ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၄၃
  • ပုံဥပမာများနှင့်သွန်သင်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပုံဥပမာများနှင့်သွန်သင်ခြင်း
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှု၏ ပုံဥပမာများမှ အကျိုးခံစားခြင်း
  • သွန်သင်ချက်ထပ်ဆင့်ရရှိ၍ ကောင်းချီးခံစားရ
  • နိုင်ငံတော်နဲ့ပတ်သက်တဲ့ ပုံဥပမာများ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ‘ဘုရားသခင် ကြီးပွားစေတော်မူ၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • “ဥပမာကင်း၍ ဟောပြောတော်မမူ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • “ပုံဥပမာ မပါဘဲ သူ မဟောဘူး”
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၄၃

အခန်း ၄၃

ပုံဥပမာများနှင့်သွန်သင်ခြင်း

ဖာရိရှဲများကိုအပြစ်တင်စဉ် ကပေရနောင်မြို့၌ယေရှုရှိပုံရသည်။ ထိုနေ့ရက်တွင်ပင် ဂါလိလဲပင်လယ်အနီးလျှောက်သွားရာ လူများစုဝေးလာသည်။ ထိုအခါ လှေစီး၍ကမ်းခွာပြီး ကမ်းပေါ်ရှိသူတို့အား ကောင်းကင်နိုင်ငံတော်အကြောင်းသွန်သင်တော်မူသည်။ ပရိသတ်အကျွမ်းဝင်သည့်အခြေအနေနှင့် စပ်ဆိုင်သောပုံဥပမာများဖြင့် ကိုယ်တော်သွန်သင်တော်မူခဲ့သည်။

ဦးဆုံးမျိုးကြဲသူတစ်ဦးအကြောင်း ယေရှုပြောသည်။ အချို့မျိုးစေ့များသည် လမ်းဘေးတွင်ကျ၍ ငှက်များစားကုန်သည်။ အခြားမျိုးစေ့များမူ ကျောက်ပေါ်ရှိမြေပေါ်သို့ကျသည်။ မြေတိမ်ပေါ်အမြစ်မစွဲနိုင်သဖြင့် နေပူပြင်းသည့်ဒဏ်ကိုမခံနိုင်ဘဲ ညှိုးနွမ်းလေသည်။ အခြားမျိုးစေ့များလည်း ဆူးပင်များကြားကျ၍ အပင်များပေါက်လာသောအခါ ကြာရှည်အသက်မရှင်နိုင်။ နောက်ဆုံးအချို့မျိုးစေ့တို့သည် မြေကောင်းပေါ်ကျ၍ အဆတစ်ရာ၊ အဆခြောက်ဆယ်၊ အဆသုံးဆယ်တိုးပွားသည်။

အခြားဥပမာတစ်ခုတွင် ဘုရားသခင်၏နိုင်ငံတော်သည် မျိုးစေ့ကြဲခြင်းနှင့်တူသည်ဟု ယေရှုဆိုသည်။ မျိုးကြဲသူအိပ်ပျော်နေ၍ အတန်ကြာပြီးနောက်နိုးထသော် သူအိပ်နေစဉ် မျိုးစေ့ပေါက်လာသည်။ မည်သို့အပင်ပေါက်လာသည်ကို ထိုသူမသိ။ အလိုအလျောက်အပင်ပေါက်လာ၍ အသီးအနှံများသီးလာလေသည်။ မှည့်လာသော် သူရိတ်သိမ်းလေသည်။

လူတစ်ယောက်ကောင်းသောမျိုးစေ့ကို ကြဲပြီးနောက် “လူများအိပ်ပျော်နေစဉ်” ရန်သူလာ၍တောမျိုးစေ့များ လာကြဲခဲ့သည့်တတိယဥပမာကို ယေရှုပြောခဲ့သည်။ ကျွန်များကတောမျိုးစေ့ပင်များကို နုတ်ပစ်ရမည်လောဟုမေးမြန်းသည်။ သူက ‘မနုတ်နဲ့။ စပါးပင်ပါရောနှောနုတ်မိမယ်။ စပါးရိတ်ချိန်အထိ အတူပေါက်ပါစေ။ အဲဒီအခါကျမှ တောပင်ကိုရွေးပြီးမီးရှို့ဖို့၊ စပါးပင်ကိုကျီ၌သိမ်းဖို့ စပါးရိတ်သူများကိုခိုင်းမယ်။’

