အခန်း ၂၂
တပည့်တော်လေးဦး ခေါ်တော်မူခြင်းခံရ
ကြီးပြင်းလာရာနာဇရက်မြို့တွင် ယေရှုအသက်ဘေးမှလွတ်မြောက်ပြီးနောက် ဂါလိလဲပင်လယ်အနီးရှိ ကပေရနောင်မြို့သို့ကိုယ်တော်ထွက်ခွာလေသည်။ ယင်းကဟေရှာယပရောဖက်ပြုချက် တစ်ခုကို ပြည့်စုံစေသည်။ အလင်းရောင်ကိုဂါလိလဲအနီးရှိသူတို့ မြင်ရကြမည်ဟု ကြိုတင်ဟောထားချက်ဖြစ်၏။
အလင်းပေးသောနိုင်ငံတော်သတင်းဟောခြင်းလုပ်ငန်းကို ဤနေရာတွင်ယေရှုပြုလုပ်စဉ် တပည့်တော်လေးဦးကိုတွေ့လေသည်။ ယခင်ကယေရှုနှင့်ခရီးထွက်ခဲ့သော်လည်း ယုဒပြည်မှယေရှုနှင့်အတူ ပြန်လာခဲ့ချိန်တွင် တံငါလုပ်ငန်းကို ပြန်လုပ်ခဲ့သူတို့ဖြစ်ကြသည်။ မိမိမရှိသည့်အခါ ဓမ္မအမှုကိုမှန်မှန်ဆက်ဆောင်ရွက်ရန် လေ့ကျင့်ပေးဘို့ သူတို့ကိုယေရှုယခုရှာဖွေခြင်းဖြစ်မည်။
ပင်လယ်ကမ်းခြေ၌ယေရှုသွားလာစဉ် ရှိမုန်ပေတရုနှင့်သူ၏အဖေါ်တို့ ပိုက်ကွန်များဆေးကြောနေသည်ကိုမြင်သည်နှင့် သူတို့ထံသို့သွား၍ ပေတရု၏လှေပေါ်တက်ပြီး ကမ်းခွာခိုင်းလေသည်။ အနည်းငယ်ကမ်းခွာပြီးနောက် လှေထဲ၌ယေရှုထိုင်လျက် ကမ်းခြေရှိလူအုပ်ကို စတင်သွန်သင်ပေးလေသည်။
ထိုနောက်ပေတရုအား ယေရှုဤသို့ဆိုသည်။ ‘ရေနက်ရာသို့ခွာထွက်လော့၊ ငါးများဖမ်းမိစေရန် သင်တို့အဖေါ်များ၏ကွန်များကိုချလော့။’
ရှိမုန်က ‘သခင်၊ အကျွန်ုပ်တို့သည်တစ်ညလုံး ကြိုးစား၍ငါးများကိုဖမ်းပါသော်လည်း ငါးတစ်ကောင်ကိုမျှမမိကြပါ။ သို့ရာတွင်ကိုယ်တော်အမိန့်အရ ပိုက်များကိုကျွန်ုပ်ချပါမည်။’
ပိုက်များချလိုက်သော်၊ ငါးများလွန်းသဖြင့် ပိုက်များစုတ်လုမတတ်ရှိ၏။ အဖေါ်တံငါသည်များကို လာကူညီရန်အချက်ပြလေသည်။ လှေနစ်စင်းပြည့်အောင် ငါးများကိုထည့်ကြရာ လှေများနှစ်လုမတတ်ရှိ၏။ ယင်းကိုရှိမုန်ပေတရုမြင်၍ ယေရှုရှေ့ပျပ်ဝပ်ကာ “အရှင်သခင်၊ အကျွန်ုပ်သည်အပြစ်ကျူးသူဖြစ်ပါ၏။ အကျွန်ုပ်ထံမှကြွသွားတော်မူပါ” ဟုဆိုသည်။
“မကြောက်နှင့်။ ယခုမှစ၍သင်တို့သည် လူဖမ်းတံငါများဖြစ်ကြမည်” ဟုယေရှုဆို၏။
ပေတရုညီအန္ဒြေကိုလည်း ယေရှုဖိတ်ခေါ်သည်။ “လာကြ။ ငါ့နောက်သို့လိုက်ကြ။ သင်တို့ကိုလူဖမ်းတံငါများဖြစ်စေမည်” ဟုတိုက်တွန်းသည်။ သူတို့၏တံငါအဖေါ်ဇေဗေဒဲ၏သား ယာကုပ်နှင့်ယောဟန်တို့ကိုလည်း ထပ်တူဖိတ်ခေါ်ခဲ့ရာ သူတို့ချက်ချင်းလက်ခံသည်။ သူတို့လေးဦးစလုံး တံငါလုပ်ငန်းကိုစွန့်ပြီး ဦးဆုံးယေရှုနောက်အစဉ်လိုက်သူဖြစ်လာကြသည်။ လုကာ ၅:၁-၁၁။ မဿဲ ၄:၁၃-၂၂။ မာကု ၁:၁၆-၂၀။ ဟေရှာယ ၉:၁-၂။
▪ မိမိနောက်လိုက်ရန် တပည့်တော်များကို ယေရှုအဘယ်ကြောင့် ခေါ်တော်မူသနည်း။ သူတို့ကား အဘယ်သူများနည်း။
▪ အဘယ်အံ့ဖွယ်ရာသည် ပေတရုအား ကြောက်လန့်စေသနည်း။
▪ တပည့်တော်များအား အဘယ်တံငါလုပ်ငန်းကို လုပ်ကိုင်ရန်ယေရှုဖိတ်ခေါ်သနည်း။