ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၁၀၃ စာ. ၂၄၀-စာ. ၂၄၁ ပိုဒ်. ၁
  • ဗိမာန်တော်ကို ထပ်မံရှင်းလင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဗိမာန်တော်ကို ထပ်မံရှင်းလင်း
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဗိမာန်တော်သို့ တစ်ဖန်ပြန်သွားခြင်း
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဗိမာန်တော်သို့ တစ်ဖန်ပြန်သွားခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • “အချိန်ရောက်လာပြီ!”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ကမ္ဘာပေါ် ယေရှု၏နောက်ဆုံး နေ့ရက်များကို ပြန်လည်ခံစားခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၁၀၃ စာ. ၂၄၀-စာ. ၂၄၁ ပိုဒ်. ၁
ငွေလဲလှယ်သူရဲ့စားပွဲကို ယေရှုမှောက်ပစ်

အခန်း ၁၀၃

ဗိမာန်တော်ကို ထပ်မံရှင်းလင်း

မဿဲ ၂၁:၁၂၊ ၁၃၊ ၁၈၊ ၁၉ မာကု ၁၁:၁၂-၁၈ လုကာ ၁၉:၄၅-၄၈ ယောဟန် ၁၂:၂၀-၂၇

  • သဖန်းပင်ကို ကျိန်၊ ဗိမာန်တော်ကို ရှင်းလင်း

  • လူများစွာ အသက်ရစေဖို့ ယေရှု အသေခံရမယ်

ယေရှုနဲ့ တပည့်တွေဟာ ယေရိခေါမြို့ကနေ ထွက်လာကတည်းက ဗေသနိရွာမှာ တည်းနေတာ သုံးညရှိပြီ။ အခု နိသန်လ ၁၀ ရက်၊ တနင်္လာနေ့မနက် စောစောမှာတော့ ဂျေရုဆလင်မြို့ကို သွားနေကြတယ်။ ယေရှုက ဗိုက်ဆာလာတာကြောင့် သဖန်းပင်တစ်ပင်ကို လှမ်းမြင်လိုက်တဲ့အခါ အသီးရှိမလားဆိုပြီး သွားကြည့်တယ်။

အခု မတ်လအကုန်ပိုင်း ရောက်နေပြီ။ ဇွန်လလောက်မှ သဖန်းသီး သီးမှာ။ ဒါပေမဲ့ အချိန်မတန်ဘဲ အပင်မှာ အရွက်တွေ ဝေဆာနေတာကြောင့် အသီးစောမယ်လို့ ယေရှု ထင်နေတယ်။ တကယ်တမ်း သွားကြည့်တဲ့အခါကျတော့ အသီးတစ်လုံးမှ မတွေ့ဘူး။ အရွက်တွေက အပင်ကို အထင်လွဲစေတယ်။ ဒါနဲ့ ယေရှုက “မင်းရဲ့အသီးကို နောက်နောင် ဘယ်သူမှ မစားစေရ” လို့ပြောလိုက်တယ်။ (မာကု ၁၁:၁၄) ချက်ချင်းပဲ သဖန်းပင် ညှိုးနွမ်းသွားတယ်။ နောက်နေ့မနက်ကျမှ အဲဒါက ဘာကိုဆိုလိုမှန်း သိကြတယ်။

သိပ်မကြာခင်မှာ ယေရှုနဲ့ တပည့်တွေဟာ ဂျေရုဆလင်မြို့ကို ရောက်လာတယ်။ မနေ့ညနေက စစ်ဆေးခဲ့တဲ့ ဗိမာန်တော်ကို ယေရှု သွားတယ်။ ဒီနေ့တော့ စစ်ဆေးရုံလောက်ပဲ မဟုတ်ဘူး။ လွန်ခဲ့တဲ့သုံးနှစ်၊ အေဒီ ၃၀ ပသခါပွဲ အချိန်တုန်းကလို အရေးယူ လုပ်ဆောင်တယ်။ (ယောဟန် ၂:၁၄-၁၆) ဒီတစ်ကြိမ်တော့ “အဲဒီမှာ ရောင်းဝယ်နေတဲ့ လူတွေကို မောင်းထုတ်တယ်။ ငွေလဲလှယ်သူတွေရဲ့ စားပွဲ၊ ချိုးငှက်ရောင်းသူတွေရဲ့ ခုံကို မှောက်လှန်ပစ်တယ်။” (မာကု ၁၁:၁၅) ဗိမာန်တော်ဝင်းကို ဖြတ်လမ်းအဖြစ်သုံးပြီး ပစ္စည်းတွေ သယ်ဆောင်ဖို့တောင် ခွင့်မပြုဘူး။

