အခန်း ၁၀၅
သဖန်းပင်ကိုသုံးပြီး ယုံကြည်ခြင်းအကြောင်း သွန်သင်
မဿဲ ၂၁:၁၉-၂၇ မာကု ၁၁:၁၉-၃၃ လုကာ ၂၀:၁-၈
ခြောက်သွေ့တဲ့ သဖန်းပင်ကို သုံးပြီး ယုံကြည်ခြင်းအကြောင်း သွန်သင်ပေး
ယေရှုရဲ့ အခွင့်အာဏာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်
ယေရှုက တနင်္လာနေ့ညနေမှာ ဂျေရုဆလင်ကနေ ထွက်လာပြီး သံလွင်တောင် အရှေ့ဘက် တောင်စောင်းမှာရှိတဲ့ ဗေသနိရွာကို ပြန်လာတယ်။ သူ့မိတ်ဆွေတွေဖြစ်တဲ့ လာဇရု၊ မာရိ၊ မာသတို့အိမ်မှာ ညအိပ်ပုံပဲ။
နိသန်လ ၁၁ ရက်နေ့ မနက်မှာ ယေရှုနဲ့ တပည့်တွေ ဂျေရုဆလင်မြို့ကို ဦးတည်ကြပြန်တယ်။ ဒီနေ့ ဗိမာန်တော်ကိုသွားတာ နောက်ဆုံးအကြိမ်ပဲ။ ပသခါပွဲ မကျင်းပခင်၊ သူ့ရဲ့ သေခြင်းအောက်မေ့ရာပွဲကို အစမပြုခင် လူထုရှေ့ အမှုဆောင်တာလည်း နောက်ဆုံးပဲ။ ဒါပြီးရင် နှိပ်စက်ညှဉ်းပန်းခံရပြီး အသတ်ခံရတော့မယ်။
ဗေသနိရွာကနေ သံလွင်တောင်ကိုဖြတ်ပြီး ဂျေရုဆလင်ကို သွားနေတုန်း ပေတရုက မနေ့ မနက်က ယေရှုကျိန်လိုက်တဲ့ အပင်ကို တွေ့သွားတယ်။ ဒါနဲ့ “ဆရာ၊ ကြည့်ပါဦး။ ဆရာကျိန်လိုက်တဲ့ သဖန်းပင်ဟာ ခြောက်နေပြီ” လို့ပြောတယ်။—မာကု ၁၁:၂၁။
ယေရှုက အပင်ကို ဘာလို့ ကျိန်လိုက်တာလဲ။ သူပြောတဲ့စကားမှာ အဖြေတွေ့ရတယ်– “ကျွန်တော် မှန်တာကိုပြောမယ်။ ခင်ဗျားတို့သာ ယုံကြည်ခြင်းရှိမယ်၊ သံသယစိတ် ကင်းမယ်ဆိုရင် သဖန်းပင်ကို ကျွန်တော်လုပ်သလို လုပ်နိုင်မယ်။ ဒါ့အပြင် ဒီတောင်ကို ‘နေရာကနေ ရွေ့ပြီး ပင်လယ်ထဲကျစေ’ လို့ ပြောရင်တောင် အဲဒီအတိုင်း ဖြစ်လိမ့်မယ်။ ယုံကြည်ခြင်းအပြည့်နဲ့ ဆုတောင်းရင် တောင်းသမျှ ရလိမ့်မယ်။” (မဿဲ ၂၁:၂၁၊ ၂၂) ယုံကြည်ခြင်းရှိရင် တောင်ကို ရွှေ့နိုင်တယ်ဆိုပြီး အစောပိုင်းတုန်းက ပြောခဲ့တဲ့အချက်ကို ယေရှု ထပ်ပြောနေတာ။—မဿဲ ၁၇:၂၀။
ဒါကြောင့် အပင်ခြောက်သွားအောင် ယေရှုကျိန်လိုက်တာက ဘုရားသခင်ကို ယုံကြည်ဖို့လိုကြောင်း အရေးကြီးသင်ခန်းစာ သင်ပေးတာပဲ။ “ရကိုရမယ်လို့ ယုံကြည်ပြီး ခင်ဗျားတို့ ဆုတောင်းရင် တောင်းသမျှ ရလိမ့်မယ်” လို့ ယေရှုပြောတယ်။ (မာကု ၁၁:၂၄) တပည့်အားလုံးအတွက် သိပ်အရေးကြီးတဲ့ သင်ခန်းစာပါပဲ။ အထူးသဖြင့် မကြာခင်မှာ ခက်ခဲတဲ့ စမ်းသပ်မှုတွေ ကြုံရတော့မယ့် တမန်တော်တွေအတွက် တကယ့်ကို သင့်လျော်တဲ့ သင်ခန်းစာပဲ။ ဒါပေမဲ့ ခြောက်သွားတဲ့ သဖန်းပင်နဲ့ ယုံကြည်ခြင်းကြားမှာ ဆက်စပ်မှုတစ်ခု ရှိသေးတယ်။