ကမ်းခြေရှိလူအုပ်အား ဆက်ဟောပြောရာတွင် အခြားဥပမာနှစ်ခုကို ယေရှုပြောသေးသည်။ “ကောင်းကင်နိုင်ငံတော်” သည်မုန်ညင်းစေ့နှင့်တူသည်ဟု ကိုယ်တော်ရှင်းပြသည်။ အစေ့တကာတို့ထက်ငယ်သော်လည်း ဟင်းရွက်တကာတို့ထက်ကြီးသောအပင်ဖြစ်လာရာ အကိုင်းအခက်များတွင်ငှက်တို့သည် အရိပ်ခိုတတ်ကြသည်။

အချို့သူတို့က မုန်ညင်းစေ့ထက်ငယ်သော အစေ့ရှိပါသေးသည်ဟူ၍ ကန့်ကွက်ပြောဆိုသည်။ သို့သော် ဤတွင် ရုက္ခဗေဒပညာကို ယေရှုသင်ပေးနေခြင်းမဟုတ်။ ကိုယ်တော်ခေတ်ရှိဂါလိလဲသားများ သိကျွမ်းသည့်အစေ့များတွင် မုန်ညင်းစေ့သည်အငယ်ဆုံးဖြစ်သည်။ ယင်းကြောင့်ယေရှုဥပမာတင်ပြနေသည့် ထူးခြားသောကြီးပွားမှုအကြောင်း သူတို့သဘောပေါက်ကြပါသည်။

နောက်ဆုံး “ကောင်းကင်နိုင်ငံတော်” ကိုမုန့်ညက်သုံးတင်း၌ မိန်းမတစ်ဦးထည့်သည့် တဆေးနှင့်ယေရှုနှိုင်းယှဉ်သည်။ အတန်ကြာသော်မုန့်ညက်ရှိသမျှကို ဖောင်းကြွစေသည်ဟု ကိုယ်တော်ဆိုသည်။

ဤဥပမာငါးခုကိုပေးပြီးနောက် လူအုပ်ကိုလွှတ်လိုက်ပြီး မိမိတည်းခိုရာအိမ်သို့ပြန်သွားသည်။ တစ်ခဏတွင် တမန်တော် ၁၂ ပါးနှင့်အခြားသူများ ကိုယ်တော်ထံရောက်လာကြသည်။

ယေရှု၏ ပုံဥပမာများမှ အကျိုးခံစားခြင်း

ကမ်းခြေရှိလူအုပ်အား ယေရှုဟောပြောပြီးနောက် တပည့်တော်များ ကိုယ်တော်ထံချဉ်းကပ်၍ ကိုယ်တော်၏သွန်သင်နည်းသစ်ကို သိလိုကြသည်။ ယခင်ကဥပမာများပေး၍ ကိုယ်တော်ဟောသည်ကို သူတို့ကြားဖူးခဲ့သော်လည်း၊ ဤမျှတိုင်မသုံးခဲ့ချေ။ ထိုကြောင့် “ကိုယ်တော်သည်အဘယ်ကြောင့်ဥပမာကိုဆောင်၍ ဤလူတို့အားဟောပြောတော်မူသနည်း” ဟုမေးလေသည်။

တစ်ကြောင်းမှာ “ငါသည်နှုတ်ကိုဖွင့်၍ ဥပမာများကိုမြွက်ဆိုပေအံ့။ ကမ္ဘာဦးမှစ၍ထိမ်ဝှက်သောအရာတို့ကို ဖော်ပြပေအံ့” ဟူသောပရောဖက်ပြုချက်ပြည့်စုံရန်ဖြစ်သည်။ သို့သော်ထိုထက်မကရှိသေးသည်။ ကိုယ်တော်အသုံးပြုသည့်ဥပမာများက လူတို့၏နှလုံးသဘောကို ထင်ရှားစေရန်ကူညီပေးပါသည်။

