ဘုရားသခင့်သတိပေးချက်ကို သင်ဂရုပြုမည်လော
လူတို့သည် အသက်ကယ်ဆယ်ရေးသတိပေးချက်များကို ဥပေက္ခာပြုလေ့ရှိကြသည်။ ပုံပေမြို့သားအများစုတို့သည် ဗဆူးဗီးယပ်စ်မီးတောင်၏ ဒေါသတကြီးမြည်ဟည်းသံကို လျစ်လျူရှုခဲ့ကြသည်။ အလားတူပုံစံအတိုင်းပင် ယနေ့လူများစွာတို့သည် လာမည့်ကမ္ဘာချီဘေးဒုက္ခဆိုင်ရာသတိပေးချက်ကို လျစ်လျူရှုနေကြသည်။ သို့သော် အဖြစ်မှန်များကိုရင်ဆိုင်ရန် ဆန္ဒရှိသူများအတွက်မူ သတိပေးချက်သည် လွန်ခဲ့သည့်ပထမရာစုက ဗဆူးဗီးယပ်စ်မီးတောင်မှထွက်လာသော လျှပ်ပန်းလျှပ်နွယ်များနှင့်မီးတောက်များကဲ့သို့ပင် အမှန်ဖြစ်ပေသည်။ ကမ္ဘာစစ်ကြီးနှစ်ခု၊ ယင်းတို့လောက်မကြီးကျယ်သော ရာပေါင်းများစွာသောတိုက်ပွဲများ၊ အစာငတ်မွတ်ခေါင်းပါးခြင်းများ၊ ကြီးမားသောမြေငလျင်လှုပ်ခြင်းများ၊ ကပ်ရောဂါများ၊ ဆင့်ကဲဆင့်ကဲတိုးပွားလာသောရာဇဝတ်မှုနှင့်အဓမ္မမှုဒီလှိုင်းကြီးများနှင့် ကမ္ဘာချီဟောပြောခြင်းလှုပ်ရှားမှုအားလုံးစုပေါင်း၍ လူသားအသိုင်းအဝိုင်းသည် ကြီးမားပြင်းထန်သော ဘေးကြပ်နံကြပ်အပြောင်းအလဲကြီးတစ်ခုသို့ အလျင်စလိုချဉ်းကပ်နေကြောင်း တုန်လှုပ်ချောက်ချားဖွယ်သတိပေးချက်ကိုဖြစ်စေသည်။
သမ္မာကျမ်းစာက ကြိုတင်၍လေးလေးနက်နက်ဤသို့ဖော်ပြခဲ့သည်။ “ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။” (မဿဲ ၂၄:၂၁) ပုံပေမြို့တွင်ဖြစ်ခဲ့သည့်ဘေးဒုက္ခကဲ့သို့ပင် လွတ်မြောက်သူများရှိကြမည်။ “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍ အဘယ်သူမျှမရေတွက်နိုင်သော လူများအပေါင်း (လူအုပ်ကြီး၊ ကဘ)” သည် “ကြီးစွာသောဆင်းရဲဒုက္ခအထဲကထွက်မြောက်” ခြင်းဖြင့် လွတ်မြောက်ကြမည်။—ဗျာဒိတ် ၇:၉၊ ၁၄။
မေးစရာကား မည်သည့်အခါ ဤဖျက်ဆီးခြင်းရောက်လာမည်နည်း။ ဘေးကြီးသည် အလွန်နီးကပ်နေကြောင်းကိုယုံကြည်ရန် မငြင်းသာသောအကြောင်းရှိသည်။ ဖြစ်ပျက်မည့်အချိန်ကာလနှင့်ပတ်သက်၍ ယေရှု၏တပည့်တော်များဤသို့မေးခဲ့သည်။ “ကိုယ်တော်၏ရောက်ရှိနေခြင်းနှင့် ဤစနစ်ဆုံးခန်း၏နိမိတ်သည်အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း ကျွန်ုပ်တို့အားအမိန့်ရှိတော်မူပါ။” (မဿဲ ၂၄:၃၊ ကဘ) ယေရှုခရစ်ပေးခဲ့သည့်အဖြေကို မှတ်သားပါလေ။
