လူသိရှင်ကြားကဲ့ရဲ့ရှုတ်ချခံရခြင်းကို ခရစ်ယာန်များ ကိုင်တွယ်ဖြေရှင်းပုံ
တစ်ယောက်ယောက်က သင့်ကို ကဲ့ရဲ့ရှုတ်ချမည် သို့မဟုတ် သင့်အကြောင်းနှင့်ပတ်သက်၍ မဟုတ်မမှန်ပြောဆိုပျံ့နှံစေမည်ဆိုလျှင် သင်မည်သို့ခံစားရမည်နည်း။ ပင်ကိုသဘာဝအရ သင်သည် အသည်းခိုက်အောင် နာကြည်းမည်။ ယေဟောဝါသက်သေများသည် သတင်းဖြန့်ချိရေးလုပ်ငန်းများတွင် မမှန်မကန် သို့မဟုတ် ကလီကမာသတင်းပေးမှု၏ အဓိကပစ်မှတ်များဖြစ်လာသောအခါများတွင် ထပ်တူအရာတစ်ခုခုကို ကြုံတွေ့ရတတ်သည်။ သို့ရာတွင် မဿဲ ၅:၁၁၊ ၁၂ တွင်ယေရှုမိန့်ဆိုခဲ့သည့်အတိုင်း သူတို့သည် ပျော်ရွှင်စရာအကြောင်း ရှိနေတုန်းပင်ဖြစ်သည်။
ဥပမာ၊ ဂျာမနီတွင် ကက်သလစ်စာပေတစ်ခုက “သက်သေခံယောက်တိုင်းသည် မိမိဝင်ငွေ၏ ၁၇ ရာခိုင်နှုန်း မှ ၂၈ ရာခိုင်နှုန်းအထိကို ဂိုဏ်း၏ဌာနချုပ်သို့ ထည့်လှူရန် တာဝန်ရှိသည်” ဟု ဖော်ပြထားသည်။ သို့ရာတွင် ယေဟောဝါသက်သေများသည် ဂိုဏ်းတစ်ခုကို မတည်ထောင်ထားဘဲ သူတို့၏လုပ်ငန်းကို စေတနာအလျောက်ပေးသော အလှူငွေများအားဖြင့် လုံးလုံးလျားလျား ငွေကြေးထောက်ပံ့သည်။ ဖတ်ရှုမိသူများစွာသည် ဤမှားယွင်းသောသတင်းများအားဖြင့် လှည့်ဖြားခံရကြခြင်းကို ယေဟောဝါသက်သေများ စိတ်မကောင်းဖြစ်မိသည်။ သို့သော် ခရစ်ယာန်စစ်များသည် သတင်းဖြန့်ချိရေးလုပ်ငန်းများတွင် ကဲ့ရဲ့ရှုတ်ချမှုကို မည်သို့တုံ့ပြန်သင့်သနည်း။
ခရစ်ယာန်များလိုက်လျှောက်ရမည့် နမူနာတစ်ခု
မဿဲအခန်းကြီး ၂၃ တွင် ယေရှုသည် မိမိ၏ဘာသာရေးဆန့်ကျင်သူများအား သူတို့၏အရေခြုံမှုနှင့် လီဆယ်မှုများအတွက် အထုပ်ဖြေပြခဲ့ပုံကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားသည်။ ယင်းသည် ယနေ့ခရစ်ယာန်များအတွက် အပြစ်ရှာဝေဖန်မှုများအား မည်သို့ကိုင်တွယ်ရမည့် ပုံစံတစ်ခုကို ချမှတ်ထားခြင်းလော။ မဟုတ်သည်မှာ အမှန်ပင်။ ဘုရားသခင့်သားတော်သည် မိမိပိုင်ဆိုင်ထားသည့် သူမတူသောအခွင့်အာဏာနှင့် ထိုးထွင်းသိမြင်မှုပေါ်တွင် အခြေပြုကာ သူ၏ဘာသာရေးဆန့်ကျင်သူများကို အထုပ်ဖြေပြလိုက်ခြင်းဖြစ်ပြီး နားထောင်နေသည့် လူအုပ်အတွက် အကျိုးရရှိစေရန် ထိုသို့လုပ်ဆောင်ခြင်းဖြစ်သည်။