ထိုအချိန်ကလူအများစုသည် ကိုယ်ကျိုးစွန့်၍ နောက်တော်လိုက်ရမည့်သခင်တစ်ဦးအဖြစ် ကိုယ်တော်အား မယူမှတ်ကြဘဲ ပုံတိုပုံစများပြောဆိုသူ၊ အံ့ဖွယ်ရာများပြုလုပ်သူအဖြစ်သာ ယေရှုကို မြင်ကြသည်။ မိမိတို့ကြည့်မြင်ယူမှတ်ပုံ၊ မိမိတို့အသက်တာတို့ကို ပြုပြင်ပြောင်းလဲခြင်းကိုမူကား မခံလိုကြချေ။ ထိုအခြေအနေထိ သတင်းတရား၏လှုံ့ဆော်မှုကို မခံလိုကြပါ။

ထိုကြောင့် ယေရှုက “သူတို့သည်မြင်လျက်မမြင်၊ ကြားလျက်မကြား၊ အနက်ကိုလည်း နားမလည်သောကြောင့် ဥပမာကိုဆောင်၍ ငါဟောပြော၏။ ဟေရှာယဟောဖူးသော အနာဂတ္တိစကားဟူမူကား၊ ‘. . . သူတို့၏စိတ်နှလုံးသည် မိုက်လျက် . . . ရှိကြ၏’ ဟူသောစကားသည် ဤလူတို့၌ ပြည့်စုံခြင်းသို့ ရောက်သတည်း။”

သို့ရာတွင် “သင်တို့မျက်စိသည် မြင်သောကြောင့် မင်္ဂလာရှိ၏။ သင်တို့နားသည်လည်းကြားသောကြောင့် မင်္ဂလာရှိ၏။ ငါအမှန်ဆိုသည်ကား သင်တို့မြင်ရသောအရာတို့ကို ပရောဖက်များနှင့်ဖြောင့်မတ်သောသူများတို့သည် မြင်ခြင်းငှာအလိုရှိကြသော်လည်း မမြင်ရကြ။ သင်တို့ကြားရသောအရာတို့ကို ကြားခြင်းငှာအလိုရှိကြသော်လည်း မကြားရကြ” ဟုယေရှုဆက်ပြောပါသည်။

တမန်တော် ၁၂ ပါး၊ သူတို့နှင့်အတူရှိသူများ၏နှလုံးမူကား နာယူလိုဖွယ်ရှိသဖြင့် ယေရှုက “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသောအခွင့်ရှိကြ၏။ ထိုသူတို့မူကား အခွင့်မရှိကြ။” သူတို့၏နားလည်ချင်သောစိတ်ကြောင့် မျိုးစေ့ကြဲသူဥပမာကို သူတို့အား ယေရှုရှင်းပြခဲ့သည်။

“မျိုးစေ့သည် ဘုရားသခင်၏တရားစကားဖြစ်၏” ဟုယေရှု မိန့်တော်မူသည်။ မြေမူကားနှလုံးဖြစ်သည်။ မာကျောသောလမ်းဘေးမြေပေါ်ကျသည့် မျိုးစေ့နှင့်ပတ်သက်၍ “ယုံကြည်ခြင်း၊ ကယ်တင်ခြင်းသို့ မရောက်စေခြင်းငှာ မာရ်နတ်သည်လာ၍ တရားစကားကိုနှလုံးထဲမှ နုတ်ယူသောသူကိုဆိုလိုသတည်း” ဟူ၍ယေရှုရှင်းပြသည်။

သို့ရာတွင် ကျောက်ပေါသောမြေပေါ်ကျသည့်မျိုးစေ့မူကား တရားတော်ကိုဝမ်းမြောက်စွာ လက်ခံသူတို့၏နှလုံးကို ဆိုလိုသည်။ သို့သော် ဤကဲ့သို့သောနှလုံးများတွင် နက်ရှိုင်းစွာ အမြစ်မစွဲနိုင်သဖြင့် စုံစမ်းခြင်း သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခံရသည့်အခါ ဤသူများ ဖောက်ပြန်သွားကြသည်။

