သူတို့ ယေဟောဝါ၏အလိုတော်ကို ဆောင်ရွက်ခဲ့ကြ
ယေရှုကို မေရှိယနှင့်ဘုရင်အဖြစ် တစ်ခဲနက်ကြွေးကြော်ကြ!
စီ.အီး. ၃၃ နိသန်လ ၉ ရက်နေ့တွင် ယေရုရှလင်မြို့ထဲသို့ဝင်လာသည့် ဆူညံနေသောလူအုပ်ကြီးသည် ယုဒလူများစွာကို အံ့သြစေခဲ့သည်။ ပသခါပွဲမတိုင်ခင် မြို့ထဲသို့ လူများတဖွဲဖွဲရောက်ရှိခြင်းသည် မထူးဆန်းသော်လည်း ယခုရောက်ရှိလာသောသူတို့ကမူ တစ်မူထူးခြားသည်။ သူတို့အလယ်တွင် အဓိကပုဂ္ဂိုလ်သည် မြည်းမ၏သားငယ်ကို စီးလာသောသူဖြစ်သည်။ ထိုသူမှာ ယေရှုခရစ်ဖြစ်ပြီး “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရားအခွင့်နှင့်ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏဖြစ်စေသတည်း” ဟုလူတို့ကြွေးကြော်ကြလျက် ကိုယ်တော်ရှေ့တွင် သူတို့၏အဝတ်များနှင့်စွန်ပလွံခက်များကို ခင်းကြသည်။ လူအုပ်ကြီးကိုမြင်သည်နှင့် ယေရုရှလင်မြို့ရှိလူတို့သည် ထိုအဖွဲ့ နှင့်လိုက်ပါရန် လှုံ့ဆော်ခံရသည်။—မဿဲ ၂၁:၇-၉; ယောဟန် ၁၂:၁၂၊ ၁၃။
ယခု ယေရှုကို တစ်ခဲနက်ချီးမြှောက်ကြသော်လည်း ရှေ့တွင်စုံစမ်းခြင်းများရှိနေသည်ကို ကိုယ်တော်သိသည်။ နောက်ငါးရက်တွင် ယင်းမြို့၌ပင် ကိုယ်တော်အသတ်ခံရတော့မည်! မှန်ပါသည်၊ ယေရုရှလင်မြို့သည် ရန်သူနယ်မြေဖြစ်သည်ကို ယေရှုသိလျက်နှင့် ယင်းအချက်တို့ကို စိတ်တွင်စွဲမှတ်လျက် မြို့ထဲသို့ ထင်ရှားစွာဝင်ရောက်ရန် စီစဉ်ခဲ့ရခြင်းဖြစ်သည်။
ရှေးပရောဖက်ပြုချက်တစ်ခုပြည့်စုံ
ဘီ.စီ.အီး. ၅၁၈ တွင် ဇာခရိသည် ယေရုရှလင်မြို့ထဲသို့ ယေရှု၏အောင်ပွဲခံလျက် ဝင်ရောက်နိုင်ခြင်းကို ကြိုတင်ဟောခဲ့သည်။ သူဤသို့ရေးသားခဲ့သည်– “အိုယေရုရှလင်မြို့သတို့သမီး၊ ကြွေးကြော်လော့။ တရားသဖြင့်စီရင်၍ ကယ်တင်ခြင်းသို့ရောက်သောသခင်၊ သင်၏အရှင်မင်းကြီးသည် မြည်းမနှင့်မြည်းကလေးကိုစီး၍ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ကြွလာတော်မူသည်ကိုကြည့် ရှုလော့။ . . . တစ်ပါးအမျိုးသားတို့သည် စစ်ငြိမ်းမည်အကြောင်းကို ထိုအရှင်သည်မိန့်တော်မူမည်။ အာဏာတော်လည်း ပင်လယ်တစ်ပါးမှသည်တစ်ပါးတိုင်အောင်လည်းကောင်း၊ မြစ်မှသည်မြေကြီးစွန်းတိုင်အောင်လည်းကောင်း တည်လိမ့်မည်။”—ဇာခရိ ၉:၉၊ ၁၀။