မဿဲ ၁၅:၁-၁၁ တွင် တပည့်တော်များသည် ဂျူးထုံးစံကို လွန်ကျူးသောကြောင့် ယေရှုကို အပြစ်တင်ဝေဖန်ကြကြောင်း ဖော်ပြထားသည်။ ယေရှု မည်သို့တုံ့ပြန်သနည်း။ ကိုယ်တော်သည် တောင့်တောင့်ခဲခဲရပ်တည်ခဲ့သည်။ အဖြစ်အပျက်တစ်ခုတွင် ယေရှုသည် အပြစ်တင်ဝေဖန်သူများနှင့် ဘွင်းဘွင်းရင်ဆိုင်ပြောဆိုကာ သူတို့၏မှားယွင်းသော သဘောထားများကို မှားကြောင်းထုတ်ဖော်ခဲ့သည်။ ယနေ့ခရစ်ယာန်များသည် တလွဲဆံပင်ကောင်းနေသည့် သူတို့၏လုပ်ဆောင်မှု သို့မဟုတ် သွန်သင်ချက်များကို ပြုပြင်ပေးရန် ကြိုးစားခြင်း၊ ချက်ကျကျ ဆင်ခြင်တိုင်းထွာသည့် အပြုအမူဖြင့် အခြေအနေကိုလိပ်ပတ်လည်အောင် ကြိုးစားရှင်းပြပေးခြင်းတို့သည် မမှားယွင်းပါ။ သူတို့ဤသို့ပြုခြင်းမှာ ယေဟောဝါသက်သေများအား အပြစ်ရှာဝေဖန်ခြင်းသည် မဟုတ်မမှန် အသရေဖျက်ခြင်းဖြစ်ကြောင်း စိတ်ရိုးဖြောင့်သူများကို သိမှတ်ရန်ကူညီပေးခြင်းဖြစ်သည်။
သို့သော် မိမိ၏တပည့်တော်များက “ကြားသောဖာရိရှဲတို့ တိုက်လဲကြသည်ကို ကိုယ်တော်သိတော်မူပါသလော” ဟုထောက်ပြပြီး မကြာမီအချိန်လေးတွင် ယေရှုတုံ့ပြန်ခဲ့ပုံကို သတိပြုပါ။ ဤဖာရိရှဲများသည် “တိုက်လဲကြ” ပြီ—သူတို့သည် ကသိကအောက်ဖြစ်ရုံမျှသာမဟုတ်ဘဲ ယေရှုကိုငြင်းပယ်ခဲ့သည့် ပြင်၍မရသောဆန့်ကျင်သူများ ဖြစ်လာကြသည်။ ထို့ကြောင့် ကိုယ်တော်ဤသို့ဖြေဆိုတော်မူသည်– “ထိုသူတို့ကို ရှိနေကြစေ၊ သူကန်းအချင်းချင်း လမ်းပြဖြစ်ကြသည်တကား။” ဤကဲ့သို့သော ရန်လိုသည့်ဘုကန့်လန့်များနှင့် ထပ်မံဆွေးနွေးခြင်းသည် အဓိပ္ပာယ်မရှိ၊ တစ်ဦးတစ်ယောက်ကိုမျှ အကျိုးမဖြစ်စေဘဲ အကျိုးမဲ့အငြင်းပွားမှုသို့သာ ဦးတည်စေမည်ဖြစ်သည်။ (မဿဲ ၇:၆; ၁၅:၁၂-၁၄၊ သမ; ၂၇:၁၁-၁၄ နှိုင်းယှဉ်။) ယေရှု၏ပြန်လည်ဖြေကြားချက်တို့က “တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်လည်းရှိ” ကြောင်း ပြသသည်။—ဒေသနာ ၃:၇။
ယေဟောဝါသက်သေများသည် မိမိတို့နှင့်ပတ်သက်၍ လူတိုင်းက အကောင်းပြောဆိုရန် မမျှော်လင့်ပါ။ သူတို့သည် ယေရှု၏ဤစကားများကို စိတ်စွဲမှတ်ထားသည်– “လူတို့သည် သင်တို့ကိုချီးမွမ်းသောအခါ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့၏ဘိုးဘေးများသည် မိစ္ဆာပရောဖက်တို့ကို