ဆူးပင်များတွင်ကျသောမျိုးစေ့မူကား နှုတ်ကပါဌ်တရားကို ကြားသူများကိုဆိုလိုသည်ဟူ၍ ယေရှု ဆက်ရှင်းပြသည်။ သို့သော် ဘဝ၏စိုးရိမ်ခြင်း၊ စည်းစိမ်ကြွယ်ဝခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတို့၏ ဖိစီးမှုကိုခံရ၍ အညွန့်များ လုံးဝညှိုးနွမ်းသွားပြီး အသီးမသီးနိုင်သောသူများကို ဆိုလိုခြင်းဖြစ်၏။

နောက်ဆုံးမြေကောင်းပေါ် ကျသောမျိုးစေ့မူကား နှုတ်ကပါဌ်တရားကို ကြားနာပြီးနောက် မွန်မြတ်သောနှလုံးဖြင့်နာယူကာ မှတ်မိစွဲလမ်းကြသဖြင့် ခံနိုင်ရည်ရှိစွာ အသီးများစွာသီးကြသူများဖြစ်သည်ဟူ၍ ယေရှုဆိုသည်။

ကိုယ်တော်၏သွန်သင်ချက်များ၏အနက်ဖွင့်ဆိုချက်ကိုရရှိရန် ယေရှုထံ လာကြသောတပည့်တော်များ မည်မျှကောင်းချီးရကြသည်တကား။ သူတစ်ပါး သမ္မာတရားရစေခြင်းငှာ ပုံဥပမာများကို ယေရှုသဘောပေါက်နားလည်စေလိုတော်မူသည်။ “ဆီမီးထွန်းပြီးလျှင် တောင်းသို့မဟုတ် ခုတင်အောက်၌ထားလေ့မရှိ။ ဝင်သောသူသည် အလင်းကိုမြင်စေခြင်းငှာ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။” “ထိုကြောင့် သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့” ဟုယေရှုဆက်ပြောသည်။

သွန်သင်ချက်ထပ်ဆင့်ရရှိ၍ ကောင်းချီးခံစားရ

မျိုးစေ့ကြဲသူ ဥပမာရှင်းပြချက်ကို တပည့်တော်များကြားနာပြီးစရှိသည်။ သို့သော်ထပ်ဆင့်သိလိုကြသည်။ ထိုကြောင့် “လယ်၌ကြဲသောတောမျိုးစေ့၏ ဥပမာအနက်အဓိပ္ပာယ်ကို ကျွန်ုပ်တို့အားဖော်ပြတော်မူပါ” ဟုလျှောက်ကြသည်။

ကမ်းခြေရှိလူအုပ်မှ အခြားသူတို့စိတ်ထားနှင့် တပည့်တော်များစိတ်ထားကွာခြားလှသည်။ ပုံဥပမာများ၏အနက်ကို တကယ်သိလိုစိတ်လူအုပ်၌မရှိ၊ ဟောပြောခဲ့သည့်အရာတို့၏ အကြမ်းဖျင်းသဘောနှင့်သာ ကျေနပ်နေကြသည်။ သိနားလည်လိုစိတ်များသောတပည့်များနှင့် ပင်လယ်ကမ်းခြေရှိ ပရိသတ်၏စိတ်ထားကွာခြားခြင်းကို ယေရှုဤသို့ဖော်ပြသည်–

“အကြင်ချိန်၊ တင်းပမာဏနှင့် သူတစ်ပါးအားပေး၏၊ ထိုပမာဏအတိုင်းကိုယ်ခံရကြမည်။” တပည့်တော်များက ယေရှုကိုဂရုစိုက်နားထောင်ကြသဖြင့် သာ၍သိရှိနားလည်ရသည့် အကျိုးကိုခံရ၏။ ယင်းကြောင့်တပည့်တော်များ၏လျှောက်ကြားချက်ကို ယေရှုဤသို့ဖြေဆိုပေးသည်–

“ကောင်းသောမျိုးစေ့ကို ကြဲသောသူသည် လူသားဖြစ်၏။ လယ်ကားဤလောကဖြစ်၏။ ကောင်းသောအစေ့ကား နိုင်ငံတော်သားဖြစ်၏။ တောမျိုးစေ့ကားနတ်ဆိုးသားဖြစ်၏။ တောမျိုးစေ့ကိုကြဲသောသူကား မာရ်နတ်ဖြစ်၏။ စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သောကာလဖြစ်၏။ စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ်၏။”