စစ်ပွဲ—ပေါင်းစပ်နိမိတ်၏ထင်ရှားသောအစိတ်အပိုင်း
ယေရှုက ထင်ရှားသောအဖြစ်အပျက်တစ်ခုတည်းကိုသာ ကြိုပြောခဲ့ခြင်းမဟုတ်။ ဘုရားရေးရာသတိပေးချက်အဖြစ်ပေါင်းစပ်ပါဝင်သော အဖြစ်အပျက်တသီတတန်းကြီးကို ကိုယ်တော်ပြောခဲ့သည်။ ယင်းသည် အစီအစဉ်စနစ်ဆုံးခန်းတိုင်မည့် ပေါင်းစပ်နိမိတ်ပင်ဖြစ်သည်။ ကြိုတင်ဖော်ပြခဲ့သော ပထမဆုံးအဖြစ်အပျက်ကို မဿဲ ၂၄:၇ တွင်ဖော်ပြထားသည်။ “လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။” ဗျာဒိတ် ၆:၄ တွင်ဖော်ပြထားသော ယင်းနှင့်အလားတူသည့်ပရောဖက်ပြုချက်တွင် ‘ငြိမ်ဝပ်ခြင်းကို မြေကြီးကရုပ်သိမ်း’ မည်ဟုဖော်ပြထားသည်။ ယင်းကား တစ်ခါမှမကြုံဖူးသောအတိုင်းအတာဖြင့် စစ်ဖြစ်ခြင်းကိုဆိုလိုသည်။
ဤကမ္ဘာချီစစ်ပွဲဆိုင်ရာပရောဖက်ပြုချက်သည် မမေ့နိုင်သော ၁၉၁၄ ခုနှစ်မှစ၍ ပြည့်စုံခဲ့ကြောင်း သမိုင်းကဖော်ပြသည်။ American Adventures ဟူသောစာအုပ်က ၁၉၁၄ ခုနှစ်မတိုင်မီနှစ်များနှင့်ပတ်သက်၍ ဤသို့ဖော်ပြထားသည်။ “အမေရိကန်လူမျိုးများစွာတို့သည် မျှော်လင့်ချက်အပြည့်အဝဖြင့် ရာစုနှစ်သစ်ထဲသို့ရောက်ရှိလာကြသည်။ ဤနှစ်များသည် ‘စိတ်ချမ်းမြေ့ဖွယ်နှစ်များ’ ဖြစ်ပြီး ရာစုနှစ်၏ဒုတိယဆယ်စုနှစ်ထိတိုင်ခဲ့သည်။ . . . ၁၉၁၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ရောက်သောအခါ ထိုအနေအထားသည် စစ် ဟူသောဝေါဟာရတစ်လုံးအားဖြင့် ယိမ်းယိုင်ခဲ့ရသည်။” သို့နှင့် လူအချို့တို့က “စစ်ပွဲအားလုံးကိုအဆုံးသတ်မည့်စစ်ပွဲ” ဟုခေါ်သော ပထမကမ္ဘာစစ်ကြီးသည် ၁၉၁၄ မှ ၁၉၁၈ ခုနှစ်တိုင် ဖြစ်ပွားခဲ့သည်။ ယင်းတွင် နိုင်ငံပေါင်းနှစ်ဆယ့်ရှစ်နိုင်ငံတိုက်ရိုက်ပါဝင်ခဲ့သည်။ အထောက်အမပြုသည့်နိုင်ငံများကိုပါထည့်တွက်လျှင် စစ်ပွဲတွင်ပါဝင်သူများသည် ထိုအချိန်ရှိကမ္ဘာ့လူဦးရေ၏ ၉၀ ရာခိုင်နှုန်းနီးပါးဖြစ်သည်။