ထိုသို့ပင်ပြုကြပြီ။” (လုကာ ၆:၂၆) ကင်းမျှော်စင်အသင်း၏ ပထမဆုံးဥက္ကဋ္ဌဖြစ်သူ စီ. တီ. ရပ်စယ်လ်သည် ကဲ့ရဲ့ရှုတ်ချမှုများကို သူကိုယ်တိုင်အဘယ့်ကြောင့် ထုချေရှင်းလင်းခြင်းမရှိသနည်းဟု တစ်ခါက သူမေးမြန်းခံခဲ့ရသည်။သူဤသို့ဖြေခဲ့သည်– “ဟောင်တဲ့ခွေးတိုင်းကို ရပ်ပြီးလိုက်ကန်နေတယ်ဆိုရင် ဘယ်တော့မျှခရီးပေါက်မှာ မဟုတ်ဘူး။”
သို့ဖြစ်၍ ကျွန်ုပ်တို့သည် မရမနေပြုမည့် ဆန့်ကျင်သူများ၏ဝေဖန်ချက်များက ဘုရားသခင်ထံအမှုထမ်းခြင်းမှ ကျွန်ုပ်တို့အားသွေဖည်မသွားစေသင့်ပါ။ (ဆာလံ ၁၁၉:၆၉) ဧဝံဂေလိဟောပြောခြင်းဖြစ်သည့် ခရစ်ယာန်စစ်များ၏လုပ်ဆောင်မှုကို အာရုံစူးစိုက်ကြစို့။ ဖြစ်ရိုးဖြစ်စဉ်အရ ကျွန်ုပ်တို့သည် လူတစ်ဦး၏စာရိတ္တရေးရာများကို တိုး၍မြင့်မားလာစေပြီး ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြင့် သူ့အားသွန်သင်ပေးရသကဲ့သို့ အမေးများနှင့် မိမိတို့လုပ်ငန်း၏အနှစ်သာရတို့ကို ဖြေကြားရန် တာဝန်ရှိပါလိမ့်မည်။—မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀။
အပြစ်ရှာဝေဖန်မှုကို တုံ့ပြန်သင့်သလော
ယေရှုက မိမိနောက်တော်လိုက်များကို ဤသို့မိန့်ခဲ့သည်– “သင်တို့သည် လောကနှင့်မဆက်ဆံ . . . သောကြောင့် လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။” (ယောဟန် ၁၅:၁၉) ယေဟောဝါသက်သေများအပေါ် ကဲ့ရဲ့ရှုတ်ချသည့် ပုံနှိပ်သတင်းထောင်ပုံရာပုံတို့သည် မုန်းတီး၍သုံးနှုန်းခြင်းဖြစ်ရာ ဤသတင်းမျိုးကို လျစ်လျူရှုသင့်သည်။ သို့ရာတွင် သတင်းဖြန့်ချိရေးလုပ်ငန်းများက သက်သေခံများအကြောင်း မသိရှိဘဲဖော်ပြသည့် သို့မဟုတ် အချို့သောအချက်အလက်များကို အဓိပ္ပာယ်တလွဲကောက်ယူဖော်ပြသည့် သတင်းများကို ရံဖန်ရံခါသတင်းလွှင့်ပေမည်။ ပင်တိုင်ဆောင်းပါးရှင်တချို့သည် အတိုက်အခံပြုသူဘက်မှ သတင်းယူခြင်းဖြစ်ပေမည်။ ကျွန်ုပ်တို့သည် သတင်းဖြန့်ချိရေးလုပ်ငန်းများတွင်ပါသည့် သတင်းမှားကို လျစ်လျူရှုမည် သို့မဟုတ် အမှန်တရားကို သင့်တော်သလို ထုချေရှင်းလင်းမည်ဆိုသည်တို့မှာ အခြေအနေများ၊ အပြစ်ရှာဝေဖန်ခြင်းကို မြှောက်ထိုးပင့်ကော်လုပ်သူနှင့် သူ၏ရည်ရွယ်ချက်တို့အပေါ်တွင် မူတည်ပါသည်။
