ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • od အခန်း ၁၄ စာ. ၁၄၁-၁၅၆
  • အသင်းတော်ရဲ့ ငြိမ်သက်မှုနဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသင်းတော်ရဲ့ ငြိမ်သက်မှုနဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းခြင်း
  • ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သေးငယ်တဲ့ သဘောထားကွဲလွဲမှုများကို ဖြေရှင်းခြင်း
  • လိုအပ်တဲ့ ကျမ်းစာသွန်သင်ချက်များ ပေးခြင်း
  • စည်းစနစ်မဲ့သူများကို မှတ်ထားခြင်း
  • ကြီးလေးတဲ့ အမှားတချို့ကို ဖြေရှင်းခြင်း
  • ကြီးလေးတဲ့ အမှားများကို ကိုင်တွယ်ခြင်း
  • ဆုံးမခြင်းနဲ့ပတ်သက်တဲ့ ကြေညာချက်
  • နှင်ထုတ်ဖို့ ဆုံးဖြတ်တယ်ဆိုရင်ကော
  • နှင်ထုတ်ကြောင်း ကြေညာချက်
  • ပေါင်းသင်းမှု ရပ်စဲခြင်း
  • ပြန်လက်ခံခြင်း
  • ပြန်လက်ခံကြောင်း ကြေညာချက်
  • နှစ်ခြင်းခံပြီးသား ကလေးငယ်တွေနဲ့ပတ်သက်တဲ့ အမှုများ
  • နှစ်ခြင်းမခံသေးတဲ့ ကြေညာသူတွေ ပြစ်မှားတဲ့အခါ
  • ငြိမ်သက်သန့်ရှင်းတဲ့ ဝတ်ပြုရေးကို ယေဟောဝါ ကောင်းချီးပေး
  • ယေဟောဝါ၏ဆုံးမတော်မူခြင်းကို အမြဲလက်ခံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • အကြီးအကဲတို့၊ အပြစ်လုပ်ထားသူကို ကရုဏာ ပြပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • အကြီးအကဲတို့၊ အသင်းတော်ကနေ ဖယ်ရှားခံရသူတွေကို ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • အကြီးအကဲတို့၊ ဖြောင့်မတ်ခြင်းနှင့်အညီစီရင်ကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
od အခန်း ၁၄ စာ. ၁၄၁-၁၅၆

အခန်း ၁၄

အသင်းတော်ရဲ့ ငြိမ်သက်မှုနဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းခြင်း

ကျမ်းစာ ပရောဖက်ပြုချက် ပြည့်စုံတဲ့အနေနဲ့ ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုရေး အိမ်တော်ဆီ နှစ်စဉ် လူထောင်နဲ့ချီ တဖွဲဖွဲ ရောက်ရှိနေကြတယ်။ (မိ. ၄:၁၊ ၂) “အသင်းတော်” ထဲ သူတို့ကို ကြိုဆိုလက်ခံရတာ ပျော်စရာပါပဲ။ (တ. ၂၀:၂၈) ကျွန်တော်တို့နဲ့အတူ ယေဟောဝါကို ဝတ်ပြုပြီး ပုံဆောင် ပရဒိသုမှာ မွေ့လျော်ရတဲ့ အခွင့်အရေးကို သူတို့ တန်ဖိုးထားကြတယ်။ ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်နဲ့ ကျမ်းစာမှာပါတဲ့ ပညာရှိ သွန်သင်ချက်တွေက အသင်းတော်ရဲ့ ငြိမ်သက်မှုနဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းနိုင်ဖို့ ကူညီပေးတယ်။—ဆာ. ၁၁၉:၁၀၅။ ဇာ. ၄:၆။

၂ ကျမ်းစာမူတွေအတိုင်း ကျင့်ကြံခြင်းအားဖြင့် “စရိုက်သစ်” ကို ကျွန်တော်တို့ ဝတ်ဆင်ကြတယ်။ (ကော. ၃:၁၀) မဖြစ်စလောက် အငြင်းပွားမှုတွေနဲ့ ပုဂ္ဂိုလ်ရေး သဘောထား ကွဲလွဲမှုတွေကို ဘေးဖယ်ထားကြတယ်။ ကိစ္စရပ်တွေကို ယေဟောဝါ ရှုမြင်သလို ရှုမြင်ခြင်းအားဖြင့် စိတ်ဝမ်းကွဲစေတဲ့ လောကအတွေးအခေါ်တွေကို အနိုင်ယူပြီး အပြည်ပြည်ဆိုင်ရာ ညီအစ်ကို အသင်းအပင်းအနေနဲ့ စည်းလုံးစွာ လုပ်ဆောင်ကြတယ်။—တ. ၁၀:၃၄၊ ၃၅။

၃ ဒါပေမဲ့ မပြေလည်မှုတွေ အခါအားလျော်စွာ ပေါ်ပေါက်တတ်တဲ့အတွက် အသင်းတော်ရဲ့ ငြိမ်သက်စည်းလုံးမှု ထိခိုက်နိုင်တယ်။ အကြောင်းရင်းက ဘာလဲ။ အများအားဖြင့် ကျမ်းစာသွန်သင်ချက်ကို လိုက်နာဖို့ ပျက်ကွက်ခြင်းကြောင့်ပဲ။ မစုံလင်တဲ့ ဉာဉ်ဆိုးတွေကို ကျွန်တော်တို့ တွန်းလှန်နေရဆဲပဲ။ အပြစ်ကင်းသူ တစ်ယောက်မှ မရှိဘူး။ (၁ ယော. ၁:၁၀) တစ်ယောက်ယောက်က ကိုယ်ကျင့်တရား ဒါမှမဟုတ် ဘုရားရေးရာဘက် မသန့်ရှင်းတာကို အသင်းတော်ထဲ ဝင်ရောက်စေနိုင်တဲ့ အမှားတစ်ခု လုပ်မိတာဖြစ်နိုင်တယ်။ အဆင်အခြင်မဲ့ စကား၊ လုပ်ရပ်နဲ့ တစ်ယောက်ယောက်ကို စိတ်ထိခိုက်အောင် လုပ်မိတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ အပြုအမူ၊ အပြောအဆိုကြောင့် ကျွန်တော်တို့ စိတ်နာနေတာ ဖြစ်နိုင်တယ်။ (ရော. ၃:၂၃) အဲဒီလို အခြေအနေတွေမှာ ကိစ္စရပ်တွေကို ဖြေရှင်းဖို့ ဘာလုပ်နိုင်သလဲ။

၄ ဒီအချက်အားလုံးကို ယေဟောဝါ မေတ္တာပါပါ ထည့်စဉ်းစားပေးလို့ ကျေးဇူးတင်စရာပါပဲ။ ပြဿနာတွေ ပေါ်ပေါက်တဲ့အခါ ဘာလုပ်ရမယ်ဆိုတာ ကျမ်းစာမှာ သွန်သင်ထားတယ်။ မေတ္တာပြည့်ဝတဲ့ အကြီးအကဲ သိုးထိန်းတွေဆီကနေ အကူအညီ ရရှိနိုင်ပါတယ်။ သူတို့ ပေးတဲ့ ကျမ်းစာသွန်သင်ချက်ကို ကျင့်သုံးခြင်းအားဖြင့် တခြားသူတွေနဲ့ ဆက်ဆံရေးကောင်း ပြန်ရရှိနိုင်ပြီး ယေဟောဝါရှေ့ ရပ်တည်မှုကောင်း ဆက်ရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ အမှားတစ်ခုခုကြောင့် ဆုံးမပဲ့ပြင်ခံရတယ်ဆိုရင် ဒါဟာ ကောင်းကင်ဖခင်ရဲ့ မေတ္တာသက်သေ ဖြစ်တယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—ပညာ. ၃:၁၁၊ ၁၂။ ဟီ. ၁၂:၆။

