ယေရှု၏ ဘဝနှင့် ဓမ္မအမှု
ယေရှုအသေခံချိန်နီးလာစဉ်တွင် တပည့်တော်များငြင်းခုံကြခြင်း
ယေရှုနှင့်တပည့်တော်တို့သည် ယော်ဒန်မြစ်အနီးပေရိယနယ်အတွင်း ရောက်နေကြသည်။ ထိုနေရာမှ ယော်ဒန်မြစ်ကိုဖြတ်ကူး၍ ယုဒနယ်သို့သွားကြ၏။ တစ်ပတ်ကျော်သာလိုတော့သည့် ပသခါပွဲတက်ရန် သွားကြခြင်းဖြစ်သည်။ အခြားခရီးဖေါ်အများလည်း လိုက်ပါကြသည်။
ယေရှုသည်တပည့်တော်များရှေ့တွင် ကြွသွားတော်မူရာ ကိုယ်တော်၏ရဲရင့်ပြတ်သားသော ဆုံးဖြတ်ချက်ကိုသူတို့ အံ့သြကြသည်။ လွန်ခဲ့သောသီတင်းပတ်အနည်းငယ်က လာဇရုသေဆုံးသဖြင့်ပေရိယနယ်မှ ယုဒနယ်သို့သွားရန် ယေရှုပြင်ဆင်တော်မူစဉ်တွင် သောမက “အကျွန်ုပ်တို့လည်းလိုက်၍သခင်နှင့် အတူအသေခံကြကုန်အံ့” ဟုအခြားတပည့်တော်တို့အား၊ အားပေးခဲ့သည်ကို ပြန်လည်သတိရပါ။ လာဇရုအားယေရှုထမြောက်စေတော်မူပြီးနောက် ယုဒတရားလွှတ်တော်က ကိုယ်တော်အားသတ်ရန် ကြံစည်ခဲ့ကြောင်းကိုလည်း သတိရပါ။ ထို့ကြောင့်ယုဒနယ်သို့ ယခုပြန်သွားမည့်အရေးတပည့်တော်များ တုန်လှုပ်ချောက်ချားနေသည်မှာ အံ့ဩစရာမဟုတ်ပေ။
ရှေ့ရင်ဆိုင်ရမည့်အရာများအတွက် ပြင်ဆင်သည့်အနေနှင့်ယေရှုသည် တပည့်တော် ၁၂ ပါးကိုသီးသန့်ခေါ်၍ ဤသို့မိန့်တော်မူ၏။ “ငါတို့သည်ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ လူသားသည်ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်သို့ ရောက်လိမ့်မည်။ ထိုသူတို့သည်သေပြစ်ကို စီရင်ကြလိမ့်မည်။ လူသားအားပြက်ယယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကိုပြုစေခြင်းငှာ တစ်ပါးအမျိုးသားတို့လက်သို့ အပ်နှံကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်။”
မကြာမီလများအတွင်း တပည့်တော်တို့အား မိမိ၏သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းအကြောင်း ယေရှုမိန့်တော်မူခဲ့သည်မှာဤတစ်ကြိမ်သည် တတိယအကြိမ်ဖြစ်သည်။ သူတို့ကြားသော်လည်း နားမလည်ကြချေ။ ဤသို့နားမလည်ရခြင်းမှာ ဣသရေလနိုင်ငံပြန်လည်တည်ထောင်လာကာ မြေကြီးဆိုင်ရာနိုင်ငံတွင် ခရစ်တော်နှင့်အတူ သူတို့ဘုန်းဝင်စား၍ ဂုဏ်တင်ခံရမည်ကို ယုံကြည်မျှော်လင့်ထားကြ၍ ဖြစ်ဖွယ်ရှိသည်။
ပသခါပွဲတက်ရန်သွားကြသော ခရီးသည်တို့တွင် တမန်တော်ယာကုပ်နှင့်ယောဟန်တို့၏အမိ၊ ရှာလုံပါဝင်သည်။ သူတို့နှစ်ဦး၏ရဲရဲတောက်စိတ်ထားကြောင့် သူတို့ကို “မိုးကြိုး၏သားများ” ဟုယေရှုခေါ်ဆိုသည်မှာ ယုံမှားဖွယ်မရှိပေ။ သူတို့သည်ခရစ်တော်၏နိုင်ငံတော်တွင် ထင်ရှားကျော်ကြားလိုသော ရည်မှန်းချက်ရှိခဲ့သည်မှာ အတန်ကြာပြီဖြစ်ရာ မိမိတို့၏ဆန္ဒကိုမိခင်ဖြစ်သူအား အသိပေးခဲ့သည်။ ယခုသူမသည်သားတို့ကိုယ်စား ယေရှုထံချဉ်း၍ပျပ်ဝပ်လျက် ဆုကျေးဇူးတောင်းလျှောက်လေ၏။
ယေရှုက “သင်သည်အဘယ်အရာကို အလိုရှိသနည်း” ဟုမေးတော်မူ၏။
“ကိုယ်တော်၏နိုင်ငံတွင်ကျွန်မ၌ ဤသားနှစ်ယောက်တို့သည် လက်ယာတော်ဘက်၌တစ်ယောက် လက်ဝဲတော်ဘက်၌တစ်ယောက် ထိုင်ရသောအခွင့်ကို ပေးတော်မူပါ။”
