အခန်း ၁၀၃
ဗိမာန်တော်သို့ တစ်ဖန်ပြန်သွားခြင်း
ယေရှုနှင့်တပည့်များသည် ယေရိခေါမြို့မှပြန်လာ၍ ဗေသနိရွာတွင်တည်းခိုရာ တတိယညပင်ရှိလေပြီ။ ယနေ့နိသန်လ ၁၀ ရက်၊ တနင်္လာနေ့နံနက်စောစောတွင် ယေရုရှလင်မြို့သို့ဦးတည်နေကြပြီ။ ယေရှုသည်ဆာသဖြင့် အရွက်ဝေဆာသောသင်္ဘောသဖန်းပင်ကိုမြင်လေသော် အသီးတွေ့လို၍ အနီးသို့ကြွတော်မူသည်။
သင်္ဘောသဖန်းသီး သီးသည့်ရာသီမှာ ဇွန်လဖြစ်ပြီး ယခုမတ်လအကုန်ပိုင်းသာရှိသေး၍ အရွက်များသည်အချိန်မတော်ဝေဆာနေရာ အသီးလည်းစောမည်ဟုယေရှုထင်သည့်အတိုင်းမဟုတ်သဖြင့် စိတ်ပျက်သွားသည်။ အရွက်များက အပင်ကိုအထင်လွဲစေခဲ့သည်။ ထိုအခါ “ယခုမှစ၍ အစဉ်မပြတ်သင်၌ အသီးမသီးစေနှင့်” ဟု အပင်ကိုယေရှုကျိန်ဆိုသည်။ ဤလုပ်ရပ်၏အကျိုးဆက်နှင့်ယင်း၏အဓိပ္ပာယ်လေးနက်မှုကို နောက်တစ်နေ့နံနက်တွင်သိရှိရသည်။
ခရီးဆက်ကြရာ ယေရုရှလင်မြို့သို့ရောက်ကြ၍ တမြန်နေ့၏နေ့လည်ချိန်တွင်စစ်ဆေးခဲ့သောဗိမာန်တော်သို့ ပြန်သွားကြ၏။ ဤနေ့တွင်မူ စီအီး ၃၀ ခုနှစ်ကပသခါပွဲတက်ခဲ့ချိန်၊ လွန်ခဲ့သောသုံးနှစ်ကကဲ့သို့အရေးယူဆောင်ရွက်ပြီး ဗိမာန်တော်၌ရောင်းဝယ်နေသူများကိုနှင်ထုတ်တော်မူ၍ ငွေလဲလှယ်သူများ၏စားပွဲ၊ ချိုးငှက်များရောင်းသူတို့၏ခုံများကို မှောက်လှန်တော်မူ၏။ ဗိမာန်တော်အထဲမှ ပစ္စည်းများထမ်း၍ဖြတ်သန်းသွားလာသူတို့ကိုပင် ဆီးတားတော်မူ၏။
ဗိမာန်တော်တွင်း ငွေလဲလှယ်သူများနှင့် တိရစ္ဆာန်ရောင်းသူများအား “‘ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာအိမ်ဟူ၍ခေါ်ဝေါ်ကြလတံ့’ ဟု ကျမ်းစာ၌လာသည်မဟုတ်လော။ သို့သော်လည်း သင်တို့သည် ထိုအိမ်ကို ဓားပြတွင်းဖြစ်စေကြပြီတကား” ဟုပြစ်တင်ရှုတ်ချတော်မူသည်။ ယဇ်ပူဇော်ရန် သူတို့ထံမှတိရစ္ဆာန်များမဝယ်လျှင်မဖြစ်၊ အဆမတန်ဈေးနှုန်းများပေးဝယ်ရသဖြင့် ဤစီးပွားရှာနည်းများကို ငွေညှစ်ခြင်း သို့မဟုတ် ဓားပြတိုက်ခြင်းကဲ့သို့ ယေရှုယူမှတ်တော်မူသည်။
ယေရှု၏ဤလုပ်ရပ်ကို ယဇ်ပုရောဟိတ်များ၊ ကျမ်းပြုများနှင့်အကြီးအကဲများကြားသိသောအခါ ကိုယ်တော်အားသတ်ရန် တစ်ဖန်ကြံကြပြန်သည်။ သို့ဖြင့် သူတို့သည် နောင်တယူပြောင်းလဲမည့်သူများမဖြစ်နိုင်ကြောင်း တင်ပြကြသည်။ သို့သော် လူအပေါင်းတို့က ကိုယ်တော်၏ဒေသနာကို စေ့စေ့နားထောင်ကြသောကြောင့် သူတို့သတ်နိုင်သောအခွင့်ကို မတွေ့ရကြ။
ဇာတိဂျူးများအပြင် ဂျူးဘာသာဝင်တစ်ပါးအမျိုးသားတို့လည်း ပသခါပွဲသို့လာကြသည်။ ဘာသာဝင်ဂရိအချို့တို့သည် ဖိလိပ္ပုထံသွား၍ ယေရှုကိုမြင်လိုကြောင်း ပြောကြသည်။ ဤသို့တွေ့သင့်မသင့်သိလို၍ ဖိလိပ္ပုက အန္ဒြေကိုသွားမေးဟန်တူသည်။ ယေရှုမှာမူ ဗိမာန်တော်၌ပင်ရှိနေသေး၍ ထိုတွင် ဂရိအမျိုးသားတို့ ကိုယ်တော်ကိုတွေ့နိုင်ပေသည်။
