အခန်း တစ်ဆယ်
ကတိတော်ဆိုင်ရာ ငြိမ်သက်ခြင်းမင်းသား
၁။ ကာဣနအချိန်ကတည်းက လူသားများသည် အဘယ်အရာကို တွေ့ကြုံလာခဲ့ရသနည်း။
လွန်ခဲ့သော နှစ်ပေါင်း ခြောက်ထောင်ခန့်က ပထမဦးဆုံး လူသားကလေးငယ် မွေးဖွားခဲ့သည်။ သူ၏ အမည်မှာ ကာဣန ဖြစ်ပြီး သူ၏ မွေးဖွားခြင်းသည် အထူးဖြစ်ခဲ့သည်။ သူ၏ မိဘများနှင့် ကောင်းကင်တမန်များသာမက ဖန်ဆင်းရှင်ပင် လူသားကလေးငယ် မွေးဖွားခြင်းကို ယခင်က တစ်ခါမျှ မမြင်ဖူးကြပါ။ ဤမွေးကင်းစ လူမမယ်လေးသည် ပြစ်ဒဏ်စီရင်ခံရသော လူသားမျိုးနွယ်အတွက် မျှော်လင့်ချက် ဖြစ်ခဲ့ပေမည်။ သူကြီးပြင်းလာပြီး လူသတ်သမား ဖြစ်သွားသည့်အခါ မည်မျှ စိတ်ပျက်ဖွယ် ဖြစ်ခဲ့မည်နည်း! (၁ ယောဟန် ၃:၁၂) ထိုအချိန်မှစ၍ လူသားများသည် လူသတ်သမားများစွာကို မမြင်ချင်အဆုံးတွေ့နေရသည်။ လူသားများ၏ စိတ်သည် မကောင်းမှု ပြုချင်သည့်ဘက် တိမ်းယိမ်းနေရာ တစ်ဦးနှင့်တစ်ဦးဖြစ်စေ၊ ဘုရားသခင်နှင့်ဖြစ်စေ သင့်တင့်ငြိမ်သက်မှုမရှိချေ။—ကမ္ဘာဦး ၆:၅; ဟေရှာယ ၄၈:၂၂။
၂၊ ၃။ ယေရှုခရစ်အားဖြင့် အဘယ် အလားအလာ လမ်းပွင့်သွားသနည်း၊ ထိုကောင်းချီးများ ခံစားရရန် ကျွန်ုပ်တို့ အဘယ်အရာ ပြုလုပ်ရမည်နည်း။
၂ ကာဣန မွေးဖွားပြီးနောက် အနှစ်လေးထောင်ခန့် အကြာတွင် နောက်ကလေးငယ်တစ်ဦး မွေးဖွားလာခဲ့သည်။ အမည်မှာ ယေရှု ဖြစ်ပြီး ကိုယ်တော့် မွေးဖွားခြင်းသည်လည်း အထူးဖြစ်ခဲ့သည်။ ကိုယ်တော်သည် သမိုင်းတွင် တစ်ကြိမ်သာ ရှိခဲ့သော မွေးဖွားမှုမျိုး ဖြစ်သည့် သန့်ရှင်းသော ဝိညာဉ်တော် တန်ခိုးဖြင့် အပျိုကညာတစ်ဦးမှ မွေးဖွားခဲ့သည်။ ကိုယ်တော် မွေးဖွားချိန်၌ ဝမ်းမြောက်နေသော ကောင်းကင်တမန်များသည် ဘုရားသခင်အား ဤသို့ ချီးမွမ်းသီဆိုခဲ့ကြ၏– “ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာ ရှိစေသတည်း။” (လုကာ ၂:၁၃၊ ၁၄) လူသတ်သမားတစ်ဦး ဖြစ်ဖို့ ဝေးစွ၊ ယေရှုသည် လူသားများအား ဘုရားသခင်နှင့် သင့်တင့်ငြိမ်သက်မှု ရစေကာ ထာဝရအသက် ရစေသော လမ်းကို ဖွင့်ပေးခဲ့သည်။—ယောဟန် ၃:၁၆; ၁ ကောရိန္သု ၁၅:၅၅။
၃ ဟေရှာယက ယေရှုသည် “ငြိမ်သက်ခြင်းမင်းသား” ဟု အခေါ်ခံရမည် ဖြစ်ကြောင်း ပရောဖက်ပြုခဲ့သည်။ (ဟေရှာယ ၉:၆၊ ကဘ) ကိုယ်တော်သည် လူသားများအကျိုးအတွက် မိမိ၏ အသက်ကိုပူဇော်ပေးမည် ဖြစ်ပြီး ၎င်းအားဖြင့် အပြစ်များမှ ခွင့်လွှတ်မှု ရစေနိုင်မည်။ (ဟေရှာယ ၅၃:၁၁) ယနေ့၊ ယေရှုခရစ်အား ယုံကြည်ခြင်းအပေါ် အခြေခံ၍ ဘုရားသခင်နှင့် သင့်တင့်ငြိမ်သက်မှု၊ အပြစ်များမှ ခွင့်လွှတ်မှုတို့ ရရှိနိုင်သည်။ သို့သော် ထိုကောင်းချီးများကို အလိုအလျောက် ရမည် မဟုတ်ပါ။ (ကောလောသဲ ၁:၂၁-၂၃) ၎င်းတို့ကို ရရှိလိုသူများသည် ယေဟောဝါ ဘုရားသခင်အား နာခံရန် သင်ယူရမည်။ (၁ ပေတရု ၃:၁၁; ဟေဗြဲ ၅:၈၊ ၉ နှိုင်းယှဉ်။) ဟေရှာယခေတ်မှ ဣသရေလနှင့် ယုဒတို့သည် ယင်းနှင့် လုံးဝ ဆန့်ကျင်သည့်အရာကို ပြုလုပ်ကြသည်။
နတ်ဆိုးများထံမှ အကူအညီ ရှာခြင်း
၄၊ ၅။ ဟေရှာယခေတ်တွင် အဘယ် အခြေအနေ ရှိသနည်း၊ အချို့သူများသည် မည်သူထံမှ အကူအညီ ရှာကြသနည်း။
၄ ဟေရှာယနှင့် တစ်ခေတ်တည်းသားများသည် မနာခံမှုကြောင့် ကိုယ်ကျင့်တရား နိမ့်ကျကာ ဝိညာဏ အမှောင်ထုတွင်းနက်ထဲတွင် ရောက်နေကြသည်။ ဘုရားသခင့် ဗိမာန်တော် တည်ရှိရာ တောင်ပိုင်းယုဒနိုင်ငံတွင်ပင် ငြိမ်သက်ခြင်း မရှိပါ။ သူတို့၏ သစ္စာမဲ့မှုကြောင့် ယုဒလူမျိုးသည် အာရှုရိ၏ ကျူးကျော်ခြိမ်းခြောက်မှု ခံရပြီး ခက်ခဲသော အချိန်များ စောင့်ကြိုနေသည်။ သူတို့သည် မည်သူ့ထံမှ အကူအညီ ရှာကြသနည်း။ ဝမ်းနည်းစရာမှာ အများစုသည် ယေဟောဝါထံမှ မဟုတ်ဘဲ စာတန်ထံမှ အကူအညီ ရှာကြသည်။ စာတန်ကို အမည်တပ်၍ တောင်းလျှောက်ခြင်းတော့ မပြုကြပါ။ ယင်းအစား ရှောလုမင်း အသက်ကြီးသည့်အခါ ပြုသကဲ့သို့ သူတို့သည် နတ်ဝိဇ္ဇာအတတ် လိုက်စားကြ၊ သေလွန်သူများနှင့် အဆက်အသွယ် ရရန် ကြိုးစားခြင်းဖြင့် သူတို့၏ ပြဿနာများကို ဖြေရှင်းပေးရန် မျှော်ကိုးကြသည်။—၁ ဓမ္မရာဇဝင် ၂၈:၁-၂၀။
၅ အချို့သူတို့သည် ဤအကျင့်ဓလေ့များကို မြှင့်တင်နေကြသည့်အထိပင်။ ထိုသို့သော အယူဖောက်ပြန်မှုကို ဟေရှာယ ဤသို့ ပြောဆိုဖော်ပြ၏– “တိုးတိုးပြော၍ မန္တန်သရဇ္စျာယ်တတ်သော နတ်ဝင်နှင့် စုန်းတို့၌ ဆည်းကပ်ကြလော့ဟု သင်တို့အား ဆိုလျှင်မူကား လူတို့သည် မိမိတို့ဘုရားသခင်၌ မဆည်းကပ်အပ်သလော။ အသက်ရှင်သောသူ၏ အမှုမှာ အသက်သေသောသူ၌ ဆည်းကပ်အပ်သလော။” (ဟေရှာယ ၈:၁၉) နတ်ဝင်သည်များသည် “မန္တန်သရဇ္စျာယ်” ပြုကာ လူများကို လှည့်စားနိုင်သည်။ ထိုရွတ်သံကို သက်ရှိထင်ရှားသော နတ်ဝင်သည်တစ်ဦးက သေလွန်သူ ဝိညာဉ်များမှ ပြောလေဟန် အသံဖန်တီးနိုင်သည်။ သို့သော် အင်ဒေါရမြို့မှ နတ်ဝင်မိန်းမထံ ရှောလု မေးမြန်းခဲ့ချိန်၌ အထင်အရှား ဖြစ်သကဲ့သို့ နတ်ဆိုးများသည် တစ်ခါတစ်ရံ တိုက်ရိုက်ပါဝင်ပတ်သက်နိုင်၊ လူသေများ၏ အယောင်ဆောင်နိုင်ကြသည်။—၁ ဓမ္မရာဇဝင် ၂၈:၈-၁၉။