ပုံဥပမာကိုအသေးစိတ်ရှင်းပြပြီးနောက်မှ မည်သို့အဆုံးသတ်သည်ကို ယေရှုရှင်းပြပါသည်။ အစီစဉ်စနစ်၏အဆုံးတွင် ‘စပါးရိတ်သောသူ’ သို့မဟုတ်ကောင်းကင်တမန်များသည် ‘နိုင်ငံတော်သား’ စစ်များမှတောမျိုးစေ့နှင့်တူသော ခရစ်ယာန်အတုအယောင်များကို ခွဲထုတ်မည်ဖြစ်သည်။ ထိုနောက် “နတ်ဆိုးသားများ” ကိုဖျက်ဆီးရန်အတွက် သတ်မှတ်ထားကာ ဘုရားသခင်၏နိုင်ငံတော်သားများဖြစ်သူ “ဖြောင့်မတ်သောသူတို့” မူကား အဘ၏နိုင်ငံ၌ထွန်းလင်းကြလိမ့်မည်။

ထိုနောက် သိနားလည်ချင်ကြသော တပည့်တော်များကို ယေရှုဥပမာသုံးခုထပ်ဆင့်ပြောဆိုသည်။ ပထမကားဤသို့– “ကောင်းကင်နိုင်ငံတော်သည် လယ်၌ဝှက်ထားသော ဘဏ္ဍာနှင့်တူ၏။ ထိုဘဏ္ဍာကိုတွေ့သောသူသည် တစ်ဖန်ဖုံးအုပ်၍ဝမ်းမြောက်သောစိတ်နှင့် သွားပြီးလျှင် ရတတ်သမျှကိုရောင်း၍ ထိုလယ်ကိုဝယ်တတ်၏။”

“တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် မြတ်သောပုလဲတို့ကို ရှာသောကုန်သည်နှင့်တူ၏။ ထိုကုန်သည်သည် အလွန်အဖိုးထိုက်သောပုလဲကို တွေ့သောအခါ သွား၍မိမိရတတ်သမျှကိုရောင်း၍ ထိုပုလဲကိုဝယ်၏။”

ယေရှုကိုယ်တော်တိုင်သည် ဝှက်ထားသောဘဏ္ဍာကိုတွေ့သူ၊ အလွန်အဖိုးထိုက်သော ပုလဲကိုရှာသောကုန်သည်နှင့်တူ၏။ ကိုယ်တော်သည်လည်းရှိရှိသမျှကို ရောင်းခဲ့သကဲ့သို့ပင် ကောင်းကင်၌ဘုန်းထင်ရှားသော အခွင့်ကိုစွန့်၍ နိမ့်ကျသောလူသားအဖြစ်ကို ယူဆောင်ခဲ့သည်။ ထိုနောက်မြေကြီးပေါ်တွင်လူသားအဖြစ် ရှုတ်ချပြစ်တင်မုန်းတီးစွာ ညှဉ်းဆဲခံရခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်ကို အစိုးရထိုက်သူဖြစ်ကြောင်း ထင်ရှားစေသည်။

ခရစ်တော်နှင့်အတူ အစိုးရမည့်သူ သို့မဟုတ် မြေကြီးပေါ်နိုင်ငံတော်သားတစ်ဦးအဖြစ် ဆုကျေးဇူးရခြင်းငှာ ယေရှု၏တပည့်နောက်လိုက်များသည် ရတတ်သမျှအားလုံးကိုရောင်းချရန် စိန်ခေါ်ခံရကြသည်။ ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံယူခြင်းသည် အဖိုးဖြတ်မရသောဘဏ္ဍာ အလွန်အဖိုးထိုက်သောပုလဲတမျှ၊ အရာခပ်သိမ်းထက်များစွာ တန်ဖိုးကြီးမားသည်ဟူ၍ ယူမှတ်မည်လော။