သေးငယ်တဲ့ သဘောထားကွဲလွဲမှုများကို ဖြေရှင်းခြင်း

၅ ညီအစ်ကိုညီအစ်မတွေကြား ပုဂ္ဂိုလ်ရေး မပြေလည်မှု၊ အငြင်းပွားမှု အသေးအဖွဲတွေ ပေါ်ပေါက်လာတဲ့အခါတွေ ရှိနိုင်ပါတယ်။ အဲဒါတွေကို ညီရင်းအစ်ကိုမေတ္တာနဲ့ အမြန်ဆုံး ဖြေရှင်းသင့်တယ်။ (ဧ. ၄:၂၆။ ဖိ. ၂:၂-၄။ ကော. ၃:၁၂-၁၄) “အရေးကြီးဆုံးကတော့ အချင်းချင်း နှစ်နှစ်ကာကာ ချစ်ကြပါ။ ချစ်ခြင်းမေတ္တာရှိသူဟာ ခွင့်လွှတ်ဖို့ အမြဲ အသင့်ရှိတယ်” ဆိုတဲ့ တမန်တော် ပေတရုရဲ့ ဆုံးမစကားကို လိုက်နာခြင်းအားဖြင့် ညီအစ်ကို/မ တစ်ယောက်ယောက်နဲ့ အဆင်မပြေတာလို ကိုယ်ရေးကိုယ်တာ ပြဿနာတွေကို ဖြေရှင်းနိုင်မှန်း သင် တွေ့ရှိရပါလိမ့်မယ်။ (၁ ပေ. ၄:၈) “ကျွန်တော်တို့အားလုံး ခဏခဏ မှားတတ်ကြတယ်” လို့ ကျမ်းစာ ပြောတယ်။ (ယာ. ၂:၃) ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါဆိုတဲ့ ရွှေပညတ်ကို လိုက်နာခြင်းအားဖြင့် အသေးအမွှား ထိခိုက်မှုတွေကို ခွင့်လွှတ်၊ မေ့ပျောက်လိုက်နိုင်ပါတယ်။—မ. ၆:၁၄၊ ၁၅။ ၇:၁၂။

၆ သင့်အပြောအဆို၊ အပြုအမူကြောင့် တစ်ယောက်ယောက် စိတ်ထိခိုက်သွားမှန်း သိလာတယ်ဆိုရင် ငြိမ်သက်မှု ရဖို့ မနှောင့်မနှေး အစပြု ဖြေရှင်းသင့်တယ်။ သင်နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှု ရှိနေတယ်ဆိုတာ သတိရပါ။ “ပူဇော်ရာပလ္လင်ဆီ အလှူ ယူလာနေတုန်းမှာ ကိုယ့်ကို မကျေမနပ် ဖြစ်နေတဲ့ ညီအစ်ကိုကို သတိရသွားရင် အလှူကို ပလ္လင်ရှေ့မှာ ထားခဲ့ပါ။ ညီအစ်ကိုဆီသွားပြီး သူနဲ့ ပြေလည်အောင် အရင် လုပ်ပါ။ ပြီးမှ ပြန်လာပြီး ကိုယ့်ရဲ့ အလှူကို ဆက်သပါ” လို့ တပည့်တွေကို ယေရှု သွန်သင်တယ်။ (မ. ၅:၂၃၊ ၂၄) နားလည်မှု လွဲနေတာ ဖြစ်နိုင်တယ်။ ဒါဆို ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်ထားပါ။ အသင်းတော်မှာ ရှိသူအားလုံး ဆက်သွယ်ရေး ကောင်းနေမယ်ဆိုရင် နားလည်မှု လွဲတာတွေကို ကာကွယ်နိုင်ပြီး လူ့မစုံလင်မှုကြောင့် ပေါ်ပေါက်လာတဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်ပါလိမ့်မယ်။

လိုအပ်တဲ့ ကျမ်းစာသွန်သင်ချက်များ ပေးခြင်း

၇ တစ်ခါတလေ တစ်ယောက်ယောက်ရဲ့ အတွေးအခေါ်ကို ပြုပြင်ပေးဖို့ ကြီးကြပ်မှူးတွေ ဆုံးမသွန်သင်ရနိုင်တယ်။ အဲဒီလိုဆုံးမသွန်သင်ဖို့ အမြဲတော့ မလွယ်ပါဘူး။ ဂလာတိမြို့မှာ ရှိတဲ့ ခရစ်ယာန်တွေကို တမန်တော် ပေါလု ဒီလိုရေးခဲ့တယ်– “ညီအစ်ကိုတို့၊ တစ်ယောက်ယောက်ဟာ သတိမထားမိဘဲ ခြေလှမ်း မှားသွားတယ်ဆိုရင် ဘုရားရေးရာ အရည်အသွေး ရှိတဲ့ ခင်ဗျားတို့က အဲဒီလိုလူကို နူးညံ့သိမ်မွေ့တဲ့ စိတ်နဲ့ တည့်မတ်ပေးလိုက်ပါ။”—ဂလ. ၆:၁။

၈ သိုးတော်စုကို မေတ္တာပါပါ ကြည့်ရှုစောင့်ရှောက်ခြင်းအားဖြင့် ကြီးကြပ်မှူးတွေဟာ အသင်းတော်ကို အန္တရာယ်များစွာကနေ ကာကွယ်ပေးနိုင်ပြီး ကြီးလေးတဲ့ ပြဿနာတွေ မပေါ်လာဖို့ တားဆီးပေးနိုင်တယ်။ “သူတို့ဟာ လေကွယ်ရာ အရပ်လို၊ မိုးသက်မုန်တိုင်း ကျတဲ့အခါ ပုန်းခိုရာ အရပ်လို၊ ရေမရှိတဲ့ မြေမှာ စီးဆင်းနေတဲ့ စမ်းချောင်းတွေလို၊ ပူပြင်းခြောက်သွေ့တဲ့ မြေမှာ ကျောက်ဆောင်ကြီး အရိပ်လို ဖြစ်မယ်” ဆိုပြီး ဟေရှာယကတစ်ဆင့် ယေဟောဝါ ပေးခဲ့တဲ့ ကတိနဲ့အညီ အသင်းတော်အကျိုး သယ်ပိုးဖို့ အကြီးအကဲတွေ ကြိုးစားနေကြတယ်။—ဟေရှာ. ၃၂:၂။

စည်းစနစ်မဲ့သူများကို မှတ်ထားခြင်း

၉ အသင်းတော်အပေါ် မကောင်းတဲ့ သြဇာ လွှမ်းမိုးနိုင်သူတချို့နဲ့ ပတ်သက်ပြီး တမန်တော် ပေါလု သတိပေး မှာကြားတယ်– “ကျွန်တော်တို့ ပေးတဲ့ ညွှန်ကြားချက်တွေနဲ့အညီ မနေထိုင်ဘဲ စည်းစနစ်မဲ့စွာ ကျင့်ကြံပြုမူတဲ့ ညီအစ်ကိုတွေကို ရှောင်ကြပါ။” အဲဒီစကားကို အခုလို ထပ်ရှင်းပြခဲ့တယ်– “ဒီစာမှာပါတဲ့ ညွှန်ကြားချက်တွေကို မလိုက်နာတဲ့သူရှိရင် သူ့ကို မှတ်ထားပြီး အပေါင်းအသင်း မလုပ်ကြနဲ့တော့။ အဲဒီအခါ သူ ရှက်စိတ် ဝင်သွားလိမ့်မယ်။ ဒါပေမဲ့ သူ့ကို ရန်သူလို သဘောမထားပါနဲ့။ ညီအစ်ကိုတစ်ယောက်လို သဘောထားပြီး ဆက်သတိပေးဆုံးမကြပါ။”—၂ သက်. ၃:၆၊ ၁၄၊ ၁၅။