အဲဒီသဖန်းပင်လိုပဲ အစ္စရေးလူမျိုးကလည်း လှည့်စားတဲ့ အသွင်ရှိတယ်။ သူတို့ဟာ ဘုရားနဲ့ ပဋိညာဉ်ဖွဲ့ထားတဲ့ လူမျိုးဖြစ်နေတော့ အပြင်ပန်းကြည့်ရင် ဘုရားပညတ်ကို လိုက်နာနေပုံပဲ။ ဒါပေမဲ့ လူမျိုးတစ်မျိုးလုံးအနေနဲ့ကြည့်ရင် ယုံကြည်ခြင်းကင်းမဲ့ပြီး အသီးကောင်းတွေ မသီးကြဘူး။ ဘုရားရဲ့သားကိုတောင် ငြင်းပယ်ကြတယ်။ ယေရှုက အသီးမသီးတဲ့ သဖန်းပင်ကို ခြောက်သွေ့စေခြင်းအားဖြင့် ယုံကြည်ခြင်း ကင်းမဲ့တဲ့၊ အသီးမသီးတဲ့ အစ္စရေးလူမျိုး ဘယ်လို နိဂုံးချုပ်မယ်ဆိုတာ ဖော်ပြလိုက်တာပဲ။
ခဏကြာတော့ ယေရှုနဲ့ တပည့်တွေ ဂျေရုဆလင်မြို့ထဲ ဝင်လာတယ်။ ယေရှုက ထုံးစံရှိတဲ့အတိုင်း ဗိမာန်တော်ကိုသွားပြီး စတင်သွန်သင်တယ်။ ဗိမာန်တော်မှာ ငွေလဲလှယ်ပေးသူတွေကို မနေ့က ယေရှုဘာလုပ်ခဲ့မှန်း ပုရောဟိတ်ကြီးတွေ၊ အကြီးအကဲတွေ သတိရသွားပုံပဲ။ ဒါကြောင့် ယေရှုဆီ ရောက်လာပြီး “ခင်ဗျားက ဘာအခွင့်အာဏာနဲ့ ဒါတွေကို လုပ်တာလဲ။ ဘယ်သူက ဒီအခွင့်အာဏာ ပေးထားလို့လဲ” ဆိုပြီး မေးခွန်းထုတ်တော့တယ်။—မာကု ၁၁:၂၈။
ဒါနဲ့ ယေရှု ဒီလိုပြန်ဖြေတယ်– “ကျွန်တော် တစ်ခုမေးမယ်။ ဖြေကြပါ။ ဒါဆိုရင် ကျွန်တော်လည်း ဘာအခွင့်အာဏာနဲ့ ဒါတွေကို လုပ်တယ်ဆိုတာ ပြောပြမယ်။ ယောဟန်က ဘယ်သူ့ဆီက အခွင့်အာဏာနဲ့ နှစ်ခြင်းပေးတာလဲ။ ဘုရားဆီကလား။ လူတွေဆီကလား။” အခုတော့ အတိုက်အခံလုပ်သူတွေ ပြန်အမေးခံနေရပြီ။ ပုရောဟိတ်တွေ၊ အကြီးအကဲတွေက “‘ဘုရားဆီက’ လို့ ဖြေလိုက်ရင် ‘ဒါဆို ယောဟန်ကို ဘာလို့မယုံတာလဲ’ ဆိုပြီး မေးနေဦးမယ်။ ‘လူတွေဆီက’ လို့လည်း ငါတို့မဖြေရဲဘူး” လို့ အချင်းချင်း တိုင်ပင်ကြတယ်။ လူအုပ်ကိုကြောက်လို့ အဲဒီလို တိုင်ပင်ကြတာ။ “လူအားလုံးက ယောဟန်ကို ပရောဖက်အစစ်လို့ ယူမှတ်ထား” ကြတယ်။—မာကု ၁၁:၂၉-၃၂။
အတိုက်အခံလုပ်သူတွေက အဖြေမှန် မပေးနိုင်တာကြောင့် “မသိဘူး” လို့ပြန်ဖြေတော့ ယေရှုက “ကျွန်တော်လည်း ဘာအခွင့်အာဏာနဲ့ ဒါတွေကို လုပ်တယ်ဆိုတာ မပြောပြဘူး” လို့ပြန်ပြောလိုက်တယ်။—မာကု ၁၁:၃၃။