လူကိုဖမ်းသောတံငါများအဖြစ် ထမ်းဆောင်ခြင်း
“ယေရှုကလည်း ‘ကြောက်ရွံ့ ခြင်းမရှိနှင့်။ သင်သည်ယခုမှစ၍ လူတို့ကိုဖမ်းမိသောသူဖြစ်လိမ့်မည်’ ဟုမိန့်တော်မူ၏။”—လုကာ ၅:၁၀။
၁၊ ၂။ (က) လူ့သမိုင်းတွင် ငါးဖမ်းခြင်းလုပ်ငန်းသည် မည်သည့်အခြေအနေ၌ရှိခဲ့သနည်း။ (ခ) လွန်ခဲ့သောအနှစ် ၂၀၀၀ နီးပါးက အဘယ်ငါးဖမ်းခြင်းလုပ်ငန်းအသစ်တစ်မျိုးကို စတင်ခဲ့သနည်း။
ကမ္ဘာ့မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်သမုဒ္ဒရာတို့တွင် လူသားများသည် နှစ်ပေါင်းများစွာ အစာအတွက်ငါးဖမ်းခဲ့ကြသည်။ ရှေးအီဂျစ်နိုင်ငံတွင် နိုင်းလ်မြစ်မှဖမ်းမိသောငါးသည် အစာအတွက်အရေးပါခဲ့သည်။ မောရှေခေတ်က နိုင်းလ်မြစ်ရေသည် သွေးဖြစ်သွားသောအခါ ရေရှားပါးခဲ့သည်သာမက ငါးများသေကျေပျက်စီးကုန်သဖြင့် အစာရေစာပါရှားပါးလာလေသည်။ နောင်တွင် သိနာအရပ်၌ ဣသရေလလူမျိုးအား ပညတ်တရားကိုယေဟောဝါပေးခဲ့သောခါ ငါးအချို့ကိုစားနိုင်သော်လည်း အခြားငါးမူကား မသန့်ရှင်းသောကြောင့်မစားကြရန် တားမြစ်ခဲ့သည်။ ယင်းကြောင့် ကတိထားရာပြည်သို့ရောက်ကြသည့်အခါ ငါးကိုသုံးဆောင်ကြမည်ဖြစ်သဖြင့် ဣသရေလလူမျိုးအချို့သည် တံငါများဖြစ်လိမ့်မည်အကြောင်းတင်ပြပါသည်။—ထွက်မြောက်ရာ ၇:၂၀၊ ၂၁။ ဝတ်ပြုရာ ၁၁:၉-၁၂။
၂ သို့ရာတွင်လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က တံငါလုပ်ငန်းအခြားတစ်မျိုးကိုစတင်ခဲ့သည်။ ယင်းက တံငါသည်များကိုသာမက ငါးတို့ကိုပါ အကျိုးပြုမည့် ဝိညာဏတံငါလုပ်ငန်းဖြစ်သည်။ ဤကဲ့သို့သောတံငါလုပ်ငန်းကို ယနေ့ထမ်းဆောင်နေသေး၍ ကမ္ဘာချီ သန်းပေါင်းများစွာသောသူတို့အား များစွာအကျိုးပြုနေပါသည်။
“လူတို့ကိုဖမ်းမိခြင်း”
၃၊ ၄။ အဘယ်တံငါသည်နှစ်ဦး ယေရှုခရစ်ကိုအထူးစိတ်ဝင်စားခဲ့သနည်း။
၃ စီအီး ၂၉ တွင်ဤတံငါလုပ်ငန်းအသစ်ကိုစတင်သူယေရှုအား နှစ်ခြင်းဆရာယောဟန်သည် ယော်ဒန်မြစ်တွင် နှစ်ခြင်းပေးခဲ့သည်။ နောင်ရက်သတ္တပတ်အနည်းငယ်အကြာတွင် မိမိ၏တပည့်နှစ်ဦးအား ယေရှုကိုညွှန်ပြကာ ယောဟန်က “ဘုရားသခင်၏သိုးသငယ်ကိုကြည့်လော့” ဟုဆိုသည်။ အန္ဒြေအမည်ရှိသောတပည့်ဖြစ်သူတစ်ဦးက အစ်ကိုရှိမုန်ပေတရုအား “ငါတို့သည် မေရှိကိုတွေ့ကြပြီ” ဟုချက်ချင်းပြောပြသည်။ စိတ်ဝင်စားစရာကား အန္ဒြေနှင့်ရှိမုန်တို့သည် တံငါသည်များဖြစ်ကြ၏။—ယောဟန်၊ ၁:၃၅၊ ၃၆၊ ၄၀၊ ၄၁။ မဿဲ ၄:၁၈။
၄ နောင်အတန်ကြာလေသော် ပေတရုနှင့်အန္ဒြေနေထိုင်သည့်နေရာနှင့် မနီးမဝေး ဂါလိလဲပင်လယ်တွင် လူအုပ်အား ယေရှုဟောပြောနေသည်။ ကိုယ်တော်က လူတို့အား “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” ဟုမိန့်ဆိုသည်။ (မဿဲ ၄:၁၃၊ ၁၇) ကိုယ်တော်၏တရားတော်ကို ပေတရုနှင့်အန္ဒြေတို့ ကြားနာလိုစိတ်ရှိမည်အမှန်။ သို့သော်သူတို့အသက်တာကို ထာဝစဉ်ပြောင်းလဲစေမည့်အကြောင်း ယေရှုပြောလိမ့်မည်ကိုကား သူတို့မသိမှတ်ခဲ့ချေ။ ထို့ပြင်သူတို့ရှေ့ယေရှုပြောဆိုပြုမူလေသမျှသည် ယနေ့ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးလိမ့်မည်ဖြစ်သည်။