၆။ နတ်ဝိဇ္ဇာအတတ် လိုက်စားခဲ့သော ဣသရေလလူများသည် အဘယ်ကြောင့် အထူးအပြစ်ခံထိုက်သနည်း။
၆ ယေဟောဝါသည် နတ်ဝိဇ္ဇာအတတ်ကို ပိတ်ပင်ထားသည့်ကြားမှ ယင်းအရာအားလုံးကို ယုဒပြည်တွင် ဆက်ပြုလုပ်နေကြသည်။ မောရှေပညတ်အောက်တွင် ၎င်းသည် သေဒဏ်သင့်သော ပြစ်မှု ဖြစ်သည်။ (ဝတ်ပြုရာ ၁၉:၃၁; ၂၀:၆၊ ၂၇; တရားဟောရာ ၁၈:၉-၁၂) ယေဟောဝါ၏ အထူးပိုင်ဆိုင်ရာ လူမျိုးသည် ထိုကဲ့သို့သော ကြီးလေးသည့် ပြစ်မှုတစ်ခုကို အဘယ်ကြောင့် ကျူးလွန်သနည်း။ အကြောင်းမှာ သူတို့သည် ယေဟောဝါ၏ ပညတ်နှင့် ဩဝါဒများကို ကျောခိုင်းကာ ‘ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့် စိတ်နှလုံး ခိုင်မာစေ’ ခဲ့ကြသောကြောင့် ဖြစ်သည်။ (ဟေဗြဲ ၃:၁၃) “သူတို့နှလုံးသည် ဆီဥကဲ့သို့ ခဲလျက်ရှိ” ပြီး မိမိတို့၏ ဘုရားသခင်ထံမှ စိမ်းကားသွေဖည်ခဲ့ကြသည်။—ဆာလံ ၁၁၉:၇၀။a
၇။ ယနေ့ခေတ်ရှိ လူအများသည် ဟေရှာယခေတ်ရှိ ဣသရေလလူများကို မည်သို့ တုပကြသနည်း၊ နောင်တ မယူပါက ထိုကဲ့သို့သောသူများ၏ အနာဂတ်သည် မည်သို့ ဖြစ်မည်နည်း။
၇ ‘အာရှုရိရဲ့ တိုက်ခိုက်မှု ခံရခါနီး အခြေအနေနဲ့ ကြုံတွေ့နေချိန်မှာ ယေဟောဝါရဲ့ ပညတ်က ငါတို့အတွက် ဘာကောင်းကျိုးပြုမှာမို့လို့လဲ’ ဟု သူတို့ ဆင်ခြင်ကြပေမည်။ သူတို့၏ ဘေးကျပ်နံကျပ် အခြေအနေကို မြန်မြန်နှင့် လွယ်လွယ် ဖြေရှင်းလိုကြပြီး ယေဟောဝါ မိမိ၏ အလိုတော်ကို ပြီးမြောက်အောင် လုပ်ဆောင်တော်မူချိန်အထိ မစောင့်လိုကြတော့ပါ။ ကျွန်ုပ်တို့ခေတ်တွင်လည်း လူအများသည် ယေဟောဝါ၏ ပညတ်ကို လျစ်လျူရှုကြပြီး သူတို့၏ ပြဿနာများကို ဖြေရှင်းရန် နတ်ဝင်သည်များကို ရှာဖွေခြင်း၊ ဇာတာခွင် ကြည့်ရှုခြင်းနှင့် လျှို့ဝှက်ဆန်းကြယ်သော နတ်ဝိဇ္ဇာအတတ်ပညာ တစ်မျိုးမျိုးကို လိုက်စားကြသည်။ သို့ရာတွင် အသက်ရှင်သူများအတွက် လူသေများထံမှ ပြဿနာ အဖြေရှာခြင်းသည် ထိုအချိန်ကကဲ့သို့ပင် ယနေ့အချိန်တွင်လည်း ရယ်စရာပင်ဖြစ်သည်။ ထိုကဲ့သို့သော အကျင့်ဓလေ့ကို လိုက်စားခြင်းမှ နောင်တမယူသော မည်သူမဆို၏ အနာဂတ်သည် “လူအသက်ကို သတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ . . . ရုပ်တုကို ကိုးကွယ်သောသူ၊ သစ္စာပျက်သောသူအပေါင်းတို့” ၏ အနာဂတ်နှင့် အတူတူပင် ဖြစ်မည်။ သူတို့သည် အသက်ရှင်ခွင့် အနာဂတ်အလားအလာ မရှိပါ။—ဗျာဒိတ် ၂၁:၈။
ဘုရားသခင်၏ ‘ပညတ်တော်နှင့် သက်သေခံချက်’
၈။ ယနေ့အချိန်တွင် ညွှန်ကြားချက်အတွက် ကျွန်ုပ်တို့ အားထားသင့်သည့် “ပညတ်တရား” နှင့် “သက်သေခံချက်” တို့မှာ အဘယ်နည်း။
၈ အခြားပညတ်ချက်များနှင့်အတူ နတ်ဝိဇ္ဇာအတတ်ကို တားမြစ်ထားသော ယေဟောဝါ၏ ဥပဒေကို ယုဒတွင် ဖုံးကွယ်မထားပါ။ ၎င်းကို အရေးအသားပုံစံဖြင့် မပျောက်မပျက်အောင် ထိန်းသိမ်းထားသည်။ ယနေ့အချိန်တွင် ကိုယ်တော်၏ နှုတ်ကပါဌ်တော်ကို အပြည့်အစုံပါသော စာအုပ်ပုံစံဖြင့် ရရှိနိုင်သည်။ ၎င်းသည် သမ္မာကျမ်းစာ ဖြစ်ပြီး ဘုရားသခင်၏ ပညတ်တော်များနှင့် စည်းမျဉ်းဥပဒေသများဆိုင်ရာ ကျမ်းစောင်များကို စုစည်းထားသည့် ကျမ်းတစ်ခုမျှသာ မဟုတ်ဘဲ လူမျိုးတော်နှင့် ဘုရားသခင့် ဆက်ဆံပုံမှတ်တမ်းလည်း ပါရှိသည်။ ယေဟောဝါ၏ ဆက်ဆံပုံနှင့်ပတ်သက်သော ဤကျမ်းမှတ်တမ်းကို သက်သေခံချက်ပုံစံဖြင့် ဖော်ပြထားပြီး ယေဟောဝါ၏ ဂုဏ်ရည်တော်နှင့် အရည်အချင်းများအကြောင်း ကျွန်ုပ်တို့ကို သွန်သင်ပေးသည်။ ဣသရေလလူမျိုးသည် လမ်းညွှန်ချက် ရရန် လူသေများနှင့် တိုင်ပင်ခြင်းပြုမည့်အစား မည်သည့်နေရာသို့ သွားသင့်သနည်း။ ဟေရှာယ၏ အဖြေမှာ ‘ပညတ်တရားတော်နှင့် သက်သေခံချက်ဆီသို့’ ဟူ၍ ဖြစ်သည်။ (ဟေရှာယ ၈:၂၀က၊ သမ) မှန်ပါသည်၊ စစ်မှန်သော အလင်းထွန်းလင်းမှုကို တွေ့လိုသူများသည် ရေးသားထားသော ဘုရားသခင့် နှုတ်ကပါဌ်တော်၌ ရှာဖွေသင့်သည်။
၉။ နောင်တ မယူသော အပြစ်ပြုသူများအတွက် အခါအားလျော်စွာ ကျမ်းစာဖြင့် ကိုးကားတင်ပြခြင်းသည် အကျိုးတစ်စုံတစ်ရာ ရှိသလော။