စာတစ်ခုလုံးကို ပုံနှိပ်ထုတ်ဝေထားပြီးပါက တစ်ခါတစ်ရံ အချက်အလက်များကို အယ်ဒီတာထံသို့ သင့်လျော်စွာ စာရေးသားပေးပို့ခြင်းအားဖြင့် အမှားပြင်ဆင်ပေးနိုင်သည်။ သို့သော် ဤစာမျိုးသည် ရည်ရွယ်ထားသည့်အရာနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သွားနိုင်သည်။ မည်သို့ဖြစ်နိုင်သနည်း။ ထိုစာကြောင့် မူလမမှန်မကန်စကားသည် ပို၍ဟိုးလေးတကျော်ဖြစ်သွားပေမည် သို့မဟုတ် ဆန့်ကျင်သူများက လိမ်လည်ရန် (ဝါ) သားပုပ်လေလွှင့်စကားများကို ပုံနှိပ်ရန် ထပ်မံအခွင့်အရေးရရှိသွားစေပေမည်။ ကိစ္စရပ်အများ၌ အယ်ဒီတာထံသို့ စာရေးသင့် မရေးသင့် အကြီးအကဲများကို ဆုံးဖြတ်စေခြင်းသည် ပညာရှိရကြပေသည်။ ဖျက်လိုဖျက်ဆီးပြုလိုသော ပုံနှိပ်သတင်းသည် စိတ်စွန်းကွက်မှုကို တွန်းထိုးလှုံ့ဆော်နေပါက ကင်းမျှော်စင်အသင်း၏ ဌာနခွဲရုံးသည် အဖြစ်မှန်များနှင့်ပတ်သက်၍ ယင်းနိုင်ငံတွင်းရှိ အသင်းတော်များသို့ သတင်းပို့နိုင်သည်။ သို့ဖြင့် ကြေညာသူအားလုံးက မေးမြန်းလာသူများအား စိတ်ကျေနပ်လောက်သည့်ရှင်းလင်းချက်ကို ရှင်းပြပေးနိုင်သည်။
သင်တို့ယောက်တိုင်းသည် ဤကဲ့သို့သောကလီကမာယိုးစွပ်မှုများနှင့် လုံးလုံးပါဝင်ပတ်သက်ရန် လိုအပ်သလော။ ယေရှုသြဝါဒစကားဖြစ်သည့် “ထိုသူတို့ကို ရှိနေကြစေ၊” သူတို့ကိုလျစ်လျူရှုလိုက်ပါဟူသည် ဤရန်ဘက်ပြုသူအုပ်စုနှင့် သက်ဆိုင်သည်မှာ ရှင်းနေပါသည်။ သစ္စာတည်ကြည်သောခရစ်ယာန်များသည် အယူဖောက်ပြန်သူများနှင့် သူတို့၏ရှုမြင်ပုံများကို ရှောင်ကြဉ်ရန် ကျမ်းစာအကြောင်းရင်းများရှိထားသည်။ (၁ ကောရိန္သု ၅:၁၁-၁၃; တိတု ၃:၁၀၊ ၁၁; ၁ ယောဟန် ၂:၁၉; ၂ ယောဟန် ၁၀၊ ၁၁) သက်သေခံများအပေါ် အပြစ်ရှာဝေဖန်မှုသည် အဖြစ်မှန်ပေါ်တွင်လော၊ လုပ်ကြံမှုလောဆိုသည်ကို တစ်ဦးတစ်ယောက်က အရိုးခံဖြင့်စိတ်ဝင်စားပါက ကောင်းကောင်းအုတ်မြစ်ချထားသည့် သင့်အသိပညာသည် အဖြေပေးရန် လုံလောက်လေ့ရှိသည်။—ကင်းမျှော်စင် ၁၉၈၇၊ မတ် ၁၅ ထုတ် စာမျက်နှာ ၁၅၊ ၁၆ ရှု။