၅။ တံငါသည်ပေတရုသည် ယေရှုအတွက် အဘယ်နည်းဖြင့်အကျိုးဆောင်ရွက်ပေးနိုင်ခဲ့သနည်း။
၅ ကျွန်ုပ်တို့ဖတ်ရသည်ကားဤသို့။ “တစ်ရံရောအခါ ဂင်္နေသရက်အိုင်နားမှာရပ်တော်မူ၍ လူများတို့သည် ဘုရားသခင်၏နှုတ်ကပါဌ်တရားကိုနားထောင်ခြင်းငှာ ကိုယ်တော်အနီးသို့တိုးဝင်ကြစဉ်တွင် ကမ်းနားမှာဆိုက်သောလှေနှစ်စင်းကိုမြင်တော်မူ၏။ တံငါတို့သည် လှေထဲကထွက်၍ ပိုက်ကွန်တို့ကိုဆေးလျှော်လျက်နေကြ၏။” (လုကာ ၅:၁၊ ၂) ထိုအချိန်က တံငါသည်များသည် ညဉ့်အခါငါးဖမ်းလေ့ရှိရာ တစ်ညဉ့်လုံးငါးဖမ်းပြီး၍ပိုက်ကွန်များကိုဆေးကြောသန့်ရှင်းပေးနေခြင်းဖြစ်သည်။ လူအုပ်အား ပိုမိုထိရောက်စွာဟောပြောခြင်းငှာ သူတို့၏လှေတစ်စင်းကိုအသုံးပြုရန် ယေရှုဆုံးဖြတ်ပါသည်။ “ထိုလှေတို့တွင် ရှိမုန်၏လှေထဲသို့ဝင်တော်မူပြီးလျှင် လှေကိုကမ်းနားမှာ အနည်းငယ်ခွာဖွင့်စေခြင်းငှာ ရှိမုန်ကိုအခွင့်တောင်းတော်မူ၏။ ထိုလှေပေါ်မှာထိုင်လျက် လူများတို့ကိုဆုံးမသြဝါဒပေးတော်မူ၏။”—လုကာ ၅:၃။
၆၊ ၇။ ငါးဖမ်းခြင်းနှင့်ဆိုင်သည့် အဘယ်အံ့ဖွယ်ရာကိုယေရှုပြုခဲ့ရာ ငါးဖမ်းခြင်းအကြောင်း မည်သို့ပြောစရာအကြောင်းပေါ်လာသနည်း။
၆ လူအုပ်ကိုသွန်သင်ပေးလိုသည့်အပြင် အခြားအကြံအစည်လည်းယေရှု၌ရှိကြောင်း သတိပြုပါ။ “စကားတော်ပြတ်သောအခါ၊ ‘ရေနက်ရာအရပ်သို့ရွှေ့ ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့’ ဟုရှိမုန်အားမိန့်တော်မူ၏။” ဤတံငါသည်များသည်တစ်ညဉ့်လုံး လုပ်ဆောင်နေသည်ကိုသတိရပါလေ။ ရှိမုန်ကလည်း “သခင်၊ အကျွန်ုပ်တို့သည် တစ်ညဉ့်လုံးကြိုးစားသော်လည်း တစ်ကောင်ကိုမျှမရပါ။ သို့ရာတွင်အမိန့်တော်ရှိလျှင် ပိုက်ကွန်ကိုချပါမည်” ဟုလျှောက်လေ၏။ ထိုသို့ချကြပြီးလျှင် မည်သို့ဖြစ်သနည်း။ “အလွန်များစွာသောငါးတို့ကိုအုပ်မိသဖြင့် ပိုက်ကွန်သည်စုတ်ပြတ်စရှိ၏။ အခြားသောလှေတစ်စင်း၌ရှိသောအပေါင်းအဖော်တို့သည် လာ၍ကူညီစေခြင်းငှာ သူတို့ကိုအမှတ်ပေးသဖြင့် သူတို့သည်လာ၍ လှေနှစ်စင်းနစ်လုမတတ် ငါးနှင့်ပြည့်စေကြ၏။”—လုကာ ၅:၄-၇။
၇ အံ့သြဖွယ်ကို ယေရှုပြုခြင်းဖြစ်သည်။ ပင်လယ်ပြင်တွင် တစ်ညဉ့်လုံးငါးလုံးဝမရှိခဲ့၍ ယခုမူ ငါးတို့နှင့်ပေါများပြည့်နှက်နေသည်။ ဤအံ့ဖွယ်ရာသည် ပေတရုအား များစွာစိတ်လှုပ်ရှားစေခဲ့သည်။ “ရှိမုန်ပေတရုသည်မြင်လျှင် ယေရှု၏ပုဆစ်တော်ကိုဦးတိုက်၍ ‘သခင်၊ အကျွန်ုပ်သည်အပြစ်များသောသူဖြစ်ပါ၏။ အကျွန်ုပ်ဆီမှကြွသွားတော်မူပါ’ ဟုလျှောက်လေ၏။ အဘယ်ကြောင့်ဤသို့လျှောက်သနည်းဟူမူကား အုပ်မိသောငါးများကိုထောက်သဖြင့် ရှိမုန်နှင့်သူ၏အပေါင်းအဖော်ဇေဗေဒဲ၏သား ယာကုပ်နှင့်ယောဟန်မှစ၍ ရှိမုန်နှင့်ပါသမျှသောသူတို့သည် မိန်းမောတွေဝေခြင်းရှိကြ၏။” ယေရှုသည် ပေတရုအား စိတ်အေးသွားစေပြီးနောက် ပေတရုဘဝကိုပြောင်းလဲစေသောစကားများကို မိန့်မြွက်တော်မူသည်။ “ကြောက်ရွံ့ ခြင်းမရှိနှင့်။ သင်သည်ယခုမှစ၍ လူတို့ကိုဖမ်းမိသောသူဖြစ်လိမ့်မည်။”—လုကာ ၅:၈-၁၀။