အဘယ်ကြောင့်ဤသို့တောင်းလျှောက်သည်ကို သိမြင်ကြသဖြင့် ယေရှုကယာကုပ်နှင့်ယောဟန်တို့အား “သင်တို့သည်အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ။ ငါသောက်ရအံ့သောခွက်ကို သောက်ခြင်းငှာသင်တို့သည် တတ်စွမ်းနိုင်သလော” ဟုမေးတော်မူ၏။
“တတ်စွမ်းနိုင်ပါ၏” ဟုသူတို့လျှောက်ကြ၏။ ကြောက်မက်ဖွယ်နှိပ်စက်ခြင်းကို မိမိတို့ရင်ဆိုင်နေရကြောင်း နောက်ဆုံး၌အသတ်ခံရမည်အကြောင်း မကြာမီကယေရှုမိန့်တော်မူခဲ့စေကာမူ ၄င်းတို့ကိုသောက်ရအံ့သော “ခွက်” ဖြင့်တင်စားနေကြောင်း သူတို့နားမလည်ကြသည်မှာ ထင်ရှားသည်။
သို့တစေယေရှုက “ငါ၏ခွက်ကိုသင်တို့သည် သောက်ရကြလိမ့်မည်။ သို့သော်လည်း ငါ၏လက်ယာဘက်၊ လက်ဝဲဘက်မှာထိုင်ရသောအခွင့်ကိုကား အကြင်သူတို့အဖို့အလိုငှာ ငါ့ခမည်းတော်ပြင်ဆင်၏။ ထိုသူတို့အားသာ ငါပေးပိုင်သည်” ဟုမိန့်တော်မူ၏။
နောက်ပိုင်းတွင်ယာကုပ်နှင့်ယောဟန်တို့၏ တောင်းလျှောက်ချက်ကို ကျန်တမန်တော်ဆယ်ပါးကြားရသောအခါ စိတ်ဆိုးကြ၏။ တမန်တော်တို့တွင် မည်သူကြီးမြတ်ကြောင်း စောစောကငြင်းခုံကြရာတွင် ယာကုပ်နှင့်ယောဟန်တို့သည် ထိပ်ဆုံးမှပါဝင်ဖွယ်ရှိသည်။ ယခုသူတို့၏တောင်းလျှောက်ချက်က ၄င်းကိစ္စနှင့်စပ်လျဉ်း၍ ယေရှုပေးခဲ့သည့်သြဝါဒကို လက်တွေ့မကျင့်သုံးကြောင်း ထင်ဟပ်နေသည်။ သူတို့၏ထင်ရှားကျော်ကြားလိုသောဆန္ဒ ပြင်းပြနေဆဲဖြစ်သည်မှာ ဝမ်းနည်းဖွယ်ကောင်းလှပေသည်။
ယေရှုသည်ဤနောက်ဆုံးငြင်းခုံမှုနှင့် ယင်းကြောင့်ဖြစ်ပေါ်လာသည့် မုန်းတီးမှုတို့ကိုဖြေရှင်းရန် တမန်တော် ၁၂ ပါးကိုခေါ်ယူ၍မေတ္တာဖြင့် ဤသို့သြဝါဒပေးတော်မူ၏။ “သင်တို့သိသည့်အတိုင်း လောကီမင်းတို့သည်အစိုးတရ ပြုတတ်ကြ၏။ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။ သင်တို့မူကား ထိုသို့မပြုကြနှင့်။ သင်တို့တွင်အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင်အထွတ်အမြတ် လုပ်ချင်သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေ။”
ယေရှုကိုယ်တော်တိုင် သူတို့အတုယူစရာပုံသက်သေ ထားတော်မူ၏။ ကိုယ်တော်ရှင်းပြသည့်အတိုင်း “လူသားသည်သူတစ်ပါးကို စေစားခြင်းငှာမလာ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာသည်။” ယေရှုသည်သူတစ်ပါးအစေကို ခံရုံမျှမကဘဲ လူသားများအတွက်အသေပင်ခံတော်မူ၏။ တပည့်တော်တို့အနေဖြင့် ခရစ်တော်ကဲ့သို့သော စိတ်သဘောထားရှိဖို့လိုသည်။ လုပ်ကြွေးခံခြင်းမဟုတ်ဘဲ လုပ်ကြွေးခြင်းဆန္ဒ၊ ထင်ပေါ်ကျော်ကြားခြင်းမဟုတ်ဘဲ သိမ်ငယ်သူဖြစ်ခြင်းဆန္ဒ ရှိအပ်ပေသည်။ မဿဲ ၂၀:၁၇-၂၈။ မာကု ၃:၁၇; ၉:၃၃-၃၇; ၁၀:၃၂-၄၅။ လုကာ ၁၈:၃၁-၃၄။ ယောဟန် ၁၁:၁၆။
◆ တပည့်တော်များယခုအဘယ်ကြောင့် တုန်လှုပ်ချောက်ချားနေကြသနည်း။
◆ ရှေ့ရင်ဆိုင်ရမည့် အရာများအတွက်တပည့်တော်တို့ကို ယေရှုအဘယ်သို့ပြင်ဆင် ပေးတော်မူသနည်း။
◆ ယေရှုထံအဘယ်အရာ တောင်းလျှောက်ကြသနည်း။ အခြားတမန်တော်များကိုအဘယ်သို့ ဂယက်ရိုက်သနည်း။
◆ တမန်တော်များတွင်ဖြစ်ပေါ်နေသော ပြဿနာကိုယေရှုအဘယ်သို့ကိုင်တွယ် ဖြေရှင်းပေးတော်မူသနည်း။