ပထမကမ္ဘာစစ်တွင် စက်သေနတ်၊ အဆိပ်ဓာတ်ငွေ့၊ မီးလောင်ဗုံးများ၊ တင့်ကားများ၊ လေယာဉ်များနှင့် ရေငုပ်သင်္ဘောများကဲ့သို့သော ပိုမိုများပြားစွာသေစေနိုင်သည့်လက်နက်ဆန်းများကို အသုံးပြုလာကြကြောင်း တွေ့ရှိခဲ့ရသည်။ စစ်သားဆယ်သန်းနီးပါးသေကျေခဲ့ကြသည်။ ယင်းမတိုင်မီနှစ်ပေါင်း ၁၀၀ အတွင်းက ဖြစ်ပွားခဲ့သောစစ်ပွဲကြီးများတွင် ပါဝင်သည့် စစ်သားအားလုံးထက်ပင် များသေးသည်။ စစ်သား ၂၁ သန်းခန့် ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ ယင်းသည် အမှန်ပင် ကမ္ဘာချီစစ်ပွဲဖြစ်ပြီး ၁၉၁၄ ခုနှစ်ကို “နောက်ဆုံးကာလ” ၏အစအဖြစ် မှတ်သားပြသည်။ (၂ တိမောသေ ၃:၁) မည်သို့ဆိုစေ စစ်သည် ယေရှုဖော်ပြခဲ့သည့်နိမိတ်၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်သေးသည်။
နိမိတ်၏အခြားအစိတ်အပိုင်းများ
ယေရှုဤသို့ဆက်ပြောခဲ့သည်။ “အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။” (မဿဲ ၂၄:၇၊ ၈) လုကာ ၂၁:၁၁ က ‘ကပ်ရောဂါများ’ ကို ဖြည့်စွက်ဖော်ပြသည်။ ပထမကမ္ဘာစစ်မပြီးဆုံးမီ စပိန်တုပ်ကွေးခေါ်ကပ်ရောဂါကြီးသည် ကမ္ဘာချီပျံ့နှံ့ခဲ့သည်။ ရလဒ်ကား လူသန်းပေါင်း ၂၀ ကျော် ကို သေကျေဆုံးရှုံးစေခဲ့သည်။ ယင်းသည် စစ်ပွဲတွင်သေဆုံးသူအားလုံးထက် များပြားသောအရေအတွက်ဖြစ်သည်။
စစ်ကြီးအတွင်းနှင့်နောက်ပိုင်းတွင် လူသန်းပေါင်းများစွာတို့သည် ငတ်မွတ်၍သေဆုံးကြရသည်။ မြေငလျင်လှုပ်ခြင်းသည်လည်း လူသေနှုန်းကို မြင့်မားစေခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် အီတလီ၌ ၃၀,၀၀၀ ကျော်၊ ၁၉၂၀ ပြည့်နှစ်က တရုတ်ပြည်တွင် ၂၀၀,၀၀၀ ခန့်မျှ၊ ၁၉၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံတွင် ၁၄၃,၀၀၀ ယောက်နီးပါးသေဆုံးခဲ့ကြရသည်။ ယေရှုဖော်ပြခဲ့သည့်အတိုင်း ဤအရာများသည် ဒုက္ခဆင်းရဲခြင်း (ဘေးဒုက္ခများကို ရုတ်တရက်ခံစားရခြင်း၊ ကဘ) ၏အစအဦးသာဖြစ်သေးသည်။ အဘိဓာန်ကျမ်းတစ်စောင်က “ရုတ်တရက်ခံစားရခြင်း” ကို “စူးရှနာကျင်မှုဝေဒနာကို တစ်မုဟုတ်ခြင်းအပြင်းအထန်ခံစားရခြင်း” ဟုပြန်ဆိုထားသည်။ ဤလောကသည် ၁၉၁၄ ခုနှစ်မှစ၍ စူးရှနာကျင်မှုတစ်ခုမှတစ်ခုသို့ အရှိန်အဟုန်နှင့်အရေအတွက်တိုးပွားလျက် ဆက်တိုက်ကြုံတွေ့လာခဲ့ရသည်။ ဥပမာအားဖြင့် ပထမကမ္ဘာစစ်ပြီး၍ ၂၁ နှစ်မျှသာကြာပြီး လူသန်းပေါင်း ၅၀ ခန့်သေသည်ဟုဆိုသော ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့ပြန်ရာ ယင်းသည် လူသားများကို နျူကလီးယားခေတ်ဆီသို့ ဦးဆောင်သွားနေသည်။