လူတို့ကိုဖမ်းမိသောသူ
၈။ ‘လူတို့ကိုမျှား’ ရန်ဖိတ်ခေါ်ခံရသည့်အခါ တံငါလုပ်ငန်းဖြင့်အသက်မွေးသူလေးဦး မည်သို့တုံ့ပြန်ခဲ့သနည်း။
၈ ဤနည်းဖြင့် လူကိုငါးနှင့်ယေရှုခိုင်းနှိုင်းပြီး လူကိုအရှင်လတ်လတ်ဖမ်းခြင်းဖြစ်သည့် သာ၍ကြီးမြတ်သောတံငါလုပ်ငန်းအတွက် သူ၏ဝမ်းစာလုပ်ငန်းကိုစွန့်လွှတ်ရန် ဤနှိမ့်ချသောတံငါသည်အား ကိုယ်တော်ဖိတ်ခေါ်နေခြင်းဖြစ်သည်။ ပေတရုနှင့်အန္ဒြေတို့သည် ကိုယ်တော်၏ကမ်းလှမ်းချက်ကိုလက်ခံကာ “ချက်ချင်းပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။” (မဿဲ ၄:၁၈-၂၀) ထိုနောက်လှေတွင်ပိုက်ကွန်များကိုပြုပြင်နေသော ယာကုပ်နှင့်ယောဟန်တို့ကိုလည်း လူကိုဖမ်းသောတံငါများဖြစ်ရန် ယေရှုဖိတ်ခေါ်လေသည်။ သူတို့မည်သို့တုံ့ပြန်ကြသနည်း။ “ထိုသူတို့သည်လည်း ချက်ချင်းအဘနှင့်လှေကိုစွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။” (မဿဲ ၄:၂၁၊ ၂၂) ဤအကြိမ်တွင် လူလေးဦးကိုယေရှုဖမ်းမိခဲ့ရာ လူဖမ်းသောတံငါတစ်ဦးအဖြစ် ယေရှုကျွမ်းကျင်လိမ္မာကြောင်းဖော်ပြပါသည်။
၉၊ ၁၀။ ပေတရုနှင့်သူ၏အပေါင်းအသင်းများသည် ယုံကြည်ခြင်းကိုအဘယ်နည်းဖြင့်တင်ပြကြသနည်း။ ဝိညာဏငါးဖမ်းခြင်းလုပ်ငန်းတွင် သူတို့မည်သို့လေ့ကျင့်ပေးခြင်းခံရသနည်း။
၉ မိမိဖမ်းမိရာကိုရောင်းခြင်းအားဖြင့် တံငါသည် အသက်မွေးသည်မှန်သော်လည်း ဝိညာဏတံငါသည်မူကား ထိုသို့မပြုလုပ်နိုင်ပါ။ ယင်းကြောင့်ယေရှုနောက်တော်သို့လိုက်ခြင်းငှာ အရာခပ်သိမ်းကိုစွန့်လွှတ်ကြခြင်းဖြင့် ဤတပည့်တော်များသည် ယုံကြည်ခြင်းကြီးမားကြောင်းတင်ပြကြသည်။ သူတို့၏ဝိညာဏတံငါလုပ်ငန်း အောင်မြင်လိမ့်မည်ကိုလည်း သူတို့စိတ်ချကြသည်။ ငါးကင်းမဲ့နေသောရေတွင် ငါးပေါများစေရန် ယေရှုပြုလုပ်ပေးနိုင်ခဲ့ပေပြီ။ ထိုနည်းတူစွာဣသရေလလူမျိုးရေအလယ် သူတို့ပိုက်ကွန်ချသည့်အခါ ဘုရားသခင့်အကူအညီဖြင့် လူတို့ကို အရှင်လတ်လတ်ဖမ်းမိရလိမ့်မည်ဟု တပည့်တော်များစိတ်ချနိုင်ကြပါသည်။ ထိုအချိန်ကစတင်ခဲ့သော ဝိညာဏတံငါလုပ်ငန်းကို ဆက်လုပ်ကိုင်နေဆဲရှိ၍ ယခုထိတိုင် ယေဟောဝါရှင်သည် များစွာအကျိုးဖြစ်ထွန်းစေနေဆဲရှိသည်။
၁၀ ထိုတပည့်တော်များသည် လူကိုဖမ်းတတ်ရန် နှစ်နှစ်ကျော်ကျော်ယေရှုသင်တန်းပေးခဲ့သည်။ တစ်ချိန်တွင် အသေအချာမှာကြားပြီးနောက် မိမိရှေ့ဟောပြောရန် စေလွှတ်တော်မူခဲ့သည်။ (မဿဲ ၁၀:၁-၇။ လုကာ ၁၀:၁-၁၁) ယေရှုသစ္စာဖောက်ခံရ၍ အသတ်ခံရသောအခါ တပည့်တော်များထိတ်လန့်သွားကြသည်။ သို့သော်ယေရှုသေဆုံးသွားသည့်အတွက် လူကိုမဖမ်းဘဲနေကြရတော့မည်လော။ ဖြစ်ပျက်လာသည့်ကိစ္စတို့မှ များမကြာမီအဖြေပေါ်လေသည်။
