရားသခင်သည် “ဤလောကမှစ၍လောက၌ရှိလေသမျှသောအရာများကိုဖန်ဆင်းတော်မူ” ကြောင်းသူထောက်ပြခဲ့သည်။ ကိုယ်တော်သည်အာသင်နတ်သမီးနှင့်သော်လည်းကောင်း၊ အခြားသောဂရိနတ်ဘုရားတို့နှင့်လည်းကောင်းမတူဘဲ ‘လူလက်ဖြင့်ဆောက်လုပ်သောဘုံဗိမာန်တွင်လည်း ကျိန်းဝပ်တော်မမူ။ လူတို့လက်ဖြင့်လုပ်ကျွေးခြင်းကိုလည်းခံတော်မမူပေ။’ ဤဘုရားသခင်သည် ကျွန်ုပ်တို့အားအသက်ပေးတော်မူကြောင်း၊ ကိုယ်တော်အားစမ်းတဝါးဝါးနှင့်ရှာနေစရာမလိုကြောင်းဆက်လက်တင်ပြခဲ့သည်။ လူတို့အသိပညာမဲ့၍ ကိုးကွယ်ခဲ့သည့်အချိန်ကာလကို ဥပေက္ခာပြုတော်မူခဲ့သောဖန်ဆင်းတော်မူရှင်က ‘ခပ်သိမ်းသောအရပ်တို့၌ရှိသောသူအပေါင်းတို့အား နောင်တရကြရန်ပညတ်တော်မူ’ ကြောင်းပေါလုဆင်ခြင်သုံးသပ်တင်ပြ၏။ ဤသို့ဖြင့် ‘ဘုရားသခင်သည်ခန့်ထားတော်မူသောသူအားဖြင့် လောကီသားတို့ကိုဖြောင့်မတ်ခြင်းတရားနှင့်ညီလျော်စွာစစ်ကြောစီရင်တော်မူမည်။ ထိုသူကိုသေခြင်းမှထမြောက်စေတော်မူသည်’ ဟူသောအချက်သို့ ဆင်ခြင်တုံတရားနှင့်အညီဆိုက်ရောက်သွားလေသည်။ ပေါလုသည် ‘ယေရှုနှင့်ထမြောက်ခြင်းဆိုင်ရာသတင်းကောင်းကိုဟောပြော’ နေခြင်းဖြစ်သဖြင့် ထိုတရားသူကြီးမှာ ယေရှုခရစ်ဖြစ်ကြောင်းအာသင်မြို့သားများသိရှိကြသည်။—တမန်တော် ၁၇:၁၈။
၁၆။ မားစ်တောင်ကုန်းပေါ်မှ ပေါလု၏မိန့်ခွန်းနှင့်သီအိုကရက်တစ်ဓမ္မအမှုဆောင်ကျောင်းမှ လေ့ကျင့်မှုတို့သည် လူတစ်ဦး၏ဓမ္မအမှုအပေါ်မည်သို့အကျိုးသက်ရောက်မှုရှိနိုင်သနည်း။
၁၆ ပေါလုသည် မားစ်တောင်ကုန်းပေါ်တွင် တစ်အိမ်မှတစ်အိမ်သက်သေခံနေခြင်းမဟုတ်သည်မှာမှန်ပါသည်။ သို့သော်သူ၏ဟောပြောချက်နှင့် သီအိုကရက်တစ်ဓမ္မအမှုဆောင်ကျောင်းတွင်ရရှိသောလေ့ကျင့်မှုတို့မှ ယေဟောဝါသက်သေတို့သည် မိမိတို့၏လယ်ကွင်းဓမ္မအမှုတော်ကိုတိုးတက်မြှင့်တင်နိုင်ရန် သင်ခန်းစာများစွာရရှိနိုင်ကြသည်။ မှန်ပါသည်။ ဤအချက်အားလုံးသည်သူတို့အား ပို၍ထိရောက်သောဓမ္မအမှုတော်ဆောင်များဖြစ်လာရန်အထောက်အကူပေးသည်။ ပေါလု၏ဆင်ခြင်တုံတရားနှင့်ရှင်းလင်းဖေါ်ပြပုံနှင့်ယုံကြည်လက်ခံလွယ်သောအခြေအတင်ပြောဆိုခြင်းတို့က အာသင်မြို့သားအချို့တို့ကို ယုံကြည်သူများဖြစ်လာအောင်သွေးဆောင်နိုင်ခဲ့သည့်နည်းတူပင်ဖြစ်ပေသည်။—တမန်တော် ၁၇:၃၂-၃၄။