မကြာမီနှစ်များက အခြားဘေးဒုက္ခတစ်ခုကို လူများပြောလာခဲ့ကြသည်။ ပတ်ဝန်းကျင်ကို လူများဖျက်ဆီးနေခြင်းဖြစ်သည်။ ယေရှုသည် မိမိ၏ပရောဖက်ပြုချက်တွင် ဤအချက်ကို အတိအကျမဖော်ပြထားသော်လည်း လာမည့်ဖျက်ဆီးခြင်းမတိုင်မီ လူများသည် “မြေကြီးကိုဖျက်ဆီး” ကြမည်အကြောင်း ဗျာဒိတ် ၁၁:၁၈ တွင် ဖော်ပြထားသည်။ ဤဖျက်ဆီးခြင်းဖြစ်ပျက်နေကြောင်း အထောက်အထားခိုင်လုံစွာရှိနေသည်။ State of the World 1988, စာအုပ်ကိုကိုးကား၍ ပတ်ဝန်းကျင်ဆိုင်ရာအတိုင်ပင်ခံအရာရှိဖြစ်သူ နော်မန်မီယာ့စ်က ဤသို့ထိတ်လန့်ဖွယ်ဖော်ပြထားသည်။ “အတိတ်က မည်သည့်လူမျိုးဆက်မျှ မိမိတို့၏သက်တမ်းအတွင်း လူမျိုးဆက်တုံးသွားမည့်အလားအလာကို မကြုံတွေ့ခဲ့ရဖူးချေ။ အနာဂတ်တွင်ရှိလာမည့်မည်သည့်လူမျိုးဆက်မျှလည်း အလားတူစိန်ခေါ်မှုကို မည်သည့်အခါမျှကြုံတွေ့ရမည်မဟုတ်ပါ။ လက်ရှိလူမျိုးဆက်သည် အရေးတယူလုပ်ဆောင်ရန်ပျက်ကွက်ခဲ့ပါက ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ပြီး နောက်ထပ်အခွင့်အရေးမရှိနိုင်တော့ပေ။”
၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ထုတ် Newsweek မဂ္ဂဇင်းတွင် လေထုအတွင်းရှိအိုဇုန်းဓာတ်ကုန်ဆုံးခြင်းအကြောင်း ရေးသားဖော်ပြသည့်ဆောင်းပါးကို သုံးသပ်ကြည့်ပါ။ ဂရီးန်ပိစ်ခေါ် အပြည်ပြည်ဆိုင်ရာပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ အိုဇုန်းပါရဂူ အလစ်ဇန္ဒရားအောလဲန် ၏စကားကို သတိပေးချက်အဖြစ် ကိုးကားဖော်ပြထားသည်မှာ အိုဇုန်းပျက်စီးဆုံးရှုံးခြင်း၏ “ယခုအတိုင်းအတာသည် မြေကြီးပေါ်ရှိသက်ရှိအားလုံး၏အနာဂတ်ကို ခြိမ်းခြောက်လျက်ရှိသည်။”—ကမ္ဘာပေါ်တွင် ပတ်ဝန်းကျင်ဖျက်ဆီးခြင်းဆိုင်ရာ နောက်ထပ်အထောက်အထားများကို စာမျက်နှာ ၆ ရှိလေးထောင့်ကွက်တွင်ကြည့်ပါ။
