အခန်း ၆၂
နှိမ့်ချမှုနှင့်ပတ်သက်သောသင်ခန်းစာ
ကဲသရိဖိလိပ္ပိဒေသအနီး နတ်ပူးသည့်သူငယ်အား ကုသပေးပြီးနောက် ကပေရနောင်သို့ ယေရှုပြန်လိုသည်။ သို့သော်မိမိ၏သေခြင်းနှင့်၊ မိမိသေပြီးနောက်တပည့်များပေါ်ကျရောက်မည့်တာဝန်များအတွက် ပြင်ဆင်ပေးရန် ထိုခရီးစဉ်တွင် မိမိတပည့်များနှင့်သာခရီးသွားလိုသည်။ တပည့်များအား ကိုယ်တော်က “လူသားကိုလူတို့ လက်သို့အပ်နှံ” ကာသတ်ကြလိမ့်မည်။ သို့သော် “သုံးရက်မြောက်သောနေ့၌ထမြောက်” မည်ဟုရှင်းပြသည်။
ဤအကြောင်းကိုယခင်ကယေရှုမိန့်ခဲ့ဖူးခြင်း၊ ‘သေခြင်း’ အကြောင်းကိုယ်တော်ဆွေးနွေးစဉ် အဆင်းတော်ပြောင်းလဲခြင်းကို တမန်တော်သုံးပါး ဒိဌတွေ့မြင်သော်လည်း တပည့်တော်များ သဘောမပေါက်ကြချေ။ ယေရှုအသတ်ခံရမည်ကို အစောပိုင်းကပေတရုငြင်းဆန်သကဲ့သို့ တပည့်တော်များငြင်းဆန်ရန် မကြိုးစားကြသော်လည်း ထိုကိစ္စကိုထပ်မမေးဝံ့ကြ။
သို့နှင့် ယေရှုဓမ္မအမှုဆောင်စဉ် အခြေစိုက်မြို့၊ ကပေရနောင်သို့ ရောက်လာကြ၏။ ယင်းသည်ပေတရုနှင့်တမန်တော်အချို့ နေထိုင်ကြသည့်မြို့ဖြစ်သည်။ ထိုမြို့၌ ဗိမာန်တော်အခွန်ကောက်သူတို့ ပေတရုကိုချဉ်းကပ်ပြီး ထုံးစံချိုးဖောက်မှုနှင့်အမှုပတ်စေလို၍ ယေရှုအားသူတို့က ‘သင်၏ဆရာသည် ဒိဒြမ္မ [ဗိမာန်တော်အခွန်] ကိုမပေးသလော’ ဟုမေးကြ၏။ “ပေးပါသည်” ဟုပေတရုဖြေသည်။
ထိုအိမ်သို့ ယေရှုမကြာမီရောက်လာ၍ ယင်းကိစ္စကိုကောင်းစွာသိသဖြင့် ပေတရုမတင်ပြမီ “ရှိမုန်၊ သင်အဘယ်သို့ထင်သနည်း။ လောကီရှင်ဘုရင်တို့သည် အဘယ်သူမှာအခွန်ခံကြသနည်း။ မိမိ၏သားမှာခံကြသလော။ သူတစ်ပါးမှာခံကြသလော” ဟုယေရှုမေးသည်။
“သူတစ်ပါးမှာခံကြပါသည်” ဟုပေတရုလျှောက်၏။
“သို့ဖြစ်လျှင်သားမူကားလွတ်၏” ဟုယေရှုမိန့်ဆိုသည်။ ယေရှုဖခင်သည် ဗိမာန်တော်တွင်ကိုးကွယ်ခံရသော စကြဝဠာ၏မင်းဖြစ်သဖြင့် ဘုရားသခင်၏သားအနေနှင့် ဗိမာန်တော်အခွန်ပေးရန်မလို။ “သို့သော်လည်း ထိုသူတို့သည်ငါတို့ကြောင့်မမှားယွင်းမည်အကြောင်း အိုင်သို့သွား၍ ငါးမျှားချလော့။ ရှေ့ဦးစွာရသောငါးကိုယူ၍ ပါးစပ်ကိုဖွင့်လျှင် သတာတဲတစ်ပြား [လေးဒြမ္မာ] ကိုတွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါ့အဖို့ထိုသူတို့အား ပေးလော့” ဟုယေရှုမိန့်ဆိုသည်။