၁၀ တစ်ခါတလေ တစ်ယောက်ယောက်က အသင်းတော်ကနေ နှင်ထုတ်နိုင်လောက်တဲ့ အပြစ် မကျူးလွန်ပေမဲ့ ခရစ်ယာန်တွေကို လမ်းညွှန်ပေးသင့်တဲ့ ဘုရားသခင့် စံနှုန်းတွေကို ပြောင်ပြောင်တင်းတင်း မလေးစားတဲ့ သဘော တင်ပြတယ်။ အဲဒီထဲမှာ အပျင်းကြီးတာ၊ ကဲ့ရဲ့ဝေဖန်တတ်တာ၊ ညစ်ပတ်တာတွေ ပါဝင်တယ်။ “ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေမှာ ဝင်စွက်နေ” တာလည်း ဖြစ်နိုင်တယ်။ (၂ သက်. ၃:၁၁) ဒါမှမဟုတ် တခြားသူတွေကို ရုပ်ပစ္စည်းပိုင်းအရ အမြတ်ထုတ်ဖို့ ကြံစည်နေတာ၊ လုံးလုံး မသင့်တော်တဲ့ ဖျော်ဖြေမှုကို လိုက်စားနေတာ ဖြစ်နိုင်တယ်။ စည်းစနစ်မဲ့တဲ့ အကျင့်ဟာ အသင်းတော်အပေါ် ဆိုးကျိုး သက်ရောက်နိုင်ပြီး တခြားခရစ်ယာန်တွေဆီ ကူးစက်သွားနိုင်တဲ့ ကြီးလေးတဲ့ ကိစ္စ ဖြစ်တယ်။

၁၁ ဦးဆုံး၊ အကြီးအကဲတွေက ကျမ်းစာအခြေခံတဲ့ သွန်သင်ချက် ပေးခြင်းအားဖြင့် စည်းစနစ်မဲ့သူကို ကူညီပေးဖို့ ကြိုးစားကြပါလိမ့်မယ်။ ဒါပေမဲ့ အထပ်ထပ် သတိပေးဆုံးမတဲ့ကြား ကျမ်းစာမူတွေကို မလေးမစား ဆက်လုပ်နေရင် အသင်းတော်မှာ သတိပေး ဟောပြောချက်တစ်ခု ပေးဖို့ အကြီးအကဲတွေ ဆုံးဖြတ်နိုင်တယ်။ သတိပေးဟောပြောချက် ပေးရလောက်အောင် အခြေအနေ ဆိုးသလား၊ တခြားသူတွေကို ထိခိုက်စေသလားဆိုတာ ဆုံးဖြတ်ဖို့ ပိုင်းခြားသိမြင်မှုကို အကြီးအကဲတွေ အသုံးပြုရမယ်။ ဟောပြောသူက စည်းစနစ်မဲ့တဲ့ အကျင့်နဲ့ပတ်သက်ပြီး သင့်တော်တဲ့ သွန်သင်ချက်ကို ပေးမှာ ဖြစ်ပေမဲ့ စည်းစနစ်မဲ့သူရဲ့ နာမည်ကိုတော့ ထုတ်ပြောမှာ မဟုတ်ဘူး။ ဟောပြောချက်မှာ ဖော်ပြတဲ့ အခြေအနေကို သတိပြုမိသူတွေဟာ အဲဒီလိုလူနဲ့ လူမှုပေါင်းသင်းမှု မလုပ်ဖို့ သတိထားမှာ ဖြစ်ပေမဲ့ ဘုရားရေးရာအရ “ညီအစ်ကိုတစ်ယောက်လို သဘောထားပြီး” ဆက်ပေါင်းသင်းကြပါလိမ့်မယ်။

၁၂ သစ္စာရှိ ခရစ်ယာန်တွေရဲ့ ခိုင်မာတဲ့ ရပ်တည်မှုက စည်းစနစ်မဲ့သူကို အရှက်ရစေပြီး လမ်းစဉ် ပြောင်းလဲဖို့ ကူညီပေးမယ်လို့ မျှော်လင့်နိုင်စရာ ရှိပါတယ်။ သူ့ရဲ့ စည်းစနစ်မဲ့ လမ်းစဉ်ကို စွန့်လွှတ်လိုက်တာ သေချာပြီဆိုရင် သူ့ကို မှတ်သားထားသူအဖြစ် ဆက်ဆံစရာ မလိုတော့ပါဘူး။

ကြီးလေးတဲ့ အမှားတချို့ကို ဖြေရှင်းခြင်း

၁၃ စိတ်ထိခိုက်စရာ ကိစ္စတွေကို လျစ်လျူရှုပြီး ခွင့်လွှတ်လိုက်တယ်ဆိုတာ အမှားကို ဂရုမစိုက်တာ၊ ထောက်ခံတာကို မဆိုလိုဘူး။ အမှားအားလုံးဟာ အမွေရထားတဲ့ မစုံလင်မှုကြောင့်လို့ ပြောလို့ မရနိုင်ဘူး။ စိတ်ထိခိုက်စရာ အသေးအမွှားထက် ပိုတဲ့ အမှားတွေကို လျစ်လျူမရှုသင့်ဘူး။ (ဝတ်. ၁၉:၁၇။ ဆာ. ၁၄၁:၅) တချို့အပြစ်တွေက ပိုကြီးလေးမှန်း ပညတ်တရားမှာ အသိအမှတ်ပြုထားတယ်။ ခရစ်ယာန် အစီအစဉ်မှာလည်း အလားတူပါပဲ။—၁ ယော. ၅:၁၆၊ ၁၇။

၁၄ ခရစ်ယာန်ချင်းတွေကြား ပေါ်ပေါက်နိုင်တဲ့ ကြီးလေးတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ တိတိကျကျ အဆင့်တွေကို ယေရှု ဖော်ပြထားတယ်။ အဲဒီအဆင့်တွေကို သတိပြုကြည့်ပါ– “ညီအစ်ကိုက အပြစ်တစ်ခုခု လုပ်ခဲ့ရင် [၁] နှစ်ယောက်ချင်း တွေ့ပြီး သူ့အမှားကို ပြောပြပါ။ ကိုယ့်စကားကို သူနားထောင်တယ်ဆိုရင် သူ့ကို လမ်းမှန် ရောက်အောင် လုပ်နိုင်ပြီ။ နားမထောင်ရင် [၂] လူတစ်ယောက် နှစ်ယောက်ကို ခေါ်သွားပါ။ ဘယ်ကိစ္စမဆို သက်သေနှစ်ယောက် ဒါမှမဟုတ် သုံးယောက်ရဲ့ ထွက်ဆိုချက် ရှိမှ အတည် ဖြစ်တယ်။ သူတို့ရဲ့ စကားကို နားမထောင်ဘူးဆိုရင် [၃] အသင်းတော်ကို အကြောင်းကြားပါ။ အသင်းတော်ရဲ့ စကားကိုတောင် နားမထောင်ဘူးဆိုရင် သူ့ကို လူမျိုးခြား၊ အခွန်ခံလို့ပဲ သတ်မှတ်လိုက်ပါ။”—မ. ၁၈:၁၅-၁၇။

၁၅ မဿဲ ၁၈:၂၃-၃၅ မှာ ယေရှု ဆက်ပြောတဲ့ ပုံဥပမာအရ မဿဲ ၁၈:၁၅-၁၇ မှာပါတဲ့ အပြစ်တွေမှာ အကြွေး ပြန်မဆပ်တာ၊ လိမ်လည်တာစတဲ့ ငွေကြေးကိစ္စ၊ ပိုင်ဆိုင်မှု ကိစ္စတွေ ပါဝင်ပုံရတယ်။ ဒါမှမဟုတ် လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်အောင် အသရေဖျက်တာလည်း ဖြစ်နိုင်တယ်။