ဤနေရာတွင် ယေရှု၏ပရောဖက်ပြုချက်အားလုံးကို အသေးစိတ်ဆွေးနွေးတင်ပြရန် မဆံ့နိုင်ပါ။ (အခြားသောပရောဖက်ပြုချက်၏အစိတ်အပိုင်းများကို ခြုံငုံကြည့်နိုင်ရန် စာမျက်နှာ ၅ ပါဇယားကိုကြည့်ပါ။) မငြင်းသာသောအစိတ်အပိုင်းတစ်ခုမှာ မဿဲ ၂၄:၁၄ တွင်ဖော်ပြထားသော “လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့” ဟူသည့်အချက်ဖြစ်သည်။ ဤကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို မည်သူများလုပ်ဆောင်နေကြကြောင်း မေးစရာအကြောင်းမရှိပါ။ နိုင်ငံပေါင်း ၂၂၉ နိုင်ငံမှ ယေဟောဝါသက်သေများသည် ၁၉၉၂ ခုနှစ်တစ်နှစ်တည်း၌ ဤလုပ်ငန်းအတွက် နာရီသန်းပေါင်းတစ်ထောင်ကျော်အသုံးပြုခဲ့ကြသည်။ သူတို့၏လုပ်ငန်းက ကျွန်ုပ်တို့သည် နောက်ဆုံးသောကာလအတွင်းအသက်ရှင်နေကြကြောင်း ထင်ရှားသောသက်သေများအနက်တစ်ခုဖြစ်သည်။
လှည့်ဖြားမခံနှင့်
ဤ “ဆုံးခန်းကာလ” အကြောင်းပြောဆိုခြင်းအားလုံးတို့သည် အပျက်မြင်သဘောသက်သက်သာဖြစ်သည်ဟု လူအချို့ဆိုကြပေမည်။ ‘မကြာသေးခင်က အရှေ့ဥရောပမှာ ကွန်မြူနစ်ဝါဒကျဆုံးခြင်းကိုကော ဘယ်လိုပြောမလဲ’ သို့မဟုတ် ‘အင်အားကြီးနိုင်ငံတွေက ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းနေကြတာတွေကော။ ဒါတွေဟာ အခြေအနေကောင်းမွန်လာတဲ့အထောက်အထားတွေပဲမဟုတ်လား’ ဟုသူတို့မေးကြမည်။ မဟုတ်ပါ။ နောက်ဆုံးကာလအတွင်း၌ ကမ္ဘာတစ်ခုလုံးသည် စစ်ပွဲများ၊ မြေငလျင်များနှင့် ငတ်မွတ်ခေါင်းပါးမှုများထဲတွင် စဉ်ဆက်မပြတ်စုံးစုံးမြုပ်နေမည်ဟု ယေရှုမပြောခဲ့ကြောင်းသတိပြုပါ။ ကမ္ဘာချီသတင်းကောင်းဟောပြောခြင်းကိုလုပ်ဆောင်ရန် ငြိမ်သက်သည့်အချိန်ကာလအတန်အရာရှိရမည်ဖြစ်သည်။
နောက်ဆုံးကာလကို နောဧခေတ်ရေလွှမ်းမိုးခြင်းမတိုင်မီအချိန်နှင့် ယေရှုနှိုင်းယှဉ်ခဲ့ကြောင်းကိုလည်း သတိရပါ။ ထိုအချိန်ကလူများသည် ဘဝတွင်ပုံမှန်လုပ်ရပ်များဖြစ်သော စားသောက်ခြင်း၊ ထိမ်းမြားစုံဖက်ခြင်းတို့တွင် အာရုံနစ်မြုပ်နေကြသည်။ (မဿဲ ၂၄:၃၇-၃၉) နောက်ဆုံးကာလအတွင်းတွင် အခြေအနေများသည် ခဲယဉ်းကျဉ်းကျပ်မည်ဖြစ်သော်လည်း ဘဝအတွက်ပုံမှန်လုပ်ဆောင်စရာများမလုပ်နိုင်သည့်ထိ ဖြစ်မည်မဟုတ်ကြောင်း ယင်းအချက်က ညွှန်ပြသည်။ နောဧအချိန်ကကဲ့သို့ပင် လူသားအများစုသည် အချိန်ကာလ၏အရေးကြီးမှုကို သတိမထားမိသည့်ထိ နေ့စဉ်အသက်တာ၏ကိစ္စရပ်များတွင် အာရုံနစ်မြုပ်နေကြသည်။