ဗိမာန်တော်မှာ ငွေလဲလှယ်ပေးသူတွေ၊ တိရစ္ဆာန်ရောင်းနေသူတွေကို ဘာလို့ ဒီလောက် ပြင်းပြင်းထန်ထန် အရေးယူရတာလဲ။ “‘ငါ့အိမ်ကို လူမျိုးအားလုံး ဆုတောင်းရာအိမ်လို့ ခေါ်ကြမယ်’ ဆိုပြီး ကျမ်းစာမှာ ရေးထားပေမဲ့ ခင်ဗျားတို့က အိမ်တော်ကို ဓားပြ ခိုအောင်းတဲ့နေရာ ဖြစ်စေကြပြီ” လို့ ယေရှုပြောတယ်။ (မာကု ၁၁:၁၇) ယဇ်ပူဇော်ဖို့ တိရစ္ဆာန်ဝယ်တဲ့သူတွေဆီကနေ အမြတ်ကြီးစားတဲ့အတွက် သူတို့ကို ဓားပြတွေလို့ ခေါ်လိုက်တာ။ ယေရှုရဲ့အမြင်မှာ သူတို့ရဲ့လုပ်ရပ်က ငွေညှစ်တာ၊ ဓားပြတိုက်တာနဲ့ တူတယ်။

ဒါကို ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေနဲ့ အကြီးအကဲတွေ ကြားတဲ့အခါ ယေရှုကိုသတ်ဖို့ နည်းလမ်းထပ်ရှာကြပေမဲ့ အခက်တွေ့နေတယ်။ သူ့ကို ဘယ်လို သတ်ရမလဲဆိုတာ စဉ်းစားမရ ဖြစ်နေတယ်။ လူတွေက ယေရှုသွန်သင်တာကို နားထောင်ဖို့ စုရုံးနေကြလို့ပဲ။

ဂျူးတွေရော၊ ဂျူးဘာသာ ပြောင်းဝင်လာသူတွေပါ ပသခါပွဲတက်ဖို့ လာကြတယ်။ ပွဲတော်ချိန်အတွင်း လာဝတ်ပြုတဲ့ သူတွေထဲမှာ ဂရိတွေလည်း ပါတယ်။ သူတို့က ဖိလိပ္ပုဆီလာပြီး ယေရှုနဲ့ တွေ့ချင်တယ်လို့ တောင်းဆိုကြတယ်။ ဖိလိပ္ပုဆိုတဲ့ ဂရိနာမည်ကြောင့် သူ့ကို လာပြောတာ ဖြစ်မယ်။ ပေးတွေ့ သင့်၊ မသင့် ဆုံးဖြတ်ရခက်နေလို့ ဖိလိပ္ပုက အန္ဒြေကို ပြောပြလိုက်တယ်။ အဲဒီနောက် သူတို့နှစ်ယောက်က ဗိမာန်တော်မှာရှိနေတဲ့ ယေရှုဆီသွားပြီး အကျိုးအကြောင်း ပြောပြတယ်။

ယေရှုက ရက်အနည်းငယ်လောက်နေရင် သူသေရတော့မယ်ဆိုတာ သိထားတယ်။ ဒီအချိန်က လူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမယ့်၊ ထင်ပေါ်ကျော်ကြားအောင် လုပ်နေရမယ့် အချိန်မဟုတ်ဘူး။ ဒါကြောင့် တမန်တော်နှစ်ယောက်ကို ပုံပမာတစ်ခုပြောပြီး အဖြေပေးလိုက်တယ်– “လူသား ဘုန်းထင်ရှားမယ့်အချိန် ရောက်လာပြီ။ ကျွန်တော် မှန်တာကိုပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ ဂျုံမျိုးစေ့က မြေပေါ်ကျပြီး မပျက်ရင် မျိုးစေ့တစ်စေ့ပဲ ဖြစ်နေမှာပေါ့။ ပျက်သွားရင်တော့ အသီးအများကြီး သီးတတ်တယ်။”—ယောဟန် ၁၂:၂၃၊ ၂၄။