၁၆ အသင်းတော်မှာ တစ်ယောက်ယောက်က သင့်အပေါ် အဲဒီလိုအပြစ် ကျူးလွန်ထားမှန်း အထောက်အထား ရှိတယ်ဆိုရင် အကြီးအကဲတွေကို ချက်ချင်း သွားပြောပြီး သင့်ကိုယ်စား ဆောင်ရွက်ပေးဖို့ တောင်းဆိုတာမျိုး မလုပ်ပါနဲ့။ ယေရှု ပြောတဲ့အတိုင်း မကျေမနပ် ဖြစ်နေသူနဲ့ ကိုယ်တိုင် အရင် သွားဆွေးနွေးပါ။ တခြားဘယ်သူ့ကိုမှ မပါဝင်စေဘဲ ပြဿနာကို နှစ်ယောက်တည်း ဖြေရှင်းပါ။ ‘သူနဲ့ တစ်ကြိမ်သာ နှစ်ယောက်ချင်း တွေ့ပြီး သူ့အမှားကို ပြောပြပါ’ ဆိုပြီး ယေရှု မပြောထားတာ သတိပြုပါ။ ဒါကြောင့် အဲဒီလူက အမှားကို ဝန်မခံဘူး၊ ခွင့်လွှတ်ဖို့ မတောင်းဆိုဘူးဆိုရင် နောက်ပိုင်းမှာ ပြန်ဆွေးနွေးဖို့ ကြိုးစားနိုင်တယ်။ ဒီနည်းနဲ့ ပြဿနာ ပြေလည်သွားရင် သူ့အပြစ်အကြောင်း တခြားသူတွေကို မပြောတဲ့အတွက် ဒါမှမဟုတ် အသင်းတော်မှာ သူ့နာမည်ကောင်းကို မထိခိုက်စေတဲ့အတွက် အပြစ်ပြုသူ ကျေးဇူးတင်မှာ သေချာပါတယ်။ ဒါဆို သူ့ကို “လမ်းမှန်ရောက်အောင် လုပ်နိုင်ပြီ။”

၁၇ အပြစ်ကျူးလွန်သူဟာ ကိုယ့်တာဝန်ကိုယ် ယူမယ်၊ ခွင့်လွှတ်ဖို့ တောင်းဆိုမယ်၊ အမှားကို ပြုပြင်ဖို့ ကြိုးစားမယ်ဆိုရင် ပြဿနာကို ထပ်ကြီးအောင် လုပ်ဖို့ မလိုဘူး။ ကြီးလေးတဲ့ အပြစ် ဖြစ်ပေမဲ့ ဒီလိုအပြစ်မျိုးက ပါဝင်ပတ်သက်သူ နှစ်ယောက်တည်း ဖြေရှင်းနိုင်တဲ့ အပြစ်မျိုး ဖြစ်တယ်။

၁၈ သူ့အပြစ်ကို “နှစ်ယောက်ချင်း” ဖော်ပြလို့ သင့်ညီအစ်ကိုကို မရဘူးဆိုရင် ယေရှုပြောသလို “လူတစ်ယောက်နှစ်ယောက်ကို ခေါ်သွား” ပြီး သူနဲ့ ပြန်ဆွေးနွေးနိုင်တယ်။ သင်ခေါ်သွားသူတွေမှာလည်း ညီအစ်ကိုကို ပြန်ရဖို့ဆိုတဲ့ ရည်ရွယ်ချက် ရှိသင့်တယ်။ သူတို့က အမှားပြုတာကို သိရှိထားတဲ့ သက်သေတွေ ဖြစ်ရင် ပိုကောင်းတယ်။ ဒါပေမဲ့ မျက်မြင်သက်သေ မရှိရင်လည်း ဆွေးနွေးမှုကို သက်သေ ဖြစ်အောင် တစ်ယောက်နှစ်ယောက်ကို ခေါ်သွားဖို့ သင် ရွေးချယ်နိုင်တယ်။ ဖြစ်နေတဲ့ ပြဿနာကို တွေ့ကြုံဖူးသူ၊ ဖြစ်နေတဲ့ ပြဿနာ တကယ် မှား,မမှား ဆုံးဖြတ်နိုင်သူတွေ ဖြစ်နိုင်တယ်။ သက်သေအဖြစ် ရွေးချယ်ခံရတဲ့ အကြီးအကဲတွေဟာ အသင်းတော်ကို ကိုယ်စားမပြုဘူး။ ဒီလိုလုပ်ဖို့ သူတို့ကို အကြီးအကဲအဖွဲ့က တိတိကျကျ တာဝန်ပေးထားတာ မဟုတ်လို့ပဲ။

၁၉ သူနဲ့ နှစ်ယောက်ချင်း ဆွေးနွေးတယ်၊ တခြားသူ တစ်ယောက်နှစ်ယောက်ကို သင်ခေါ်သွားတယ်။ ဒီလို အကြိမ်ကြိမ် ကြိုးစားပြီးနောက်မှာတောင် ပြဿနာ မပြေလည်ဘူး၊ သင့်ဘက်က ကျေအေးလို့လည်း မရနိုင်ဘူးဆိုရင် ဒီကိစ္စကို အသင်းတော် ကြီးကြပ်မှူးတွေကို အသိပေးသင့်တယ်။ သူတို့ရဲ့ ပန်းတိုင်က အသင်းတော်ရဲ့ ငြိမ်သက်မှုနဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းဖို့ဖြစ်တယ်ဆိုတာ သတိရပါ။ အကြီးအကဲတွေကို ပြောလိုက်ပြီ ဖြစ်လို့ ဒီကိစ္စကို သူတို့လက်ထဲ အပ်လိုက်ပြီး ယေဟောဝါကို ယုံကြည်ကိုးစားလိုက်ပါ။ တစ်ယောက်ယောက်ရဲ့ အပြုအမူကြောင့် တိုက်မိလဲတာ၊ ယေဟောဝါရဲ့ လုပ်ငန်းမှာ ပျော်ရွှင်မှု ပျောက်ဆုံးတာမျိုး ဘယ်တော့မှ အဖြစ်မခံသင့်ဘူး။—ဆာ. ၁၁၉:၁၆၅။

၂၀ ဒီကိစ္စကို သိုးထိန်းတွေ စစ်ဆေးစုံစမ်းကြပါလိမ့်မယ်။ သင့်အပေါ် ကြီးလေးတဲ့အပြစ် ကျူးလွန်ထားမှန်း၊ နောင်တ မယူမှန်း၊ အမှားကို သင့်တင့်မျှတစွာ ပြုပြင်ဖို့ မကြိုးစားချင်မှန်း သက်သေထင်ရှားတယ်ဆိုရင် ကြီးကြပ်မှူး ကော်မတီက အပြစ်ပြုသူကို အသင်းတော်ကနေ နှင်ထုတ်ဖို့ လိုအပ်ကောင်း လိုအပ်နိုင်တယ်။ ဒီနည်းအားဖြင့် သိုးတော်စုနဲ့ အသင်းတော်ရဲ့ သန့်ရှင်းမှုကို သူတို့ ကာကွယ်ကြတယ်။—မ. ၁၈:၁၇။

