အခန်း ၁၃
ယေရှုခံရသော သွေးဆောင်မှုများမှ
သင်ခန်းစာ
နှစ်ခြင်းခံပြီးသည်နှင့် ဘုရားသခင်ဝိညာဉ်တော်အားဖြင့် ယေရှုသည်ယုဒတောသို့ခေါ်ဆောင်ခံရသည်။ နှစ်ခြင်းခံချိန်တွင် “ကောင်းကင်ဖွင့်လှစ်” သဖြင့် ကောင်းကင်အရာတို့ကိုပိုင်းခြားသိမြင်နိုင်စရာနှင့်ဆင်ခြင်အောက်မေ့စရာများစွာရှိနေသည်။
ယေရှုသည်မစားမသောက်ဘဲရက်ပေါင်း ၄၀ တိုင် တောတွင်နေသည်။ ကိုယ်တော်ဆာမွတ်သည့်အခါ မာရ်နတ်သည်ချဉ်းကပ်၍ “ကိုယ်တော်သည်ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကိုမုန့်ဖြစ်စေခြင်းငှာ အမိန့်ရှိတော်မူပါ” ဟူ၍သွေးဆောင်သည်။ သို့သော်မိမိ၏ဆန္ဒကိုပြေစေရန် အံ့ဖွယ်တန်ခိုးသုံးလျှင်မှားကြောင်းယေရှုသိသည်။ ထိုကြောင့်သွေးဆောင်မှုကို ကိုယ်တော်ငြင်းပယ်သည်။
သို့သော်မာရ်နတ်လက်မလျှော့ဘဲ နောက်တစ်မျိုးကြိုးစားကြည့်သည်။ ကောင်းကင်တမန်များချီပင့်မည်ဖြစ်၍ ဗိမာန်တော်မှခုန်ချရန် ယေရှုအားမာရ်နတ်တိုက်တွန်းသည်။ ထိုသို့တခမ်းတနားပြရန် ယေရှုအဆွယ်မခံပါ။ ဤနည်းဖြင့်ဘုရားသခင်ကို စုံစမ်းစစ်ဆေးခြင်းသည်မှားကြောင်း ကျမ်းစာကိုးကား၍ ယေရှုပြတော်မူသည်။
တတိယအကြိမ်တွင် မာရ်နတ်သည်အံ့ဖွယ်နည်းဖြင့် ရှိသမျှလောကနိုင်ငံကိုပြသ၍ ယေရှုအားဤသို့ဆိုသည်။ “ကိုယ်တော်သည်ငါ့ကိုပျပ်ညွတ်ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်။” သို့သော်ဘုရားပေါ်သစ္စာမြဲရန် ယေရှုရွေးချယ်ပြီး ထိုသွေးဆောင်မှုကိုလက်မခံချေ။
ဤအဖြစ်အပျက်များမှ ကျွန်ုပ်တို့များစွာသိရှိနိုင်သည်။ ဥပမာ၊ လူအများထင်သကဲ့သို့ မာရ်နတ်သည်မကောင်းမှုဂုဏ်ရည် တစ်ခုမျှသာမဟုတ်ဘဲ မျက်မြင်မရပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်းကိုပြသည်။ ထို့အပြင်လောကီနိုင်ငံအားလုံးသည် မာရ်နတ်ပိုင်ဆိုင်ရာဖြစ်ကြောင်းသိစေသည်။ အကြောင်းမှာ သူမပိုင်ဆိုင်လျှင် ယေရှုအားပေးမည်ဟူ၍ မည်သို့ကမ်းလှမ်းနိုင်မည်နည်း။
ဤအချက်ကိုလည်းစဉ်းစားပါ။ တစ်ကြိမ်သာပျပ်ဝပ်ကိုးကွယ်လျှင် ထို့အတွက် ရှိသမျှလောကနိုင်ငံ ကို ယေရှုအားသူပေးရန် လိုလားကြောင်း မာရ်နတ်ပြောသည်။ အလားတူပင်မာရ်နတ်သည် ရာထူးစည်းစိမ်အခွင့်အရေးများဖြင့် မက်လုံးပေး၍ ကျွန်ုပ်တို့အားမြှူဆွယ်နိုင်သည်။ သို့သော်မည်သို့သောသွေးဆောင်မှုများပင်ဖြစ်ပါစေ၊ ယေရှု၏ပုံသက်သေကိုလိုက်၍ ဘုရားပေါ်ဆက်လက်သစ္စာမြဲလျှင် မည်မျှပညာရှိရာရောက်မည်တကား။ မဿဲ ၃:၁၆၊ ၄:၁-၁၁။ မာကု ၁:၁၂၊ ၁၃။ လုကာ ၄:၁-၁၃။
▪ ရက်ပေါင်း ၄၀ တိုင်တောတွင်နေစဉ် အဘယ်အရာများကို ယေရှုဆင်ခြင်အောက်မေ့မည်နည်း။
▪ ယေရှုအားမာရ်နတ်သည် မည်သို့သွေးဆောင်ရန် ကြိုးစားသနည်း။
▪ ယေရှုခံရသော သွေးဆောင်မှုများမှ အဘယ်သင်ခန်းစာရနိုင်သနည်း။