ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၈/၁ စာ. ၁၁-၁၆
  • “နှိမ့်ချခြင်းတန်ဆာကိုဆင်ကြလော့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “နှိမ့်ချခြင်းတန်ဆာကိုဆင်ကြလော့”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပျံ့နှံ့လျက်ရှိသောလောကစိတ်ဓာတ်
  • ယေဟောဝါသည် နှိမ့်ချသူတို့နှင့်ရှိတော်မူ၏
  • စိတ်နှိမ့်ချမှုရှိရန် သင်ယူခြင်း
  • မှန်ကန်သောသဘောထား
  • ‘စိတ်နှိမ့်ချခြင်းကို ယူတင်ဝတ်ဆောင်ကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • စစ်မှန်သောနှိမ့်ချမှုကို မွေးမြူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • စစ်မှန်သောနှိမ့်ချမှုကိုသင်မည်သို့တင်ပြနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခရစ်ယာန်များသည် နှိမ့်ချခြင်းကို မွေးမြူရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၈/၁ စာ. ၁၁-၁၆

“နှိမ့်ချခြင်းတန်ဆာကိုဆင်ကြလော့”

“ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။”—၁ ပေတရု ၅:၅။

၁၊ ၂။ အဘယ်ဆန့်ကျင်ဘက်စိတ်နေသဘောထားနှစ်ခုသည် လူတို့၏အပြုအမူအပေါ် နက်ရှိုင်းစွာအကျိုးသက်ရောက်သနည်း။

ဘုရားသခင့်နှုတ်မြွက်စကားတော်သည် ဆန့်ကျင်ဘက်စိတ်နေသဘောထားနှစ်ခုကို သတိပြုစေသည်။ ထိုသဘောထားနှစ်ခုစလုံးသည် လူတို့၏အပြုအမူအပေါ် နက်ရှိုင်းစွာအကျိုးသက်ရောက်သည်။ တစ်ခုကို “စိတ်နှိမ့်ချ” မှုဟုဖော်ပြထားသည်။ (၁ ပေတရု ၅:၅) အဘိဓာန်တစ်ခုက “နှိမ့်ချမှု” ကို “နှိမ့်ချသောအပြုအမူ သို့မဟုတ် စိတ်ဓာတ်– မိမိကိုယ်ကိုယုံကြည်မှုလွန်ကဲသည့် သဘောထားမရှိခြင်း” ဟုအနက်ဖွင့်ထား၏။ စိတ်နှိမ့်ချမှုသည် အောက်ကျို့ခံခြင်းနှင့်ဆင်တူပြီး ဘုရားသခင့်အမြင်အရ ယင်းသည် အလွန်နှစ်သက်ဖွယ်အရည်အသွေးဖြစ်သည်။

၂ ဆန့်ကျင်ဘက်သဘောထားမှာ မာနထောင်လွှားခြင်းဖြစ်သည်။ ယင်းကို “မိမိကိုယ်ကိုအထင်ကြီးလွန်းခြင်း၊ မထီမဲ့မြင်ပြုသောသဘော” ရှိခြင်းဟုအနက်ဖွင့်ထား၏။ ယင်းသည် ကိုယ်ကျိုးကိုအဓိကထားပြီး အခြားသူများကိုထိခိုက်နစ်နာစေကာမူ ကိုယ်ကျိုးအတွက်အမြတ်ထုတ်ရန်ရှာကြံတတ်၏။ သမ္မာကျမ်းစာက အကျိုးဆက်တစ်ခုကို ဤသို့ဖော်ပြသည်– “မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက်အုပ်စိုး” ကြပြီ။ လူသေသောအခါ “ဥစ္စာတစ်စုံတစ်ခုကိုမျှ လက်နှင့်စွဲကိုင်လျက်ယူ၍မသွားရ” သောကြောင့် ‘လူတို့အချင်းချင်းငြူစူဘက်ပြိုင်ခြင်း’ ကို “လေကိုကျက်စားသောအမှု” ဟုကျမ်းစာကဆို၏။ ထိုသို့သောမာနထောင်လွှားခြင်းသည် ဘုရားသခင့်အမြင်အရ အလွန်မနှစ်မြို့ဖွယ်ဖြစ်သည်။—ဒေ. ၄:၄၊ သမ္မာ; ၅:၁၅; ၈:၉။