ထို့ကြောင့် ဂရုမမူသည့်အဖြစ်သို့ရောက်သွားခြင်းသည် အန္တရာယ်ကြီးမားသည်။ အကြောင်းမှာ အချို့တို့က နိုင်ငံရေးအရတိုးတက်ကောင်းမွန်မှုကို နှစ်သက်ပုံရကြသည်။ (၁ သက်သာလောနိတ် ၅:၃ နှိုင်းယှဉ်။) ယေရှု၏ပရောဖက်ပြုချက်များသည် ယခုပင်ပြည့်စုံလျက်ရှိကြောင်း အထောက်အထားများပြည့်လျှံလျက်ရှိသည်။ ယင်းသည် ဖျက်ဆီးခြင်းနီးကြောင်းသတိပေးချက်ပင်ဖြစ်သည်။
ဂုဏ်ကျက်သရေရှိ နောက်လာမည့်ကာလ
ပုံပေမြို့ပျက်စီးခြင်းသည် သေခြင်းနှင့်ပူဆွေးသောကကိုဖြစ်စေသည်။ သို့ရာတွင် လက်ရှိစနစ်နိဂုံးချုပ်ခြင်းသည် လှပသောပရဒိသုကမ္ဘာပေါ်တွင် ထာဝစဉ်အသက်ရှင်နိုင်ရန် လမ်းရှင်းပေးမည်။ (ဗျာဒိတ် ၂၁:၃၊ ၄) ကွဲပြားသောလူ့အစိုးရများက စစ်ပွဲများဖြင့် ကမ္ဘာကို ချေမှုန်းဖျက်ဆီးခြင်းရှိတော့မည်မဟုတ်။ လူသားများသည် နျူကလီးယား၏ဖျက်ဆီးခြင်းကို ထိတ်လန့်နေရတော့မည်မဟုတ်။ ပတ်ဝန်းကျင်သို့ အဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းများထုတ်လုပ်သည့်စက်ရုံများလည်း ရှိမည်မဟုတ်တော့။—ဒံယေလ ၂:၄၄။
ထိုအချိန်တွင်အသက်ရှင်သူများသည် ဖြောင့်မတ်ခြင်းနှင့်မိတ်စစ်ဆွေစစ်များကို နှစ်သက်မြတ်နိုးသူများဖြစ်ပြီး ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်ရေးကို အကြွင်းမဲ့နာခံကြမည်။ (ဆာလံ ၃၇:၁၀၊ ၁၁) ဆေးရုံများ၊ ရင်ခွဲရုံများ၊ သင်္ချိုင်းများသည် အတိတ်တွင်ကျန်ခဲ့သည့်အရာများဖြစ်သွားမည်။ လင်မယားကွာရှင်းခြင်း၊ အိမ်ထောင်ကွဲခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်း၊ ကလေးသူငယ်များကိုမတော်မတရားပြုခြင်းများလည်း ရှိတော့မည်မဟုတ်။—ဟေရှာယ ၂၅:၈။ ၆၅:၁၇။
သင်သည် နောက်ဆုံးနေ့ရက်ကိုကပ်ကျော်ပြီး ဘုရားသခင်၏ ဂုဏ်ကျက်သရေနှင့်ပြည့်စုံသောကမ္ဘာသစ်တွင် အသက်ရှင်လိုသလော။ သို့ဆိုလျှင် “ထိုအချိန်ကာလသည် အဘယ်အခါ၌ရောက်မည်ကို သင်တို့မသိသောကြောင့် သတိပြု၍ဆုတောင်းလျက် စောင့်နေကြလော့။” (မာကု ၁၃:၃၃) သို့သော် သတ်မှတ်ထားသောအချိန်သည် နီးကပ်လျက်ရှိကြောင်း ကမ္ဘာ့အဖြစ်အပျက်များက သက်သေထင်ရှားလျက်ရှိသည်။ လူအများအတွက် ကြောက်မက်ဖွယ်နီးကပ်လျက်ရှိပေသည်။ အချိန်ဖြုန်းနေစရာမရှိတော့။ ထို့ကြောင့် အသက်ကယ်သည့်လုပ်ရပ်ကို