လူ့လောကပင်လယ်တွင် တံငါလုပ်ငန်းလုပ်ကိုင်ခြင်း
၁၁၊ ၁၂။ ရှင်ပြန်ထမြောက်ပြီးနောက် ငါးဖမ်းခြင်းနှင့်စပ်လျဉ်းသည့် အဘယ်အံ့ဖွယ်ရာကို ယေရှုပြုတော်မူသနည်း။
၁၁ ယေရုရှလင်မြို့ပြင်တွင်ယေရှုသေဆုံးပြီး၊ ရှင်ပြန်ထမြောက်သည့်နောက် မကြာမီအချိန်တွင် တပည့်တော်များသည် ဂါလိလဲပြည်သို့ပြန်သွားကြသည်။ တစ်ကြိမ်တွင် တပည့်တော်ခုနစ်ဦး ဂါလိလဲပင်လယ်အနီး၌ စုဝေးနေကြသည်။ ပေတရုကငါးဖမ်းသွားမည်ဟုဆိုသည်နှင့် အခြားသူတို့ကလည်း အတူလိုက်သွားကြ၏။ ထုံးစံရှိသည်အတိုင်း ညဉ့်အခါတွင် သူတို့ငါးဖမ်းကြသည်။ ဤအကြိမ်တွင်လည်း တစ်ညဉ့်လုံးငါးတစ်ကောင်မျှမမိဘဲဖြစ်ပြန်သည်။ အရုဏ်တက်သည့်အခါ ကမ်းနားမှလူတစ်ဦးသည် သူတို့အား “ချစ်သားတို့၊ စားစရာတစ်စုံတစ်ခုရှိသလော” ဟုလှမ်းမေးမြန်းသည်။ တပည့်တော်များက “မရှိပါ” ဟုပြန်ဖြေသည်။ သို့နှင့်ကမ်းနားတွင်ရပ်နေသူကား “‘လှေလက်ယာဘက်၌ ပိုက်ကွန်ကိုပစ်ချလော့။ ထိုသို့ပြုလျှင် ရလိမ့်မည်’ ဟုမိန့်တော်မူသည်အတိုင်း ထိုသူတို့သည်ပစ်ချ၍ များစွာသောငါးတို့ကိုအုပ်မိသောကြောင့် ပိုက်ကွန်ကိုဆွဲ၍မရနိုင်။”—ယောဟန် ၂၁:၅၊ ၆။
၁၂ တကယ်အံ့အားသင့်စရာပါတကား။ တပည့်တော်များကလည်း ထပ်တူအံ့ဖွယ်ရာကိုမှတ်မိကြပြီး ကမ်းနားတွင်ရှိသူသည် မည်သူမည်ဝါဖြစ်ကြောင်း အနည်းဆုံးတစ်ဦးကရိပ်မိပါသည်။ “ထိုအခါယေရှုချစ်တော်မူသောတပည့်တော်က ‘ငါတို့သခင်ပေတည်း’ ဟုပေတရုအားပြောဆို၏။ သခင်ဖြစ်ကြောင်းကိုရှိမုန်ပေတရုသည်ကြားလျှင် အဝတ်ကိုမခြုံဘဲရှိလျက် အပေါ်အင်္ကျီကိုသာဝတ်စည်း၍ အိုင်ထဲသို့ဆင်းလေ၏။ အခြားသောတပည့်တော်တို့သည် ကမ်းနှင့်မနီးမဝေးအလံငါးဆယ်လောက်ကွာသည်ဖြစ်၍ ငါးများနှင့်ပိုက်ကွန်ကိုဆွဲငင်လျက် လှေစီး၍လာကြ၏။”—ယောဟန် ၂၁:၇၊ ၈။
၁၃။ ကောင်းကင်သို့ယေရှုတက်ကြွပြီးနောက် အဘယ်အပြည်ပြည်ဆိုင်ရာတံငါလုပ်ငန်းစတင်ခဲ့သနည်း။
၁၃ ဤအံ့ဖွယ်ရာက အဘယ်အရာကိုတင်ပြသနည်း။ လူကိုဖမ်းသည့်တံငါလုပ်ငန်း မပြီးပြတ်သေးကြောင်းဖြစ်သည်။ ပေတရုမှတစ်ဆင့် တပည့်အားလုံးသိစေရန် ယေရှု၏သိုးများကိုကျွေးမွေးပေးပါဟု ပေတရုအားယေရှုသုံးကြိမ်တိုင်မှာကြားခဲ့ခြင်းဖြင့် ဤအချက်ကိုအလေးအနက်ပေါ်လွင်စေခဲ့သည်။ (ယောဟန် ၂၁:၁၅-၁၇) မှန်သည်။ ဝိညာဏကျွေးမွေးခြင်းအစီအစဉ်ရှိနေပါ၏။ ကိုယ်တော်မသေမီက ဤသို့ပရောဖက်ပြုတော်မူခဲ့သည်။ “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရား [သတင်းကောင်း၊ ကဘ] ကိုလောကီနိုင်ငံရှိသမျှတို့၌ဟောရလိမ့်မည်။” (မဿဲ ၂၄:၁၄) ပထမရာစုတွင် ထိုပရောဖက်ပြုချက်စတင်ပြည့်စုံရမည့်အချိန် ယခုကျရောက်ခဲ့ပေပြီ။ တပည့်တော်များသည် လူ့လောကပင်လယ်သို့ သူတို့ပိုက်ကွန်များကိုပစ်ချလုပြီဖြစ်၍ ဘာမျှမဖမ်းမိဘဲဖြစ်ရလိမ့်မည်မဟုတ်ပါ။—မဿဲ ၂၈:၁၉၊ ၂၀။