တပည့်များ ကပေရနောင်မြို့သို့ပြန်ရောက်၍ ပေတရုနေအိမ်တွင်စုရုံးကြစဉ် “ကောင်းကင်နိုင်ငံ၌ အဘယ်သူသည် သာ၍ကြီးမြတ်ပါအံ့နည်း” ဟုသူတို့မေးကြ၏။ ကဲသရိဖိလိပ္ပိမှအပြန် တပည့်များအကြားဖြစ်ပွားသောအမှုကိုသတိထားမိသဖြင့် သူတို့အဘယ်ကြောင့်ထိုမေးခွန်းမေးကြသည်ကို ယေရှုသိ၏။ ထိုကြောင့် “သင်တို့လမ်း၌အဘယ်အမှုကို အချင်းချင်းငြင်းခုံကြသနည်း” ဟုကိုယ်တော်မေး၏။ မည်သူသာ၍ကြီးမြတ်ကြောင်း လမ်း၌အချင်းချင်းငြင်းခုံခြင်းကြောင့် သူတို့နှုတ်ဆိတ်နေကြ၏။။
ယေရှုသြဝါဒကိုသုံးနှစ်နီးပါးမျှခံယူပြီးမှ ထိုသို့ငြင်းကြခြင်းကို မယုံနိုင်စရာဟုထင်သလော။ လူ့မစုံလင်မှုနှင့် ပြင်းထန်သောဘာသာရေးသြဇာကို ယင်းကဖေါ်ပြ၏။ တပည့်များကြီးပြင်းရာ ဂျူးဘာသာတရားတွင် ကိစ္စတိုင်း၌ ရာထူးအဆင့်ကိုအလေးပေး၏။ ထို့ပြင် မိမိအားနိုင်ငံတော် “သော့” ကိုပေးမည့် ယေရှု၏ကတိကြောင့် အခြားတပည့်များထက်သာသည်ဟူ၍ ပေတရုခံစားမိနိုင်၏။ ယာကုပ်နှင့်ယောဟန်မူ ယေရှု၏သဏ္ဌာန်တော်ပြောင်းလဲခြင်းကို တွေ့ခွင့်ရသောကြောင့် အလားတူစိတ်ကူးမျိုးပေါ်နိုင်၏။
ထိုကြောင့် သူတို့၏သဘောထားကိုပြင်ပေးရန် လှုံ့ဆော်မှုပါသော သရုပ်ပြချက်တစ်ရပ်ကို ယေရှုသုံး၏။ သူငယ်တစ်ယောက်ကိုအလယ်၌ထား၍ လက်တော်နှင့်ချီပိုက်ကာ “သင်တို့သည်ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့မရောက်ရကြ။ ထိုကြောင့်အကြင်သူသည် ဤသူငယ်ကဲ့သို့ မိမိကိုမိမိနှိမ့်ချအံ့။ ထိုသူသည်ကောင်းကင်နိုင်ငံတော်၌ သာ၍ကြီးမြတ်လိမ့်မည်။ အကြင်သူသည်ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောသူငယ် တစ်စုံတစ်ယောက်ကိုလက်ခံ၏။ ထိုသူသည်ငါ့ကိုပင်လက်ခံ၏” ဟုမိန့်ဆိုသည်။
မိမိတပည့်များကိုတည့်မတ်ပေးရန် မည်မျှကောင်းမွန်သောနည်းလမ်းပါတကား။ ယေရှုသူတို့ကိုစိတ်မဆိုး။ ထောင်လွှားသူ၊ လောဘကြီးသူ၊ ရည်ရွယ်ချက်ကြီးသူများဟုအပြစ်မဆိုပါ။ ယေဘုယျအားဖြင့် ကျိုးနွံတတ်ပြီးရည်မှန်းချက်မကြီး၊ အချင်းချင်းအဆင့်အတန်းပြိုင်သည့်သဘော မရှိကြသော ကလေးသူငယ်များဥပမာဖြင့် ယေရှုသူတို့အား သွန်သင်ပေး၏။ နှိမ့်ချသောကလေးငယ်များတွင်ရှိ အရည်အသွေးများမွေးမြှူးရန်လိုအပ်ကြောင်း ဤနည်းဖြင့်ယေရှုပြသည်။ ယေရှုကောက်ချက်ချသကဲ့သို့ပင် “သင်တို့တွင်အငယ်ဆုံးသောသူသည် သာ၍ကြီးမြတ်သောသူဖြစ်လိမ့်မည်။” မဿဲ ၁၇:၂၂-၂၇၊ ၁၈:၁-၅။ မာကု ၉:၃၀-၃၇။ လုကာ ၉:၄၃-၄၈။
▪ ကပေရနောင်သို့အပြန် အဘယ်သြဝါဒကို ယေရှုထပ်ကျော့သနည်း။ ယင်းကိုမည်သို့လက်ခံကြသနည်း။
▪ ယေရှုဗိမာန်တော်အခွန်ပေးရန် အဘယ်ကြောင့်မလိုသနည်း။ သို့သော်အဘယ်ကြောင့်ပေးသနည်း။
▪ ယေရှုတပည့်များအဘယ်ကြောင့် ငြင်းခုံကြခြင်းဖြစ်နိုင်သနည်း။ ယေရှုမည်သို့တည့်မတ်ပေးသနည်း။