အခန်း ၁၀၆
စပျစ်ဥယျာဉ်ပုံဥပမာအားဖြင့်ထုတ်ဖော်ခြင်း
မည်သူ့အခွင့်အာဏာဖြင့် လုပ်ဆောင်နေကြောင်းသိလိုသော ဗိမာန်တော်ရှိဘာသာရေးခေါင်းဆောင်များကို ယေရှုမိန်းမောတွေဝေစေပြီ။ သူတို့ရှုပ်စိတ်ထွေးနေစဉ် ယေရှုက “သင်တို့အဘယ်သို့ထင်သနည်း” ဟုမေး၏။ ထိုနောက်သူတို့သည် မည်သို့သောလူစားမျိုးဖြစ်ကြောင်း ပုံဥပမာဖြင့်ယေရှုတင်ပြသည်။
“တစ်စုံတစ်ယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။ ပထမသားထံသွား၍ ‘ငါ့သားယနေ့စပျစ်ဥယျာဉ်သို့သွား၍လုပ်ဆောင်လော့’ ဟုဆိုလျှင်သားက ‘ဟုတ်ကဲ့’ ဟုပြန်ပြောသော်လည်း မသွားခဲ့ချေ။ ဒုတိယသားထံချဉ်းကပ်၍ ရှေ့နည်းတူပြော၏။ ဤသားက ‘မသွားပါ’ ဟုဆိုပြီးမှ နောင်တရ၍သွားခဲ့သည်။ ထိုသားနှစ်ယောက်တို့တွင် အဘယ်သူသည်အဘ၏အလိုကိုဆောင်သနည်း” ဟုယေရှုမေး၏။ [ကဘ ]
“ဒုတိယသား” ဟုအတိုက်အခံပြုသူတို့ကဖြေသည်။
ထိုကြောင့်ယေရှုက “အခွန်ခံတို့နှင့်ပြည်တန်ဆာတို့သည် သင်တို့အရင်ဘုရားသခင်၏နိုင်ငံတော်သို့ဝင်တတ်ကြ၏။” အခွန်ခံနှင့်ပြည်တန်ဆာတို့သည် ဘုရားအမှုတော်ထမ်းဆောင်ရန်အစ၌ငြင်းဆိုကြသည်။ သို့သော် ဒုတိယသားကဲ့သို့ နောက်ပိုင်း၌နောင်တရ၍ အမှုတော်ကိုထမ်းဆောင်ကြ၏။ ဘာသာရေးခေါင်းဆောင်တို့မူကား ပထမသားကဲ့သို့ ဘုရားရှင်၏အမှုကိုထမ်းဆောင်ပါမည်ဟုဆိုသော်လည်း “ယောဟန် (နှစ်ခြင်းဆရာ) သည်ဖြောင့်မတ်သောအကျင့်ကိုကျင့်၍သင်တို့ဆီသို့လာသော်လည်း သင်တို့မယုံကြည်ကြ။ အခွန်ခံနှင့်ပြည်တန်ဆာတို့မူကားယုံကြည်ကြ၏။ ထိုအကြောင်းကိုသင်တို့မြင်သော်လည်း ယုံကြည်မည်အကြောင်းနောက်တစ်ဖန်နောင်တမရကြ” ဟု ယေရှုပြောသကဲ့သို့ဖြစ်သည်။
ဤဘာသာရေးခေါင်းဆောင်တို့၏ပျက်ကွက်မှုသည် ဘုရားအမှုဆောင်ခြင်းကိုလျစ်လျူရှုခြင်းမျှမဟုတ်ဘဲ ယေရှုဆက်လက်တင်ပြသည့်အတိုင်း သူတို့သည်ဆိုးယုတ်သူများဖြစ်ကြ၏။ “အိမ်ရှင်တစ်ဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍ စောင်ရန်းကိုလုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သောသူတို့အားဥယျာဉ်ကိုငှား၍ အခြားသောပြည်သို့သွားလေ၏။ အသီးသီးချိန်ရောက်သောအခါ အသီးကိုခံစေခြင်းငှာ ငယ်သားတို့ကိုဥယျာဉ်စောင့်တို့ရှိရာသို့စေလွှတ်လေ၏။ ထိုသူတို့သည် ငယ်သားများကိုဖမ်းပြီးလျှင် တစ်ဦးကိုရိုက်၍၊ တစ်ဦးကိုသတ်၍၊ တစ်ဦးကိုခဲနှင့်ပစ်ကြ၏။ နောက်တစ်ဖန်အရင်ထက်များသောအခြားငယ်သားများကိုစေလွှတ်ပြန်လျှင် ဥယျာဉ်စောင့်တို့သည်ရှေ့နည်းတူပြုကြ၏။”
“စပျစ်ဥယျာဉ်” ရှိ “ဥယျာဉ်စောင့်” တို့ထံ “ဥယျာဉ်ပိုင်ရှင်” ယေဟောဝါဘုရားစေလွှတ်ခဲ့သည့် “ငယ်သားများ” သည်ပရောဖက်များဖြစ်သည်။ ဥယျာဉ်စောင့်တို့သည်ဘုရားရှင်၏ “စပျစ်ဥယျာဉ်” အဖြစ်ကျမ်းစာဖော်ပြသည့်ဣသရေလလူမျိုးတွင် ဦးဆောင်သူများဖြစ်သည်။