၁၄။ ယေရုရှလင်မြို့မပျက်စီးမီနှစ်များအတွင်း ယေရှုနောက်လိုက်များ၏လူကိုမျှားခြင်းသည် အဘယ်နည်းဖြင့်ကောင်းချီးခံစားရသနည်း။
၁၄ ကောင်းကင်ရှိခမည်းတော်၏ပလ္လင်သို့ယေရှုမတက်ကြွမီ တပည့်နောက်လိုက်တို့အား ကိုယ်တော်ဤသို့မိန့်တော်မူသည်။ “သင်တို့အပေါ်သို့သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်။” (တမန်တော် ၁:၈) စီအီး ၃၃ ပင်တေကုတ္တေပွဲနေ့တွင် တပည့်တော်များအပေါ် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခံရသောအခါ ကြီးမားသောဝိညာဏတံငါလုပ်ငန်းသည် အပြည်ပြည်ဆိုင်ရာသို့တိုးချဲ့သွားလေသည်။ ပင်တေကုတ္တေပွဲနေ့တစ်နေ့တည်းတွင်ပင် လူသုံးထောင်ကိုဖမ်းမိ၍ များမကြာမီအချိန် “အရေအတွက်အားဖြင့် လူငါးထောင်မျှလောက်ရှိကြ၏။” (တမန်တော် ၂:၄၁။ ၄:၄) ဆက်၍လည်းတိုးတက်နေကြောင်း မှတ်တမ်းကဤသို့ဆိုသည်။ “သခင်ဘုရား၌ယုံကြည်သောယောက်ျား၊ မိန်းမ အပေါင်းတို့သည် သင်းဝင်ကြ၏။” (တမန်တော် ၅:၁၄) များမကြာမီအချိန်တွင် ရှမာရိအမျိုးသားများသတင်းကောင်းကိုလက်ခံကြသည်။ ထိုနောက်တွင် အရေဖျားမလှီးသောတစ်ပါးအမျိုးသားများပါ လက်ခံကြပြန်သည်။ (တမန်တော် ၈:၄-၈။ ၁၀:၂၄၊ ၄၄-၄၈) ပင်တေကုတ္တေပွဲပြီး၍ ၂၇ နှစ်ခန့်အကြာတွင် “ကောင်းကင်အောက်၌ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြော” ခဲ့ပြီဟု ကောလောသဲမြို့မှခရစ်ယာန်များထံ တမန်တော်ပေါလုစာရေးခဲ့သည်။ (ကောလောသဲ ၁:၂၃) ဂါလိလဲအိုင်နှင့်အလှမ်းဝေးသောအရပ်များတွင် ယေရှု၏တပည့်တော်များ တံငါလုပ်ငန်းလုပ်ခဲ့ကြကြောင်း ထင်ရှားပါသည်။ မျှော်လင့်ချက်ရှိဟန်မတူသော ဂျူးမဟုတ်သူတို့၏ပင်လယ်တွင်အပါအဝင် ရောမအင်ပါယာတစ်လျှောက် ပျံ့နှံ့နေသောဂျူးများအလယ် သူတို့ပိုက်ကွန်များပစ်ချခဲ့ကြရာ ပိုက်ကွန်အပြည့်ဖမ်းမိသည်ကို တွေ့ရှိရ၏။ ပထမရာစုခရစ်ယာန်များအတွက် မဿဲ ၂၄:၁၄ ပါယေရှု၏ပရောဖက်ပြုချက်သည် စီအီး ၇၀ ယေရုရှလင်မြို့မပျက်စီးမီ ပြည့်စုံခဲ့ပါသည်။
“သခင်ဘုရားနေ့ရက်” တွင်လူတို့ကိုမျှားခြင်း
၁၅။ ဗျာဒိတ်ကျမ်းတွင် အခြားအဘယ်ငါးဖမ်းခြင်းလုပ်ငန်းကို ပရောဖက်ပြုထားသနည်း။ အဘယ်အချိန်တွင်ထမ်းဆောင်ရဖို့ဖြစ်သနည်း။
၁၅ သို့ရာတွင် ထိုထက်လုပ်ရဦးမည်။ ပထမရာစုကုန်ခါနီးတွင် “သခင်ဘုရားနေ့ရက်” အတွင်းဖြစ်ပျက်မည့်အရာတို့ကို တမန်တော်များအနက် နောက်ဆုံးအသက်ရှင်ကျန်ရစ်သူယောဟန်အား ယေဟောဝါဗျာဒိတ်ရူပါရုံပေးတော်မူသည်။ (ဗျာဒိတ် ၁:၁၊ ၁၀) ထူးခြားသောလက္ခဏာတစ်ခုမှာ ကမ္ဘာတစ်လွှားသတင်းကောင်းပြောကြားခြင်းဖြစ်သည်။ ဤသို့ကျွန်ုပ်တို့ဖတ်ရ၏။ “မြေကြီးပေါ်မှာနေသောသူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကိုဟောရသောကောင်းကင်တမန်တစ်ပါး . . . ကိုငါမြင်၏။” (ဗျာဒိတ် ၁၄:၆) ကောင်းကင်တမန်၏ညွှန်ကြားချက်အောက်တွင် ရောမအင်ပါယာတစ်လျှောက်သာမက လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဘုရားသခင့်၏ကျေးကျွန်များသည် သတင်းကောင်းကိုဟောပြောကြလိမ့်မည်။ ကမ္ဘာချီလူကိုမျှားသောလုပ်ငန်းကိုလုပ်ကိုင်ကြရမည်ဖြစ်၍ ထိုရူပါရုံပြည့်စုံခြင်းကို ကျွန်ုပ်တို့ခေတ်၌တွေ့ မြင်ကြရမည်။
၁၆၊ ၁၇။ နောက်ပိုင်းဝိညာဏငါးဖမ်းခြင်းလုပ်ငန်းကို အဘယ်အချိန်တွင်စတင်ခဲ့သနည်း။ ယင်းကိုယေဟောဝါမည်သို့ကောင်းချီးပေးခဲ့ပြီနည်း။
၁၆ ဤ ၂၀ ရာစုအတွင်းလူကိုမျှားခြင်းလုပ်ငန်းသည် မည်သို့ရှိသနည်း။ အစကနဦး၌ တံငါသည်များ အတော်အတန်နည်းခဲ့သည်။ ပထမကမ္ဘာစစ်အပြီးတွင် အများအားဖြင့်ဘိသိက်ခံဖြစ်သော ဇွဲလုံ့လရှိအမျိုးသား၊ အမျိုးသမီးလေးထောင်ခန့်သာ သတင်းကောင်းကိုတက်ကြွစွာဟောပြောခဲ့သည်။ ယေဟောဝါလမ်းဖွင့်ပေးသမျှနေရာတွင် သူတို့ပိုက်ကွန်များပစ်ချခဲ့ရာ လူများစွာကိုမျှားနိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက် လူကိုမျှားဖို့အတွက် နယ်မြေနှင့်နည်းလမ်းအသစ်တို့ကို ယေဟောဝါဖွင့်ပေးတော်မူ၏။ ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်းဆင်းဖြစ်သည့် သာသနာပြုများသည် နိုင်ငံများစွာတွင် လုပ်ငန်းတော်ကိုတပ်ဦးတပ်ဖျားမှ ဆောင်ရွက်လုပ်ကိုင်ခဲ့သည်။ အစပထမ၌အကျိုးဖြစ်ထွန်းပုံမရှိသော ဂျပန်ပြည်၊ အီတလီပြည်၊ စပိန်နိုင်ငံတို့တွင် လူများစွာကိုစုစည်းရိတ်သိမ်းနိုင်ခဲ့၏။ အရှေ့ဥရောပနိုင်ငံများတွင်လည်း လူကိုမျှားခြင်းလုပ်ငန်းသည် များစွာအောင်မြင်မှုရှိကြောင်း မကြာမီကသိရှိခဲ့ရပြီ။
၁၇ ယနေ့နိုင်ငံများစွာတွင် ပိုက်ကွန်များစုတ်ပြတ်သွားလုဖြစ်နေပါ၏။ လူများစွာစုရုံးဝင်လာခြင်းကြောင့် အသင်းတော်နှင့်တိုက်နယ်အသစ်များကိုဖွဲ့စည်းပေးရန် လိုအပ်လာပေပြီ။ ဤသူများအဖို့ နိုင်ငံတော်ခန်းမနှင့်စည်းဝေးပွဲခန်းမများ အဆက်မပြတ်ဆောက်လုပ်ပေးနေရသည်။ တိုးများလာသူတို့ကိုကြည့်ရှုပြုစုပေးရန် အကြီးအကဲများနှင့်ဓမ္မအမှုထမ်းများ တိုး၍တိုး၍လိုအပ်နေပါသည်။ ၁၉၁၉ ခုနှစ်တွင် ထိုသစ္စာရှိသူများသည် ကြီးမားသောလုပ်ငန်းတော်ကို စတင်ခဲ့၏။ ဟေရှာယ ၆၀:၂၂ သည် စာသားအတိုင်းပင်ပြည့်စုံလေပြီ။ ထိုတံငါလေးထောင်သည် ယနေ့လူလေးသန်းကျော်ဖြစ်လာသဖြင့် ‘သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်ချေပြီ။’ အဆုံးသည်လည်း မတိုင်သေးချေ။
၁၈။ ပထမရာစုဝိညာဏတံငါများ၏ ပုံသက်သေကောင်းကို မည်သို့အတုယူနိုင်သနည်း။