ကြီးလေးတဲ့ အမှားများကို ကိုင်တွယ်ခြင်း

၂၁ လိင်အကျင့်ယိုယွင်းတာ၊ အိမ်ထောင်ရေး ဖောက်ပြန်တာ၊ လိင်တူမေထုန်ပြုတာ၊ ဘုရားတရားကို စော်ကားပြောဆိုတာ၊ အယူဖောက်ပြန်တာ စတဲ့ ကြီးလေးတဲ့ အပြစ်တချို့နဲ့ အလားတူအပြစ်ကြီးတွေဟာ အပြစ်ကျူးလွန်ခံရသူဘက်က ခွင့်လွှတ်လိုက်ရုံနဲ့ မပြီးဘူး။ (၁ ကော. ၆:၉၊ ၁၀။ ဂလ. ၅:၁၉-၂၁) အသင်းတော်ရဲ့ ဘုရားရေးရာနဲ့ ကိုယ်ကျင့်တရား သန့်ရှင်းမှု ခြိမ်းခြောက်ခံနေရတဲ့အတွက် အဲဒီလိုကြီးလေးတဲ့ အပြစ်တွေကို အကြီးအကဲတွေဆီ သတင်းပို့ရမယ်။ သူတို့ ကိုင်တွယ်ရပါမယ်။ (၁ ကော. ၅:၆။ ယာ. ၅:၁၄၊ ၁၅) ကိုယ့်အပြစ်ကို ဝန်ခံဖို့ဖြစ်စေ၊ တခြားသူတွေရဲ့ အပြစ်အကြောင်း သိထားသလောက် သတင်းပို့ဖို့ဖြစ်စေ အကြီးအကဲတွေဆီ လူတချို့ ချဉ်းကပ်နိုင်တယ်။ (ဝတ်. ၅:၁။ ယာ. ၅:၁၆) နှစ်ခြင်းခံပြီးသား သက်သေခံ တစ်ယောက် ကျူးလွန်တဲ့ ကြီးလေးတဲ့ အပြစ်ကို အကြီးအကဲတွေ ဘယ်လိုနည်းနဲ့ပဲ စတင် သတင်းကြားပါစေ ဒီကိစ္စကို အကြီးအကဲ နှစ်ယောက်က ပဏာမ စုံစမ်းစစ်ဆေးပါလိမ့်မယ်။ တိုင်ကြားချက် ခိုင်လုံပြီး ကြီးလေးတဲ့ အပြစ် ကျူးလွန်ထားမှန်း သက်သေထင်ရှားတယ်ဆိုရင် အကြီးအကဲအဖွဲ့ဟာ ဒီကိစ္စကို ကိုင်တွယ်ဖို့ အနည်းဆုံး အကြီးအကဲ သုံးယောက် ပါဝင်တဲ့ တရားရေးကော်မတီတစ်ခု ဖွဲ့ပေးပါလိမ့်မယ်။

၂၂ အကြီးအကဲတွေဟာ သိုးတော်စုကို ဂရုစိုက် စောင့်ရှောက်နေကြပြီး အန္တရာယ်ကျရောက်စေနိုင်တဲ့ ဘယ်အရာကနေမဆို ကာကွယ်ပေးဖို့ ကြိုးစားနေကြတယ်။ အမှားပြုမိသူ ဘယ်သူ့ကိုမဆို ပဲ့ပြင်ပေးဖို့၊ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ပြန်ရှိလာစေဖို့ ကျမ်းစာကို သူတို့ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုကြတယ်။ (ယု. ၂၁-၂၃) “ခရစ်တော်ယေရှုက . . . အသက်ရှင်သူတွေကိုရော သေလွန်သူတွေကိုပါ တရားစီရင်လိမ့်မယ်။ ဘုရားသခင်ရှေ့၊ ခရစ်တော်ရှေ့မှာ မင်းကို ငါ မှာကြားချင်တာက . . . အစွမ်းကုန် စိတ်ရှည်ပြီး၊ သွန်သင်ခြင်း နည်းပညာ သုံးပြီး ပဲ့ပြင်ပေးပါ၊ ပြစ်တင်ဆုံးမပါ၊ တိုက်တွန်းနှိုးဆော်ပါ” လို့ တိမောသေကို ပြောခဲ့တဲ့ တမန်တော် ပေါလုရဲ့ ညွှန်ကြားချက်နဲ့လည်း ကိုက်ညီပါတယ်။ (၂ တိ. ၄:၁၊ ၂) ဒီလိုလုပ်ဆောင်ဖို့ အချိန် တော်တော် လိုအပ်နိုင်ပေမဲ့ ဒါဟာ အကြီးအကဲတွေ ကြိုးစားလုပ်ဆောင်ရမယ့် အပိုင်းဖြစ်တယ်။ သူတို့ရဲ့ ကြိုးစားမှုကို အသင်းတော်က လေးမြတ်ပြီး “ရိုသေလေးစားမှု နှစ်ဆခံထိုက်သူတွေ” အဖြစ် သဘောထားကြတယ်။—၁ တိ. ၅:၁၇။

၂၃ ဘယ်အခြေအနေမှာမဆို အပြစ်ကျူးလွန်ကြောင်း သေချာပြီဆိုရင် ကြီးကြပ်မှူးတွေ အဓိက ကြိုးစားရမှာက အပြစ်ပြုသူကို ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းလာစေဖို့ပဲ။ သူ တကယ် နောင်တရတယ်၊ သူ့ကို ကူညီပေးနိုင်တယ်ဆိုရင် သီးသန့် ဆုံးမတာဖြစ်ဖြစ်၊ အမှု ကြားနာချိန်အတွင်း သက်သေလိုက်ပေးသူတွေရှေ့မှာ ဆုံးမတာဖြစ်ဖြစ် လုပ်ဆောင်ခြင်းဟာ သူ့ကို ပဲ့ပြင်ဆုံးမရာကျပြီး သိမြင်တဲ့သူတွေကိုလည်း ကြောက်ရွံ့သွားစေပါလိမ့်မယ်။ (၂ ရှ. ၁၂:၁၃။ ၁ တိ. ၅:၂၀) တရားရေး ဆုံးမမှုတိုင်းမှာ ကန့်သတ်ချက်တွေ ချမှတ်ပေးရတယ်။ ဒီလိုနဲ့ အပြစ်ပြုသူဟာ ရှေ့လျှောက် “သွားမယ့်လမ်းတွေကို အမြဲ ဖြောင့်ဖြူးစေ” နိုင်ပါလိမ့်မယ်။ (ဟီ. ၁၂:၁၃) အချိန်တန်လို့ ဘုရားရေးရာဘက်မှာ ပြန်အားရှိလာမှန်း ထင်ရှားလာတဲ့အခါ ကန့်သတ်မှုတွေကို ပြန်ရုပ်သိမ်းပေးပါတယ်။

ဆုံးမခြင်းနဲ့ပတ်သက်တဲ့ ကြေညာချက်

၂၄ လူတစ်ယောက် နောင်တရပေမဲ့ သူ့အပြစ်က အသင်းတော်မှာဖြစ်စေ၊ ရပ်ကွက်မှာဖြစ်စေ လူသိများလာမယ့်ပုံပေါက်တယ်လို့ တရားရေးကော်မတီက ဆုံးဖြတ်ရင် ဒါမှမဟုတ် နောင်တရတဲ့ အပြစ်ပြုသူကို အသင်းတော်က သတိထားဖို့ လိုတယ်ဆိုရင် အသက်တာနဲ့ အမှုဆောင်လုပ်ငန်း အစည်းအဝေးမှာ ရိုးရိုးရှင်းရှင်း ကြေညာပါလိမ့်မယ်။ “[ဘယ်သူဘယ်ဝါ] ကို ဆုံးမထားပြီး ဖြစ်ပါတယ်” လို့ ဖတ်ပြသင့်တယ်။