သင်သည် ပုံနှိပ်ထားသည့် ကလီကမာသတင်းများနှင့် ပက်ပင်းတိုးပါက နယပုံပြင် ၁၄:၁၅ ပါဤသြဝါဒကို နှလုံးသွင်းပါ– “ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။” ဆွစ်ဇာလန်နိုင်ငံတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ သွေးသွင်းဖို့ညွှန်ကြားသည်ကို သူမ၏ဆွေမျိုးများက ငြင်းဆန်သောကြောင့် သက်သေခံလုံမငယ်လေးတစ်ယောက် သေဆုံးရပါကြောင်းဟူသည့် စိတ်ထိခိုက်စေသည့် ပုံနှိပ်သတင်းထွက်ပေါ်လာသောအခါ လူများစွာသည် မခံမရပ်နိုင်အောင်ဖြစ်ခဲ့သည်။ ယင်းသည် တကယ်အဖြစ်မှန်များလော။ မဟုတ်ပါ။ ဤလူနာသည် ဘာသာတရားအခြေခံအကြောင်းများအရ သွေးသွင်းရန်ငြင်းဆိုခဲ့သော်လည်း သွေးမပါသောဆေးဘက်ဆိုင်ရာ အခြားစီမံဆောင်ရွက်မှုကို လက်ခံရန်သဘောတူခဲ့သည်။ ယင်းကို ထပ်ပြီးအကျယ်ချဲ့မနေတော့ဘဲ စတင်ဆောင်ရွက်နိုင်ရာ သူမ၏အသက်ကို ကယ်ကောင်းကယ်နိုင်မည်။ သို့သော် ဆေးရုံသည် အချိန်အလွန်နှောင်းသွားသည့်အထိ အရေးတယူလုပ်ရမည့်ကိစ္စများကို မလိုအပ်ဘဲ ဖင့်နွှဲနေခဲ့သည်။ ပုံနှိပ်သတင်းက ဤအဖြစ်မှန်များကို မဖော်ပြပါ။
ထို့ကြောင့် ဤကဲ့သို့သောသတင်းများသည် အမှန်တရားမည်မျှပါသည်ကို အသေအချာချင့်ချိန်ပါ။ ဒေသခံအကြီးအကဲများသည် မေတ္တာပါသောအပြုအမူနှင့် ကျမ်းစာလမ်းညွှန်ချက်များအရ ဤကဲ့သို့သောကိစ္စရပ်များကို တာဝန်ယူဖြေရှင်းပေးကြောင်း မေးမြန်းလာသူများကို ကျွန်ုပ်တို့ရှင်းပြနိုင်သည်။ ပြန်လည်ဖြေကြားချိန်၌ မူများကိုစွဲမြဲစွာလိုက်နာခြင်းသည် အဆောတလျင်ကောက်ချက်ချခြင်းမှ ကျွန်ုပ်တို့ကိုကာကွယ်ပေးမည်။—သု. ၁၈:၁၃။
မျက်မြင်ကိုယ်တွေ့သတင်းသာ အရေးပါ
ပထမရာစုတွင် လူများသည် ယေရှု၏သိက္ခာကိုချရန် ကိုယ်တော်နှင့်ပတ်သက်၍ သားပုပ်လေလွှင့်ပြောကြပြီး အချို့သည် ကိုယ်တော်ကို တိုင်းပြည်သစ္စာဖောက်အဖြစ်ပင် တင်ပြပြောဆိုကြသည်။(လုကာ ၇:၃၄; ၂၃:၂; မဿဲ ၂၂:၂၁ နှိုင်းယှဉ်။) နောက်ပိုင်းတွင် နုနယ်သေးသောခရစ်ယာန်အသင်းတော်သည် ဘာသာရေးအင်အားစုနှင့် လောကီအင်အားစု နှစ်ခုစလုံးမှ အနှံ့အပြားဆန့်ကျင်မှုကို ကြုံတွေ့ကြရသည်။ “ဘုရားသခင်သည် . . . လောကီအရာ၌ မိုက်မဲသောသူတို့ကိုရွေးကောက်တော်မူ” သောကြောင့် လူများစွာသည် ဘုရားသခင့်အမှုတော်ထမ်းများကို အထင်အမြင်သေးကြသည်။ (၁ ကောရိန္သု ၁:၂၂-၂၉) ယနေ့ခရစ်ယာန်စစ်များသည် နှိပ်စက်ညှဉ်းပန်းခြင်း၏ ပုံစံတစ်ခုဖြစ်သည့် ကဲ့ရဲ့ရှုတ်ချမှုကို ထည့်တွက်ကြရမည်။—ယောဟန် ၁၅:၂၀။