၁၈ ယင်းတို့အားလုံးသည် ကျွန်ုပ်တို့တစ်ဦးစီအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။ လူကိုမျှားသောတံငါများဖြစ်လာကြရန် ပေတရု၊ အန္ဒြေ၊ ယာကုပ်နှင့်ယောဟန်တို့ဖိတ်ကြားခံကြရသောအခါ “သူတို့သည် ရှိသမျှတို့ကိုစွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏” ဟုကျမ်းစာဖော်ပြသည်။ (လုကာ ၅:၁၁) ယုံကြည်ခြင်းနှင့်ဆက်ကပ်အပ်နှံခြင်းဆိုင်ရာ ပုံသက်သေကောင်းပါတကား။ မည်မျှဆုံးရှုံးခံရဦးတော့ ထပ်တူကိုယ်ကျိုးစွန့်စိတ်ဓာတ်၊ ယေဟောဝါအမှုတော်ထမ်းရန် ထပ်တူပင်အသင့်ရှိစိတ်ဓာတ်ကိုမွေးမြူနိုင်မည်လော။ ထိုသို့ပြုနိုင်ကြသည်ကို သန်းပေါင်းများစွာတင်ပြခဲ့ပြီ။ ပထမရာစုတွင် တပည့်တော်များသည် ယေဟောဝါခွင့်ပြုသမျှနေရာ၌ လူကိုမျှားခဲ့ကြသည်။ ဂျူး သို့မဟုတ် တစ်ပါးအမျိုးသားတို့တွင် ထိမ်ချန်ကွယ်ဝှက်မှုမရှိ တံငါလုပ်ငန်းကိုသူတို့ဆောင်ရွက်ခဲ့သည်။ ကျွန်ုပ်တို့လည်းငဲ့ကွက်စိတ်မရှိလွတ်လွတ်လပ်လပ် လူတိုင်းအားဟောပြောကြစို့။
၁၉။ ကျွန်ုပ်တို့ငါးဖမ်းသောနေရာတွင် တိုးတက်ဟန်မရှိလျှင် ဘာလုပ်ရမည်နည်း။
၁၉ သို့သော်ယခုသင့်ရပ်ကွက်သည် အကျိုးမဖြစ်ထွန်းဟန်ရှိနေလျှင်ကော။ စိတ်ဓာတ်မကျပါနှင့်။ တစ်ညဉ့်လုံးငါးဖမ်း၍မရသောတပည့်တော်များ၏ပိုက်ကွန်တို့ကို ယေရှုပြည့်လျှံစေခဲ့ကြောင်းသတိရပါ။ ဝိညာဏသဘောအရလည်း ထပ်တူပင်ဖြစ်နိုင်သည်။ ဥပမာ၊ အိုင်ယာလန်နိုင်ငံတွင် သစ္စာရှိသက်သေခံများသည် နှစ်ချီကြိုးစားခဲ့ရာတွင် အကျိုးအနည်းငယ်သာရရှိခဲ့၏။ သို့သော်မကြာမီက အပြောင်းအလဲကိုတွေ့မြင်ရသည်။ ၁၉၉၀ လုပ်ငန်းတော်နှစ်၏အဆုံးတွင် အိုင်ယာလန်၌ နှုန်းသစ်များကို ၂၉ လအစဉ်အဆက်မပြတ်ရရှိခဲ့ကြောင်း 1991 Yearbook of Jehovah’s Witnesses ကဖော်ပြထားသည်။ သင့်ရပ်ကွက်တွင်လည်း တစ်နေ့နေ့ထပ်တူပင်တိုးပွားလာပေမည်။ ယေဟောဝါခွင့်ပြုသမျှကာလ ဆက်လက်၍လူကိုမျှားနေကြပါလေ။
၂၀။ လူကိုမျှားခြင်းလုပ်ငန်း၌ အဘယ်အချိန်တွင်ပါဝင်သင့်သနည်း။
၂၀ ဣသရေလနိုင်ငံရှိလူအများစုသည် အိပ်ရာ၌နွေးထွေးနေချိန်ညဉ့်အခါတွင် တံငါသည်များငါးဖမ်းလေ့ရှိကြသည်။ မိမိတို့အတွက် အဆင်ပြေသည့် အချိန်တွင်မဟုတ်ဘဲ ငါးအများဆုံးဖမ်းမိနိုင်မည့်အချိန်တွင် သူတို့ထွက်ကြရသည်။ ကျွန်ုပ်တို့လည်းလူကိုမျှားခြင်းငှာ လူအများအိမ်တွင်ရှိပြီး လက်သင့်ခံနားထောင်မည့် အကောင်းဆုံးအချိန်ကိုစနည်းနာသင့်သည်။ ယင်းကညနေချိန်၊ စနေ၊ တနင်္ဂနွေနေ့များ သို့မဟုတ် အခြားတစ်ချိန်ချိန်တွင်ဖြစ်နိုင်သည်။ မည်သည့်အချိန်အခါပင်ဖြစ်စေကာမူ နှလုံးထားမှန်ရှိသူများကိုရှာတွေ့ရန် အတတ်နိုင်ဆုံးကြိုးစားအားထုတ်ကြစို့။
၂၁။ ကျွန်ုပ်တို့ရပ်ကွက်တွင် အကြိမ်ကြိမ်အမှုဆောင်ခဲ့ပြီဆိုလျှင် ဘာကိုသတိရသင့်သနည်း။