နှင်ထုတ်ဖို့ ဆုံးဖြတ်တယ်ဆိုရင်ကော

၂၅ အခြေအနေတချို့မှာ အပြစ်ပြုသူဟာ ခေါင်းမာမာ အပြစ်ဆက်လုပ်နေပြီး ကြိုးစားကူညီပေးတာကို မတုံ့ပြန်ဘဲ နေတာမျိုး ဖြစ်ပါလိမ့်မယ်။ တရားရေး ကြားနာချိန်မှာလည်း “နောင်တရကြောင်း လုပ်ရပ်နဲ့ သက်သေ” မတင်ပြတာ ဖြစ်နိုင်တယ်။ (တ. ၂၆:၂၀) ဒါဆို ဘယ်လို လုပ်မလဲ။ အဲဒီလိုကိစ္စမျိုးတွေမှာ နောင်တမယူတဲ့ အပြစ်ပြုသူကို ယေဟောဝါရဲ့ သန့်ရှင်းတဲ့ လူမျိုးနဲ့ ပေါင်းသင်းခွင့် မပေးဘဲ အသင်းတော်ကနေ နှင်ထုတ်ဖို့ လိုအပ်တယ်။ ဒီနည်းအားဖြင့် အပြစ်ပြုသူရဲ့ မကောင်းတဲ့ သြဇာကို အသင်းတော်ကနေ ဖယ်ရှားပေးရာ ကျပြီး အသင်းတော်ရဲ့ ကိုယ်ကျင့်တရားပိုင်း၊ ဘုရားရေးရာပိုင်း သန့်ရှင်းမှုနဲ့ နာမည်ကောင်းကို ထိန်းသိမ်းကာကွယ်ရာ ကျပါတယ်။ (တရား. ၂၁:၂၀၊ ၂၁။ ၂၂:၂၃၊ ၂၄) ကောရိန္သု အသင်းတော်က လူတစ်ယောက်ရဲ့ ရှက်ဖွယ်လုပ်ရပ်တစ်ခုကို တမန်တော် ပေါလု သိရတဲ့အခါ “အသင်းတော်ရဲ့ စိတ်ဓာတ်ကို ထိန်းထားနိုင်” ဖို့ “သူ့ကို စာတန့်လက်ထဲ အပ်လိုက်ပါ” လို့ အကြီးအကဲတွေကို သတိပေး တိုက်တွန်းခဲ့တယ်။ (၁ ကော. ၅:၅၊ ၁၁-၁၃) အဲဒီအပြင် ပထမရာစုမှာ အမှန်တရားကို ဆန့်ကျင်ပုန်ကန်ခဲ့တဲ့ တခြားသူတွေကို နှင်ထုတ်တဲ့အကြောင်းလည်း ပေါလု မှတ်တမ်းတင်ခဲ့တယ်။—၁ တိ. ၁:၂၀။

၂၆ နောင်တမရတဲ့ အပြစ်ပြုသူကို နှင်ထုတ်ဖို့ တရားရေးကော်မတီက ဆုံးဖြတ်ရင် ဆုံးဖြတ်ချက်အကြောင်း အသိပေးသင့်ပြီး နှင်ထုတ်ရတဲ့ ကျမ်းစာအကြောင်းရင်း(များ)ကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးသင့်တယ်။ ဆုံးဖြတ်ချက်အကြောင်း အပြစ်ပြုသူကို သတိပေးတဲ့အခါ စီရင်ဆုံးဖြတ်ချက်မှာ အမှားအယွင်းကြီး ရှိနေတယ်လို့ သူထင်နေပြီး အယူခံဝင်ချင်တယ်ဆိုရင် အကျိုးအကြောင်း အသေအချာ ရှင်းပြတဲ့ စာရေးသားပြီး အယူခံဝင်နိုင်ကြောင်း တရားရေးကော်မတီက ပြောပြပါလိမ့်မယ်။ သူ့ကို ကော်မတီရဲ့ ဆုံးဖြတ်ချက်အကြောင်း အသိပေးချိန်ကစပြီး ခုနစ်ရက် အချိန်ပေးပါတယ်။ အယူခံဝင်စာကို လက်ခံရရှိတဲ့အခါ အကြီးအကဲအဖွဲ့က တိုက်နယ်ကြီးကြပ်မှူးကို ဆက်သွယ်ပါလိမ့်မယ်။ သူက ဒီအမှုကို ပြန်ကြားနာမယ့် အယူခံကော်မတီမှာ ထမ်းဆောင်ဖို့ အရည်အချင်းပြည့် အကြီးအကဲတွေကို ရွေးချယ်ပေးပါလိမ့်မယ်။ စာရရှိပြီး တစ်ပတ်အတွင်း အမှုကို ကြားနာနိုင်ဖို့ သူတို့ အတတ်နိုင်ဆုံး ကြိုးစားကြပါလိမ့်မယ်။ အယူခံဝင်တဲ့ အခြေအနေမှာ နှင်ထုတ်ဖို့ ကြေညာချက်ကို ဆိုင်းငံ့ထားပါလိမ့်မယ်။ ဒီအတောအတွင်း စွပ်စွဲခံရသူဟာ အစည်းအဝေးတွေမှာ အဖြေပေးခွင့်၊ ဆုတောင်းခွင့်နဲ့ တခြား လုပ်ငန်းတော်အခွင့်ထူးတွေ ရရှိမှာ မဟုတ်ဘူး။

၂၇ စွပ်စွဲခံရသူကို ကြင်နာမှုပြတဲ့အနေနဲ့ အယူခံဝင်ခွင့် ပေးထားတာ ဖြစ်လို့ သူပြောချင်တာတွေကို နောက်ထပ် လက်ခံကြားနာပေးတာ ဖြစ်တယ်။ ဒါကြောင့် အပြစ်ပြုသူအနေနဲ့ အယူခံကြားနာတဲ့နေရာကို လာဖို့ တမင်တကာ ပျက်ကွက်တယ်ဆိုရင် သူ့ကို ဆက်သွယ်ဖို့ အတော်အတန် ကြိုးစားပြီးနောက် နှင်ထုတ်ခြင်းကို ကြေညာပါလိမ့်မယ်။

၂၈ အပြစ်ပြုသူဟာ အယူခံမဝင်ချင်ဘူးဆိုရင် တရားရေးကော်မတီက သူနောင်တယူဖို့ လိုအပ်ကြောင်းနဲ့ အချိန်တန်တဲ့အခါ ပြန်လက်ခံနိုင်ဖို့ လုပ်ဆောင်ရမယ့် အဆင့်တွေကို ရှင်းပြသင့်တယ်။ ဒါက သူ့ကို ကူညီပေးရာ၊ ကြင်နာရာ ကျပါလိမ့်မယ်။ သူ့လမ်းစဉ်ကို ပြောင်းလဲပြီး အချိန်တန်တဲ့အခါ ယေဟောဝါရဲ့ အဖွဲ့အစည်းထဲ ပြန်လာဖို့ အရည်အချင်း ပြည့်မီလာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အဲဒီလိုလုပ်ဆောင်သင့်တယ်။—၂ ကော. ၂:၆၊ ၇။

နှင်ထုတ်ကြောင်း ကြေညာချက်

၂၉ နောင်တ မယူတဲ့ အပြစ်ပြုသူကို အသင်းတော်ကနေ နှင်ထုတ်ကြောင်း ကြေညာဖို့ လိုအပ်လာတဲ့အခါ “[ဘယ်သူဘယ်ဝါ] ဟာ ယေဟောဝါသက်သေတစ်ဦး မဟုတ်တော့ပါ” လို့ လိုရင်းတိုရှင်း ကြေညာပါတယ်။ ဒီကြေညာချက်က သူနဲ့ မပေါင်းသင်းတော့ဖို့ အသင်းတော်မှာရှိတဲ့ သစ္စာရှိသူတွေကို သိရှိစေပါလိမ့်မယ်။—၁ ကော. ၅:၁၁။