ဂျုံမျိုးစေ့ တစ်စေ့တည်းဆိုရင် တန်ဖိုးမရှိတဲ့ပုံပဲ။ ဒါပေမဲ့ အဲဒီအစေ့ကို မြေကြီးထဲ စိုက်မယ်၊ အစေ့ “ပျက်” သွားမယ်ဆိုရင် အပင်ပေါက်လာပြီး အချိန်တန်တဲ့အခါ အသီးအများကြီး သီးလာပါလိမ့်မယ်။ အဲဒီလိုပဲ ယေရှုဟာ ပြည့်ဝစုံလင်သူ ဖြစ်တယ်။ သူ သေတဲ့အထိ ဘုရားသခင်ကို သစ္စာရှိမယ်ဆိုရင် သူ့လိုမျိုး ကိုယ်ကျိုးစွန့်စိတ်ဓာတ် တင်ပြသူတွေကို ထာဝရအသက် ရစေမှာဖြစ်တယ်။ ဒါကြောင့် “ကိုယ့်အသက်ကို တွယ်တာနေရင် အသက်ဆုံးရှုံးတတ်တယ်။ ဒီလောကမှာ ကိုယ့်အသက်ကို မုန်းရင်တော့ ထာဝရအသက်ရဖို့ ကိုယ့်အသက်ကို စောင့်ရှောက်ရာရောက်လိမ့်မယ်” လို့ပြောတယ်။—ယောဟန် ၁၂:၂၅။

ယေရှုက သူ့အတွက်ပဲ စဉ်းစားနေတာ မဟုတ်မှန်း အခုလို ပြောတယ်– “ကျွန်တော့်ရဲ့အစေခံ ဖြစ်ချင်တဲ့သူဟာ ကျွန်တော့်နောက်ကို လိုက်ရမယ်။ ကျွန်တော်ရှိတဲ့နေရာမှာ သူရှိရမယ်။ ကျွန်တော့်ရဲ့အစေခံ ဖြစ်ချင်တဲ့သူကို အဖဘုရား ဂုဏ်တင်လိမ့်မယ်။” (ယောဟန် ၁၂:၂၆) တကယ်ကောင်းတဲ့ ဆုကျေးဇူးပါပဲ။ အဖဘုရားရဲ့ ဂုဏ်တင်ခြင်း ခံရသူတွေဟာ နိုင်ငံတော်မှာ ခရစ်တော်နဲ့အတူ တွဲဖက် လုပ်ဆောင်ခွင့်ရမှာ ဖြစ်တယ်။

ယေရှုဟာ ကြုံရတော့မယ့် ဆင်းရဲဒုက္ခနဲ့ မချိမဆံ့ ဝေဒနာခံစားပြီး သေရမယ့်အဖြစ်ကို တွေးမိတဲ့အတွက် “အခု ကျွန်တော် စိတ်ဒုက္ခရောက်နေတယ်။ ဘယ်လို ပြောရမလဲ။ အဖ၊ ဒီအချိန်ကနေ လွတ်မြောက်အောင် ကယ်တင်ပေးပါ” လို့ပြောတယ်။ ဒါပေမဲ့ ဘုရားရဲ့အလိုတော် မပြီးမြောက်တာမျိုး သူမလိုချင်ဘူး။ ဒါကြောင့် “ဒီအချိန်အတွက်ပဲ ကျွန်တော် ရောက်လာတာပါ” လို့ ဆက်ပြောတယ်။ (ယောဟန် ၁၂:၂၇) ယေရှုက ပူဇော်သက္ကာအဖြစ် သူ့အသက်ကို ပေးဆပ်ခြင်း အပါအဝင် ဘုရားရည်ရွယ်ထားသမျှကို သဘောတူ လက်ခံတယ်။

  • သဖန်းသီးသီးချိန် မဟုတ်ပေမဲ့ အသီးရှိမယ်လို့ ယေရှုဘာကြောင့် ထင်သလဲ။

  • ဗိမာန်တော်မှာ တိရစ္ဆာန်ရောင်းသူတွေကို “ဓားပြတွေ” လို့ ယေရှု ဘာကြောင့် ခေါ်သလဲ။

  • ယေရှုကို ဂျုံမျိုးစေ့တစ်စေ့နဲ့ ဘယ်လို နှိုင်းယှဉ်နိုင်သလဲ။ ကြုံရတော့မယ့် ဆင်းရဲဒုက္ခ၊ သေခြင်းနဲ့ ပတ်သက်ပြီး သူ ဘယ်လို ခံစားရသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