ပျံ့နှံ့လျက်ရှိသောလောကစိတ်ဓာတ်

၃။ ပျံ့နှံ့လျက်ရှိသောလောက၏စိတ်ဓာတ်ကား အဘယ်နည်း။

၃ ထိုစိတ်နေသဘောထားနှစ်ခုအနက် အဘယ်သဘောထားသည် ယနေ့လောက၏အမှတ်အသားဖြစ်သနည်း။ ပျံ့နှံ့လျက်ရှိသောလောကစိတ်ဓာတ်ကား အဘယ်နည်း။ ကမ္ဘာ့စစ်မှုနှင့် လူမှုရေးကုန်ကျစရိတ် ၁၉၉၆ ကဤသို့ဖော်ပြသည်– “ရိုင်းပျသော . . . အကြမ်းဖက်မှုတွင် ၂၀ ရာစုနှင့်ညီမျှသည့် အခြားအဘယ်ရာစုမျှမရှိပါ။” နိုင်ငံရေးနှင့် စီးပွားရေး—အပြင် အမျိုးသားရေး၊ ဘာသာရေး၊ လူမျိုးရေးနှင့် လူမျိုးစုငယ်များ၏ပြိုင်ဆိုင်မှုများပါ—ဩဇာရှိဖို့အတွက် ယှဉ်ပြိုင်ခဲ့ကြခြင်းသည် ဤရာစုအတွင်း လူသန်းပေါင်း ၁၀၀ ကျော်ကိုသေကျေပျက်စီးစေခဲ့ပြီ။ တစ်ဦးချင်းစီအနေနှင့် ကိုယ်ကျိုးကိုအဓိကထားသည့် အပြုအမူလည်းတိုးပွားခဲ့ပြီ။ ရှီကာဂိုသတင်းက ဤသို့ဖော်ပြသည်– “လူ့ဘောင်ဖျားနာမှုတွင် အသိစိတ်မဲ့သောအကြမ်းဖက်မှု၊ ကလေးကိုမတရားပြုကျင့်မှု၊ လင်မယားကွာရှင်းမှု၊ အရက်မူးယစ်မှု၊ အေအိုင်ဒီအက်စ်၊ ဆယ်ကျော်သက်သတ်သေမှု၊ မူးယစ်ဆေးဝါးများ၊ လမ်းသရဲဂိုဏ်းများ၊ မုဒိမ်းမှု၊ တရားမဝင်ကလေးမွေးဖွားမှု၊ ကိုယ်ဝန်ဖျက်ချခြင်း၊ ညစ်ညမ်းသောစာပေ၊ . . . လိမ်ညာခြင်း၊ လှည့်ဖြားခြင်း၊ . . . အဂတိလိုက်စားမှု . . . တို့ပါဝင်သည်။ အမှန်အမှားဟူသည့် ကျင့်ဝတ်သဘောထားများ ဖျက်ဆီးခံခဲ့ရပြီ။” ထို့ကြောင့် “လူ့ဘောင်အဖွဲ့အစည်းများသည် အစိတ်စိတ်အမြွှာမြွှာပြိုကွဲနေသည်” ဟုယူအဲန်ဖြစ်စဉ်မှတ်တမ်းက သတိပေးခဲ့သည်။

၄၊ ၅။ ကျွန်ုပ်တို့ခေတ်နှင့်ပတ်သက်သည့် ကျမ်းစာပရောဖက်ပြုချက်တွင် လောက၏စိတ်ဓာတ်ကို မည်သို့တိကျစွာဖော်ပြထားသနည်း။

၄ ဤအခြေအနေများသည် ကမ္ဘာအနှံ့ဖြစ်ပျက်လျက်ရှိသည်။ ယင်းသည် ကျွန်ုပ်တို့ခေတ်အတွက် သမ္မာကျမ်းစာတင်ကြိုပရောဖက်ပြုထားသကဲ့သို့ပင်ဖြစ်၏– “နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟုသိမှတ်လော့။ အဘယ်သို့နည်းဟူမူကား လူတို့သည်ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ . . . ဖြစ်ကြလိမ့်မည်။”—၂ တိမောသေ ၃:၁-၅။

၅ ယင်းသည် ပျံ့နှံ့လျက်ရှိသောလောကစိတ်ဓာတ်ကို အတိအကျဖော်ပြခြင်းဖြစ်၏။ ယင်းသည် ငါသာအဓိကဟူသည့် အတ္တဆန်သောသဘောထားဖြစ်သည်။ အချင်းချင်းပြိုင်ဆိုင်မှုသည် တိုင်းနိုင်ငံချင်းပြိုင်ဆိုင်မှုတွင် ရောင်ပြန်ဟပ်၏။ ဥပမာ၊ အားကစားပြိုင်ပွဲများတွင် အားကစားသမားများစွာသည် အခြားသူများ၏စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ကာယရေးအရပင် မည်သို့ထိခိုက်ပါစေ နံပါတ်တစ်ဖြစ်လိုကြသည်။ ဤကိုယ်ကျိုးအဓိကထားသည့် စိတ်ဓာတ်ကို ကလေးများတွင် တိုးပွားစေခဲ့ရာ လူကြီးဘဝအထိ ကဏ္ဍအသီးသီး၌ ဆက်ထင်ရှား၏။ ယင်းသည် “ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း” တို့ကိုဖြစ်ပွားစေသည်။—ဂလာတိ ၅:၁၉-၂၁။

၆။ အတ္တဆန်မှုကို မည်သူတိုးမြှင့်စေသနည်း၊ ဤစိတ်ဓာတ်ကို ယေဟောဝါမည်သို့သဘောထားသနည်း။

၆ ဤလောက၏ ကိုယ်ကျိုးကိုအဓိကထားသောစိတ်ဓာတ်သည် “ဤလောကတစ်နိုင်ငံလုံးကိုလှည့်ဖြား၍ . . . စာတန်အမည်ရှိ” သူ၏စိတ်ဓာတ်ကို ရောင်ပြန်ဟပ်သည်ဟု သမ္မာကျမ်းစာကဖော်ပြသည်။ ဤခဲယဉ်းသောနောက်ဆုံးကာလတွင် အသက်ရှင်နေထိုင်ကြသော လူတို့အပေါ် စာတန်၏သြဇာလွှမ်းမိုးမှုနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ဤသို့တင်ကူးဟောထားသည်– “မြေကြီး . . . သည်အမင်္ဂလာရှိ၏။ အကြောင်းမူကား [စာတန်] သည်မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ။” (ဗျာဒိတ် ၁၂:၉-၁၂) ထို့ကြောင့် သူနှင့် သူ၏အပေါင်းပါနတ်ဆိုးများသည် လူ့မိသားစုတွင် အတ္တဆန်သောစိတ်ဓာတ်တိုးပွားလာစေရန် အပြင်းအထန်ကြိုးစားခဲ့ကြပြီ။ ယေဟောဝါသည် ထိုစိတ်ဓာတ်ကို မည်သို့သဘောထားသနည်း။ ကိုယ်တော်၏နှုတ်မြွက်စကားတော်က ဤသို့ဆိုသည်– “မာနကြီးသောသူအပေါင်းတို့ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။”—သု. ၁၆:၅။