ထိုကြောင့် နိသန်လ ၉ ရက်နေ့တွင် ယေရုရှလင်သို့ ယေရှုဝင်ရောက်လာခြင်းက ကျမ်းစာပရောဖက်ပြုချက်ကို ပြည့်စုံစေသည်။ အစီအစဉ်မရှိသည့် အဖြစ်အပျက်မဟုတ်ဘဲ သေချာစွာစီစဉ်ထားခြင်းဖြစ်သည်။ အစောပိုင်းက ယေရုရှလင်မြို့ပြင်နားတွင် ယေရှုသည် တပည့်တော်နှစ်ဦးကို ဤသို့ညွှန်ကြားခဲ့သည်– “သင်တို့ရှေ့၌ရှိသောရွာသို့သွားကြ။ ထိုရွာ၌ချည်နှောင်လျက်ရှိသောမြည်းမနှင့် မြည်းကလေးကို သင်တို့သည်ချက်ချင်းတွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ငါ့ထံသို့ဆောင်ခဲ့ကြ။ သူတစ်ပါးသည် သင်တို့အားတစ်စုံတစ်ခုကိုဆိုလျှင် ‘သခင်အလိုရှိသည်’ ဟုပြန်ပြောကြလော့။ ထိုသို့ပြောလျှင် ထိုသူသည် ချက်ချင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။” (မဿဲ ၂၁:၁-၃) သို့သော် ယေရှုသည် အဘယ်ကြောင့် ယေရုရှလင်မြို့ထဲသို့ မြည်းစီးပြီး ဝင်လိုသနည်း။ လူအုပ်ကြီး၏တုံ့ ပြန်မှုသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။
ဘုရင့်အရိုက်အရာနှင့်စပ်လျဉ်းသော သတင်းစကား
ရုပ်ပုံလွှာသည် ပြောဆိုသည့်စကားထက် ပို၍ အစွမ်းထက်လေ့ရှိသည်။ ဤသို့ဖြင့် တစ်ခါတစ်ရံ ယေဟောဝါသည် ပရောဖက်ပြုချက်ဆိုင်ရာသတင်းစကားများ ထင်ရှားပေါ်လွင်စေရန် ပရောဖက်များကို သရုပ်ဆောင်စေသည်။ (၃ ဓမ္မရာဇဝင် ၁၁:၂၉-၃၂; ယေရမိ ၂၇:၁-၆; ယေဇကျေလ ၄:၁-၁၇) ဤမြင်ရသောနည်းဖြင့် ဆက်သွယ်ခြင်းသည် စိတ်နှလုံးအခိုင်မာဆုံးသောသူများကိုပင် ဖျောက်ဖျက်၍မရအောင် စွဲထင်စေသည်။ ထိုနည်းတူ ယေရှုသည် ယေရုရှလင်မြို့ထဲသို့ မြည်းစီးလာခြင်းအားဖြင့် အားပါသောသတင်းစကားကို သရုပ်ဆောင်ပြသည်။ မည်သို့အားဖြင့်နည်း။
ကျမ်းစာခေတ်တွင် မြည်းကို ထူးမြတ်သောရည် ရွယ်ချက်အတွက် အသုံးပြုသည်။ ဥပမာ၊ ရှောလမုန်သည် ဘုရင်အဖြစ်ဘိသိတ်ပေးခံရစဉ် မြည်းထီးနှင့်မျိုးစပ်ထားသော ခမည်းတော်၏သားပေါက် “မြင်းလား” ကိုစီးသည်။a (၃ ဓမ္မရာဇဝင် ၁:၃၃-၄၀) ထိုကြောင့် ယေရှုသည် မြည်းစီး၍ ယေရုရှလင်မြို့ထဲသို့ ဝင်ရောက်ခြင်းသည် ဘုရင်အဖြစ် ရောက်ရှိနေခြင်းကို ဖော်ပြသည်။ လူအုပ်ကြီး၏တုံ့ ပြန်မှုက ယင်းသတင်းကို အားဖြည့်ပေးသည်။ ဂါလိလဲပြည်သားများ မုချပါဝင်သည့် ထိုလူအုပ်သည် ယေရှုရှေ့ သူတို့၏အဝတ်များကိုခင်းကြသည်—ယင်းသည် ယေဟုအား ဘုရင်အဖြစ် လူထုကြေညာခြင်းကို ပြန်ပြောင်းသတိရစေသည့် အမူအရာဖြစ်သည်။ (၄ ဓမ္မရာဇဝင် ၉:၁၃) “ဒါဝိဒ်၏သား” အဖြစ် ယေရှုကို သူတို့ဖော်ပြခြင်းသည် ကိုယ်တော်၏တရားဝင်အုပ်ချုပ်ပိုင်ခွင့်ကို အလေးစီးစေသည်။ (လုကာ ၁:၃၁-၃၃) စွန်ပလွံခက်များကိုအသုံးပြုခြင်းသည် ကိုယ်တော်၏ဘုရင့်အာဏာကို လက်အောက်ခံကြောင်း ထင်ရှားစွာပြသကြခြင်းဖြစ်သည်။—ဗျာဒိတ် ၇:၉၊ ၁၀ နှိုင်းယှဉ်။