မှတ်သားဖွယ်ဥပမာများကိုသုံးခြင်း
၁၇။ ဓမ္မအမှု၌အဘယ်သို့သောဥပမာများကို သုံးသင့်သနည်း။
၁၇ သီအိုကရက်တစ်ဓမ္မအမှုဆောင်ကျောင်းသည် ဘုရားသခင့်ဓမ္မအမှုတော်ဆောင်များအား တစ်အိမ်မှတစ်အိမ်သက်သေခံခြင်းနှင့် အခြားနည်းများဖြင့်အမှုတော်ဆောင်ရာတွင် ဥပမာကောင်းများကို သုံးတတ်အောင်လည်းကူညီပေးသည်။ အရေးကြီးသောအချက်များကို လေးနက်စေရေးအတွက်နှစ်သက်စရာ၊ အကြိုက်တွေ့စရာ ဥပမာရိုးရိုးလေးတို့ကို သုံးသင့်သည်။ သက်သေခံဖြစ်သူအနေဖြင့် ၄င်းဥပမာများကိုကောင်းစွာသိမြင်နားလည်သော အခြေအနေများမှထုတ်နှုတ်ယူသင့်ပြီး ယင်းတို့၏သက်ဆိုင်ပုံကို ရှင်းလင်းစွာတင်ပြရန် ဂရုပြုသင့်သည်။ ယေရှုတင်ပြခဲ့သည့်ဥပမာများသည် ယင်းသတ်မှတ်ပြဌာန်းချက်အားလုံးနှင့်ကိုက်ညီသည်။
၁၈။ မဿဲ ၁၃:၄၅၊ ၄၆ သည်ဓမ္မအမှုတွင်မည်သို့ အသုံးဝင်ဖွယ်ရှိသနည်း။
၁၈ ဥပမာအနေနှင့် ယေရှု၏အောက်ပါစကားများကိုသုံးသပ်ကြည့်ပါ။ “ကောင်းကင်နိုင်ငံသည်မြတ်သောပုလဲတို့ကိုရှာသောကုန်သည်နှင့်တူ၏။ ထိုကုန်သည်သည် အလွန်အဖိုးထိုက်သောပုလဲကိုတွေ့သောအခါ၊ သွား၍မိမိ၌ရတတ်သမျှကို ရောင်းပြီးလျှင်ထိုပုလဲကိုဝယ်လေ၏။” (မဿဲ ၁၃:၄၅၊ ၄၆) ပုလဲဆိုသည်မှာ မုတ်ကောင်နှင့်အခြားသောကနုကမာတို့၏အခွံအတွင်း၌ဖြစ်တည်လာသည့်အဖိုးတန်ရတနာတစ်မျိုးဖြစ်သည်။ သို့သော်အချို့သာလျှင် ‘ပုလဲကောင်း’ ဖြစ်သည်။ ထိုကုန်သည်သည် ၄င်းပုလဲ၏အလွန်အဖိုးထိုက်တန်မှုကို နားလည်သည့်ထက်မြက်သောအမြင်ရှိပြီး၊ ယင်းကိုရယူရန်အခြားအရာရှိသမျှတို့ကိုစွန့်လွှတ်ရန်အသင့်ရှိခဲ့သည်။ ပြန်လည်ပတ်မှုအချိန်၌ဖြစ်စေ၊ အိမ်တွင်းကျမ်းစာသင်အံမှု၌ဖြစ်စေ ဘုရားသခင့်နိုင်ငံတော်ကို တကယ်တမ်းလေးမြတ်သူသည် ထိုကုန်သည်ကဲ့သို့ပြုတတ်ကြောင်းတင်ပြရန်အတွက် ဤဥပမာကိုအသုံးပြုနိုင်ကောင်းပြုနိုင်ပေမည်။ ထိုသို့သောပုဂ္ဂိုလ်သည် နိုင်ငံတော်ကိုအသက်တာတွင်ဦးစားပေးနေရာတွင်ထားပေမည်။ မည်သည့်အရာစွန့်လွှတ်ရသည်ဖြစ်စေ စွန့်လွှတ်ထိုက်သည်ဟုခံယူပေမည်။