ယေဟောဝါသည် နှိမ့်ချသူတို့နှင့်ရှိတော်မူ၏

၇။ နှိမ့်ချသူများကို ယေဟောဝါမည်သို့ယူမှတ်သနည်း၊ သူတို့ကို ကိုယ်တော်အဘယ်အရာသွန်သင်သနည်း။

၇ အခြားတစ်ဖက်တွင် ယေဟောဝါသည် စိတ်နှိမ့်ချသူတို့ကို ကောင်းချီးပေးတော်မူ၏။ ယေဟောဝါအား ဘုရင်ဒါဝိဒ်က ဤသို့သီချင်းသီဆိုခဲ့သည်– “နှိမ့်ချလျက်ရှိသောသူတို့ကို ကိုယ်တော်သည်ကယ်တင်၍ မာနထောင်လွှားသောသူတို့ကိုကား ရှုတ်ချခြင်းငှာကြည့်မှတ်တော်မူ၏။” (၂ ဓမ္မရာဇဝင် ၂၂:၁၊ ၂၈) ထို့ကြောင့် ဘုရားသခင့်နှုတ်မြွက်စကားတော်က ဤသို့သွန်သင်သည်– “စိတ်နှိမ့်ချသောပြည်သူပြည်သားအပေါင်းတို့ ထာဝရဘုရားကိုရှာကြလော့။ . . . ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကိုလည်းရှာကြလော့။ ထာဝရဘုရားအမျက်ထွက်တော်မူသောနေ့၌ သင်တို့သည် ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ကြလိမ့်မည်။” (ဇေဖနိ ၂:၃) ယေဟောဝါအား စိတ်နှိမ့်ချစွာရှာသူတို့သည် ဤလောက၏စိတ်ဓာတ်နှင့် လုံးဝခြားနားသောစိတ်ဓာတ်ကိုပျိုးထောင်ရန် ကိုယ်တော်၏သွန်သင်မှုကိုခံကြရသည်။ “နှိမ့်ချလျက်ရှိသောသူတို့အား ခရီးတော်တို့ကို သွန်သင်တော်မူ၏။” (ဆာလံ ၂၅:၉; ဟေရှာယ ၅၄:၁၃) ထိုခရီးတော်သည် မေတ္တာလမ်းစဉ်ဖြစ်၏။ ယင်းသည် ဘုရားသခင့်စံနှုန်းများအရ ဖြောင့်မှန်ရာကိုလုပ်ဆောင်ခြင်းပေါ်တွင် မူတည်၏။ သမ္မာကျမ်းစာအရ ဤမူဖြင့်သွားသောမေတ္တာသည် “ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။ . . . ကိုယ်ကျိုးကိုမရှာတတ်။” (၁ ကောရိန္သု ၁၃:၁-၈) စိတ်နှိမ့်ချခြင်းကိုလည်း ထင်ရှားပြ၏။

၈၊ ၉။ (က) မူအရသွားသောမေတ္တာ၏မူလကား အဘယ်နည်း။ (ခ) ယေရှုတင်ပြခဲ့သော မေတ္တာနှင့်နှိမ့်ချမှုကိုတုပရန် မည်မျှအရေးကြီးသနည်း။

၈ ပေါလုနှင့် ပထမရာစုရှိအခြားခရစ်ယာန်များသည် ယေရှု၏သွန်သင်ချက်များမှ ဤကဲ့သို့သောမေတ္တာကိုသင်ယူခဲ့ကြသည်။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟုသမ္မာကျမ်းစာဆိုထားသည့် ယေရှု၏ခမည်းတော်ယေဟောဝါထံမှ ထိုသို့သောမေတ္တာကို ကိုယ်တော်သင်ယူခဲ့သည်။ (၁ ယောဟန် ၄:၈) မေတ္တာပညတ်နှင့်အညီ မိမိအား ဘုရားသခင်အသက်ရှင်စေလိုကြောင်း ယေရှုသိခဲ့ပြီး ထိုအတိုင်းနေထိုင်ခဲ့သည်။ (ယောဟန် ၆:၃၈) ယင်းကြောင့် ဖိနှိပ်ခံရပြီး ဆင်းရဲသည့် အပြစ်သားများကို ကိုယ်တော်သနားကြင်နာရခြင်းဖြစ်သည်။ (မဿဲ ၉:၃၆) ထိုသူတို့အား ကိုယ်တော်က ဤသို့ဆိုခဲ့သည်– “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကိုတင်၍ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။ ငါသည်နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်သဘောရှိ၏။”—မဿဲ ၁၁:၂၈၊ ၂၉။