ထိုကြောင့် နိသန်လ ၉ ရက်တွင် ယေရုရှလင်မြို့ထဲသို့ ဝင်ရောက်လာသည့် လူအုပ်သည် ယေရှုကို ဘုရားသခင့်ခန့်အပ်ခံ မေရှိယနှင့်ဘုရင် ဖြစ်ကြောင်း ထင်ရှားစွာဖော်ပြကြသည်။ အမှန်မှာ ဤနည်းဖြင့် ယေရှုရောက်ရှိခြင်းကို လူတိုင်းနှစ်သက်ကြသည်မဟုတ်။ အထူးသဖြင့် ဖာရိရှဲများသည် ဘုရင်အဖြစ် ယေရှုချီးမွမ်းခံရသည်ကို မသင့်လျော်ဟု ယူဆကြသည်။ သူတို့သည် ကိုယ်တော်အား “အရှင်ဘုရား၊ ကိုယ်တော်၏တပည့်တော်တို့ကို ဆုံးမပါဟု” ဒေါသအသံဖြင့်တောင်းဆိုမည်မှာ ဧကန်မလွဲပေ။ ယေရှုက “ငါဆိုသည်ကား၊ ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ချင်းကြွေးကြော်ကြလိမ့်မည်” ဟုမိန့်တော်မူ၏။ (လုကာ ၁၉:၃၉၊ ၄၀) မှန်ပါသည်၊ ဘုရားသခင့်နိုင်ငံတော်သည် ယေရှုဟောပြောခြင်း၏ အဓိကအကြောင်းအရာဖြစ်သည်။ လူတို့လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကိုယ်တော်သည် ယင်းသတင်းတရားကို ရဲရင့်စွာကြွေးကြော်ခဲ့သည်။
ကျွန်ုပ်တို့အတွက် သင်ခန်းစာ
ပရောဖက်ဇာခရိ ကြိုပြောထားသည့်ပုံစံအတိုင်း ယေရုရှလင်မြို့ထဲသို့ ဝင်ရောက်ရန် ယေရှုအတွက် ကြီးမားသောရဲစွမ်းသတ္တိ လိုအပ်သည်။ ဤကဲ့သို့ပြုလုပ်ခြင်းသည် ရန်သူများ၏ဒေါသကို နှိုးဆွရာရောက်ကြောင်း ကိုယ်တော်သိသည်။ ယေရှုကောင်းကင်ပေါ်သို့မတက်ကြွမီ မိမိ၏နောက်တော်လိုက်များအား ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောရန်နှင့် “လူမျိုးတကာတို့ကို . . . တပည့်ဖြစ်စေ” ရန်တာဝန်ပေးခဲ့သည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ယင်းလုပ်ငန်းပြီးမြောက်စေရန်လည်း ရဲစွမ်းသတ္တိလိုအပ်သည်။ ထိုသတင်းကို လူတိုင်းကြားချင်သည်မဟုတ်။ အခြားသူများက ဆန့်ကျင်ကြသည့်အလျောက် အချို့သူများက စိတ်မဝင်စားကြချေ။ အချို့အစိုးရများသည် ဟောပြောခြင်းလုပ်ငန်းကို ကန့်သတ်ထားသည် သို့မဟုတ် အတိအလင်းပိတ်ပင်ထားသည်။
သို့ဖြစ်လင့်ကစား လူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ဘုရားသခင်၏တည်ထောင်ပြီးသော နိုင်ငံတော်သတင်းကောင်းကို ဟောရမည်ဖြစ်ကြောင်း ယေဟောဝါသက်သေများ သဘောပေါက်ကြသည်။ (ယေဇကျေလ ၂:၇) သူတို့သည် ယင်းအသက်ကယ်ဆယ်ရေးလုပ်ငန်းတွင် ဆက်လက်လုပ်ကိုင်နေစဉ် ယေရှု၏ဤကတိတော်က သူတို့ကို စိတ်ချစေသည်– “ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်ဟု တပည့်တော်တို့အားမိန့်တော်မူ၏။”—မဿဲ ၂၈:၂၀။
[အောက်ခြေမှတ်ချက်များ]
a “အဘယ်သူမျှမစီးဖူးသော” မြည်းကလေးဖြစ်ကြောင်း မာကု၏မှတ်တမ်းက ဖော်ပြသည်။ (မာကု ၁၁:၂) အသုံးမပြုရသေးသော တိရစ္ဆာန်တစ်ကောင်သည် မြင့်မြတ်သောရည်ရွယ်ချက်အတွက် အထူးသဖြင့်သင့်လျော်ကြောင်း ထင်ရှားသည်။—တောလည်ရာ ၁၉:၂; တရားဟောရာ ၂၁:၃; ၁ ဓမ္မရာဇဝင် ၆:၇ နှိုင်းယှဉ်။