သို့ရာတွင် ယေဟောဝါသက်သေများသည် လူတစ်ယောက်က မျှမျှတတသဘောထားဖြင့် စကားစမြည်ပြောလာသောအခါနှင့် ဤသို့ထုတ်ဖော်ပြောခဲ့သည့် ရောမမြို့ရှိ ပေါလု၏ဧည့်သည်တချို့ကဲ့သို့သော ထပ်တူစိတ်ထား တင်ပြလာသည့်အခါများတွင် ယင်းသို့ပြောခြင်းကို လေးစားတန်ဖိုးထားကြသည်– “ဤဘာသာသည် အရပ်ရပ်တို့၌ ကဲ့ရဲ့အပြစ်တင်ခြင်းကို ခံရသောဘာသာဖြစ်သည်ကို အကျွန်ုပ်တို့သိကြသည်ဖြစ်၍ သင်၏အယူဝါဒကို သင်သည် ကိုယ်တိုင်ဖော်ပြသောစကားကို အကျွန်ုပ်တို့သည် နားထောင်သင့်သည်ထင်ပါ၏။”—တမန်တော် ၂၈:၂၂။
သတင်းအမှားပေးခံရသောသူများကို ရှင်းပြပေးပါ၊ ယင်းကို နူးညံ့မှုဖြင့် လုပ်ဆောင်ပါ။ (ရောမ ၁၂:၁၄; ၂ တိမောသေ ၂:၂၅ နှိုင်းယှဉ်။) ယေဟောဝါသက်သေများနှင့်ပတ်သက်၍ မျက်မြင်ကိုယ်တွေ့သတင်းကို တွေ့ရှိနားလည်ရန် သူတို့ကိုဖိတ်ခေါ်ပါ။ ယင်းက မှားယွင်းသောယိုးစွပ်မှုများကို သူတို့အားတွေ့မြင်လာစေနိုင်သည်။ သင်သည် အဖွဲ့အစည်း၊ ယင်း၏သမိုင်းကြောင်းနှင့် ယင်း၏သွန်သင်ချက်များအကြောင်း အသေးစိတ်ဖော်ပြပေးသည့် ကင်းမျှော်စင်အသင်းမှထုတ်ဝေထားသော ရှင်းပြချက်များကိုလည်း အသုံးပြုနိုင်သည်။a ဖိလိပ္ပုသည် နာသနေလကို တစ်ကြိမ်တွင် ဤသို့ရိုးရိုးလေးပြောခဲ့သည်– “လာ၍ကြည့်ပါ။” (ယောဟန် ၁:၄၆) ကျွန်ုပ်တို့ အလားတူပြုလုပ်နိုင်သည်။ ယေဟောဝါသက်သေများသည် မည်သို့သောပုဂ္ဂိုလ်မျိုးများဖြစ်ကြောင်းနှင့် သူတို့၏ယုံကြည်ချက်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်သိရှိနိုင်ရန် ဆန္ဒရှိသူမည်သူကိုမဆို ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမသို့ လာရောက်လည်ပတ်ဖို့ လှိုက်လှဲစွာကြိုဆိုပါသည်။
ဆန့်ကျင်သူများကြောင့် ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိကြနှင့်
ကဲ့ရဲ့ရှုတ်ချခြင်းသည် လူများကို သက်သေခံများဖြစ်လာခြင်းမှ ရပ်ဆိုင်းမသွားစေကြောင်း သိရခြင်းသည် မည်မျှအားတက်ဖွယ်ရာပါတကား! ဂျာမနီ၌ ရုပ်မြင်သံကြားဟောပြောပွဲကျင်းပစဉ်တွင် အယူဖောက်ပြန်သူများသည် ယေဟောဝါသက်သေများအကြောင်း ကလိန်စေ့ငြမ်းဆင်ဖော်ပြခဲ့သည်။ ရှုစားသူတစ်ဦးက ဤအယူဖောက်ပြန်သောကွန့်ချက်များကို စိတ်ကူးယဉ်များအဖြစ်ယူမှတ်ကာ သက်သေခံများနှင့် ကျမ်းစာသင်အံမှုပြန်စရန် လှုံ့ဆော်ခံခဲ့ရသည်။ မှန်ပါသည်၊ ဟိုးလေးတကျော်ကဲ့ရဲ့ရှုတ်ချမှုသည် တစ်ခါတစ်ရံ အပြုသဘောဆောင်သောအကျိုးများသို့ ဦးတည်စေပါသည်!—ဖိလိပ္ပိ ၁:၁၂၊ ၁၃ နှိုင်းယှဉ်။