ပေါင်းသင်းမှု ရပ်စဲခြင်း

၃၀ “ပေါင်းသင်းမှု ရပ်စဲခြင်း” ဆိုတဲ့ ဝေါဟာရဟာ နှစ်ခြင်းခံပြီးသား သက်သေခံ တစ်ယောက် ဖြစ်လျက်နဲ့ ယေဟောဝါသက်သေ တစ်ယောက်အဖြစ် အသိအမှတ်ပြု မခံချင်တော့ဘူးလို့ ထုတ်ဖော်ပြောဆိုခြင်းအားဖြင့် ခရစ်ယာန် ရပ်တည်မှုကို တမင်တကာ ငြင်းပယ်သူရဲ့ လုပ်ရပ်ကို ဆိုလိုတယ်။ ဒါမှမဟုတ် ကျမ်းစာသွန်သင်ချက်တွေနဲ့ ဆန့်ကျင်တဲ့ ဦးတည်ချက်တွေ ရှိပြီး ယေဟောဝါဘုရားရဲ့ စီရင်မှုအောက် ရောက်နေတဲ့ လောကအဖွဲ့အစည်း တစ်ခုခုထဲ ဝင်ရောက်သွားခြင်း စတဲ့ လုပ်ရပ်တွေအားဖြင့် ခရစ်ယာန် အသင်းတော်မှာ ရရှိထားတဲ့ ကိုယ့်နေရာကို စွန့်လွှတ်လိုက်တာ ဖြစ်နိုင်တယ်။—ဟေရှာ. ၂:၄။ ဗျာ. ၁၉:၁၇-၂၁။

၃၁ တမန်တော် ယောဟန်က သူ့ခေတ်မှာ ခရစ်ယာန် ယုံကြည်ချက်ကို စွန့်ပယ်သွားသူတွေနဲ့ပတ်သက်ပြီး ဒီလိုရေးခဲ့တယ်– “သူတို့ဟာ ကျွန်တော်တို့လို လူစားမျိုး မဟုတ်တော့ ကျွန်တော်တို့ဆီကနေ ထွက်သွားကြပြီ။ ကျွန်တော်တို့လို လူစားမျိုး ဖြစ်ရင် ကျွန်တော်တို့နဲ့အတူ ရှိနေမှာပဲ။”—၁ ယော. ၂:၁၉။

၃၂ လူတစ်ယောက် ပေါင်းသင်းမှုကို ကိုယ်တိုင် ရပ်စဲလိုက်တဲ့အခါ ယေဟောဝါရှေ့ သူ့အခြေအနေဟာ မလှုပ်ရှားတဲ့ ခရစ်ယာန်တစ်ယောက်ရဲ့ အခြေအနေနဲ့ သိပ်ကွာတယ်။ လူတစ်ယောက်ဟာ ကျမ်းစာ ပုံမှန် မလေ့လာလို့ မလှုပ်မရှား ဖြစ်သွားတာ ဖြစ်နိုင်တယ်။ ကိုယ်ရေးကိုယ်တာ ပြဿနာတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ ကြုံရပြီး ယေဟောဝါရဲ့ လုပ်ငန်းတော်မှာ စိတ်အား မထက်သန်တော့တာ ဖြစ်နိုင်တယ်။ အကြီးအကဲတွေနဲ့ အသင်းတော်မှာရှိတဲ့ တခြားသူတွေက မလှုပ်မရှား ဖြစ်နေတဲ့ ခရစ်ယာန်တစ်ယောက်ကို ဘုရားရေးရာဘက်မှာ သင့်တော်သလို ဆက်ကူညီပေးကြပါလိမ့်မယ်။—ရော. ၁၅:၁။ ၁ သက်. ၅:၁၄။ ဟီ. ၁၂:၁၂။

၃၃ ဒါပေမဲ့ ခရစ်ယာန်တစ်ယောက်ဟာ ပေါင်းသင်းမှု ရပ်စဲဖို့ ကိုယ့်ဟာကိုယ် ရွေးချယ်တယ်ဆိုရင် “[ဘယ်သူဘယ်ဝါ] ဟာ ယေဟောဝါသက်သေတစ်ဦး မဟုတ်တော့ပါ” လို့ အသင်းတော်မှာ အတိုချုပ် ကြေညာပေးပါတယ်။ နှင်ထုတ်ထားသူလိုပဲ သူ့ကို ဆက်ဆံကြပါမယ်။

ပြန်လက်ခံခြင်း

၃၄ အသင်းတော်ကနေ နှင်ထုတ်ခံရသူ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ပေါင်းသင်းမှု ရပ်စဲလိုက်သူဟာ နောင်တရမှန်း သက်သေထင်ရှားပြီး အပြစ်ရှိ လမ်းစဉ်ကို စွန့်လွှတ်လိုက်ပြီဆိုတာ အချိန်အတန်ကြာ တင်ပြနေတယ်ဆိုရင် သူ့ကို ပြန်လက်ခံနိုင်ပါတယ်။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ပြန်ရလိုတဲ့ ဆန္ဒရှိမှန်း ဖော်ပြတယ်။ အကြီးအကဲတွေဟာ သူ စစ်မှန်တဲ့ နောင်တရတယ်ဆိုတာ သက်သေပြနိုင်ဖို့ အခြေအနေပေါ် မူတည်ပြီး လပေါင်းများစွာ၊ တစ်နှစ် ဒါမှမဟုတ် တစ်နှစ်ထက်မက အချိန်ပေးကြတယ်။ ပြန်လက်ခံပေးဖို့ တောင်းခံစာကို အကြီးအကဲအဖွဲ့ ရတဲ့အခါ ပြန်လက်ခံရေး ကော်မတီက သူနဲ့ ဆွေးနွေးပါလိမ့်မယ်။ “နောင်တရကြောင်း လုပ်ရပ်နဲ့ သက်သေပြ” တဲ့အထောက်အထားကို ကော်မတီက သုံးသပ်ပြီး ပြန်လက်ခံသင့်,မသင့် ဆုံးဖြတ်ပါလိမ့်မယ်။—တ. ၂၆:၂၀။

၃၅ ပြန်လက်ခံပေးဖို့ တောင်းခံသူဟာ တခြားအသင်းတော်ကနေ နှင်ထုတ်ခံရသူ ဖြစ်နေရင် ဒေသခံ ပြန်လက်ခံရေး ကော်မတီက သူနဲ့ တွေ့ဆုံပြီး တောင်းခံမှုကို စဉ်းစားပေးပါလိမ့်မယ်။ ပြန်လက်ခံသင့်တယ်လို့ ဒေသခံ ပြန်လက်ခံရေး ကော်မတီက ယူဆရင် သူ့အမှုကို ကိုင်တွယ်ခဲ့တဲ့ အသင်းတော် အကြီးအကဲအဖွဲ့ဆီ ထောက်ခံစာ ပို့ပေးပါလိမ့်မယ်။ သက်ဆိုင်တဲ့ ကော်မတီတွေက မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်အောင် အချက်အလက်အားလုံးကို စုစည်းဖို့ ပူးပေါင်းလုပ်ဆောင်ကြပါလိမ့်မယ်။ ဒါပေမဲ့ အမှု ကိုင်တွယ်ခဲ့တဲ့ မူလအသင်းတော်ရဲ့ ပြန်လက်ခံရေး ကော်မတီက ပြန်လက်ခံဖို့ ဆုံးဖြတ်ချက်ကို ချပါလိမ့်မယ်။

ပြန်လက်ခံကြောင်း ကြေညာချက်

၃၆ နှင်ထုတ်ခံရသူ ဒါမှမဟုတ် ပေါင်းသင်းမှု ရပ်စဲလိုက်သူဟာ အမှန်တကယ် နောင်တရပြီး ပြန်လက်ခံသင့်တယ်လို့ ပြန်လက်ခံရေး ကော်မတီက အခိုင်အမာ ယူဆတယ်ဆိုရင် ပြန်လက်ခံကြောင်းကို အမှု ကိုင်တွယ်ခဲ့တဲ့ အသင်းတော်မှာ ကြေညာတယ်။ သူ တခြားအသင်းတော်မှာ ရောက်နေတယ်ဆိုရင် အဲဒီမှာလည်း ကြေညာပေးပါလိမ့်မယ်။ “[ဘယ်သူဘယ်ဝါ] ကို ယေဟောဝါသက်သေ တစ်ယောက်အဖြစ် ပြန်လက်ခံလိုက်ပါပြီ” လို့ ရိုးရိုးလေး ကြေညာသင့်တယ်။