၉ ယေရှုက “သင်တို့သည်အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကိုသိရကြလိမ့်မည်” ဟုတပည့်တော်များအားမိန့်ဆိုသောအခါ ကိုယ်တော်၏မေတ္တာနှင့် နှိမ့်ချမှုကိုတုပခြင်း၏အရေးကြီးမှုကို ဖော်ပြခဲ့သည်။ (ယောဟန် ၁၃:၃၅) သူတို့သည် ဤကိုယ်ကျိုးကိုအဓိကထားသည့်လောကနှင့် သီးခြားကွဲပြားကြလိမ့်မည်။ ယင်းကြောင့် မိမိ၏တပည့်တော်များနှင့်ပတ်သက်၍ ယေရှုက ‘ဤသူတို့သည် လောကနှင့်မဆက်ဆံ’ ဟုဆိုနိုင်ခဲ့ခြင်းဖြစ်သည်။ (ယောဟန် ၁၇:၁၄) သူတို့သည် စာတန့်လောက၏မာနထောင်လွှားပြီး အတ္တဆန်သောစိတ်ဓာတ်ကို မတုပကြပါ။ ယင်းအစား သူတို့သည် ယေရှုတင်ပြခဲ့သော မေတ္တာနှင့်နှိမ့်ချသည့်စိတ်ဓာတ်ကိုတုပကြသည်။

၁၀။ ကျွန်ုပ်တို့ခေတ်တွင် နှိမ့်ချသူများနှင့် ယေဟောဝါအဘယ်အမှုပြုလုပ်နေသနည်း။

၁၀ ဤနောက်ဆုံးသောကာလတွင် နှိမ့်ချသူတို့သည် မေတ္တာနှင့်နှိမ့်ချမှုအပေါ် အခြေပြုထားသည့် ကမ္ဘာချီအဖွဲ့အစည်းတစ်ခုတွင် စုဝေးကြမည်ဖြစ်ကြောင်း ဘုရားသခင့်နှုတ်မြွက်စကားတော်က တင်ကူး၍ဆိုထားသည်။ ထို့ကြောင့် ပိုမိုမာန်မာနတက်လာနေကြသော လောကအလယ်တွင် ယေဟောဝါ၏လူတို့သည် ဆန့်ကျင်ဘက်သဘောထားဖြစ်သော စိတ်နှိမ့်ချမှုကို တင်ပြကြသည်။ ထိုသို့သောသူများက ဤသို့ဆိုကြ၏– “လာကြလော့။ ထာဝရဘုရား၏တောင်တော် [ကိုယ်တော်၏မြှင့်တင်ခံရသည့် စစ်မှန်သောဝတ်ပြုရေး] . . . သို့တက်သွားကြကုန်အံ့။ လမ်းခရီးတော်တို့ကိုပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေ . . . ရာသို့ လိုက်သွားကြမည်။” (ဟေရှာယ ၂:၂၊ ၃) ယေဟောဝါသက်သေများသည် ဘုရားသခင့်ခြေရာကိုလိုက်သည့် ဤကမ္ဘာချီအသင်းဖြစ်သည်။ သူတို့တွင် ‘အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍ အဘယ်သူမျှမရေမတွက်နိုင်သည့် တိုးပွားလျက်ရှိသောလူအုပ်ကြီး’ ပါဝင်သည်။ (ဗျာဒိတ် ၇:၉) ဤလူအုပ်ကြီးသည် ယခု သန်းနှင့်ချီ၍ဖြစ်နေပြီ။ ယေဟောဝါသည် သူတို့နှိမ့်ချမှုရှိရန် မည်သို့လေ့ကျင့်ပေးနေသနည်း။

စိတ်နှိမ့်ချမှုရှိရန် သင်ယူခြင်း

၁၁၊ ၁၂။ ဘုရားသခင့်ကျေးကျွန်များသည် စိတ်နှိမ့်ချမှုကို မည်သို့ဖော်ပြကြသနည်း။

၁၁ သွန်သင်ခံလိုသည့်စိတ်ဓာတ်ရှိသော ဘုရားသခင့်လူများတွင် ကိုယ်တော်၏ဝိညာဉ်တော်လှုံ့ဆော်မှုကြောင့် သူတို့သည် လောက၏မကောင်းသောစိတ်ဓာတ်ကို အနိုင်ယူတတ်လာကြပြီး ဘုရားသခင့်ဝိညာဉ်အသီးကိုသီးပြလာနိုင်ကြပေပြီ။ ယင်းကြောင့် “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း” တို့ကိုဖော်ပြကြသည်။ (ဂလာတိ ၅:၂၂၊ ၂၃) ၎င်းအရည်အသွေးများကိုတိုးပွားစေရန် ဘုရားသခင့်ကျေးကျွန်များသည် “အချည်းနှီးသောကျော်စောကိတ္တိကိုတပ်မက်ခြင်း၊ အချင်းချင်းချုပ်ချယ်နှောင့်ယှက်ခြင်း၊ အချင်းချင်းငြူစူခြင်း” မပြုရန် သွန်သင်ခံရကြသည်။ (ဂလာတိ ၅:၂၆) အလားတူ တမန်တော်ပေါလုက ဤသို့ဆိုခဲ့သည်– “သင်တို့သည် ကိုယ်ကိုထင်သင့်သည်အတိုင်းထက်လွန်၍မထင်ဘဲ ဘုရားသခင်သည် လူအသီးအသီးတို့အား ယုံကြည်ခြင်းကိုဝေပေးတော်မူသည်နှင့်အညီ ကိုယ်ကိုလျောက်ပတ်စွာထင်ရမည်အကြောင်း ငါသည်ကိုယ်ခံရသော ကျေးဇူးတော်ကိုအမှီပြုလျက် သင်တို့တွင်ရှိသမျှသောသူတို့ကိုမှာထား၏။”—ရောမ ၁၂:၃။

