အခန်း ၉၈
ယေရှုအသေခံချိန်နီးလာစဉ်တွင် တပည့်တော်များငြင်းခုံကြခြင်း
ယေရှုနှင့်တပည့်များသည် ပေရိယနယ်မှယုဒနယ်သို့အသွား ယော်ဒန်မြစ်အနီးရောက်နေကြသည်။ တစ်ပတ်ကျော်သာလိုတော့သည့်ပသခါပွဲတက်ရန် အခြားခရီးဖော်များနှင့်အတူသွားနေကြသည်။
တပည့်များရှေ့တွင် ယေရှုကြွသွားတော်မူရာ ကိုယ်တော်၏ရဲရင့်သောဆုံးဖြတ်ချက်ကိုသူတို့ အံ့သြနေသည်။ လာဇရုသေဆုံးချိန် လွန်ခဲ့သောအပတ်အနည်းငယ်က ပေရိယနယ်မှယုဒနယ်သို့သွားရန် ယေရှုပြင်ဆင်ခဲ့စဉ် သောမက “အကျွန်ုပ်တို့လည်းလိုက်၍သခင်နှင့်အတူအသေခံကြကုန်အံ့” ဟုအခြားတပည့်တို့ကိုအားပေးခဲ့ကြောင်း ပြန်သတိရပါ။ လာဇရုကိုယေရှုထမြောက်စေပြီးနောက် လွှတ်အရာရှိတို့က ယေရှုကိုသတ်ရန်ကြံစည်ခဲ့ကြောင်းကိုလည်း သတိရပါ။ ထို့ကြောင့်ယုဒနယ်သို့ ယခုပြန်သွားရန် တပည့်များလန့်နေသည်မှာအံ့သြစရာမဟုတ်ပေ။
ရင်ဆိုင်ရမည့်အရာများအတွက်အသင့်ရှိကြရန် ယေရှုသည် တပည့်တော် ၁၂ ပါးအား ဤသို့မိန့်ဆို၏။ “ငါတို့သည်ယေရုရှလင်မြို့သို့ယခုသွားကြ၏။ လူသားသည်ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်သို့ရောက်လိမ့်မည်။ ထိုသူတို့သည်သေပြစ်ကိုစီရင်ကြလိမ့်မည်။ လူသားအားပြက်ယယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကိုပြုစေခြင်းငှာ တစ်ပါးအမျိုးသားတို့လက်သို့အပ်နှံကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်။”
လအနည်းငယ်အတွင်း မိမိ၏သေခြင်းနှင့်ထမြောက်ခြင်းအကြောင်း တပည့်များအားယေရှုပြောဆိုခဲ့သည်မှာ ဤကားတတိယအကြိမ်ဖြစ်သည်။ သူတို့ကြားသော်လည်း နားမလည်ကြခြင်းမှာ မြေကြီးပေါ်တွင်ဣသရေလနိုင်ငံပြန်လည်တည်ထောင်လာ၍ ခရစ်တော်နှင့်အတူ သူတို့ဘုန်းဝင်စားဂုဏ်တင်ခံရရန် မျှော်လင့်နေ၍ဖြစ်ဖွယ်ရှိသည်။
ပသခါပွဲတက်ရန်ခရီးသည်တို့တွင် တမန်တော်ယာကုပ်နှင့်ယောဟန်တို့၏အမိ၊ ရှာလုံပါဝင်သည်။ သူတို့၏ရဲရဲတောက်စိတ်ထားကြောင့် သူတို့အား “မိုးကြိုး၏သားများ” ဟုယေရှုခေါ်ခဲ့ခြင်းဖြစ်မည်။ ခရစ်တော်၏နိုင်ငံတော်တွင် ထင်ရှားလိုသောရည်မှန်းချက်ရှိကြသည်ဖြစ်၍ ယင်းဆန္ဒကိုမိခင်အား အသိပေးဖူးမည်။ ယခုသူမသည်သားတို့ကိုယ်စားယေရှုထံချဉ်း၍ပျပ်ဝပ်လျက် ဆုကျေးဇူးတောင်းလျှောက်လေ၏။
ယေရှုက “သင်သည်အဘယ်အရာကိုအလိုရှိသနည်း” ဟုမေးတော်မူ၏။
“ကိုယ်တော်၏နိုင်ငံတွင်ကျွန်မ၌ ဤသားနှစ်ယောက်တို့သည် လက်ယာတော်ဘက်၌တစ်ယောက် လက်ဝဲတော်ဘက်၌တစ်ယောက်ထိုင်ရသောအခွင့်ကိုပေးတော်မူပါ” ဟုပြန်ဖြေသည်။
အဘယ်ကြောင့်ဤသို့တောင်းဆိုသည်ကိုသိသောယေရှုက ယာကုပ်နှင့်ယောဟန်တို့အား “သင်တို့သည်အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ။ ငါသောက်ရအံ့သောခွက်ကိုသောက်ခြင်းငှာ သင်တို့သည် တတ်စွမ်းနိုင်သလော” ဟုမေး၏။