၉ နတ်ဝိဇ္ဇာအတတ်နှင့် ဆက်နွှယ်ပတ်သက်နေသော ဣသရေလလူအချို့က ဘုရားသခင်၏ စကားတော်ကို ရိုသေလေးမြတ်ပါသည်ဟု ပြောကြပေမည်။ သို့သော် ထိုပြောဆိုချက်များသည် လေ၊ ဟန်ဆောင်အပြောများသာတည်း။ ဟေရှာယဤသို့ဆို၏– “ထိုဗျာဒိတ်တော်နှင့် မညီကြလျှင် နေအရုဏ်ကို မတွေ့ရကြ။” (ဟေရှာယ ၈:၂၀ခ၊ သမ) ဤတွင် ဟေရှာယက အဘယ် ဗျာဒိတ်တော်ကို ရည်ညွှန်းနေခြင်း ဖြစ်သနည်း။ ‘ပညတ်တရားတော်နှင့် သက်သေခံချက်ဆီသို့’ ဟူသည့် စကားကို ပြောခြင်း ဖြစ်နိုင်သည်။ ယနေ့အချိန်တွင် အယူဖောက်ပြန်သူများနှင့် အခြားသူများသည် ကျမ်းစာကိုးကားသကဲ့သို့ အယူဖောက်ပြန်သော ဣသရေလလူအချို့သည် ဘုရားသခင့် နှုတ်ကပါဌ်တော်ကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်နိုင်သည်။ သို့သော် ၎င်းတို့သည် အပြောမျှသာ ဖြစ်မည်။ ယေဟောဝါ၏ အလိုတော်ကို ဆောင်ရွက်ခြင်းမရှိ၊ မသန့်ရှင်းသော အကျင့်ဓလေ့များကို ရှောင်ခြင်း မရှိလျှင် ကျမ်းစာကိုးကားခြင်းသည် မည်သည့် “နေအရုဏ်” သို့မဟုတ် ယေဟောဝါထံမှ ထွန်းလင်းမှုကို ဖြစ်စေမည် မဟုတ်ပါ။b
“အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေး မဟုတ်”
၁၀။ ယေဟောဝါကို ငြင်းပယ်ခြင်းကြောင့် ယုဒလူမျိုး အဘယ်ဒုက္ခ ခံစားရသနည်း။
၁၀ ယေဟောဝါအား မနာခံခြင်းသည် စိတ်ပိုင်းအမှောင်ကျစေသည်။ (ဧဖက် ၄:၁၇၊ ၁၈) ဝိညာဏသဘောအရ ယုဒလူမျိုးသည် နားလည်နိုင်စွမ်း မရှိ၊ စက္ခုအလင်း ကွယ်ခဲ့သည်။ (၁ ကောရိန္သု ၂:၁၄) သူတို့၏ အခြေအနေကို ဟေရှာယ ဤသို့ ဖော်ပြ၏– “ပင်ပန်းခြင်းနှင့် မွတ်သိပ်ခြင်းကို ခံလျက် နေပြည်၌ လှည့်လည်ရကြလိမ့်မည်။” (ဟေရှာယ ၈:၂၁က၊ သမ္မာ) လူများ၏ သစ္စာမဲ့မှုကြောင့်—အထူးသဖြင့် ဘုရင်အာခတ် အုပ်ချုပ်ချိန်တွင်—အမှီအခိုကင်းသော နိုင်ငံတစ်ခုအဖြစ် ယုဒနိုင်ငံ တည်ရှိနေခြင်းသည် အန္တရာယ်ရှိနေသည်။ နိုင်ငံမှာ ရန်သူများ ပတ်လည်ဝိုင်းနေသည်။ အာရှုရိစစ်တပ်သည် ယုဒမြို့ တစ်မြို့ပြီးတစ်မြို့ကို ဝင်ရောက်တိုက်ခိုက်လေပြီ။ ရန်သူများသည် သီးနှံဖြစ်ထွန်းသော ပြည်တော်ကို ဖျက်ဆီးပြီး အစာခေါင်းပါးစေခဲ့သည်။ အများစုသည် “ပင်ပန်းခြင်းနှင့် မွတ်သိပ်ခြင်းကို ခံ” ရကြသည်။ သို့သော် ပြည်တော်တွင် နောက်အစာခေါင်းပါးမှုတစ်မျိုး ဖြစ်ခဲ့သည်။ အစောပိုင်း ဆယ်စုနှစ် အနည်းငယ်က အာမုတ် ဤသို့ ပရောဖက်ပြုခဲ့သည်– “အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ‘မွတ်သိပ်ခြင်းဘေးကို တစ်ပြည်လုံး၌ ငါဖြစ်စေသောကာလ ရောက်လိမ့်မည်။ အစာခေါင်းပါး၍ မွတ်သိပ်ခြင်းဘေး မဟုတ်၊ ရေငတ်ခြင်းဘေးလည်း မဟုတ်၊ ထာဝရဘုရား၏ အမိန့်တော်ကို မကြားရသော မွတ်သိပ်ခြင်းဘေး ဖြစ်လိမ့်မည်။’” (အာမုတ် ၈:၁၁) ယခု ယုဒသည် ထိုကဲ့သို့သော ဝိညာဉ်အစာ ခေါင်းပါးမှုဒဏ်ကို အလူးအလဲ ခံနေရလေပြီ!
၁၁။ ယုဒသည် ဆုံးမခံရခြင်းမှ သင်ခန်းစာ ယူမည်လော။
၁၁ ယုဒသည် သင်ခန်းစာ ရပြီး ယေဟောဝါထံ ပြန်လှည့်လာမည်လော။ ပြည်သားတို့သည် နတ်ဝိဇ္ဇာအတတ် လိုက်စားမှုနှင့် ရုပ်တုကိုးကွယ်မှုကို စွန့်ပြီး “ပညတ်တရားနှင့် သက်သေခံချက်” များမှ အကူအညီ ရှာကြမည်လော။ သူတို့၏ တုံ့ပြန်ပုံကို ယေဟောဝါ ဤသို့ ကြိုတင်သိမြင်တော်မူ၏– “မွတ်သိပ်သောအခါလည်း ဒေါသထွက်၍ ကိုယ့်ဘုရင်နှင့် ကိုယ့်ဘုရားကို ကျိန်ဆဲကြလိမ့်မည်။” (ဟေရှာယ ၈:၂၁ခ၊ သမ္မာ) မှန်ပါသည်၊ လူများစွာသည် ဤအဖြစ်ဆိုးမျိုး ရောက်ရန် ဖန်တီးသည့် မိမိတို့၏ ဘုရင်ကို အပြစ်တင်ကြလိမ့်မည်။ အချို့မှာ မိမိတို့အပေါ် ဘေးဆိုး ကျရောက်သည့်အတွက် ယေဟောဝါကိုပင် မိုက်မဲစွာ အပြစ်တင်ကြမည်! (ယေရမိ ၄၄:၁၅-၁၈ နှိုင်းယှဉ်။) ယနေ့အချိန်တွင်လည်း လူများ၏ ဆိုးသွမ်းမှုကြောင့် ဖြစ်သော ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးများအတွက် လူများစွာသည် ဘုရားသခင်ကို အပြစ်တင်ကြသည်။
၁၂။ (က) ဘုရားသခင်ထံမှ သွေဖည်သွားခြင်းက ယုဒအပေါ် အဘယ်အရာ ဖြစ်စေခဲ့သနည်း။ (ခ) အဘယ် အရေးကြီး မေးခွန်းများ ပေါ်လာသနည်း။
၁၂ ဘုရားသခင်ကို ကျိန်ဆဲခြင်းက ယုဒပြည်သူပြည်သားများအား ငြိမ်သက်မှု ရလာစေမည်လော။ မရစေပါ။ ဟေရှာယ ဤသို့ ကြိုဟောထား၏– “အထက်သို့ မျှော်သည်ဖြစ်စေ၊ မြေကြီးကို ကြည့်သည်ဖြစ်စေ ဒုက္ခဆင်းရဲနှင့် မှောင်မိုက်အတိ ရှိပါ၏။ ထူထပ်သော မှောင်မိုက်နှင့်တွေ့၍ အလင်း ကွယ်ပျောက်ရာသို့ နှင်ထုတ်ခြင်းကို ခံရကြလိမ့်မည်။” (ဟေရှာယ ၈:၂၂) သူတို့သည် ဘုရားသခင်ကို အပြစ်တင်ရန် ကောင်းကင်သို့ မော့ကြည့်ပြီးနောက် မြေကြီး၊ မျှော်လင့်ချက်မဲ့သော အခြေအနေများကို ပြန်ကြည့်ကြသည်။ ဘုရားသခင်ထံမှ သူတို့ သွေဖည်သွားခြင်းသည် အတိဒုက္ခရောက်စေခဲ့သည်။ (သုတ္တံ ၁၉:၃) သို့သော် ဘုရားသခင်သည် အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ကို အဘယ် ကတိများ ပေးထားသနည်း။ (ကမ္ဘာဦး ၂၂:၁၅-၁၈; ၂၈:၁၄၊ ၁၅) ယေဟောဝါ ကတိဖျက်မည်လော။ အာရှုရိ သို့မဟုတ် အခြားစစ်အင်အားစု တစ်ခုခုက ကတိထားရာ ယုဒနှင့် ဒါဝိဒ်မင်းဆက်ကို အဆုံးတိုင်စေမည်လော။ (ကမ္ဘာဦး ၄၉:၈-၁၀; ၂ ဓမ္မရာဇဝင် ၇:၁၁-၁၆) ဣသရေလလူမျိုးသည် အမှောင်ထုထဲသို့ ထာဝရ အပြစ်စီရင်ခံရမည်လော။