၁၂ ဘုရားသခင့်နှုတ်မြွက်စကားတော်က စစ်မှန်သောခရစ်ယာန်များကို “ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်စောကိတ္တိကိုတပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှမပြုကြနှင့်။ [ဘုရားသခင့်ကျေးကျွန်များမှ] သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက်ထင်မှတ်ကြလော့။ ကိုယ်အမှုအရာကိုသာမရှုမမှတ်ဘဲ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့” ဟုမှာထားသည်။ (ဖိလိပ္ပိ ၂:၃၊ ၄) “ကိုယ်အကျိုးကိုအဘယ်သူမျှမရှာစေနှင့်။ သူ့အကျိုးကိုလူတိုင်းရှာစေ။” (၁ ကောရိန္သု ၁၀:၂၄) မှန်ပါသည်၊ “မေတ္တာမူကား” ကိုယ်ကျိုးမဲ့သောစကားများနှင့် လုပ်ရပ်များဖြင့် သူတစ်ပါးကို “တည်ဆောက်တတ်၏။” (၁ ကောရိန္သု ၈:၁) ယင်းသည် ယှဉ်ပြိုင်မှုကိုမဟုတ်ဘဲ ပူးပေါင်းလုပ်ဆောင်မှုကိုတိုးပွားစေသည်။ ဘုရားသခင့်ကျေးကျွန်များအလယ်တွင် ငါသာပဓာနစိတ်ဓာတ် ကိန်းအောင်းစရာနေရာမရှိချေ။

၁၃။ စိတ်နှိမ့်ချမှုကို အဘယ်ကြောင့် သင်ယူရမည်နည်း။ ယင်းကို မည်သို့ သင်ယူနိုင်သနည်း။

၁၃ သို့ရာတွင် အမွေရထားသောမစုံလင်မှုကြောင့် ကျွန်ုပ်တို့သည် နှိမ့်ချသောစိတ်နှင့် မွေးမလာခဲ့ကြပါ။ (ဆာလံ ၅၁:၅) ဤအရည်အသွေးကို သင်ယူကြရမည်။ ကလေးဘဝကတည်းက ယေဟောဝါ၏နည်းလမ်းတော်များသွန်သင်မခံရဘဲ ၎င်းတို့ကို နောက်ပိုင်းမှခံယူခဲ့ကြသူတို့အတွက် ခက်ခဲပေမည်။ သူတို့သည် ဤလောက၏သဘောထားများအပြည့်ရှိသော ဥပဓိရုပ်များရှိနှင့်နေကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည် “အထက်ကကျင်လည်ကြ . . . သောလူဟောင်းကိုချွတ်ပယ်၍ စိတ်နှလုံးသဘောသစ်ကိုရပြီးလျှင် မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း . . . အားဖြင့် ဘုရားသခင်နှင့်အတူအမျှဖန်ဆင်းသော လူသစ်ကိုယူတင်ဝတ်ဆောင်” ရန်သင်ယူကြရမည်။ (ဧဖက် ၄:၂၁၊ ၂၄) ဘုရားသခင့်အကူအညီဖြင့် စိတ်ရင်းမှန်သူတို့ထံမှ ဘုရားသခင်တောင်းဆိုသည့် ဤအရာကို သူတို့ပြုလုပ်နိုင်ကြမည်ဖြစ်သည်– “သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ့်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။”—ကောလောသဲ ၃:၁၂။

၁၄။ မိမိကိုယ်ကိုဂုဏ်တင်လိုခြင်းအား ယေရှုမည်သို့ပြစ်တင်ခဲ့သနည်း။

၁၄ ယေရှု၏တပည့်တော်များသည် ၎င်းကိုသင်ယူခဲ့ကြရသည်။ တပည့်တော်များဖြစ်လာချိန်တွင် သူတို့သည် အရွယ်ရောက်ပြီးသူများဖြစ်ကြပြီး လောက၏ပြိုင်ဆိုင်လိုသည့်စိတ်ဓာတ်အနည်းနှင့်အများရှိနေကြသည်။ ထိုသူတို့အနက် သားနှစ်ဦး၏မိခင်သည် သားများအတွက် ထင်ပေါ်မှုကိုရှာကြံသောအခါ ယေရှုက ဤသို့ဆိုခဲ့သည်– “လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။ သင်တို့မူကား ထိုသို့မပြုကြနှင့်။ လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာသည်။” (မဿဲ ၂၀:၂၀-၂၈) တပည့်တော်များသည် မိမိတို့ကိုယ်ကိုမြှင့်တင်ရန် ဘွဲ့အမည်နာမများကိုအသုံးမပြုဖို့ ယေရှုမိန့်ဆိုပြီးနောက် ကိုယ်တော်က “သင်တို့အပေါင်းသည် ညီအစ်ကိုချင်းဖြစ်ကြ၏” ဟုထပ်ဆင့်ခဲ့သည်—မဿဲ ၂၃:၈။