အသက်ရှင်ရန်ရက်အနည်းငယ်သာကျန်ကြွင်းကြောင်း ယေရှုသိတော်မူ၍ အခြေအနေကို ဤသို့ဖော်ပြတော်မူသည်။ “လူသားသည် ဘုန်းပွင့်ရသောအချိန်ရောက်လာပြီ။ ငါအမှန်အကန်ဆိုသည်ကား မြေ၌ကျသောစပါးစေ့သည် မပျက်လျှင် တစ်ခုတည်းနေ၏။ ပျက်လျှင်မူကား များစွာသောအသီးကိုသီးတတ်၏။”
စပါးစေ့တစ်စေ့သည် တန်ဖိုးမရှိချေ။ သို့သော် ၄င်းကိုမြေထဲမြှုပ်နှံ၍ မျိုးစေ့အဖြစ်မှအသွင်ပြောင်းကာ “ပျက်” သွားလျှင်ကော။ ထိုအခါ မျိုးစွဲကာအညှောက်ထွက်လာ၍အပင်ပေါက်ပြီး၊ များစွာသောအသီးတို့ကိုသီးလေသည်။ ထိုနည်းတူ တစ်ဦးတည်းသောစုံလင်သူယေရှုသည် သစ္စာရှိရှိသေဆုံးမည်ဆိုလျှင် ကိုယ်တော်ကဲ့သို့ကိုယ်ကျိုးစွန့်စိတ်ထားရှိသစ္စာစောင့်သိသူများအတွက် ကိုယ်တော်သည် ထာဝရအသက်ရရာလမ်းဖြစ်လာသည်။ သို့ဖြစ်၍ ယေရှုက “မိမိအသက်ကိုနှမြောသောသူသည် အသက်ဆုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကိုမုန်းသောသူမူကား ထာဝရအသက်ကိုစောင့်ရှောက်လျက်နေ၏” ဟုမိန့်တော်မူသည်။
မိမိအကြောင်းသာ ယေရှုစဉ်းစားမနေကြောင်း ဆက်မိန့်ဆိုသည့်စကားကတင်ပြ၏။ “ငါ၏အမှုကိုဆောင်ရွက်သောသူဖြစ်လျှင် ငါ့နောက်သို့လိုက်ရမည်။ ငါ၏အမှုဆောင်သည်လည်း ငါရှိရာအရပ်၌ရှိလိမ့်မည်။ ငါ၏အမှုကိုဆောင်ရွက်သောသူဖြစ်လျှင် ထိုသူကိုခမည်းတော်သည် ချီးမြှောက်တော်မူလတံ့။” ယေရှုနောက်လိုက်ကာ ကိုယ်တော်၏အမှုကိုဆောင်ရွက်ပေးသည့်အတွက် ထူးမြတ်လှသော ဆုပါတကား။ နိုင်ငံတော်တွင် ခရစ်တော်နှင့်အတူအမွေခံစားရရန် ခမည်းတော်ချီးမြှင့်သည့်ဆုကျေးဇူးပင်။
ကြုံရလုဆဲဆင်းရဲဒုက္ခနှင့်နာကျည်းဖွယ်သေခြင်းကိုတွေးမိလျက် ယေရှုက “ငါသည်ယခုစိတ်နှလုံးပူပန်ခြင်းရှိ၏။ အဘယ်သို့ငါလျှောက်ရမည်နည်း။ ထိုအချိန်မှအကျွန်ုပ်ကိုကယ်တင်တော်မူပါအဘဟုလျှောက်ရမည်” ဟူ၍မိန့်ဆိုသည်။ ခံရမည့်ဒုက္ခကိုသာ ကိုယ်တော်ရှောင်လွှဲနိုင်လျှင် အလွန်ကောင်းလှမည်တကား။ သို့သော် ထိုသို့မဖြစ်လေရာ။ ကိုယ်တော်က ‘ဤအကြောင်းကြောင့် ဤအချိန်သို့ငါရောက်လာပြီ’ ဟုမိန့်တော်မူသည်။ ယဇ်သက္ကာအဖြစ်သေရခြင်းအပါအဝင် ဘုရားသခင်၏အစီအစဉ်တစ်ခုလုံးကို ယေရှုသဘောတူလက်ခံထားသည်။ မဿဲ ၂၁:၁၂၊ ၁၃၊ ၁၈၊ ၁၉။ မာကု ၁၁:၁၂-၁၈။ လုကာ ၁၉:၄၅-၄၈။ ယောဟန် ၁၂:၂၀-၂၇။
▪ အချိန်မဟုတ်ဘဲသင်္ဘောသဖန်းသီးများကိုတွေ့ရှိမည်ဟု ယေရှုအဘယ်ကြောင့်မျှော်လင့်သနည်း။
▪ ဗိမာန်တော်တွင်ဈေးရောင်းနေသူများကို “ဓားပြများ” ဟုယေရှုအဘယ်ကြောင့်ခေါ်ရသနည်း။
▪ ပျက်သွားသောစပါးစေ့နှင့် ယေရှုအဘယ်နည်းဖြင့်တူညီသနည်း။
▪ မိမိကြုံကြိုက်လုဆဲဆင်းရဲဒုက္ခနှင့်သေခြင်းကို ယေရှုမည်သို့သဘောထားသနည်း။