“ရှုတ်ချခံရသော” ပြည်တော်
၁၃။ “တစ်ပါးအမျိုးသားနေရာ ဂါလိလဲပြည်” မှာ အဘယ်နည်း၊ ၎င်းသည် မည်ကဲ့သို့ “ရှုတ်ချခံရ” သနည်း။
၁၃ ယခု ဟေရှာယသည် အာဗြဟံ၏ သားစဉ်မြေးဆက်အပေါ်သို့ ကျရောက်မည့် ပြောင်းလဲမှုများထဲမှ အဆိုးရွားဆုံးတစ်ခုကို ဤသို့ ရည်ညွှန်းဖော်ပြ၏– “ဒုက္ခဆင်းရဲခြင်းကို ခံရသော ပြည်သည် နောက်မှ မှောင်မိုက်နှင့် ကင်းလွတ်လိမ့်မည်။ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်ကို အထက်က ရှုတ်ချတော်မူသော်လည်း နောက်တစ်ဖန် အိုင်နားလျှောက်သောလမ်း၊ ယော်ဒန်မြစ်တစ်ဖက်၊ တစ်ပါးအမျိုးသားနေရာဂါလိလဲပြည်ကို ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူ၏။” (ဟေရှာယ ၉:၁) ဂါလိလဲသည် မြောက်ပိုင်းဣသရေလနိုင်ငံ၏ နယ်မြေတစ်ခု ဖြစ်သည်။ ဟေရှာယ၏ ပရောဖက်ပြုချက်တွင် “ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်” အပြင် ဂါလိလဲပင်လယ်အနီးမှ ဖြတ်သွားကာ မြေထဲပင်လယ်သို့ ဦးတည်သွားသည့် ရှေးခေတ်လမ်းမကြီး ဖြစ်သော “အိုင်နားလျှောက်သောလမ်း” လည်း ပါဝင်သည်။ ဟေရှာယခေတ်၌ ဤဒေသကို “တစ်ပါးအမျိုးသားနေရာ ဂါလိလဲပြည်” ဟု ခေါ်ဆိုထားသည်၊ ဖြစ်နိုင်သည်မှာ ယင်းမြို့အများစုတွင် ဣသရေလလူမျိုး မဟုတ်သူများ နေထိုင်ကြခြင်းကြောင့် ဖြစ်မည်။c ဤပြည်သည် မည်သို့ “ရှုတ်ချခံရ” သနည်း။ မှောက်မှားသော ဘုရား ကိုးကွယ်သည့် အာရှုရိတို့သည် ၎င်းပြည်ကို အနိုင်ရပြီး ဣသရေလလူများကို နယ်နှင်ခေါ်ဆောင်သွားကာ နယ်မြေဒေသအားလုံး၌ အာဗြဟံ၏ သားမြေးများမဟုတ်သည့် မှောက်မှားသော ဘုရား ကိုးကွယ်သူများအား နေရာချပေးသည်။ ထို့ကြောင့် မြောက်ပိုင်းဆယ်နွယ်နိုင်ငံသည် သီးသန့်နိုင်ငံတစ်နိုင်ငံအနေနှင့် သမိုင်းမှ ပျောက်ကွယ်ခဲ့ရသည်!—၄ ဓမ္မရာဇဝင် ၁၇:၅၊ ၆၊ ၁၈၊ ၂၃၊ ၂၄။
၁၄။ ယုဒ၏ “မှောင်မိုက်” သည် အဘယ်သဘောမျိုးဖြင့် ဆယ်နွယ်နိုင်ငံလောက် မှောင်မိုက်မည် မဟုတ်သနည်း။
၁၄ ယုဒနိုင်ငံသည်လည်း အာရှုရိ၏ ဖိနှိပ်မှုကို ခံနေရသည်။ ဇာဗုလုန်နှင့် နဿလိခရိုင်များကို ကိုယ်စားပြုသော ဆယ်နွယ်နိုင်ငံ၌ ဖြစ်ခဲ့သကဲ့သို့ ၎င်းကို ထာဝရ “မှောင်မိုက်” ဖြစ်စေမည်လော။ ဖြစ်စေမည် မဟုတ်ပါ။ ယခင်က တောင်ပိုင်းယုဒနိုင်ငံသည် မြောက်ပိုင်းနိုင်ငံ၏ စိုးမိုးအုပ်ချုပ်မှုကို ခံခဲ့ရသည့်တိုင် “နောက်တစ်ဖန်” ယေဟောဝါသည် ကောင်းချီးများကို ဖြစ်စေတော်မူမည်။ မည်သို့အားဖြင့်နည်း။
၁၅၊ ၁၆။ (က) “ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်” ၌ အဘယ် “နောက်တစ်ဖန်” အချိန်၌ အခြေအနေ အပြောင်းအလဲ ဖြစ်မည်နည်း။ (ခ) ရှုတ်ချခံရသော ပြည်တော်သည် မည်သို့ ဂုဏ်တင်ခံရသနည်း။
၁၅ တမန်တော် မဿဲက ယေရှု၏ မြေကြီးဓမ္မအမှုဆောင်ခြင်းဆိုင်ရာ မှုတ်သွင်းခံမှတ်တမ်းတွင် ဤမေးခွန်းကို အဖြေပေးထားသည်။ ထိုဓမ္မအမှု၏ အစောပိုင်းနေ့ရက်များအကြောင်း ဖော်ပြရာတွင် မဿဲ ဤသို့တင်ပြ၏– “နာဇရက်မြို့ကို စွန့်သွားလျက်၊ [ယေရှုသည်] ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်စပ်ကြားတွင် အိုင်နှင့် နီးစပ်သော ကပေရနောင်မြို့သို့ ရောက်၍ နေတော်မူ၏။ ဤအကြောင်းအရာကား၊ ပရောဖက် ဟေရှာယ၏ နှုတ်ထွက် ပြည့်စုံမည်အကြောင်းတည်း။ နှုတ်ထွက်အချက်ဟူမူကား၊ ‘ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင် တည်းဟူသော အိုင်နားလျှောက်သောလမ်း၊ ယော်ဒန်မြစ်တစ်ဖက်၊ တစ်ပါးအမျိုးသားနေရာ ဂါလိလဲပြည်၊ မှောင်မိုက်ထဲမှာ ရှိနေသော လူများတို့သည် ကြီးစွာသော အလင်းကို မြင်ရ၍ သေမင်း၏ နိုင်ငံအရိပ်တွင် ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက် ရှိ၏’ ဟု ဟောထားသတည်း။”—မဿဲ ၄:၁၃-၁၆။