“တတ်စွမ်းနိုင်ပါ၏” ဟုသူတို့ဖြေ၏။ မိမိသည် ကြောက်မက်ဖွယ်နှိပ်စက်ခြင်းနှင့်သတ်ဖြတ်ခြင်းခံရမည်အကြောင်း မကြာမီကပင်ယေရှုမိန့်ဆိုခဲ့စေကာမူ သောက်ရအံ့သော “ခွက်” သည်၄င်းကိုဆိုလိုနေကြောင်း သူတို့နားမလည်ကြပေ။
သို့တစေယေရှုက “ငါ၏ခွက်ကိုသင်တို့သည်သောက်ရကြလိမ့်မည်။ သို့သော်လည်းငါ၏လက်ယာဘက်၊ လက်ဝဲဘက်မှာထိုင်ရသောအခွင့်ကိုကား အကြင်သူတို့အဖို့အလိုငှာငါ့ခမည်းတော်ပြင်ဆင်၏။ ထိုသူတို့အားသာ ငါပေးပိုင်သည်” ဟုမိန့်ဆို၏။
နောက်ပိုင်းတွင်ယာကုပ်နှင့်ယောဟန်တို့၏ တောင်းဆိုချက်ကို ကျန်တမန်တော်ဆယ်ပါးကြားသိသောအခါ စိတ်ဆိုးကြ၏။ တမန်တော်တို့တွင် မည်သူကြီးမြတ်ကြောင်း ယခင်ကငြင်းခုံကြရာတွင် ယာကုပ်နှင့်ယောဟန်တို့သည် ထိပ်ဆုံးမှပါဝင်ဖွယ်ရှိသည်။ ၄င်းကိစ္စနှင့်စပ်လျဉ်း၍ ယေရှုပေးခဲ့သည့်သြဝါဒကို လက်တွေ့မကျင့်သုံးကြောင်း ယခုသူတို့၏တောင်းဆိုချက်ကတင်ပြသည်။ ထင်ရှားကျော်ကြားလိုစိတ်ပြင်းပြနေဆဲဖြစ်သည်မှာ ဝမ်းနည်းဖွယ်ဖြစ်သည်။
သို့နှင့်ဤနောက်ဆုံးငြင်းခုံမှုနှင့် ယင်းကြောင့်ဖြစ်ပေါ်လာသည့် သဘောကွဲလွဲမှုကိုဖြေရှင်းရန် တမန်တော် ၁၂ ပါးကိုခေါ်ယူ၍မေတ္တာဖြင့် ဤသို့ဆုံးမသည်။ “သင်တို့သိသည့်အတိုင်း လောကီမင်းတို့သည်အစိုးတရပြုတတ်ကြ၏။ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။ သင်တို့မူကား ထိုသို့မပြုကြနှင့်။ သင်တို့တွင်အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင်အထွတ်အမြတ် လုပ်ချင်သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေ။”
သူတို့အတုယူစရာပုံသက်သေကို ယေရှုပြပေးကြောင်းဤသို့ရှင်းပြသည်။ “လူသားသည်သူတစ်ပါးကိုစေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာသည်။” သူတစ်ပါးအစေကိုယေရှုခံရုံမက လူတို့အတွက်အသေပင်ခံတော်မူမည်။ တပည့်တော်များလည်း ခရစ်တော်ကဲ့သို့လုပ်ကြွေးခံရန်မဟုတ်ဘဲ လုပ်ကြွေးရန်ဆန္ဒ၊ ထင်ပေါ်ကျော်ကြားလိုခြင်းမဟုတ်ဘဲ ကျိုးနွံသူဖြစ်လိုခြင်းဆန္ဒ ရှိအပ်သည်။ မဿဲ ၂၀:၁၇-၂၈။ မာကု ၃:၁၇၊ ၉:၃၃-၃၇၊ ၁၀:၃၂-၄၅။ လုကာ ၁၈:၃၁-၃၄။ ယောဟန် ၁၁:၁၆။
▪ တပည့်တော်များ ယခုအဘယ်ကြောင့်တုန်လှုပ်ချောက်ချားနေကြသနည်း။
▪ ရှေ့ရင်ဆိုင်ရမည့်အရာများအတွက် တပည့်တော်တို့ကို ယေရှုအဘယ်သို့ပြင်ဆင်ပေးသနည်း။
▪ ယေရှုအဘယ်အရာ တောင်းလျှောက်ခြင်းခံရသနည်း။ အခြားတမန်တော်များကိုအဘယ်သို့ဂယက်ရိုက်သနည်း။
▪ တမန်တော်များတွင်ဖြစ်ပေါ်နေသောပြဿနာကို ယေရှုအဘယ်သို့ကိုင်တွယ်ဖြေရှင်းပေးတော်မူသနည်း။