နောက်ဆုံးအနေနှင့် “ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ချသောအမျိုးမျိုးသော ငါးတို့ကိုအုပ်မိသောပိုက်ကွန်နှင့်တူ၏” ဟုယေရှုနှိုင်းပြသည်။ ငါးကိုရွေးသည့်အခါ မကောင်းသောငါးကိုပြင်သို့ပစ်ပြီး အကောင်းကိုခြင်းထဲထည့်သည်။ အစီအစဉ်စနစ်၏အဆုံးတွင်လည်း ဤသို့ပင်ဖြစ်မည်ဟူ၍ ယေရှုမိန့်တော်မူသည်။ ဖြောင့်မတ်သူတို့ကို လူဆိုးတို့မှကောင်းကင်တမန်ခွဲထုတ်ပြီး လူဆိုးတို့ကိုဖျက်ဆီးခြင်းအတွက် စုဝေးထားသည်။

ယေရှုကိုယ်တိုင် ဤငါးမျှားခြင်းလုပ်ငန်းကိုစတင်၍ ဦးဆုံးတပည့်တော်များအား “လူကိုမျှားသောတံငါ” ဟုခေါ်ခဲ့ပေသည်။ ကောင်းကင်တမန်များ၏ညွှန်ကြားချက်အောက် ဤငါးမျှားခြင်းလုပ်ငန်းသည် ရာစုနှစ်တစ်လျှောက် ဆောင်ရွက်လျက်ရှိသည်။ ဘိသိက်ခံခရစ်ယာန်များ၏ အသင်းတော်အပါအဝင် ခရစ်ယာန်အမည်ခံသော မြေကြီးပေါ်ရှိအဖွဲ့အစည်းအားလုံးကို ပုံဆောင်သည့် “ပိုက်ကွန်” ကိုကုန်းပေါ်သို့ဆွဲတင်ရန် အချိန်ရောက်လာလေသည်။

မကောင်းသောငါးတို့ကို ဖျက်ဆီးခြင်းငှာပစ်ခဲ့သော်လည်း၊ ‘ငါးကောင်းများ’ ကိုမူ သိမ်းထားသည်မှာ ကျေးဇူးကြီးလှပါသည်။ အသိပညာတိုးလို၍ ကောင်းစွာသဘောပေါက်လိုကြသော ယေရှုတပည့်တော်များနည်းတူ စိတ်ဝင်စားမှု ပြင်းပြခြင်းအားဖြင့် သွန်သင်ပို့ချမှုများများရရှိရုံမက ဘုရားသခင်ထံတော်မှ ထာဝရအသက်ဆု ကျေးဇူးကိုပါခံစားရမည်ဖြစ်သည်။ မဿဲ ၁၃:၁-၅၂။ မာကု ၄:၁-၃၄။ လုကာ ၈:၄-၁၈။ ဆာလံ ၇၈:၂။ ဟေရှာယ ၆:၉-၁၀။

▪ လူအုပ်ရှေ့အဘယ်အချိန်နှင့် အဘယ်နေရာတွင် ယေရှုဥပမာများနှင့် ဟောပြောသနည်း။

▪ လူအုပ်အား အဘယ်ပုံဥပမာ ငါးခုအကြောင်း ယေရှုပြောပြသနည်း။

▪ မုန်ညင်းစေ့သည် အစေ့တကာတို့တွင် အငယ်ဆုံးဟူ၍ ယေရှုအဘယ်ကြောင့် ပြောဆိုသနည်း။

▪ ပုံဥပမာများနှင့် ယေရှုအဘယ်ကြောင့်ဟောပြောရသနည်း။

▪ လူအုပ်နှင့်မိမိတို့မတူကြောင်း ယေရှု၏တပည့်တော်များ မည်သို့ပြသကြသနည်း။

▪ မျိုးစေ့ကြဲသူဥပမာကို ယေရှုမည်သို့ရှင်းပြသနည်း။

▪ ကမ်းခြေရှိလူအုပ်နှင့် တပည့်တော်များ မည်သို့ကွာခြားသနည်း။

▪ မျိုးစေ့ကြဲသူ၊ လယ်တော၊ ကောင်းသောမျိုးစေ့၊ ရန်သူ၊ စပါးရိတ်သိမ်းချိန်နှင့် ရိတ်သိမ်းသူများကား မည်သူ သို့မဟုတ် အဘယ်အရာကို ပုံဆောင်သနည်း။

▪ အဘယ်ထပ်ဆင့်ပုံဥပမာသုံးခုကို ယေရှုတင်ပြသနည်း။ ၎င်းတို့မှ ကျွန်ုပ်တို့ဘာသင်ခန်းစာရသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