၁၅။ ကြီးကြပ်မှူးအရာကိုတက်လှမ်းလိုသူတို့သည် အဘယ်သဘောထားရှိသင့်သနည်း။

၁၅ ယေရှု၏စစ်မှန်သောနောက်လိုက်တစ်ဦးသည် အစေခံသူတစ်ဦးဖြစ်၏၊ မှန်ပါသည်၊ ခရစ်ယာန်ချင်းများအတွက် ကျွန်တစ်ဦးဖြစ်သည်။ (ဂလာတိ ၅:၁၃) အထူးသဖြင့် အသင်းတော်ကိုကြီးကြပ်ရန် အရည်အချင်းပြည့်မီလိုသူတို့သည် ထိုသို့ဖြစ်ရမည်။ သူတို့သည် ထင်ပေါ်ဖို့ သို့မဟုတ် ဩဇာရှိဖို့ မည်သည့်အခါမျှ အပြိုင်အဆိုင်မပြုသင့်ချေ; ‘ဘုရားသခင်၏အမွေဖြစ်သူတို့အပေါ်အစိုးတရမပြုဘဲ ပုံသက်သေကိုပြသောသူများ’ ဖြစ်ကြရမည်။ (၁ ပေတရု ၅:၃၊ ကဘ) မှန်ပါသည်၊ ကိုယ်ကျိုးရှာသည့်စိတ်ဓာတ်သည် ကြီးကြပ်ရန်မထိုက်သူတစ်ဦးဖြစ်ကြောင်း လက္ခဏာတစ်ရပ်ဖြစ်သည်။ ထိုသို့သောသူတစ်ဦးသည် အသင်းတော်ကိုအကျိုးမပေးပါ။ မှန်ပါသည်၊ ‘ကြီးကြပ်မှူးအရာကိုတက်လှမ်းခြင်း’ သည်လျောက်ပတ်သော်လည်း အခြားခရစ်ယာန်များအတွက် အကျိုးဆောင်ပေးလိုသည့်စိတ်ကြောင့်ဖြစ်သင့်သည်။ ကြီးကြပ်မှူးအရာသည် ထင်ပေါ်ဖို့ သို့မဟုတ် ဩဇာရှိဖို့အတွက်မဟုတ်ဘဲ ကြီးကြပ်သူတို့သည် အသင်းတော်တွင်စိတ်အနှိမ့်ချဆုံးသူများထဲတွင် အဝင်ဖြစ်သင့်သည်။—၁ တိမောသေ ၃:၁၊ ၆။

၁၆။ ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် ဒယောတရပ်ကို အဘယ်ကြောင့်အပြစ်တင်ပြောဆိုထားသနည်း။

၁၆ တမန်တော်ယောဟန်သည် မှားယွင်းသောအမြင်ရှိသူတစ်ဦးကို သတိပြုစေရန် ဤသို့ဖော်ပြသည်– “အသင်းတော်ထံသို့ မှာစာကိုငါရေး၍ပေးလိုက်လေပြီ။ သို့သော်လည်း အကဲအမှူးလုပ်ချင်သောဒယောတရပ်သည် ငါတို့အားအခွင့်မပေး။” ထိုသူသည် မိမိ၏အနေအထားတိုးမြင့်စေဖို့ကြိုးစားရန် အခြားသူများကို လေးစားမှုကင်းမဲ့စွာဆက်ဆံခဲ့၏။ သူ၏အခွင့်အရာတိုးမည့်အစား ဘုရားသခင့်ဝိညာဉ်တော်သည် ဒယောတရပ်၏ငါသာပဓာနစိတ်ထားကို ပြစ်တင်ပြောဆိုသည့်စကားကို သမ္မာကျမ်းစာတွင် ထည့်ရေးဖို့ ယောဟန်အားလှုံ့ဆော်ခဲ့သည်။—၃ ယောဟန် ၉၊ ၁၀။

မှန်ကန်သောသဘောထား

၁၇။ ပေတရု၊ ပေါလုနှင့် ဗာနဗတို့သည် စိတ်နှိမ့်ချမှုကို မည်သို့ပြခဲ့ကြသနည်း။

၁၇ သဘောထားမှန်ဖြစ်သည့် စိတ်နှိမ့်ချမှုနှင့်ပတ်သက်သောပုံသက်သေများစွာကို သမ္မာကျမ်းစာတွင်တွေ့ရှိရသည်။ ပေတရုသည် ကော်နေလိ၏အိမ်သို့ ဝင်ရောက်သောအခါ ထိုသူသည် “ပေတရု၏ခြေရင်း၌ပျပ်ဝပ်လျက် ကိုးကွယ်” ခဲ့သည်။ လွန်ကဲသောခယမှုကို လက်ခံမည့်အစား “ပေတရုသည် သူ့ကိုချီပင့်လျက် ‘ထလော့။ ငါကိုယ်တိုင်လူဖြစ်သည်’ ဟုဆို၏။” (တမန်တော် ၁၀:၂၅၊ ၂၆) လုတ္တရမြို့၌ ပေါလုနှင့်ဗာနဗတို့ရောက်ခဲ့ချိန်တွင် မွေးရာပါခြေမစွမ်းသူတစ်ဦးကို ပေါလုကုသပေးခဲ့သည်။ ယင်းကြောင့် လူအစုအဝေးတို့က ဤတမန်တော်များသည် ဘုရားများဖြစ်ကြသည်ဟုဆိုခဲ့ကြသည်။ သို့ရာတွင် ပေါလုနှင့် ဗာနဗတို့သည် “မိမိတို့အဝတ်ကိုဆုတ်၍ လူစုထဲသို့ပြေးဝင်လျက် ‘အချင်းလူတို့၊ အဘယ်ကြောင့်ဤသို့ပြုကြသနည်း။ ငါတို့သည် သင်တို့ကဲ့သို့လောကဓံတရား၌ကျင်လည်သောသူဖြစ်ပါ၏’” ဟုဆိုကြသည်။ (တမန်တော် ၁၄:၈-၁၅) ဤနှိမ့်ချသောခရစ်ယာန်များသည် လူတို့ထံမှဂုဏ်တင်မှုကိုလက်မခံခဲ့ကြချေ။