၁၆ မှန်ပါသည်၊ ဟေရှာယ ကြိုပြောခဲ့သည့် “နောက်တစ်ဖန်” သည် ခရစ်တော်၏ မြေကြီးဓမ္မအမှုဆောင်ချိန် ဖြစ်သည်။ ယေရှု၏ မြေကြီးအသက်တာ အများစုကို ဂါလိလဲတွင် အသုံးပြုခဲ့သည်။ မိမိ၏ ဓမ္မအမှုကို အစပြုကာ “ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” ဟု စဟောပြောခဲ့သည့် နေရာသည် ဂါလိလဲခရိုင်တွင် ဖြစ်သည်။ (မဿဲ ၄:၁၇) ဂါလိလဲတွင် မိမိ၏ အကျော်ကြားဆုံး တောင်ပေါ်ဒေသနာကို ဟောပြောခဲ့သည်၊ တမန်တော်များကို ရွေးချယ်ခဲ့သည်၊ ပထမဦးဆုံး အံ့ဖွယ်အမှုကို ပြုလုပ်ခဲ့သည်၊ ထမြောက်ပြီးနောက် တပည့်တော် ၅၀၀ ကို ကိုယ်ယောင်ပြခဲ့သည်။ (မဿဲ ၅:၁–၇:၂၇; ၂၈:၁၆-၂၀; မာကု ၃:၁၃၊ ၁၄; ယောဟန် ၂:၈-၁၁; ၁ ကောရိန္သု ၁၅:၆) ဤနည်းဖြင့် ယေရှုသည် “ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်” ကို ဂုဏ်တင်ကာ ဟေရှာယ ပရောဖက်ပြုချက်ကို ပြည့်စုံစေခဲ့သည်။ ယေရှုသည် မိမိ၏ ဓမ္မအမှုကို ဂါလိလဲပြည်တွင် ရှိသော လူများနှင့် ကန့်သတ်မထားသည်မှာ မှန်ပါသည်။ နယ်မြေတစ်ခွင် သတင်းကောင်း ဟောပြောခြင်းဖြင့် ယုဒပြည် အပါအဝင် ဣသရေလတစ်မျိုးလုံးကို “ဂုဏ်အသရေနှင့် ပြည့်စုံစေ” ခဲ့သည်။
“ကြီးစွာသော အလင်း”
၁၇။ ဂါလိလဲနယ်တွင် “ကြီးစွာသော အလင်း” မည်သို့ ထွန်းလင်းသနည်း။
၁၇ သို့သော် မဿဲ၏ ဖော်ပြချက်တွင် ပါသော ဂါလိလဲပြည်ရှိ “ကြီးစွာသော အလင်း” ကား အဘယ်နည်း။ ယင်းကိုလည်း ဟေရှာယ ပရောဖက်ပြုချက်မှ ကိုးကားခဲ့ခြင်း ဖြစ်သည်။ ဟေရှာယ ဤသို့ရေးခဲ့၏– “မှောင်မိုက်ထဲမှာ သွားလာသောလူများတို့သည် ကြီးစွာသော အလင်းကို မြင်ရ၍ သေမင်း၏ နိုင်ငံအရိပ်တွင် ရှိနေသောသူတို့၌ အလင်း ပေါ်ထွန်းလျက် ရှိ၏။” (ဟေရှာယ ၉:၂) စီ.အီး. ပထမရာစုတွင် တိတ္ထိမုသားများကြောင့် သမ္မာတရားအလင်း ကွယ်ခဲ့ရသည်။ ဂျူးဘာသာရေး ခေါင်းဆောင်များသည် “ဘုရားသခင်၏ ပညတ်တော်ကို ပယ်” ကာ မိမိတို့၏ ဘာသာရေး ထုံးတမ်းစဉ်လာများကို လက်ကိုင်ပြုခြင်းကြောင့် ပြဿနာ ထပ်တိုးလာသည်။ (မဿဲ ၁၅:၆) နှိမ့်ချသူများသည် အဖိအနှိပ် ခံရပြီး “လမ်းပြသော လူကန်းတို့” နောက်လိုက်ကာ မျက်စိလည် လမ်းမှားခဲ့ကြသည်။ (မဿဲ ၂၃:၂-၄၊ ၁၆) မေရှိယ ယေရှု ပေါ်ထွန်းလာသောအခါ အံ့ဖွယ်နည်းဖြင့် စိတ်နှိမ့်ချသူများစွာ၏ မျက်စိကို ဖွင့်ပေးခဲ့သည်။ (ယောဟန် ၁:၉၊ ၁၂) မြေကြီးပေါ်ရှိစဉ် ယေရှု၏ အမှုတော်နှင့် ကိုယ်တော်၏ ပူဇော်သကာမှ ရသော ကောင်းချီးများကို “ကြီးစွာသော အလင်း” အဖြစ် ဟေရှာယ ပရောဖက်ပြုချက်တွင် သင့်လျော်စွာ ဖော်ပြသည်။—ယောဟန် ၈:၁၂။
၁၈၊ ၁၉။ အလင်းကို တုံ့ပြန်ခဲ့သူများ၌ ကြီးစွာသော ဝမ်းမြောက်ရွှင်လန်းစရာ အဘယ် အကြောင်းရင်း ရှိသနည်း။
၁၈ အလင်းကို တုံ့ပြန်ခဲ့သူတို့သည် ဝမ်းမြောက်စရာ အကြောင်းများစွာ ရှိသည်။ ဟေရှာယ ဤသို့ ဆက်ပြော၏– “ကိုယ်တော်သည် အမျိုးသားတို့ကို များပြားစေ၍ သူတို့၏ ဝမ်းမြောက်ခြင်းကို တိုးပွားစေတော်မူ၏။ စပါးကို စုသိမ်းရာကာလ၌ ဝမ်းမြောက်သကဲ့သို့လည်းကောင်း၊ လုယူသောဥစ္စာကို ဝေသောသူ ဝမ်းမြောက်သကဲ့သို့လည်းကောင်း ရှေ့တော်၌ သူတို့သည် ဝမ်းမြောက်ကြပါ၏။” (ဟေရှာယ ၉:၃) ယေရှုနှင့် ကိုယ်တော့်တပည့်တော်များ၏ ဟောပြောခြင်းလုပ်ငန်းကြောင့် နှလုံးရိုးဖြောင့်သူများသည် ယေဟောဝါအား နာမ်ဝိညာဉ်၊ သမ္မာတရားဖြင့် ဝတ်ပြုလိုသော မိမိတို့၏ ဆန္ဒကို တင်ပြရန် ရှေ့သို့ ထွက်လာခဲ့ကြသည်။ (ယောဟန် ၄:၂၄) လေးနှစ်ခန့်အကြာတွင် များစွာသောသူတို့သည် ခရစ်ယာန် အယူဝါဒကို ယုံကြည်လက်ခံခဲ့ကြသည်။ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် လူပေါင်းသုံးထောင် နှစ်ခြင်းခံခဲ့သည်။ ၎င်းနောက် မကြာမီအချိန်တွင် “အရေအတွက်အားဖြင့် လူငါးထောင်မျှလောက် ရှိ” ခဲ့၏။ (တမန်တော် ၂:၄၁; ၄:၄) တပည့်တော်များသည် အလင်းကို ဇွဲရှိရှိဖြင့် ရောင်ပြန်ထွန်းလင်းခဲ့ကြသောကြောင့် “ဘုရားသခင်၏ သာသနာတော်သည် တိုးပွားသဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန်ပွားများ၍၊ ယဇ်ပုရောဟိတ်အပေါင်းတို့သည် ယုံကြည်ခြင်းတရားကို နားထောင်ကြ၏။”—တမန်တော် ၆:၇။
၁၉ စပါးသီးနှံများစွာကို ရိတ်သိမ်းရ၍ ရွှင်လန်းဝမ်းမြောက်သူများ သို့မဟုတ် စစ်အောင်ပြီးနောက် တန်ဖိုးကြီး လက်ရဥစ္စာများ ခွဲဝေရရှိ၍ အားရရွှင်လန်းနေသူများကဲ့သို့ပင် ယေရှု၏ နောက်လိုက်များသည် တိုးပွားမှုများကြောင့် ဝမ်းမြောက်ရွှင်လန်းခဲ့ကြသည်။ (တမန်တော် ၂:၄၆၊ ၄၇) အချိန်တန်သောအခါ ယေဟောဝါသည် တစ်ပါးအမျိုးသားများအလယ်တွင် အလင်းထွန်းလင်းစေခဲ့သည်။ (တမန်တော် ၁၄:၂၇) ထို့ကြောင့် လူမျိုးအားလုံးမှ လူများသည် မိမိတို့အတွက် ယေဟောဝါထံသို့ ချဉ်းကပ်နိုင်သည့် လမ်း ပွင့်သွားပြီ ဖြစ်သောကြောင့် ဝမ်းမြောက်ရွှင်လန်းခဲ့ကြသည်။—တမန်တော် ၁၃:၄၈။