တချို့သောသူတို့သည် အမှန်တရားထက် “ဒဏ္ဍာရီစကား” များကို ပို၍အာရုံပြုကြမည်ဖြစ်ကြောင်း တမန်တော်ပေါလုသိခဲ့သည်။ ထို့ကြောင့် သူဤသို့ရေးခဲ့သည်– “သင်မူကား အရာရာ၌ သမ္မာသတိရှိစေလော့။ ဆင်းရဲဒုက္ခကို သည်းခံလော့။ သာသနာပြုဆရာ ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့။ ဓမ္မဆရာအရာ၌ ခန့်ထား၍ ပြုရသောဝတ်ကို အကုန်အစင်ပြုလော့။” (၂ တိမောသေ ၄:၃-၅) ထို့ကြောင့် သင့်ကိုယ်ကို သွေဖည်သွားစေရန် ခွင့်မပြုပါနှင့်၊ သင့်ရန်သူတို့ကြောင့် ‘ကြောက်ရွံ့တုန်လှုပ်စရာအကြောင်းမရှိပါ။’ (ဖိလိပ္ပိ ၁:၂၈) အေးအေးဆေးဆေးနှင့် စိတ်ငြိမ်ငြိမ်ထားပြီး သတင်းကောင်းကို ရွှင်လန်းဝမ်းမြောက်စွာဟောပါ။ သင်သည် ဟိုးလေးတကျော်ကဲ့ရဲ့ရှုတ်ချမှုကြောင့် မတိမ်းယိမ်းဘဲအောင်မြင်ကျော်လွှားပါလိမ့်မည်။ မှန်ပါသည်၊ ယေရှု၏ဤကတိတော်ကို သတိရပါ– “ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။ ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးကြီးလှပေ၏။ သင်တို့ရှေ့ကပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူညှဉ်းဆဲကြပြီ။”—မဿဲ ၅:၁၁၊ ၁၂။
[အောက်ခြေမှတ်ချက်များ]
a ယေဟောဝါ၏သက်သေများ—ကမ္ဘာတစ်ဝန်းတွင် စည်းစည်းလုံးလုံးဘုရားသခင့်အလိုတော် ထမ်းရွက်ခြင်း၊ နှစ်ဆယ်ရာစု ယေဟောဝါသက်သေများနှင့် ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ ကိုရှု။
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
ဆန့်ကျင်သူများနှင့် ပက်ပင်းတိုးသောအခါ ယေရှုသည် မိမိတပည့်တော်များကို ဤသို့မိန့်ခဲ့သည်– “ထိုသူတို့ကို ရှိနေကြစေ။” ကိုယ်တော် ဘာကိုဆိုလိုခဲ့သနည်း
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
“ငါ့ကြောင့် သင်တို့ကိုကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ သင်တို့သည်မင်္ဂလာရှိကြ၏။” —မဿဲ ၅:၁၁