၂၁ ကျွန်ုပ်တို့ရပ်ကွက်တွင် ထပ်ခါတလဲအမှုဆောင်နေရလျှင်ကော။ ငါးဖမ်းခြင်းဖြင့်အသက်မွေးဝမ်းကျောင်းလုပ်သူတို့က မိမိတို့၏ငါးဖမ်းပိုင်နက်တွင် အလွန်အကျွံငါးဖမ်းနေကြသည်ဟု ညည်းတွားကြသည်။ ကျွန်ုပ်တို့၏ဝိညာဏငါးဖမ်းပိုင်နက်တွင်မူ အလွန်အကျွံငါးဖမ်းနေသည်ဟုဆိုနိုင်မည်လော။ အမှန်မှာထိုသို့မဆိုနိုင်ပါ။ ထပ်ခါတလဲပြန်ကျော့ဦးတော့ ရပ်ကွက်များစွာမှ တိုးတက်မှုကိုတွေ့ရှိနေရပါသည်။ အချို့ရပ်ကွက်များတွင် စေ့ငစွာအမှုဆောင်ထားကြသဖြင့် တိုးတက်မှုပိုများပါသည်။ မည်သို့ဆိုစေကာမူ အိမ်များထံမကြာခဏပြန်ရောက်လျှင် လူမတွေ့ခဲ့သောအိမ်များကိုမှတ်သားထားကာ နောင်တစ်ကြိမ်ပြန်သွားဖို့ အထူးဂရုပြုပါ။ အပြန်အလှန်ပြောဆိုစရာအကြောင်းအမျိုးမျိုးကို လေ့လာထားပါ။ မကြာမီအခြားတစ်ဦး တစ်ဖန်ပြန်လည်ပတ်လာဦးမည်ကိုသတိရကာ အိမ်ရှင်ငြီးငွေ့ရသည်ထိ ကြာရှည်မနေပါနှင့်။ အိမ်ရှင်စိတ်တိုစရာကိုလည်း မပြုမိရန်သတိထားပါ။ လမ်းပေါ်လုပ်ငန်းနှင့် အလွတ်သဘောသက်သေခံခြင်းတွင် ပိုကျွမ်းကျင်လာရန် ကြိုးစားပါ။ သင့်ဝိညာဏပိုက်ကွန်များကို အချိန်အခါမရွေး၊ ဖြစ်နိုင်သည့်နည်းမျိုးစုံဖြင့် ချပစ်ပေးပါ။
၂၂။ ဤအချိန်အခါတွင် အဘယ်ကြီးမြတ်သောအခွင့်ထူးကို ကျွန်ုပ်တို့ရရှိထားသနည်း။
၂၂ ဤလူကိုမျှားခြင်းလုပ်ငန်း၌ တံငါများနှင့်ငါးတို့ပါအကျိုးခံစားရသည်ကိုသတိရနေပါ။ ထိုဖမ်းမိသူများသည် ဆက်တည်ကြည်မည်ဆိုလျှင် ထာဝစဉ်အသက်ရှင်နိုင်ကြမည်။ တိမောသေအား ပေါလုကဤသို့တိုက်တွန်းသည်။ “ကိုယ်ကိုလည်းကောင်း၊ ကိုယ်ဆုံးမသြဝါဒကိုလည်းကောင်းသတိပြု၍ အမြဲတည်နေလော့။ ထိုသို့ပြုလျှင် ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူတို့ကိုလည်းကောင်း ကယ်တင်လိမ့်မည်။” (၁ တိမောသေ ၄:၁၆) ဝိညာဏတံငါလုပ်ငန်းအတွက် တပည့်တော်များကို ယေရှုရှေ့ ဦးစွာသင်တန်းပေးခဲ့သည်။ ဤလုပ်ငန်းကို ကိုယ်တော်၏ညွှန်ကြားမှုအောက် လုပ်ကိုင်နေဆဲရှိပါသည်။ (ဗျာဒိတ် ၁၄:၁၄-၁၆ နှင့်နှိုင်းယှဉ်။) လုပ်ငန်းပြီးစီးစေရန် ကိုယ်တော်လက်အောက် အမှုဆောင်ခွင့်ရခြင်းသည် ကြီးမြတ်သောဆုပါတကား။ ယေဟောဝါခွင့်ပြုလေသမျှ ပိုက်ကွန်များကိုအဆက်မပြတ်ချပစ်နေကြစို့။ လူတို့ကိုအရှင်လတ်လတ်မျှားရခြင်းထက် အခြားအဘယ်ကြီးမြတ်သောလုပ်ငန်း ရှိပါသေးသနည်း။
သင်မှတ်မိသလော
▫ တပည့်နောက်လိုက်များအား အဘယ်လုပ်ငန်းကိုလုပ်ကိုင်ရန် ယေရှုလေ့ကျင့်ပေးတော်မူသနည်း။
▫ မိမိသေသည့်အတွက် ဝိညာဏငါးဖမ်းခြင်းလုပ်ငန်းမပြီးဆုံးကြောင်းကို ယေရှုမည်သို့တင်ပြသနည်း။
▫ ပထမရာစုတွင် ဝိညာဏငါးဖမ်းခြင်းလုပ်ငန်းကို ယေဟောဝါမည်သို့ကောင်းချီးပေးသနည်း။
▫ “သခင်ဘုရား၏နေ့ရက်” တွင်ငါးမည်မျှကြွယ်ဝစွာဖမ်းမိပြီနည်း။
▫ ကျွန်ုပ်တို့တစ်ဦးစီသည် အောင်မြင်မှုပိုမိုရရှိသော လူမျှားသည့်တံငါများ မည်သို့ဖြစ်လာနိုင်မည်နည်း။
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
ယေရှုရှင်ပြန်ထမြောက်ပြီးနောက် လူကိုမျှားသော ဘုရားပေးလုပ်ငန်းကို တမန်တော်များတိုးချဲ့ဆောင်ရွက်ခဲ့