၁၈။ တန်ခိုးကြီးမားသောကောင်းကင်တမန်တစ်ပါးသည် ယောဟန်ကို နှိမ့်ချမှုဖြင့် မည်သို့ပြောခဲ့သနည်း။

၁၈ တမန်တော်ယောဟန်ကို ‘ယေရှုခရစ်က ဗျာဒိတ်’ ပေးခဲ့ချိန်တွင် ကောင်းကင်တမန်တစ်ပါးမှတစ်ဆင့်ပေးခဲ့သည်။ (ဗျာဒိတ် ၁:၁) ကောင်းကင်တမန်တစ်ပါးသည် တစ်ညတည်းတွင် အာရှုရိလူ ၁၈၅,၀၀၀ ကိုဖျက်ဆီးနိုင်သောတန်ခိုးရှိသောကြောင့် ယောဟန်သည် အဘယ်ကြောင့်ကြောက်ရွံ့ခဲ့ကြောင်း ကျွန်ုပ်တို့သဘောပေါက်နိုင်ပါသည်။ (၄ ဓမ္မရာဇဝင် ၁၉:၃၅) ယောဟန်က ဤသို့ဖော်ပြသည်– “ငါယောဟန်သည် . . . ကြားမြင်ပြီးလျှင် ထိုအရာများကိုပြသော ကောင်းကင်တမန်၏ခြေရင်း၌ ကိုးကွယ်အံ့သောငှာပျပ်ဝပ်၏။ သူကလည်း ‘မပြုပါနှင့်၊ ငါကား သင်၏လုပ်ဖော်ဆောင်ဖက်ဖြစ်၏။ . . . ဘုရားသခင်ကိုကိုးကွယ်လော့။’” (ဗျာဒိတ် ၂၂:၈၊ ၉) ဤတန်ခိုးကြီးမားသောကောင်းကင်တမန်သည် စိတ်နှိမ့်ချမှုတကယ်ရှိပါသည်တကား!

၁၉၊ ၂၀။ အောင်ပွဲခံသောရောမဗိုလ်ချုပ်များ၏ ထောင်လွှားမှုနှင့် ယေရှု၏စိတ်နှိမ့်ချမှုကို နှိုင်းယှဉ်ပြပါ။

၁၉ ယေရှုသည် စိတ်နှိမ့်ချသူတို့တွင် အကောင်းဆုံးစံနမူနာရှင်ဖြစ်ခဲ့သည်။ ကိုယ်တော်သည် ဘုရားသခင်၏တစ်ဦးတည်းသောသားတော်၊ ဘုရားသခင့်နိုင်ငံတော်၏အနာဂတ်ဘုရင်ဖြစ်၏။ ကိုယ်တော်သည် ဘုရင်အဖြစ် မိမိကိုယ်ကိုဆက်သသောအခါ စစ်နိုင်ခဲ့သောရောမခေတ်ဗိုလ်ချုပ်များကဲ့သို့ မပြုခဲ့ပါ။ သူတို့သည် မြင်းဖြူများ၊ သို့မဟုတ် ဆင်များ၊ ခြင်္သေ့များ၊ ကျားများကိုပင်အသုံးပြုသော ရွှေနှင့် ဆင်စွယ်တို့ဖြင့်မွမ်းမံထားသည့်ရထားများကိုစီးပြီး အုပ်စုကြီးနှင့်အတူ စီတန်းလှည့်လည်ကြသည်။ အောင်ပွဲခံစစ်သီချင်းများကိုသီဆိုကြသည့် တေးဂီတသမားများအပြင် စစ်မြေပြင်မှ သိမ်းဆည်းရမိသောပစ္စည်းများတင်ဆောင်ထားသည့် လှည်းများနှင့် တိုက်ပွဲမြင်ကွင်းများကိုသရုပ်ဖော်ထားသည့် ဝန်တင်လှည်းကြီးများလည်းပါသည်။ ထိုတွင် စစ်သုံ့ပန်းဘုရင်များ၊ မင်းညီမင်းသားများ၊ ဗိုလ်ချုပ်များနှင့် သူတို့၏မိသားစုများလည်းရှိကြပြီး ဤသူတို့ကိုကိုယ်တုံးလုံးထား၍ အရှက်ခွဲလေ့ရှိကြသည်။ ၎င်းဖြစ်ရပ်များက မာနထောင်လွှားမောက်မာခြင်းကိုပြသသည်။