“ဥယျာဉ်စောင့်” တို့သည် “ငယ်သား” များကိုကောင်းစွာမဆက်ဆံဘဲသတ်ပစ်သည့်အတွက် “နောက်ဆုံးတွင် [ဥယျာဉ်ရှင်က] ထိုသူတို့သည် ‘ငါ့သားကိုအားနာကြလိမ့်မည်’ ဟုဆို၍ မိမိသားကိုစေလွှတ်လေ၏။ ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင် ‘ဤသူသည်အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍အမွေဥစ္စာကိုယူကြကုန်အံ့’ ဟုအချင်းချင်းတိုင်ပင်၍ ဥယျာဉ်ရှင်၏သားကိုဖမ်းပြီး ဥယျာဉ်ပြင်သို့ထုတ်၍သတ်ပစ်ကြ၏” ဟုယေရှုဆက်ရှင်းပြသည်။
ယခုဘာသာရေးခေါင်းဆောင်တို့အားယေရှုက “ဥယျာဉ်ရှင်သည်လာသောအခါ ဥယျာဉ်စောင့်တို့ကိုအဘယ်သို့ပြုမည်နည်း” ဟုမေး၏။
သူတို့က “ထိုလူဆိုးတို့အား ဆိုးသောကြောင့်ဖျက်ဆီးခြင်းကိုစီရင်ပါလိမ့်မည်။ အသီး,သီးချိန်တွင်အသီးကိုဆက်အံ့သော အခြားသူတို့အား ထိုဥယျာဉ်ကိုငှားပါလိမ့်မည်” ဟုပြန်ဖြေသည်။
သို့ဖြင့်သူတို့သည် ယေဟောဝါ၏ဣသရေလ “စပျစ်ဥယျာဉ်” ၏ “ဥယျာဉ်စောင့်” များအဝင်ဖြစ်ကြရာ မသိလိုက်ဘဲမိမိတို့ကိုယ်ကိုတရားစီရင်လိုက်သည်။ ဤဥယျာဉ်စောင့်တို့ထံမှ ယေဟောဝါမျှော်လင့်သောအသီးမှာ မိမိသားတော်၊ စစ်မှန်သောမေရှိယကိုယုံကြည်ခြင်းဖြစ်သည်။ ဤအသီးကိုသီးရန်သူတို့ပျက်ကွက်သဖြင့် ယေရှုက “‘တိုက်ကိုတည်လုပ်သောသူများပယ်ထားသောကျောက်သည် နောက်တစ်ဖန်တိုက်ထောင့်အထွတ်အဖျားသို့ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ ] ပြုတော်မူသောအမှုဖြစ်၏။ ငါတို့မျက်မှောက်၌လည်းအံ့ဖွယ်ဖြစ်၏’ ဟူသောစကားကိုကျမ်းစာ [ဆာလံ ၁၁၈:၂၂၊ ၂၃] ၌သင်တို့သည်တစ်ရံတစ်ခါမျှမဖတ်ဘူးသလော။ ထိုကြောင့်ငါဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှနှုတ်၍ နိုင်ငံတော်၏အသီးကိုသီးအံ့သောလူမျိုးအားပေးရလတံ့။ အကြင်သူသည် ထိုကျောက်အပေါ်သို့ကျ၏၊ ထိုသူသည် ကျိုးလတံ့။ အကြင်သူ၏အပေါ်သို့ ထိုကျောက်သည်ကျ၏၊ ထိုသူသည် ညက်ညက်ကြေလတံ့” ဟုသတိပေးလေသည်။
ကျမ်းတတ်နှင့်ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် မိမိတို့ကိုယေရှုရည်စူးကြောင်း ယခုသိမှတ်ကြသည်။ ယခုစစ်မှန်သော “အမွေခံ” ကိုသူတို့သတ်လိုကြသည်။ ထိုကြောင့်ဘုရားနိုင်ငံတော်တွင်အုပ်စိုးခွင့်ကို လူမျိုးတစ်စုအနေနှင့်သူတို့ထံမှနှုတ်ယူပြီး သင့်တော်သောအသီးများသီးကြမည့် လူမျိုးသစ် ‘စပျစ်ဥယျာဉ်စောင့်တို့’ ကိုဖြစ်ပေါ်စေရမည်။
ယေရှုကိုပရောဖက်အဖြစ်ယူဆသောလူထုကိုကြောက်သောကြောင့် ဤအချိန်တွင်ယေရှုကိုသတ်ရန်မကြိုးစားကြချေ။ မဿဲ ၂၁:၂၈-၄၆။ မာကု ၁၂:၁-၁၂။ လုကာ ၂၀:၉-၁၉။ ဟေရှာယ ၅:၁-၇။
▪ ယေရှု၏ပထမပုံဥပမာမှသားနှစ်ယောက်သည် မည်သူတို့ကိုရည်ဆောင်သနည်း။
▪ ဒုတိယပုံဥပမာမှ “ဥယျာဉ်ပိုင်ရှင်”၊ “ဥယျာဉ်”၊ “ဥယျာဉ်စောင့်”၊ “ငယ်သား”၊ နှင့် “အမွေခံ” တို့သည်မည်သူတို့ကိုပုံဆောင်သနည်း။
▪ ‘စပျစ်ဥယျာဉ်စောင့်’ တို့သည်မည်ကဲ့သို့ဖြစ်သွားမည်ဖြစ်ပြီး၊ သူတို့နေရာတွင် မည်သူတို့ကိုအစားထိုးမည်နည်း။