နှစ်ခြင်းခံပြီးသား ကလေးငယ်တွေနဲ့ပတ်သက်တဲ့ အမှုများ

၃၇ နှစ်ခြင်းခံပြီးသား ကလေးငယ်တွေ ကြီးလေးတဲ့ အပြစ် ကျူးလွန်ရင် အကြီးအကဲတွေဆီ သတင်းပို့သင့်တယ်။ ကလေးငယ် ကျူးလွန်တဲ့ ကြီးလေးတဲ့ အပြစ်တွေကို အကြီးအကဲတွေ ကိုင်တွယ်တဲ့အခါ ကလေးရဲ့ နှစ်ခြင်းခံပြီးသား မိဘတွေ ရှိနေရင် ပိုကောင်းတယ်။ လိုအပ်တဲ့ ဆုံးမပဲ့ပြင်မှု မခံရအောင် အပြစ်လုပ်တဲ့ ကလေးကို မကာကွယ်ပေးခြင်းအားဖြင့် မိဘတွေက တရားရေးကော်မတီနဲ့အတူ ပူးပေါင်းလုပ်ဆောင်ကြပါလိမ့်မယ်။ အပြစ်ပြုတဲ့ လူကြီးတွေကို ကိုင်တွယ်သလိုပဲ တရားရေးကော်မတီက အပြစ်ပြုသူကို ပဲ့ပြင်ဆုံးမပြီး သူ့ကို ပြန်ရဖို့ ကြိုးစားကြပါလိမ့်မယ်။ ဒါပေမဲ့ ကလေး နောင်တ မယူဘူးဆိုရင် နှင်ထုတ်ပါလိမ့်မယ်။

နှစ်ခြင်းမခံသေးတဲ့ ကြေညာသူတွေ ပြစ်မှားတဲ့အခါ

၃၈ နှစ်ခြင်းမခံသေးတဲ့ ကြေညာသူတွေ ကြီးလေးတဲ့အမှား ပြုမိရင် ဘာလုပ်သင့်သလဲ။ သူတို့ဟာ နှစ်ခြင်းခံပြီးသား သက်သေခံ မဟုတ်တဲ့အတွက် နှင်ထုတ်လို့ မရဘူး။ ကျမ်းစာစံနှုန်းတွေကို အပြည့်အဝ နားမလည်သေးတာ ဖြစ်နိုင်တဲ့အတွက် ကြင်ကြင်နာနာ သွန်သင်ချက် ပေးတာက “ကိုယ်သွားမယ့် လမ်းတွေကို ဖြောင့်ဖြူးစေ” ဖို့ သူတို့ကို ကူညီပေးနိုင်တယ်။—ဟီ. ၁၂:၁၃။

၃၉ နှစ်ခြင်းမခံရသေးတဲ့ အပြစ်ပြုသူဟာ အကြီးအကဲနှစ်ယောက်နဲ့ တွေ့ဆုံပြီး အကူအညီ ရပြီးနောက်မှာတောင် နောင်တ မယူဘူးဆိုရင် အသင်းတော်ကို အသိပေးဖို့ လိုအပ်တယ်။ “[ဘယ်သူဘယ်ဝါ] ကို နှစ်ခြင်းမခံသေးတဲ့ ကြေညာသူတစ်ယောက်အဖြစ် အသိအမှတ် မပြုတော့ပါဘူး” လို့ အတိုချုပ် ကြေညာပါမယ်။ အဲဒီအခါ အသင်းတော်က သူ့ကို လောကသားတစ်ယောက်လို သဘောထားပါလိမ့်မယ်။ ပြစ်မှားသူဟာ နှင်ထုတ်မခံရပေမဲ့ သူနဲ့ ဘယ်ပေါင်းသင်းမှုကိုမဆို ခရစ်ယာန်တွေ သတိထားရပါမယ်။ (၁ ကော. ၁၅:၃၃) သူ့ဆီက လယ်ကွင်းလုပ်ငန်း မှတ်တမ်းတွေကို လက်ခံမှာ မဟုတ်ပါဘူး။

၄၀ အချိန်တန်တဲ့အခါ ကြေညာသူအဖြစ်ကနေ ဖယ်ရှားခံရတဲ့ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူဟာ ကြေညာသူ ပြန်ဖြစ်လိုတဲ့ဆန္ဒ ရှိလာနိုင်တယ်။ အဲဒီအခါ အကြီးအကဲနှစ်ယောက်က သူနဲ့ တွေ့ဆုံပြီး သူ့ရဲ့ ဘုရားရေးရာ တိုးတက်မှုကို အသေအချာ လေ့လာစိစစ်ပါလိမ့်မယ်။ အရည်အချင်း ပြည့်မီတယ်ဆိုရင် “[ဘယ်သူဘယ်ဝါ] ကို နှစ်ခြင်းမခံသေးတဲ့ ကြေညာသူတစ်ယောက်အဖြစ် ပြန်အသိအမှတ်ပြုပါတယ်” လို့ အတိုချုပ် ကြေညာပါလိမ့်မယ်။

ငြိမ်သက်သန့်ရှင်းတဲ့ ဝတ်ပြုရေးကို ယေဟောဝါ ကောင်းချီးပေး

၄၁ ဒီနေ့ခေတ်မှာ ဘုရားသခင့် အသင်းတော်နဲ့ ပူးပေါင်းနေသူအားလုံးဟာ မိမိလူမျိုးကို ဘုရားပေးထားတဲ့ ဘုရားရေးရာ ကြွယ်ဝမှု အခြေအနေကို ပျော်မွေ့ခံစားနိုင်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ပုံဆောင်စားကျက်ဟာ စိမ်းလန်းနေတယ်။ လန်းဆန်းစေတဲ့ အမှန်တရားရေကိုလည်း အလျှံပယ် ရရှိနေကြတယ်။ ခရစ်တော်ရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ ဘုရားသခင့် အစီအစဉ်ကတစ်ဆင့် ယေဟောဝါရဲ့ ဂရုစိုက်စောင့်ရှောက်မှုကို ကျွန်တော်တို့ ခံစားနေကြရတယ်။ (ဆာ. ၂၃။ ဟေရှာ. ၃၂:၁၊ ၂) ဒုက္ခပြည့်နှက်နေတဲ့ ဒီနောက်ဆုံးကာလမှာ ပုံဆောင် ပရဒိသုထဲ ရောက်ရှိနေတဲ့အတွက် လုံခြုံမှု ခံစားနေကြရတယ်။

အသင်းတော်ရဲ့ ငြိမ်သက်မှုနဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းခြင်းအားဖြင့် နိုင်ငံတော် အမှန်တရား အလင်းကို ဆက်ထွန်းလင်းနေကြပါမယ်

၄၂ အသင်းတော်ရဲ့ ငြိမ်သက်မှုနဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းခြင်းအားဖြင့် နိုင်ငံတော် အမှန်တရား အလင်းကို ဆက်ထွန်းလင်းနေကြပါမယ်။ (မ. ၅:၁၆။ ယာ. ၃:၁၈) ယေဟောဝါရဲ့ ကောင်းချီးကြောင့် ဘုရားသခင်ကို နောက်ထပ် လူများစွာ သိလာပြီး အလိုတော် ထမ်းဆောင်ဖို့ ကျွန်တော်တို့နဲ့ ပူးပေါင်းလာတာ တွေ့မြင်ရတဲ့ ပျော်ရွှင်မှုကို ကျွန်တော်တို့ ခံစားကြရပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