လှုံ့ဆော်မှုဖြင့်နိဂုံးချုပ်ပါ
၁၉။ တစ်အိမ်မှတစ်အိမ်ဓမ္မအမှု၌ ဟောပြောချက်နိဂုံးပိုင်းတွင် အိမ်ရှင်အားအဘယ်အရာဖေါ်ပြသင့်သနည်း။
၁၉ ဘုရားသခင့်လူမျိုးတော်အနေဖြင့် သီအိုကရက်တစ်ဓမ္မအမှုဆောင်ကျောင်း ဟောပြောချက် သို့မဟုတ် ဆွေးနွေးခန်းတစ်ခု၏နိဂုံးသည် ခေါင်းစဉ်နှင့်တိုက်ရိုက်ဆက်သွယ်မှုရှိရမည်အကြောင်း၊ ပရိသတ်တို့အားဘာလုပ်ရမည်အကြောင်းဖေါ်ပြပြီး၊ ထိုအတိုင်းပြုလုပ်ကြရန်အားပေးသင့်သည်အကြောင်းကိုလည်းသိရှိလာကြသည်။ တစ်အိမ်မှတစ်အိမ်ဓမ္မအမှု၌ အိမ်ရှင်အားကျမ်းစာစာပေတစ်ခုခုလက်ခံရန် သို့မဟုတ် ပြန်လည်ပတ်မှုအတွက်သဘောတူရန်စသည်ဖြင့် ဘာလုပ်ရမည်ကိုတိတိကျကျသိရှိရန်တင်ပြပေးသင့်သည်။
၂၀။ မဿဲ ၇:၂၄-၂၇ ၌လှုံ့ဆော်မှုပါသော နိဂုံးနှင့်ဆိုင်သည့် အဘယ်စံနမူနာကောင်းတွေ့ရသနည်း။
၂၀ ယေရှု၏တောင်ပေါ်ဒေသနာတော်နိဂုံးတွင် ကောင်းမြတ်သောစံနမူနာတစ်ရပ်တင်ပြထားသည်။ နားလည်လွယ်သောဥပမာတစ်ခုဖြင့် ယေရှုကမိမိ၏တရားစကားကိုနားထောင်လိုက်လျှောက်ခြင်းသည် ပညာရှိရာရောက်ကြောင်းတင်ပြတော်မူ၏။ ဤသို့နိဂုံးချုပ်ထားသည်။ “အကြင်သူသည် ငါဟောပြောသောဤစကားကို ကြား၍နားထောင်၏။ ထိုသူသည်ကျောက်ပေါ်မှာအိမ်ဆောက်သောပညာရှိနှင့်တူကြောင်းကိုငါပုံပြမည်။ မိုးရွာ၍ရေစီးသည်နှင့်လေလာ၍ထိုအိမ်ကို တိုက်သည်ရှိသော်၊ ကျောက်ပေါ်မှာတည်သောကြောင့် မပြိုမလဲနေ၏။ အကြင်သူသည်ငါဟောပြောသော ဤစကားကိုကြား၍နားမထောင်ဘဲနေ၏။ ထိုသူသည်သဲပေါ်မှာအိမ်ဆောက်သောလူမိုက်နှင့်တူကြောင်းကိုငါပုံပြမည်။ မိုးရွာ၍ရေစီးသည်နှင့်လေလာ၍ထိုအိမ်ကိုတိုက်သောအခါ၊ ကြီးစွာသောပြိုလဲခြင်းသို့ရောက်လေသည်ဟုဟောတော်မူ၏။” (မဿဲ ၇:၂၄-၂၇) ဤစံနာမူနာက ဘုရားသခင့်ဓမ္မအမှုဆောင်များအနေဖြင့် အိမ်ရှင်တို့အားလှုံ့ဆော်တိုက်တွန်းရန်အားထုတ်သင့်ကြောင်းကောင်းစွာတင်ပြထားသည်တကား။
၂၁။ ကျွန်ုပ်တို့၏ဆွေးနွေးခန်းက အဘယ်အချက်ကိုရှင်းလင်းစွာမြင်သာသနည်း။ သို့သော်အဘယ်အကြောင်းကို အသိအမှတ်ပြုဝန်ခံရမည်နည်း။