လုပ်ဆောင်ပြီး နောက်ဆုံးကာလ၏ကမ္ဘာချီနိမိတ်ကို အရေးတယူဂရုစိုက်သောလူများအဝင်ဖြစ်ပါ။ ထိုသူများကို အလွယ်တကူမှတ်သားဖော်ပြနိုင်သည်။ အကြောင်းမှာ ထိုသူများသာလျှင် ယေရှု၏အမိန့်တော်ကိုနာခံသောအားဖြင့် ဘုရားနိုင်ငံတော်ဆိုင်ရာသတင်းကောင်းကို ကမ္ဘာချီဟောပြောနေကြသည်။ ထိုသူများနှင့်အတူ “သူ၏နာမကိုလည်း လူအမျိုးမျိုးတို့ကိုးစားကြလိမ့်မည်” ဟုဖော်ပြခံရသော ဘုရင်ယေရှုခရစ်နှင့် သင်ရင်ပေါင်တန်းနိုင်ရန် တိုး၍တက်လှမ်းနိုင်ပါစေ။—မဿဲ ၁၂:၁၈၊ ၂၁။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
နိမိတ်၏အစိတ်အပိုင်းတ်၏အစိတ်အပိုင်း ၂၄ မျိုး
၁။ မကြုံခဲ့ဖူးသောစစ်ပွဲ—မဿဲ ၂၄:၆၊ ၇။ ဗျာဒိတ် ၆:၄
၂။ မြေငလျင်လှုပ်ခြင်း—မဿဲ ၂၄:၇။ မာကု ၁၃:၈
၃။ အစာခေါင်းပါးခြင်း—မဿဲ ၂၄:၇။ မာကု ၁၃:၈
၄။ ကပ်ရောဂါများ—လုကာ ၂၁:၁၁။ ဗျာဒိတ် ၆:၈
၅။ မတရားမှုတိုးပွားခြင်း—မဿဲ ၂၄:၁၂
၆။ မြေကြီးကိုဖျက်ဆီးခြင်း—ဗျာဒိတ် ၁၁:၁၈
၇။ မေတ္တာခေါင်းပါးခြင်း—မဿဲ ၂၄:၁၂
၈။ ကြောက်မက်ဖွယ်မြင်ကွင်းများ—လုကာ ၂၁:၁၁
၉။ အာသာငမ်းငမ်းငွေကိုမက်မောခြင်း—၂ တိမောသေ ၃:၂
၁၀။ မိဘစကားနားမထောင်ခြင်း—၂ တိမောသေ ၃:၂
၁၁။ ဘုရားသခင်ထက် အပျော်အပါးကိုသာ၍ချစ်ခြင်း—၂ တိမောသေ ၃:၄
၁၂။ ကိုယ်ကိုကိုယ်ချစ်ခြင်းလွှမ်းမိုးမှု—၂ တိမောသေ ၃:၂
၁၃။ ပကတိကြင်နာစုံမက်ခြင်းကင်းမဲ့မှု—၂ တိမောသေ ၃:၃
၁၄။ သဘောတူညီမှုတစ်စုံတစ်ရာမျှမရနိုင်သောသူများ—၂ တိမောသေ ၃:၃
၁၅။ လူ့အဆင့်အတန်းအားလုံးတို့တွင် ချုပ်တည်းခြင်းကင်းမဲ့ခြင်း —၂ တိမောသေ ၃:၃
၁၆။ ကောင်းမှုကိုချစ်မြတ်နိုးခြင်းကင်းမဲ့မှုပျံ့နှံ့ခြင်း—၂ တိမောသေ ၃:၃
၁၇။ မိမိတို့ခရစ်ယာန်ဖြစ်သည်ဟု အရေခြုံပြောဆိုသူများ —၂ တိမောသေ ၃:၅
၁၈။ လူအများစားကြူးသောက်ကြူးခြင်း—လုကာ ၂၁:၃၄
၁၉။ နိမိတ်ကိုငြင်းဆန်သောကဲ့ရဲ့ပြောင်လှောင်သူများ —၂ ပေတရု ၃:၃၊ ၄
၂၀။ မှောက်မှားသောပရောဖက်အများတက်ကြွလှုပ်ရှားခြင်း —မဿဲ ၂၄:၅၊ ၁၁။ မာကု ၁၃:၆
၂၁။ တည်ထောင်ပြီးသောဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်း—မဿဲ ၂၄:၁၄။ မာကု ၁၃:၁၀