၂၀ ၎င်းကို ယေရှု သူ့ကိုယ်သူဆက်သခဲ့သည့်နည်းနှင့် နှိုင်းယှဉ်ကြည့်ပါလေ။ ကိုယ်တော့်အကြောင်း ဤသို့တင်ကူးဟောထားသော ပရောဖက်ပြုချက်ကိုပြည့်စုံစေရန် နှိမ့်ချစွာလက်အောက်ခံဖို့ ယေရှုတလိုတလားရှိခဲ့သည်– “သင်၏အရှင်မင်းကြီးသည် မြည်းမနှင့်မြည်းကလေးကိုစီး၍ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ကြွလာတော်မူသည်ကိုကြည့်ရှုလော့။” သားနားခန့်ညားသည့် ပွဲသဘင်သုံးတိရစ္ဆာန်ရထားများပေါ်မဟုတ်၊ ဝန်တင်တိရစ္ဆာန်ကို နှိမ့်ချစွာကိုယ်တော်စီးလာခဲ့၏။ (ဇာခရိ ၉:၉; မဿဲ ၂၁:၄၊ ၅) အမှန်တကယ်စိတ်နှိမ့်ချ၍ အောက်ကျို့ခံကာ မေတ္တာပြည့်ဝပြီး သနားကြင်နာတတ်သည့် ယေရှုသည် ကမ္ဘာသစ်၌မြေကြီးတစ်ခွင်လုံးတွင် ယေဟောဝါ၏ခန့်အပ်ခံဘုရင်ဖြစ်မည့်အတွက် စိတ်နှိမ့်ချသောသူတို့သည် တကယ်ပျော်ရွှင်ကြသည်တကား!—ဟေရှာယ ၉:၆၊ ၇; ဖိလိပ္ပိ ၂:၅-၈။

၂၁။ စိတ်နှိမ့်ချမှုသည် အဘယ်အရာကို မဆိုလိုသနည်း။

၂၁ ယေရှု၊ ပေတရု၊ ပေါလုနှင့် သမ္မာကျမ်းစာခေတ်မှ ယုံကြည်ခြင်းရှိသော အခြားအမျိုးသားအမျိုးသမီးများသည် စိတ်နှိမ့်ချခဲ့ကြခြင်းက နှိမ့်ချမှုကို ပျော့ညံ့ခြင်းဟု မယူဆစေပါ။ ၎င်းအစား ဤသူများသည် ရဲစွမ်းသတ္တိနှင့် ဇွဲရှိသူများဖြစ်ခဲ့ကြရာ စိတ်သဘောကြံ့ခိုင်သည့်လက္ခဏာဖြစ်သည်။ သူတို့သည် စိတ္တနှင့်အကျင့်ဆိုင်ရာမဟာခွန်အားဖြင့် ပြင်းထန်သောစမ်းသပ်မှုများကို ခံရပ်ခဲ့ကြသည်။ (ဟေဗြဲအခန်းကြီး ၁၁) ထို့အပြင် ယနေ့ ယေဟောဝါ၏ကျေးကျွန်များသည် စိတ်နှိမ့်ချကြသောအခါ ဘုရားသခင်သည် စိတ်နှိမ့်ချသူများကို တန်ခိုးပြည့်ဝသည့် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ကျောထောက်နောက်ခံပြုထားသဖြင့် ထပ်တူခွန်အားရှိကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဤသို့တိုက်တွန်းခံရသည်– “အချင်းချင်းတစ်ယောက်အောက်တစ်ယောက် နှိမ့်ချလျက်နေ၍ နှိမ့်ချခြင်းတန်ဆာကိုဆင်ကြလော့။ အကြောင်းမူကား ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အားကျေးဇူးပြုတော်မူ၏။ ထိုကြောင့်၊ ကာလအချိန်တန်လျှင်၊ ဘုရားသခင်သည် သင်တို့ကိုချီးမြှောက်တော်မူမည်အကြောင်း၊ တန်ခိုးကြီးသောလက်တော်အောက်၌ ကိုယ်ကိုကိုယ်နှိမ့်ချကြလော့။”—၁ ပေတရု ၅:၅၊ ၆; ၂ ကောရိန္သု ၄:၇။

၂၂။ နောက်ဆောင်းပါးတွင် အဘယ်အကြောင်းကို ဆွေးနွေးကြမည်နည်း။

၂၂ ဘုရားသခင့်ကျေးကျွန်များကျင့်ကြံရမည့် အပြုသဘောပါသောစိတ်နှိမ့်ချမှု နောက်တစ်မျိုးရှိသည်။ ၎င်းသည် အသင်းတော်များတွင် ချစ်ခြင်းမေတ္တာနှင့် ပူးပေါင်းဆောင်ရွက်သည့်စိတ်ဓာတ်ကို များစွာတည်ဆောက်ပေးသည်။ မှန်ပါသည်၊ စိတ်နှိမ့်ချမှု၏အရေးပါသောအရာတစ်ခုပင်ဖြစ်၏။ ၎င်းကို နောက်ဆောင်းပါးတွင် ဆွေးနွေးပါမည်။

ပြန်လည်သုံးသပ်ခြင်းဖြင့်

◻ ပျံ့နှံ့လျက်ရှိသော လောက၏စိတ်ဓာတ်ကို ဖော်ပြပါ။

◻ စိတ်နှိမ့်ချသူတို့ကို ယေဟောဝါမည်သို့ မျက်နှာသာပေးသနည်း။

◻ စိတ်နှိမ့်ချမှုကို အဘယ်ကြောင့် သင်ယူရမည်နည်း။

◻ စိတ်နှိမ့်ချမှုတင်ပြခဲ့ကြသူတို့၏ ကျမ်းစာပုံသက်သေတချို့ကား အဘယ်နည်း။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ကောင်းကင်တမန်က ယောဟန်အား ဤသို့ဆိုခဲ့သည်– “မပြုပါနှင့်။ ငါကားသင်၏လုပ်ဖော်ဆောင်ဖက်ဖြစ်၏”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