၂၁ အထက်ပါအချက်အလက်များက သီအိုကရက်တစ်ဓမ္မအမှုဆောင်ကျောင်းသည် လူအများအပြားကို အရည်အချင်းပြည့်ဝသောနိုင်ငံတော်ကြွေးကြော်သူဖြစ်လာအောင်မည်သို့ကူညီပေးနိုင်ပုံကို ရှင်းလင်းစွာမြင်သာစေသည်။ စွမ်းရည်သတ္တိပြည့်ဝစေသောအရှင်မှာအဓိကအားဖြင့် ဘုရားသခင်ဖြစ်တော်မူသည်မှာဆိုဖွယ်မရှိပေ။ (၂ ကောရိန္သု ၃:၄-၆) ဓမ္မအမှုတော်ဆောင်တစ်ဦးမည်မျှပင် အရည်အချင်းရှိစေကာမူ ခရစ်တော်အားဖြင့်ဘုရားသခင်ဆွဲဆောင်တော်မမူလျှင် လူတို့ကိုယုံကြည်သူများဖြစ်လာအောင်မည်သူမျှသွေးဆောင်နိုင်မည်မဟုတ်ပေ။ (ယောဟန် ၁၄:၆) သို့ပင်ငြားလည်း၊ ဘုရားသခင့်လူမျိုးတော်အနေဖြင့် ထာဝရအသက်အဖို့မှန်ကန်စွာအစီအမံခံရသူတို့အား ရှာဖွေစဉ်တွင်ယေဟောဝါလုပ်ဆောင်ပေးသည့်ဝိညာဏပြင်ဆင်ချက်အားလုံး၏အကျိုးကျေးဇူးကို မုချရယူအပ်ပေသည်။
သင့်အဖြေကားအဘယ်နည်း
▫ “စိတ်နှလုံးဖြူစင်သောသူတို့” ကားမည်သူတို့နည်း။ သူတို့မည်သို့ “ဘုရားသခင်ကိုမြင်ရကြ” သနည်း။
▫ တစ်အိမ်မှတစ်အိမ်လုပ်ငန်းတော်၌ နိုင်ငံတော်သတင်းတရားကိုနိဒါန်းပျိုးရာတွင်အဘယ်အချက်အလက်များကို ဆင်ခြင်သုံးသပ်သင့်သနည်း။
▫ ဓမ္မအမှု၌ ဘုရားသခင့်နှုတ်ကပတ်တော်ကို မှန်ကန်စွာမည်သို့ကိုင်တွယ်နိုင်သနည်း။
▫ လယ်ကွင်းအမှုဆောင်၌ ဆင်ခြင်တုံတရားနှင့်ညီ၍ ယုံကြည်လက်ခံလွယ်အောင်တင်ပြနိုင်ရန် အဘယ်အရာကအထောက်အကူပြုသနည်း။
▫ ဓမ္မအမှု၌အသုံးပြုသော ဥပမာနှင့်ပတ်သက်၍ အဘယ်အချက်ကိုသတိရသင့်သနည်း။
▫ သက်သေခံခြင်းလုပ်ငန်းတွင် အသုံးပြုသောနိဂုံးအားဖြင့်အဘယ်ရည်ရွယ်ချက်အောင်မြင်စေသင့်သနည်း။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ယေရှုက “စိတ်နှလုံးဖြုစင်သောသူတို့သည် . . . ဘုရားသခင်ကိုမြင်ရကြလတံ့” ဟုမိန့်တော်မူ၏။ အဘယ်အဓိပ္ပာယ်ရှိသနည်း
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ကျမ်းချက်များကိုဆီလျော်စွာဆက်သွယ်၍သင့်တော်သောလေးနက်မှုနှင့်ဖတ်ရှုသင့်သည့်အပြင်သက်ဆိုင်ပုံကိုလည်းရှင်းလင်းတိကျမှန်ကန်စွာတင်ပြသင့်သည်