“မိဒျန်လက်ထက်၌ ပြုတော်မူသကဲ့သို့”
၂၀။ (က) မိဒျန်လူမျိုးသည် ဣသရေလလူမျိုး၏ ရန်သူ ဖြစ်ကြောင်း မည်သည့်နည်းများဖြင့် ထင်ရှားပြခဲ့ပြီး သူတို့၏ ခြိမ်းခြောက်မှုကို ယေဟောဝါ မည်သို့ အဆုံးတိုင်စေခဲ့သနည်း။ (ခ) လာမည့် “မိဒျန်လက်ထက်” တွင် ဘုရားသခင့်လူမျိုး ရန်သူများ၏ ခြိမ်းခြောက်မှုကို ယေရှု မည်သို့အဆုံးသတ်မည်နည်း။
၂၀ မေရှိယ၏ လုပ်ဆောင်မှု အကျိုးကျေးဇူးများသည် ဟေရှာယ ဆက်ပြောသော ဤစကားများအရ ထာဝရ တည်ရှိမည်– “မိဒျန်လူမျိုး၏ နေ့ရက်၌ ပြုတော်မူသကဲ့သို့ ကိုယ်တော်သည် သူတို့ ထမ်းရသော ထမ်းပိုး၊ ပခုံး၌ ခံရသော ထမ်းပိုးကျည်းကိုလည်းကောင်း၊ ညှဉ်းဆဲသောသူ၏ လှံတံကိုလည်းကောင်း ချိုးတော်မူပြီ။” (ဟေရှာယ ၉:၄၊ သမ္မာ) ဟေရှာယခေတ်မတိုင်မီ ရာစုနှစ်များစွာက မိဒျန်လူမျိုးတို့သည် မောဘလူမျိုးတို့နှင့် ပူးပေါင်းကာ ဣသရေလလူများ အပြစ်ပြုရန် ဖြားယောင်းခဲ့ကြသည်။ (တောလည်ရာ ၂၅:၁-၉၊ ၁၄-၁၈; ၃၁:၁၅၊ ၁၆) နောက်ပိုင်းတွင် မိဒျန်လူမျိုးတို့သည် ခုနစ်နှစ်ပတ်လုံး ဣသရေလလူမျိုးတို့၏ မြို့ရွာများကို ကျူးကျော်တိုက်ခိုက်ခြင်း၊ သူတို့၏ ယာခင်းများကို လုယူဖျက်ဆီးခြင်းဖြင့် ကြောက်ရွံ့ထိတ်လန့်စေခဲ့ကြသည်။ (တရားသူကြီး ၆:၁-၆) သို့သော် ယေဟောဝါသည် မိမိ၏ ကျေးကျွန်ဂိဒေါင်အားဖြင့် မိဒျန်စစ်တပ်ကို တိုက်ခိုက်ခဲ့သည်။ ထို “မိဒျန်လက်ထက်” နောက်ပိုင်း ယေဟောဝါ၏ လူများသည် မိဒျန်တို့၏ လက်ထဲတွင် ထပ်၍ ဒုက္ခရောက်ရသည့် အထောက်အထား မတွေ့ရပါ။ (တရားသူကြီး ၆:၇-၁၆; ၈:၂၈) မဝေးတော့သည့် အနာဂတ်တွင် သာ၍ ကြီးမြတ်သောဂိဒေါင် ဖြစ်သူ ယေရှုခရစ်သည် ယေဟောဝါလူမျိုး၏ မျက်မှောက်ခေတ် ရန်သူများကို သုတ်သင်ပစ်တော်မူမည်။ (ဗျာဒိတ် ၁၇:၁၄; ၁၉:၁၁-၂၁) သို့ဖြစ်၍ “မိဒျန်လက်ထက်၌ ပြုတော်မူသကဲ့သို့” အပြီးသတ်၊ ထာဝရအောင်ပွဲသည် လူ့အစွမ်းတန်ခိုးအားဖြင့် မဟုတ်ဘဲ ယေဟောဝါ၏ တန်ခိုးအားဖြင့် ဖြစ်မည်။ (တရားသူကြီး ၇:၂-၂၂) ဘုရားသခင့်လူမျိုးသည် ဘယ်တော့မျှ ညှဉ်းပန်းဖိနှိပ်မှု ထမ်းပိုးအောက် ဒုက္ခရောက်ရတော့မည် မဟုတ်ပါ!
၂၁။ ဟေရှာယ ပရောဖက်ပြုချက်တွင် အနာဂတ် စစ်မှုနှင့်ပတ်သက်၍ အဘယ်အရာ ဖော်ပြသနည်း။
၂၁ ဘုရားသခင့်တန်ခိုးပြသမှုသည် စစ်တိုက်ခိုက်ခြင်းကို အမွှမ်းတင်ခြင်း မဟုတ်ပါ။ ရှင်ပြန်ထမြောက်ပြီး ဖြစ်သော ယေရှုသည် ငြိမ်သက်ခြင်းမင်းသား ဖြစ်ပြီး ရန်သူများကို ချေမှုန်းဖျက်ဆီးခြင်းဖြင့် ထာဝရငြိမ်သက်ခြင်းသို့ လမ်းပြခေါ်ဆောင်ပေးမည်။ ယခု ဟေရှာယက စစ်လက်နက်ပစ္စည်းများသည် မီးအားဖြင့် လုံးဝ ပျက်စီးခြင်းအဖြစ်ကို ဤသို့ ပြောထား၏– “စစ်ပွဲအသံဗလံတွင် စီးသော ခြေနင်းနှင့် အသွေးစွန်းသော အဝတ်တန်ဆာရှိသမျှသည် မီးလောင်ဖို့၊ မီးစာ ဖြစ်ရလိမ့်မည်။” (ဟေရှာယ ၉:၅၊ သမ္မာ) စစ်သားများ စစ်ချီသွားသည့် ဖိနပ်သံကြောင့် စိတ်ချောက်ချားခြင်းမျိုး ဘယ်တော့မျှ ခံစားရတော့မည် မဟုတ်ပါ။ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရသော စစ်သားများ၏ သွေးစွန်းသော စစ်ဝတ်စုံများကို ဘယ်တော့မျှ တွေ့ရတော့မည် မဟုတ်ပါ။ စစ်ရှိတော့မည် မဟုတ်!—ဆာလံ ၄၆:၉။
“အံ့သြဖွယ် တိုင်ပင်ဖက်”
၂၂။ ဟေရှာယကျမ်းတွင် ယေရှုအား ပရောဖက်ပြုချက်ဆိုင်ရာ အစိတ်အပိုင်းမျိုးစုံ ပါဝင်သော အဘယ်နာမည်ကို ပေးထားသနည်း။
၂၂ မေရှိယအဖြစ် မွေးဖွားလာမည့်သူသည် အံ့ဖွယ်ဖွားမြင်ချိန်တွင် “ယေဟောဝါသည် ကယ်တင်ခြင်း” ဟု အဓိပ္ပာယ်ရသော ယေရှုအမည်ကို ရရှိခဲ့သည်။ သို့သော် ကိုယ်တော်၏ အဓိကအခန်းကဏ္ဍနှင့် မြှင့်တင်ခံရသော ရာထူးကို ဖော်ပြသည့် ပရောဖက်ပြုချက်ဆိုင်ရာ အခြားအမည်များကိုလည်း သူရထားသည်။ ထိုနာမည်ထဲမှ တစ်ခုမှာ “ငါတို့နှင့်အတူ ရှိသော ဘုရားသခင်” ဟု အဓိပ္ပာယ်ရသော ဧမာနွေလ ဖြစ်သည်။ (ဟေရှာယ ၇:၁၄၊ ကဘ၊ အောက်ခြေမှတ်ချက်) ယခု ဟေရှာယသည် အခြားပရောဖက်ပြုချက်အမည်ကို ဤသို့ ဖော်ပြ၏– “ငါတို့အဖို့ သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက် ရှိလိမ့်မည်။ နာမတော်ကား အံ့သြဖွယ် တိုင်ပင်ဖက်၊ တန်ခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင် [“မင်းသား၊” ကဘ] ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။” (ဟေရှာယ ၉:၆) အစိတ်အပိုင်းအမျိုးမျိုး ပါဝင်သော ဤပရောဖက်ပြုချက်ဆိုင်ရာ နာမည်၏ အဓိပ္ပာယ် အပြည့်အစုံကို သုံးသပ်ကြည့်ပါ။
၂၃၊ ၂၄။ (က) ယေရှုသည် အဘယ်နည်းဖြင့် “အံ့သြဖွယ် တိုင်ပင်ဖက်” ဖြစ်သနည်း။ (ခ) ယနေ့ ခရစ်ယာန် တိုင်ပင်ဖက်များသည် ယေရှု၏ ပုံသက်သေကို မည်သို့ တုပနိုင်သနည်း။
