ဘုရားသခင်၌ ချဉ်းကပ်ကြလော့
ဂရုစိုက်စောင့်ရှောက်တော်မူသော သိုးထိန်း
‘ဘုရားသခင် ငါ့ကို ဂရုစိုက်စောင့်ရှောက်ရဲ့လား။’ သင်သည် ကိုယ့်ကိုယ်ကို ယင်းမေးခွန်းမေးခဲ့ဖူးသူဖြစ်မည်ဆိုလျှင် သင်တစ်ဦးတည်းမဟုတ်ပါ။ ကျွန်ုပ်တို့အများစုသည် အခက်အခဲများ၊ ပြဿနာများနှင့် ရင်ဆိုင်ကြရပြီး တစ်ချိန်မဟုတ်တစ်ချိန်တွင် ဤမျှကြီးမားကျယ်ပြောသော စကြဝဠာကြီးကို ဖန်ဆင်းတော်မူသောအရှင်သည် ကျွန်ုပ်တို့ကို သတိပြုမိပါသလောဟု သိလိုကြပေမည်။ ယေဟောဝါဘုရားသခင်သည် ကျွန်ုပ်တို့တစ်ဦးချင်းစီကို ဂရုစိုက်စောင့်ရှောက်ပါသလောကို ကျွန်ုပ်တို့သိဖို့လိုသည်။ ယေဟောဝါနှင့် အကျွမ်းအဝင်ဆုံးသောသူယေရှု မြေကြီးပေါ်ရှိစဉ် နှလုံးနွေးထွေးဖွယ်အဖြေကို ပုံဥပမာတစ်ခုဖြင့် ဖော်ပြခဲ့သည်။
သိုးထိန်းဘဝဖြစ်ရပ်မှန်ကိုသုံးကာ ယေရှုဤသို့မိန့်တော်မူခဲ့၏– “သိုးတစ်ရာရှိသောသူ၌ သိုးတစ်ကောင်သည် လမ်းလွဲ၍ပျောက်လျှင် ထိုသူသည် ကိုးဆယ့်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ လမ်းလွဲ၍ပျောက်သောသိုးတစ်ကောင်ကို သွား၍ရှာတတ်သည်မဟုတ်လော။ တွေ့ ပြီးလျှင် လမ်းမလွဲမပျောက်သောသိုးကိုးဆယ့်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက် ထိုသိုးတစ်ကောင်၌ သာ၍ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။ ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် ဤသူငယ်တစ်စုံတစ်ယောက်ကိုမျှ ပျက်စီးစေခြင်းငှာ အလိုတော်မရှိ။” (မဿဲ ၁၈:၁၂-၁၄) ယေဟောဝါသည် ကိုယ်တော်အားဝတ်ပြုကိုးကွယ်သူ တစ်ဦးချင်းစီကို ဂရုစိုက်စောင့်ရှောက်ကြောင်း ယေရှုပုံဖော်ထားပုံကို ကြည့်ကြစို့။
သိုးထိန်းသည် မိမိ၏သိုးတစ်ကောင်ချင်းစီအပေါ် တာဝန်ရှိသည်ဟု ယူမှတ်သည်။ သိုးတစ်ကောင်လမ်းလွဲ၍ပျောက်သွားပါက ဘယ်အကောင်ပျောက်သည်ကို သူသိပေမည်။ သူသည် သိုးတစ်ကောင်ချင်းကို မိမိပေးထားသောနာမည်ဖြင့်သိသည်။ (ယောဟန် ၁၀:၃) ဂရုစိုက်တတ်သောသိုးထိန်းသည် ပျောက်သောသိုးကို သိုးအုပ်တွင်းသို့ ပြန်၍မခေါ်လာနိုင်မချင်း ဆက်၍ရှာမည်ဖြစ်သည်။ ပျောက်သောသိုးကို ထွက်ရှာချိန်တွင် ကျန်သော ၉၉ ကောင်ကိုလည်း အန္တရာယ်မရှိစေလိုပါ။ သိုးထိန်းများသည် အတူတကွနေကြလေ့ရှိသောကြောင့် သူတို့၏သိုးအုပ်သည် ရောနေမည်ဖြစ်သည်။a ထို့ကြောင့် သိုးထိန်းသည် ပျောက်သောသိုးကို ထွက်ရှာချိန်တွင် ကျန်သောသိုးများကို အခြားသိုးထိန်းများလက်ထဲ ခေတ္တထားခဲ့နိုင်သည်။ ပျောက်သောသိုးကို ထိခိုက်ဒဏ်ရာမရှိဘဲပြန်တွေ့ပါက သိုးထိန်းဝမ်းမြောက်ပေမည်။ ကြောက်တတ်သောထိုသတ္တဝါလေးကို မိမိပခုံးပေါ်တင်ကာ သိုးအုပ်ရှိရာသို့ ဘေးကင်းလုံခြုံစွာ ပြန်ခေါ်ဆောင်လာမည်။—လုကာ ၁၅:၅၊ ၆။
ပုံဥပမာသက်ဆိုင်ပုံနှင့်ပတ်သက်၍ ယေရှုက ဘုရားသခင်သည် “ဤသူငယ်တစ်စုံတစ်ယောက်ကိုမျှ ပျက်စီးစေခြင်းငှာ” အလိုတော်မရှိဟု မိန့်တော်မူခဲ့သည်။ အစောပိုင်းတွင် ယေရှုက တပည့်များအား “[ကိုယ်တော့်] ကိုယုံကြည်သော ဤသူငယ်တစ်စုံတစ်ယောက်ကို” ထိမိလဲစေခြင်းနှင့်ပတ်သက်၍ သတိပေးခဲ့သည်။ (မဿဲ ၁၈:၆) သို့ဖြစ်လျှင် ယေရှု၏ပုံဥပမာက ယေဟောဝါအကြောင်း အဘယ်အရာသင်ပေးသနည်း။ ကိုယ်တော်သည် လောကအမြင်မှကြည့်လျှင် အရေးမပါဟုထင်ရသော “သူငယ်တစ်စုံတစ်ယောက်” အပါအဝင် မိမိ၏သိုးတစ်ဦးစီကို အလွန်ဂရုစိုက်စောင့်ရှောက်သော သိုးထိန်းဖြစ်တော်မူသည်။ မှန်ပါသည်၊ ဘုရားသခင့်အမြင်တွင် ကိုယ်တော်အားဝတ်ပြုကိုးကွယ်သူ တစ်ဦးစီသည် အရေးပါပြီး တန်ဖိုးရှိသည်။
သင်သည် ဘုရားသခင်အဖို့ အဖိုးထိုက်သူဖြစ်ကြောင်း သေချာစေလိုပါက ကြီးမြတ်သောသိုးထိန်းဖြစ်တော်မူသော ယေဟောဝါဘုရားသခင်အကြောင်း ပို၍သင်ယူကာ ကိုယ်တော်နှင့်ပို၍ရင်းနှီးလာစေရန် လုပ်ဆောင်ပါလေ။ ထိုသို့ လုပ်မည်ဆိုလျှင် ယေရှု၏ပျောက်သောသိုးပုံဥပမာကို ကိုယ်တိုင်ကြားခဲ့သူဖြစ်ကြောင်းသေချာသည့် တမန်တော်ပေတရုကဲ့သို့ သင်ယုံကြည်စိတ်ချမှုရှိလာပေမည်။ နောက်ပိုင်းတွင် ပေတရုဤသို့ရေးခဲ့၏– “သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို [ဘုရားသခင်] ၌အပ်နှံကြလော့။”—၁ ပေတရု ၅:၇။
[အောက်ခြေမှတ်ချက်]
a သိုးတစ်ကောင်စီသည် မိမိသိုးထိန်း၏ ကွဲပြားခြားနားသောခေါ်သံကိုမှတ်မိကာ မိမိတို့၏အရှင်နောက်လိုက်ကြသောကြောင့် သိုးအုပ်ကိုခွဲရန်မှာ အခက်အခဲမရှိပါ။—ယောဟန် ၁၀:၄။