၂၂။ ခရစ်ယာန်စစ်များကိုနှိပ်စက်ညှဉ်းပန်းခြင်း —မဿဲ ၂၄:၉။ လုကာ ၂၁:၁၂
၂၃။ နောက်ဆုံးကာလ၏အထွတ်အထိပ်အဖြစ် ငြိမ်းချမ်းရေးနှင့်လုံခြုံမှုကို ကြွေးကြော်ခြင်း—၁ သက်သာလောနိတ် ၅:၃
၂၄။ ဘေးအန္တရာယ်ကိုလူများဂရုမစိုက်ခြင်း—မဿဲ ၂၄:၃၉
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
ဝန်းကျင်ဆိုင်ရာပြဿနာများ—အချိန်ကာလ၏နိမိတ်တစ်ရပ်
◻ လူနေအလွန်ထူထပ်သော ကမ္ဘာ့မြောက်ဘက်ခြမ်းရှိ ကာကွယ်မှုပေးသောအိုဇုန်းလွှာသည် လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က သိပ္ပံပညာရှင်များယူဆထားသည့်နှုန်းထက် နှစ်ဆပို၍ပါးလွှာလာသည်။
◻ အနည်းဆုံး သစ်ပင်နှင့်တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၄၀ တို့သည် နေ့စဉ်မျိုးတုံးသွားနေကြသည်။
◻ လေထုထဲတွင် အပူကိုထိန်းချုပ်ထားသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထုထည်သည် ယခုအခါ စက်မှုလုပ်ငန်းများတိုးတက်ပျံ့နှံ့ခြင်းမရှိမီကထက် ၂၆ ရာခိုင်နှုန်းမြင့်တက်လာပြီး ဆက်၍တိုးပွားနေသည်။
◻ ကမ္ဘာ့မြေမျက်နှာပြင်၏အပူချိန်ကို ၁၉ ရာစုနှစ်အလယ်ကစ၍ မှတ်တမ်းပြုစုလာခဲ့ရာ ၁၉၉၀ ပြည့်နှစ်သည် အခြားနှစ်များထက်သာ၍ပူနွေးသည်။ စံချိန်တင်လောက်သည့်အပူနွေးဆုံးခုနစ်နှစ်ထဲမှ ခြောက်နှစ်သည် ၁၉၈၀ ပြည့်နှစ်မှစတင်သည်။
◻ သစ်တောများသည် နှစ်စဉ် ဖင်လန်နိုင်ငံ၏ထက်ဝက်ပမာဏခန့်ရှိသည့် ဧက ၄၀,၀၀၀,၀၀၀ နှုန်းဖြင့် ပျက်စီးနေသည်။
◻ ကမ္ဘာ့လူဦးရေသည် ၉၂ သန်းနှုန်းဖြင့် နှစ်စဉ်တိုးပွားနေသည်။ ယင်းသည် အကြမ်းဖျင်းအားဖြင့် မက္ကဆီကိုနိုင်ငံရှိလူဦးရေနှုန်းနှင့်တိုးပွားနေခြင်းဖြစ်သည်။ ယင်းတို့အထဲမှ ၈၈ သန်းမှာ ဖွံ့ဖြိုးသောနိုင်ငံများမှ တိုးပွားနေခြင်းဖြစ်သည်။
◻ လူ သန်းပေါင်း ၁၂၀၀ ခန့်တို့သည် တော်သင့်သောသောက်သုံးရေချို့တဲ့နေကြသည်။
Worldwatch Institute, W. W. Norton & Company, New York, London မှထုတ်ဝေသော State of the World 1992, စာအုပ် စာမျက်နှာ ၃ နှင့် ၄ အရ။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဖျက်ဆီးခြင်းပြီးနောက် ဂုဏ်ကျက်သရေရှိသောဘုရားသခင့်ကမ္ဘာသစ်လာမည်