၂၃ တိုင်ပင်ဖက်တစ်ဦးဟူသည် အကြံဉာဏ်ပေးသူ ဖြစ်သည်။ ယေရှုခရစ် မြေကြီးပေါ်ရှိစဉ်အခါက အံ့သြဖွယ် အကြံဉာဏ်များ ပေးခဲ့သည်။ သမ္မာကျမ်းစာတွင် ကျွန်ုပ်တို့ ဖတ်ရသည်မှာ “ပရိသတ်အပေါင်းတို့သည် ဆုံးမသြဝါဒ ပေးတော်ခြင်းကို အလွန် အံ့သြကြ၏။” (မဿဲ ၇:၂၈) ကိုယ်တော်သည် လူ့သဘာဝကို သာမန်ထက် ပိုမိုနားလည်နိုင်စွမ်း ရှိသည့် ဉာဏ်ပညာရှိသော၊ ကိုယ်ချင်းစာနာတတ်သော တိုင်ပင်ဖက်တစ်ဦး ဖြစ်သည်။ ကိုယ်တော်၏ အကြံပေးချက်များသည် ပြင်းထန်စွာ ပြစ်တင်ဆုံးမခြင်း သို့မဟုတ် ရိုက်နှက်ဆုံးမခြင်းဖြင့် ကန့်သတ်မထားပါ။ များသောအားဖြင့် သွန်သင်ချက်ပေးသည့် ပုံစံ၊ မေတ္တာဖြင့် အကြံဉာဏ် ပေးသည့်ပုံစံဖြင့် ဖြစ်သည်။ ယေရှု၏ အကြံပေးချက်များသည် အစဉ်ပညာရှိ၊ စုံလင်ကာ မမှားယွင်းနိုင်သောကြောင့် အံ့သြဖွယ် ဖြစ်သည်။ ယင်းကို လိုက်လျှောက်သည့်အခါ ထာဝရအသက် ရရှိစေသည်။—ယောဟန် ၆:၆၈။
၂၄ ယေရှု၏ အကြံပေးချက်သည် ကိုယ်တော်၏ ထက်မြက်သော စိတ်စွမ်းရည်ကြောင့် လုံးဝ မဟုတ်ပါ။ ၎င်းအစား၊ ကိုယ်တော် ဤသို့ မိန့်တော်မူ၏– “ငါဟောသော ဒေသနာသည် ငါ၏ ဒေသနာ မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူ၏ ဒေသနာ ဖြစ်၏။” (ယောဟန် ၇:၁၆) ရှောလမုန်ကိစ္စတွင်ကဲ့သို့ပင် ယေဟောဝါ ဘုရားသခင်သည် ယေရှု၏ ဉာဏ်ပညာ ပင်ရင်း ဖြစ်တော်မူ၏။ (၃ ဓမ္မရာဇဝင် ၃:၇-၁၄; မဿဲ ၁၂:၄၂) ယေရှု၏ ပုံသက်သေက ခရစ်ယာန် အသင်းတော်အတွင်းရှိ သွန်သင်သူများနှင့် အကြံဉာဏ် ပေးသူများသည် မိမိတို့၏ ညွှန်ကြားချက်များကို ဘုရားသခင့် နှုတ်ကပါဌ်တော်ပေါ်တွင် အမြဲ အခြေပြုရန် လှုံ့ဆော်မှု ဖြစ်စေသင့်သည်။—သုတ္တံ ၂၁:၃၀။
“တန်ခိုးကြီးသော ဘုရားသခင်” နှင့် “ထာဝရအဘ”
၂၅။ “တန်ခိုးကြီးသော ဘုရားသခင်” ဟူသော ဘွဲ့အမည်က ကောင်းကင်ရှိ ယေရှုနှင့်ပတ်သက်၍ အဘယ်အရာ ဖော်ပြသနည်း။
၂၅ ယေရှုသည် “တန်ခိုးကြီးသော ဘုရားသခင်” နှင့် “ထာဝရအဘ” လည်း ဖြစ်တော်မူ၏။ ဤအချက်က “ငါတို့အဘ တည်းဟူသော” ယေဟောဝါ၏ အခွင့်အာဏာနှင့် ရာထူးကို ကိုယ်တော် သိမ်းပိုက်လိုက်သည်ဟု မဆိုလိုပါ။ (၂ ကောရိန္သု ၁:၂) “ထိုအရှင်[ယေရှု]သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် ပြည့်စုံလျက် ရှိနှင့်သော်လည်း ဘုရားသခင်နှင့် ဂုဏ်ရည်တူညီသည့်အဖြစ်ကို လုယူဖို့ရန် ထည့်မစဉ်းစား။” (ဖိလိပ္ပိ ၂:၆၊ ကဘ) ကိုယ်တော့်ကို တန်ခိုးကြီးသော ဘုရားသခင်ဟု ခေါ်ထားပြီး အနန္တတန်ခိုးရှင်ဟု မခေါ်ထားပါ။ ဝတ်ပြုကိုးကွယ်ခံသင့်သည့် တစ်ဆူတည်းသော ဘုရားသခင် တည်းဟူသော “မှန်သောဘုရားသခင်တစ်ဆူတည်း” မှာ မိမိခမည်းတော်သာ ဖြစ်သောကြောင့် ယေရှုသည် မိမိကိုယ်ကို အနန္တတန်ခိုးရှင်အဖြစ် တစ်ခါမျှ မယူမှတ်ခဲ့ပါ။ (ယောဟန် ၁၇:၃; ဗျာဒိတ် ၄:၁၁) ကျမ်းစာထဲတွင် “ဘုရား” ဟူသော စကားလုံးသည် “တန်ခိုးကြီးသူ” သို့မဟုတ် “ခွန်အားကြီးသူ” ဟူသော အဓိပ္ပာယ် သက်ရောက်နိုင်သည်။ (ထွက်မြောက်ရာ ၁၂:၁၂; ဆာလံ ၈:၅; ၂ ကောရိန္သု ၄:၄) ယေရှု မြေကြီးသို့ မကြွလာမီ ကိုယ်တော်သည် ‘ဘုရားတစ်ပါး၊’ “ဘုရားသခင်၏ သဏ္ဌာန်တော်” ဖြင့် တည်ရှိခဲ့သည်။ ကိုယ်တော် ရှင်ပြန်ထမြောက်ပြီးနောက် ပို၍မြင့်သော ရာထူးဖြင့်ပင် ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ (ယောဟန် ၁:၁; ဖိလိပ္ပိ ၂:၆-၁၁) ထို့ပြင် “ဘုရား” ဟူသော အမည်ပညတ်တွင် ထပ်ဆင့်အဓိပ္ပာယ် တစ်မျိုးလည်း ဆောင်သည်။ ဣသရေလလူမျိုး တရားသူကြီးများကို ‘ဘုရားများ’ ဟု ခေါ်ဆိုခဲ့သည်—တစ်ကြိမ်တွင် ယေရှုကိုယ်တော်တိုင် ခေါ်ဆိုခဲ့သည်။ (ဆာလံ ၈၂:၆; ယောဟန် ၁၀:၃၅) ယေရှုသည် “အသက်ရှင်သောသူ၊ သေသောသူတို့ကို စစ်ကြောစီရင်” ရန် ယေဟောဝါ ခန့်အပ်ထားသော တရားသူကြီး ဖြစ်သည်။ (၂ တိမောသေ ၄:၁; ယောဟန် ၅:၃၀) ကိုယ်တော့်ကို တန်ခိုးကြီးသော ဘုရားသခင်ဟု ခေါ်ထိုက်သည်မှာ ရှင်းနေပါသည်။
၂၆။ ယေရှုကို “ထာဝရအဘ” ဟု အဘယ်ကြောင့် ခေါ်ဆိုနိုင်သနည်း။
၂၆ “ထာဝရအဘ” ဟူသော ဘွဲ့အမည်က လူသားများအား မြေကြီးပေါ် ထာဝရ အသက်ရှင်ခွင့် အလားအလာ ပေးတော်မူသော မေရှိယဘုရင့်တန်ခိုးနှင့် အခွင့်အာဏာကို ရည်ညွှန်းသည်။ (ယောဟန် ၁၁:၂၅၊ ၂၆) ကျွန်ုပ်တို့၏ ကနဦးမိဘအာဒံမှ ရသည့် အမွေမှာ သေခြင်း ဖြစ်သည်။ နောက်ဆုံးအာဒံ ဖြစ်သော ယေရှုသည် “အသက်ရှင်စေတတ်သော ဝိညာဉ် ဖြစ်၏။” (၁ ကောရိန္သု ၁၅:၂၂၊ ၄၅; ရောမ ၅:၁၂၊ ၁၈) ထာဝရအဘ ဖြစ်တော်မူသော ယေရှုသည် ထာဝရ အသက်ရှင်မည် ဖြစ်သကဲ့သို့ နာခံမှုရှိသော လူသားများသည် ကိုယ်တော်၏ ထာဝရအဘ ဖြစ်ခြင်း၏ အကျိုးကျေးဇူးများတွင် ခံစားကြမည်။—ရောမ ၆:၉။
“ငြိမ်သက်ခြင်းမင်းသား”
၂၇၊ ၂၈။ “ငြိမ်သက်ခြင်းမင်းသား” အား လက်အောက်ခံသူများအတွက် ယခုနှင့် အနာဂတ်တွင် အဘယ် အံ့ဖွယ်အကျိုးကျေးဇူးများ ရရှိသနည်း။
၂၇ ထာဝရအသက်အပြင် လူသားများသည် ဘုရားသခင်နှင့်ရော လူသားအချင်းချင်းနှင့်ပါ ငြိမ်သက်ခြင်း ရှိရန်လည်း လိုအပ်သည်။ ယခုအချိန်တွင်ပင် “ငြိမ်သက်ခြင်းမင်းသား” ၏ အုပ်ချုပ်မှုအောက် မိမိတို့ကိုယ်ကို လက်အောက်ခံကြသူများသည် ‘ဓားများကို ထွန်သွား ဖြစ်စေရန်နှင့် လှံများကို တံစဉ် ဖြစ်စေရန် ထုလုပ်’ ကြပြီ။ (ဟေရှာယ ၂:၂-၄) သူတို့သည် နိုင်ငံရေး၊ နယ်မြေဒေသ၊ လူမျိုးရေး သို့မဟုတ် စီးပွားရေး သဘောထား ကွဲလွဲမှုများကြောင့် ဖြစ်ပေါ်လာသော မုန်းတီးစိတ်များကို မမွေးကြပါ။ သူတို့သည် တစ်ဆူတည်းသော ဘုရားမှန် ယေဟောဝါကို စည်းလုံးစွာ ဝတ်ပြုကိုးကွယ်ကြပြီး အသင်းတော် အတွင်းအပြင်ရှိ အိမ်နီးချင်းများနှင့် ငြိမ်သက်သော ဆက်ဆံရေးကို ထိန်းသိမ်းရန် ကြိုးစားကြသည်။—ဂလာတိ ၆:၁၀; ဧဖက် ၄:၂၊ ၃; ၂ တိမောသေ ၂:၂၄။
၂၈ ဘုရားသခင် သတ်မှတ်ချိန်တွင် ခရစ်တော်သည် ကမ္ဘာပေါ်တွင် ငြိမ်သက်ခြင်းကို တည်ရှိစေမည်၊ ယင်းသည် ကမ္ဘာချီ ဖြစ်မည် ဖြစ်ပြီး မြဲမြံစွာ တည်ရှိ၊ ထာဝရ တည်ရှိမည်။ (တမန်တော် ၁:၇) “ဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာ ထိုင်၍ နိုင်ငံတော်ကို နောင်ကာလ အစဉ်မပြတ် တရားတော်အတိုင်း ဖြောင့်မတ်စွာ စီရင်၍ အမြဲ တည်စေတော်မူမည်အကြောင်း အာဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲ ရှိလိမ့်မည်။” (ဟေရှာယ ၉:၇က) ငြိမ်သက်ခြင်းမင်းသားအဖြစ် ကိုယ်တော်၏ အခွင့်အာဏာကို ကျင့်သုံးရာတွင် ယေရှုသည် နိုင်ထက်စီးနင်း အုပ်ချုပ်မှုနည်းလမ်းများကို အသုံးပြုမည် မဟုတ်ပါ။ ကိုယ်တော်သည် မိမိအား လက်အောက်ခံသူများ၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ရုပ်သိမ်းပစ်မည် မဟုတ်၊ အတင်းအကျပ် လက်အောက်ခံစေမည်လည်း မဟုတ်ပါ။ ယင်းအစား ကိုယ်တော် ဆောင်ရွက်မည့်အရာအားလုံးသည် “တရားတော်အတိုင်း ဖြောင့်မတ်စွာ စီရင်” ခြင်းအားဖြင့် ဖြစ်မည်။ အားတက်စေသော အပြောင်းအလဲတစ်ခုပင်!
၂၉။ ကျွန်ုပ်တို့သည် ထာဝရ ငြိမ်သက်ခြင်းကောင်းချီးကို စံစားလိုပါက အဘယ်အရာ ပြုလုပ်သင့်သနည်း။
၂၉ ယေရှု၏ ပရောဖက်ပြုချက်ဆိုင်ရာ ဘွဲ့အမည်များ၏ အံ့ဖွယ်အဓိပ္ပာယ်ဆောင်မှုများကြောင့် ဟေရှာယ၏ ပရောဖက်ပြုချက် ဤအပိုင်း၏ နိဂုံးစကားသည် အမှန်ပင် စိတ်တက်ကြွဖွယ် ဖြစ်သည်။ သူ ဤသို့ ရေးထား၏– “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော် [“ဇွဲ၊” ကဘ] အားကြီး၍ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။” (ဟေရှာယ ၉:၇ခ) မှန်ပါသည်၊ ယေဟောဝါသည် ဇွဲဖြင့် လုပ်ဆောင်တော်မူ၏။ ကိုယ်တော်သည် စိတ်မပါ့တပါနှင့် မည်သည့်အရာကိုမျှ မပြုလုပ်ပါ။ ကိုယ်တော် ကတိပြုထားသည့် မည်သည့်အရာကိုမဆို လုံးဝ ပြည့်စုံစေတော်မူမည် ဖြစ်ကြောင်း ကျွန်ုပ်တို့ စိတ်ချနိုင်သည်။ သို့ဖြစ်၍ မည်သူမဆို ထာဝရ ငြိမ်သက်ခြင်းကို ပိုင်ဆိုင်လိုပါက နှလုံးအကြွင်းမဲ့ ယေဟောဝါ အမှုဆောင်ပါလေ။ ယေဟောဝါ ဘုရားသခင်နှင့် ငြိမ်သက်ခြင်းမင်းသား ယေရှုကဲ့သို့ ဘုရားသခင့် ကျေးကျွန်အားလုံးသည် “ကောင်းသောအကျင့်ဘက်၌ စိတ်အားကြီး” နိုင်ကြပါစေ။—တိတု ၂:၁၄။
[အောက်ခြေမှတ်ချက်များ]
a ဆာလံ ၁၁၉ ကို ဟေဇကိသည် ဘုရင်မဖြစ်မီအချိန်က ရေးသားခဲ့သည်ဟု အများက ယူဆကြသည်။ ထိုသို့ ဖြစ်မည်ဆိုလျှင် ယင်းကို ဟေရှာယ ပရောဖက်ပြုနေချိန်အတွင်း ရေးသားခဲ့ခြင်း ဖြစ်မည်။
b ဟေရှာယ ၈:၂၀ တွင် ပါရှိသည် “ဗျာဒိတ်တော်” ဟူသည့် စကားစုသည် ဟေရှာယ ၈:၁၉ တွင် ကိုးကားထားသော နတ်ဝိဇ္ဇာအတတ်နှင့်ဆိုင်သော ပြောဆိုချက်ကို ရည်ညွှန်းခြင်းလည်း ဖြစ်နိုင်သည်။ ဤသို့ ဖြစ်ခဲ့မည်ဆိုလျှင် ယုဒပြည်ရှိ နတ်ဝိဇ္ဇာအတတ် လိုက်စားသူများသည် နတ်ဝင်သည်များထံ ဆည်းကပ်ရန် အခြားသူများကို ဆက်အားပေးမည် ဖြစ်သောကြောင့် သူတို့သည် ယေဟောဝါထံမှ အလင်းထွန်းလင်းမှု ရမည် မဟုတ်ဟု ဟေရှာယ ပြောဆိုခြင်း ဖြစ်မည်။
c ရှောလမုန်မင်းကြီးသည် တုရုမင်းကြီး ဟိရံအား ပေးသော ဂါလိလဲပြည်ရှိမြို့ ၂၀ တွင် ဣသရေလမဟုတ်သူများ နေထိုင်ခဲ့ကြဖွယ် ရှိသည်ဟု တချို့က ဆိုခဲ့ကြသည်။—၃ ဓမ္မရာဇဝင် ၉:၁၀-၁၃။